Monday, July 30, 2007

အထီးကျန် အတွေး



ညက တော်တော်နှင့် အိပ်မပျော်သော သူမ နေအတန်မြင့်မှ နိုးလာသည်။ အမှန်တော့လည်း ဒီနေ့ဟာ သာမန်နေ့တွေလို သူမအတွက် ဘာမှ မထူးခြားခဲ့ပါ။ ဒါပေမဲ့ မျက်စိ နှစ်လုံး ဖွင့်မိမိချင်း တခြားနေ့တွေထက် အတွေးတွေက ပိုပြီး ယောက်ယက်ခတ်နေမိတာကတော့ သာမန်ထက် ထူးပါသည်။ ဒီကမ္ဘာလောကကြီးမှာ သူမ တစ်ယောက်ထဲ ရှိနေသလို ခံစားနေရတဲ့အဖြစ်က အရင်နေ့တွေနဲ့ မတူတဲ့တမ်းတမှုတမျိုး ပါဝင်နေတယ် မဟုတ်လား။

သူမဘ၀ကို အမြဲ နေပျော်၊ ကျေနပ်နေခဲ့သည်။ လိုလေသေးမရှိအောင် ပြည့်စုံနေသော သူမဘ၀တွင် ဘာမှ ထပ်မလိုအပ်ခဲ့။ ဒီနေ့မှ တစုံတရာ မှားယွင်းနေသလို... သူငယ်ချင်း အပေါင်းအဖော် များသော၊ ချစ်ခင်သူများသော သူမလို လူတစ်ယောက် အထီးကျန်နေသည်မှာ အမှန်တကယ် ထူးဆန်းသည့်ကိစ္စပင်။

အပြင်ထွက်ရမှာ ပျင်းတတ်သော၊ အိမ်မှာ နေရတာသာ ပျော်သော၊ ဖုန်းနှင့်စကားပြောရတာကိုပင် ပျင်းရိတတ်လို့ သူငယ်ချင်းတွေ ဖုန်းခေါ်တိုင်း ၁၀ ခါခေါ်မှ ၁ ခါလောက်သာ လက်ခံစကားပြောလေ့ရှိသော သူမသည် သူ့ဆီက ဖုန်းလာလျှင်လည်း တခါတရံ ထိုနည်းလည်းကောင်း စကားပြောရမှာ ပျင်းနေတတ်ပြန်သည်။ တစ်ယောက်ထဲ နေရတာကိုသာ နှစ်သက်၊ သဘောကျလေ့ရှိတဲ့ သူမအတွက် အထီးကျန်အတွေး မရှိခဲ့တာ အံ့ဩစရာမဟုတ်ဘူး ထင်ပါရဲ့။ ဒါဆို ဒီနေ့မှ သူမ ဘ၀အဓိပ္ပါယ်ကို ဘာလို့ တွေးနေမိပါလိမ့်။

ဘ၀ဆိုတာ ဘာလဲ။ မနက်မိုးလင်းတာနဲ့ အလုပ်သွားဖို့ ပြင်ဆင်၊ အလုပ်မှာ တနေကုန်နေ၊ ညနေဆို အိမ်ပြန် ပြီးရင် ကိုယ်ပိုင် အခန်းလေးထဲက အိပ်ရာထက်မှာ လက်ပ်တော့လေးနဲ့ ဟိုဒီကြည့် နောက်တော့ သီချင်း နားထောင်ရင်း အိပ်... ဒီလိုနဲ့ မနက်မိုးလင်းလာပြန်... ဘ၀ကြီးက ဒါပဲလား... စနေ၊ တနင်္ဂနွေလိုနေ့မျိုးဆိုရင်တော့ တနေကုန် အခန်းထဲမှာ လက်ပ်တော့ရှေ့ငုတ်တုတ်ထိုင်ရင်း အလုပ်မဟုတ်သော အလုပ်များလုပ်နေတတ်မည်။ ဒါမှမဟုတ် တီဗွီကြည့်၊ သီချင်းနားထောင်၊ အိပ်ရာပေါ်မှာ လှဲရင်း တွေးချင်ရာတွေး၊ အတွေးများရင်း အိပ်ပျော်သွားကာ နောက်တဖန် နိုးထလာဦးမည်။ အဲဒါက သူမရဲ့ဘ၀ပဲလား။

သေချာတာက သူမဘေးနားမှာ သူ အချိန်ပြည့်မရှိတတ်တော့ချိန်က အစပြု၍ ဒီလို အတွေးများ ၀င်လာတာ ဖြစ်နိုင်ပါသည်။ အရင်တုန်းကတော့ လိုအပ်ချိန်တိုင်း ရှိနေတတ်သော သူ့ကို ဘေးနားမှာ ထားပြီး သူမလုပ်ချင်ရာလုပ်နေတတ်သည်။ ဒီကမ္ဘာပေါ်တွင် သူမ အလိုရှိရာတိုင်း သူမတူအောင် သည်းခံ၊ ခွင့်လွှတ်စွာ ဖြည့်ဆီးပေးလေ့ရှိသော သူသည် အကြောင်းအမျိုးမျိုးနှင့် သူမ ဘေးနားက ပျောက်ကွယ်သွားတဲ့အခါ ဆောက်တည်ရာ မရနိုင်ခဲ့တာ ဖြစ်ပါလိမ့်မည်။ ဒါတောင် သူမနှင့် သူ အပြီးအပိုင် ဝေးကွားသွားတာ မဟုတ်ခဲ့ပါ။ သူမတို့မှာ မျှော်လင့်ချက် မျှင်မျှင်လေး ကျန်နေပါသေးသည်။ ကိုယ့်ကိုယ်ကို ခံနိုင်ရည် အပြည့်ရှိသည်ဟု ထင်နေတတ်သော သူမသည် အမှန်တရားကို လက်မခံနိုင်သေးဘူးတဲ့လား။

ဖြစ်နိုင်မည်ဆိုလျှင် သူ့ကို ဘေးနားထားပြီး သူမ လုပ်ချင်ရာ ဆက်လုပ်နေချင်ပါသေးသည်။ အဲဒီအခါ သိပ်မကြိုက်လှသော်လည်း နားလည်၊ ခွင့်လွှတ်အပြုံးနဲ့ ချစ်မြတ်နိုးစွာ ကြည့်နေဦးမည့် သူ့ကို ညစ်တွန်းတွန်း အပြုံးနှင့် သူမ ပြန်ကြည့်ချင်နေမိသည်။ သူမရဲ့ဘ၀မှာ ပြီးပြည့်စုံနေခဲ့တာ သူ့ကြောင့် တစိတ်တပိုင်း ပါဝင်နေမှန်း အချိန်လွန်မှ သူမ သိခဲ့တာကတော့ သူမ ညံ့လွန်းပါသည်။ အချိန်ကရော လွန်သွားပြီတဲ့လား။ သူမ မသိပါ... သူမ ဘာမှကို မသိတော့ဘူးတဲ့လေ။ ဆုံစည်းခွင့်မရှိသော သူနှင့် သူမတို့ ဘ၀တွေက ဒီလိုပဲ ပြီးဆုံးသွားရမည်တဲ့လား...

တစုံတယောက်ရဲ့ တန်ဖိုးကို ထိုသူမရှိတော့ချိန်မှ သိတဲ့ လူစားက လူမိုက်တဲ့။ သူမကတော့ ၁၀ခါပြန် မိုက်တဲ့သူပဲလို့ ခွင့်မလွှတ်နိုင်စွာ တွေးမိနေပြီ။ သူမရှိတဲ့ သူမရဲ့ နေ့တွေကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေလည်း သူမမှာ ရှိမနေခဲ့။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုလျှင် သူမတို့ကို နောက်တကြိမ် အခွင့်အရေးပေးဖို့ ဆန္ဒပြုမိမည်။ အထီးကျန်ရက်တွေ ကုန်ဆုံးပါစေလို့လည်း...

s0wha1
(ဇူလိုင် ၃၀၊ ည ၁ နာရီ)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*