ရန်ကုန်ရောက်တော့ ကျွန်မတို့ကျောင်းတွေက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လိုက်ပြတာတွေ၊ ဘာတွေ မရှိတော့ပါဘူး... ရန်ကုန် ပြန်ရောက်လာထဲက ကျွန်မအဖေက နိုင်ငံခြားရောက်နေလေတော့ ကျွန်မအမေကလည်း သားသမီး ၅ ယောက်နဲ့ လုံးလည်လိုက်နေပြီး ကျွန်မတို့ကို ဘယ်မှ လိုက်မပို့နိုင်ဘူး... ကျွန်မစိတ်ထဲမှာ ဗိုလ်ချုပ်ပြတိုက်တော့ ရောက်ဖူးသင့်တယ်လို့ အမြဲတွေးနေမိတယ်... ၁၀ တန်းနှစ် ရောက်တဲ့ချိန်မှာ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းတဲ့ ရွှေဘုံသာလမ်း လမ်းဘေးဆိုင်တွေကနေ ဗိုလ်ချုပ်ပိုက်ဆံတွေ ၀ယ်ထားလိုက်ပါတယ်။ ငယ်ငယ်က ကျွန်မ နေ့တိုင်းနီးပါး နားထောင်နေကျ ဒေါ်ခင်ညွန့်ရည်ဆိုထားတဲ့ ဗိုလ်ချုပ်သီချင်း တိတ်ခွေကိုတော့ ပြန်ရှာမရတော့ဘူး။ အဲဒီတုန်းက ကျွန်မဆရာတွေကလည်း တက္ကသိုလ်က ဆရာတွေဖြစ်လေတော့ အာပေါင်အာရင်း သန်သန်နဲ့ သမိုင်းကြောင်းတွေကို ပြောပြတတ်ပါတယ်။
အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ကျွန်မအဖွား ပြောပြလေ့ရှိတာက အဲဒီ ၁၉ ဇူလိုင် ၁၉၄၇ နေ့က မိုးတွေ ဖွဲဖွဲရွာနေခဲ့ချိန်တဲ့။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရလို့ ကျဆုံးသွားပြီလို့ သူတို့ ကြားရတဲ့ချိန်မှာ သူတို့ရင်ဘက်ထဲ ဘာမှမရှိသလို ဟာလာဟင်းလင်းကြီးခံစားရတယ်လို့ ပြောပါတယ်။ ပြီးရင်တော့ ၀မ်းပန်းတနည်း ငိုကြတယ်တဲ့။ အဲဒီနေ့က ထမင်းလည်း ဘယ်သူမှ မစားနိုင်ကြဘူး။ အားလုံး တိတ်ဆိတ်ပြီး ဘာမှမလုပ်နိုင်ကြ၊ ဘာစကားမှလည်း မပြောနိုင်ကြတော့ဘူးတဲ့။ သူတို့တွေရဲ့ ၀မ်းနည်းမှုကို ဘာနဲ့မှ ဖော်ပြလို့မရအောင်ကို ခံစားရတယ်လို့ ဆိုပါတယ်။ အဲဒီနေ့က တစ်နိုင်ငံလုံး တိတ်ဆိတ်ငြိမ်သက်သွားတဲ့ နေ့ပါပဲတဲ့။ ပြီးတော့ ဂဠုန်ဦးစောတို့ကို အရမ်းမုန်းပြီး စိတ်ဆိုး၊ ဒေါသထွက်ကြတယ်တဲ့။ နောက်ပိုင်း အမှုစစ်ပြီးချိန် ဦးစောတို့ကို ကြိုးစင်တင်မယ့်နေ့မှာ သူတို့ မိန်းမတွေစုပြီး မစင်နဲ့ သွားပက်ကြမယ်လို့ တိုင်ပင်ကြံစည်ကြတဲ့အထိ မုန်းပါတယ်တဲ့။ ဒါပေမဲ့ ဦးစောတို့ကို မနက်အစောကြီး လူမသိ သူမသိ၊ လူတွေ မနိုးကြသေးတဲ့ချိန်မှာ ကြိုးပေးလိုက်ကြလို့ သူတို့လည်း ဦးစောတို့ကို ကွပ်မျက်တာ မကြည့်လိုက်ရဘူးတဲ့။
ကျွန်မ ၁၀ တန်းအောင်ပြီး မြို့ထဲတွေ သွားတတ်၊ ဘတ်စ်ကားတွေ စီးတတ်လာတော့ ဗိုလ်ချုပ်ပြတိုက်ကို ရောက်အောင်သွားခဲ့တယ်။ ကျွန်မတစ်ယောက်ထဲတင် သွားတာ မဟုတ်ဘူး။ ညီမလေးနဲ့ မောင်လေးကိုပါ ခေါ်ပြီးသွားခဲ့တယ်။ သူတို့လည်း ရောက်ဖူးသင့်တယ် ထင်တယ်လေ။ ဗိုလ်ချုပ်ပြတိုက်ကလည်း သွားချင်တိုင်း သွားလို့ ရတာမဟုတ်ဘူး။ ကျွန်မသိသလောက် တစ်နှစ်လုံးမှ အာဇာနည်နေ့တစ်ရက်ပဲ ဖွင့်တာ... အဲဒီရက်ကို ရောက်အောင် စောင့်နေပြီး ကျွန်မတို့ မောင်နှမ သုံးယောက် ထွက်ခဲ့တယ်။ ဟိုရောက်တော့ တခြားလာကြည့်တဲ့လူတွေလည်း ရှိပါတယ်။ ကျွန်မက လူတွေ လာပါ့မလားလို့ စိတ်ပူခဲ့သေးတယ်။ လမ်းတောက်လျှောက်မှာလည်း ကြက်ခြေနီ၊ မီးသတ်၊ ရဲနဲ့ စစ်သားတွေ အများကြီး... ဗိုလ်ချုပ်ပြတိုက် လာကြတဲ့လူတွေထက်များပါတယ်။ ၀င်ပေါက်ရောက်တော့လည်း စစ်လိုက်တာ စုံလို့၊ ဗိုလ်ချုပ်အိမ်ထဲ ၀င်ခါနီးမှာ ယောက်ျားလေး၊ မိန်းကလေးကို သီးသန့်စီ အခန်းကာပြီး စစ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျွန်မ ရောက်ဖူးချင်တဲ့ ဗိုလ်ချုပ်အိမ်(ရန်ကုန်)ကိုတော့ ရောက်ခဲ့ပြီပေါ့။
အဲဒီတုန်းက အန်တီစု အိပ်ရာကုတင် သေးသေးလေးမြင်တော့ အန်တီစုနာမည်ကို လူအများကြားလောက်အောင် ထပ်ခါထပ်ခါခေါ်ပြီး ညီမလေးတွေကို လူတတ်ကြီးလုပ် ရှင်းပြနေပါသေးတယ်။ ဘေးနားက အစောင့်တွေကို မကြောက်ဘူးဆိုတဲ့ မျက်နှာပေးနဲ့လေ... မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်မအသက် ၁၇ နှစ်... အာဇာနည်ဗိမ္မာန်မှာ အလေးသွားပြုချင်တဲ့ဆန္ဒနဲ့ ဗိုလ်ချုပ်ပြတိုက် (နတ်မောက်) ကိုရောက်အောင်သွားမယ့် ဆန္ဒတွေကိုတော့ ခုထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။
s0wha1
(ကျလွမ်းမျက်ရည်ဝေ့ဝေ့ ဓာတ်ပုံကို မသဒ္ဓါ ဘလော့ဂ်မှ ယူထားပါတယ်...)
တပ်မတော်သားအပေါင်းသို့
3 years ago
4 comments:
ကိုညီညီဘလော့ဂ်မှာ S0wha1 ရဲ့ comment တစ်ခုကို ကျွန်တော် reply လုပ်ဖူးပါသေးတယ်။ ဒီဘလော့ဂ်ကိုတော့ ခုမှ ရောက်ဖူးတယ်။ ရောက်တယ်ဆိုတာနဲ့ အာဇာနည်နေ့အကြောင်း တခမ်းတနားတင်ပြထားတာတွေ့လို့ ဂုဏ်ယူမိတယ်။ မေ့အောင်လုပ်တဲ့လူတွေက လုပ်နေပေမယ့် မမေ့ကြသေးဘူးဆိုတာ သက်သေပြနိုင်တဲ့ အကောင်းဆုံးတင်ပြချက်တွေပါပဲ။ ကျေးဇူးတင်စွာနဲ့ ကျွန်တော် ဒီ comment ကိုရေးခဲ့ပါတယ်။
ညီမရေ..ပြုံးမိတယ်..အံ့သြမိတယ်..ပီး..ချီးကျူးမိတယ်
အာဇာနည်နေ့ မှာ အာဇာနည်ကုန်း က အလေးပြုပြီး ခရီးဆက်လာကြတဲ့ မူလတန်း ကျောင်းက ကလေးလေး တွေတန်းစီပြီး ဗိုလ်ချုပ်ပြတိုက်ထဲကို ၀င်သွားကြတယ်။ သူတို့ ရင်ဘတ် အကျီဖြူ ဖြူလေးတွေပေါ်မှာ အာဇာနည် ကိုးဦးရဲ့  ပုံသေးသေးလေးတွေပါတဲ့ ရင်ထိုး တံဆိပ်ကလေးတွေ ထိုးလို့ …ပြတိုက်တလျှောက် ဆရာမကဗိုလ်ချုပ်အောင်ဆန်း အကြောင်း အသေးစိတ်ရှင်းပြတယ်။ ပြတိုက် ကအထွက်မှာ ကလေးတွေက ဗိုလ်တေဇ ကို သီချင်းသံပြိုင်ရွတ်ကြတယ်။ အိမ်ပြန်ရောက်တော့ အဖိုးအဖွား၊ မိဘတွေကို ဗိုလ်ချုပ်ငယ်ဘ၀အကြောင်း သူတို့ လေ့လာခဲ့တာတွေ စီကာပတ်ကုံး ပြောပြကြတယ်။ အဖိုးအဖွားတွေ ကပျော်တပြုံးပြုံး၊အာဇာနည်နေ့ အလွမ်းမျက်ရည်တွေ ကို တောင်ဖုံးလွှမ်း သွားလို့ ။ ဒါမှ ငါတို့ မြေး နဲ့ မြေးမ လေးတွေ ကွ ဆို ပြီး ပီတိတွေနဲ့ အပြည့်…ပြီးတော့ ကလေးတွေ ဗိုလ်တေဇ လုပ်တန်း ကစားနေကြတယ်….Inspiration ပေါ့..
အော်…ညီမ ရေးထားတာလေးဖတ်ပြီး ဖြစ်ချင်တာတွေ အိပ်မက်ကြည့်တာပါ….လက်တွေ့ မှာ အဲလို မဟုတ်တော့ဘူးနော်..အဲဒိခေတ်ကို အမြန်ပြန်ရောက်မှလဲ ဖြစ်မယ်လေ..
အာဇာနည်နေ့ ဝမ်းနည်း ငြိမ်သက်စွာ အလေးပြုတဲ့ အချိန်ကို မမီခဲ့ ဗိုလ်ချုပ်မိန့် ခွန်းတွေ ရေဒီယို ကလွှင့်တာ မကြားခဲ့ဖူး ပေမယ့် ဒီဘလော့(ဂ) ကအာဇာနည်နေ့ အကြောင်း articles တွေနဲ့ ဗိုလ်ချုပ်ပြတိုက်ကို မောင်နှမတွေ လက်ဆွဲ ရောက်အောင်သွားခဲ့တဲ့ ညီမ အဲဒါဘာဖြစ်လဲ ကို တကယ် ချီးကျူးမိပါတယ်…
မောင်ရင်
mr.pooh, ma kay,ko m.y တို့ရဲ့ ကွန်မန့်တွေ အတွက် ကျေးဇူးတင်ပါတယ်။
Post a Comment