Thursday, May 31, 2007

ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၁)



ပြီးခဲ့တဲ့ လတွေက ကျွန်မ ကိုကြီးစေးထူးရဲ့ "ကျနော် ပေါ်တာအထမ်းသမား" ဆိုတဲ့ပို့စ်ကို ဖတ်ပြီး အတွေးတချို့ ၀င်ခဲ့တယ်... ကျွန်မ သိသလောက် တိုင်းရင်းသားတွေရဲ့ဘ၀ကို ပြည်မက ဗမာတွေ တကယ်ကို မသိခဲ့ကြပါဘူး.. ပြည်ပမီဒီယာတွေက ပြောကြတဲ့အခါ ဒါဟာသက်သက်ဝါဒ ဖြန့်ချိမှုအနေနဲ့သာ လူတော်တော်များများ လက်ခံထားကြတယ်... ဒီလောက်ဆိုးရွားတဲ့ လူအချင်းချင်း နိုင်ထက်စီးနင်းပြုမှုတွေ မရှိနိုင်ဘူးလို့ ယုံကြည်ထားကြလို့ ဖြစ်နိုင်ပါတယ်... တကယ်ရှိခဲ့တဲ့အဖြစ်တွေ ဆိုဦးတော့ မီဒီယာတွေက တမင်ချဲ့ကား ပြောဆိုတာလို့ အထင်ရောက်ကြပါတယ်... တကယ်တော့ နယ်စပ်ဒေသက တိုင်းရင်းသားတွေအနေနဲ့ လူအချင်းချင်း နှိပ်စက်ညှင်းပန်းမှုတွေ၊ နိုင်လိုမင်းထက်ပြုမူမှုတွေကို ခုချိန်ထိ ပြည်မဒေသက လူမျိုးတွေထက် ပိုပြီးအဆအများစွာ ခံစားခဲ့ရ၊ ခံစားနေရတုန်းပါ... အဲဒါကို လူတွေသိအောင် ကျွန်မ ပြောပြချင်စိတ် ဖြစ်လာတယ်... တနေ့ နည်းနည်းချင်း ကျွန်မရေးတတ်သလို ပြောပြတာပေါ့နော်...

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျွန်မအဖေဟာ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်နဲ့ ၁၂ မိုင်ကျော် ဝေးတဲ့ လောပိတရေးအားလျှပ်စစ်စက်ရုံမှာ တာဝန်ကျခဲ့တယ်... အဲ့ဒီစက်ရုံတည်ရှိရာ လောပိတကျေးရွာအုပ်စု၊ လောဓလေးကျေးရွာမှာ ၁၀ စုနှစ် ၁ စုနီးပါး ကျွန်မတို့ နေခဲ့ကြရတယ်... ကယား၊ ကရင်၊ တောင်ရိုးလူမျိုးအချို့နဲ့ ဗမာတွေ အဲ့ဒီကျေးရွာမှာ နေထိုင်ကြပါတယ်... တချို့က စက်ရုံမှာ အလုပ်သမားအနေနဲ့ ၀င်လုပ်ကြပေမဲ့ သူတို့စားဝတ်နေရေးအတွက် လုပ်ကြတာတော့မဟုတ်ဘူး... သူတို့ရဲ့ အဓိက အသက်မွေးဝမ်းကြောင်းအလုပ်ကတော့ တောင်ယာလုပ်ငန်းပေါ့... ၀န်ထမ်းဖြစ်ရင် ၀န်းထမ်းအိမ်ရာမှာ နေခွင့်ရတော့ ရေ၊ မီးအတွက် အဆင်ပြေလို့သာ စက်ရုံမှာ အလုပ်လုပ်ကြတာပါ... ပြောလို့ပြောတာ မဟုတ်ဘူး... ဘီလူးချောင်းကြီးလည်းရှိ၊ မြန်မာတစ်နိုင်ငံလုံးကို မီးပေးနေတဲ့ စက်ရုံကြီးလည်း ရှိတဲ့ အဲ့ဒီရွာမှာ ရွာသားတိုင်း ရေ၊ လျှပ်စစ်မီး ရကြတာမဟုတ်ဘူး... ဒီလိုပြောတော့ အံ့ဩသွားကြမလား မသိဘူး... တကယ်ပါ ပဒေါင်းကုန်းမှာ နေကြတဲ့ ကယားလူမျိုးတွေက ညနေစောင်းဆို ရေပီပါကြီး အလျားလိုက်တင်ထားတဲ့ နွားလှည်းကြီးနဲ့ ကျွန်မတို့နေတဲ့ အရာရှိဝန်ထမ်းအိမ်ရာ လမ်းမကြီးကို ဖြတ်ပြီး ရွာထိပ်ဘက်မှာ ရေသွားသွားခပ်ကြရတယ်... ကျွန်မတို့ ၀န်ထမ်းအိမ်တွေမှာတော့ မနက် ၇နာရီတစ်ကြိမ်၊ နေ့လယ် ၁၁နာရီ တစ်ကြိမ်၊ ညနေ ၄နာရီမှာ တစ်ကြိမ် ပုံမှန်ရေလွှတ်ပေးတော့ ကျွန်မတို့အတွက်က အဆင်ပြေပါတယ်... တကယ်ဆို ကျွန်မတို့နေတဲ့ တိုက်ကုန်း (အရာရှိတွေနေတဲ့ တိုက်အစုအဝေး နေရာကို ခေါ်ကြတာပါ...) နဲ့ ကယားလူမျိုးတွေနေတဲ့ ပဒေါင်းကုန်းက ကပ်ရက်ပါ... အဲ့ဒီတော့ ကျွန်မ တခါတခါ စဉ်းစားမိတယ်... သူတို့အတွက် ဘာလို့ ရေပိုက်သွယ်တန်းမပေးကြတာလဲလို့...

တောထဲ၊ တောင်ထဲမှာ လျှပ်စစ်မီး ထိန်ထိန်နဲ့ ကျွန်မတို့ နေခဲ့ရပေမဲ့ ကယားလူမျိုး ရွာသားတွေကတော့ ခရမ်းချဉ်သီးသာသာ ရှိတဲ့ မီးလုံးလေး တလုံးပဲ ထွန်းခွင့်ရှိတယ်... ဒါတောင် ကျွန်မတို့ လမ်းမီးတိုင်ဘက်က သူတို့ယူထားရတာပါ... လမ်းမီးတိုင်ဆိုမှ ပြောရဦးမယ်... နိုင်လွန်ကတ္တရာလမ်းတွေကလည်း တိုက်ကုန်းနဲ့ စက်ရုံသွားရာ လမ်းတောက်လျှောက်သာ ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်နေတာ... တိုက်ကုန်းအဆုံး ပဒေါင်းကုန်း အစမှာတင် မာကျူရီလမ်းမီးတိုင်ရော၊ နိုင်လွန်ကတ္တရာလမ်းကြီးရော တိတိရိရိ အဆုံးသတ်ထားပါတယ်... ဟိုဘက်မှာတော့ မြေနီလမ်းကြမ်းနဲ့ ညဘက်ဆို လမ်းမီးတိုင်မရှိ မှောင်နဲ့မဲမဲ ပဒေါင်းကုန်းလို့ ခေါ်ကြတဲ့ လေးအိမ်စုအိမ်တန်းလေးတွေပေါ့... အလွန်ရိုးသားတဲ့ တောင်ပေါ်တိုင်းရင်းသားတွေကို အဲ့ဒီမှာ တာဝန်ကျလို့ နေနေရတဲ့ ကျွန်မတို့ ၀န်ထမ်းမိသားစုတွေ တော်တော်မျက်နှာပူရတဲ့ အဖြစ်ပါ...

ကျွန်မတို့ အဲ့ဒီမှာ နေခဲ့တဲ့နှစ်တွေမှာ မီးပျက်တယ်ဆိုတာ မရှိခဲ့ပါဘူး... မှတ်မှတ်ရရ တစ်ခါလားပဲ ၂ မိနစ်လောက် မီးပျက်ဖူးတယ်... အဲ့ဒီတုန်းက မီးပျက်တာကို တခါမှ မတွေ့ကြုံရဖူးသေးတဲ့ ကျွန်မတို့ ကလေး တသိုက် ပျော်ရွှင်စွာ ထခုန်ခဲ့ကြဖူးပါတယ်... တခါမှ မီးမပျက်တဲ့ရွာမှာ နေခဲ့ရလို့ ကျွန်မတို့ကို အခွင့်ထူးခံ လူတန်းစားလို့ မယူဆလိုက်ပါနဲ့နော်... မြန်မာတစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ ဒေသမှာ မီးကတော့ မပျက်သင့်ဘူး မဟုတ်လား... ဒါပေမဲ့ အခုတော့ လွိုင်ကော်မြို့မှာလည်း မီးပျက်တတ်နေပြီလို့ ကြားရတယ်... လူဦးရေ များပြားလာတာနဲ့ အမျှ လောပိတစက်ရုံက ထုတ်နိုင်တဲ့ လျှပ်စစ်ဓာတ်အား 168 MW (အဲ့ဒီတုန်းကတော့ မြန်မာပြည်မှာ MW အများဆုံးထုတ်နိုင်တဲ့ တခုတည်းသော စက်ရုံပါ...ခုတော့ ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံက လောပိတထက် MW ပိုထုတ်နိုင်ပါတယ်...)လေးနဲ့တော့ မြန်မာနိုင်ငံကြီး မီးမလင်းနိုင်သေးပါဘူး...

s0wha1

ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၂)
ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၃)

Wednesday, May 30, 2007

ဘလော့ဂ်ရေးရခြင်း အကြောင်းရင်း



ဘလော့ဂ်ဆိုတာ ကြားဖူးနေတာ ကြာပါပြီ... ဒါပေမဲ့ ကျွန်မ လုံးဝ စိတ်မ၀င်စားခဲ့ဘူး... Friendster ထဲမှာ လူတွေ ဘလော့ဂ်ကြတာကို နှစ်နဲ့ ချီပြီး မြင်ခဲ့၊ ကြားခဲ့ပေမဲ့ ကျွန်မ ပျင်းလို့ ဘယ်သူ့ ဘလော့ဂ်မှ သွားမဖတ်ခဲ့ပါဘူး... စာဖတ်ရတာ ၀ါသနာပါပေမဲ့ ကျွန်မကတော့ ဒီလို အင်တာနက်မှာကွန်ပျူတာကြီးနဲ့ ထိုင်ဖတ်နေရတာတော့ ဘယ်လိုမှ ခံစားလို့ မရဘူး... အေးအေးလူလူနဲ့ ကိုယ့်အိပ်ရာပေါ်မှာပဲ သက်တောင့်သက်သာနေပြီး စာဖတ်ရတာပဲကြိုက်တယ်... အဲ့ဒီတော့ ကျွန်မစိတ်ဝင်စားတဲ့ သတင်းဂျာနယ်တွေကို သွားဖတ်တာကလွဲရင် အင်တာနက်မှာ စာဖတ်တာရှားတယ်...

အရင်ဆုံး ကျွန်မ စဖတ်ဖြစ်တဲ့ ဘလော့ဂ်ကတော့ မမေဓာဝီ ရဲ့ "တကယ်ချစ်တယ်ဆိုရင်"ဆိုတဲ့ ပို့စ်လေးပါ... မလေးရှားက သူငယ်ချင်း တစ်ယောက်က ကျွန်မဖတ်ဖို့ ဒုတိယအကြိမ် လင့်ခ်ပေးလို့ သူ့ကို အားနာပြီး သွားဖတ်ဖြစ်တယ်... ဖတ်ပြီးတဲ့အချိန်မှာတော့ စောစောစီးစီး လာမဖတ်မိလေခြင်းဆိုပြီး ကျွန်မ နောင်တရမိပါတယ်... ဒါနဲ့ မမေဘလော့ဂ် မှာ တင်ထားသမျှ ပို့စ်တွေ ကျွန်မ ဖတ်ပါတော့တယ်... August, September လောက်ထဲက မမေ ရေးထားတဲ့စာတွေကို December ကျမှ အမှီ လိုက်ဖတ်ရတာ လွယ်တော့မလွယ်ပါဘူး... ဒါပေမဲ့ တခုခုကို စိတ်ဝင်စားရင် မထတမ်း ပြီးအောင် လုပ်တတ်တဲ့ ကျွန်မအကျင့်အတိုင်း အချိန်ရတိုင်း ဖတ်၊ ကွန်ပျူတာမှာ မဖတ်ချင်ရင် ပရင့်ထုတ်ပြီး ဖတ်နဲ့ လုပ်လိုက်တာ နှစ်ရက်၊ သုံးရက်လောက်နဲ့ စာတွေ အကုန်ဖတ်ပြီးသွားတယ်...

မမေစာတွေ ဖတ်စရာကုန်တာနဲ့ ကျွန်မ ဘာဆက်လုပ်လဲဆိုတော့ မမေရဲ့ဘလော့ဂ်မှာရှိတဲ့ (အဲ့ဒီတုန်းက) တခုတည်းသော ဘလော့ဂ်လင့်ခ် ဖြစ်တဲ့ ကိုကြီးကလိုစေးထူး ဘလော့ဂ်ကို ဆက်ဖတ်ပါတယ်... နောက်ဆုံးတော့ မမေနဲ့ ကိုကြီးစာတွေ အကုန်ဖတ်ပြီးသွားချိန်မှာ ကျွန်မ စိတ်ထဲ သူတို့နဲ့ တော်တော်ရင်းနှီးသလို ခံစားရတယ်... အဲ့ဒီချိန်ထိ သူတို့ ဘလော့ဂ်တွေမှာ ကွန်မန့်ရေးတာတွေ၊ စီဘောက်မှာ နှုတ်ဆက်တာတွေ ကျွန်မ မလုပ်ခဲ့ဘူး... ကျွန်မကိုယ်၌က စာသာဖတ်ချင်ပြီး စာမှမရေးချင်ခဲ့တာ... စာမရေးချင်ဘူးဆိုတာကလည်း မရေးတတ်လို့ မရေးချင်တာပါ... တခြားအကြောင်းတော့မရှိပါဘူး...

ဒီလိုနဲ့ တရက်မှာတော့ အကြောင်းတခုကိုပြောရင်း ကိုကြီးစေးထူးနဲ့ Gtalk မှာ chat ဖြစ်ပြီး ခင်သွားတယ်... ကိုကြီးနဲ့ စကားပြောဖြစ်လို့ ရက်ပိုင်းပဲ ကွာတယ်... မမေနဲ့လည်း စကားပြောဖြစ်သွားတယ်...ကျွန်မအတွက်ကတော့ သူတို့စာတွေ ဖတ်ရင်း သူတို့ကို စိတ်ထဲက သိနေတော့ အချိန်တိုအတွင်း ခင်မင်ဖြစ်တာ မထူးဆန်းပါဘူး... တကယ်ဆို ကျွန်မတို့ စကားစပြောဖူးတာ တစ်လကျော်ကျော်လောက်ပဲ ရှိပါသေးတယ်... ဒါပေမဲ့ ကျွန်မကတော့ သူတို့ကို အရမ်းချစ်တယ်...

လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာတော့ ကိုကြီးစေးထူးက ကျွန်မကို ဘလော့ဂ်ရေးဖို့ တိုက်တွန်းပါတယ်... အမှန်တော့ မြှောက်ပေးတာပေါ့လေ... အဲ့ဒီချိန်ထိ ဘလော့ဂ်လုပ်ဖို့ ကျွန်မ စိတ်မ၀င်စားသေးပါဘူး... ကိုယ့်ကိုယ်ကို စာရေးမကောင်းမှန်းသိလို့ပါ... နောက်တော့ ဘလော့ဂ်လုပ်ဖို့ ဒုတိယအကြိမ် ကိုကြီးက ထပ်ပြောပြန်ပါတယ်... အဲ့ဒီချိန်မှာတော့ ကျွန်မ ဘလော့ဂ်လုပ်ချင်စိတ်ပေါက်လာပြီ... ဒါနဲ့ ကိုကြီး မြှောက်ပေးတဲ့အကြောင်းကို မမေကို ကျွန်မ ပြောပြတော့ လုပ်ပေါ့လို့ မမေက ပြောတယ်... ဒါပေမဲ့ ကျွန်မ မစဖြစ်သေးပါဘူး...

ဟိုရက်ကတော့ ကျွန်မတို့ ငယ်စဉ် အဖေတာဝန်ကျလို့ ၁၀နှစ်နီးပါးနေခဲ့ဖူးတဲ့ နယ်စပ်က တိုင်းရင်းသားတွေအကြောင်း မမေကို ပြောပြဖြစ်တယ်... သောကြာသမီး ကျွန်မရဲ့ ရေပက်မ၀င်ပြောနေတဲ့ စကားတွေကို နားငြီးလို့ပဲလား။ အဲ မဟုတ်သေးဘူး ဖတ်ရတာ မူးလာလို့ပဲလားတော့ မပြောတတ်ဘူး... မမေက ညီမလေးရဲ့ ဒီအကြောင်းတွေကို ဘလော့ဂ်ရေးသင့်တယ်လို့ တိုက်တွန်းတာလား၊ မြှောက်ပေးတာလားမသိ ပြောပါတော့တယ်... ဒီအချိန်မှာတော့ ဟုတ်ပြီ၊ ငါသိထားတဲ့ နယ်စပ်က လူတွေရဲ့ဘ၀တွေကို မသိသေးတဲ့လူတွေ သိအောင်
နဲ့ တခြား ကိုယ်ရေးချင်တာလေးတွေ ရေးမယ်ဆိုပြီး စိတ်ကူးရလာတယ်... ဒါနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဘလော့ဂ်အတွက် Register လုပ်လိုက်ပါတယ်... ဒါပေမဲ့ ပျင်းနေတာနဲ့ ဘလော့ဂ်နာမည်သာရှိပြီး ဘာစာမှ မရေးဖြစ်ပါဘူး... ခုတော့ တိုက်တိုက်ဆိုင်ဆိုင် ဒီပဲယင်း ၄ နှစ်ပြည့်လည်းဖြစ်၊ နယုန်လပြည့်နေ့လည်းဖြစ်တဲ့ ဒီနေ့ မေလ ၃၀ရက်မှာ ကျွန်မ ဘလော့ဂ်ရေးခြင်းကို စတင်လိုက်ပါပြီ...

ကောင်းကောင်း၊ ဆိုးဆိုး အပြုသဘောဆန်တဲ့ ဝေဖန်၊ အကြံပေးခြင်းများကို ကြိုဆိုလျက်...

s0wha1

နှောင်ကြိုးမဲ့ သစ်ပင်



သစ်တစ်ပင်သာ ဖြစ်ခဲ့ရင်
အထီးကျန်အတွေး ငါ့မှာ
ပျောက်ဆုံးသွားကောင်းရဲ့...
မကျေလည်တဲ့ မိုးတိမ်ရယ်
ငါ့တစ်ကိုယ်စာ သွန်းဖြိုးပေတော့...
တိတ်ဆိတ်၊ ငြိမ်သက်မှုတွေနဲ့
ငါအသက်ရှုတောင် မ၀ခဲ့ပါဘူး
အဖော်မဲ့ ခံစားချက်
စကားလုံးတွေတောင် မဲ့ခဲ့ပါပြီ...
သံစဉ်ချိုသွေး အကြင်နာစကားတွေလည်း
မကြားယောင်ပြု၊ မုန်းမေ့ပါရစေ...
အတွေးတစု အရင်းပြုလို့
စိတ်ရဲ့အလို လေနှင်ရာလွင့်
ငါလေ လွတ်မြောက်သွားခဲ့ပြီ...

s0wha1
မနက် (30.05.07)

***

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*