မချစ်လေပြေက ငယ်ငယ်တုန်းက အမှတ်တရအကြောင်းတွေ ရေးပေးဖို့ တက်ဂ်လုပ်ထားတာ အောက်တိုဘာလ ၃၀ ရက်နေ့ထဲကပါပဲ။ ဒါပေမဲ့ ကျွန်မက အပျင်းကလည်းထူနေ၊ စာရေးချင်စိတ်ကလည်း မရှိဆိုတော့ ရေးမယ်၊ ရေးမယ်နဲ့ ခုမှ ရေးဖြစ်ပါတော့တယ်။ ကျွန်မ ငယ်ငယ်တုန်းက အမှတ်တရတွေ ရေးမယ်ဆိုရင်တော့ အပိုင်း ၁၊ ၂ ခွဲပြီး ရေးရမယ်ထင်တယ်။ လွန်ခဲ့တဲ့ ၅ လလောက်က ငယ်ဘ၀အမှတ်တရ ဆိုပြီး ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးလို့ ဒါကို ၂ လို့ သတ်မှတ်လိုက်ပါတယ်။
ကျွန်မ ငယ်ဘ၀အချိန်တွေကို ကယားပြည်နယ်က လောဓလေး ဆိုတဲ့ ရွာတစ်ရွာမှာ ဖြတ်သန်းခဲ့ရတယ်ဆိုတာ ကျွန်မဘလော့ဂ်ကို ဖတ်နေကျလူတွေ၊ ကျွန်မသူငယ်ချင်း မိတ်ဆွေတွေကတော့ သိကြမှာပါ။ အဲဒီတောရွာလေးမှာ နေထိုင်ရတာကို ကျွန်မတို့ကတော့ ကလေးပီပီ ပျော်ရွှင်ခဲ့ကြပါတယ်။ ရန်ကုန်ဆိုတဲ့မြို့ကြီးမှာ မွေးဖွားခဲ့ပေမဲ့ လောပိတမှာ နေခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ တခါလောက်ပဲ အလည်ရောက်ဖူးလေတော့ ကိုယ့်မြို့ ကိုယ့်ရွာရယ်လို့လည်း အဲဒီတုန်းက မခံစားမိပါဘူး။ ကယားပြည်နယ်၊ လောဓလေးရွာသည်သာ ကျွန်မတို့ အရပ်ဒေသလို့ ထင်မြင်ခဲ့တယ်။ အဲဒီမှာ နေခဲ့တဲ့ တောက်လျှောက် ကျွန်မတို့ မောင်နှမတတွေကတော့ အမှတ်တရများစွာနဲ့ တောပျော်လေးတွေ ဖြစ်ခဲ့ကြတာပေါ့။
သီတင်းကျွတ် လပြည့်နေ့ညဆိုရင် ကျွန်မတို့နေတဲ့ လောဓလေးနဲ့ ၂ မိုင်ကျော်ဝေးတဲ့ ၁၀မိုင်ကုန်းမှာ ရှိတဲ့ အိမ်တိုင်းက လာသမျှလူတွေကို (ပဲဆီစစ်စစ်နဲ့ကြော်ထားတဲ့) မုန့်လက်ကောက်ကြော်၊ မုန့်ဆီကြော်၊ ပဲကပ်ကြော်၊ ဗူးသီးကြော်ကစလို့ အကြော်မျိုးစုံကို အချဉ်ရည်ကောင်းကောင်းလေးနဲ့ တည်ခင်းဧည့်ခံ အလှူဒါနပြုတတ်ကြပါတယ်။ အကြော်တွေက တော်တော်ကို မျိုးစုံတာပါ။ ကျွန်မတို့ တိုက်ကုန်းက ကလေးတသိုက်ကတော့ အဲဒီအချိန်ကိုပဲ စောင့်နေကြတာပေါ့။ ညနေစောင်း ၆ နာရီလောက်ဆိုရင် ဦးဆောင်သူ လူကြီး အချို့နဲ့ ကျွန်မတို့ ကလေးတတွေ ကားနဲ့အပြည့်သွားပြီး ၁၀မိုင်ကုန်းက စက်ရုံအလုပ်သမား ၀န်ထမ်းတွေရှိရာ သွားကြတော့တယ်။ ရောက်တာနဲ့ အိမ်တွေကလည်း အလုအယက် ခေါ်ကြပါတယ်။ ပြီးရင်တော့ ကျွန်မတို့တွေ တအိမ်တက်ဆင်း အကြော်မျိုးစုံ စားကြပါတော့တယ်။ နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံးကအိမ်ကို ၀င်ဝင်ချင်းမှာ လူကြီးတွေ ပြောတတ်တာကတော့ ပထမဆုံးအိမ်မှာ များများ မစားမိဖို့ပါ။ နောက်အိမ်တွေကျ မစားနိုင်တော့မှာစိုးလို့ပါတဲ့။ ကျွန်မတို့ကို ဘယ်လိုပဲ မှာထား၊ မှာထား၊ ပထမဆုံး သုံး၊ လေးအိမ်လောက်မှာတင် အားရပါးရ စားကြတာနဲ့ နောက်ပိုင်းအိမ်တွေကျ မစားနိုင်တော့ပါဘူး။ ဒါပေမဲ့ လူကြီးတွေအနေနဲ့ အားလုံးက ကိုယ့်လက်အောက်က ၀န်ထမ်းတွေ ဖြစ်နေလေတော့ အိမ်တိုင်းစေ့အောင် ၀င်လည်ကြရပါတယ်။ ဒီလိုနဲ့ တစ်အိမ်တက်လိုက်၊ နည်းနည်းပါးပါး စကားစမြည်ပြောလိုက်၊ ဟိုဘက်မှာ စားခဲ့ကြတဲ့အိမ်တွေမှာ မပါတဲ့ အကြော်တွေတွေ့ရင် နည်းနည်းလောက် ကောက်ယူစားလိုက်၊ နောက်တစ်အိမ် ပြောင်းလိုက်နဲ့ ၂ နာရီ လောက် အချိန်ကုန်ပြီးချိန်မှာ ကျွန်မတို့ တပျော်တပါးကြီး ပြန်လာကြပါတော့တယ်။ ဒါကတော့ လောပိတမှာနေစဉ် နှစ်တိုင်း သီတင်းကျွတ်လပြည့်ညကို ဖြတ်သန်းခဲ့ကြပုံပါ။
တခုသော သီတင်းကျွတ်လပြည့်ညမှာတော့ ၁၀မိုင်ကုန်းကနေ စားသောက်ပြီးအပြန်လမ်းမှာ ကျွန်မတို့ကို ဦးဆောင်သူ အလွန်ကပ်စေးနဲပြီး(:P) လူပျိုကြီး မဖြစ်တဖြစ်အရွယ် (အခုတော့ လူပျိုကြီး) *ဦးအင်ဂျင်နီယာတစ်ယောက်က ကျွန်မတို့ ကလေးတွေကို ပြောပါတယ်။ "နင်တို့ တိုက်ကုန်းမှာ တအိမ်တက်ဆင်း လိုက်ကန်တော့ပါလား"တဲ့။ "ပြီးရင် မုန့်ဖိုးတောင်း"တဲ့။ သူ့ရဲ့ ကောင်းမြတ်လှတဲ့ အကြံဥာဏ်ကို ကြားရချိန်မှာ ကျွန်မတို့တတွေလည်း ၀မ်းသာအားရ ထောက်ခံကြတယ်။ အရင်ဆုံး ဈေးဦးပေါက်အနေနဲ့ အကြံပေးတဲ့သူကို စကန်တော့မယ်ဆိုပြီး ကျွန်မတို့ ကန်တော့ကြတော့ သူ့မှာလည်း သူ့စကားနဲ့သူ ကျွန်မတို့အုပ်စုကို ပိုက်ဆံ ၁၅ကျပ် ထုတ်ပေးလိုက်ရပါတယ်။ (အဲဒီတုန်းက မုန့်ဖိုး တနေ့ ၁ ကျပ်ပဲရတာပါ။) ကျွန်မတို့လည်း ဝေး ကနဲ ထအော်ကြပြီး တိုက်ကုန်းက အိမ်တွေကို တအိမ်တက်ဆင်း လိုက်ကန်တော့ပါတော့တယ်။ ပထမဦးဆုံး ထိပ်ပိုင်းမှာ ရှိတဲ့ ကျွန်မတို့အိမ်ကို အရင်ဝင်ပါတယ်။ အဖေနဲ့ အမေကို ကျွန်မတို့ ကလေး တသိုက် ထိုင်ကန်တော့ကြပြီး မုန့်ဖိုးတောင်းတယ်။ ဘယ်သူက အကြံဥာဏ်ပေးလိုက်တာဖြစ်ပြီး မုန့်ဖိုး ဘယ်လောက်ပေးလိုက်ကြောင်း ပြန်ရှင်းပြရသေးတာပေါ့။
ကျွန်မတို့တိုက်ကုန်းက ကလေးအရေအတွက်ကို ပြောပြရမယ်ဆိုရင် ကျွန်မတို့အိမ်ကတော့ မောင်နှမ ၅ ယောက်ဆိုတော့ ၅ ယောက်၊ ဆရာဝန်မအိမ်က သမီး ၃ ယောက်၊ ဦးအက်ဒ်မန်တို့က သမီး ၂ ယောက်၊ အန်တီနုတို့က သားသမီး ၂ ယောက်၊ အန်တီနှောင်းက ၁ ယောက်၊ အန်တီစန်းက ၄ ယောက်၊ အန်တီမိုးက ၁ ယောက်၊ အန်တီတူးက ၄ ယောက် (အဲဒီတုန်းက ရှိသေးလား၊ ပြောင်းသွားပြီလား သိပ်မသေချာပါဘူး)၊ ကိုပုတူတူးတို့က ၄ ယောက် (သူတို့လည်း ပြောင်းသွားလောက်ပြီ ထင်ပါရဲ့။)၊ အန်တီမြင့်သမီး အပျိုပေါက်ကတော့ ကျွန်မတို့နဲ့ သိပ်မတွဲဖြစ်ပါဘူး။ နောက် မျိုးမျိုးတို့အိမ်က ၄ ယောက်။ ကျွန်မမှတ်မိသလောက်တော့ အဲဒီလောက်ပါပဲ။ အဲဒီညကတော့ တိုက်ကုန်းက ရှိသမျှကလေး အစုံမပါပေမဲ့ ၁၀ ယောက်ကျော် လောက်ပါပါတယ်။
ဒီလို လက်ကြီးဗလာနဲ့ လိုက်ကန်တော့လိုက်တာ နောက်ဆုံး ရသမျှမုန့်ဖိုး ဝေစုခွဲလိုက်တော့ တယောက် ၄၅ ကျပ်ကြီးများတောင် ရတယ်။ အဲဒီတုန်းက ၁ နှစ် ၁ ခါလောက်မှ မာမီတို့၊ ဒယ်ဒီတို့ (စက်ရုံမှူးနဲ့ စက်ရုံမှူးကတော်) လွိုင်ကော်ကနေလာလည်လို့ တခါတလေမှ ရတတ်တဲ့ မုန့်ဖိုး ၁၅ကျပ်တန်သာ ကိုင်ဖူးတာဆိုတော့ ၄၅ကျပ်ဆိုတဲ့ ပိုက်ဆံက နည်းနည်းနောနောမဟုတ်တဲ့ ငွေကြေးပမာဏကြီးပေါ့။ ဒီတော့လည်း အဲဒီလပြည့်နေ့ဟာ ကျွန်မအတွက် အမှတ်တရဖြစ်ရတဲ့နေ့တွေထဲက တနေ့ဖြစ်လာရတယ်။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1
*အဲဒီ လူပျိုကြီး ဦးအင်ဂျင်နီယာရဲ့ အာဂသတ္တိအကြောင်းကို နောက်များမှ ရေးပါဦးမယ်။ နာမည်တော့ မပြောတော့ဘူးနော်။:P
ငယ်ဘ၀ အမှတ်တရ (၁)
ငယ်ဘ၀ အမှတ်တရ (၃)
4 comments:
ညီမ ဆိုးဝှတ်ရဲ့ ငယ်ဘ၀ ဖတ်ရတာ ပျော်စရာကြီး အမလဲ အဲဒီ feeling ကို သိပ်ကြိုက်တာ၊ မုန့်ဖိုးအများကြီးရလို့ ပျော်တဲ့ feeling လေ၊ အဲဒီဦးလေးကြီးရဲ့ အိုင်ဒီယာက ကောင်းလို့ ညီမတို့တွေ မုန့်ဖိုး ရတာပေါ့။ အဲဒီ မုန့်ဖိုးတွေကို ဘာလုပ်ပစ်လဲဟင် စိတ်ဝင်စားတယ်၊ ရှိသေးရင် ဝေစုလာခွဲမယ်
မလေပြေရေ...ညီမလည်း အဲဒါ စဉ်းစားနေတာ...ဟီဟီ ဘာလုပ်ပစ်လိုက်ပါလိမ့်လို့ ...ဒါပေမဲ့ လုံးဝမမှတ်မိတော့လည်း ထည့်မရေးတော့တာ...:P
ပျော်စရာကြီးနော်.. ညီမလေးရေးထားတာ ဖတ်ရင်း ကလေးအုပ်စု လူကြီးတွေကို ကန်တော့ပြီးလို့ မုန့်ဖိုးရရင် ပျော်နေမှာကို မြင်ယောင်နေတယ်.. ကလေးအရွယ်မှာတော့ မုန့်ဖိုးရတာလောက် ဘယ်ဟာမှ ပျော်စရာမကောင်းလှဘူး.. အမဆို အိမ်ထောင်မကျခင်အချိန်အထိအလုပ် ထဲရောက်နေတာတောင် အဖေက မုန့်ဖို့ပေးမှ ကျေနပ်တယ်.. နို့မို့ဆိုရင် ဘာလိုနေမှန်းမသိဘူး..
အနားယူလို့ဝသွားပြီလား.. ဦးလေးအကြောင်းလည်း ဆက်ရေးနော်.. :D
မနုစံ...ရေးမယ်၊ ရေးမယ်။။။ ကွန်မန့်အတွက် ကျေးဇူးနော်...း)
Post a Comment