Friday, February 3, 2012

ကံနဲ့ ကံရဲ့ အကျိုး



တကယ်တော့ ကိုယ်ပြုတဲ့ကံက လှည်းဘီးပမာ တကောက်ကောက် လိုက်တယ်ဆိုတာ အဲဒီကံတွေက လိုက်နေတာ မဟုတ်ဘူး။ ရှိပြီး ပျက်၊ ဖြစ်ပြီး ပျက်တတ်တဲ့ သဘောအရ ပျက်သွားတာပါပဲ။ ဒါပေမယ့် သူ့ရဲ့ ဂုဏ်သတ္တိတော့ ကျန်ခဲ့တယ်။ ဒီဂုဏ်သတ္တိတွေက စိတ်ဆန္ဒပြင်းပြမှုပေါ် မူတည်ပြီး သက်ရောက်လာပါတယ်။ ဒီလိုကနေ မကောင်းတာ လုပ်ရင် မကောင်းတဲ့ကံ၊ ကောင်းတာ လုပ်ရင် ကောင်းတဲ့ကံဆိုပြီး ဖြစ်လာတာ။

ကိုယ်လုပ်သမျှကံတိုင်း အကျိုးပေးတတ်တယ်ဆိုပေမယ့် အဟောသိကံဖြစ်ပြီး ပျက်သွားတဲ့ ကံတွေလည်း ရှိတတ်ပါတယ်။ ဒီဂုဏ်သတ္တိတွေ အကျိုးပေးဖို့ ဘယ်အရာကမှ ဖန်တီးထားတာ မဟုတ်သလို၊ ဘယ်ဖို့စ်ကမှ ဖြစ်ရမယ်လို့ ဖြစ်ခိုင်းထားတာ မဟုတ်ပါဘူး။ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အမှန်တရား တခုပါပဲ။ ကံတွေက တန်းစီပြီး အစဉ်လိုက်အတိုင်း အကျိုးပေးတာလည်း မဟုတ်ဘူး။ ဒီကံတွေ အကျိုးပေးဖို့ကတော့ ကိုယ့်စိတ်ဆန္ဒပြင်းထန်မှု၊ ဇောထက်သန်မှုပ်ါမှာပဲ မူတည်နေပါတယ်။ ပြီးတော့ လက်ရှိ ကိုယ်ပြုမူနေတဲ့ ကောင်းမှု၊ မကောင်းမှုပေါ် မူတည်ပါတယ်။ ၀ဋ်ကြွေးလည်း ဒီအတိုင်းပါပဲ။ ကိုယ်က မကောင်းမှုတခုကို စိတ်ဇောသန်သန်နဲ့ ပြုမိတယ်ဆိုရင် နောင်ဘ၀ထိ မစောင့်ဘဲ ၇ လ၊ ၇ နှစ်အတွင်း ၀ဋ်ပြန်လည်တတ်တယ်၊ အဲဒီကံရဲ့ ဂုဏ်သတ္တိက ပြန်အကျိုးပေးတတ်တယ်။ ဘယ်လောက်ကောင်းမှု ကုသိုလ် လုပ်လုပ် မရပါဘူး။

ဒါပေမယ့် မကောင်းမှု တခုကို မသိလို့ ဖြစ်စေ၊ မလုပ်ချင်ဘဲ လုပ်လိုက်ရတာဖြစ်စေ၊ စိတ်ဆန္ဒနည်းပါးစွာနဲ့ ပြုမိရင်တော့ အဲဒီ မကာင်းမှုကံက ချက်ချင်း အကျိုးပေးတာ နည်းပါတယ်။ ဒါပေမယ့် တချိန်ချိန်မှာ ( နောက် ၂ ဘ၀၊ ၃ ဘ၀ရောက်မှ ဖြစ်စေ) ပြန်အကျိုးပေးမှာတော့ အမှန်ပါပဲ... ဒါကတော့ ကျွန်မ နားလည်သလောက် ကံနဲ့ ကံရဲ့ အကျိုးသက်ရောက်မှုပါ။ အချုပ်ပြောရရင်တော့ ကံ၊ ကံရဲ့အကျိုးဟာ သိပ္ပံသဘောအရ action and reaction ပါပဲ။ ကိုယ်ပြုလိုက်တဲ့ ကံ (အလုပ်) အတိုင်း ကိုယ့်ဆီ ပြန်သက်ရောက်လာတာပါ။

_______________________

ကံ၊ ကံရဲ့ အကျိုးကို နောက်တမျိုး ရှင်းပြရရင် ခွေးကို ပိတ်ကန်လို့ ခွေးက ပြန်ကိုက်တဲ့ ဥပမာကို ပေးရမှာပဲ။ ခွေးကို ကိုယ်က နာစေချင်တဲ့ဆန္ဒနဲ့ ပိတ်ကန်လိုက်တဲ့အတွက် ခွေးကလည်း ကိုယ့်ကို ပြန်ကိုက်တယ်။ အဲဒီအတွက် ခွေးနာသလို၊ ကိုယ်လည်း ပြန်နာရတယ်။ ဒါဟာ ဘယ်သူကမှ ဒီလိုလုပ်လို့၊ ဒီလိုပြန်ဖြစ်ရမယ်လို့ ဖန်တီးထားတာ မဟုတ်။ ခိုင်းစေထားတာလည်း မဟုတ်။ ဘာ force မှလည်း မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။

အဲဒါနဲ့ ဆန့်ကျင်ဘက် ခွေးကို ကိုယ်က ကြင်ကြင်နာနာနဲ့ ဆက်ဆံတယ်။ အစာရေတွေ တိုက်ကျွေးမယ် ဆိုရင်... အဲဒီခွေးကလည်း ကိုယ့်ကို ပါးလျက် နားလျက်နဲ့ ချစ်ခင်စွာရှိပြီး အရေးအကြောင်းရှိရင် ကိုယ့်အန္တရာယ်ကို သူ့အသက်နဲ့ လဲပြီးတောင် ကာကွယ်ပေးတတ်ပါတယ်။ ဒီသဘောတရားအတိုင်း ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး သက်ရောက်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ပြန်ရမယ်... ဒါပါပဲ။

အချုပ်ဆိုရရင် ဒါဟာ သဘာဝအတိုင်း ရှိနေတဲ့ action and reaction ပါပဲဆိုတာ...

_______________________

ဒီကံ၊ ကံရဲ့အကျိုး action and reaction ဟာ ဘာသာတရားနဲ့ မဆိုင်၊ လူမျိုးနဲ့ မဆိုင် သူ့အလိုလို ရှိနေတဲ့ သဘာဝတရားကြီးတခုသာ ဖြစ်တယ်။ ဒီဘာသာကိုးကွယ်သူတွေမှာ မဖြစ်ဘူး၊ ဟိုဘာသာကိုးကွယ်တဲ့သူတွေမှာ မရှိဘူးဆိုတာမျိုး မဟုတ်ဘဲ သတ္တ၀ါတိုင်း ကိုယ်ပြုတဲ့ action အတိုင်း ကိုယ် တန်ပြန်ခံရမယ့် reaction ကို လက်ခံရရှိကြမှာ ဖြစ်တယ်။ ဒီသဘောတရားကို မြတ်စွာဘုရားက လူတွေ အမှန်အတိုင်း သိမြင်နားလည်နိုင်အောင် ပြန်ဟောကြားတော်မူလို့သာ ဗုဒရဲ့ တရားတော် ဖြစ်လာရတာ... တကယ်တော့ ဒါကြီးက မြတ်စွာဘုရား မဟောကြားလည်း ရှိနေပြီးသား သဘာဝတရားကြီးပါ။ ကောင်းမှုလုပ်တဲ့အတွက် ကုသိုလ်ကံ၊ မကောင်းမှု လုပ်တဲ့အတွက် အကုသိုလ်ကံဆိုတဲ့ မတူညီတဲ့ အခေါ်အဝေါ်ပဲ ကွာခြားပါတယ်။။

ဒါဟာ ကျွန်မ နားလည်ထားတဲ့ ကံ၊ ကံနဲ့ အကျိုးပါ။


s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*