Friday, July 20, 2007

တွေးချင်ရာတွေး ရေးချင်ရာရေး (၂)



ဒီမှာက အရမ်းပူတယ်လေ။ အဆောင်းမပါဘဲ ဘယ်လိုမှ အပြင်ထွက်လို့မရအောင်ပဲ။ ဒီနေ့ ကားလမ်းကူးရင်း မီးပွိုင့်မှာ မီးမစိမ်းသေးတာနဲ့ ခဏလေး ရပ်စောင့်နေလိုက်ရပါတယ်။ လူတကိုယ်လုံး မီးထတောက်မတက် ပူခြစ်တာကိုခံစားလိုက်ရတယ်။ ဒါတောင် ထီးဆောင်းထားတာ။ ကျွန်မပဲ နေပူဒဏ် မခံနိုင်လွန်းလို့လားတော့မသိဘူး။ ကျွန်မက ကိုယ်ကိုယ်တိုင် နေပူတာ၊ မိုးစိုတာ မခံနိုင်တာမဟုတ်ဘူး။ ကိုယ့်မျက်စေ့ရှေ့မှာ ထီးမပါ ဘာမပါနဲ့ နေပူထဲ လမ်းလျှောက်နေရင်လည်း ကျွန်မစိတ်ထဲမှာ ယားကျိကျိနဲ့ ထီးဆောင်းပေးချင်စိတ် ပေါက်တတ်တယ်။ မိုးရွာနေရင်လည်း ဒီလိုပဲ။ ဒါပေမဲ့ ဒီမှာတော့ ဘယ်သူ့ကိုမှ မဆောင်းပေးဖြစ်ပါဘူး။ သူတို့က ကိုယ်က စေတနာနဲ့ ထီးမိုးပေးရင်တောင် ကိုယ့်ကို မသင်္ကာသလို ကြည့်ခံရမှာ။ (တခါတော့ မိန်းမတယောက် မိုးအရမ်းရွာနေတုန်း ထီးကြုံလိုက်တာတော့ ကြုံဖူးပါတယ်။) ရန်ကုန်မှာဆိုရင်တော့ နေပူထဲ လမ်းလျှောက်နေသူတွေကို ထီးအောက်လာဖို့မခေါ်တတ်ပေမဲ့ မိုးရွာနေရင်တော့ သက်ကြီးရွယ်အို၊ ကလေး၊ အမျိုးသမီးတွေကို ထီးကြုံခေါ်တတ်ပါတယ်။ သူတို့က အကူအညီမတောင်းရင်တောင် ကျွန်မက ရယ်ပြပြီး အမိုးတခုခုအောက်ကို ထီးနဲ့လိုက်ပို့ပေးရမလားလို့ ခေါ်တတ်တယ်။ ဒါက သူများကို ကူညီတတ်ကြောင်း ကျွန်မ ပြောချင်တာမဟုတ်ပါဘူး။ လူတွေ အဆောင်းအကာမပါ ပြေးလွှားလမ်းလျှောက်နေကြတာမြင်ရင် စိတ်ထဲ ကလိ၊ ကလိနဲ့ အမိုးအကာအောက်ရောက်စေချင်တဲ့ ကျွန်မရဲ့ အူကြောင်ကြောင်အကျင့်ကို ပြောချင်တာပါ။

သူများကို ထီးဆောင်းပေးရင်လည်း ကျွန်မက မျှဆောင်းပေးတတ်တယ်။ နေရောင်လာတဲ့ဘက်ကိုကာပြီး ဆောင်းတာမျိုး၊ နေက ခေါင်းပေါ်တည့်တည့်ဆို အပေါ်တည့်တည့်ကို ဆောင်းတာမျိုး၊ အတတ်နိုင်ဆုံး နှစ်ယောက်လုံအောင် ကျွန်မက ဂရုတစိုက် ထီးမိုးတတ်တဲ့အကျင့်လည်း ရှိသေးတယ်။ ဒီလိုတွေးမိရင်းနဲ့ ဟိုရက်ကမှ ထပ်ဖတ်လိုက်ရတဲ့ ဆရာမဂျူး ရဲ့ "မိန်းမတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်" ထဲက နှင်းရဲ့ မောင် (ကျွန်မအထင် ယုမော် ထင်ပါရဲ့)ဟာ နှစ်ယောက်အတူ ထီးဆောင်းရင် သူ့ဘက်ကိုပဲ လုံအောင် ဆောင်းတတ်ပါတယ်တဲ့။ နှစ်ယောက်အတူလုံအောင် ထီးကိုင်ထားတဲ့ လက်အနေအထားကို ပြန်ပြင်ပေးရင်လည်း ခဏပဲတဲ့။ နောက်ကျ သူ့ဘက်ပဲ ထီးက ရောက်ရောက်သွားတယ်တဲ့။ ကျွန်မတော့ အဲလို ယောက်ျားမျိုးအရမ်းမုန်းတာပဲ။ တော်တော် အတ္တကြီးမှန်း သိသာပါတယ်။ ကျွန်မကတော့ ကိုယ်ကလည်း သူများကို နှစ်ယောက်လုံအောင် ဆောင်းပေးတတ်သလို၊ တခြားလူတွေလည်း အဲလို ဆောင်းပေးတတ်စေချင်တယ်။ တချို့ကတော့ ပြောတယ် သူတို့ မဆောင်းတတ်လို့ပါတဲ့။ ဒါမှမဟုတ် နေဘယ်က ပူနေမှန်း၊ မိုး ဘယ်က ပက်နေမှန်း မသိလို့ပါတဲ့။ တကယ်ဆို ထီးဆောင်းတယ်ဆိုတာ ကိုယ် နေပူသက်သာအောင်၊ အတတ်နိုင်ဆုံး မိုးလုံအောင် ဆောင်းကြတာပဲမဟုတ်လား။ ဒါကိုတောင် ဘယ်လိုဆောင်းရမှန်း မသိလို့ပါဆိုရင်တော့ ထီးကိုလည်း အမိုးအကာအဖြစ်သုံးမနေပါနဲ့တော့ပဲ ပြောချင်တော့တယ်။

ကျွန်မအကျင့်တခုရှိသေးတယ်။ အယူအဆလို့လည်း ပြောလို့ရတာပေါ့။ ကျွန်မက ကိုယ်ကျင့်တရားမကောင်းတဲ့ စာရေးဆရာတွေကို စာရေးကောင်းတိုင်း မကြိုက်တတ်တာပါ။ သူတို့ရဲ့ ပါစင်နယ်တွေကိုကြည့်ပြီး လေးစားလောက်မှ ကျွန်မ သဘောကျလေ့ရှိတယ်။ စာက သပ်သပ်၊ လူက သပ်သပ်လို့တော့ ကျွန်မဘယ်လိုမှ လက်ခံသဘောထားပေးလို့ မရဘူး။ စာကစာ၊ လူကလူလို့ ပြောကြသူများဟာ သူတို့ရဲ့ တွေဝေ၊ ပျော့ညံ့မှုကို ကာကွယ်တဲ့အနေနဲ့ ဆင်ခြေပေးတယ်လို့ပဲ ကျွန်မ မြင်ပါတယ်။ တကယ်သာ လူက သပ်သပ်၊ အနုပညာက သပ်သပ်လို့ ပြောကြစတမ်းဆိုရင် ထိုအောင်မြင်ကျော်ကြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အတ္ထုပ္ပတ္တိစာအုပ်တွေဆိုတာ ပေါ်လာစရာအကြောင်းမရှိပါဘူး။ လူတွေလည်း စိတ်ဝင်တစား ၀ယ်ဖတ်ကြမှာ မဟုတ်ပါဘူး။ တကယ်တော့ စာတစ်ပုဒ်ဆိုတာ ဒီလူကရေးမှ ဒီစာဖြစ်လာတာပါ။ ဒီလူနဲ့ ဒီစာဟာ ပတ်သက်ဆက်နွယ်နေပါတယ်။ မဆိုင်ဘူးလို့ ပြောရင်လည်း ပြောကြပါ။ ကျွန်မတော့ ပါးစပ်ကို လက်ကွယ်ပြီး ရယ်နေလိုက်ပါ့မယ်။ သိသာသိပြီး တကယ်မရှိကြတဲ့ လူများရေးသော စာများကို အချိန်ကုန်ခံ မဖတ်နိုင်သလို၊ အပေါင်းအသင်းလည်း မလုပ်နိုင်တာ သဘာဝကျတယ်လို့ ကျွန်မ ခံယူပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကျွန်မ ၉ တန်း၊ ၁၀တန်းလောက်က မဂ္ဂဇင်း တအုပ်မှာ သော်တာဆွေရဲ့ ဟာသ ၀တ္ထုတစ်ပုဒ် ဖတ်လိုက်ရတယ်။ သူအဲဒီဝတ္ထုရေးစဉ်က ရုရှနဲ့ အမေရိကန်တို့က လပေါ်ကို ဂြိုဟ်တုလွှတ်တင်တာ ခေတ်စားနေချိန်ပါတဲ့။ အဲဒီတော့ သူက စိတ်ကူးယဉ်ပြီး ရေးထားတဲ့ ၀တ္ထုလေးပါ။ သူ့ဇာတ်ကောင်ထဲမှာ သူကိုယ်တိုင်နဲ့ ဂျာနယ်ကျော် မမလေး လည်းပါတယ်ထင်တယ်။ ထုံးစံအတိုင်း ၀တ္ထုနာမည်ကို မေ့သွားပါပြီ။

ခုနက ဆရာမဂျူးဝတ္ထုတောင် ပြန်ဖတ်ပြီးတာ တစ်ပတ် မပြည့်သေးဘူး။ ဇာတ်ကောင်နာမည်ကို ကျွန်မမေ့တေ့တေ့ ဖြစ်နေပြီ။ ကျွန်မက အဲလိုပဲ။ စာတွေဘယ်လောက်ဖတ်ဖတ်၊ စာအုပ်နာမည်နဲ့ ရေးသူအမည်တွေကို မမှတ်မိတတ်ဘူး။ ပြီးတော့ စာပါ အကြောင်းအရာတွေကိုလည်း သေချာ မမှတ်မိတော့ဘဲ ခြုံငုံပြီး အကြမ်းဖျင်းဆိုလိုရင်းသာ မှတ်မိတော့တယ်။ အဲဒါကလည်း ကိုယ်ဖတ်တဲ့စာအုပ်တွေမှ မဟုတ်ပါဘူး။ သီချင်းတွေဆိုလည်း ဒီလိုပဲ။ သီချင်းသာအလွတ်လိုက်ဆိုနိုင်တယ်။ ဘယ်သူဆိုထားပြီး သီချင်းခေါင်းစဉ်က ဘာမှန်းမသိဘူး။ ရုပ်ရှင်ဇာတ်ကားတွေလည်း ထိုနည်းလည်းကောင်း၊ ဇာတ်ကားနာမည်ပြောပြီး အဲဒီကားကြည့်ဖူးလားမေးရင် ကျွန်မ မသိဘူး။ ကျွန်မကို ဇာတ်လမ်းပုံစံပြောပြမှပဲ သိတယ်။ :P ရန်ကုန်မှာနေတုန်းကဆို ပိုဆိုး။ ဟောလိဝုဒ်က မင်းသား၊ မင်းသမီးတွေကို ဘယ်သူက ဘယ်သူမှန်းမသိ။ ခုတော့ ကျွန်မ သိလာပါပြီ။ :D

ပြောလက်စအကြောင်းကို ပြန်ဆက်ရရင် အဲဒီ သော်တာဆွေရဲ့ဝတ္ထုတိုလေးဖတ်ပြီး သဘောကျမိပါတယ်။ သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအတွဲလိုက်တွေကို မဖတ်ရခင်ထိပေါ့။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ မိန်းမပီပီ စပ်စုတတ်တဲ့ညဉ်အတိုင်း သူ့ရဲ့အတ္ထုပ္ပတ္တိ အတွဲများကြီးကို ကျွန်မအမေက ၀ယ်ဖတ်ပါတော့တယ်။ ကျွန်မအမေ ၀ယ်သမျှစာအုပ် ဒိုင်ခံဖတ်တဲ့ ကျွန်မတို့လည်း ဖတ်ကြလေသတည်းပေါ့။ ခုတော့လည်း အဲဒီအတ္ထုပ္ပတ္တိစာအုပ်တွေ မရှိတော့ပါဘူး။ ကျွန်မအမေက အဲဒီစာအုပ်တွေ အိမ်မှာ မထားချင်လို့ သူများပေးပစ်လိုက်ပါတယ်။ ကိုယ့်အကြောင်းကို မခြွင်းမချန် ရေးရဲတဲ့ ရိုးသားမှုရှိတယ် ဘာညာနဲ့ တချို့(စာပေလောကက) လူတွေက ကြံဖန်ချီးကျူးရေးသားထားတဲ့ စာတွေလည်း ဖတ်လိုက်ရပါတယ်။ ဟုတ်ကဲ့ ကျွန်မကတော့ သူ့ကို ဘယ်လိုမှ မလေးစားနိုင်၊ နာမည်ကြီး စာရေးဆရာအဖြစ်လည်း အသိအမှတ်မပြုနိုင်တော့ပါဘူး။ ကျွန်မသဘောထားကို ဒီလောက်ပဲ ပြောဦးမှ။ တော်ကြာ သူ့ပရိသတ်တွေက ကျွန်မကို မေတ္တာပို့နိုင်တယ်။ ဒါပေမဲ့ ဘာပဲပြောပြော သူကိုယ်တိုင်တောင် မရှက်မကြောက် ရေးထားသေးတာပဲ။ စာဖတ်ပရိသတ်ကျွန်မအနေနဲ့လည်း ဝေဖန်ရှုံ့ချခွင့်ရှိတယ် မဟုတ်လား။ သူ့လိုပဲ ကိုယ်ရေးကိုယ်တာမှာ လေးစားစရာ မကောင်း၊ ကိုယ်ကျင့်တရားမကောင်းလို့ ကျွန်မ မကြိုက်တဲ့ စာရေးဆရာတွေ ရှိသေးတယ်။ ဒါပေမဲ့ နာမည်တွေတော့ ရေးပြမနေတော့ပါဘူး။

ကျွန်မရဲ့ အယူအဆကတော့ သာမန်လူထက်စာရင် ခုလို စာရေးဆရာ တတ်သိပညာရှင်တွေက ပိုလို့ လူ့ကျင့်ဝတ္တရား၊ ကိုယ်ကျင့်သိက္ခာဆိုတာကို စောင့်ထိန်းသင့်တာပေါ့။ သူတို့က လူတွေကို အသိဥာဏ်တွေ ဖြန့်ဝေပေးနေတာမဟုတ်လား။ ကျွန်မ အရွံရှာဆုံးကတော့ လူမှုရေးဖောက်ပြန်မှုပါပဲ။ အိမ်ထောင်ရှိယောက်ျားတွေ ဖောက်ပြားတာကို ဘယ်လိုနည်းနဲ့မှ ကျွန်မကတော့ လက်မခံနိုင်ပါဘူး။ ဒါကတော့ စာရေးဆရာမှ၊ လေးစားစရာလူမှမဟုတ်ပါဘူးလေ။ ဘယ်လိုလူမျိုးမဆိုပေါ့။ အထူးသဖြင့် စိတ်သာယာမှုနောက်လိုက်မိပါတယ်ဆိုတာက ပိုလို့တောင် မဖြစ်သင့်တာပေါ့နော်။ ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးကို နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်က ဟောပါတယ်တဲ့။ အလွန်ကို တဏှာကြီးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပေတယ်လို့။ ဒီဟောချက်ကို ကြားတော့ ပညာရှိကြီးရဲ့ တပည့်တွေက ဗေဒင်ဆရာကို ၀ိုင်းပြီး လှောင်ရယ်ရယ်ကြပါတယ်။ ဘာလို့ဆို ဆရာကြီးက သူ့တသက် ဘယ်မိန်းမနဲ့မှ မပတ်သက်ဖူးသလို၊ မိန်းမအကြောင်းလည်း စကားစပ်လို့တောင် မပြောတတ်လို့ပါ။ ဒါပေမဲ့ ပညာရှိကြီးက ဗေဒင်ဆရာကြီးရဲ့ ဟောချက် မှန်ကန်ကြောင်း ၀န်ခံခဲ့ပါတယ်။ သူ့ရဲ့ ဖြစ်ပေါ်လာတဲ့ တဏှာရာဂစိတ်ကို အသိဥာဏ်နဲ့ ထိန်းချုပ်ထားတာပါတဲ့။ တကယ့်ကို လေးစားစရာပုဂ္ဂိုလ်ပါပဲ။ လူဆိုတာ ကိုယ်ကျင့်သိက္ခာကို ဒီလိုပဲ စောင့်ထိန်းသင့်တယ် မဟုတ်ပေဘူးလား။

လွန်ခဲ့တဲ့ ၄ နှစ်လောက်က သူငယ်ချင်းတယောက်နဲ့ အငြင်းအခုန်ဖြစ်ဖူးတယ်။ ဆရာဒဂုန်တာရာရဲ့ ဘာသာပြန်ဝတ္ထုတစ်အုပ်အကြောင်း ပြောရင်းဖြစ်ပေါ်လာတဲ့ ငြင်းခုန်မှုပါ။ အဲဒီထဲမှာတော့ မိန်းမက ဖောက်ပြန်တာပါ။ ဒါပေမဲ့ ကျွန်မတို့က မိန်းမတွေက တော်ရုံတန်ရုံ မဖောက်ပြန်တတ်တဲ့အတွက် ယောက်ျားတွေရဲ့ ဖောက်ပြန်မှုကိုပဲ ငြင်းခုန်ခဲ့တယ်။ ကျွန်မက အိမ်ထောင်ရှိ ယောက်ျားတယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမှ သူတို့ဘ၀မှာ နောက်ထပ်မိန်းမတစ်ယောက် ထပ်ရှိမလာသင့်ဘူးပေါ့... "အဲဒီကိစ္စကို ငါဘယ်လိုမှ နားလည်ပေးလို့ မရဘူး"လို့။ ကျွန်မ သူငယ်ချင်းက ပြောပါတယ်။ "အချစ်သစ်ဆိုတာ ပေါ်လာနိုင်သေးတာပဲ"တဲ့။ "ငါကတော့ နားလည်ပေးနိုင်တယ်"တဲ့။ ကျွန်မက ပြောတယ်။ "ဘယ်ဖြစ်နိုင်မလဲ။ ဒါဟာ လူမှုရေးဖောက်ပြန်မှုပဲ"လို့ ပြောတော့ သူက "နင့်စကားကလည်း ရင့်သီးလိုက်တာ... အဲလို မပြောပါနဲ့"တဲ့။ ဒီမှာတင် ကျွန်မလည်း စိတ်တိုတိုနဲ့ "အေး... နင်အိမ်ထောင်ကျတော့မှ ငါကြည့်မယ်... နင့်ယောက်ျားဟာ နင်မဟုတ်တဲ့ အချစ်သစ်ကို တွေ့ခဲ့ရင် နင်ဒီလို စကားပြောဦးမလားဆိုတာ ငါစောင့်ကြည့်နေမယ်"လို့ ပြောခဲ့တယ်။

ကျွန်မသူငယ်ချင်းဟာ သူ့စကား၊ သူ့အယူအဆအတိုင်း အိမ်ထောင်ရှိ ယောက်ျားမဟုတ်သော်လည်း ရည်းစားလက်ရှိနဲ့ လူတစ်ယောက်ကို နားလည်မှုပေးလို့ ချစ်ခဲ့ပါတယ်။ ဟိုလူကပြောတဲ့ သူ့ကိုပဲချစ်တာပါ၊ သူ့ရည်းစားကိုတော့ မချစ်ဘဲနဲ့ တွဲနေရတာလို့ ပြောတာကို သနားချစ်ခင်စွာနဲ့ သူက တိတ်တိတ်ပုန်းရည်းစားအဖြစ် သဘောထားကြီးစွာ လက်ခံခဲ့လေရဲ့။ အခုချိန်မှာတော့ ကျွန်မသူငယ်ချင်းကို ဒီလို လူမှုရေးဖောက်ပြန်မှုနဲ့ ပတ်သက်ပြီး နင်နားလည်ပေးနိုင်သေးရဲ့လား၊ လက်ခံပေးနိုင်ရဲ့လား၊ သဘောထားကြီးနိုင်သေးလား လို့ ကျွန်မ အားနာစွာနဲ့ မမေးတော့ပါဘူး။ တကယ်တော့ မေးစရာမလိုအောင် သူ့ဘ၀နဲ့ရင်းပြီး သူသိခဲ့ပြီပဲ။ အမှန်တော့ သူ အဲဒီလူနဲ့ ကြိုက်တာ သိသိချင်း ကျွန်မ တားခဲ့ပါသေးတယ်။ ဒါပေမဲ့ "စေတနာဟာ လူတိုင်းနဲ့ မထိုက်တန်သည်မဟုတ်၊ လူတိုင်းနဲ့ ထိုက်တန်သော စေတနာကို ထားရန်သာလိုသည်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ ကျွန်မအနေနဲ့ စေတနာက လူတိုင်းနဲ့ မတန်ဆိုတာကို လက်ခံချင်သလိုတောင် ဖြစ်မိတယ်။ တခါတခါလည်း ကျွန်မစဉ်းစားမိပါတယ်။ ကျွန်မသူငယ်ချင်းလိုလူမျိုးတွေရှိလို့လည်း ဒီလို အရှက်သိက္ခာမရှိ၊ ကိုယ်ကျင့်တရားမဲ့တဲ့လူတွေ လောကကြီးမှာ ရှိနေတာ မထူးဆန်းပါဘူးလေလို့။ ထိုကဲ့သို့သော ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်တွေလုပ်ပြီး သူတို့အကြောင်း လူသိသွားတဲ့အခါမှာလည်း ရှက်ရကောင်းမှန်း မသိကြတဲ့ တချို့သောသူတွေ ကို မြင်ရ၊ တွေ့ရ၊ ကြားရတဲ့အခါ လူ့တန်ဖိုးကို လူတွေ ဘယ်လိုသတ်မှတ်ထားကြပါလိမ့်လို့ပင် ကျွန်မ သံသယ၀င်မိပါတယ်။

တခါတလေတော့ လူတယောက်ရဲ့ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တဆိုတာကို ဘယ်လို နားလည်သဘောပေါက်ထားပါသလဲ၊ လူတစ်ယောက်ရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်ထားပါသလဲလို့ ထိုကဲ့သို့သောဖောက်ပြန်သူများနဲ့ နားလည်လက်ခံပေးသူများကို ကျွန်မ မေးကြည့်ချင်စိတ်ဖြစ်မိပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကျွန်မ မေးလို့ရမယ့် မေးခွန်းလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအသိမိတ်ဆွေများ၊ ဆွေမျိုးသားချင်းများထဲမှာ ထိုကဲ့သို့ အရှက်နည်းတဲ့ ပုဂ္ဂိုလ်များ ရှိလာမှာမဟုတ်လို့ပါပဲ။ ရှိလာခဲ့ရင်လည်း ကျွန်မက အသိအမှတ်ပြု ဆက်ဆံတော့မှာမှ မဟုတ်တော့တာ။ ဒီတော့လည်း ကျွန်မရင်ထဲမှာပဲ အမြဲ သိမ်းထားဖြစ်သွားမယ့် မေးခွန်းတခု ဖြစ်သွားတာပေါ့လေ။

အနုပညာရှင်၊ အတတ်ပညာရှင်၊ စာပေပညာရှင် အစရှိသဖြင့် အားလုံးသော ပုဂ္ဂိုလ်တွေကို သူတို့ရဲ့ပညာရပ်မှာ တော်တာ၊ တတ်တာ တခုထဲကြည့်မှာမဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာကိုပါ မှတ်ကျောက်တင်ကြည့်တတ်သော ကျွန်မက ရယ်စရာကောင်းနေပါသလား။ ရှက်ရကောင်းမှန်းမသိသော၊ အရှက်သိက္ခာကင်းမဲ့သောလူတွေကို ပြင်းထန်စွာ ရှုံ့ချပစ်တင်သော၊ ပြတ်သားစွာ ဆန့်ကျင်သော ကျွန်မက ကလေးဆန်နေပါသလား။ လူတစ်ယောက်ရဲ့ အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံး လူ့တန်ဖိုးက ကိုယ်ကျင့်တရားမဟုတ်ဘူးလား။ ကိုယ်ကျင့်တရားတောင် မထိန်းသိမ်းနိုင်သော လူတစ်ယောက်ဆီက ဘယ်လို အကြောင်းအချက်တွေကို မျှော်လင့်နေကြပါသလဲ။ စာရေးသောသူ၊ သီချင်းဆိုသောသူ၊ ရုပ်ရှင်ရိုက်သောသူ၊ စာသင်သောသူ၊ ဆေးကုသသောသူ၊ အသိပညာရှင် အတတ်ပညာရှင်၊ ရိုးရိုးလက်လုပ်လက်စား အရပ်သားများ အားလုံးဟာ လူတွေပဲ မဟုတ်လား။ လူဆိုရင် လူတစ်ယောက်ရဲ့ အခြေခံအကျဆုံး လူ့ကျင့်ဝတ်ဆိုတာကို စောင့်ထိန်းသင့်တယ် မဟုတ်ဘူးလား။ ခြောက်ပစ်ကင်းသောသူဆိုတာ မရှိပေမဲ့ ဒီလို အခြေခံအကျဆုံး လူ့ဂုဏ်သိက္ခာကို မစောင့်ထိန်းနိုင်တဲ့လူကို လက်မခံနိုင်၊ မယုံကြည်နိုင်၊ သဘောမကျနိုင်တာ ကျွန်မများမှားပါသလား။ လူတိုင်း ကိုယ့်လို မဟုတ်ဘူးလေဆိုတော့ ဒီကိုယ်ကျင့်တရားဆိုတာ အရေးပါလောက်တဲ့ အရာမဟုတ်ဘူးလို့ ပြောချင်တာလား။ ဒါမှမဟုတ် ဒီကိုယ်ကျင့်သိက္ခာဆိုတာ လူ ၁၀၀မှာ ၁ယောက် မကျင့်သုံးနိုင်တဲ့အရာ ဖြစ်သွားပြီလား။ ဒီလိုဆို လူ့ကျင့်ဝတ္တရား ရှားပါးလာပြီဖြစ်တဲ့ ခုလက်ရှိ လူ့ဘောင်လောကက လူတွေကို လူလို့မှ ခေါ်နိုင်သေးရဲ့လား... လားပေါင်းများစွာနဲ့ ချာချာလည်အောင် စဉ်းစားရင်း၊ ပြန်ပြောချင်လျက်နဲ့ အားနာစွာ မပြောရက်ခဲ့လို့ စကားလုံးတွေ မြိုချလိုက်ရတဲ့အခါ ကျွန်မ ညက တော်တော်နှင့် အိပ်မပျော်ခဲ့ပါဘူး။

***

ဒီပို့စ်နဲ့ ဆက်စပ်ပြီး အန်တီငြိမ်းရဲ့ ကိုယ်ကျင့်တရား
အန်တီခင်ရဲ့ မြင်လိုက်ရတဲ့ ကိုယ်ကျင့်တရား တို့မှာလည်း သွားရောက်ဖတ်ရှုဖို့ လမ်းညွှန်လိုက်ပါရစေ...

နောက်ထပ်ဆက်ပြီး ကိုထိုက်ရဲ့ ကိုယ်ကျင့်တရား
အိပ်မက်အိမ်မှ ကိုမိုးစွေရဲ့ ဘယ်လိုဖြေရှင်းကြမှာလဲ
ကိုဖိုးဇေရဲ့ ကိုယ်ကျင့်တရား
ကိုမိုးညိုရဲ့ ကိုယ်ကျင့်တရားနဲ့ သောက်ကျင့်မကောင်းခဲ့တဲ့ ကျနော်
မခွန်မြလှိုင်ရဲ့ ကိုယ်ကျင့်တရားနဲ့ လိုအပ်ချက်
မချစ်လေပြေရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ့်ရဲ့ယုံကြည်ချက်


s0wha1

(3rd July က ရေးထားတဲ့စာကို 15th July မှာ အဆုံးသတ်ရေးပြီး ဒီနေ့မှ တင်ဖြစ်ပါတယ်...)

Print this post

9 comments:

ပြည့်မွန်သျှံ said...

ကျွတော်က ကိုယ်ကိုယ်တိုင် ထီးကိုင်ရတာ ပျင်းပေမဲ့ ... ကိုယ်ချစ်တဲ့သူတွေအတွက်ဆို ... သူ့ဘက်ကို ပိုပီ ဦးစားပေးတတ်ပါတယ် ..... ဒါက သူ့ကို ချစ်တဲ့စိတ် .. သူ့ကို ဂရုတစိုက် လုပ်ပေးချင်တဲ့ စိတ်ကြောင့်ပါ ... ဟဲ ဟဲ .. ဒါပေမဲ့ အခု ထီး ဆောင်ပေးရမဲ့သူလဲ မရှိသေးဘူး ... လာဆောင်ပေးမဲ့သူလဲ ရှသေးဘူး ... ဒီတော့ မိုးတွေရွာရင် တစ်ယောက်ယောက်ကို မသိစိတ်က လွမ်းခဲ့ရတာဘဲ ...

Chocolaier said...

မမရေ...
စာရေးတုန်းကတော်တော် ဒေါသတွေထွက်နေပုံရတယ်။ စာထဲကနေ ဒေါသတွေကိုမြင်ရတယ်။ အနုပညာနဲ့ ကိုယ်ရေးကိုယ်တာခွဲခြားမြင်တဲ့ထဲ ချိုကိုလည်းပါလေတော့... မမစိတ်ပျက်မလားပဲ။ အပြင်မှာဘယ်လိုနေနေ စာတပုဒ်ကိုရေးတဲ့အချိန်မှာ အဲဒီလူစာအပေါ်ထားတဲ့ စေတနာအရ စာကောင်းမကောင်းဆိုတာဖြစ်လာတယ်လို့ ထင်မိပါတယ်။ ပေးရတဲ့အချိန်၊ လေ့လာထားရတဲ့ အချက်အလက်တွေကြောင့် စာကောင်းတပုဒ်ဖြစ်လာတာပါ။ စာဖတ်သူအပေါ်ထားတဲ့ သူ့ စေတနာကိုတော့ အသိအမှတ်ပြုသင့်တယ်ထင်ပါတယ်။ သီချင်းလည်းတူတူပါပဲ။ မမနဲ့ ချိုကို HipHopအကြောင်းမှာ ပြောဖူးကြပါသေးတယ်။ မှတ်မိမလားတော့မသိဘူး။ ကွန်မန့်လည်း တော်တော်ရှည်သွားပေါ့...

s0wha1 said...

ညီမလေးရေ...အန်တီငြိမ်းရဲ့ ကိုယ်ကျင့်တရားဆိုတဲ့ ပို့စ်လေးကို သွားဖတ်ပါလို့ပဲ မမ တိုက်တွန်းလိုက်ပါရစေ။ မမဆိုလိုချင်တာက အန်တီ့သဘောအတိုင်းပါပဲ...အရေးမတတ်လို့ ဖြစ်ပါလိမ့်မယ်...
http://maynyane.blogspot.com/2007/07/blog-post_20.html

s0wha1 said...

"အပြင်မှာဘယ်လိုနေနေ စာတပုဒ်ကိုရေးတဲ့အချိန်မှာ အဲဒီလူစာအပေါ်ထားတဲ့ စေတနာအရ စာကောင်းမကောင်းဆိုတာဖြစ်လာတယ်လို့ ထင်မိပါတယ်။ ပေးရတဲ့အချိန်၊ လေ့လာထားရတဲ့ အချက်အလက်တွေကြောင့် စာကောင်းတပုဒ်ဖြစ်လာတာပါ။ စာဖတ်သူအပေါ်ထားတဲ့ သူ့ စေတနာကိုတော့ အသိအမှတ်ပြုသင့်တယ်ထင်ပါတယ်။"

ညီမလေးပြောတဲ့ စကားနဲ့ ပတ်သက်ပြီး မမ နည်းနည်းတော့ ပြန်ဆွေးနွေးချင်ပါတယ်...
လူသိများပြီး လူလေးစားခံနေရတဲ့ လူတယောက်အနေနဲ့ အပြင်မှာ ဘယ်လို နေနေဆိုပြီး လုပ်လို့မရတော့ပါဘူး...
ဘာလို့လဲဆိုတော့ လူအများက သူ့စာတွေဖတ်ရုံတင်မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ စိတ်ဝင်တစားကြည့်ရှုလာလို့ပါ...

လူငယ်တွေကို ရှေ့ဆောင်ရှေ့ရွက် ပြုရမယ့်သူလိုလူတွေကစပြီး ဖောက်လွဲဖောက်ပြန်ဖြစ်နေရင် နောက်မျိုးဆက်အတွက် စိုးရိမ်စရာကောင်းပါတယ်...
တချိန်ချိန်မှာ သူ့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို စံနမူထားစရာ၊ သူတောင် ဒီလို လုပ်ခဲ့၊ နေခဲ့သေးတာပဲလို့ ဆင်ခြေပေးစရာတွေ ဖြစ်လာနိုင်လို့ပါ...
ပြီးတော့ ဒါကိုမှ အမှန်လို့ ထင်မြင်သွားနိုင်ပါတယ်...
လူ့ကိုယ်ကျင့်တရားဆိုတာ မလိုအပ်ပါဘူးကွာလို့ ယူဆသွားနိုင်ပါတယ်...
ဒီလို မကောင်းတဲ့လုပ်ရပ်တွေကို သူ့နာမည်ကြီးတပ်လို့ နောက်လူတွေက ဆက်လုပ်ခဲ့မယ်ဆိုရင် လူ့အသိုင်းအ၀ိုင်းကြီး ဘယ်လိုများ ဆက်ဖြစ်သွားမလဲ...
အဲဒီတော့ စာဖတ်သူအပေါ် စေတနာထားရုံတင်မကဘဲ လူငယ်တွေ အတုယူမမှားနိုင်အောင်၊ လူအများ လေးစားနိုင်အောင် သူ့ကိုယ်သူလည်း မှန်ထဲ ရဲရဲဝံ့ဝံ့ကြည့်နိုင်အောင် ကိုယ်ကျင့်တရားကို ထိန်းသိမ်းသင့်ပါတယ်...
စာရေးကောင်းရင်ပြီးတာပဲ လူ့စာရိတ္တဆိုတာ အရေးမပါပါဘူးလို့ ဆိုလာရင်လည်း မမအနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး...

ခု မမ အဓိကထား ပြောနေတာ စာရေးဆရာနဲ့ တတ်သိပညာရှင်တွေကိုသာ ဆိုလိုပါတယ်...
အနုပညာသမားတွေကတော့ စထဲက မလေးစားနိုင်တဲ့အတွက် သူတို့ကို ထည့်မပြောတော့ပါဘူး...
ပြောချင်တာတွေကတော့ အများကြီးပဲ၊ အလုပ်ထဲမှာမို့ ဒီလောက်ပဲ ပြောနိုင်ပါတယ်...

philtre said...

အနုပညာသမားတွေကတော့ စထဲက မလေးစားနိုင်တဲ့အတွက် သူတို့ကို ထည့်မပြောတော့ပါဘူး... ဆိုတာ မိဆိုးလေးက ဘယ်နယ်ပယ်မှာ အသက်မွေးဝမ်းကျောင်းပြုသူတွေကို ဆိုလိုချင်တာလဲ??? အများသူငှာပြောကြတဲ့ အနုပညာသမားဆိုတာ… စာပေ၊ ပန်းချီ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စသဖြင့် ဒီနယ်ပယ်က လူတွေကိုလည်း အနုပညာသမားတွေလို့ပြောကြပါတယ်… မင်းစကားက ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းရာကျနေပီ မမဆိုးရေ… :D )))))
ကြမ်းလည်းမကျွံစေနဲ့….စကားလည်းမလွန်စေနဲ့….
ကြမ်းကျွံလို့ပြန်နှုတ်တော့ အသားနာတတ်တယ်….
စကားလွန်လို့ ပြန်နှုတ်တော့ အမှားပါတတ်တယ်..တဲ့…တိလား??? :)

s0wha1 said...

မဟုတ်ဘူးရှင့်...ဒွေးကို စောင်းပြောတယ် ထင်ကြမှာစိုးလို့ ဒီလို ပြန်ရှင်းထားတာ...တကယ်တော့ လူတိုင်းကို ပြောချင်တာ...လူရယ်လို့ ဖြစ်လာရင်၊ ကိုယ့်ကိုယ်ကို လူလို့ သတ်မှတ်ထားရင် ကိုယ်ကျင့်တရား၊ ဆင်ခြင်တုံတရားရှိရမယ်လို့ ကျွန်မခံယူချက်ကို ပြောထားတာ...စကားလည်း မကျွှံဘူး...ကြမ်းလည်း မကျွှံဘူး...ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူတယ်...လက်မခံတာရှိ ထပ်လာပြောလှည့်...

ကျွှန်မ ဆိုလိုချင်တဲ့ အနုပညာသမားဆိုတာ ဂီတ၊ ရုပ်ရှင်သာဆိုလိုပါတယ်...ဘယ်သူတွေ ဘယ်လို ခံယူခံယူ...ကျွန်မကတော့ စာပေကို အနုပညာလို့ မယူဆပါရှင်...အတတ်ပညာရှင်၊ အသိပညာရှင်သာ သတ်မှတ်ပါတယ်...

Chit Lay Pyay said...

ညီမရေ သော်တာဆွေရဲ့ စာတွေကို ဖတ်လို့ မရတော့တာ တခုတော့ ညီမနဲ့ အမတူတယ်၊ အမ ၁၀ တန်းတုံးက သော်တာဆွေရဲ့ ကျွန်တော့ အကြောင်း ဆိုတာလားမသိဘူး အဲဒါဖတ်ပြီးကတဲက သူ့ကို မကြိုက်တော့လို့ အခုထိ သူ့ စာအုပ်ဘယ်လောက်ကောင်းတယ်ပဲ ဆိုဆို ပြန်ကို မကိုင်ဖြစ်တာ ခုထိပဲ၊ ဒီပြင့်လူတွေကတော့ အမပဲ သူတို့ အကြောင်းကို ကောင်းကောင်း မသိလို့ရင်ပဲ ဖြစ်ဖြစ်၊ သူတို့ အရက်သောက်တာတို့ ဘာတို့ ကိုတော့ ချွင်းချက်ပေါ့နော်၊ သူတို့လဲ လူထဲက လူတွေပဲမို့ သူတို့ စိတ်ကြိုက် ရွေးချယ်ခွင့် ရှိတာပဲ ၊ တခြားသူကို မထိခိုက်ရင်ပြီးတာပဲ၊ ကိုယ်လဲ ဘယ်သူ့ကို ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ က တော့ ၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါတယ်၊ အကြိုက်ခြင်းတူရင်တော့ မိတ်ဆွေ၊ အကြိုက်ခြင်းမတူရင်တော့ ရန်သူလို့ မှတ်လို့ မရဘူးလေနော်၊ ညီမရဲ့ သဘောလေးကို ပွင့်ပွင့် လင်းလင်း သိရတာ မို့ လေးစားမိပါတယ်၊ လူသာငယ်ပေမယ့် အတွေးအခေါ် ရင့်ကျက်တယ်လို့ ခေါ်ရမှာပေါ့နော်၊ ကြိုးစားနော် ညီမ၊ အမြဲအားပေးနေပါတယ်၊

moe nyo said...

ဆရာသော်တာဆွေရဲ့ စာတွေ မဖတ်တော့ဘူးဆိုတော့ သူ့ရဲ့ ဆရာဖြစ်တဲ့ ဆရာကြီး ရွှေဥဒေါင်းကိုရော ဘယ်လိုသဘောရသလဲလို့ သိချင်တယ်ဗျ ...
သူတို့ ဆရာတပည့်ကလည်း ပုလင်းတူ ဘူးဆို့လို့ ပြောရမလိုပဲ ... ဆရာကြီးရဲ့ ဘ၀တစ်သက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များစာအုပ်အရဆိုရင်တော့ မဆိုးဝှက် ကြိုက်လိမ့်မယ်မထင်ဘူးဗျ..
ဆရာကြီး ပီမိုးနင်းဆိုလည်း အဲဒီစာအုပ်ထဲမှာ ပါပုံအရ တော်တော်ဆိုးတာပဲဗျ ... အင်း ... ကျနော်ကတော့ သူတို့ ရဲ့ တချို့အမူအကျင့်တွေ လက်မခံနိုင်ဘူးပေါ့ဗျာ ... သူတို့စာတွေကိုတော့ တော်တော်ကြိုက်တယ် ...
မဆိုးဝှက် ရဲ့ ကိုယ့်စိတ်ထဲရှိရာကို ရေးရဲတဲ့သတ္တိနဲ့ ပွင့်လင်းပုံကိုတော့ လေးစားမိတယ်ဗျ ... အမြဲဖတ်နေတယ်ဗျို့ ...

s0wha1 said...

ကိုမိုးညိုရေ...ညီမရေးတာကို အမှတ်မှားတာဖြစ်မယ်...ညီမပြောတဲ့ ကိုယ်ကျင့်တရားမှာ အိမ်ထောင်ရေးဖောက်ပြန်မှုကို အဓိက ထားပါတယ်...ဆရာကြီးရွှေဥဒေါင်းဟာ ညီမသိသလောက် သူ့ဇနီး ဒေါ်စိုးကို တသက်လုံး မဖောက်မပြန် ပေါင်းသင်းသွားတာပါ...ပြီးတော့ ဆရာကြီးက ဖြောင့်မတ်ပါတယ်...ဒါပေမဲ့ ဆရာကြီးရဲ့ အတ္ထုပ္ပတ္တိတော့ ညီမ မဖတ်ဘူးသေးပါရှင်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*