Saturday, December 13, 2008

အသက်လေးရယ်တဲ့ ရှည်စေလို



ဒီဇင်ဘာလ၀က်တောင်ကျိုးပြီ။ ကျွန်မကဖြင့် ပို့စ် ၂ ခုပဲ တင်နိုင်သေးတယ်။ ဒီရက်ပိုင်း ဘာတွေနဲ့ အလုပ်ရှုပ်နေမှန်းကို မသိပါဘူး။ အလုပ်မှာကလည်း ၀က်ဘ်တခုခုဖွင့်ရင် ဆန့်ငင်၊ ဆန့်ငင်နဲ့ ဖြစ်နေတော့ ဘာမှကို မဖွင့်ဖြစ်တာ။ သူ့အင်တာနက်ကလည်း ဒေါင်းလုတ်လုပ်ရင်သာ မြန်တယ်။ ၀က်ဘ်တွေ ဖွင့်ရင်တော့ ကမ္ဘာ့စိတ်အရှည်ဆုံးဆုကို ရနိုင်တယ်ဆိုတော့လည်း စနေ၊ တနင်္ဂနွေမှ အင်တာနက် ကောင်းကောင်း သုံးရတဲ့ဘ၀ ဖြစ်နေပြီ။ အဲဒါကြောင့် ဘယ်ဘလော့ဂ်မှ ကောင်းကောင်း မရောက်သလို၊ (blog တွေက) ဘာစာမှလည်း မဖတ်ဖြစ်ဘူး။ ဒါနဲ့ အလုပ်မှာ ဂိမ်းပဲ ထိုင်ကစားနေတော့တယ်။ အေးရော။ :P

ဂိမ်းက ကလေးဂိမ်းလေးပါ။ အိမ်ကိုလာလည်တဲ့ မလေးတရုတ် ကလေးလေး ကစားတာမြင်မှ လိုက်ကစားကြည့်တာ။ တအိမ်လုံးလည်း အဲဒီဂိမ်းဝက်ဘ်ဆိုဒ်ကို ရောက်ကုန်ကြတာပဲ။ ကလေးဂိမ်း လွယ်လွယ်လေးတွေ ကစားချင်သူများ www.y8.com နဲ့ www.y3.com မှာ သွားကြည့်နိုင်ပါတယ်။

ကျွန်မ ဘလော့ဂ်အသက်လေး ရှည်စေလိုလို့ ဘယ်လို အခက်အခဲရှိရှိ အလုပ်ထဲမှာ စာရအောင်ရေးမယ် ကြံပါသေးတယ်။ ဒါပေမဲ့လည်း မြန်မာဖောင့် မရှိလို့ ဇော်ဂျီကွန်ဗက်တာမှာ သွားရေးရတာနဲ့၊ ၀က်ဘ်ပေ့ခ်ျတခုလောက်ဖွင့်လိုက်ရင် ဟန်းဟန်းသွားတာကို စောင့်နေရတာနဲ့ပဲ စာရေးချင်စိတ်လည်း တော်တော်လေး ကုန်ခမ်းသွားတာ အမှန်။ ရေးချင်တာတွေကတော့ အများကြီး။ စိတ်ကူးထဲမှာပဲ စဉ်းစားပြီးရေးနေလို့၊ တကယ်ရေးပြီးပြီအထင်နဲ့ ရေးလို့မရတော့တာတွေလည်း ပါတယ်။ အဲဒါနဲ့ပဲ ဘလော့ဂ်လေးလည်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေရှာပေါ့။


ဖတ်မိသမျှ စာအချို့ (၃) ဆိုတဲ့ ပို့စ်မှာ ကွန်မန့်တခုက "စာအုပ်တွေကို မြင်သာမြင်ရမယ့်အစား ရေးသူ၊ ဖတ်သူ၊ ၀ယ်သူ အကျိုးရှိအောင် E-library တခုခုမှာ တင်ပေးနိုင်ရင် ကောင်းမယ်"လို့ ဆိုပါတယ်။ တကယ်က ပြောတော့သာ လွယ်တာ။ အဲဒီစာအုပ်တွေအကုန် ဒိုင်ခံ စကန်ဖတ်၊ upload လုပ်ဆိုတာ မလွယ်တဲ့ကိစ္စကြီးပဲ။ ပို့စ်ရိုက်တင်ဖို့ဆို ပိုတောင်ဆိုးသေး။ တပုဒ်ချင်း နည်းနည်းစီရေးတင်ရရင်တော့ တော်သေးတာပေါ့လေ။ ဒါလည်း ရေရှည် အဆင်မပြေနိုင်ပါဘူး။ ဒါပေမဲ့ အဲလို စာအုပ်တွေ မျှဝေပေးနေတဲ့သူတွေကိုလည်း အများကြီး တွေ့ဖူးပါတယ်။ သူတို့ကို ကျေးဇူးလည်း တင်တယ်၊ လေးလည်း လေးစားတယ်။ တကယ် လုပ်ပေးနိုင်လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မောင်လေးထူးမြတ်ပေးလို့ ကျွန်မသိရတဲ့
အွန်လိုင်းမြန်မာစာအုပ်ဆိုဒ်လေးမှာ ဒေါင်းလုတ်တွေလုပ်ပြီး စာတွေ ဖတ်လို့ရနေတယ်။ ကျွန်မအနေနဲ့ကတော့ ဖတ်ချင်သူများကို တဆင့်လမ်းညွှန်ရုံပဲ တတ်နိုင်ပါတယ်။ အဲဒီဆိုဒ်မှာ စာအုပ်ကောင်းတွေ အများကြီးရှိပါတယ်လို့။ http://shweone.wordpress.com/

ဖတ်မိသမျှ စာအချို့ကို ပို့စ်လုပ်ရေးနေတာက ကျွန်မ ဖတ်ဖြစ်တဲ့ စာအုပ်လေးတွေ အမှတ်တရအဖြစ် ကျွန်မ ဘလော့ဂ်မှာ ရှိချင်လို့ပါ။ နောက်ပြီး ကျွန်မ သဘောကျတဲ့ စာသားလေးတွေ ကူးတင်ထားချင်တာရောပေါ့။ ဘလော့ဂ်မရေးခင်ထဲက ကျွန်မမှာ အဲဒီအကျင့်ရှိတယ်။ ကျွန်မ သဘောကျတဲ့ စာရေးဆရာတွေရဲ့ ဖတ်ပြီးသမျှ စာအုပ်တွေ ချရေးထားတာမျိုး၊ သူတို့ ဘာစာအုပ်တွေထွက်ပြီ ငါ ဘယ်နှစ်အုပ်ဖတ်ပြီးပြီဆိုတာမျိုး အမှတ်တွေ ခြစ်ပြီး မှတ်သားထားတာမျိုး၊ ကိုယ်သဘောကျတဲ့ စာသား၊ စာပိုဒ်တွေ ကူးယူထားတာမျိုး လုပ်လေ့ရှိပါတယ်။ ခုလည်း အဲလို စာအုပ်ထဲမှာ မှတ်သားထားသလို ဘလော့ဂ်မှာ မှတ်ထားတဲ့ ပုံစံပါပဲဆိုတာလေး စကားမစပ် ပြောချင်ပါတယ်။ အားလုံးပဲ ကျေးဇူးပါ။

ကျွန်မ ဘလော့ဂ်လေး နှစ်ပေါင်းများစွာ အသက်ရှည်စေကြောင်း ဒီတနင်္ဂနွေမှာ တပတ်စာ စာတွေ ကြိုရေးထားမယ်လို့တော့ စိတ်ကူးထားတာပဲလေ။ စိတ်ကူးကို ပြောတာပါ။ တကယ်လုပ်ဖြစ်၊ မလုပ်ဖြစ်တော့ မသိသေးဘူး။ :D ဘလော့ဂ်ကို အသက်ဆက်ဖို့ ကြိုးစားလိုက်ပါဦးမယ်။ အကြောင်းမတိုက်ဆိုင်ရင်တော့ နောက်ထပ် ၁၀ရက်၊ တပတ် ပျောက်သွားနိုင်ပါသေးတယ်။ ;))

စာမရေးဘူးလားလို့ မေးနေတဲ့ အန်တီငြိမ်း ဒါက စာတပုဒ်ပဲနော်။ :P


ရွှင်လန်းချမ်းမြေ့ကြပါစေ။
s0wha1

Tuesday, December 9, 2008

IC show



တနင်္ဂနွေညက အိုင်စီရှိုးမှာ ရိုက်ထားတဲ့ပုံတွေ ဘာရယ်မဟုတ်၊ တင်ချင်လို့ တင်ထားတာ။ ဖုန်းနဲ့ရော ကင်မရာနဲ့ရော ရိုက်ထားတာပဲ။ ကင်မရာက မကောင်း၊ ကိုယ်ကလည်း မရိုက်တတ်၊ မှောင်ကလည်း မှောင်ဆိုတော့ ဓာတ်ပုံအရည်အသွေးက မြင်တဲ့အတိုင်းပဲ။ :D ဒီနှစ် အိုင်စီရှိုးကတော့ တရုံလုံးအပြည့်။ သုံးနှစ်ဆက်တိုက်ကြည့်ခဲ့သမျှတော့ ဒီနှစ်လောက် လူများတာ ဘယ်နှစ်မှ မတွေ့ဖူးသေးဘူး။ လက်မှတ်အကုန် ကုန်တယ်လို့လည်း ကြားတယ်။ ပျော်ဖို့လည်း တော်တော်ကောင်းပါတယ်။

video





















video

s0wha1

Wednesday, December 3, 2008

ငါ့ညတွေ



"ချစ်ရေ... ငါ ပြန်ဦးမယ်။"

"မောင်... နင့်ကို ငါ အရမ်းအမြင်ကတ်တာပဲ။ ကြည့်လို့ကို မရဘူး။ စကားတောင် အေးဆေး မပြောရသေးဘူး။"

"အေးအေး... မောင်ပြန်ပြီနော်။ အရမ်းချစ်တယ်။"

ဒီညကိုတော့ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှ ဖြစ်မယ်။

မနက်မိုးလင်းလို့ အမှတ်တမဲ့လိုလိုနဲ့ ဖုန်းကို လှမ်းကြည့်မိတယ်။ ချော့မော့ တောင်းပန်တဲ့စာများ တွေ့လေမလားလို့ တမ်းတနေမိသား။ အလေးမထားတာ ကြာလာပြီဖြစ်တဲ့နောက် ဘာတွေကို ထပ်မျှော်လင့်နေဦးမှာလဲ။


သူမ တစ်ယောက်ထဲ နေနိုင်အောင် ကြိုးစားရတော့မယ်လို့ နားလည်လာတဲ့ တနေ့...

တိတ်တိတ်လေး သူ့ကို စောင့်မျှော်ကြည့်နေရင်း အချိန်တွေ ကုန်ဆုံးသွားဖို့ လိုအပ်တယ်။ သူ မမြင်၊ မသိနိုင်တဲ့ တနေရာကဖြစ်ဖြစ် စောင့်ကြည့်ချင်သေးတဲ့ စိတ်ကိုတော့ တားမရဘူး။ ဒီလိုနဲ့ အချိန် တစ်ရက်တာက ရှည်လွန်းလှတယ်။ ခုလိုမျိုး ၂၄ နာရီတောင် မကြာလိုက်တဲ့ အသံတိတ် ဆန္ဒပြပွဲတွေနဲ့အတူ သူမ ကျရှုံးခဲ့တဲ့ အရေအတွက်လည်း မနည်းတော့ပြီ။ "အလျှော့ မပေးလိုက်ပါနဲ့ဟာ" သူမကိုယ် သူမ အားပေးရင်း...

ဒီ ၁၀ နာရီအတွင်း ၄၊ ၅ ကြိမ်မက သူ ဆက်သွယ်ဖို့ ကြိုးစားနေတာကို လျစ်လျူရှုနေရတာ သူမအတွက် ပင်ပန်းလှတယ်။ စိတ်ဓာတ် ခိုင်မာ ရင့်သန်သူထဲ သူမ မပါဝင်သေးဘူးလေ။ အခါခါ ကျရှုံးရလွန်းလို့ အနိုင်နိုင် ပြန်ထနေရတာရော ဘယ်သူ အသိအမှတ်ပြုမိလို့လဲ။

နာကျင်တဲ့စိတ်ကြီး သူမ မလိုချင်ခဲ့ဘူး။ ဒါပေမဲ့ လွှတ်ချဖို့ မတတ်နိုင်လို့ ဆက်ဆုပ်ကိုင်နေခဲ့တာ ခုချိန်ထိ မတင်းမလျှော့ မြဲမြံစွာ ဖမ်းဆုပ်ထားတုန်း။ ပြေလျော့မယ့်နေ့ကိုများ တောင့်တနေသလား သူမ ကိုယ်တိုင်လည်း ဝေခွဲမရဘူး။

"သူ မနေတတ်လို့ စိတ်ဆိုးနေရင်လည်း စိတ်ဆိုးနေတယ်ဆိုတာလေး တစုံတခုလောက်တော့ အကြောင်းပြန်ပေးပါ"လို့ တောင်းဆိုတဲ့အခါ သူမ စိတ်တွေ အနည်းငယ်ယိုင်နဲ့သွားခဲ့တယ်။ ဒီလိုပါပဲ အခါများစွာလို အရှုံးတွေစဖို့ ပျားသကာစကားတခု၊ ဒါမှမဟုတ် ၀တ္တရားကျေ စကားတခွန်းလည်း ဖြစ်နိုင်သေးတယ်။

သူ ရှိနေသလား၊ သူမ တိတ်တခိုး ကြည့်မယ်။ သူ ရှိနေရင် ကျေကျေနပ်နပ်ပြုံးပြီး သူ မလာသေးရင်တော့ အလိုမကျစွာ ဆက်စောင့်နေမယ်။ ဒီလိုနဲ့လည်း သူမ နေ့တွေ ပြီးပြည့်စုံနိုင်ပါတယ်။ သူမအနား သူ ရှိနေဖို့မှ မလိုအပ်လှဘဲ။


"တညထဲမှာ လ နှစ်စင်း မထွက်ဘူးလို့ ဘယ်သူ ငြင်းနိုင်မလဲ??? ငါ့ညတွေမှာ လ အစင်းပေါင်း များစွာ သာနေလိမ့်မယ်... မောင်။"


s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Sunday, November 23, 2008

ဖတ်မိသမျှ စာအချို့ (၃)



ကျွန်မ ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့ ကျွန်မအမေရဲ့ ကိုယ်ပိုင်စာအုပ်တွေပါပဲ။ ရန်ကုန်အိမ်မှာလည်း စာအုပ်ခန်းထားရလောက်အောင် စာအုပ်တွေများသလို၊ အခု ဒီအိမ်မှာလည်း စတိုခန်း အပြည့်နီးပါး စာအုပ်တွေ ရှိပါတယ်။ အဲဒီထဲကမှ ကျွန်မလတ်တလော ဖတ်လို့ ပြီးတာတွေကို ရေးထားတာပါ။ နောက်ပိုင်း အားရင်တော့ အရင်ဖတ်ပြီးတဲ့ စာအုပ်ဟောင်းတွေရှာပြီး တင်ပါဦးမယ်။ ကျွန်မက ဘာသာပြန်နဲ့ အတ္ထုပ္ပတ္တိတွေ ဖတ်ရတာကို ပိုသဘောကျတယ်။

ရန်ကုန်အိမ်မှာတုန်းက ဧည့်ခန်းမှာ စာအုပ်စင်အလှလေးလုပ်ပြီး အမေ့စာအုပ်တချို့ကို စီတင်ထားတာ ဆွမ်းခံကြွတဲ့ဘုန်းဘုန်းတွေ၊ ကျွန်မတို့ကို စာလာသင်တဲ့ ဆရာတွေ စာအုပ်တချို့ကို ငှားကြတာ ကြုံဖူးပါတယ်။ ပြန်ရတာလည်း ရှိ၊ မရတာလည်း ရှိပေါ့။ အဲဒီလို စာအုပ်ငှားတာနဲ့ပတ်သက်ပြီး ဟာသလေးတခု ကျွန်မ ဖတ်ဖူးတယ်။ ရှားပါးစာအုပ်တွေ တော်တော်စုံလင်စွာရှိတဲ့ လူတစ်ယောက်ဆီမှာ သူ့မိတ်ဆွေက စာအုပ်တချို့ ငှားဖို့ပြောတော့ သူက ပြန်ပြောတယ်။ "မင်းက ငါ့ကို ငတုံးများ မှတ်နေလားတဲ့။ ဒီစာအုပ်တွေက အဲဒီလို ငတုံးတွေဆီက ရတာလေ"တဲ့။ ဖတ်ပြီး ပြုံးမိသလို၊ သဘောလည်း ကျမိတယ်။ တကယ်ကျတော့ တန်ဖိုးရှိတဲ့ ကိုယ့်စာအုပ်တွေကို သူများ မငှားတာ အကောင်းဆုံးပဲလို့။;))

******* ***** *** ***** *******


ဆရာသိန်းဖေမြင့်စာတွေကို "အရှေ့က နေ၀န်းထွက်သည့်ပမာ" ပြီးရင် ဒီတအုပ်ထဲပဲ ဖတ်ဖူးသေးတယ် ထင်တာပဲ။ ဆရာက အချစ်ဝတ္ထု အရေးကောင်းတယ်လို့တော့ ကြားဖူးပါတယ်။


ဆရာချစ်ဦးညိုရဲ့ "မင်းသား ဇနီး၊ မင်းသမီး ယောက်ျား" ဆိုတဲ့ ၀တ္ထုတိုတွေကတော့ မင်းသား၊ မင်းသမီးတွေရဲ့ အိမ်ထောင်ဘက်တွေနဲ့ ဇာတ်လမ်းအဖုံဖုံပေါ့။ ဖတ်လို့ကောင်းပါတယ်။


ဆရာ မန်းတင်ရဲ့ "မြို့ပိုင်မောင်ပြုံးချို"ကိုတော့ ကျွန်မဘလော့ဂ်မှာ ဟိုတလောက အဲဒီစာအုပ်ထဲမှ ၀ါးရင်းတုတ် ဆိုတဲ့ ၀တ္ထုတိုလေး တင်ဖူးခဲ့လို့ သိကြမယ် ထင်ပါတယ်။ ကိုပေါ ကွန်မန့်အရှည်ကြီး ရေးစေခဲ့တဲ့ ပို့စ်ပါပဲ။ :P


"ကမ္ဘာကျော်သူတို့ရဲ့ ဖြစ်ရပ်များ"ကတော့ စာအုပ်ပါးပါးလေးပါ။ စပ်စုတတ်တဲ့ ကျွန်မတို့သားအမိကတော့ စိတ်ဝင်တစား ဖတ်တာပါပဲ။


"စုံထောက်ဦးစံရှားပေါင်းချုပ်"ကတော့ ခုမှ ဖတ်နေတုန်း။


ဆရာမောင်ခိုင်မာရဲ့ "ရှင်မရေ..." ကဗျာရှည်ကလည်း ဖတ်လက်စပဲ ရှိပါသေးတယ်။ နားနားပြီး ဖတ်နေတဲ့သဘောပေါ့။ ဒီစာအုပ် အိမ်မှာရှိတာတော့ ကြာပါပြီ။

ရှိတ်စပီးယားရဲ့ "သံခေါင်းစွပ်မင်းသား"ကို ဖတ်ပြီး တညလုံး အိပ်မပျော်ဘူး ဖြစ်ခဲ့ရတယ်။ မင်းသားလေးကို သနားလို့ပါ။ အမြွှာမွေးဖြစ်ပေမယ့် ကံကြမ္မာမတူတဲ့ မင်းသား နှစ်ပါး၊ အကြီးကတော့ ပြင်သစ်ဘုရင်ဖြစ်ပြီး အငယ်ကတော့ သူဟာ ဘုရင့်သားဆိုတာ သိတဲ့နေ့မှာပဲ လူမသိသူမသိနဲ့၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ထောင်ကြီးထဲမှာ တသက်လုံးနေရတာ။ နောက်တော့ ကျွန်းတစ်ကျွန်းမှာ သံခေါင်းစွပ်ပြီး သေဆုံးသည်အထိ နေရတာ။ တိုင်းပြည်အတွက်ဆိုပြီး အဖေတွေ၊ အကိုတွေ ရက်စက်ကြပုံက ဆိုးလှတယ်။ စိတ်ကူးယဉ်ဝတ္ထုဆိုပေမယ့် ကျွန်မကတော့ အဲဒီဝတ္ထုအကြောင်း တွေးတွေးပြီး မအိပ်နိုင်၊ မစားနိုင်ကို ဖြစ်တာပဲ။ စာအုပ်အဖုံးပုံကတော့ ရှာတွေ့မှပဲ တင်ပေးတော့မယ်။ မူရင်း ၀တ္ထုနာမည်လည်း မမှတ်မိဘူး။ ဘာသာပြန်သူရောပေါ့။ :D


ရွှင်လန်းချမ်းမြေ့ကြပါစေ
s0wha1

Thursday, November 20, 2008

ကိုဖိုးဇေသို့ ၀မ်းနည်းစွာ



ဒီနေ့ ရုံးကို မသွားရဘဲ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ Course တခုကို သွားတက်နေရလို့ အင်တာနက်ထဲ တနေကုန် မရောက်ဘူး။ ညနေကျတော့လည်း နေမကောင်းတာ တပတ်လောက်ကြာနေပြီဆိုပြီး ဆေးခန်းသွားနေလို့ အိမ်ကို ည ၉နာရီမှ ပြန်ရောက်တယ်။ ပြန်ရောက်ရောက်ချင်း ကွန်ပြူတာဖွင့်ပြီး ကျွန်မဘလော့ဂ်ကို ၀င်တော့ Blog Roll မှာ အန်တီငြိမ်းရဲ့ "ကဖိုးဇေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်လေး မြင်တာနဲ့။ "ဘာလဲဟ ကိုဖိုးဇေ မွေးနေ့များလား" ဆိုပြီး အပြေးအလွှား သွားအဖတ်... ပို့စ် စစချင်းမှာ "၀မ်းနည်းမှတ်တမ်းတွေ မရေးချင်တော့ဘူး" ဆိုတာလေး ဖတ်မိလိုက်တော့ "ဟမ်... ဟမ် ဘာတွေ ရေးထားတာလဲ" ပေါ့။ မဟုတ်ပါစေနဲ့ ကျွန်မ ဆုတောင်းမိတယ်။ ချက်ချင်းပဲ "ဘလော့ဂ်ရေးတဲ့ ကိုဖိုးဇေလား အန်တီ"လို့ လက်မခံနိုင်စွာ မေးမိတယ်။ ဒီနေ့မှ အန်တီခင်ရော၊ အန်တီငြိမ်းရော တော်တော်နဲ့ စကားမပြန်ကြလို့ ရင်တမမနဲ့ အဖြေကို စောင့်နေခဲ့ရတာ။


ကိုဖိုးဇေ...
အသက် ၃၆ နှစ်ဆိုတာ လူ့သက်တမ်းအရ ထက်ဝက်ကျိုးခါစ အလွန်ငယ်သေးတဲ့ အရွယ်ပဲ ရှိပါသေးတယ်။ ခုတော့ ကျွန်မတို့ကို မယုံနိုင်လောက်အောင် အံ့ဩတုန်လှုပ်စေခဲ့တယ်။

ဘလော့ဂ်တွေ ရေးရင်း အန်တီခင်တို့၊ အန်တီငြိမ်းတို့နဲ့ ပတ်သက်ပြီး စ သိခဲ့တာ။ ကယားပြည်အကြောင်းတို့၊ ဦးနာအောက်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေ ကျွန်မ မေးလို့ ပြန်ဖြေဖြေပေးတာ။ ကိုဗဟိန်းအကြောင်း၊ ကွန်မြူနစ်အကြောင်းတွေလည်း အနည်းအကျဉ်းပါသေးတယ်။ ကွန်မန့်တွေပေးပြီး လာလာရှင်းပြလေ့ရှိတတ်တာ။ ဘလော့ဂ်မှာ သူ့ကောင်မလေးတွေနဲ့ အကြောင်း ရေးထားတာ သွားသွားဖတ်ရင်း လူပျိုမသိုးတသိုးလို့ ပြောတတ်တဲ့သူ့ကို ကျွန်မတို့ နောက်တတ်တာ။ သူ့ဘလော့ဂ်မှာ အမြဲလို ချယ်ရီပန်းတွေပဲ ပွင့်တတ်တာ။ အန်တီခင်က သူက "ချိန်ပါလေ"လို့ ကွယ်ရာမှာ နောက်ပြီး အတင်းတုတ်လို့ တခွိခွိနဲ့ ရယ်ပြီး သူ့ကို သွားသွား စတာ။ မိသားစုနဲ့ အတည်တကျ ဘ၀ကို ပိုင်ဆိုင်စေချင်တဲ့အတိုင်း သူ့ဘ၀လေး စမယ် ကြံကာရှိသေး။ အကြွေစောလှတယ် ကိုဖိုးဇေရေ...


ABSDF ကျောင်းသားတပ်မတော်ရဲ့ တပ်ဖွဲ့ဝင် ရဲဘော်မြင့်အောင် ခေါ် ကိုနေလဟာ ဒီကနေ့ မနက် ဦးနှောက် သွေးကြောပေါက်တဲ့ ရောဂါနဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရုတ်တရက် ကွယ်လွန် သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၃၆ နှစ်သာရှိသေးတဲ့ ကိုနေလဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်တဦးဖြစ်သလို တဖက်ကလည်း ကလောင်ကိုကိုင်ပြီး တိုက်ပွဲဝင်တဲ့ ကဗျာဆရာ၊ အင်တာနက် ဘလော့ဂါ ကိုမြင့်ဇေ ဖြစ်ပါတယ်။

သူ့ကို ရင်းနှီးသူတွေနဲ့ သူ့ရဲဘော်တွေက ဂုရုလို့လည်း ခေါ်ဝေါ်ကြပါတယ်။ သူ ကွယ်လွန်သွားတဲ့ အကြောင်းကို ကျောင်းသားတပ်မတော်က သူရဲ့တပ်ရင်းမှူး ကိုမင်းဇော်က …
“ရဲဘော်နေလ ခေါ်တဲ့ ရဲဘော်မြင့်အောင်က ဒီ ၂၀ ရက်နေ့ မနက် ၁ နာရီ ၁၀ မိနစ်မှာ ဆုံးသွားပါတယ်၊ မနက် စောစောဆိုလို့ရှိရင် သက်ပျောက်ဆွမ်းကျွေးမယ်၊ ပြီးလို့ရှိရင် သူ့ရဲ့ ရုပ်ကလာပ်ကိုပေါ့နော် တောရကျောင်းကို ရွှေ့ပြီးတော့ ထားဖို့အစီအစဉ်ရှိပါတယ်ခင်ဗျ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံပြီးကတည်းက တောက်လျှောက်ပေါ့နော် တောခိုလာကတည်းက ကျနော်တို့နဲ့ အတူတူပါပဲ။ ကျနော်တို့ တပ်ရင်း ၁၀၁ မှာ အတူတူ တာဝန်ထမ်းဆောင်တယ်၊ ဒီဘက် နောက်ဆုံး ABSDF တပ်ရင်း ၈ ရဲ့ တပ်ဖွဲ့ဝင်တယောက်အနေနဲ့ အနှစ် ၂၀ လုံးလုံးပေါ့ဗျာ တောက်လျောက် တာဝန်ယူခဲ့တဲ့ ရဲဘော်တယောက်ဖြစ်ပါတယ်။

တော်လှန်ရေးအပေါ်မှာ တကယ့်ကို ချစ်ခင်ပြီးတော့ နှစ်နှစ်ကာကာ လုပ်ကိုင်နေတဲ့ ရဲဘော်ကောင်းတယောက် အခုလို ဆုံးရှုံးသွားတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ရော ကျနော်တို့တပ်ရင်းအနေနဲ့ရော တော်လှန်ရေးတခု လုံးအနေနဲ့ရော ထိခိုက်နစ်နာပါတယ်။ သူ့ကျန်ရစ်သူမိသားစုတွေကိုလည်း ဒီကနေ ဝမ်းနည်းကြောင်း ကျနော်တို့ လှမ်းပြီးတော့ သတင်းစကားပါးချင်ပါတယ်။ ကျနော်တို့အားလုံးလည်း ယူကြုံးမရဖြစ်နေပါတယ်”
ABSDF တပ်ရင်းမှူး ကိုမင်းဇော် ပြောပြသွားတာပါ။

ကွယ်လွန်သူ ရဲဘော်မြင့်အောင် ခေါ် ကိုနေလ ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိပြန်ကြားရေးတာဝန်အပြင် ဒေါင်းအိုးဝေ ဂျာနယ်ရဲ့ အယ်ဒီတာ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။

သူ့ဖခင် ဦးအောင်ခင်ဟာလည်း ၁၉၈၉ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ရဲဘော်မြင့်အောင် အခုကွယ်လွန်ချိန်မှာတော့ သူရဲ့ ဇနီးသည် ကျန်ရစ်ခဲ့ပါတယ်။ (RFA မြန်မာပိုင်း အစီအစဉ်မှ)

တောတွင်းက ကျောင်းသားတပ်မတော်ရဲ့ စခန်းတနေရာမှာ

နိုဝင်ဘာလ (၂၀) ရက်၊ နံနက် (၁) နာရီ (၁၀) မိနစ်အချိန်တွင် နှုတ်မဆက်ဘဲ ရုတ်တရက် ထွက်ခွာသွားခဲ့သည့် ကျောင်းသား တပ်မတော် (ABSDF) တပ်ရင်း (၈) မှ ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင်ဟောင်း၊ ဒေါင်းအိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင် ရဲဘော်နေလ (ခ) ရဲဘော်မြင့် အောင် (ခ) ရဲဘော်ဂုရု (၃၆ နှစ်) အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ အထူး ၀မ်းနည်းကြေကွဲမိပါကြောင်း မှတ်တမ်းပြုအပ်ပါသည်။ ရဲဘော်ဂုရုသည် ပွင့်သစ်(ကရိန်ကန်)၊ မြင့်ဇေ၊ ကိုဖိုးဇေ ကလောင်အမည်များဖြင့် ကဗျာများ၊ ဆောင်းပါးများ၊ ၀တ္တုတိုများ၊ ဟာသများ ရေးသားခဲ့ပြီး www.myintzay.blogspot.com (SHARING THE VARIOUS THOUGHTS) ဘလော့ဂ်ပိုင်ရှင် ဘလော်ဂါ ကိုဖိုးဇေ အဖြစ်လည်း လူသိများသည်။ အနှစ် (၂၀) ဒီမိုကရေစီတိုက်ပွဲအတွင်း လက်နက်ကိုင် တော်လှန်ရေးတာဝန်ဝတ္တရားများကို သစ္စာရှိစွာ ထမ်းရွက်ခဲ့သည်...။ (ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ)


ကိုဖိုးဇေ... ကောင်းရာသုဂတိ လားပါစေ။
စိတ်မကောင်းခြင်း များစွာ

ညီမ s0wha1

အန်တီခင့် ဘလော့ဂ်မှ ဓာတ်ပုံတွေ ယူထားတယ်။

Wednesday, November 19, 2008

မြန်မာစာ၊ မြန်မာစကား (၁၀)



ဒီအမှားကတော့ ကျွန်မလည်း မှားနေတဲ့ အမှားပဲ။ ဒါကို ဖတ်ပြီးမှ ကိုယ့်အမှား ကိုယ်သိတယ်။ လူတော်တော်များများလည်း မှားနေကြတယ်။ ကျွန်မအထင်တော့ အင်္ဂလိပ်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်ပြီး ရေးကြရာကနေ စ မှားလာပုံရတယ်။

@@@@@ @@@ @@@@@ @@@

နှင့် ပို၊ ဖြင့် ပို

စွာ ပါသော ကြိယာဝိသေသနပုဒ်များကို သုံးသော် နှင့်ဖြင့်တို့ကို သုံးရန် မလိုပါ။
လေးစားစွာ
ဖြင့် အစီရင်ခံပါသည်။
လေးစားစွာ
ဖြင့် စာရေးလိုက်ပါသည်။
လေးမြတ်စွာ
ဖြင့် ဖတ်ကြားပါသည်။
တပ်စခန်း တနေရာတွင် တိုင်းပြည်တာဝန်ကို ကျန်းမာစွာ
ဖြင့် ထမ်းဆောင်လျက်ရှိသည်။

ထိုသို့ အစီရင်ခံစာများ၊ အကြောင်းကြားစာများ၊ သတင်းပေး ကြေငြာချက်များ စသည်တို့တွင် နှင့်ဖြင့် တို့ကို တွင်တွင်သုံးလျက်ရှိသည်။

၁။ ပြည်သူများအတွက် ပို့ဆောင်ရေး ဘတ်စ်ကားဆွဲသူများကို ပုံမှန်ခရီး ပြေးဆွဲနိုင်အောင် ဓာတ်ဆီရောင်းချခဲ့ကြောင်းနှင့် ဖော်ပြပါတယ်။
၂။ ဒီကိစ္စတွေကို ငြိမ်းချမ်းစွာ စည်းကမ်းတကျ ဆောင်ရွက်ပေးရေးပင်ဖြစ်ကြောင်းနှင့် ပြောကြားခဲ့ပါတယ်။
၃။ သင်္ဘောသား ၃၀ စလုံးမှာ ထိခိုက် ဒဏ်ရရှိခြင်း မရှိကြောင်းဖြင့် သင်္ဘောအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။
၎။ ယင်းအစီအစဉ်၏ တတိယအဆင့်ကို စနေနေ့က စတင်ခဲ့ခြင်း ဖြစ်ကြောင်
ဖြင့် ရေဒီယိုက အသံလွှင့်သည်။
၅။ အေအိုင်ဒီအက်စ် ရောဂါသည် အသက်ဆုံးရှုံးစေနိုင်သော အဓိက အကြောင်းရင်း တရပ် ဖြစ်လာနိုင်ကြောင်
ဖြင့် အဆိုပါ လေ့လာချက် စာတမ်း၌ ဖော်ပြသည်။
၆။ သို့သော် အထိအခိုက် အပျက်အစီး သတင်းများ မကြားရသေးကြောင်းနှင့် ရဲများက ပြောသည်။


ကြောင်း
နောက်တွင် ဖြင့် သို့မဟုတ် နှင့်ကို သုံးခြင်းသည် အပိုသုံးဖြစ်သည်။

$$$$$ $$$ $$$$$ $$$

နောက်တပတ်တော့ တွင်နေသော အမှားများကို ကူးပြပါမယ်။


မြန်မာစာ၊ မြန်မာစကား နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"


ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*