Friday, February 29, 2008

ဆောင်းတည၀ယ်



"မောင်...
..........., ................"

"တော်ပြီ မ... မင်းကို ချစ်ရတာ မောင် အရမ်းစိတ်ရှုပ်ရတယ်။ မနဲ့ နီးစပ်ဖို့ မောင့်ဘ၀ကြီးတခုလုံးကို ပြောင်းလဲရဦးမယ်။ အရာရာ တစ်ကနေလည်း ပြန်စရမှာ။ ဒီကြားထဲ ခုလို ပြဿနာတွေက တမျိုး။ အဲဒီတော့ မောင်နဲ့ အသင့်တော်ဆုံး ကောင်မလေး တစ်ယောက်ကို ရှာပြီး မောင် ဒီမှာပဲ အေးဆေး နေတော့မယ်။"


ဘယ်က ကောင်မလေးလဲ... မောင့်စကားကို တအံ့တဩနဲ့ နားထောင်နေရင်း ကျွန်မအတွေးတွေမဆုံးခင် မောင်က တချက်ကြည့်ရုံနဲ့ အစစပြည့်စုံတဲ့ မိသားစုက ဆင်းသက်လာမှန်း သိသာနိုင်တဲ့ ချစ်စရာကောင်မလေးတစ်ယောက်ကို ကျွန်မရှေ့ ခေါ်လာခဲ့တယ်။

မောင့်ဘေးနားမှာ အချိန်တိုင်း ကျွန်မရှိနေလျက် ဘယ်တုန်းကများ ဒီကောင်မလေးနဲ့ မောင် ဆုံတွေ့နိုင်ခဲ့ကြပါလိမ့်။ ကျွန်မ မောင့်ကို မယုံနိုင်စွာ၊ ထူးဆန်းစွာ ပြီးတော့ နားမလည်နိုင်စွာနဲ့ ကြည့်နေခဲ့မယ် ထင်ပါရဲ့။ ဒါပေမဲ့ ကျွန်မ နှုတ်ကတော့ စကားတစ်ခွန်းမှ မောင့်ကို ပြန်မပြောခဲ့။ ရုတ်တရက် ဆွံ့အ သွားတာလား၊ ပြောစရာ စကားပဲ ရှာမတွေ့လို့လားဆိုတာတော့ ကျွန်မကိုယ်တိုင်လည်း မဝေခွဲတတ်။ သေချာတာက ကျွန်မ ရင်ထဲမှာ မခံမရပ်နိုင်လောက်အောင် ပူလောင်လာတယ်ဆိုတာပါပဲ။ ထို့အတူ ကျွန်မ ဘယ်ဘက် လက်ဖ၀ါးက လက္ခဏာလမ်းကြောင်းတွေကြားမှာ မီးကျီခဲလို ရဲတောက် ပူပြင်းနေတဲ့ ကြယ်နီ သဏ္ဍာန်တခု ပေါ်လာတယ်။ လက်ဖ၀ါးက ခြစ်ခြစ်တောက် ပူလှတဲ့ ခံစားချက်နဲ့အပြိုင် ရင်ထဲမှာလည်း ဘာမှမရှိတော့သလိုလို တဆစ်ဆစ် ပူလောင် နာကျင်နေလျက်...
ကျွန်မ ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေ တလိမ့်ချင်း ကျဆင်းလျက်...


ဘေးနားက လူတွေက ကျွန်မရဲ့ နီရဲပူခြစ်နေတဲ့ လက်ဖ၀ါးကို ကြည့်လို့... အဲဒီချိန် မောင်က ဘယ်လိုကနေ ဘယ်လို ကျွန်မဆီ ပြန်ရောက်လာမှန်းမသိ ကျွန်မ လက်ဖ၀ါးနှစ်ဘက်ကို ဆုပ်ကိုင်ပေးထားတယ်။ တစတစ ကျွန်မ ရင်ထဲက နာကျင်မှုများ၊ လက်ဖ၀ါးက မီးတောက်နေတဲ့ ကြယ်ပုံသဏ္ဍာန်တွေ အလိုလို ကွယ်ပျောက် သက်သာသွားတာကို ကျွန်မ ခံစားသိနေရင်း...
"မောင် ဘာလို့ ကျွန်မဆီ ပြန်လာတာလဲဟင်... မောင် ကျွန်မကို လိုအပ်နေသေးတယ်လား..."
မောင့်အဖြေစကားကတော့ ရှင်းတယ်။
"မ လက်ဖ၀ါးမှာတောင် ဒီလောက် ဆိုးဆိုးရွားရွား ဝေဒနာ ခံစားနေရရင် မ ရင်ထဲမှာ ဒီထက်မက ခံစားနေရမယ်ဆိုတာ မောင် သိလို့" တဲ့။
"ဟုတ်တယ်..."။
ကျွန်မ စိတ်ထဲကနေ မောင့်စကားကို ထောက်ခံမိတယ်။ ဒီခံစားချက်ကြီးကို ထပ်မကြုံချင်လောက်အောင် ကျွန်မ ကြောက်ရွံ့သွားတာ အမှန်။ ဘာဖြစ်ဖြစ် မောင် ကျွန်မဆီ ပြန်လာတယ် မဟုတ်လား။ ကျွန်မ ဘေးနားမှာ
မောင် မရှိတော့ဘူးဆိုရင်... အတွေးနဲ့အတူ ကျွန်မ ဘယ်ဘက် လက်ဖ၀ါးမှာ၊ ကျွန်မ ရင်ထဲမှာ ပူလောင်ပြင်းရှတဲ့ ဝေဒနာကို နောက်တကြိမ် ခံစားလိုက်ရတယ်။

***** ******* *****


ရင်ထဲက တဆစ်ဆစ် နာကျင်မှုနဲ့အတူ ရုတ်တရက် ကျွန်မ လန့်နိုးလာတယ်။ တကယ်တော့ ဒါဟာ အိပ်မက်တဲ့။ ပါးပြင်ပေါ်က မခြောက်သေးတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း အချိန်ကြည့်လိုက်တော့ မနက် ၇ နာရီ။ သာယာကြည်လင်တဲ့ ဒီလို နေ့တနေ့ အစမှာ ကျွန်မကို စိတ်နောက်ကျိစွာနဲ့ နိုးထလာစေတဲ့ အိပ်မက်မျိုး ကျွန်မ မက်ခဲ့တယ်။ ဘယ်လောက်ဆိုးရွားတဲ့ အိပ်မက်ပါလဲ။

ခုချိန်ထိ ဘယ်ဘက် လက်ဖ၀ါးပြင်ကို ကြည့်လိုက်တိုင်း ကျွန်မ ရင်ထဲမှာ အမျိုးအမည် မသိ ဝေဒနာ တမျိုး ခံစားရစေတဲ့ ဒီအိပ်မက်ကို ကျွန်မ မေ့ပစ်ချင်လိုက်တာ...

***** ******* *****

လူတိုင်း၊ လူတိုင်း အိပ်မက်ဆိုးများမှ ကင်းဝေးကြပါစေ။

s0wha1
၂၉၊ ဖေဖော်ဝါရီ၊ ၂၀၀၈


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Thursday, February 21, 2008

မိဘနှင့် သားသမီး



ကောင်မလေး တစ်ယောက်ရဲ့ ပြောပြပါရစေ ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး ကျွန်မ နေမကောင်းတဲ့ရက်ပိုင်းက စာရေးဖို့ စဉ်းစားထားတာလေးကို တလက်စထဲ ချက်ချင်း ရေးမိတယ်။ ကျွန်မ မိဘတွေ မရှိတုန်း ဖျားနာတော့ ကျွန်မ မိဘတွေကို တော်တော် တမ်းတမိပါတယ်။ စိတ်ထဲမှာ အရမ်း အားငယ်သလို ခံစားရပြီး ၀မ်းပန်းတနည်းနဲ့ ငိုချင်နေမိတယ်။ ကျွန်မ မိဘတွေ အခန်းပေါက်ဝမှာ ပြူတစ်ပြူတစ်လုပ်ပြီး "နေလို့ကောင်းလား"၊ "သမီး ဘာစားချင်လဲ"ဆိုတဲ့ မကြာ မကြာ လာမေးသံ၊ အခန်းထဲဝင်ပြီး နဖူးစမ်းလို့ အဖျားကျ၊ မကျ လာကြည့်ပုံတွေကိုပဲ သတိရနေမိတယ်။ အဖေနဲ့အမေ ကျွန်မတို့အနား ပြန်ရောက်လာဖို့ပဲ မျှော်လင့်နေမိတယ်။ မိဘတွေ နှစ်ပတ်လောက်လေး ကိုယ့်အနားမှာ မရှိတာကို တစ်လမက ကြာသလို ခံစားရတယ်။ အရင်ကလည်း ကျွန်မ မိဘတွေ ဒီလိုပဲ ခရီးထွက်တတ်တာပါပဲ။ အဲဒီတုန်းကတော့ ခုလို သိသိသာသာ မခံစားရပေမဲ့ ဒီချိန်မှာတော့ လောကမှာ ကိုယ့်မိဘလောက် ဘယ်အရာမှ အရေးမကြီးသလို ခံစားရတယ်။ ကျွန်မ တစ်ယောက်ထဲရဲ့ ခံစားချက်မဟုတ်ဘဲ ကျွန်မညီမလေးကလည်း ကျွန်မလို ထပ်တူဖြစ်နေတော့ အသက်ကြီးလာမှ မိဘကို ပိုချစ်တတ်လာသလား မပြောတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မ မိဘတွေကို အရမ်းလွမ်းနေပါတယ်။

သူငယ်ချင်းတွေ၊ တချို့မိတ်ဆွေတွေကို ကိုယ့်ခံစားချက်ကိုယ် ပြောပြတဲ့အခါ တော်တော်များများက "နင်တို့ပဲပြောတော့၊ ငါတို့ပြောဖို့လည်း ချန်ထားပါဦး"လို့ ပြန်ပြောတတ်ကြတယ်။ ကျွန်မကလည်း "နင်တို့က နင်တို့မိဘနဲ့ ခွဲနေတာ အကျင့်ဖြစ်နေပြီ။ တစ်ယောက်ထဲ နေနေတာ ကြာပြီ"လို့။ "ငါတို့က မိဘတွေမရှိဘဲ တခါမှ နေဖူးတာမဟုတ်ဘူး။ အနည်းဆုံး အဖေ ဒါမှမဟုတ် အမေ တစ်ယောက်ယောက်ကတော့ ကိုယ့်ဘေးနားမှာ ရှိနေကျ၊ ခုလို (ညီအစ်မ နှစ်ယောက်လုံး) မကျန်းမာနေချိန်မှ မိဘတွေက ခရီးထွက်သွားတော့ အားငယ်တာပေါ့"လို့ ပြန်ပြောမိတယ်။ ကျွန်မ ပို့စ်ကို ဖတ်ပြီး ကွန်ပလိန်း တက်ကြမယ့်သူတွေအတွက် ထည့်ရေးလိုက်တာပါ။ :P


ခုနက "ပြောပြပါရစေ" ဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး ဆက်ပြောရရင် အဲဒီပို့စ်ရေးတဲ့ ညီမလေး ခံစားရသလိုမျိုး ကျွန်မ ခပ်ငယ်ငယ်အရွယ်က ကျွန်မအမေနဲ့ ပတ်သက်ပြီး ခံစားဖူးပါတယ်။ ဘာလို့ အဲဒီလို တွေးမိတာလည်းဆိုတော့ အငယ်တွေနဲ့ ပြဿနာဖြစ်တိုင်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကိုယ်ပဲ အရိုက်ခံရ၊ အဆူခံရ၊ (အဲဒီတုန်းက ကိုယ့်အထင်) တချက်လေးမှ မျက်နှာသာ အပေးမခံရနဲ့ ကြာလာတော့ အငယ်တွေလောက် ကိုယ့်ကို မချစ်ဘူးလို့ ထင်လာတတ်တာပါ။ ဒါပေမဲ့ ကျွန်မကတော့ သူပြောသလောက် မခံစားရပါဘူး။ ကျွန်မအမေက တော်တော်များများအရာတွေကို ကျွန်မကို ပိုဦးစားပေးတတ်ပါတယ်။ ဥပမာ- အ၀တ်အစားဆို ကျွန်မညီမထက် ကျွန်မကို ဦးစားပေး ၀ယ်ပေးတာမျိုး။ အဲဒီလိုတောင်မှ ကျွန်မစိတ်ထဲ "အမေက ကျွန်မကို မချစ်ဘူး၊ ကျွန်မက အမေ့ရဲ့ သမီး မဟုတ်ဘူးလား"ဆိုတဲ့ အတွေးမျိုး ၀င်တတ်တယ်။ နောက်ပိုင်းတော့လည်း ကျွန်မအမေက အဲလိုမဟုတ်ပါဘူး။ ကျွန်မ ငယ်တုန်းမို့ နားမလည်တတ်သေးတာလို့ပဲ ပြောရမယ်။



ဘာပဲဖြစ်ဖြစ် ကိုယ့်ထက် အငယ်ဖြစ်လို့ ဦးစားပေးရမယ်၊ ညှာတာ သနားရမယ်ဆိုတဲ့ အသိ မရှိသေးတဲ့အရွယ်မှာ မိဘတွေရဲ့ ခုလို ခွဲခြားဆက်ဆံမှုဟာ သားသမီးတွေကို အနည်းနဲ့ အများ ထိခိုက် ခံစားရပါတယ်။ ဒါကို မြန်မာမိဘ အများစုက မသိကြတာလား၊ မေ့နေကြတာလား၊ သူတို့ ငယ်တုန်းက မခံစားခဲ့ဖူးလို့လားတော့ ကျွန်မလည်း မပြောတတ်ပါဘူး။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ တချို့သော မြန်မာမိဘတွေဟာ သားသမီးချင်းအတူတူ အငယ်တွေကို ပိုဦးစားပေးတတ်ကြတာ တွေ့မြင်ရပါတယ်။ တချို့ကလည်း သားဦး၊ သမီကြီးကို ပိုချစ်၊ ပိုဦးစားပေးတတ်ကြတယ်လို့ ရင်ဖွင့်ပြောဆိုကြတဲ့ သားသမီးငယ်တွေကိုလည်း ကျွန်မ တွေ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်ပိုပြီး ဦးစားပေးတယ်လို့ ခံစားရစေတာကတော့ မကောင်းတာ အမှန်ပါပဲ။ မိဘတွေအနေနဲ့ ဘယ်သားသမီးကို ပိုချစ်တယ်ဆိုတာ ဖြစ်တတ်တဲ့ သဘောတော့ ရှိတတ်ကြတယ်လို့ ကျွန်မ ယူဆပါတယ်။ ဖခင်က သမီးတွေကို ပိုချစ်တတ်တာ၊ မိခင်တွေက သားတွေကို ပိုဦးစားပေးတတ်တာတွေကတော့ သဘာဝလိုကို ဖြစ်နေတာပါ။ သားသမီးတွေကို အကုန်လုံး တပြေးညီပဲ ချစ်တယ်လို့ ပြောတတ်ကြပေမဲ့ အနည်းနဲ့အများ တစ်ယောက်ယောက်အပေါ်မှာ ပိုပါလိမ့်မယ်။ ဒါက အဓိကတော့ မဟုတ်ပါဘူး။ အလွန်အကျွံ မဟုတ်ရင် ဖြေသာပါသေးတယ်။


တချို့မိဘတွေ ကျွန်မတွေ့ဖူးတယ်။ သမီး အကြီးနဲ့ အငယ်ဆို အငယ်မ ဘာပြောပြော၊ ဘာလုပ်လုပ် တဟဲဟဲနဲ့ ရယ်ပြီး ပစားပေးထားကြပေမဲ့ အကြီးမကိုတော့ တစက်လေးမှ မျက်နှာသာမပေးပါဘူး။ ဘေးနားက ကျွန်မတို့တောင် သူတို့ရဲ့ ခွဲခြားဆက်ဆံပုံကို မခံမရပ်နိုင်ဖြစ်ရပါတယ်။ နောက်ဆုံး ဘာဖြစ်လဲဆိုတော့ အကြီးမက ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လို့ ဘာမှ မပြောရဲ၊ မဆိုရဲနဲ့ တုံးတုံးအအ ပုံစံဖြစ်နေပြီး အငယ်မကိုတောင် ပြန်ကြောက်နေရတယ်။ အငယ်မကတော့ အမကိုလည်း ထီမထင်၊ လူတကာကို ဆရာကြီးလုပ်လို့ လူအမြင်ကပ်စရာကောင်းလှတယ်။ အဲဒီ မိဘနှစ်ပါးကိုလည်း ဘယ်လိုတွေပါလိမ့်လို့ စဉ်းစားမရအောင် ဖြစ်မိတယ်။

ဖြစ်သင့်တာကတော့ ဘယ်သူ့အပေါ်မှ စိတ်အနာတရ မဖြစ်စေတဲ့ တပြေးညီ ပြောဆိုဆက်ဆံခြင်းကိုပဲ မိဘတွေ ကျင့်သုံးသင့်ပါတယ်။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတဲ့ စိတ်မျိုး ထားနိုင်အောင် သားသမီးတွေကိုလည်း အလေ့အကျင့် လုပ်ပေးသင့်ပါတယ်။ သူက အငယ်ဖြစ်လို့၊ သူက အကြီးဖြစ်လို့၊ သူက သားဖြစ်လို့၊ သူက သမီးဖြစ်လို့ဆိုတဲ့ ခွဲခြားပြောဆိုခြင်းတွေကိုလည်း ရှောင်ရှားသင့်တယ်လို့ ထင်တယ်။ အသက်အရွယ်ငယ်တုန်းမှာ ဘာကိုမှ မှန်မှန်ကန်ကန် မတွေးခေါ်တတ်၊ နားလည်မပေးတတ်တာကို မိဘတွေက သဘောပေါက်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး မိဘတွေအနေနဲ့ သားသမီးတွေကို အရမ်းချစ်ကြောင်း ပြဖို့လိုအပ်တယ်လို့လည်း ကျွန်မ ထင်မိတယ်။


ကျွန်မအဖေကတော့ ကျွန်မတို့ မောင်နှမတွေကို အဲဒီလို ၀မ်းနည်းအားငယ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့စေတဲ့ ခံစားချက်မျိုး မခံစားစေခဲ့ပါဘူး။ ကျွန်မတို့ မောင်နှမ ငါးယောက်လုံးဟာ အဖေက ကိုယ့်ကို အချစ်ဆုံးလို့ ထင်ကြတယ်လို့ အရင်ပို့စ်တွေမှာ ကျွန်မရေးဖူးပါတယ်။ တကယ်လည်း ကျွန်မတို့ အဲဒီလိုပဲ ယုံကြည်ပါတယ်။ အကြီး၊ အငယ်၊ သမီး၊ သား မခွဲခြားဘဲ မှားတဲ့လူကို ဆုံးမစရာရှိတာ ဆုံးမ၊ ဆူစရာရှိတာ ဆူ၊ ဂရုစိုက်စရာရှိ စိုက်၊ အလိုလိုက်စရာရှိ လိုက် ဆိုတော့ သားသမီးအားလုံးက ကိုယ့်ကို အရမ်းချစ်တာပဲဆိုတဲ့ ခံစားချက်တွေသာ ရှင်သန်ပြီး သူ့ကို ပိုချစ်တယ်ဆိုတဲ့ သံသယစိတ်၊ ၀မ်းနည်းအားငယ်စိတ်တွေ ၀င်မလာနိုင်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် ငယ်တုန်းရွယ်တုန်းမှာ ကိုယ့်မိဘတွေကို အထင်အမြင် လွဲစရာဖြစ်ခဲ့ရင် ဒီစကားလေးနဲ့ ဖြေသိမ့်ပေးပါရစေ။ ကျွန်မ အမေ မောင်လေးကို ပြောနေကျ စကားရှိတယ်။ "အမေတို့လောက် သားကို ချစ်နိုင်၊ စေတနာထားနိုင်တဲ့လူ ဒီကမ္ဘာမှာ မရှိဘူး ဆိုတာ အမြဲမှတ်ထားပါ"တဲ့။ အဲဒီစကားအတိုင်းပါပဲ မိဘတွေလောက် ကိုယ့်အပေါ် စေတနာ၊ မေတ္တာ ထားနိုင်တဲ့လူ မရှိဘူးဆိုတာ အမှန်ပါပဲ။ တချိန်ချိန်တော့ ယုံကြည် နားလည်လာမှာပါ။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Friday, February 15, 2008

KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရခြင်း



KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှား လုပ်ကြံခံလိုက်ရတဲ့အတွက် အရမ်းကို ၀မ်းနည်း၊ စိတ်မကောင်းဖြစ်ရပါတယ်။


K N U အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း၏ ကိုယ်ရေးအကျဉ်း

- ၁၉၄၃၊ ဇူလိုင် (၅)ရက်တွင် ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အနီးရှိ တောကျောင်းရွာတွင် ဖွားမြင်ခဲ့သည်။ ပိုးကရင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။

- ၁၉၆၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ ရောက်သည်။

- ၁၉၆၂ ၌ သမိုင်းဝင် 7 July အဖြစ်အပျက်နှင့် ကြုံခဲ့သည်။

- ၁၉၆၃-၆၆ အထိ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)၏ မြေအောက်လုပ်ငန်းများကို ပြည်တွင်း၌ တာဝန်ယူ ထမ်းဆောင်ခဲ့သည်။

- ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာဖြင့် ဘွဲ့ရခဲ့သည်။ ထိုနှစ်၌ပင် ကေအန်ယူသို့ ၀င်ရောက်ခဲ့သည်။

- ၁၉၇၅ မှ ၁၉၈၄ အထိ ကေအန်ယူ တွဲဘက်အတွင်းရေးမှူးအဖြစ် ညောင်လေးပင် ခရိုင်တွင် တာဝန်ထမ်းခဲ့သည်။

- ၁၉၈၄ နိုဝင်ဘာတွင်
ကေအန်ယူဌာနချုပ်၌ ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်ခဲ့သည်။

- ၁၉၈၈ ခုနှစ်၌ ဗိုလ်ချုပ်ကြီး စောဘိုမြ(ကေအန်ယူဥက္ကဋ္ဌ)၏ ကိုယ်ရေးအရာရှိဖြစ်လာသည်။

- ၁၉၉၅-၉၆ ကေအန်ယူ (၁၁) ကြိမ်မြောက် ညီလာခံတွင် တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်ခဲ့သည်။

- ၂ဝဝဝ ပြည့်တွင် ကေအန်ယူ (၁၂) ကြိမ်မြောက် ညီလာခံ၌ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရသည်။ NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ်လာသည်။

- ၂ဝဝ၄ ခုနှစ် ကေအန်ယူ (၁၃) ကြိမ်မြောက် ညီလာခံတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် အရွေးခံရပြီး ကွယ်လွန်ချိန်ထိ တာဝန်များ ထမ်းဆောင်ခဲ့သည်။

-ရေဆန် ဟူသော ကလောင်အမည်ဖြင့် စာများရေးသားခဲ့သော စာရေးဆရာ တစ်ဦး ဖြစ်သည်။ ကရင်အမျိုးသား ခေါင်းဆောင်များထဲတွင် တိုင်းရင်းသားများနှင့် ဗမာများအကြား အလေးစားခံရသူ တစ်ဦးလည်း ဖြစ်သည်။

- ၂ဝဝ၈ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့ ညနေ (၄း၄၀)ခန့်တွင် လုပ်ကြံခံရသည်။ ကွယ်လွန်ချိန်တွင် သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့သည်။


s0wha1

Thursday, February 14, 2008

ဘာလဲဟဲ့ Valentine's Day



ခေါင်းစဉ်ကတော့ စာရေးဆရာ တစ်ယောက်ရဲ့ ခေါင်းစဉ်နဲ့ ဆင်တူနေမှာပဲ။ အဲဒီစာရေးဆရာ ဘယ်သူဆိုတာတော့ မမှတ်မိတော့ဘူး။ အဲဒီဆရာကို အတုခိုးတာမဟုတ်ပေမဲ့ တူသွားတယ်။ တကယ်တော့လည်း စိတ်ပေါက်ပေါက်နဲ့ ဒီပို့စ် ရေးမိတာ။


နေပြန်ကောင်းတာ မကြာသေးတဲ့ကြားထဲက လေတိုက်ထဲမှာ ၁ နာရီကျော်ကြာ ဇွဲနပဲကြီးစွာနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေလျက်၊ သူကိုယ်တိုင်ကလည်း အချိန်ကြာမြင့်စွာ စောင့်မျှော်နေလျက် လွဲချော်မှုတွေ ဖြစ်လာတဲ့အခါ...
ဒီလို သာမန်မဟုတ်တဲ့ နေ့ရက်တွေ၊ ကိစ္စတွေတိုင်းမှာ (အမြဲလို) အလွယ်တကူ (အေးဆေးစွာ) ဆိုတာ မရှိတဲ့အခါ...
ဘယ်သူ့ကို (ဘာကို) စိတ်ဆိုး၊ ဒေါသထွက်ပြီး အပြစ်တင်ရမှန်းမသိ။



ကျွန်မနဲ့ သူနဲ့က ဘယ်တော့မှ အဆင်ပြေပြေရှိကြတယ်လို့ကို မရှိပါဘူး။ အမြဲတမ်း အရာရာနဲ့ အကြောင်းကြောင်း။ သူ့လို၊ ကိုယ့်လိုချင်းအတူတူ သူတို့တွေကျ အစစ အဆင်ပြေ ချောမွေ့နေပေမဲ့ ကျွန်မတို့ နှစ်ယောက်အတွက်ကတော့ အမြဲတမ်း ပြဿနာလေးတွေ၊ အခက်အခဲလေးတွေနဲ့။ ဘယ်သောအခါမှ ပျော်ရွှင်ချမ်းမြေ့စွာ... ဆိုတာ မရှိသလောက်၊ တခုမဟုတ် တခု လွဲနေတတ်ကြတယ်။ အဲဒီအတွက် ကျွန်မ စိတ်ဆိုး၊ ဒေါသ ထွက်ရပေါင်းလည်း မနည်းပါဘူး။ ဒါပေမဲ့ မတတ်နိုင်။ ကျွန်မ သူ့ကို ချစ်မြဲ ချစ်နေလျက်...


ကျွန်မကို နေမကောင်းပြန်ဖြစ်စေတဲ့၊ ဒေါသအကြီးအကျယ် ထွက်စေတဲ့၊ ပြန်တွေးလိုက်တိုင်း စိတ်အတိုလွန်ပြီး မျက်ရည်ကျရတဲ့၊ လူအများစုအတွက်တော့ ပျော်ရွှင်စရာ အမှတ်တရနေ့ဖြစ်တဲ့ ဒီနေ့ကို ကျွန်မ အရမ်းမုန်းတယ်။ ဒါပေမဲ့ ကျွန်မ စိတ်တို၊ ဒေါသထွက်အောင် (တမင် မရည်ရွယ်သော်လည်း) အကြိမ်ပေါင်းများစွာ ဖန်တီးနိုင်တဲ့ သူ့ကိုတော့ စိတ်ဆိုးဆိုးနဲ့ အရမ်းလွမ်းနေမိပါတယ်။

*** ***** ***

ကျွန်မတို့ နှစ်ယောက်အတွက် စိတ်ချမ်းသာမှု မဖြစ်လာသော်လည်း အားလုံးပဲ HappY Valentine's DaY ပါ။ ပျော်ရွှင်နိုင်ကြပါစေ။

s0wha1
(၁၄၊၀၂၊၀၈) ည ၁၁ နာရီ

Wednesday, February 13, 2008

၉၃နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ



ဒီရက်ပိုင်း နေကမကောင်း၊ နည်းနည်းလေး နေကောင်းလာတော့ ခွင့်ပျက်ရက်တွေများလို့ အလုပ်ကလည်း မသွားဘဲ နေလို့ကမရ။ အဲဒီတော့ ဒီရက်ပိုင်း ဘယ်လိုမှ စာမရေးနိုင်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ဒီနေ့ကတော့ ဗိုလ်ချုပ်ရဲ့ မွေးနေ့ဖြစ်နေတဲ့အတွက် ကျွန်မ ဘလော့ဂ်မှာ အမှတ်တရ ပို့စ်တင်ချင်တယ်။
ဒါကြောင့် မောင်လေး ပြည့်စုံရဲ့ ပို့စ်ကိုပဲ သူ့ဆီက ခွင့်တောင်းပြီး ကျွန်မဘလော့ဂ်မှာ ပြန်တင်ဖြစ်ပါတယ်။

*** *** ***


ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သော (၉၃)နှစ်ပြည့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား အောက်မေ့သတိရ ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရက်စွဲလွန် ဒိုင်ယာရီအား အကျဉ်းချုပ် တင်ပြလိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကျွန်မခံလိုသူ ဦးမင်းရောင်၏ မြေးဖြစ်သည်။

၁၉၁၅ ။ ။ ဖေဖော်ဝါရီလ (၁၃)ရက်၊ ၁၂၇၆ခုနှစ် တပေါင်းလဆန်း ၁ ရက်၊ စနေနေ့တွင် တောင်တွင်းကြီးခရိုင် နတ်မောက်မြို့၌ အမိန့်တော်ရရှေ့နေကြီး ဦးဖာ+ဒေါ်စုတို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းဟူ၍ မြန်မာ့သမိုင်း၌တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသော် အစ်ကို အောင်သန်းအမည်နှင့်လိုက်ဖက်ရန် အောင်ဆန်းဟု ရေးထွင်ခဲ့သည်။

၁၉၂၂ ။ ။ အသက်(၇)နှစ်တွင် ဆရာတော်ဦးသောဘိတ ကျောင်းတွင် နေခဲ့သည်။

၁၉၂၈ ။ ။ ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်း၍ နေခဲ့သည်။

၁၉၃၀ ။ ။ သတ္တမတန်းအောင်သည်။ စကောလားရှစ်ရ၍ ဦးရွှေခိုဆုရသည်။ တလလျှင် (၁၀)ဖြင့် သုံးနှစ်အတွက် စကောလားရှစ်ရသည်။

၁၉၃၂ ။ ။ ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။

၁၉၃၄ ။ ။ ဥပစာတန်း စာမေးပွဲအောင်သည်။ (စာမေးပွဲ ခုံအမှတ် - ၂၃၁)။ တကသ အမှုဆောင် ရွေးကောက်ပွဲ ၀င်ရာ၌ ရှုံးသွားသည်။

၁၉၃၅-၃၆ ။ ။ တကသ အမှုဆောင် ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်းတွင် “ခွေးသရမ်းကြီး လွတ်နေသည်။” (Hell Hound Atlarge) ဆောင်းပါးရေးသူကို ထုတ်ဖေါ်မပြော၍ တက္ကသိုလ်မှ ကျောင်းထုတ်ခြင်းခံရသည်။

၁၉၃၆ ။ ။ တကသ ဒုဥက္ကဌအဖြစ် အရွေးခံရသည်။ ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ၌ မိန့်ခွန်းပြောကြားသည်။

၁၉၃၇ ။ ။ အင်္ဂလိပ်စာပေ၊ ဥရောပ ရာဇ၀င်၊ နိုင်ငံရေးဗေဒ ဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်းအောင်သည်။ (စာမေးပွဲ ခုံအမှတ် ၅၆)

၁၉၃၇ ။ ။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)တွင် နေထိုင်ခဲ့သည်။

၁၉၃၈ ။ ။ ဥပဒေ သင်ကြားရာမှလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အသင်းကြီး၏ ဥက္ကဌ ရာထူးမှလည်းကောင်း နှုတ်ထွက်သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နယူးဘားမား သတင်းစာ အယ်ဒီတာအဖွဲ့တွင် ခေတ္တ ၀င်ရောက်လုပ်ကိုင်သည်။ ပထမဆုံး တက္ကသိုလ်ကျောင်းသား ကိုယ်စားလှယ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။

၁၉၃၈-၃၉ ။ ။ တကသ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၃၉ ။ ။ ဇန်န၀ါရီလတွင် လုံခြုံရေး အက်ဥပဒေဖြင့် (၁၅)ရက် ဖမ်းဆီး ထောင်ချခြင်းခံရသည်။

၁၉၃၉ ။ ။ ဧပြီလ ၆ ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှူးအဖြစ် တာဝန်ခံဆောင်ရွက်သည်။
သြဂုတ်လ(၁၃)ရက် ရန်ကုန် ရေကျော်ရပ် တို့ဗမာအစည်းအရုံး တည်ရာဌာန၌ သခင်အောင်ဆန်း၊ သခင်လှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာဒက္ကား တို့သည် တို့ဗမာအစည်းအရုံးအတွင်းတွင် ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာ တည်ထောင်ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေအတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။
စက်တင်ဘာလ(၁)ရက် ဒေါက်တာဘမော်အိမ်၌ ကျင်းပသော အစည်းအဝေး၌ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။
နိုဝင်ဘာလ(၁၈)ရက်နေ့တွင် မြေအောက်တော်လှန်ရေးဗဟိုအဖွဲ့ကို စတင် တည်ထောင်ဖွဲ့စည်းရာ၌ သခင်အောင်ဆန်းကို ပြည်ပခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ကြသည်။

၁၉၄၀ ။ ။ ဇွန်လ(၂၉)ရက်တွင် ဟင်္သာတခရိုင် ရာဇ၀တ်ဝန် မစ္စတာဇေးဗီးယားက ဇွန်လ(၁)ရက်နေ့တွင် ဇလွန်မြို့၌ ချင်းတောင်အကြောင်း ဟောပြောမှုဖြင့် သခင်အောင်ဆန်းကို ဖမ်းရန် ၀ရမ်းထုတ်ခဲ့သည်။
သြဂုတ်လ(၈)ရက်တွင် သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိသော သင်္ဘောဖြင့် ဗမာပြည်မှ တရုတ်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခွာသွားသည်။
သြဂုတ်လ(၂၄)ရက်နေ့တွင် တရုတ်ပြည် အမွိုင်မြို့သို့ ရောက်သည်။
နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်သည်။

၁၉၄၁ ။ ။ မတ်လ(၃)ရက်နေ့တွင် ရုပ်ဖျက်ပြီး ဗမာပြည်သို့ ပြန်လာသည်။
မတ်လ(၉)ရက်နေ့တွင် ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ် လူငယ်တစုကို တပါတည်း လျှို့ဝှက်စွာ ခေါ်ပြီး ဂျပန်ပြည်သို့ ပြန်ထွက်သွားသည်။
မတ်လ(၂၇)ရက် ဂျပန်ပြည်တိုကျိုမြို့သို့ပြန်လည်ဆိုက်ရောက်သည်။
နိုဝင်ဘာလတွင် ၀ရမ်းပြေးနေရစဉ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။
ဒီဇင်ဘာလ(၂၇)ရက် စနေနေ့ည ၁း၀၀နာရီ အချိန်တွင် ယိုးဒယားပြည် ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် စတင် ဖွဲ့စည်းပြီး လက်မောင်းသွေးဖောက် သောက်ကြသည်။

၁၉၄၂ ။ ။ ဇန်န၀ါရီလ၊ (၁)ရက်နေ့တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို (Burma List) ခေါ် ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်သူတော်စာရင်းတွင် အမှတ်စဉ်(၅)အဖြစ် ကြေငြာခဲ့သည်။
ဇူလိုင်လတွင် ဗိုလ်မှူးကြီး ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
သြဂုတ်လ(၁)ရက်တွင် ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်)မှ ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်)အဖြစ်သို့ ပြောင်းလဲရာတွင် ကာနယ်(ဗိုလ်မှူးကြီး) ရာထူးဖြင့် ဘီဒီအေ တပ်မတော်၏ သေနာပတိ ဖြစ်လာသည်။
စက်တင်ဘာ(၆)ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။
နိုဝင်ဘာလ(၈)ရက်တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာဖြစ် သင်တန်းတွင် “သေနင်္ဂဗျူဟာစစ်ပညာ” အကြောင်း ဟောပြောပါသည်။

၁၉၄၃ ။ ။ (မတ်လ) မေဂျာဂျင်နရယ်(ဗိုလ်ချုပ်)ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။
မတ်လ(၁၇)ရက်တွင် ဒေါက်တာဘမော်နှင့်အတူ ဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်း ခံရပြီး မတ်လ ၂၂ရက်နေ့တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်(Order of the Risingun) ဖြင့် ချီးမြှင့်ခြင်းခံရသည်။
သြဂုတ်လ (၁)ရက်နေ့တွင် ဗမာ့တပ်မတော် စစ်ဦးစီးသေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ (First Class Order of Sacred Treasure) ချီးမြှင့်ခြင်း ခံရသည်။

၁၉၄၄ ။ ။ သြဂုတ်လ (၄)ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်ဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး(ဖဆပလ)ကို ပဲခူးမြို့ ဗမာ့တပ်မတော်တိုင်း(၄)စခန်း၌ လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဗဟိုဦးစီးချုပ်အဖွဲ့နှင့် ဖဆပလ ဗဟိုစစ်ကောင်စီတွင် စစ်ရေးခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။
သြဂုတ်လ(၂၃)ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ပတ်လမ်းနှင့် ဦးမြတ်ထွန်းလမ်းထောင့်ရှိ စစ်ဝန်ကြီးချုပ်ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းသည်။

၁၉၄၅ ။ ။ မတ်လ (၁၇)ရက်တွင် ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်သို့ထွက်ခဲ့သည်။
မတ်လ (၂၇)ရက်တွင် ဖက်ဆစ်ဂျပန်များကို စတင်တော်လှန်သည်။

၁၉၄၆ ။ ။ ဇန်န၀ါရီလ (၂၀)ရက်တွင် ရွှေတိဂုံအလယ်ပစ္စယံ၌ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလညီလာခံတွင် ဖဆပလဥက္ကဌအဖြစ် တင်မြှောက်ခံရသည်။

၁၉၄၇ ။ ။ ဇန်န၀ါရီလ (၂)ရက်တွင် သခင်မြ၊ သတင်တင်ထွဋ် တို့နှင့်အတူ ဘိလပ်သို့ သွားသည်။
ဇန်န၀ါရီလ(၅)ရက် ညနေ(၅)နာရီ(၁၀)မိနစ်အချိန်တွင် အောလ်အိန္ဒိယရေဒီယိုမှနေ၍ ဗမာပြည်သို့ ဟူသော မှာကြားမိန့်ခွန်းကို အသံလွှင့်သည်။
အာရှညီညွတ်ရေးသို့ဟူသော ဗိုလ်ချုပ်၏ အသံသွင်းမိန့်ခွန်းကိုလည်း ထိုနေ့ည ၈း၃၀ နာရီအချိန်တွင် ဒေလီရေဒီယိုမှ အသံလွှင့်သည်။
ဇန်န၀ါရီလ ၁၃ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့ အမှတ်(၁၀) ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။
ဇန်န၀ါရီလ (၂၇)ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးသည်။ တစ်နှစ်အတွင်း မြန်မာပြည်အား လုံးဝလွတ်လပ်ရေးပေးရန်ဟူသော သဘောတူညီချက်ကို ဗိုလ်ချုပ်အောင်ဆန်း၏ စွမ်းဆောင်မှုဖြင့် ရရှိခဲ့ပေသည်။
ဖေဖော်ဝါရီလ (၂)ရက်တွင် ဗိုလ်ချုပ်ဘိလပ်မှ ရန်ကုန်သို့ ပြန်ရောက်သည်။ ၁၇း၁၅ နာရီတွင် မင်္ဂလာဒုံလေဆိပ်တွင် သွားကြိုကြသည်။
ဖေဖော်ဝါရီလ (၄)ရက်တွင် ဗိုလ်ချုပ် ဘိလပ်စာချုပ်အကြောင်း ရေဒီယိုမှ အသံလွှင့်သည်။
ဖေဖော်ဝါရီလ (၆)ရက်တွင် ၁၄း၀၀နာရီတွင် ရန်ကုန်မှ ကားနှင့်ပင်လုံသို့ ထွက်သည်။ ဖြူးတွင် ညအိပ်သည်။ ဗိုလ်အောင်၊ ဗိုလ်မင်းလွင်တို့ကားတွင် အတူလိုက်ပါရသည်။
ဖေဖော်ဝါရီလ (၇)ရက်နံနက် ၆း၀၀နာရီတွင် ကလောမှ ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့သို့ ၁၉း၀၀နာရီတွင် ရောက်သွားသည်။
ဖေဖော်ဝါရီလ (၉)ရက် နေ့လည်ပိုင်းတွင် လူထုဟောပြောပွဲ ဗိုလ်ချုပ်ဟောသည်။
ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀း၀၀နာရီတွင် ဗိုလ်ချုပ်နှင့် ရှမ်း၊ ကချင်၊ ချင်း၊ ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပသည်။ အကြမ်းရေးဆွဲချက်ကို ဝေငှသည်။
ဖေဖော်ဝါရီလ (၁၂)ရက်နံနက် ၁၀း၀၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် (၂၁)ဦးတို့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည်။ နေ့လည် ၁၂း၃၀နာရီတွင် ပြန်ကြသည်။ ကလောတွင် ညအိပ်သည်။ နံနက် ၉း၀၀နာရီတွင် ရှမ်းအမျိုးသားသီချင်းနှင့် အမျိုးသားအလံတင်သည်။
ဧပြီလ(၉)ရက် ၁၈း၀၀နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလသည် မဲအပြတ်အသတ်ဖြင့် အနိုင်ရသည်။
ဇူလိုင်လ(၁၃)ရက် တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေ၍ လူထုသို့ မိန့်ခွန်းပြောကြားသည်။ နောက်ဆုံး မြွက်ကြွားခဲ့သော မိန့်ခွန်းဖြစ်သည်။

၁၉၄၇ ။ ။ ဇူလိုင်လ(၁၉)ရက် စနေနေ့ နံနက် ၁၀း၃၇ မိနစ်ခန့်တွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။
နံနက် ၁၀း၃၇ နာရီတွင် အတွင်းဝန်ရုံးကြီး၌
-ဗိုလ်ချုပ်အောင်ဆန်း
-ဦးဘချို
-ဦးဘ၀င်း
-မန်းဘခိုင်
-မစ္စတာရာဇတ်
-ဦးဘဂျမ်း
-ဦးအောင်ဇံဝေ
-သခင်မြ
-မိုင်းပွန်စောဘွားကြီးစ၀်စံထွန်း တို့သည် ဗမာပြည်ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးနေကြစဉ် စစ်သားယောင်ဆောင်သူများ စက်သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်သည်။ ဦးအောင်ဇံဝေနှင့် ဦးဘဂျမ်းကလွဲ၍ အားလုံးကျဆုံးသည် ဦးဘဂျမ်းသည် လက်ဖျားတွင် ဒဏ်ရာရသည်။ လူသတ်သမားတို့သည် အစည်းအဝေး ခန်းမအတွင်းမှ ပြန်အထွက်တွင် ဦးရာဇတ်၏ သတ်တော်စောင့် ရဲဘော်ကိုထွေးနှင့်တွေ့ဆုံပြီး ရဲဘော်ကိုထွေးအား လူသတ်သမားတို့မှ ပစ်သတ်၍ ရဲဘော်ကိုထွေး ကျဆုံးခဲ့ရသည်။
ထိုည ဦးစောအိမ်ကို ပုလိပ်များ ၀ိုင်းရှာသည်။ လက်နက်များနှင့်ယမ်းတောင့်များ ဖမ်းမိသည်။ ဦးစောနှင့် လူ ၁၉ယောက် သူ၏အိမ်တွင် ဖမ်းမိသည်။ ၁၉ရက်နေ့ ညနေမှာပင် ဗိုလ်ချုပ်နှင့်တကွ အလောင်းများကို ဂျူဗလီဟောသို့ ပို့ဆောင်သည်။ နိုင်ငံတော်ဈာပနအဖြစ် စီမံမည်။ တလ ထားမည်ဟု ဆုံးဖြတ်သည်။ မကြုံဘူးသော လူထုကြီးကို တွေ့ရသည်။ တမြို့လုံး ယာဉ်အသွားအလာမရှိ၊ ရုပ်ရှင်ပွဲနှင့် ဆိုင်များအားလုံး လူမျိုး၊ ဘာသာမရွေး ပိတ်သည်။

ဗိုလ်ချုပ်ဟာ ကျနော်တို့တွေရဲ့ ရင်ထဲမှာ အမြဲတမ်းရှင်သန်ဆဲပါ။

ပြည့်စုံ

Saturday, February 9, 2008

အဖေ



ကိုမောင်ရင်ရဲ့ ဒီသီချင်းလေးအပေါ် ဆင့်ပွားခံစားပြီး ရေးထားတဲ့ အဖေ... ကို ဖတ်ကြည့်ရင်း နားထောင်ကြည့်ရင်တော့ တော်တော် အဓိပ္ပါယ်ပြည့်စုံနိုင်မယ် ထင်ပါတယ်။


Friday, February 8, 2008

အစိုးရဆိုတာ



အဆိုးဆုံး အစိုးရဆိုတာ....
ပြည်သူလူထုက ရွံရှာ၊ မုန်းတီးတဲ့အစိုးရ၊

ဒီထက် နည်းနည်းကောင်းတာက
ပြည်သူလူထုက ကြောက်တဲ့အစိုးရ၊

ဒီထက်ပိုပြီး ကောင်းတာကတော့
ပြည်သူလူထုက ချီးမွှမ်းတဲ့ အစိုးရ၊

အကောင်းဆုံးကတော့
ပြည်သူလူထုက ရှိမှန်းတောင်မသိတဲ့ အစိုးရ၊

ကျမတို့ အိမ်တအိမ်မှာဆိုရင်
အမေလိုပေါ့။
အမေရှိမှန်းတောင် သတိမထားမိဘူး။

စားချိန်တန် စားရတယ်
ဝတ်ချိန်တန် ၀တ်ရတယ်
အားလုံးအဆင်သင့်ပဲ
အဲ့သလို ဖြစ်နေရမယ်...
နားလည်ထားရမယ်...။

ဒေါ်အောင်ဆန်းစုကြည်
အဖွဲ့ချုပ်ရုံး-မြင်းခြံ (၃.၁၁.၈၈)

*** *** ***


ပြည့်စုံ ဘလော့ဂ်ကနေ ပြန်လည်မျှဝေတာပါ။

Thursday, February 7, 2008

သူငယ်ချင်းကို အကြောင်းပြု၍



ဒီနှစ်ပိုင်း ကျန်းမာရေး သိပ်မကောင်းသလိုပဲ။ ညဥ့်နက်မှ အိပ်ဖြစ်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း "ဒီညတော့ ငါ စောစော အိပ်မယ်... ည ၁၀ နာရီဆို အိပ်မယ်"လို့ အလုပ်မှာ အမြဲလို တွေးထားတတ်ပေမဲ့ အိမ်ပြန်ရောက်ရင်တော့ ဟိုလုပ်၊ ဒီလုပ်၊ ဟိုယောင်၊ ဒီယောင်နဲ့ ည ၁ နာရီမှ အစောဆုံး အိပ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုလည်း ဘယ်လိုမှ ဆုံးမလို့မရ။ ဒီလိုနဲ့ အမြဲလို သွေးအားနည်းနေတတ်ပြီး ထစ်ခနဲရှိ အအေးမိပြီး ဖျားချင်တတ်တာ အရင်ကထက်စာရင် ပိုများလာသလိုပဲ။ လူက နည်းနည်းလေးမှ အပင်ပန်းမခံနိုင်သလိုဖြစ်နေတယ်။ ဒါလည်း ခုချိန်ထိတော့ ကျွန်မ အမှတ်မရှိသေးပါဘူး။

ဟိုရက်က ကျွန်မရေးထားတဲ့ ကျွန်မသူငယ်ချင်း တစ်ယောက် ဒီကို ၁ ပတ်ဆိုပြီး အလည်လာတာ စလုံးက မြန်မာအများစု ပြည်တော်ကို အလည်ပြန်နေကြချိန်နဲ့ တိုက်နေတော့ သူ့မှာ လေယာဉ်ရက်ချိတ်လို့ မရ။ ဒါနဲ့ ၁ ပတ်ပဲ နေမယ် ဆိုတာကနေ ၂ ပတ်ထိ နေဖြစ်သွားတယ်။ ခု ဒီပို့စ် ကျွန်မ ရေးနေချိန်ထိ သူမပြန်ဖြစ်သေး။ လည်လို့ ပတ်လို့ ကောင်းနေတုန်းပင်။

အဲဒီသူငယ်ချင်းကလည်း တကယ်ကို ကမ္ဘာလှည့် ခရီးသွား လုပ်သင့်ပါတယ်။ သူ ဒီကို စရောက်ထဲက ၁ ရက်မှ မနားသေးသော်လည်း ရုံးဆင်းချိန်တွေမှသာ သူနဲ့အတူ လျှောက်သွားဖြစ်တဲ့ သူငယ်ချင်းတသိုက်ကတော့ ၂ ရက်၊ ၃ ရက် လောက်လည်း ဆက်တိုက် လျှောက်သွားမိရော အပင်ပန်းလွန်လို့ တစ်ယောက်ပြီး တစ်ယောက် ဖျားနာကြတာ ခုဆို ကျွန်မအလှည့်ပဲ ဆိုပါတော့။ သူကတော့ ပန်းပန်လျက်ပါပဲ။ ခုတောင် Sentosa ကို မဖျားသေးတဲ့ သူငယ်ချင်းတွေနဲ့ သွားလည်နေလေရဲ့။

လွန်ခဲ့တဲ့ ၁ ပတ်ကျော် တနင်္ဂနွေနေ့က ထိုင်းကနေ စလုံးကို သူ လာတယ်။ စ လာထဲက ဒင်းက အရာရာနဲ့ အကြောင်းကြောင်း။ စနေညဘက်မှာ အွန်လိုင်းကနေ သူ စင်္ကာပူအချိန် မနက် ၁၁း၁၅ ရောက်မယ်လို့ ဆိုတယ်။ သူ့သူငယ်ချင်းတွေက ည ၇ နာရီမှ အားကြမှာဖြစ်လို့ လာမကြိုနိုင်ကြပါ၍ Terminal 1 မှာ ဆက်ဆက် လာကြိုပါရန် ကျွန်မကို ပြောတယ်။ ကျွန်မဆိုတဲ့ ငတုံးကလည်း ဘန်ကောက် လေယာဉ်တွေကို မြန်မာလေယာဉ်တွေလို တနေ့မှ ၁ စီး၊ ၂ စီး လောက်ပဲ ခရီးစဉ်ရှိတယ် မှတ်လို့ လေယာဉ်နံပါတ်လည်း မမေးမိပါဘူး။ ညလည်း ၂ နာရီ ကျော်နေပြီဆိုတော့ အိပ်ချင်းမူးတူးနဲ့ အိုကေလို့ ပြောပြီး အိပ်လိုက်တယ်။

မနက်ကျတော့ မောင်လေးကို ခေါ်ပြီး လေဆိပ်သွားဖို့ ပြင်တာပေါ့။ လေဆိပ်မသွားခင် အိမ်က TV မှာ ဘန်ကောက် ခရီးစဉ်တွေ ကြည့်တော့မှ ကျွန်မ စိတ်လေသွားတယ်။ ဘန်ကောက် လေယာဉ်တွေက စင်္ကာပူ Changi Airport မှာ နာရီဝက် တခါ ဆိုက်နေတာပဲ။ အဲဒီထဲမှာ သူပြောတဲ့ နာရီအချိန်မှာ ဆိုက်မဲ့ လေယာဉ်တစင်းမှ မပါ။ ၁၀း၃၅၊ ၁၁း၀၀၊ ၁၁း၄၀၊ ၁၂း၂၀ စသဖြင့် သူပြောတဲ့အချိန် မဟုတ်တဲ့ ကြားချိန်တွေကြီးပဲ။ ဒါပေမဲ့လည်း သွားရမယ့် ၀တ္တရားက ရှိနေတော့ မနက်စာတောင် မစားနိုင်ဘဲ ၁၀ နာရီခွဲလောက် အိမ်က ထွက်ခဲ့တယ်။ သူ့သူငယ်ချင်းတွေ ပြန်ရောက်ချိန် ည ၇ နာရီထိ သူ့ကို ဘယ်ခေါ်သွားရမှန်းမသိ၊ လျှောက်လည်ရမှာလည်း အရမ်းပျင်းတာနဲ့ အိမ်ကိုပဲ ခေါ်လာတော့မယ်ဆိုပြီး အဖေနဲ့ အမေကို ထမင်းချက်ထားဖို့ မှာလိုက်မိသေးတယ်။

ဟိုရောက်တော့ ၁၁ နာရီကျော်လောက်ပေါ့။ မောင်နှမနှစ်ယောက် ဓာတ်ပုံလျှောက်ရိုက်ရင်း သူ ထွက်အလာကို စောင့်နေတယ်။ ၁၂ နာရီခွဲတဲ့ထိ အရိပ်အယောင်တောင် မမြင်ရဘူး။ မောင်လေးကလည်း ပွစိ၊ ပွစိ ပြောလှပြီ။ ဘယ်လေယာဉ်နဲ့ ပါလာမယ်မှန်းလည်း မသိ။ ညတုန်းက လေယာဉ်နံပါတ် မမေးမိတဲ့ ကိုယ့်ကိုယ်ကိုလည်း ဒေါပွနဲ့။ နောက်ဆုံးတော့ ၁၂း၅၀ ကျော်လောက်မှ ဒင်းကို ရိပ်ခနဲ တွေ့လိုက်တယ်။ ဒီတော့မှ ဟင်း ချနိုင်တုန်းရှိသေး။ သူ့ကို လာကြိုတာ ကိုယ် တစ်ယောက်ထဲ မဟုတ်ဘဲ သူ့ရဲ့ ယောက်ျားလေး သူငယ်ချင်း နှစ်ယောက်လည်း လာကြိုနေတာ တွေ့လိုက်တော့ ဟမ်... ပြောတော့ဖြင့် "လာကြိုမယ့်သူ မရှိဘူး။ နင် ပုံမပြောနဲ့နော်။ နင်လာမကြိုရင် ငါ့ခမျာ မျက်စိသူငယ်၊ နားသူငယ်လေးဖြစ်နေမှာ" ဆိုလို့ ဒင်းကို အိပ်ယာက
စောစောစီးစီး ထပြီး လာကြိုရ၊ အကြာကြီးလည်း စောင့်နေရတဲ့အရှိန်နဲ့ ပိတ်ကန်ချင်စိတ် ပေါက်သွားတယ်။

လူကို တွေ့ရလို့ ကျွန်မတို့အုပ်စု လေဆိပ်ကနေ ထွက်လာကြပြီ ထင်ကြရင်တော့ တက်တက်စင်အောင် မှားပါမယ်။ ဘာလို့လဲဆို Duty Free ဆိုင်ကနေ အရက် ၁ ပုလင်း သွားဝယ်ဖို့ သူ့သူငယ်ချင်းတွေက ပြောတာနဲ့ သွားပြေးဝယ်လိုက်သေးတယ်။ ပြီးတာနဲ့ သူ့အိတ်ကို ရှာနေတာ မပြီးတော့ဘူး။ အိတ်ရှာနေရင်း သူ့ပက်စ်ပို့ Duty Free ဆိုင်မှာ ကျန်ခဲ့တာကို သတိရသွားပြီး သွားပြေးရှာပြန်ပါတယ်။ ဆိုင်က ပက်စ်ပို့ကို တခြားတစ်ယောက်ကို မှားပေးသလိုလို ဘာလိုလို ပြန်ပြောတော့
မှန်ကြီးခြားထားတဲ့ သူရှိရာနေရာကိုလည်း ဘယ်သူမှ သွားလို့မရနဲ့ အကုန်လုံး ခေါင်းမီးတောက်ကုန်တယ်။ နောက်တော့ သူ အထဲမှာ တာဝန်ရှိ ၀န်ထမ်းတစ်ယောက်နဲ့ ဟိုလျှောက်သွား၊ ဒီလျှောက်သွားလုပ်နေတာ လှမ်းမြင်ရတယ်။

နည်းနည်းကြာတော့မှ အပြင်ဘက်က ခရီးသည်တွေကို အကူအညီပေးတဲ့ ကောင်တာမှာ သူ့ပက်စ်ပို့ ရောက်နေတယ်ဆိုတာ သိရတယ်။ ဒါနဲ့ အားလုံး စိတ်အေးသွားရပြီး သူလည်း သူ့အိတ် သူဆက်ရှာတယ်။ ကျွန်မလည်း ခုမှ တွေ့ဖူးတဲ့ သူ့သူငယ်ချင်းတွေနဲ့ လေပေါရင်း စောင့်နေကြတယ်။ သူ စင်္ကာပူကို စရောက်ထဲက အရာရာနဲ့ အကြောင်းကြောင်းလို့ ဆိုတဲ့အတိုင်း သူ့အိတ်က ဘန်ကောက်လေဆိပ်မှာ ကျန်ခဲ့ပါတယ်တဲ့။ လူတွေ၊ အိတ်တွေများလွန်းလို့ ကျန်ခဲ့တာလို့ လေယာဉ်ကုမ္ပဏီက ဆိုပါတယ်။ ညနေကျရင် အိမ်တိုင်ရာရောက် လာပို့ပေးမယ်လို့ ပြောတယ်။ အဲဒီတော့မှ သူလည်း ထွက်လာတော့တယ်။ ကောင်တာမှာ သူ့ပက်စ်ပို့ကို ရွေးယူပြီး City Hall ကို ထွက်လာကြတော့ ညနေ ၃ နာရီ ကျော်နေပါပြီ။

အဲဒီက အင်းလေးမှာ မနက်စာနဲ့ ညနေစာကို တပေါင်းထဲ စားကြရင်း သူနဲ့တွေ့ဖို့ စလုံးရောက်နေတဲ့ မှော်ဘီက သူငယ်ချင်းတွေကို လက်လှမ်းမှီသလောက် ဖုန်းဆက်ခေါ်ပေးလိုက်ပါတယ်။ ပြီးတာနဲ့ ကျွန်မ အိမ်ပြန်မယ်ဆိုတော့ "နင်က တခါတလေလည်း ငါ လာလည်တာကို..." လို့ စကားစလိုက်တာနဲ့ အိမ်ပြန်ပြီး အိပ်မယ့် ကျွန်မရဲ့ အစီအစဉ်ကလည်း အလိုလိုနေရင်း ပျက်သွားတယ်။ ဒါနဲ့ လူစုံအောင် စောင့်နေရင်း ကျွန်မ ညီမကိုပါ လှမ်းခေါ်လိုက်တယ်။ အဲဒီမှာတင် လျှောက်လိုက်ရတဲ့ လမ်းတွေဆိုတာ မပြောပါနဲ့တော့။ နယ်ခံ ကျွန်မတို့တတွေကလည်း ဒီကျဉ်းမြောင်းလှတဲ့ စင်္ကာပူက နေရာတွေကို အရမ်းကျွမ်းကျင်ကြတာဆိုတော့ တောင်သွားရင်၊ မြောက်ရောက်ပြီး အရှေ့သွားရင် အနောက်ရောက်ပါတယ်။ ဒီလိုနဲ့ ဖိနပ်အမြင့်ကြီး စီးပြီး ပဲများလာတဲ့ ကျွန်မ တော်တော် အထိနာသွားတယ်။ နောက်ဆုံး မြို့ထဲ လမ်းမတွေမှာ ဖိနပ်ချွတ်ပြီးတော့ကို လမ်းလျှောက်ရတော့တာပဲ။ ကျွန်မတို့ မောင်နှမ အိမ်ပြန်ရောက်တော့ ည ၂ နာရီ ကျော်။

လူက တော်တော်ကို ဟိုက်နေပြီ။ မနက်လည်း ၇ နာရီလောက် ထပြီး အလုပ်သွားရဦးမယ်ဆိုတော့ အိမ်ရောက်တာနဲ့ တန်းအိပ်ရတာပဲ။ မနက်ကျတော့ လူတကိုယ်လုံး ကိုက်ခဲလို့။ ဒါနဲ့ အလုပ်ထဲမှာ ငိုက်လိုက်၊ မှိန်းလိုက်နဲ့ ညနေ ၆ နာရီထိုးတော့ OT လည်း ဆက်မလုပ်တော့ဘဲ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ East Coast ကမ်းခြေဘက်ကို ထွက်လာခဲ့တယ်။ အဲဒီမှာလည်း အလုပ်ကနေ လာရတဲ့လူတွေက ချိန်းထားတဲ့ ညနေ ၆ နာရီခွဲမှာ ရောက်နေကြပေမယ့် ကိုယ်တော်ချောနဲ့ ကျွန်မမောင်လေးအုပ်စုကတော့ ရောက်မလာကြသေးပါဘူး။ လေတွေကတိုက်၊ မနေ့က ပင်ပန်းတဲ့အရှိန်နဲ့ ဖျားချင်သလိုလိုဖြစ်နေတဲ့ကြားထဲ သူတို့ကို ၁ နာရီခွဲလောက် စောင့်လိုက်ရတော့ သူ ရောက်လာတာနဲ့ စိတ်ဆိုးမယ်မှ မကြံရသေးဘူး "သူငယ်ချင်းကလည်း တခါတလေလေး ငါက လာလည်တာကို နင်က ငြိုငြင်တာလား" ဆိုတာနဲ့ အော်ငေါက်ချင်စိတ်ကို မြိုချလိုက်ရတယ်။ ကျွန်မတို့ သူငယ်ချင်းတတွေမှာ တခုခုဆို "နင်က ငြိုငြင်တာလား"လို့ ပြောလိုက်တာနဲ့ ဘယ်သူမှ စောဒကမတက်၊ အပြစ်မတင်ကြတော့တဲ့ အကျင့် ရှိကြတယ်ဆိုတော့ ထုံးစံအတိုင်း ငြိမ်နေလိုက်ရတာပေါ့။ ဒါနဲ့ပဲ အဲဒီညကလည်း အိမ်ကို ၁ နာရီကျော်မှ ပြန်ရောက်တယ်။ မနက်ကျတော့ အလုပ်မသွားနိုင်တော့ဘူး။ ကျွန်မအဖေကတော့ ကျွန်မတို့ကို စိတ်ဆိုးပြီး စကားကို မပြောဘူး။

အလုပ်မသွားရလို့ အေးဆေး အနားယူပြီး အိပ်ရမလား မှတ်တယ်။ မနက် ၁၀ နာရီကျတော့ ဒင်းက အိမ်ကို ရောက်လာပြီး Sentosa သွားမယ် လုပ်ရော။ Sentosa သွားရင် အရမ်းပင်ပန်းမှာ ကျွန်မ သိနေတော့ Sentosa တော့ သူငယ်ချင်းတွေအားလုံး အားတဲ့နေ့မှ သွားကြမယ်လို့ ပြောပြီး ကျွန်မလည်း မရောက်ဖူးသေးတဲ့ Snow City ကို သွားကြတယ်။ Snow City ဆိုတာ -7 ဒီဂရီရှိတဲ့ အအေးခန်းလေး တခုပါပဲ ဆိုတာ ၁ ယောက်ကို $S15 ကုန်ပြီးချိန်မှ သိတယ်။ နောက်တော့ Singapore Science Centre ထဲ ၀င်ကြည့်ရင်း အေးလိုက်၊ ပူလိုက်ဖြစ်တဲ့ အကျိုးဆက်အနေနဲ့ ကျွန်မ ခေါင်းတွေ ထိုးကိုက်လာတာပါပဲ။ သူတို့ မြို့ထဲကို ဆက်သွားကြတော့ ကျွန်မ မလိုက်တော့ဘဲ အိမ်ပြန်လာတယ်။ နောက်တနေ့ သူ မလေးရှားသွားလည်မှပဲ ကျွန်မတို့လည်း အနားရတော့တယ်။

အဲဒီလိုနဲ့ အလုပ်လည်း တရက်ပျက်ပြီး OT တွေလည်း မလုပ်ဖြစ်ပေမယ့် ပင်ပန်းတဲ့အရှိန်တွေကတော့ မရပ်နိုင်ဘဲ နောက်ဆုံး ချောင်းဆိုး၊ ကိုယ်ပူပြီး နေမကောင်းတဲ့အဆင့်ကို ရောက်တော့တာပါပဲ။ ဖျားဖျားချင်း ညကဆို တညလုံး ငြီးနေလို့ သရဲကြောက်တတ်တဲ့ ကျွန်မညီမက ကျွန်မကို ကြောက်လို့တဲ့။ တော်တော် ချီးကျူးဖို့ကောင်းတဲ့ ညီမ။

တရုတ်နှစ်ကူး ရုံးပိတ်ရက်တွေမှာ သူများတွေ အကျိုးရှိရှိနဲ့ အားရပါးရ ပျော်နေကြပေမယ့် ကျွန်မမှာ အတောမသတ်နိုင်အောင် ချောင်းဆိုးနေပြီး စောင်ခြုံထားရင် အိုက်လွန်းလို့ ချွေးတွေထွက်ပြီး မနေနိုင်၊ မခြုံဘဲ နေပြန်ရင်လည်း ချမ်းစီးစီးနဲ့ ဘာမှန်းမသိတဲ့ ရောဂါမျိုးစုံနဲ့ အိပ်ယာပေါ်မှာ အထီးကျန်လို့။ ဓာတ်ပုံရိုက် ၀ါသနာအိုး ကျွန်မ စိတ်မကောင်းဆုံးကတော့ China Town က မီးပုံးတွေကြားမှာ၊ Sentosa က ပန်းအလှပြိုင်ပွဲမှာ ဓာတ်ပုံသွားမရိုက်ဖြစ်တော့တာကိုပါပဲ။:D နောက်ပြီး တခါမှ မရောက်ဖူးသေးတဲ့၊ အရမ်းလည်း သွားချင်နေတဲ့ Pulau Ubin ကို သွားမယ့်အစီအစဉ်လည်း ဖျက်လိုက်ရတယ်။ ချောင်းဆိုးတာကလည်း တော်ရုံဆို မပြောပါဘူး။ ခုဟာက လည်ချောင်းက နာလည်း နာ၊ ယားလည်း ယား၊ လူလည်း မော၊ ချောင်းဆိုးလိုက်တိုင်း ဗိုက်ကြောတွေကနာ၊ ချောင်းမဆိုးချင်ဘူးဆိုပြီး အောင့်ထားလို့လည်း မရနဲ့ တော်တော်ဆိုးရွားတဲ့ ဝေဒနာပဲ။ ချောင်းဆိုးရမှာ သေလောက်အောင် ကြောက်တဲ့ ဝေဒနာ ခံစားရင်း ခုတော့ ပို့စ်တွေ ဆက်တိုက်ရေးဖို့ စိတ်ကူးထားတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Wednesday, February 6, 2008

သို့... ကိုနေဘုန်းလတ်



ကိုနေဘုန်းလတ်
သို့...

လော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံး ကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလို အချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလော့ဂ်ဂါရပ်ဝန်းက သူငယ်ချင်းတွေ၊ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ်… ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ… ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ… ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ...။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလော့ဂါရပ်ဝန်းမှ ညီအကို၊ မောင်နှမ အားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*