Saturday, June 30, 2007

ချောက်ထဲသို့ ပြုတ်ကျခြင်း



ငါ အယုံကြည်ဆုံးသူက အကြောက်ရဆုံးလူ ဖြစ်ခဲ့တယ်။

နွေလယ် အိပ်မက်လို အဆိုးရွားဆုံး တောက်လောင်မှုတွေ၊
မွန်းကြပ်တဲ့ အတွေးစုတွေ၊
ခါးသီးတဲ့ အမုန်းတွေ။
အံ့ဩ ဘလောင်ဆူနေတဲ့ ငါ့ရင်ထဲ၊
သံသရာတကွေ့မှာ ငါ အမုန်းဆုံးလူတော့ နင် ဖြစ်ရပြီပေါ့...

သံပါတ်ကုန် လူသားအဖြစ် ရပ်တည်မှုက ပြိုလဲ၊
ငါ့စိတ်ထဲမှာ ဗလာ၊
အရာအားလုံး ဟာတာတာ၊
ကြောင်တောင်တောင် ငါ့စိတ်နှလုံး၊
လက်မခံနိုင်အောင် ငိုချင်းချ၊
ငါ မယုံနိုင်သေးလို့ပါ...

နောင်မှ တတဲ့ နောင်တတွေနဲ့ အမြဲလို နပန်းသတ်၊
ဘွာခတ်မရ လုပ်ရပ်တိုင်းမှာ စမ်းစစ်နိုင်သူ ဖြစ်လိုပေမဲ့
ငါ အယုံကြည်ဆုံးသူက အကြောက်ရဆုံးလူ ဖြစ်ခဲ့တယ်လေ...


s0wha1
ညဥ့်(30.06.07)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Friday, June 29, 2007

ဖတ်မိသမျှ စာအချို့



ကြုံရင် ကြုံသလို ကျွန်မဖတ်ဖူးတဲ့စာအုပ်ထဲက ကျွန်မကြိုက်နှစ်သက်တဲ့ စာစုတချို့ကို ကောက်နှုတ် ဖော်ပြသွားချင်ပါတယ်။ တပတ် တခါလောက် ဖြစ်ဖြစ်ပေါ့။



*** *** ***


Anyway

People are unreasonable, illogical and selfcentered.
Love them anyway.

If you do good, people will accuse you of selfish ulterior motives.
Do good anyway.

If you are successful, you will win false friends and true enemies.
Succeed anyway.

Honesty and frankness make you vulnerable.
Be honest and frank anyway.

The good you do today will be forgotten tomorrow.
Do good anyway.

The biggest people with the biggest ideas can be shot down by the smallest people with the smallest minds.
Think big anyway.

People favour underdogs but follow only top dogs.
Fight for some underdogs anyway.

What you spent years building may be destoryed overnight.
Build anyway.

Give the world the best you have and you'll get kicked in the teeth.
Give the world the best you've got anyway.


မည်သို့ဖြစ်စေ

လူတွေသည် အကြောင်းအကျိုး မသိ၊
ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊
အတ္တစိတ်လည်း များလှ၏။
မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ...

လူတွေသည် ကောင်းသောအမှု သင်မည်မျှပြုသော်လည်း
မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။
မည်သို့ဖြစ်စေ၊ ကောင်းသော အမှုပြုမြဲပြုပါ...

သင်အောင်မြင်ပြီဆိုလျှင်၊
သင့်၌ မိတ်ဆွေအတုအယောင်များရော၊
ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်။
မည်သို့ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ...

ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့်
သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်။
မည်သို့ဖြစ်စေ၊ ရိုးဖြောင့် ပွင့်လင်းစွာသာ ပြောဆို ဆက်ဆံပါ...

သင် ယနေ့ပြုသော ကောင်းသောအမှုကို
မနက်ဖြန် သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။
မည်သို့ဖြစ်စေ၊ ကောင်းသော အမှုကို ပြုမြဲပြုပါ...

အကြီးကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံးပုဂ္ဂိုလ်သည်လည်း
အနုံခြာဆုံး စိတ်ထားရှိသည့် အသေးမွှားဆုံး ပုဂ္ဂိုလ်ထံ
ဝေဖန်ခြင်း၊ ကဲ့ရဲ့ အပုပ်ချခြင်း ခံရနိုင်သည်။
မည်သို့ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစား ကြံစည်ပါ...

လူတွေသည် နိမ့်ပါးသူ အောက်လူများကို စေတနာပိုတတ်သည် ဆိုသော်လည်း
(လက်တွေ့၌) အပေါ်စီးရသူ ထိပ်ဆုံးလူများနောက်သို့သာ လိုက်ပါတတ်ကြသည်။
မည်သို့ဖြစ်စေ၊ အချို့သော နိမ့်ပါးသူ အောက်လူတို့ အတွက် ရပ်တည်ပေး၊ တိုက်ပွဲဝင်ပေးပါ...

နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သော အရာသည်
နေ့ချင်း ညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။
မည်သို့ဖြစ်စေ၊ တည်ဆောက်စရာရှိတာ ဆက်လက် တည်ဆောက်ပါ...

ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးလျက်လည်း၊
သင့်အား ခါးသည်း နာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်။
မည်သို့ဖြစ်စေ၊ သင့်မှာ ရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲပေးပါ...


(ဆရာဖေမြင့်ရဲ့ စာဖတ်သမား၏ မှတ်စုများမှ)

*** *** ***

ရွှင်လန်းချမ်းမြေ့ကြပါစေ
s0wha1


ကောက်နှုတ်ချက်။...။ ဆရာဖေမြင့်၏ စာဖတ်သမား၏ မှတ်စုများ

Thursday, June 28, 2007

စားချင်သော အစားအစာများ



မြန်မာနိုင်ငံလည်း မပြန်ဖြစ်တာကြာပြီ။ ပြန်စရာအကြောင်းကလည်းမရှိ၊ အိမ်ကလည်း ဘာအတွက် ပြန်မှာလဲဆိုတာနဲ့ပဲ မပြန်ဖြစ်ဘူး။ ညနေက မကေသွယ် ရဲ့ ဘလော့ဂ်မှာ ကျိုက်ထီးရိုးအကြောင်း သွားဖတ်ရင်း မြန်မာကို တော်တော်လွမ်းသွားတယ်။ ပြီးတော့ မြန်မာမှာမှ ကောင်းကောင်းစားရမယ့် ကျွန်မစားချင်တဲ့ အစားအစာတွေကို ချရေးချင်စိတ်ပေါက်လို့ ရေးလိုက်တယ်။ ဖတ်ကြည့်ကြပါဦး...:P

  1. ကြေးအိုးဆီချက် (ကျွန်မက ကြေးအိုးအရည် မကြိုက်ဘူး)
  2. ဒံပေါက်
  3. ၀က်သားဒုတ်ထိုး
  4. ဓနုဖြူဒေါ်စောရီဆိုင်မှ ထမင်း၊ ဟင်း
  5. ရွှေလက်ရာက ခေါက်ဆွဲကြော်
  6. ဘာတာက ရခိုင်မုန့်တီ
  7. ကျောက်ကျောဖျော်ရည်/မန်ကျည်းဖျော်ရည်
  8. ပေါ့စိမ့်လက်ဘက်ရည်
  9. လှည်းတန်းက အီကြာကွေး
  10. ကီးမားပလာတာ
  11. ပဲပလာတာ
  12. လမ်းထိပ်က ကြာဇံနဲ့ ခေါက်ဆွဲ ရောသုပ်ထားတဲ့ ချဉ်ချဉ်စပ်စပ်အသုပ်လေး (အသုပ်စုံ မဟုတ်ဘူးနော်။ ကျွန်မက အသုပ်စုံမကြိုက်)
  13. ဘဲသွေးနဲ့ အုန်းနို့ခေါက်ဆွဲ
  14. ပဲပြားအစာသွတ်
  15. နွားနို့ပူပူလေးကို သကြားမပါ ဆားလေးနဲ့
  16. ဂျေဒိုးနက်ဆိုင်မှ ဒိုးနက်
  17. မုန့်ဆီကြော်
  18. ပေါင်မုန့်အုန်းနို့ဆမ်း/မုန့်လက်ဆောင်း
  19. ခေါက်မုန့်
  20. ဘိန်းမုန့်
  21. ပြာရည်ထုပ်
  22. ရေမုန့်
  23. ထိုးမုန့်
  24. ပုသိမ် ဟာလ၀ါ

ကျွန်မစဉ်းစားရမိသလောက် ကျွန်မကြိုက်တဲ့၊ စားချင်တဲ့ အစားအစာတွေ ရေးထားတာပါ။ နောက် သတိရရင် ရသလို ဆက်ပြီး ထည့်ရေးသွားဦးမယ်။ အားလုံးလည်း စားချင်တာလေးတွေ ရှိသေးရင် ကွန်မန့်မှာ ထည့်ရေးပေးသွားနော်။ ကျွန်မ ဒီရက်ပိုင်း သိပ်မအားလို့ ပို့စ်တင်ဖြစ်မယ်မထင်ဘူး။ စနေ၊ တနင်္ဂနွေမှပဲ ရေးဖြစ်မယ်ထင်တယ်။

သတိရလို့လေး ထပ်ဖြည့်လိုက်ပါတယ်...
  • ဖားသားဟင်း (ဒီမှာလည်း စားရပါတယ်...နည်းနည်းတော့ ဈေးကြီးသား)
  • လယ်ကြွက်ကို စပ်စပ်လေး ကြော်ထားတာ...
  • ပုရစ်ကြော်
  • ဖြစ်နိုင်ရင် တောကြောင်သား နဲ့ တောဝက်လည်း စားချင်သား (လောပိတမှာနေတုန်းကပဲ စားခဲ့ရတယ်...)
  • ခေါပုတ်
  • ထမနဲ


s0wha1

Wednesday, June 27, 2007

ကံ = ပြုလုပ်ခြင်း



ညက စာမရေးဖြစ်ဘူး။ ပျင်းနေတာရော၊ ခုရေးမယ့် အကြောင်းအရာရော ကြောင့်လေ။ ခေါင်းစဉ်ကို ကြည့်တာနဲ့ ကံ၊ ကံ၏အကျိုးကို ပြောတော့မယ်လို့ ထင်နေမလားပဲ။ ဘာမှတော့ မဟုတ်ပါဘူး။ မသိနားမလည်တဲ့လူကို ကံဆိုတာကို မရှင်းပြတတ်လို့ အခက်ကြုံရတဲ့အကြောင်းအရာလေးပါ။ မသိနားမလည်တဲ့လူလို့ သုံးလိုက်လို့ တမျိုးတော့ မထင်ပါနဲ့။ ကျွန်မဆိုလိုချင်တာက ဗုဒ္ဓဘာသာရဲ့အခြေခံကို သိပ်မသိတဲ့လူလို့ ပြောချင်တာပါ။

မနေ့ညက ညီမဖြစ်သူ yahoo messenger မှာ cf လို့ အများစုခေါ်တဲ့ conference chat room ထဲ ၀င်စကားပြောနေတယ်။ သူက ear pieces မသုံးဘဲ အသံကိုဖွင့်ထားသေး ပြီးတော့ ဒီဘက်ကနေလည်း သူက laptop နားကပ်ပြီး ပြန်ကုန်းအော်သေးဆိုတော့ အခန်းထဲမှာ သူ့အသံကြီးပဲ မကြားချင်လည်း ကြားနေရတယ်။ ဒီကြားထဲ သူ့အသံကို လွှမ်းအောင် သီချင်းဖွင့်မယ်ဆိုပြန်တော့ ကျွန်မစက်က အသံက တိုးတိုးလေးပဲ ထွက်တယ်။ ဘယ်လိုမှ သူ့အသံကို မကျော်နိုင်ဘူး။ အဲဒီတော့ နားမထောင်ချင်လည်း နားထောင်နေရတော့တာပေါ့။

အစကတော့ သူတို့တွေ ရယ်စရာတွေ ပြောနေကြတာ။ နောက်တော့ ကံ ဆိုတာ ဘာလဲ ထလုပ်တဲ့လူက လုပ်ရော။ သူက ခရစ်ယာန်ဘာသာဝင်လိုလို၊ မွတ်စလင်ဘာသာဝင်လိုလို၊ ခုကျတော့ ဘယ်ဘာသာမှ လက်မခံ၊ အယုံအကြည်မရှိတဲ့ ဘာသာမဲ့တဲ့။ သူက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အနည်းအကျဉ်းတော့ ဖတ်ထားမှာပေါ့လေ။ ဒါပေမဲ့ သူ ဘာမှသေချာမသိမှန်း သူ့စကားတွေအရတော့ သိသာပါတယ်။ ကျွန်မက cf ထဲ မ၀င်တတ်ပေမဲ့ ညီမလေးရဲ့ အွန်လိုင်း သူငယ်ချင်းမို့ အဲဒီလူနဲ့ ကျွန်မနဲ့ကလည်း ခင်တယ်။

သူက ပြောသေးတယ်... မိန်းမတွေက ကလေးမွေးဖို့ လူဖြစ်လာတာတဲ့။ သူသုံးတဲ့စကားတွေကတော့ တော်တော်ရင့်သီးတယ်။ ထားပါတော့လေ။ နောက်တော့ ညီမလေးက သောတာပန်ဖြစ်ချင်တယ်လို့ ပြောလိုက်ချိန်မှာ မိန်းမတွေက ဘယ်တော့မှ သောတာပန် မဖြစ်ဘူးလို့ ပြောပြန်ပါလေရော။ ဒါတော့ လွန်ပြီ။ ရဟန္တာမတွေတောင် ရှိတာကို။ အဲလိုပြောတော့လည်း ပုံပြင်တွေ၊ ဒဏ္ဍာရီထဲကဟာတွေ လာမပြောနဲ့။ လက်တွေ့ပဲ ပြောတဲ့။ ဟင်...ဘယ့်နှာတုန်းပေါ့။ cf ထဲက ရှိသမျှ မြန်မာဗုဒ္ဓဘာသာဝင်တွေလည်း တတ်သလောက်၊ မှတ်သလောက် သူ့ကို ရှင်းကြသေးတယ်။ နောက်တော့ တယောက်က ၀င်ပြောတယ်။ သောတာပန်ရတာက ယောက်ျား၊ မိန်းမနဲ့မဆိုင်ဘူး။ သက္ကာယဒိဋ္ဌိ ဆိုတဲ့ ငါစွဲပြုတ်ရင် သောတာပန်ဖြစ်တာပဲလို့။ ဒီတော့ သူက ဒါဆို ဒေါ်အောင်ဆန်းစုကြည်တို့၊ မာသာထရီဆာတို့က သောတာပန်ပဲတဲ့။ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်တဲ့လူတွေ၊ သူတို့လောက် စိတ်ဓာတ်ဖြူစင်တာလည်း မရှိဘူးတဲ့။ သူ့ဟာသူမေးပြီး သူ့ဟာသူဖြေတာ။ အဲဒီတော့ တယောက်က ပြောတယ်။ "အေး... မိန်းမက သောတာပန်မဖြစ်ဘူးဆို၊ ခုတော့ ကိုယ့်ဟာကိုယ် ပြောပြီး ကိုယ့်ဟာကိုယ် လက်ခံနေပါလား"လို့။ အဲဒီလို ပြောတာ့လည်း သူက မဟုတ်ပြန်ဘူး။ မိန်းမ သောတာပန် မဖြစ်ဘူး လုပ်ပြန်ရော။ သူ့လည်း ဘယ်လို ရှင်းပြရမလဲ၊ သက္ကယာဒိဋ္ဌိဆိုတာလည်း သိမှာမဟုတ်၊ နားလည်အောင်လည်း မရှင်းတတ်ကြ။

အဲဒီကနေ တဆင့်တက်ပြီး ကံဆိုတာ ပြုလုပ်ခြင်းတဲ့ ဟားဟားဆိုပြီး ထပ်လုပ်ပြန်တယ်။ စာအုပ်တစ်အုပ်မှာ ဖတ်ရတယ်တဲ့ ကံဆိုတာ ပြုလုပ်ခြင်းလို့ ရှင်းပြထားတယ်ပေါ့။ သူလုံးဝ အယုံအကြည်မရှိတဲ့အကြောင်း ပြောတယ်။ ကံဆိုတဲ့အကြောင်းကို ပြောရင် အကြောင်း၊ အကျိုး ဆက်စပ်နေတာကိုလည်း ပြောမှ ရမှာပေါ့။ ခုလက်ရှိ လုပ်လိုက်တဲ့ အကြောင်းကြောင့် ဒီအကျိုးဖြစ်လာတယ်။ ဒါ ကံပဲပေါ့။ ဒီလိုဆိုတော့ သူက လက်မခံပြန်ဘူး။ ဒါဆိုရင်တဲ့ ၁၃ နှစ်အရွယ် ကောင်မလေး Rape ခံရပြီး ကလေးရလာတာ ဒါ သူလုပ်တဲ့ ကံလားတဲ့၊ သူ့လုပ်ရပ်လားတဲ့။ လေသံက မာလာတယ်။ ဒါကို ဘယ်လိုပြန်ရှင်းရမလဲ။ ဟိုးအရင်က ကံ(လုပ်ရပ်)တွေပါ ပြောရတော့မယ်။ အဲဒီလိုဆို နောင်ဘ၀၊ ဒီဘ၀၊ ရှေ့ဘ၀တွေ လက်မခံတဲ့ ဒီလူက ဒဏ္ဍာရီတွေ လာမပြောနဲ့ လုပ်ဦးမယ်။ ဒါပေမဲ့ တယောက်ကတော့ ရအောင် ရှင်းပါသေးတယ်။ အဲဒါကို လက်မခံဘဲ သူက ထပ်ပြောသေးတယ်။ ကျွန်မတို့ ညီအမကို ပြောတာပါ။ ကျွန်မက cf ထဲ မ၀င်ထားပေမဲ့ ဘေးနားကနေ ၀င်ဝင်အော်နေတော့ ကျွန်မ ရှိနေမှန်း သူသိတယ်လေ။ နင်တို့တွေ ခု အဲဒီနိုင်ငံရောက်လာတာ ဘာလို့ ရောက်လာတာလဲတဲ့။ နင်တို့ ကြိုးစားအားထုတ်မှုတခုမှ မပါဘဲ နင်တို့အဖေကြောင့် ရောက်လာတာပေါ့။ အဲဒါ ကံလားတဲ့။ နင်တို့ရဲ့ ပြုလုပ်ခြင်း ဘယ်မှာပါလို့လဲတဲ့။ သူ့အသံကလည်း တဖြည်းဖြည်းကျယ်လာပြီ။ ဒါနဲ့ ကျွန်မလည်း ပြောတတ်သလောက် ပြောသေးတယ်။ အဖေ့ရဲ့ ကြိုးစားအားထုတ်မှု ပြုလုပ်ခြင်း ကံ အကြောင်းကြောင့် ကျွန်မတို့ မောင်နှမတွေ ရောက်လာရခြင်း အကျိုးကို ဖြစ်စေတယ် မဟုတ်ဘူးလား။ ဒီလိုပြောတော့လည်း ကျွန်မတို့ရဲ့ လုပ်ရပ် ကံဆိုတာမှ မပါတာတဲ့။ ရှင်းလေ၊ ရှုပ်လေ။ သူ့ကို ရှင်းရင်း၊ ရှင်းရင်း ကျွန်မညီမလေးကပါ အူလည်လည်ဖြစ်လာတယ်။

တကယ်တော့ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်စရာ ဘာသာတရားဆိုတာထက် အတွေးအခေါ်၊ ဒဿန ဖြစ်ကြောင်း သူနားလည်ဖို့ လိုမယ်လို့ ကျွန်မထင်တယ်။ ဒီသဘောတရားကို နားလည်တဲ့ အသိလေးတခုပဲ လိုအပ်တာ။ ဖန်ဆင်းပြမှ၊ လက်တွေ့မြင်ရမှ ဆိုတာမျိုးမဟုတ်ဘဲ။ ဆိုလိုရင်း သဘောတရားကို နားလည်သွားတဲ့ အသိတခုပဲ ဆိုတာ သူသဘောပေါက်အောင် ဘယ်လို ရှင်းပြရမလဲ။ အဲဒီ အသိလေးသာရှိရင် ကံဆိုတာကိုလည်း ဒီလောက် ခဲရာခဲဆစ် ရှင်းပြရမှာမဟုတ်ဘူး။ ကိုယ်တွေကလည်း ခုမှ လေ့လာဆဲ ပြီးတော့ ကိုယ်နားလည်ထားတာကို သူများ သဘောပေါက်အောင် ဘယ်လို ပြန်ရှင်းပြရမှန်း မသိတဲ့လူစားတွေ။ ဒီလိုလူမျိုးတွေက ယောင်ဝါးဝါးနဲ့ ပြောတာကို သူ လက်မခံတာလည်း အပြစ်မဆိုသာ... နောက်ဆုံးတော့ ကျွန်မညီမရဲ့အသံ၊ cf က ထွက်လာတဲ့ အသံတွေကြောင့် ဘယ်လိုမှ အိပ်မရတဲ့ ကျွန်မအဖေက ကွန်ပျူတာတွေနဲ့ အင်တာနက်ကို ချိတ်ထားတဲ့ အိမ်ရှေ့က main switch ကြီးကို ပိတ်ချလိုက်တော့မှပဲ ဒီအခက်အခဲက လွတ်မြောက်သွားတယ်။ နာရီကြည့်လိုက်တော့ ည ၁ နာရီကျော်... အဖေ ကျွန်မတို့ညီအမကို နားရင်းမအုပ်သွားတာပဲ ကံကောင်း။ ဒါနဲ့ ကျွန်မလည်း ဘလော့ဂ်အတွက် စာမရေးဖြစ်တော့ဘူးပေါ့။ အင်တာနက်လည်း သုံးမရ၊ ကွန်ပျူတာလည်း ဖွင့်မရမှတော့ အိပ်လိုက်ရတော့တယ်။

ကျွန်မ ၁၀ တန်း အောင်ပြီးစက ဖတ်ခဲ့တဲ့ "ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာ" ဆိုတဲ့ ဘာသာရေးစာအုပ်ထဲမှာ ဒီလိုရေးထားတယ်။


'ဘ၀အဓိပ္ပါယ်ကို ရှာဖွေခြင်း'

ဘ၀ဟူသည် ကျယ်ပြောလှပေသည်။ ဆန်းကြယ်နက်နဲလှပေသည်။ ဤကျယ်ပြောနက်နဲ ဆန်းကြယ်လှသည့်ဘ၀တွင် လူတို့သည် ကျင်လည်ကျက်စားရပေမည်။ သို့ကြောင့် အသိဥာဏ်ရှိသည့် လူသားသည် ဘ၀၏အကြောင်းကို မစူးစမ်း မလေ့လာဘဲ အဘယ်မှာ နေနိုင်မည်နည်း။ ဘ၀၏ အဓိပ္ပါယ်ကို သိလိုကြ၏။ သမိုင်းတလျှောက်ရှိ ခေတ်အဆက်ဆက်၌ ဘ၀နှင့်ပတ်သက်သည့် စုံစမ်းလေ့လာမှုများ၊ တွေးခေါ်မှုများကို ပြုခဲ့ကြပေသည်။ ဘ၀ကို ရှုထောင့်အမျိုးမျိုးမှ နည်းပရိယာယ်အမျိုးမျိုးဖြင့် အဓိပ္ပါယ်ကို ရှာပုံတော်ဖွင့်ခဲ့ကြသည်။ ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြင့် ဘ၀၏ သစ္စာကိုပါ ဖေါ်ထုတ်လာနိုင်ရန် ရည်သန်ခဲ့ကြပေသည်။ ဘ၀၏ သစ္စာတရားကို သိမြင်လာသည်နှင့်အမျှ လူတို့သည် မိမိတို့ ကံကြမ္မာကို မိမိတို့ အကောင်းဆုံးဖြစ်အောင် ဖန်တီးကြမည် ဖြစ်ပေသည်။
ယင်းသို့ ဘ၀၏အဓိပ္ပါယ်နှင့် ဘ၀သစ္စာကို ရှာဖွေစူးစမ်းခဲ့သည့် ပုဂ္ဂိုလ်ကြီးများအနက် "ဗုဒ္ဓ" သည်လည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ "ဗုဒ္ဓ" သည် လူတို့၏ လောကီ၊ လောကုတ္တရာအကျိုးနှစ်ဖြာကို ရှေးရှု၍ ဘ၀၏အဓိပ္ပါယ်ကို ဖွင့်ဆိုခဲ့သည်။ ဘ၀၏သစ္စာတရားသည် အဘယ်သို့ ဖြစ်သည်ကို ဟောကြားတော်မူခဲ့သည်။ မိမိဘ၀ ပကတိသဘာဝကို သိမြင်စေရေးအတွက် အောက်ပါအတိုင်း "ဗုဒ္ဓ" သည် ညွှန်ပြခဲ့ဖူး၏။
"မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သော အကြောင်းတို့သည် ဤ ငါးမျိုးတို့တည်း... အဘယ်ငါးမျိုးတို့နည်းဟူမူ-
'ငါသည် အိုခြင်းသဘောရှိ၏။ အိုခြင်း သဘောကို မလွန်ဆန်နိုင်ချေ' ဟူ၍...
'ငါသည် နာခြင်းသဘောရှိ၏။ နာခြင်း သဘောကို မလွန်ဆန်နိုင်ချေ' ဟူ၍...
'ငါသည် သေခြင်းသဘောရှိ၏။ သေခြင်း သဘောကို မလွန်ဆန်နိုင်ချေ' ဟူ၍...
'ငါ၏ ချစ်မြတ်နိုးအပ်သော အရာအားလုံးနှင့် ရှင်ကွဲ ကွဲရခြင်း၊ သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည်' ဟူ၍...
'ငါသည် ကံသာလျှင် မိမိဥစ္စာရှိ၏။ ကံ၏ အမွေခံဖြစ်၏။ ကံသာလျှင် အကြောင်းရှိ၏။ ကံသာလျှင် အဆွေအမျိုးရှိ၏။ ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိ၏။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်' ဟူ၍... မပြတ် ဆင်ခြင်အပ်၏။

ရည်ညွှန်းချက်

ဘ၀ = လူ၏ အသက်ရှင် လှုပ်ရှားနေသော ဖြစ်စဉ်...
ကံ = အတိတ်ဘ၀က ပြုခဲ့သော ကံကိုသာ ရည်ညွှန်းပြောဆိုခြင်း မဟုတ်ဘဲ ယခင်ကရော၊ ယခုပါ ပြုခဲ့ပြီး၊ ပြုဆဲ အကောင်းအဆိုး အပြုအမူလုပ်ရပ်တို့နှင့် နောင်အတွက်ပါ ပြုမည့် အပြုအမူ လုပ်ရပ်များကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ မိမိ ဘ၀ကောင်းအောင်၊ ဆိုးအောင် ပြုမူမှုလုပ်ရပ်(ကံ)သည် မိမိအပေါ်၌သာ ပဓာနအားဖြင့် မူတည်ကြောင်း ဆိုလိုရင်းသာ ဖြစ်သည်။

*****

အဲဒီထဲက ရှင်းလင်းချက်အတိုင်း မိမိ ပြုလုပ်လိုက်တဲ့ လုပ်ရပ်အကြောင်းကြောင့် ဒီလိုအကျိုးဆက် တွေဖြစ်လာကြောင်း ကိုယ်သိနားလည်သလိုပြောပေမဲ့လည်း သူပြောတဲ့ ဥပမာတွေကို သူနားလည်အောင် ထပ်မရှင်းတတ်ဘူး။ ကိုယ့်စိတ်ထဲမှာတော့ နားလည်နေသလိုပဲ။ ဒါတောင် ဘာမှမဟုတ်တဲ့ မေးခွန်းလေး။ ဒီထက်ခက်ခဲတဲ့ မေးခွန်းတွေဆို ပြီးပါလေရော။ ဒီတော့ ကိုယ့်ကိုယ်ကို စာတွေ ထပ်ဖတ်ဖို့လိုကြောင်းနဲ့ လူနားလည်အောင် ရှင်းပြတတ်ဖို့လိုကြောင်းတော့ သင်ခန်းစာ ရလိုက်တယ်။ ပြီးတော့ ကိုယ်ဖတ်ဖူးတဲ့စာတွေလည်း မမေ့ဖို့နဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဒီထက် နားလည်အောင် လေ့လာဖို့လည်း လိုသေးတယ်။ ဒီလိုနဲ့ပဲ စိတ်ထဲ တနုံ့နုံ့ဖြစ်နေတာနဲ့ ဘလော့ဂ်မှာ ရေးလိုက်ပြီ။ သူသဘောပေါက်အောင် အလွယ်ဆုံးနည်းနဲ့ ရှင်းပြတတ်ရင် ရှင်းပြပေးကြပါဦးလို့...

s0wha1

ကောက်နှုတ်ချက်။...။
"ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာ" စာအုပ်မှ


Tuesday, June 26, 2007

ပျော်စရာကြီးပါ...



သင်ဘာလို့ စိတ်ညစ်နေသလဲ..
ကျန်းမာရေး မကောင်းလို့လား...
ကျန်းမာရေးကောင်းတယ်ဆို စိတ်ညစ်စရာမရှိပါဘူး...
ကျန်းမာခြင်းသည် လာဘ်ကြီးတပါးတဲ့..
ကျန်းမာရေးဆိုးနေရင်တော့ စိတ်ညစ်စရာပေါ့...
ဒါပေမယ့် သင့်ရောဂါဟာ သေနိုင်တဲ့ရောဂါလား၊ မသေနိုင်တဲ့ ရောဂါလား...
သေနိုင်တဲ့ရောဂါမဟုတ်ရင် စိတ်ညစ်စရာမရှိပါဘူး...
ကုသလိုက်ရင် ပျောက်သွားမှာပါ...
အင်း...သေစေနိုင်တဲ့ ရောဂါဆိုရင်တော့ စိတ်ညစ်စရာပေါ့...
ဒါပေမဲ့ သင်သေရင် ဘယ်ကိုရောက်မှာလဲ...
နတ်ပြည်ရောက်မှာလား၊ ငရဲပြည်ရောက်မှာလား...
ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ထားမယ်ဆိုရင်တော့ နတ်ပြည်မှာ ပျော်ပျော်ကြီးစံနေနိုင်မှာပါ... စိတ်ညစ်စရာ မရှိပါဘူး...
အင်း...ငရဲပြည်ရောက်မယ်ဆိုရင်လည်း ဟိုမှာ အပေါင်းအသင်းတွေ အများကြီးတွေ့မှာပါ...
မပူပါနဲ့ ပျော်စရာကြီးနေမှာပါ...


ဒီစာသားကို ကျွန်မ ဘယ်စာအုပ်ထဲကနေတွေ့လို့ ကူးထားမှန်း မမှတ်မိတော့ဘူး။ ကြာလည်း ကြာပြီကိုး။ ၇ နှစ်လောက်ရှိပြီ ထင်ပါရဲ့။ ကျွန်မခပ်ငယ်ငယ်ကတော့ ကိုယ်ကြိုက်တဲ့စာအုပ်က စာသားလေးတွေ ကူးထားလေ့ရှိတယ်။ အကြောင်းတိုက်ဆိုင်မှုရှိရင် ပြန်ပြန်ဖတ်ကြည့်တာပေါ့။ တကယ်တော့ ဒီစာသားကလည်း ခုချိန်မှာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမယ့်စာသားတွေပဲ။ ဒီစကားလုံးတွေက ဘယ်စာအုပ်ထဲကပါလိမ့်လို့ တွေးရင်းနဲ့ ပိုလီယာနာစာအုပ်ထဲက မဟုတ်လောက်ဘူးလို့တော့ ထင်တယ်။ တဆက်ထဲ မေတ္တာရှင်မလေး ပိုလီယာနာလို စိတ်ထားတတ်ရင်တော့ တော်တော်ကောင်းမယ်လို့ ဆန္ဒဖြစ်မိတယ်။ သူကတော့ အရာရာကို (တရားလွန်) အကောင်းမြင်တတ်တာပဲ။ ဘာပဲပြောပြော ကျွန်မက ခြေတစ်ဖက် မသန်နေတာလည်း မဟုတ်၊ ကျန်းမာရေးလည်း ကောင်းတယ်၊ မိတ်ဆွေသူငယ်ချင်းလည်း ပေါတယ်၊ ပျော်ရွှင်စရာ မိသားစုလည်း ရှိတယ်။ စိတ်ညစ်စရာဆိုတာ အခိုက်အတန့်ပါ။ ပြဿနာတွေကို မရှောင်ပြေးဘဲ ရင်ဆိုင်ရမယ်။ ငရဲပြည်ရောက်ရင်တောင် အပေါင်းအသင်း အများကြီးနဲ့တွေ့ပြီးပျော်ရဦးမှာပဲလေ။ ခုဟာက ငရဲပြည်တောင် မရောက်နိုင်သေးပါဘူး...

%%% %%% %%%

"လောကမှာ လူနှစ်မျိုးရှိတယ်...
တမျိုးက အတိတ်မှာ ကျန်ခဲ့တဲ့ စိတ်ညစ်စရာ၊ နာကြည်းစရာတွေကို မေ့မရနိုင်သူ...
နောက်တမျိုးက အတိတ်မှာ ကျန်ခဲ့တဲ့ နာကြည်းစရာတွေကို မေ့ပစ်ပြီး ပျော်စရာတွေကိုပဲ မှတ်မိတဲ့သူ...
ပထမတမျိုးက လောကကို အဆိုးမြင်ပြီး လူဖြစ်ရှုံးတဲ့သူ...
ဒုတိယတမျိုးကတော့ အကောင်းမြင်ပြီး အောင်မြင်တတ်တဲ့လူမျိုး...
ဒါကြောင့် လောကကို အောင်မြင်အောင်ကြိုးစားစမ်းပါ..."

ဒါလည်း ဘယ်စာအုပ်ကမှန်းမသိတော့ဘူး။ ကျွန်မက ဘယ်လိုလူမျိုးလဲ။ ကိုယ့်ကိုယ်ကို ဆန်းစစ်နေဆဲပဲ... ဒုတိယ လူမျိုးဖြစ်အောင်တော့ ကြိုးစားနေပါတယ်။ ကိုယ့်ရှုံးနိမ့်မှုကို ဘယ်သူတဦးတယောက်ကမှ ပြစ်တင် ဝေဖန်တာလည်း မလိုချင်၊ ကိုယ်ကိုယ်တိုင်လည်း မေ့ပစ်ချင်သူပါ...

***** ***** *****

"ဘယ်သူကမှ ပျော်ရွှင်စေရမယ်လို့ တို့ကို အာမခံမထားဘူး...
ဘ၀ဟာ လူတဦးချင်းစီအတွက် အချိန်ရယ်၊ နေရာရယ် ကိုပဲပေးတယ်...
ပျော်ရွှင်မှုကို လောင်းဖြည့်နိုင်ဖို့ ဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ တည်ပါတယ်..."

ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် ကိုယ်ကိုယ်တိုင်ကပဲ လုပ်ယူနိုင်တယ်... ဒါကိုပဲ ကိုယ့်ကိုယ်ကို ပျော်ရွှင်မှုထက် စိတ်ညစ်စရာတွေပဲ လောင်းဖြည့်နေမိတာ လူမိုက်ပဲ ဖြစ်တော့မှာပေါ့... တဒင်္ဂအတွေးနဲ့ အားနာခြင်းဆိုတဲ့ မပြတ်သားတဲ့ စိတ်ဓာတ်တွေကို အရင်ပြင်ရမယ်။ တကယ်တော့ မျက်တောင်မွှေးတဆုံးပဲ ကြည့်မယ်ဆိုရင်တော့ တသက်လုံး ဒုက္ခတွေနဲ့ ပြည့်နေတဲ့လူသားပဲ ဖြစ်ရတော့မယ်... မျက်စိတဆုံး ကြည့်နိုင်အောင် ကိုယ့်စိတ်ကိုယ် မွေးမြူရမယ်လေ။

နောက်ဆို အမှားတွေ နည်းနိုင်သမျှနည်းအောင် ကြိုးစားရင်း ပျော်စရာတွေသာ မှတ်မိပြီး အရာရာကို အကောင်းမြင်တတ်တဲ့သူ၊ ကိုယ့်စိတ်ကိုယ် ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တဲ့သူအဖြစ် ကိုယ့်ကိုယ်ကို မျှော်လင့်မိပါတယ်... ခဏတာ စိတ်ဆင်းရဲမှုပါ... တဘ၀စာ စိတ်ညစ်ရမှာမှ မဟုတ်ဘဲနော်... ဒီလိုပဲ ဘယ်တော့မှ အပြစ်မတင်တဲ့စကားလုံးတွေနဲ့ ကိုယ့်ကိုယ်ကို အားပေးရင်း...


s0wha1

Monday, June 25, 2007

မြန်မာနိုင်ငံ အလံများ (၁)



မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်စားပြုအလံတွေရှိမှန်းသိပေမဲ့ သေချာတော့ မမြင်ဖူးခဲ့ဘူး။ မနေ့က ဆိုဒ်တစ်ခုမှာ တွေ့လိုက်လို့ ဗဟုသုတအလို့ငှာ စုစည်း ဖော်ပြလိုက်ပါတယ်။


ဒါကတော့ လူတိုင်းသိတဲ့ ခုလက်ရှိမြန်မာနိုင်ငံအလံပုံပါ...

အဲဒီအလံမှာ ပါတာတွေကို အသေးစိတ် ဖော်ပြထားတာပါ... အလုပ်သမားကို ကိုယ်စားပြုတဲ့စက်သွားရယ်၊ တောင်သူလယ်သမားတွေကို ကိုယ်စားပြုတဲ့ စပါးနှံရယ်၊ ပြည်နယ်နဲ့တိုင်း ၁၄ ခုကို ကိုယ်စားပြုတဲ့ ကြယ် ၁၄ လုံးရယ်...

ဒါကတော့ အလံမှာပါတဲ့ အတိုင်းအတာ အချိုးအစား

*** *** ***
ခုလက်ရှိ မြန်မာနိုင်ငံအလံမတိုင်ခင် ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံတော်တွေပါ...

၁၇၅၂ ကနေ ၁၈၈၆ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ

၁၈၈၆ မှ ၁၉၃၉ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ

၁၉၃၉ မှ ၁၉၄၁ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ

၁၉၄၁ မှ ၁၉၄၂ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ

၁၉၄၂ မှ ၁၉၄၃ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ

၁၉၄၃ မှ ၁၉၄၅ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ

၁၉၄၅ မှ ၁၉၄၈ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ

၁၉၄၈ မှ ၁၉၇၄ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ

*** *** ***

ကချင်ပြည်နယ်အလံ

ကယားပြည်နယ်အလံ

ကရင်ပြည်နယ်အလံ

ချင်းပြည်နယ်အလံ

မွန်ပြည်နယ်အလံ

ရခိုင်ပြည်နယ်အလံ

ရှမ်းပြည်နယ်အလံ

မန္တလေးတိုင်းအလံ


မကွေးတိုင်းအလံ

စစ်ကိုင်းတိုင်းအလံ


ပဲခူးတိုင်းအလံ

ဧရာဝတီတိုင်းအလံ

တနသာင်္ရီတိုင်းအလံ



s0wha1

ဝန်ခံချက် ။...။ အလံပုံများကို ဤနေရာမှ ရယူသည်...

Sunday, June 24, 2007

ကယား၊ ကယန်း၊ ကရင်နီ



မြန်မာ့စွယ်စုံကျမ်းမှ ကယားစုံတွဲပုံ
(ကျွန်မတို့ရွာထဲက ကယားလူမျိုးတွေက အဲလို ၀တ်ကြတယ်)


ကယားစုံတွဲ
(ပွဲတော်ရက်တွေမှာ ၀တ်ကြတာလားတော့မသိ)

ပုထုဇဉ်: မ s0wha1 ရေ... ကယား ဆိုတဲ့ အသုံးအနှုန်း ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာ သိရင် နည်း၂ပြောပြပါလား၊ ကရင်နီလို့ ခေါ်ရာကနေ၊ အစိုးရက ကယားပြည်နယ် လုပ်လိုက်တော့ အဲဒီ ကယားဆိုတဲ့စကား ဘယ်ကရသလဲဆိုတာ သိချင်လို့ပါ။


ကလိုစေးထူး: ကိုပုပြောတဲ့ ပို့စ်ကို မြန်မြန်ရေးပေးပါဗျို့။ (second လိုက်ပြီး ချောက်တွန်းမှ)

ပုထုဇဉ်: ကစေးထူးကြီးနော... ချောက်တွန်းတာ မဟုတ်ဘူးဗျ၊ ကရင်နီဆိုပြီး ရေး၂ ထားတဲ့ ဆောင်းပါးတွေ အခုတလော ဖတ်မိတာများလို့ သတိရသွားလို့ လာမေးတာပါ။ ကရင်တွေနဲ့ နီးစပ်လို့ ကရင်၊ ၀တ်တဲ့ဝတ်စုံးကနီလို့ နီ၊ အဲတော့ကရင်နီ

ပုထုဇဉ်: ဒါဆို ကယားကျတော့ကော၊ tribe တစ်ခုရဲ့ နာမည်လား၊ အစိုးရက ဘာ့ကြောင့် 'အပင်ပန်းခံ' ပြီးပြောင်းသလဲ။ သိချင်လို့ စပ်စုကြည့်တာပါ။


%%% %%% %%%

shout box မှာ ကိုပုထုဇဉ်နဲ့ ကိုကြီးစေးထူးတို့ အပြိုင်အဆိုင် ကျွန်မကို ချောက်တွန်းထားတဲ့ အဲ မှားလို့ မေးထားကြတဲ့ ကယားနဲ့ ကရင်နီ ကွာခြားချက်လေးကို ကျွန်မ ခေါင်းပူအောင် မေးမြန်း စုံစမ်းပြီးသကာလ ဒီပို့်စ်လေးကို ရေးလိုက်ရပါတယ်။

ကယားရွာလေးတစ်ရွာ

ကျွန်မ သိထားတာကတော့ ကျွန်မတို့ရွာ ပဒေါင်ကုန်းမှာ နေကြတဲ့သူတွေကို ကယားလို့ ခေါ်ကြတာပါပဲ။ သူတို့တွေက ယောက်ျားတွေက ဘာမှ ထူးခြားချက်မရှိပေမဲ့ မိန်းမတွေကတော့ ခြေသလုံးမှာ ကွင်းအမည်းတွေကို အပြည့်ဝတ်ကြတယ်။ ကျွန်မအထင် ပဒေါင်လူမျိုးတွေလို အသက် ၁နှစ်ကို လည်ပင်းမှာ စွပ်တဲ့ကွင်း တကွင်းတိုးသလိုမျိုး၊ ကျွန်မတို့ရွာက ကယားတွေကလည်း ခြေသလုံးမှာ အသက် ၁ နှစ် ၁ကွင်းတိုး ၀တ်ကြတာပါပဲ။ သူတို့က သူတို့ကိုယ်သူတို့ ကယားလူမျိုးလို့ပဲ သုံးနှုန်းပါတယ်။ အဲဒီတော့ ကိုပုထုဇဉ်အမေးကို ကျွန်မသိသလို ပြန်ဖြေရရင် ကယားဆိုတဲ့စကားဟာ အဲဒီဒေသမှာ အစကတည်းကရှိတဲ့ လူမျိုးကွဲတွေထဲက လူမျိုးတမျိုးနာမည်ပါ။

ပဒေါင်မလေး

လောပိတမှာ ကျွန်မတို့လိုပဲ အနေကြာလာတဲ့ အစ်ကိုတယောက်ကတော့ ဒီလိုပြောပါတယ်။ ကယား၊ ကရင်နီ၊ ကယန်းဆိုတာ ကယားပြည်နယ်ထဲက လူမျိုးကွဲတွေပါတဲ့။ ကရင်မှာ စကောကရင် နဲ့ ပိုးကရင် ဆိုပြီး ကွဲပြားသလိုမျိုးပဲလို့ ပြောပါတယ်။ ကျွန်မတို့ဘက်မှာရှိတဲ့ လူမျိုးကို ကယားလို့ခေါ်ပြီး ကရင်ပြည်နယ်နဲ့ နီးတဲ့ ဒေသက လူမျိုးကို ကရင်နီလို့ ခေါ်တာပါတဲ့။ ကရင်နီက သူတို့ကို ကယားပြောရင် မကြိုက်သလို၊ ကယားကလည်း သူတို့ကို ကယားလို့ပြောတာပဲ ကြိုက်ပါတယ်တဲ့။

ကယားပြည်နယ်မှာ ၂နှစ်ကျော်နေထိုင်ခဲ့တဲ့ အန်တီခင်မင်းဇော်ကတော့ ဒီလိုပြောပါတယ်။ "ကယားလို့ ခေါ်ရင်မကြိုက်ဘူး။ ကရင်နီပဲ ခေါ်ရတယ်။ ဦးနေ၀င်း လက်ထက်ကတည်းက ခေါ်တာမို့တဲ့ ။ ကရင် ၂ မျိုးရှိတယ်လို့ သူတို့က ပြောတယ်။ ကရင်ဖြူ (အခုကရင်)နဲ့ သူတို့က ကရင်နီ (အခုကယား)ပေါ့။ နောက်ပြီး လည်ပင်းကြေးကွင်းစွပ်တဲ့ ပဒေါင်တွေကို ကယန်းလို့ခေါ်မှ ကြိုက်တယ်တဲ့။ ဟိုတုန်းက သူတို့ကို ရှမ်းလူမျိုးတွေ အုပ်ချုပ်ခဲ့ချိန်က ပတ်တောင်း(ကြေးပတ်တဲ့လူမျိုး)လို့ နှိမ်ခေါ်တာမို့လို့တဲ့။
မြန်မာနိုင်ငံမြေပုံမှ ကယားပြည်နယ်


http://www.wikipedia.org/ မှာတော့ ဒီလိုမျိုးရှင်းထားပါတယ်...

Karenni

Karenni, also known as Red Karen or Kayah, are a Sino-Tibetan people, living mostly in Kayah State of Myanmar. Karen-Ni was the country of the Red Karens, a collection of small states, formerly independent, but was the feudatory to Burma (now Myanmar).

Demographics Ethnographers classify anywhere from seven to ten ethnic groups (not including ethnic sub-groups) as native to Kayah State. In addition, Shan, Intha, and Bamar live in the north and Pa-O in surrounding hills. Each group is also known by more than one name. Clearly, ethnicity in Kayah State is a complex issue, made more complex by the current political situation. According to the 1983 census conducted by and the Burmese government, the Kayah composed 56.12%, while Bamar (17.58%), Shan(16.66%), Karen (6.45%), mixed races (2.08%), and other groups formed minorities. Ethnolinguists distinguish the following linguistic groups in Kayah State

Karenni States

The Karenni States is the name formerly given to the three states of Kantarawadi (3161 square miles, pop (1931) 30,677), Kyebogyi (790 square miles, pop (1931) 14,282) and Bawlake (568 square miles, pop (1931) 13,802),located south of the Federated Shan States and east of British Burma.The British government recognized and guaranteed the independence of the Karenni States in an treaty with Burmese King, by which both parties recognized the area as belonging neither to Burma nor to Great Britain. Consequently, the Karenni States were never fully incorporated into British Burma. The Karenni States were recognized as tributary to British Burma in 1892, when their rulers agreed to accept a stipend from the British government. In the 1930s, the Mawchi Mine in Bawlake was the most important source of in the world. The Constitution of the Union of Burma in 1947 proclaimed that the three Karenni States be amalgamated into a single constituent state of the union, called Karenni State. It also provided for the possibility of succession from the Union after 10 years. In 1952, the former state of Mong Pai was added, and the whole renamed Kayah State possibly with the intent of driving a wedge between the Karenni and the Karen both of whom were by now fighting for independence.



မြန်မာစွယ်စုံကျမ်းမှာတော့ ဒီလိုရေးထားပါတယ်...


ကယားဟုခေါ်ပုံ>>> ၀တ်ဆင်သောအ၀တ်အထည်တို့၏ နီသောအရောင်အသွေးကိုလိုက်၍ မြန်မာတို့က ကယားပြည်နယ်သားတို့ကို ရှေးအခါက ကရင်နီဟု ခေါ်ကြသည်။ သူတို့ကမူ မိမိတို့ကိုယ်ကို ကယား သို့မဟုတ် ကယားလိဟု ခေါ်ဝေါ် ကြသည်။ ကယား ဟူသောဝေါဟာရမှာ သူတို့ဘာသာအရ လူ ဟု အဓိပ္ပါယ်ရ၍ ကယားလိ ဟူသောဝေါဟာရမှာ လူနီ ဟု အဓိပ္ပါယ်ရသည်။ ကွင်းကရင်တို့ကမူ သူတို့အား အရှေ့စွန်းကရင်ဟု အဓိပ္ပါယ်ရသော ဘွဲမနော ဟူသော အမည်ဖြင့် ခေါ်ဝေါ်ကြသည်။
ကရင်နီမှ ကယားသို့>>> ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ကရင်ပြည်နယ်ဖွဲ့စည်းသောအခါ၌ ကရင်နီပြည်နယ်ကို ထည့်သွင်းရန် ရည်မှန်းချက်ရှိသည်ဖြစ်ရာ ထိုသို့ ထည့်သွင်းခြင်းကို မလိုလားကြသောကြောင့် တကြောင်း၊ ကရင်နီအမျိုးသားတို့သည် ကရင်နီဟူသော အမည်မှ ကယားဟူသော အမည်သို့ ပြောင်းလွှဲရန် ကြိုးစားခဲ့ကြရာ ၁၉၅၁ ခုနှစ်အတွင်းက ထိုအမည်ပြောင်းလွှဲရေးနှင့် ကယားပြည်နယ် သီးသန့်တည်ရှိရေးတို့အတွက် ပါလီမန်မှ အက်ဥပဒေပြုကာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လိုအပ်သောပုဒ်မများကို ပြင်ဆင်ခွင့်ရရှိခဲ့သည်။ မြန်မာ့စွယ်စုံကျမ်း (စာ-၇၃)

%%% %%% %%%

ဂူဂယ် wikipedia ကနေရှာထားတဲ့ အချက်အလက်အချို့၊ မြန်မာ့စွယ်စုံကျမ်း နဲ့ ကျွန်မစုံစမ်းသိရသလောက် (ဒီနိုင်ငံကိုရောက်နေတဲ့ ကယားပြည်က သူငယ်ချင်းအများစုနဲ့ အသိမိတ်ဆွေတွေကို ဖုန်းဆက်ပြီး လိုက်မေးပေမဲ့ သေချာမသိဘူးဆိုတဲ့ လူကများတယ်...)ကို ရေးသားထားတာပါ... အချက်အလက် တစုံတရာမှားယွင်းမှုရှိခဲ့ရင် တောင်းပန်ပါတယ်... ဒီထက်ပိုပြီး တိတိကျကျ သိတဲ့လူများရှိရင်လည်း ကွန်မန့်ထဲရေးပြီး ထပ်မံဖြည့်စွက်ပြောပေးသွားကြပါရှင်...။

ကိုပုထုရေ...ကျေနပ်မယ်ထင်ပါရဲ့။ ညီမလည်း ဒီလောက်ပဲ တတ်နိုင်တယ်...ဟီး


*** *** ***

မမေဓာဝီ၊ အန်တီခင်မင်းဇော်၊ ကိုAKKT၊ ကိုကြီးနဲ့ ကိုမင်းတို့ကို ကျေးဇူးတင်ပါကြောင်း...
ကိုးကား။...။
(၁) မြန်မာ့စွယ်စုံကျမ်း
(၂) http://en.wikipedia.org/wiki/Kayah_people
(၃) http://en.wikipedia.org/wiki/Kayah_State

Saturday, June 23, 2007

No Title


ˍˍ▊ˍˍ*ˍˍ . .*

/\*﹨*﹨***\.**.

******\° *
********│.▲
**** ╭┬╮*│◢█
◣ @ │ *║ │││ ◢███
◣ ║╓╥╥╥* ● ● ╥*╥╥
╥╥▊╖ ╔╩╬╬╬╬ _/█_/█_
╔╩╬╬╬╬╬╬



ပျင်းရိခြင်းတွေကို
အချိန်တွေနဲ့ စတေး။
မနက်ဖြန်ပေါင်းများစွာကို
ကျော်ဖြတ်ဖို့
ငြီးငွေ့ခြင်းတွေကို
အဖော်ပြု။
အိပ်မက်တောင်
အတူမက်ခွင့်မရှိတဲ့
မင်းနဲ့ငါရဲ့ ကွာဝေးမှုက
အချိန်တိုင်း ငါ့ကို
တစ္ဆေခြောက်နေတဲ့အလား။
မျှော်လင့်ချက်ဆိုတာ
မရှိခဲ့ရင်
ငါ့ဘ၀ ရှင်လျက်နဲ့ သေခဲ့ပြီ။ ။

+++ +++ +++



ဒီနေ့လည်း စာရေးရမှာ ပျင်းတာနဲ့ ဟိုးအရင်က ကျွန်မရေးထားခဲ့တဲ့ ကဗျာတစ်ပုဒ်ပဲ တင်လိုက်တော့တယ်... နောက်နေ့တွေတော့ စာရေးချင်စိတ်ရှိအောင် ကြိုးစားလိုက်ပါဦးမယ်...:P

s0wha1

Friday, June 22, 2007

s0wha1 နစ်ခ်နှင့် ပတ်သက်၍



ကျွန်မရဲ့ နစ်ခ် s0wha1 ဆိုတာက အင်္ဂလိပ်စကား so what ကနေလာတာပါ။ လူတိုင်းလည်း သိမယ် ထင်ပါရဲ့။ ဒီစကားစုကို ကျွန်မ တော်တော်ကြိုက်ပါတယ်။ တစုံတယောက်က ကိုယ့်ကို ဝေဖန်တာပဲဖြစ်ဖြစ်၊ တိုက်ခိုက်ပြောဆိုတာပဲဖြစ်ဖြစ် "so what = အဲဒီတော့ ဘာဖြစ်လဲ" လို့ ပြန်ပြောလိုက်တာနဲ့ သူ ကိုယ့်ကို ပြောဆိုနေတာတွေ အားလုံးကို ဂရုမစိုက်ဘူးဆိုတာ ပြသလိုက်တာပါပဲ...

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ကျွန်မ ဒီနစ်ခ်ကို သုံးလာတာ ၁နှစ်ရှိပါပြီ။ Forumတွေမှာ၊ Yahoo မှာ၊ Hotmail မှာ၊ Gmail မှာ နောက်ဆုံး Blog မှာလည်း ဒီ nick နဲ့ပါပဲ... အစက Ringo တို့၊ Hi5 တို့မှာ so what နဲ့ account လုပ်တာပါ... ဒါပေမဲ့ တချို့ site တွေမှာ account လုပ်တော့ အဲဒီနစ်ခ်နဲ့ ရှိပြီးသားဖြစ်နေလို့ o နေရာမှာ 0 ထည့်ပြီး s0what ဆိုတဲ့နစ်ခ်နဲ့ Register လုပ်တော့လည်း မရပြန်ဘူး... ဒါနဲ့ t နေရာမှာ 1 ကိုထပ်ထည့်ပြီး s0wha1 ဆိုတာနဲ့ Register လုပ်တော့ အောင်မြင်ပါတယ်... နောက်ပိုင်း ဒီနစ်ခ်လေးကို ကြိုက်တာနဲ့ ဘာ account ပဲ လုပ်လုပ် ဒီနစ်ခ်ပဲ သုံးတော့တယ်... ဒါက ကျွန်မ ခုလက်ရှိသုံးနေတဲ့ နစ်ခ်ဖြစ်ပေါ်လာပုံပါ...

ခု Blog လောကမှာ ကျွန်မ နစ်ခ်နဲ့ ဆင်တူ လူတယောက်ပေါ်လာပါတယ်။
သူက ကျွန်မ နစ်ခ်ရှိမှန်းမသိလို့ သုံးတာလား၊ သူသုံးနေကျ နစ်ခ်မို့ သုံးတာလား ကျွန်မ မသိပါဘူး... ဒါမှမဟုတ် တမင်သုံးလေသလားလည်း မပြောတတ်ပါဘူး... သိသိကြီးနဲ့ တမင် သုံးတာဆိုရင်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်မှန်း ကျွန်မ နားမလည်ရိုးအမှန်ပါ... online မှာ nick ဆိုတာမျိုးက ကိုယ်ကြိုက်ရာ သုံးခွင့်ရှိပါတယ်... ဒါကို ကျွန်မလည်း သဘောပေါက်ပါတယ်။ အဲဒီတော့ သူ့နစ်ခ်က ကျွန်မနစ်ခ်နဲ့ တော်တော်ကြီးဆင်တူနေတာကို ကျွန်မအနေနဲ့ ဘာမှ မပြောလိုပါဘူး... ဒါပေမဲ့ ကျွန်မ မိတ်ဆွေများ အထင်လွဲမှားမှုမဖြစ်လေအောင် ဒီကိစ္စကို ပို့စ်တခုရေးပြီး ကျွန်မ ရှင်းပြနေရတာပါ...

ဒီမနက် ကိုရန်အောင်က
Myanmar Bloggers Association မှာ s0wHaT ဆိုတဲ့နစ်ခ်နဲ့ ရေးထားတဲ့ ကွန်မန့်နဲ့ ပတ်သက်ပြီး ကျွန်မကို လာမေးပါတယ်။ သူနဲ့တကွ တော်တော်များများက ကျွန်မလို့ထင်နေတာပါ... ကျွန်မက သိတောင်မသိဘူး၊ ကိုယ်နဲ့ဆိုင်တဲ့ကိစ္စလို့လည်း မထင်မိပါဘူး... ကျွန်မခင်တဲ့၊ ကျွန်မနဲ့ရင်းနှီးတဲ့ ဘလော့ဂ်တွေက လွဲလို့ ကျန်တဲ့ ဘယ်လို ဘလော့ဂ်မျိုးမှာမှ ကျွန်မ ကွန်မန့်ရေးလေ့မရှိပါဘူး... ဘယ်သောအခါမှလည်း ရေးမှာ မဟုတ်ပါဘူး... အထူးသဖြင့် Negative အမြင်နဲ့ ကွန်မန့်တွေကို ကျွန်မက လူအမြင်ကတ်ခံပြီး ရေးစရာအကြောင်းမရှိတာပါ... စီဘောက်မှာသာ "လာလည်သွားပါတယ်" နဲ့ "မင်္ဂလာပါ" ပဲ ကျွန်မရေးလေ့ရှိပါတယ်... တကြိမ်သာရေးပြီး နောက်အကြိမ်တွေလည်း ရေးခဲတယ်... ဘာရေးရမှန်း မသိတာရော၊ ရေးရမှာ ပျင်းတာရောကြောင့်ပါ... သူများဖန်တီးထားတာ၊ ရေးထားတာတွေကို ကျွန်မအနေနဲ့ ကွန်မန့်ရေးပြီး ဖျက်လို၊ ဖျက်ဆီး ဝေဖန်ရလောက်အောင်လည်း ကျွန်မ ဘာမှမသိ၊ ဘာမှမတတ်... အဲဒီတော့ ကျွန်မနစ်ခ်နဲ့ဆင်တူသောနစ်ခ်နဲ့ နောက်တကြိမ် ဒီလို ကွန်မန့်မျိုးတွေ ထပ်တက်လာခဲ့ရင် ကျွန်မနဲ့ လုံးဝမသက်ဆိုင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်...

s0what ဆိုတဲ့နစ်ခ်နဲ့လူ ကွန်မန့်ရေးခဲ့တဲ့ နေရာက ဒီမှာ ပါ... အဲဒီနစ်ခ်ပိုင်ရှင်ရဲ့ ဘလော့ဂ်ကို သွားကြည့်တဲ့အခါ ဘလော့ဂ်လိပ်စာ နှစ်ခုကို တွေ့ရသော်လည်း တခုမှ ပို့စ်မတင်ရသေးပါဘူး... သူ့ရဲ့ ဘလော့ဂ် လိပ်စာတွေကတော့ http://s0wa1.blogspot.com/ နဲ့ http://s0whatt.blogspot.com/ တို့ပါ... ကျွန်မဘလော့ဂ်လိပ်စာက http://s0wha1.blogspot.com/ ပါ...
ကျွန်မဘလော့ဂ်လိပ်စာနဲ့ တော်တော်ကိုတိုက်ဆိုင်စွာ ဆင်တူတဲ့ ဘလော့ဂ်လိပ်စာတွေပဲလို့ ပြောရမှာပါပဲ...

ကျွန်မအနေနဲ့ကလည်း ဘလော့ဂ်လေးမှ ရေးမယ်မကြံသေးပါဘူး... ရန်သူတော်တွေကလည်း များလှပါတယ်... ရန်သူဆိုတာက ကျွန်မဘက်က သဘောထားတာမဟုတ်ပါဘူးနော်... သူတို့ဘက်ကသာ ကျွန်မကို ရန်သူလို ဆက်ဆံနေကြတာ... ကျွန်မက စိတ်ထဲမှာတောင်မရှိပါဘူး... ခုလောလောဆယ် ကျွန်မရဲ့ စီဘောက်မှာ ပေါက်ကရလာရေးကြလို့ မြန်မာနိုင်ငံက အိုင်ပီလိပ်စာ ၂ ခုနဲ့ စင်္ကာပူက အိုင်ပီလိပ်စာ ၂ ခုကို block/ban လုပ်ထားရတယ်... အဲဒီ အိုင်ပီရှင်တွေက ဘယ်သူ၊ ဘယ်ဝါတွေပါ ဆိုတာကို (ကျွန်မ သိသော်လည်း) မပြောတော့ပါဘူး...
ကျွန်မ ဒီနစ်ခ်ကိုသုံးတာလည်း ကြာပြီဆိုတော့ ကျွန်မရဲ့ အပြင်ကသူငယ်ချင်းတွေ၊ အွန်လိုင်းသူငယ်ချင်းတွေ အားလုံး ကျွန်မ ဘယ်သူဆိုတာ သိကြပါတယ်... ကျွန်မအနေနဲ့ ကျွန်မ မည်သူ၊ မည်ဝါ ဖြစ်ကြောင်း လျှို့ဝှက်ထားစရာ အကြောင်းလုံးဝမရှိပါဘူး... အဲဒါကို စီဘောက်မှာ ကျွန်မနာမည်နဲ့တကွ တမိသားစုလုံးနာမည်ပါ လာအော်တဲ့လူက ရှိပါသေးတယ်...

နိဂုံးချုပ်အနေနဲ့ပြောရရင် အန်တီငြိမ်း(မေငြိမ်း)၊ မမေ(မေဓာဝီ)၊ ကိုကြီးစေးထူး(ကလိုစေးထူး)၊ ချိုကို(chocolaier)၊ မင်းမင်း တို့ရဲ့ ဘလော့ဂ်တွေကို လာပြီး ဝေဖန်တိုက်ခိုက်ရင်သာ ကျွန်မက အမုန်းခံ ပြန်ပြောမှာဖြစ်ပြီး တခြား (မည်သူတဦးတယောက်ရဲ့) ဘယ်လိုဘလော့ဂ်မျိုးမှာမှ၊ ဘာအကြောင်းနဲ့မှ ကျွန်မ ၀င်ရောက် ပတ်သက်၊ ပြောဆို၊ ဝေဖန်၊ ကွန်မန့်လုပ်စရာအကြောင်း (လုံးဝ) မရှိပါဘူးဆိုတာပါပဲ... အားလုံးကို ကျေးဇူးတင်ပါတယ်...

ကွန်မန့်နဲ့ပတ်သက်ပြီး ကျွန်မကို ပွင့်ပွင့်လင်းလင်းလာမေးတဲ့ ကိုရန်အောင်ကို အထူး ကျေးဇူးတင်ပါတယ်...


s0wha1


Thursday, June 21, 2007

မျှော်လင့်ခြင်း ကမ်းပါး




ဆိတ်ငြိမ်တဲ့အသံကြားက
နွမ်းလျအပြုံး၊ ငိုမယောင်နှုတ်ခမ်း
နရီမဲ့ ညည်းခြင်းနဲ့
သံစဉ်တွေ ပျောက်ဆုံးနေ...

ဝိုးတ၀ါး မြူဆိုင်ကြားက
မျှော်လင့်နိဂုံး၊ နွေးသယောင် နှင်းပန်း
ကာရန်မဲ့ တမ်းခြင်းနဲ့
စည်းချက်ညီ လွင့်မျောနေ...

အို... အတိတ်တစ္ဆေ
ရွက်ပြာ လေနှင်၊ ပြိုမယောင် အမုန်း
ခြေရာမဲ့ လွမ်းခြင်းနဲ့
ငါ့ကမ္ဘာလည်း ပျက်သုဉ်းနေ...

s0wha1
ည (19.06.07)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Wednesday, June 20, 2007

ကျွန်မနှင့် မိုးရာသီ



မမေ (မမေဓာဝီ) က မိုးနဲ့ပတ်သက်တာ ရေးခိုင်းလို့ ရေးလိုက်ပါတယ်...။


*******

မိုးရာသီ...တကယ်တော့ ကျွန်မ မိုးရာသီကို မကြိုက်ပါ။ မိုးက လူရဲ့ စိတ်ကို လေးလံ၊ ထိုင်းမှိုင်း၊ ပျင်းရိစေတယ်။ ဒါက ကျွန်မ အမြင်ပေါ့နော်။ မိုးရွာနေရင် အပြင်ထွက်လို့လည်း မကောင်း၊ စိုစွတ်စွတ်နဲ့။ ဘယ်အချိန်ပဲဖြစ်ဖြစ် မိုးရေထဲ လမ်းလျှောက်ရတာကို ကျွန်မ တော်တော် စိတ်ပျက်ပါတယ်။ မိုးကို ကြိုက်တာဆိုလို့ ညဘက်အိပ်ခါနီးအချိန်တွေမှာ ရွာတဲ့မိုးပဲ ကြိုက်တယ်။ သွပ်မိုးပေါ်ကို တဖြောက်ဖြောက်ကျနေတဲ့ မိုးသံလေးနားထောင်ပြီး အိပ်ရတာလောက် ဇိမ်ရှိတဲ့အရာရှိပါ့မလား။ (ဒီနေရာမှာတော့ အုတ်ကြွပ်မိုးတွေက သိပ်မမိုက်ဘူး။) ဘာအလုပ်မှ လုပ်စရာမလို၊ ဘယ်နေရာမှာ သွားစရာမလိုတဲ့နေ့ မိုးရွာရင်တော့ တော်တော်သဘောကျပါတယ်။ မိုးရွာနေတာလေးကြည့်ပြီး ဘယ်ကိုမှန်းမသိ လွမ်းလို့လည်းရ၊ အိပ်ရာထဲမှာလည်း ချမ်းစိမ့်စိမ့်နဲ့ မိုးသံလေးနားထောင်ရင်း ကွေးလို့လည်းကောင်း။ တကယ့် နိဗ္ဗာန်ဘုံပါပဲ။ ဒါပေမဲ့ မနက် အလုပ်သွားဖို့ အိပ်ရာက ထရချိန်မှာ မိုးရွာရင်တော့ မိုးကို ကြည့်မရပါဘူး။


မိုးနဲ့ ပတ်သက်တဲ့ အမှတ်တရ ကျွန်မမှာ သိပ်မရှိဘူး။ မှတ်မိသလောက်ပြောရရင် ကျွန်မ ငယ်ငယ် လောပိတမှာနေတုန်းကတော့ လေကြီးမိုးကြီးကျနေတဲ့ မိုးတွင်းတွေကိုသာ ကြုံခဲ့ရတယ်။ မိုးတိတ်သွားရင် လမ်းမပေါ်မှာသစ်ပင်၊ သစ်ကိုင်းတွေကျိုးကျနေတဲ့မြင်ကွင်းကတော့ နှစ်စဉ်မြင်နေကျပါပဲ။ တခုသော မိုးရာသီမှာတော့ မိုးသီးကြွေတာကို တသက်လုံးမှာ အဲဒီတစ်ကြိမ်တော့ ကြုံခဲ့ဖူးတယ်။ အဲဒီနှစ်က မိုးတော်တော် သည်းသည်းထန်ထန်ရွာတဲ့နှစ်။ မိုးနဲ့အတူ လေပါရော တိုက်ခတ်လာတော့ တချို့အလုပ်သမားတွေရဲ့ အိမ်သာတွေ လွင့်၊ အိမ်ခေါင်မိုးတွေ လန်တဲ့နှစ်ပါပဲ။ မိုးသီးဘာကြောင့်ကြွေလဲ ကျွန်မ သိပ်မသိပါဘူး။ အဲဒီနေ့ကတော့ မိုးသီးကြွေတယ်လို့ ကျွန်မအစ်ကိုက ထအော်လေတော့ ကျွန်မတို့ တမိသားစုလုံး အိမ်ရှေ့ဆင်ဝင်အောက် ထွက်လာကြပြီး မိုးသီးကြွေတာကို ကြည့်ခဲ့ကြတယ်။ ကျွန်မတို့ အငယ် မောင်နှမ သုံးယောက်ကတော့ မိုးရေထဲထွက်ဆော့ခွင့်မရပေမဲ့ မကြီးနဲ့ ကိုကြီးကတော့ ခေါင်းပေါ်မှာ လင်ပန်းလေးတွေ ရွက်ပြီး ဟိုပြေး၊ ဒီပြေးလုပ်နေခဲ့ပါတယ်။ သူတို့ လင်ပန်းပေါ်က ဆီးစေ့အရွယ် မိုးသီးလေးကို စားဖူးတယ်ရှိအောင် ပါးစပ်ထဲ ထည့်ခဲ့ဖူးတယ်။ မိုးသီးဆိုတာ ရေခဲပါပဲ... အရည်ပျော်တာလည်း အရမ်းမြန်တယ်။ မိုးသီးကြွေတာနဲ့ ပတ်သက်လို့ ကျွန်မ မှတ်မိတာ ဒီလောက်ပါပဲ။

ရယ်စရာအနေနဲ့ ကျွန်မမှတ်မိနေတဲ့ မိုးရွာတဲ့ နေ့တနေ့ရှိသေးတယ်။ ကျွန်မမောင်လေး ၄နှစ်သားအရွယ်က အိမ်ရှေ့ဆင်ဝင်အောက် အုတ်ခုံပေါ်မှာ မိုးရွာနေတာကို သူက ရပ်ကြည့်ရင်း တခြားကလေးတွေလို ခုန်ပေါက်သီချင်းဆိုနေတာ မဟုတ်ဘဲ ~~~မိုးလေးက တဖွဲဖွဲရွာနေတော့...~~~ ဆိုပြီး ပါးစပ်ထဲတွေ့ရာကို လွမ်းလွမ်းဆွေးဆွေး သီချင်းလုပ်ဆိုနေပါတယ်။ အဲဒီချိန်မှာပဲ """ဂျိန်း""" ဆိုတဲ့ မိုးခြိမ်းသံ အကျယ်ကြီးလည်း ကြားရော သူ့တကိုယ်လုံး တုန်တက်သွားပြီး အိမ်ထဲ ၀င်ပြေးလာတာပါ။ မိုးကိုကြည့်ပြီး ဖီလင်အပြည့်နဲ့ သီချင်းဆိုနေတဲ့ ကျွန်မ မောင်လေး ရုတ်ချည် ကြောက်လန့်တကြား ပြေးလာပုံကို အဲဒီတုန်းက ကျွန်မမှာ ရယ်လိုက်ရတာ အားရပါးရ။


တိုက်တိုက်ဆိုင်ဆိုင် မိုးရွာနေတဲ့ နေရာနဲ့ နေပူနေတဲ့ နေရာ အလယ်တည့်တည့်မှာ ကျွန်မရပ်နေခဲ့ဖူးတယ်။ မှော်ဘီ GTC မှာ ကျောင်းတက်ချိန်က ကျောင်းကနေ ကျောင်းကားဂိတ်ကို လျှောက်အလာ ကျောင်းဘက်မှာ မိုးမရွာဘဲ ကျောင်းနဲ့ နှစ်မှတ်တိုင်အကွာ ကားဂိတ်ဘက်မှာ မိုးဖွဲလေးရွာနေတာ။ အဲဒီလို မိုးရွာတဲ့ဘက်နဲ့ မရွာတဲ့ဘက်မှာ နေဖူးတယ်ရှိအောင် အလယ်တည့်တည့်မှာ ကျွန်မ သွားရပ်ခဲ့တယ်လေ။ ဒါပေမဲ့ ခဏပါပဲ...နောက်တော့ မိုးတိတ်သွားတယ်။ အဲဒီတုန်းက camera အလွယ်တကူမရှိလေတော့ ဓာတ်ပုံတောင် မရိုက်ထားခဲ့ရဘူး။ ခုထိတော့ အဲဒီလိုမျိုး တခါမှ ထပ်မကြုံဖြစ်ပါဘူး။

မိုးရွာချိန် ပုံတော်ဖိနပ်စီးထားလို့ အရှက်ကွဲရတာလည်း များပြီ။ မြန်မာဖိနပ်တွေက နေရာတိုင်း ကျောက်ပြားအချောခင်းထားတဲ့ ဒီနိုင်ငံမှာ မိုးရွာနေရင် စီးလို့မကောင်းဘူး။ ဖိနပ်အောက်ခံကလည်း ချောနေလို့ဖြစ်မယ်။ ဒါပေသိ ကတ္တီပါ ပုံတော်ဖိနပ်တွေကြိုက်လေတော့ ခုချိန်ထိလည်း စီးတုန်းပါပဲ။ အဲဒီတော့ အရှက်ရတာတောင် နည်းသေးတယ်လို့ပဲ ကိုယ့်ကိုယ်ကို ပြောရမှာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်မ ကျောင်းကအပြန် မိုးရွာတယ်။ မိုးရွာတာက ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့ အဲဒီနေ့က ကျွန်မ ထီးမပါလာတာက ပြဿနာပါပဲ။ ကျွန်မက ထီးသယ်ဖို့ မမေ့တတ်၊ မပျင်းတတ်တဲ့လူထဲမှာ ထိပ်ဆုံးက ပါတယ်။ နေအပူဒဏ်ကို နည်းနည်းလေးမှ မခံနိုင်တဲ့အတွက် နေပူပူ၊ မိုးရွာရွာ ထီးအမြဲ သယ်လေ့ရှိတယ်။ အဲဒီနေ့ကတော့ ထီးလည်းမပါ၊ မိုးလည်းရွာ၊ ပုံတော်ဖိနပ်ကလည်း စီးထားသေး ကျွန်မ တော်တော်ဒုက္ခရောက်တဲ့နေ့ပါပဲ။ အမိုးအောက်က လမ်းလျှောက်တော့ ခြေတစ်လှမ်း လှမ်းရင် တခါ ချော်ပါတယ်။ ကျွန်မ လမ်းဆက်လျှောက်လို့ကို မရဘူး။ အမိုးအောက်မှာလည်း မိုးခိုနေတဲ့လူတွေ အများကြီး။ နံရံကိုကိုင်ပြီး တစ်လှမ်းချင်း လျှောက်တာတောင် လျှောက်မရတဲ့အထိ ဖိနပ်က ချောနေတယ်။ မတ်တပ်တောင် ကောင်းကောင်းရပ်မရတဲ့ အဖြစ်ဆိုတော့ နောက်ဆုံး ဒီတိုင်းရပ်နေလို့လည်း မဖြစ်ချေဘူးဆိုပြီး ဖိနပ်ကို လက်တစ်ဘက်ကကိုင်၊ လက်တစ်ဘက်က လွယ်အိတ်ကိုပိုက်လို့ ခြေဘလာနဲ့ နောက်လှည့်မကြည့်တမ်း ပြေးရတော့တယ်။ လူလည်း ရှက်လိုက်တာမှ ပူထူလို့။

နောက်တကြိမ်ကတော့ မကြာသေးဘူး။ အလုပ်နားက ဘဏ်တခုကို နေ့လည်စာစားချိန်မှာ သွားခဲ့တယ်။ အချိန်ကလည်း သိပ်မရတော့ မြန်မြန်လျှောက်ရချိန်၊ မိုးရွာနေလို့ ကျောက်ပြားကြမ်းခင်းတွေက ရေစိုနေချိန်၊ စီးထားတဲ့ဖိနပ်ကလည်း ပုံတော် မဟုတ်ပေမဲ့ ကတ္တီပါခုံမြင့်ဖိနပ်။ အဲဒီဖိနပ်လည်း မထူးပါဘူး... ပုံတော်ဖိနပ်ဆို "ရွှီး...ဘိုင်း" ဆိုပြီး တကိုယ်လုံး ချော်လဲမှာ ပေါ့လေ။ ဒီဖိနပ်ကျတော့ တကိုယ်လုံးတော့ မလဲဘူး... ခြေမလေးတခုပဲ ချော်၊ ချော်သွားတာ။ ပြောရင်သာ ခြေမလေး... အီစိမ့်နေအောင်ကို ခံလိုက်ရတယ်။ တကြိမ်မက သုံးကြိမ်တိတိ... ဒီလောက် သတိထားနေတဲ့ကြားက "ရွှီး"ဆို ဖိနပ်အောက်က ခုံမြင့်က အချော်၊ ခြေထောက်ကလည်း အထိန်း၊ အဲဒီမှာ ခြေမလေးကပဲ ခေါက်ခေါက်လဲပြီး လူမလဲအောင် တန်ဆာခံပေးရရှာတာ။ တနေ့ထဲနဲ့ သုံးကြိမ် ဒီခြေမပဲ ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ လမ်းကို မလျှောက်ရဲသလောက်ကို ဖြစ်တော့တာပဲ။ အလုပ်ကိုလည်း ရောက်ချင်တဲ့ချိန်မှသာ ပြန်ရောက်ပါစေတော့ဆိုပြီး ကြမ်းပြင်ကိုမနင်းရဲ နင်းရဲနဲ့ ရေမရှိတဲ့ နေရာရွေးလျှောက်လို့ ပြန်လာခဲ့ရတယ်။ မသိစိတ်က ဘယ်လောက်တောင် ကြောက်သွားလဲတော့ မသိဘူး။ နောက်ရက်တွေ အဲဒီ ဘဏ်ရှိရာ အဆောက်အဦးကို ရောက်ပြီဆိုရင် ဘာဖိနပ်ပဲ စီးထား၊ စီးထား လူက လမ်းအမြန် လျှောက်လို့မရတော့ဘူး။ သူ့အလိုလို ဖြည်းဖြည်းချင်း လျှောက်နေတာ ဆင်မယဉ်သာ။


မိုးရာသီကို မကြိုက်တဲ့အချက်တွေထဲမှာ လျှပ်စီးလက်တာနဲ့ မိုးခြိမ်းတာကြောင့်လည်း တခုအပါအ၀င်ပေါ့။ ကျွန်မအစ်မနဲ့ ကျွန်မက မိုးခြိမ်းတာကို တော်တော်ကြောက်တယ်။ အိမ်ထဲမှာဆိုရင် ဒါမှမဟုတ် အမိုးအကာ လုံလုံခြုံခြုံနဲ့ဆိုရင် သိပ်မကြောက်တတ်ပေမဲ့ အပြင်မှာ လမ်းလျှောက်နေချိန်နဲ့ အမိုးအကာ သိပ်မလုံခြုံတဲ့နေရာတွေမှာဆို ဟန်မဆောင်နိုင်လောက်အောင် ကြောက်တယ်။ လျှပ်စီးလက်တာမြင်တာနဲ့ မျက်လုံးကိုမှိတ်၊ နားကိုပိတ်ထားတတ်တာ လူရှေ့မရှောင်၊ သူရှေ့မရှောင်အကျင့်တွေပါ။ တခါတခါ "အမယ်လေး" ဆိုပြီး လွှတ်ခနဲတောင် အော်တတ်ပါသေးတယ်။ အဲဒီလို ကြောက်တတ်တဲ့အကျင့်တွေကြောင့် အရှက်ရပေါင်းလည်း မနည်းပါဘူး။ လူတွေအများကြီးဘေးမှာရှိချိန် လန့်လည်း မအော်၊ မျက်လုံးလည်းမမှိတ်၊ နားလည်းမပိတ်မိအောင် ကိုယ့်ကိုယ်ကို ထိန်းလိုက်နိုင်သော်လည်း တဒိန်းဒိန်းနဲ့ နှလုံးအခုန်မြန်နေတာကိုတော့ ဘယ်လိုမှ တားမရ။ အဲဒီချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒက အိမ်ကို အမြန်ပြန်ရောက်ချင်တာပါပဲ။

အဖေက လျှပ်စီးလက်တာမြင်တာနဲ့ မိုးကြိုးပစ်ပြီးသွားပြီလို့ ဘယ်လောက်ပင်ပြောပြော ကြောက်မြဲကြောက်လျက်ပါပဲ။ ကျွန်မစိတ်ထင် ကျွန်မက မိုးကြိုးပစ်မှာ ကြောက်တာမဟုတ်ပါဘူး။ လျှပ်စီးဝင်းကနဲ လက်သွားတာရော၊ အဲဒီလျှပ်စီးလက်ပြီး မကြာခင်ကြားရမဲ့ အသံနက်ကြီးကိုရော ကျွန်မကြောက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ခုလို မိုးရွာတာ မကြိုက်တဲ့ကျွန်မ၊ လျှပ်စီးလက်၊ မိုးခြိမ်းတာကို ကြောက်တတ်တဲ့ ကျွန်မက ကမ္ဘာပေါ်မှာ မိုးအခြိမ်းဆုံး၊ မိုးကြိုးအပစ်ဆုံးနိုင်ငံ၊ မိုးမရွာတဲ့နေ့ နေပူ၊ နေမပူတဲ့နေ့ မိုးရွာတတ်တဲ့၊ ပြောရရင်တော့ တစ်နှစ်လုံးလိုလို မိုးရွာနေတတ်တဲ့ ဒီနိုင်ငံမှာ လာနေနေရတာကတော့... ... ...

မိုးအကြောင်းရေးတဲ့ ဒီနေ့မှာ ကတ္တီပါ ဖိနပ်အပါးကိုစီးထားလျက် မိုးလေးကလည်း တဖွဲဖွဲရွာနေပါရောလား။

*******

ကျွန်မ ပြန်ရေးခိုင်းမယ့်လူတွေက
  1. ကိုကြီး ကလိုစေးထူး (သူ့ကို Tag ထားတဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ သူက ခုထိ မရေးသေးတဲ့အတွက် ထပ် Tagပါတယ်...ယိစ်((( ရေးပေတော့ကွ...)
  2. ကိုမောင်ရင် (သူများတွေ Tag တာ မတွေ့မိသေးလို့ Tag လိုက်ပါတယ်။ ဒီလိုမျိုးတွေ ရေးရဲ့လားမသိ... အားရင်တော့ ရေးပေးပါရန်...:P)
  3. ကိုချစ်သူ
  4. မချစ်လေပြေ
  5. ညီမလေး ချိုကို


s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Tuesday, June 19, 2007

၆၂ နှစ်ပြည့် မွေးနေ့အမှတ်တရ



၁၇ ရက်နေ့က ဘုန်ကြီးကျောင်းမှာ အန်တီစုနာမည်ပုံဖေါ်ပြီး လှူဒါန်းထားတဲ့ပန်းပုံကိုတွေ့လို့ ဓာတ်ပုံရိုက်လာတာ...


ချစ်လှစွာသော အန်တီစု


အန်တီစုမွေးနေ့ပွဲကို လာရောက်ကြသူများ...(၁၇.၀၆.၀၇)



ဒီနေ့ (၁၉.၀၆.၀၇) အန်တီစုမွေးနေ့မှာ အန်တီ့ရဲ့မိန့်ခွန်းအချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်...


******* ******* *******

"ကျမ ဒီကနေစပြီးတော့ ပြည်သူလူထုနဲ့
ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျမ နိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။
နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ် ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒါလေးအတွက်နဲ့ ကျမ
တိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုမှ ကျဆင်းမသွားနိုင်ပါဘူး။
"

"နိုင်ငံရေးအလုပ် လုပ်တဲ့အခါမှာ ပြည်သူလူထုနဲ့ ကျမတို့ဟာ တတ်နိုင်သမျှ ပွင့်ပွင့်လင်းလင်း ဆက်ဆံချင်ပါတယ်။"

"အဆိုးဆုံး အစိုးရဆိုတာ ပြည်သူလူထု ရွံ့ ရှာမုန်းတီးနေတဲ့ အစိုးရ၊ ဒီထက် နည်းနည်းကောင်းတာက ပြည်သူလူထုက ကြောက်တဲ့ အစိုးရ၊ ဒီထက် ပိုပြီးကောင်းတာက ပြည်သူလူထုက ချီးမွမ်းတဲ့ အစိုးရ၊ အကောင်းဆုံးကတော့ ပြည်သူလူထုက ရှိမှန်းတောင်မသိတဲ့ အစိုးရတဲ့။ ကျမတို့ အိမ်တစ်အိမ်မှာ ဆိုရင် အမေလိုပေါ့။ အမေရှိမှန်းတောင် သတိမထားမိဘူး။ စားချိန်တန် စားရတယ်။ ၀တ်ချိန်တန် ၀တ်ရတယ်။ အားလုံး အဆင်သင့်ပဲ။ အဲ့သလို ဖြစ်နေရမယ်။"

"လူ့အခွင့်အရေးဆိုတာ လူတိုင်း လူတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ ကိုယ်တင် မဟုတ်ဘူး။ ကိုယ့်ရန်သူများပင်လျှင် လူ့အခွင့်အရေး ရှိရမယ်။ အဲ့ဒီတော့ တနေ့ ကျမတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အောင်မြင်သွားတဲ့အခါကျရင် ရှုံးတဲ့သူတွေဟာ သူတို့ အခွင့်အရေးကို ပြည့်ပြည့်၀၀ ခံစားနိုင်ရမယ်။ ဒါဟာ ကျမတို့ရဲ့ ဒီမိုကရေစီတာဝန် ဖြစ်တယ်။"

"မှန်ကန်တဲ့ နိုင်ငံရေးစနစ်မှာ ကျမတို့လိုချင်တဲ့ ခေါင်းဆောင်တွေကို ကျမတို့က ဖော်ထုတ်ရမယ်။ လိုချင်တဲ့ပုံ သွင်းရမယ်။ ကိုယ်လိုချင်တဲ့ပုံ ကိုယ်မသွင်းလို့ရှိရင် ခေါင်းဆောင်လုပ်တဲ့သူများက တိုင်းပြည်ကို သူတို့လိုချင်တဲ့ပုံ သူတို့ သွင်းသွားလိမ့်မယ်။ အဓိပ္ပာယ်က ဘာဖြစ်မလဲဆိုတော့ အာဏာရှင်စံနစ်ကြီး ဖြစ်သွားမှာပဲ။"

"ကျမတို့က ပြည်သူလူထုကို အားကိုးတယ်။ ပြည်သူလူထုကလည်း ကိုယ့်ကိုကိုယ် အားကိုးကြပါ။ ကိုယ့်ကိုကိုယ် အထင်မသေးကြပါနဲ့။ လူထုရဲ့ အင်အားဆိုတာ အင်မတန်မှ ကြီးပါတယ်။ လူထုရဲ့ အင်အားဆိုတာကို မလေးစားဘဲ မနေနိုင်ပါဘူး။ ကျမတို့ကလည်း လေးစားတယ်။ နောင်လည်း အစိုးရအဆက်ဆက် လေးစားသင့်တယ်။ ပြည်သူလူထုကို လေးစားတဲ့ အစိုးရမျိုးကို ကျမတို့က ဖြစ်စေချင်ပါတယ်။ ဒါမှ တိုင်းပြည်မှာလည်း အကျိုး ဖြစ်စေမယ်။ ပြည်သူလူထုကလည်း စိတ်ချမ်းသာလာမယ်။"

"ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ရှိရင် နောင်ကျရင် ကျမတို့ဟာ မကြောက်ကြရတဲ့ ခေတ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောက်ဆက်ပြီးတော့ ကြောက်နေရတဲ့ စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ်။ လူတစ်ယောက်အနေနဲ့လည်း အများကြီး သိက္ခာကျပါတယ်။ အဲ့ဒီတော့ အားလုံးက မှန်တာလုပ်ရလို့ရှိရင် ကြောက်နေလည်း လုပ်ရမှာပါ။

"ဒီမိုကရေစီ လိုချင်တဲ့သူများဟာ မုန်းတဲ့စိတ်နဲ့ တိုက်နေတာ မဟုတ်ဘူး။ မေတ္တာစိတ်နဲ့ တိုက်နေတာပဲ။ ပြည်သူလူထုအပေါ်မှာ မေတ္တာရှိလို့၊ တိုင်းပြည်အပေါ်မှာ မေတ္တာရှိလို့၊ ပြည်သူလူထု ခံနေရတာ၊ တိုင်းပြည် ခံနေရတာ၊ ပြည်ထောင်စုကြီး နစ်နာနေတာကို မကြည့်ရက်လို့ မေတ္တာစိတ်နဲ့ ဒီမိုကရေစီတိုက်ပွဲကို ၀င်နေတာဖြစ်တယ်။"

"ဖေဖေ အမြဲပဲမှာခဲ့တယ်။ ကလေးတွေကို ဘာကိုမှ မကြောက်စေနဲ့။ သူတို့ ကြောက်ဖို့ရာ နှစ်ခုပဲရှိတယ်။ မတရားတဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ မမှန်တဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ လောကမှာ ကြောက်ဖို့ဆိုတာ ဒီနှစ်ခုပဲ ရှိပါတယ်တဲ့။ အဲ့ဒီတော့ ကျမတို့ရဲ့ မိဘပြည်သူများကိုလည်း အဲ့ဒီလိုပဲ နားလည်စေချင်ပါတယ်။"

"မိဘတွေက ဒီမိုကရေစီ လှုပ်ရှားမှုထဲမှာပါတဲ့ လူငယ်တွေကို ဟန့်တားနေကြတယ်ဆိုတာ သိရပါတယ်။ မဟန့်တားကြပါနဲ့။ ကိုယ်ကြောက်လို့ သားသမီးတွေကိုပါ ကြောက်ဖို့ သင်ပေးတယ်ဆိုရင်သိပ်ပြီးဆိုးတာ ပေါ့။"

"ပြည်သူလူထုက စောင့်ကြည့်မယ်လို့ ပြောရင် ကျမက မေးချင်ပါတယ်။ ဘာကို စောင့်ကြည့်မှာလဲ။ သူများတွေ လုပ်သွားပြီးတော့ ဒီမိုကရေစီ ရတဲ့အထိ စောင့်ကြည့်မှာလား။ ကျမတို့ စောင့်လို့ မဖြစ်ပါဘူး။ အဲ့ဒီတော့ ၀ိုင်းဝန်းပြီးတော့ လုပ်ကြပါ။"

"ဒီအဖွဲ့ချုပ်ကြီးကို ဖျက်သိမ်းပေးမှ အမျိုးသားရေးဖြစ်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီး အောင်မြင်မယ်ဆိုလို့ရှိရင် ကျမတို့ ဖျက်သိမ်းပေးဖို့ အဆင်သင့်ပါပဲ။ ဒီအဖွဲ့ချုပ်က ရှေ့ကနေပေးမှ၊ ကာကွယ်ပေးမှ ဒီလှုပ်ရှားမှုကြီးဟာ အောင်မြင်မယ် ဆိုရင်လည်း ကျမတို့ ရှေ့ကနေပြီး ကာကွယ်ပေးပါ့မယ်။"

"ကျမတို့ဟာ အနိုင်ယူချင်ရင် အနိုင်ယူနိုင်တဲ့ စိတ်တွေ မွေးရပါမယ်။"


******* ******* *******

အန်တီစု ကျန်းမာစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ။


s0wha1


(မိန့်ခွန်းတွေကို မေးလ်ကနေ ပို့ပေးခဲ့တဲ့ ကိုMTT ကို ကျေးဇူးတင်ပါတယ်...)

Monday, June 18, 2007

7 Days, 7 Months, 7 Years









ဒီနေ့ စာရေးရမှာ ပျင်းလို့ လူလည်ကျလိုက်တာ...ဟီဟီ...
မမေနဲ့ ညီမလေးချိုကိုတို့ ဒါလေးကြည့်ပြီး စဉ်းစားကြနော်...
အန်တီငြိမ်းကတော့ မရတော့ဘူး...နောက်ကျသွားပြီ...:P

s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*