ကျွန်မ အစ်မ ခပ်ငယ်ငယ်က ပြောရရင်တော့ ၄ တန်းကျောင်းသူအရွယ်က ရန်ပွဲလေးအကြောင်းတခုပေါ့။ အဲဒီတုန်းက ကျွန်မတို့က ကျောင်းတက်ရတဲ့အရွယ်တောင် မရောက်သေး။ ဒီတော့ သူတို့ ပြန်ပြောပြတာပဲ မျက်လုံးထဲ မြင်ယောင်ကြည့်လို့ရခဲ့တယ်။ ကျွန်မအစ်မ ငယ်ငယ်က ပုပုလုံးလုံးလေးတဲ့။ မကြီးကျောင်းခန်းထဲမှာ ကျောင်းသားတွေကို အနိုင်ကျင့်တတ်တဲ့ ကျောင်းသူတယောက်ရှိတယ်တဲ့။ အဲဒီကျောင်းသူကောင်မလေးက အတန်းကသာ လေးတန်းဖြစ်ပေမဲ့ အပျိုပေါက်အရွယ်ဖြစ်နေပါပြီ။ မကြီးထက် ၃၊ ၄ နှစ်မက ကြီးတဲ့အရွယ်တဲ့။ ဒီတော့ အရပ်ကလည်း ရှည်ပြီပေါ့။ အဲဒီကျောင်းသူက အတန်းထဲမှာ အကြီးဆုံးဆိုတော့ အတန်းထဲက ကလေးတွေကို အနိုင်ကျင့်လို့ကောင်းတာပေါ့။ မကြီးကိုလည်း တခြားကလေးတွေကို ရန်စအနိုင်ကျင့်သလို လာလုပ်ပါတယ်။ ပြီးတော့ နှိပ်ကြယ်သီးတပ် ကျောင်းအင်္ကျီဝတ်ထားတဲ့ မကြီးရင်ဘက်ကို ဆောင့်ဆွဲသတဲ့။ အဲဒါနဲ့ မကြီးက ပြုတ်ထွက်ကုန်တဲ့ အင်္ကျီကြယ်သီးတွေကို ပြန်တပ်၊ ပြီးတာနဲ့ စာရေးစားပွဲပေါ်တက်လို့ အဲဒီကောင်မလေးရဲ့ ရင်ဘတ်ကို ပြန်ဆောင့်ဆွဲပြီး ဆံပင်ဆွဲ၊ နဘမ်းဖက်သတ်ပါလေရော၊ ဟိုက လူကောင်ကြီးတော့ မကြီးက ပိုနာပေမဲ့ နောက်ပိုင်း မကြီးကို လုံးဝ ရန်မစရဲတော့ဘူးတဲ့။ တခါကလည်း အိမ်ရှေ့မှာ ကစားကြရင်း ကောင်မလေးတယောက်က သူ့ရဲ့ မောင်လေး (ကျွန်မအစ်ကို)ကို အနိုင်ကျင့်ပြီး ချသတဲ့။ အဲဒီချိန်က ကျွန်မအစ်ကိုက နှစ်တန်းကျောင်းသားအရွယ် ဖြစ်မှာပေါ့လေ။ ကိုကြီးက ငယ်စဉ်က ဘယ်သူ ဘာလုပ်လုပ်ပြန်မလုပ်တတ်ဘဲ ငြိမ်ခံတတ်တယ်။ ဒါပေမဲ့ ကျွန်မအစ်မကတော့ မရဘူး... ကစားနေရာကနေ ချက်ချင်းပဲ ထပြီး အဲဒီ သူ့မောင်ကို ရန်စတဲ့သူကို ဘာမပြောညာမပြောနဲ့ ပါးသွားရိုက်တယ်။ အဲဒီလို ငယ်ငယ်ထဲက လက်သံပြောင်တဲ့ ကျွန်မအစ်မပါ။
ကျွန်မတို့မိသားစုက ပြောရရင်တော့ တော်တော်စွာပါတယ်။ ဒေါသလည်း အရမ်းကြီးကြတယ်။ ကိုယ်က ဘယ်သူ့ကိုမှ အရင်ရန်မစတတ်ပေမဲ့ ကိုယ့်ကိုရန်လာစတာပဲဖြစ်ဖြစ်၊ ကြောတောမောတော လာပြောတာပဲဖြစ်ဖြစ် ငြိမ်ခံမနေတတ်ဘဲ ချက်ချင်းတုန့်ပြန်တတ်ကြပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက် အရမ်းလည်း အားနာတတ်ကြပြန်ပါတယ်။ တခုမှတော့ မကောင်းပါဘူး။ အားနာတတ်လွန်းပြီး အကူညီတောင်းတိုင်း ကူညီမိလို့ ကိုယ့်မှာလည်း ဒုက္ခတွေများရတယ်။ အန်တီမေငြိမ်းကတော့ ကျွန်မတို့မိသားစုကို ဝေသန္တရာမိသားစုလို့ မှတ်ချက်ပြုပါတယ်။ ခုတော့ လူတွေ အကူအညီလာတောင်းရင် မကူညီနိုင်တဲ့အကြောင်း သေချာရှင်းပြပြီး ဟင့်အင်းလို့ ခေါင်းခါနိုင်အောင် ကြိုးစားနေပါတယ်။ ဒေါသကြီးလွန်းတာကလည်း မကောင်းပြန်ဘူး။ သူများနဲ့ ပြဿနာဖြစ်နေရင် ကိုယ်က စိတ်တိုနေတာနဲ့ ကိုယ်ပြောချင်တာကို မပြောရဘဲ ဟိုဘက်ကဦးအောင် ပြောသွားတာတွေ ရှိတတ်တာပေါ့။ တကယ်ဆိုရင် ဘယ်လောက်စိတ်တိုနေနေ ကိုယ်က ချက်နဲ့လက်နဲ့ အေးဆေးလေး ပြန်ပြောနိုင်ရင် အကောင်းဆုံးပဲ မဟုတ်လား။ ဒါပေမဲ့လည်း ဒေါသကြီးလွန်းသောအဖေနဲ့ စိတ်တော်တော်မရှည်တတ်သောအမေရဲ့ သားသမီးတွေဖြစ်တဲ့ ကျွန်မတို့မောင်နှမတွေ စိတ်တိုမြန်ကြတာ မထူးဆန်းဘူး ထင်ပါတယ်။
ကျွန်မတို့မိသားစု နိုင်ငံတစ်ခုကို အလည်သွားကြတဲ့အခါတုန်းက အဲဒီမှာရှိတဲ့ သူငယ်ချင်းက ကျွန်မတို့ကိုလာကြိုရင်း ကျွန်မတို့နဲ့အတူ လိုက်လည်ပါတယ်။ ခရီးကသွားရင်း ပင်ပန်းလာတာကတမျိုး၊ ဟိုလူ့ကိုစောင့်ရ၊ ဒီလူက နှေးလို့နဲ့ ကျွန်မတို့မိသားစုက ထုံးစံအတိုင်း စိတ်မရှည်ကြတော့ပါဘူး။ မျက်နှာတွေက စူပုတ်နေကြပြီး အသံတွေက ဘောက်ဆတ်ဘောက်ဆတ်နဲ့ မျက်စောင်းတွေလည်း အသီးသီးထိုးနေကြတာ ကြားထဲက ကျွန်မသူငယ်ချင်းမှာ ဟိုလူ့သွားချော့ရ၊ ဒီလူ့သွားချော့ရနဲ့ ဗျာများသွားရသေးတယ်။ ကျွန်မတို့အတွက်ကတော့ ရိုးနေပါပြီ။ ကျွန်မတို့အကြောင်းမသိတဲ့ သူငယ်ချင်းကိုသာ ကြားထဲက သနားသွားတယ်။ နောက်တော့လည်း သိပ်မကြာပါဘူး ကျွန်မတို့မိသားစုက တဟီးဟီး၊ တဟားဟားပြန်ဖြစ်လာကြတာပါပဲ။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အချိန်တိကျတတ်တဲ့ ကျွန်မအဖေနဲ့ အမြဲတမ်း နောက်ကျပြီးမှ ပြင်ဆင်ပြီးတဲ့ ကျွန်မတို့ညီအမတွေ သွားခါနီး၊ လာခါနီးတိုင်း အနည်းအကျဉ်းတော့ ကတောက်ကဆ ဖြစ်ရတတ်တာကတော့ ပုံမှန်လိုဖြစ်နေပါပြီ။ အရင်တုန်းက နောက်အကျတတ်ဆုံးက ကျွန်မဖြစ်ပေမဲ့ ခုနောက်ပိုင်းတော့ ကျွန်မညီမက နောက်အကျတတ်ဆုံးပါပဲ။ အမေကတော့ ထုံးစံအတိုင်း ကျွန်မတို့ဘက်ကနေ အဖေ့ကို ပြန်ရန်ဖြစ်ပေးတတ်ပါတယ်။
ကျွန်မညီမငယ်ငယ်က ကျွန်မအစ်ကိုလိုပါပဲ တော်တော်များများရဲ့ လူလည်ကျခြင်းကို ခံရတတ်ပါတယ်။ အဲဒီချိန် ရှေ့ဆုံးကနေ ပြန်ရန်ဖြစ်ပေးတတ်တာကတော့ ကျွန်မပေါ့လေ။ ခုကျတော့လည်း သူ့လောက်စွာတဲ့လူကို ရှိမယ်မထင်ဘူး။ သူ့အပေါင်းအသင်း တယောက်ယောက်က သူ့ကိုဘယ်လိုပဲ ကြောပြီးပြောပြော၊ နှိမ်ပြီးပဲ ပြောပြော အားနာတတ်လို့ ချက်ချင်းပြန်မပြောတတ်ပေမဲ့ သူသည်းခံနိုင်တဲ့အတိုင်းအတာ လွန်လာပြီဆိုရင်တော့ အဲဒီလူ မတ်တပ်ရပ်ကနေ ဘိုင်းခနဲ ပစ်လဲသွားအောင် နာလောက်တဲ့ စကားလုံးတွေနဲ့ ပြန်ပြောတတ်ပါတယ်။ အဲဒီခါ တဘက်လူအနေနဲ့ တချိန်လုံး သူပြောသမျှ ငြိမ်ခံလာတဲ့လူက ခုလိုပြန်ပြောတတ်တဲ့အခါ နှုတ်ဆွံ့သွားကြပြီး ကျွန်မညီမကို ဘာမှ ပြန်မပြောနိုင်တော့ဘူး။ ပြီးရင်လည်း ကျွန်မညီမက အဲဒီလူအကြောင်းကို တော်တော်နဲ့မမေ့ဘဲ မုန်းသွားတတ်ပါတယ်။ ကျွန်မကတော့ အဲလို မဟုတ်ဘူး။ စိတ်ဆိုးရင်လည်း ချက်ချင်း၊ ပြန်လည်တုန့်ပြန်ချက်ကလည်း မြန်တယ်။ ပြီးရင် အဲဒီလူအကြောင်း မေ့သွားတတ်တယ်။ အဲဒီတော့ ကျွန်မမုန်းတဲ့လူလည်း တယောက်မှ မရှိဘူး။ အမေကတော့ ကျွန်မကို အမှတ်သည်းခြေမရှိဘူးလို့ ပြောတတ်တယ်။ ကျွန်မကတော့ ကိုယ်သဘောမကျရင် ဆက်ပြီးအပေါင်းအသင်း မလုပ်တော့ဘူးလေ။ ပြီးပြီပေါ့ ဘာလို့ ကိုယ့်အချိန်တွေ အကုန်ခံပြီး မုန်းတီးနေမလဲ။
ပြောရင်းနဲ့ ပို့စ်ခေါင်းစဉ်နဲ့တောင် လွဲကုန်ပြီ။ ကျွန်မအဖေ မင်းဘူးဘက်မှာတာဝန်ကျစဉ် ကျွန်မတို့က ဘုစုခရုအရွယ်လေးတွေပေါ့။ အဲဒီတုန်းက ကျွန်မအသက် ၃၊ ၄ နှစ်သမီးအရွယ်။ အဖေက ကျောင်းပြီးခါစချိန်ပါ။ ဒါပေမဲ့ သားသမီးကတော့ ၄ ယောက်တောင်ရှိနေပါပြီ။ အဲဒီတုန်းက ကျွန်မတို့က ၀န်ထမ်းအိမ်ရာအလွတ်မရှိလို့ ပြီးတော့ အဖေကလည်း တရားဝင် ပြန်တမ်းဝင်အရာရှိ မဖြစ်သေးလေတော့ အပြင်မှာ အိမ်ငှားနေရပါတယ်။ အဲဒီတုန်းက ကျွန်မတို့ အိမ်ခြေရင်းမှာက အဖေ့လိုပဲ ကျောင်းဆင်းခါစအင်ဂျင်နီယာ၊ ကိုယ်ဝန်ဆောင်ထားတဲ့ သူ့မိန်းမဆရာဝန်နဲ့ ကျွန်မထက် ၂ နှစ်ခန့်ကြီးတဲ့ သမီးတစ်ယောက်တို့လည်း နေကြပါတယ်။ အဲဒီအိမ်ရှင် အဖွားကြီးရဲ့ အိမ်ခြံဝန်းက တော်တော်ကျယ်ပါတယ်။ သူ့အိမ်က ခြံပေါက်ဝဘေးမှာ ပျဉ်ထောင်အိမ်ကြီးကြီးနဲ့ နေပါတယ်။ ကျွန်မ မှတ်မိသလောက် သူတို့တွေက ရှင်လောင်းလှည့်ရင်ဝတ်တဲ့ ဘော်ကြယ်အ၀တ်အစားတွေ ငှားစားပါတယ်။
တစ်ရက် ခြံဝန်းထဲမှာ ရှိတဲ့ ဒန်းကြီးကို စီးရင်း အငြိမ်မနေဘဲ ၀ါးခြမ်းပြားတခုနဲ့ "လှေကလေးကို လှော်မည်၊ ဘေးမသန်းဘဲ အေးချမ်းတော့သည်" လို့ သီချင်းဆိုရင်း လှေလှော်တဲ့ပုံစံနဲ့ ဒန်းစီးမိတာ အရှိန်လွန်လို့ ဇောက်ထိုး ပြုတ်ကျပါရော၊ ပြုတ်ကျပုံက ခန္ဓာကိုယ်အောက်ပိုင်းက ဒန်းပေါ်မှာ ကျန်ခဲ့ပြီး လက်တစ်ဘက်က မြေကြီးကို ထောက်မိလျက် ကျန်တစ်ဘက်က ၀ါးခြမ်းပြားကို အားပြု ထောက်မိတာလေ။ အဲဒီတော့ မြေကြီးကို ထောက်မိတဲ့ ဘယ်ဘက်လက်က ကျိုးသွားတာပေါ့။ အဲလိုနဲ့ ကျွန်မ ၄ နှစ်သမီးမှာ ဘယ်လက် ကျောက်ပတ်တီးလေးနဲ့ တခုသော သင်္ကြန်ကာလကို ဖြတ်သန်းရတယ်။ အမေတို့က မကွေးမြသလွန်ဘုရား သွားဖူးချင်တော့ ကျွန်မကျောက်ပတ်တီးလက်ကို ပလတ်စတစ်တွေနဲ့ ပတ်ပြီး မြင်းလှည်းကြီးနဲ့ သွားလည်ကြတာလည်း မှတ်မိလိုက်တယ်။ အဖေနဲ့ အဲဒီဦးလေးတို့ အလုပ်သွားရင် ကျောက်ပတ်တီးကြီး တကားကားနဲ့ ရေလိုက်ပက်တာလည်း ပြန်မှတ်မိနေတယ်။ အဲလောက်ထိ ကျွန်မ အဆော့မက်တတ်ပါတယ်။
ထုံးစံအတိုင်း မောင်လေး အငယ်ဆုံးကလည်း ကျွန်မတို့ မောင်လေးပီသစွာ ရန်ဖြစ်ရင် ခံရတယ်မရှိပါဘူး။ သူက အနေ တော်တော်အေးတယ်။ ဘယ်သူ့ကိုမှ မစနောက်တတ်သလို၊ စကားလည်း သိပ်မပြောပါဘူး။ ဒါပေမဲ့ သူ့ကို လာစရင်၊ သူမကျေနပ်တာ လာပြောရင်တော့ အဲဒီလူကို မကြိုက်ကြောင်း အမူအရာနဲ့ဖြစ်ဖြစ်၊ ပါးစပ်နဲ့ဖြစ်ဖြစ် အရင်ဆုံး ပြောတတ်တယ်။ အဲလိုမှ မရရင်တော့ ပြန်ချတတ်ပါတယ်။ ဒီလိုနဲ့ ရန်ကုန်က ယောက်ျားလေး အထက်တန်းကျောင်းတစ်ကျောင်းမှာ ကျွန်မအမေ ခံဝန်လက်မှတ် သွားမထိုးရတဲ့နှစ် မရှိသလောက်ပါပဲ။ သေချာတာက ကျွန်မတို့ကလည်း လူတွေကို သည်းခံဖို့ မောင်လေးကို မပြောဆိုခဲ့ပါဘူး။ ကိုယ်ကတော့ အရင်ဆုံး မတရားမလုပ်နဲ့၊ ကိုယ့်ကို မတရားလာလုပ်ရင်လည်း မခံနဲ့လို့ အစ်မတွေက မှာထားတယ်လေ...:D
အဖေ ၀န်ထမ်းအလုပ်က ထွက်ပြီး ရန်ကုန်ပြန်လာတဲ့ချိန်မှာ အဖေရယ်၊ အမေရယ်၊ မောင်လေးရယ် မြစ်ဝကျွန်းပေါ်ဒေသက အမျိုးတွေဆီ သွားလည်ကြတယ်။ အဲဒီတုန်းက မောင်လေးက ၅ နှစ်သားလေးပေါ့။ တညအိပ်ခရီး သွားရတဲ့ သင်္ဘောပေါ်မှာ မနက်ဝေလီဝေလင်းအချိန် သင်္ဘောပဲ့ပိုင်းမှာရှိတဲ့ ထမင်းဆိုင်က "လာနော်၊ လာနော်... မုန့်ဟင်းခါးတွေ စားလို့ ရပြီ"လို့ တကြော်ကြော် အော်ပါတော့တယ်။ အဲဒီချိန် ကျွန်မမောင်လေးက အိပ်ရာက လူးလဲထပြီး ပြန်အော်ပြောလိုက်တာက "ဘာလဲ... အလကားကျွေးမှာမို့လား"တဲ့။ မနက်စောစောစီးစီး နိုးတ၀က်၊ အိပ်တ၀က်နဲ့ တိတ်ဆိတ်နေတဲ့ သင်္ဘောပေါ်မှာ တဒင်္ဂ ရယ်သံတွေနဲ့ ဖုံးလွှမ်းသွားတော့တယ်။ အသက်ငယ်ငယ်လေးနဲ့ အဲလို ရုပ်ပြောင်တတ်တဲ့ ကျွန်မ မောင်လေးလေ။ နောက်တော့ သူ့ကို မျက်စိကျပြီး တယောက်ပြီး တယောက် လာစကားပြောကြတယ်။ လူတစ်ယောက်က မောင်လေးကို မေးတယ်... ကြီးလာရင် ဘာလုပ်မလဲပေါ့။ ကျွန်မမောင်လေးက ရေငုပ်သင်္ဘောအရာရှိ လုပ်ပါမယ်တဲ့။ မေးတဲ့လူမှာ ဟိုက် ဆိုပြီးကို ဖြစ်ရော။ မြစ်ဝကျွန်းပေါ် သင်္ဘောလေးတစီးပေါ်က ရိုးရိုးကလေးလေးတစ်ယောက်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒက ရေငုပ်သင်္ဘောတွေ ဘာတွေ ပြောနေတော့ ဟိုလူ့ခမျာ ပါးစပ်ဟောင်းလောင်း ဖြစ်ရတော့တာပေါ့။ ဒါတောင် ကျွန်မမောင်လေး နည်းနည်းကြီးလာတော့ NASA မှာ အလုပ်လုပ်ချင်တယ်လို့ ပြောတာကို ဒီလူ မကြားလိုက်ရလို့။:P ခုတော့လည်း ကျွန်မမောင်လေးဆီက ရေငုပ်သင်္ဘောတွေ၊ NASA တွေ ဘာသံမှ မကြားရတော့ဘူး။
ပို့စ်လည်း ရှည်ပြီဆိုတော့ ကျွန်မအစ်ကိုနဲ့ ညီမလေး ငယ်ငယ်ကအကြောင်းတွေတော့ နောက်များမှရေးပါဦးမယ်...
s0wha1
ငယ်ဘ၀ အမှတ်တရ (၂)
ငယ်ဘ၀ အမှတ်တရ (၃)
2 comments:
ညီမတို့မောင်နှမတွေအကြောင်း ဖတ်ပြီး ပြုံးပြီး ပြန်သွားတယ်း) ပျော်စရာကြီးနော် ။ မောင်နှမများတော့ ။ အမကတော့ မောင်လေးနဲ့ ၂ယောက်တည်းဆိုတော့ မောင်နှမများတဲ့သူတွေကို အားကျတယ် ။ ပျော်၂ပါး၂ကြီးပေါ့း)
မဂျစ်ရေ...ဟုတ်ပါ့...ပျော်ဖို့လည်းကောင်း၊ ရန်ဖြစ်ရလို့ စိတ်ပျက်ဖို့လည်းကောင်းပဲ...
Post a Comment