မလေပြေ ရေးခိုင်းတဲ့ ငယ်ဘ၀အမှတ်တရဆိုတာ ငယ်ငယ်တုန်းက ကစားနည်းတွေအကြောင်း ရေးခိုင်းတာဖြစ်နေတယ်။ မအိမ့်ရဲ့ ဘလော့ဂ်က ပို့စ်ကို ဖတ်ပြီးမှ သိတာ။ ဒီတော့လည်း ငယ်ငယ်တုန်းက ကျွန်မတို့ ဘယ်လောက် ကဲကြောင်း ထပ်ရေးရသေးတာပေါ့။ :P
ငယ်ငယ်က ကျွန်မတို့နေခဲ့တဲ့ တိုက်ကုန်းမှာ ကျွန်မတို့အရွယ် ကလေးတွေကလည်း တပြုံကြီးရှိလေတော့ ကစားဖို့ အဖော်က မပူပင်ရဘူးလေ။ မောင်နှမအများဆုံးရှိတဲ့ ကျွန်မတို့အိမ်က ကလေးတွေ စုစည်းရာ ဆုံရပ်လည်း ဖြစ်နေတတ်တယ်။ ယောက်ျားလေး၊ မိန်းကလေး ဆတူရှိတဲ့ ကျွန်မတို့အုပ်စုမှာ ကစားနည်းမျိုးစုံကို ယောက်ျားလေးမှ ကစားလို့ရတာ၊ မိန်းကလေးမှ ကစားလို့ရတာရယ်လို့ မခွဲခြားဘဲ ကြုံသလို ကစားကြတယ်။ ဘောလုံးကန်ချင်တယ်ဆိုလည်း ၀ိုင်းကန်လိုက်ကြ၊ စစ်တိုက်တမ်း ကစားချင်တယ်ဆိုလည်း ၀ိုင်းစစ်တိုက်လိုက်ကြနဲ့ အငြင်းအခုန်ဖြစ်ရတယ် မရှိပါဘူး။
စစ်တိုက်တမ်း ကစားတယ်ဆိုရင် ခြံထဲမှာ အလေ့ကျပေါက်နေတဲ့ ပဲတောင့်တွေကို ခူးပြီး ပစ်ပေါက်တမ်းကစားကြတာပါ။ ပဲတောင့်ထိပ်လေးတွေက ချွန်နေတော့ ထိရင် နာပါတယ်။ အဲဒါကို ဂါဝန်ကို ဂပုန်စပုံစံလုပ်ပြီးထည့် ပြီးရင် ၁။နေရာယူ၊ ၂။အဆင်သင့်၊ ၃။ပစ်နိုင်ပြီ လို့ အော်ဟစ်ပြီး ပစ်ပေါက်ကစားကြတယ်။ တခါတလေလည်း သရက်ရွက်တွေ ခူးပြီး ဘုရင်လုပ်တမ်း ကစားကြတယ်။ သရက်ရွက်တွေကို တုတ်ချောင်းသေးသေးလေးတွေနဲ့ ဆက်ပြီး ဘုရင်အ၀တ်အစားပုံစံတွေ လုပ်ဝတ်ကြတာပေါ့။ ဈေးရောင်းဈေးဝယ်တမ်း ကစားရင် ကွမ်းယာရောင်းတဲ့ဆိုင်က အရောင်းရဆုံးပါပဲ။ ဘာလို့ဆို တကယ်စားလို့ရပြီး စားလို့လည်းကောင်းတာကိုး။ မာလကာရွက်နုနုလေးတွေကို ကွမ်းရွက်လို့ သဘောထားပြီး အဲဒီပေါ်မှာ စားလို့ရတဲ့ အသီးစိမ်းပြားပြားလေးတွေထည့် (နာမည်ဘယ်လို ခေါ်လည်းတော့ ကျွန်မ မမှတ်မိတော့ပါဘူး) ပြီး စားကြတယ်။ အဲဒီ ကျွန်မတို့ ကစားတဲ့ ကွမ်းယာလေးဟာ ချဉ်ချို အရသာလေးနဲ့ တော်တော် စားကောင်းပါတယ်။ တခါတလေ စိတ်လိုလက်ရ ရှိရင် လူပျိုပေါက်အရွယ် အစ်ကိုက ကျွန်မတို့ ညီအစ်မတွေ ကစားဖို့အတွက် ငှက်ပျောရွက်တွေ၊ ၀ါးခြမ်းပြားတွေနဲ့ တဲလေးဆောက်ပေးတတ်သေးတယ်။
ဆောင်းရာသီ ပုရစ်တွေ ပေါ်ချိန်ဆိုရင်တော့ ပုရစ်ဖမ်းတိုင်း ကစားကြတယ်။ ပိန္နဲသီးစေးအဖြူရောင်ကို ၀ါးချောင်းပြား ဒါမှမဟုတ် တုတ်ချောင်းထိပ်မှာ သုတ်ပြီး ပုရစ်ကောင်တွေကို လိုက်တို့ပြီး ဖမ်းတာပါ။ ပိန္နဲစေးက ကပ်တော့ အကောင်လေးတွေက မလှုပ်နိုင်ဘဲ တုတ်မှာ ကပ်ပါလာကြတယ်။ အဲဒီအကောင်လေးတွေကို မီးဖုတ်ပြီး စားကြတာပေါ့။ (ကျွန်မတို့ဘက်မှာ ရန်ကုန်မှာလို ပုရစ်ကြော်ရောင်းတဲ့လူမရှိတော့ ၀ယ်စားလို့မှမရဘဲ။) ကျွန်မကတော့ အဲဒီမှာတုန်းက တစ်ကောင်ပဲ ယူစားဖူးတယ်။ ဖမ်းတဲ့ထဲလည်း မပါပါဘူး။ ယောက်ျားလေး သူငယ်ချင်းတွေ ဖမ်းနေတာကို လိုက်ကြည့်ယုံပါပဲ။ အဲဒီတုန်းက ကျွန်မနဲ့ ကစားနေကျ အပေါင်းအဖော်သူငယ်ချင်းတွေက ကျွန်မ ညီမလေး၊ မောင်လေး အပါအ၀င် တင်ဇာနွယ်နဲ့ ဇင်မာမြင့်ဆိုတဲ့ ကောင်မလေးနှစ်ယောက်နဲ့ သူသူဆိုတဲ့ ဆရာဝန်မသမီးတို့ပေါ့။ ပြီးရင် တူးငယ်လို့ခေါ်တဲ့ အင်ဂျင်နီယာ တစ်ယောက်ရဲ့သား ပြီးရင် ကိုဇ၀ါးနီလို့ခေါ်တဲ့ ကရင်လူမျိုး စက်ရုံအလုပ်သမားတစ်ယောက်ရဲ့ သားတို့ကတော့ ကျွန်မ အခင်မင်ရဆုံး သူငယ်ချင်းတွေပါပဲ။ ဒါကတော့ ကျောင်းပိတ်ရက်နဲ့ ကျောင်းဆင်းပြီးလို့ အားလပ်ချိန်တွေမှာ ကစားနေကျ တိုက်ကုန်းက သူငယ်ချင်းတွေပေါ့။ ကျောင်းမှာဆိုရင်တော့ သူတို့တွေနဲ့ မကစားဘဲ ကျွန်မ အခန်းထဲက သူငယ်ချင်းတွေဖြစ်တဲ့ မိုးကလျာအိ၊ တင်တင်ဌေး၊ မြမြ၀င်း၊ သန္တာလင်းတို့နဲ့ပဲ ကစားလေ့ရှိတယ်။ သူတို့ကတော့ ကျွန်မနဲ့ ကျောင်းတက်ချိန်မှာပဲ တွဲဖြစ်တဲ့ သူငယ်ချင်းတွေ။
ငယ်ငယ်တုန်းက ကျန်းမာရေး ချူချာတဲ့ ကျွန်မက သူများတွေလို ခုန်ပေါက်ပြေးလွှားပြီး သိပ်မကစားနိုင်ဘူး။ သရေကွင်းတွေနဲ့ဆက်ထားတဲ့ သရေပင်ကြိုးလည်း မခုန်တတ်၊ ကြက်တောင်လည်း မရိုက်တတ်၊ ဘော်လီဘောလည်း မပုတ်တတ်တဲ့ ကျွန်မက သူတို့တွေ အဲလို ကစားကြရင် ဘေးနားကနေ ငုတ်တုတ်ထိုင်ကြည့်နေရတတ်တာပါပဲ။ စိန်ပြေးတမ်းကစားရင်လည်း ကျွန်မကို အရင် မိတတ်လေ့ရှိတယ်။ သစ်ပင်ပေါ်တွေ ဘာတွေလည်း မတက်တတ်ဘူး။ အမြင့် အရမ်းကြောက်သလို၊ အသားနာမှာလည်း အရမ်းကြောက်တတ်တဲ့ ကျွန်မ စက်ဘီး မစီးတတ်တာလည်း မထူးဆန်းပါဘူး။ ကြိုးမခုန်တတ်ပေမဲ့ တန်းမြင်ကျတော့ ခုန်တတ်တယ်။ ကျွန်မ အကြွမ်းဆုံး ကစားနည်းကတော့ ထုပ်စီးတိုးတာလေ။ ၉တန်းအရွယ်ထိတောင် လမ်းထဲက လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ကစားလေ့ရှိတယ်။ ကျွန်မညီမကတော့ ကစားနည်းမျိုးစုံ ကစားတတ်တယ်။ သူကစားနေရင် ဘေးကနေ သဘောတွေကျပြီး အားပေးနေတတ်ပြီး ကိုယ်တိုင်တော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ၀င်မကစားဘဲ စာထိုင်ဖတ်နေတတ်တယ်။
ကျွန်မ ၂ တန်းနှစ် ကျောင်းပိတ်ရက်မှာ အမေက ကျွန်မနဲ့ ကျွန်မအစ်ကိုကို ရန်ကုန် အလည်ခေါ်သွားတယ်။ တလက်စထဲ ဧရာဝတီတိုင်းဘက်က အမျိုးတွေရှိတဲ့တောဘက်တွေပါ ရောက်သွားတယ်။ အဲဒီမှာ အဘကြီး တစ်ယောက်က ကျွန်မတို့မောင်နှမကို ရွှံ့နဲ့ အရုပ်မျိုးစုံလုပ်ပေးတာ ကြည့်ရင်း ကျွန်မတို့မှာ သဘောတွေကျလို့ပေါ့။ လက်ရာတွေကလည်း တကယ်မြောက်တာလေ။ ကျွန်မတို့လည်း အဲဒါလေးတွေကို တောင်ပေါ်ဒေသထိ တကူးတက သယ်လာကြတယ်။ ဒါပေမဲ့ နီးနီးနားနား ခရီးလည်း မဟုတ်ပြန်တော့ လမ်းမှာတင် ကျိုးကြေကုန်ရော။ ဒါနဲ့ လောပိတ ပြန်ရောက်တော့ ကျွန်မအစ်ကိုက ရွှံ့ရုပ်လေးတွေ မမြင်ဖူးတဲ့ ကျွန်မညီမနဲ့ မောင်လေးအတွက် တောင်ပေါ်မြေနီတွေကို ရေနဲ့ဖျော်၊ ရွှံ့ဖြစ်အောင်လုပ်ပြီး အရုပ်လေးတွေ လုပ်တယ်။ ရွှံ့ရုပ်လေးတွေပြီးလို့ အိမ်ခေါင်မိုးပေါ်တက်လှမ်းတဲ့ချိန်မှာ ကျွန်မတို့ ညီအစ်မကလည်း လိုက်လည်းကြည့်ချင်၊ အမိုးပေါ်ကလည်း မတက်တတ်ပြန်ဆိုတော့ အောက်ကနေ တမော့မော့နဲ့ပေါ့။ ဒီတော့ ကျွန်မအစ်ကိုလည်း သူ့ညီမတွေအတွက် အပေါ်ကို ဘယ်လို ခေါ်ရပါ့မလဲလို့ အကြံထုတ်တယ်။ နောက်ဆုံး အစ်ကိုက တောင်းတစ်လုံးမှာ ကြိုးကိုချည်ပြီး ကျွန်မထက် သတ္တိကောင်းတဲ့ ညီမလေးကို အရင် ၀င်ထိုင်ခိုင်းပြီး အပေါ်ကနေ ကြိုးကို ဆွဲတင်တယ်။ ကျွန်မကလည်း အောက်ကနေ မ ပေးတာပေါ့။ ကျွန်မအလှည့်ကျတော့ ခေါင်မိုးပေါ်ကနေ သူတို့မောင်နှမ နှစ်ယောက်က ဆွဲတင်ကြတယ်။ ဒီလိုနဲ့ အမြင့်တခါမှ မတက်ဖူးတဲ့ ကျွန်မလည်း ခေါင်မိုးပေါ်ကို အောင်အောင်မြင်မြင် ရောက်ဖူးသွားတော့တယ်။ အဲဒီတုန်းက အောက်ဘက်ကမြေပြင်ပေါ်မှာ ပုလင်းကွဲတွေအများကြီးရှိနေတာမြင်ရက် အစ်ကိုက ကြိုးနဲ့ဆွဲတင်တာကို အကြောက်အရွံ့မရှိ ၀မ်းသာအားရ တက်လိုက်မိတာ ပြန်တွေးမိရင် ကံကောင်းလို့ ဘာမှ မဖြစ်တယ်လို့ ဘုရားတ မိတယ်။ ဘာပဲပြောပြော မောင်နှမတတွေ ခေါင်းမိုးပေါ်မှာ ရွှံ့ရုပ်တွေကို တပျော်တပါးကြီး လှမ်းကြတာကတော့ အမြဲတမ်းအမှတ်တရ ဖြစ်နေတယ်။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1
ငယ်ဘ၀ အမှတ်တရ (၁)
ငယ်ဘ၀ အမှတ်တရ (၂)
0 comments:
Post a Comment