Friday, October 31, 2008

ဦးနာအောက်၏ အတ္ထုပ္ပတ္တိ



ဦးနာအောက်နှင့် ကျွန်မရဲ့ အမြင်
ဆိုပြီး ကိုရွက်ဝါနဲ့ ကိုယ့်အမြင်၊ သူ့အမြင်တွေ အပြန်အလှန် ရေးထားတဲ့ပို့စ်ကို ဖတ်မိရင်း ဦးနာအောက်ရွာမှ ကိုဟံင်ဂကူ နဲ့ ကျွန်မ သိခဲ့ပါတယ်။ မွန်အမျိုးသား ဦးနာအောက်ကို အထင်မှား၊ အမြင်မှားဖြစ်တဲ့အတွက် စိတ်မကောင်းကြောင်း၊ ဦးနာအောက်ဘက်က ကာကွယ်ပြီး ရေးပေးတာ ကျေးဇူးတင်ကြောင်းပြောရင်း ဦးနာအောက်အတ္ထုပ္ပတ္တိကို မြန်မာနိုင်ငံ ပြန်မှာပြီး ရေးပေးမယ်လို့ ပြောပါတယ်။ ခုတော့ သူ့ဘလော့ဂ်မှာ တင်ထားတာနဲ့ ကူးယူဖော်ပြလိုက်တယ်။ အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုဟံင်ဂကူကိုလည်း ကျေးဇူးတင်ပါတယ်လို့။

&&&&& &&& &&&&&


၁၁၉၄-၁၂၇၅

၁၉ ရာစုတွင် ကျော်ဇောထင်ရှားသော မွန်တိုင်းရင်းသားများတွင် ဘုရားဒကာ ဦးနာအောက်သည် တစ်ယောက်အပါအ၀င် ဖြစ်ခဲ့သည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ၊ မွန်ကျေးရွာကလေးဖြစ်သော ခရဲကျေးရွာတွင် ကောဇာသက္ကရာဇ် ၁၁၉၄ ခုနှစ်၊ ကဆုန်လဆုတ် ၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားသည်။

မိဘနှစ်ပါးသည် အလွန်ဆင်းရဲပြီး မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက်သား ဖြစ်လေသည်။

ဦးနာအောက်အား မွန်ဘာသာဖြင့် "အအက်" ဟု ခေါ်တွင်လေသည်။ မွန်ဘာသာ အအက်ဟူသည် မြန်မာဘာသာ အဓိပ္ပာယ်မှာ အရုပ်ဆိုး အကျည်းတန်ဟု ဆိုနိုင်သည့်အပြင် သူတစ်ပါးအပေါ် နိုင်ထက်စီးနင်း မလုပ်ခြင်း၊ ဒေါသကို ထိန်းသိမ်းခြင်းနှင့် နှိမ့်ချ၍ နေတတ်ခြင်းဟုလည်း အဓိပ္ပါယ်ဖော်နိုင်သည်။

လူလားမြောက် အရွယ်ရောက်လာသောအခါတွင် မောင်အောက်အား ပညာသင်ကြားရန် ကော့မယ်ခရ ဘုန်းတော်ကြီးထံ၌ မိဘနှစ်ပါးက အပ်နှံလေသည်။ ဘုန်းတော်ကြီးကျောင်းတွင် ပညာကို ကောင်းစွာ မသင်ကြားနိုင်ဘဲ ကျောင်းမှထွက်ကာ ကျွဲကျောင်းသား၊ နွားကျောင်းသားဘ၀ဖြင့် ဆင်းရဲသော မိဘနှစ်ပါးကို ကူညီရလေသည်။ စာသင်ကြားရမည့်အရွယ်တွင် မောင်အောက်သည် ကျောင်းလွယ်အိတ်လွယ်ပြီး ကျောင်းတက်ရမည့်အစား ကော့မယ်ခရရွာ၌ လောက်လေးကိုကိုင်ကာ လောက်စာလုံးအိတ်လွယ်ပြီး ကျွဲစားကျက်၌ ကျွဲစီးပြီး ကျွဲကျောင်းသားဘ၀ ဖြစ်ခဲ့ရသည်။

မောင်အောက်သည် အလွန်ဆင်းရဲလှသော်လည်း လုံ့လ၊ ၀ိရိယနှင့် ဇွဲရှိသူဖြစ်သည်။ ရောင့်ရဲတင်းတိမ်သူလည်း ဖြစ်သည်။ ဟင်းလျာအဖြစ် ဆားရလျှင် ဆားနှင့် စားပြီး ငါးပိဖုတ်နှင့်လည်း ကျေနပ်သူဖြစ်သည်။

မောင်အောက်သည် ရှေးဘ၀က ပုပ္ပစေတနာ အကျိုးမပေးသဖြင့် ပထမအရွယ်၌ ဒုက္ခ၊ သုက္ခံ လောက လှိုင်းတံပိုးအောက်၌ မြုပ်တစ်ခါ၊ ပေါ်တစ်လှည့်ဖြင့် ခရီးကြမ်းကြီးပေါ်တွင် လျှောက်နေရသူဖြစ်၏။ သို့ကျွဲကျောင်းသားဘ၀နှင့် ဘ၀ကိုရင်ဆိုင်နေရစဉ် ကတိုးရွာသူဌေးကြီး ဦးမွန်ထော်၏ ကိုးဆောင်အိမ်ကြီး၊ ကော့နှတ်ရွာရှိ သူဌေးဦးထော်အာနှင့် အခြားအိမ်ကြီးအိမ်ကောင်းများကို တွေ့ရှိသောအခါ ယင်းတို့ကဲ့သို့ ကြီးပွားချမ်းသာလိုသော စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။

ဘုန်းကံရှိသော ယောကျာ်းပီပီ ဘ၀ကို အရှုံးမပေးတတ်သူ၊ ဇွဲရှိသောသူ၊ လုံ့လ၀ိရိယရှိသူဖြစ်သည့်အလျောက် ကျွဲကျောင်းသား၊ နွားကျောင်းသားဘ၀တွင် ကျရောက်လင့်ကစား ကတိုးကော့နှတ်ရွာများသို့ ရောက်ရှိစဉ်က မြင်တွေ့ရသော လူချမ်းသာတို့၏ ကြီးပွားချမ်းသာ တိုးတက်နေသည်ကို အားကျကာ ၎င်းတို့ကဲ့သို့ ဖြစ်လာရန် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ချထားလေသည်။

လူလားမြောက်အရွယ်သို့ ရောက်ရှိလာသောအခါတွင် မိဘနှစ်ပါးလည်း ကွယ်လွန်ပြီးဖြစ်သောကြောင့် မိမိ၏အကြံအစည် အောင်မြင်ရန်အတွက် ကတိုး၊ ကော့နှတ်ရွာနှင့် တဆက်တည်းဖြစ်သော သံလွင်မြစ်ပေါ်ရှိ သံဃာပိုင်ရွာရှိ မိမိ၏ အစ်မကြီး ဒေါ်ထောဂေ့ (မိထ၀်ဂွံ) ရှိရာသို့ လာရောက်နေထိုင်ကာ အစ်မ၏ လယ်မြေတွင် လယ်သမားအဖြစ် ၀င်ရောက်လုပ်ကိုင်လေသည်။

အချိန်တန်အရွယ်ရောက်သောအခါ ဖူးစာရှင်ဖြစ်သော မိရွှေမှုန်နှင့် လက်ထပ် ထိမ်းမြှားလေသည်။ မိရွှေမှုန်သည် အိမ်တွင်းမှုအပြင် ကောက်စိုက်ခြင်း၊ ကိုင်းလုပ်ခြင်းတို့၌လည်း ယောက်ျားများနှင့် ရင်ဘောင်တန်းပြီး ပစ္စည်းဥစ္စာရှာဖွေတတ်သူ ဖြစ်လေသည်။ တက်ညီလက်ညီဖြင့် ဘ၀ခရီးကို စတင်လျှောက်စဉ်မှာပင် မိရွှေမှုန်သည် မိမိ၏ ချစ်လှစွာသော ခင်ပွန်းသည်ကို လက်တွဲဖြုတ်ပြီး သေမင်းခေါ်ရာ နောက်သို့ ပါသွားရရှာလေတော့သည်။

ချစ်ဇနီးကွယ်လွန်ပြီးနောက် ၀မ်းနည်းဖွယ်ရာ၊ အားနည်းဖွယ်ရာများကို ဖယ်ရှားပြီး ဘ၀ကို အရှုံးမပေးသော ယောကျာ်းပီပီ မိမိ၏အဓိဋ္ဌာန် အောင်မြင်ရေးအတွက် မင်းဖြစ်လိုက မင်းနားခစား၊ သူဋ္ဌေးဖြစ်လိုက သူဋ္ဌေးနားမှာ ခစားမှဖြစ်မယ်ဟု စိတ်ကူးပြီး ကော့နှတ်ရွာရှိ သူဌေးကြီးဦးထော်အာထံတွင် အလုပ်ဝင်လုပ်လေသည်။

ဦးထော်အာ၏ စည်းစိမ်ချမ်းသာ ပစ္စည်းကြွယ်ဝမှုကို အားကျ၍ ဦးထော်အာကဲ့သို့ ကြွယ်ဝချမ်းသာရန်
(၁) အလုပ်ကို ကြိုးစားလုပ်မည်။
(၂) ရဲရဲဝံ့ဝံ့ နောက်မတွန့်ဘဲ လုပ်ရမည်။
(၃) ရိုးသားရမည်။
(၄) ဝေဖန်ထောက်ရှု မိမိမှုကို ဝေဖန်ရမည်ဟူသော စည်းကမ်းလေးချက်ကို ချမှတ်လေသည်။

ထိုသို့ သူဌေးကြီးဦးထော်အာထံတွင် ၀င်ရောက်အလုပ်လုပ်နေစဉ် မောင်အောက်၏ ယောက္ခမတို့က ၎င်းတို့၏ သမီးငယ် မိရွှေမှုန်၏ညီမ မိရွှေအုပ်နှင့် ပြန်လည် လက်ဆက်ပေးလေသည်။ မိရွှေအုပ်နှင့် ကြာရှည် မပေါင်းလိုက်ရဘဲ အစ်မမိရွှေမှုန်နည်းတူ မိရွှေအုပ်လည်း သေဆုံးသွားလေသည်။

ဒုတိယဇနီးသေဆုံးပြီးနောက် ရှိသမျှပစ္စည်းများကို အစ်မကြီးအား အပ်နှံခဲ့ပြီး သူဌေးကြီးဦးထော်အာထံတွင် ခြေစုံပစ်၍ အလုပ်ဝင်လုပ်တော့သည်။

သူဌေးကြီး ဦးထော်အာနှင့်ဇနီး ဒေါ်ခမာနားတို့သည် ထိုအချိန်တွင် ကော့နှတ်ရွာ၌ အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီးဟု ကျော်ကြားလျက်ရှိသည်။

ရန်ကုန်မြို့တွင် သားဖြစ်သူမောင်ရွှေအိုးအမည်ဖြင့် ရွှေအိုးဘရားသားကုမ္ပဏီ တစ်ခုကိုလည်း တည်ထောင်ထားလေသည်။ သစ်တောပိုင်ရှင် သူဌေးကြီးလည်းဖြစ်သည်။ ကော့နှတ်ဘုရားကျောင်းဝင်းရှိ တိုက်ကျောင်းကြီး မဟာမြတ်မုနိ ပိဋကတ်တိုက်နှင့် မီးလောင်သွားသော ဇရပ်ကြီးတစ်ဆောင်၏ အလှူရှင်လည်း ဖြစ်၏။

မောင်အောက်သည် သူဌေးကြီး ဦးထော်အာထံ၌် အလုပ်ဝင်လုပ်ရာတွင် ရေတွေ့သောငါးကဲ့သို့ စိတ်အားငယ်မှု၊ ၀မ်းနည်းမှုများကို ဖြေဖျောက်၍ စိတ်ချမ်းသာစွာဖြင့် အလုပ်ကိုကြိုးစားခြင်း၊ စည်းကမ်းသေ၀ပ်ခြင်းတို့ကြောင့် အလုပ်သမားအပေါ် ခေါင်းဆောင်မှု ရရှိလာသည်။ သူဌေးကြီးဦးထော်အာသည် ရိုးသားသော မောင်အောက်အား အလုပ်သမားခေါင်းဆောင်ခန့်ပြီး သစ်တောကြိုးဝိုင်းသို့ မိမိ၏ လူယုံအဖြစ်နှင့် စေလွှတ်၍ သစ်လုပ်ငန်းကို လုပ်ကိုင်စေသည်။ မောင်အောက်သည် သစ်တောကြိုးဝိုင်းတွင် သူဌေးကြီးအလိုကျ သစ္စာရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးသဖြင့် အတော်ဆုံးနှင့် သစ္စာအရှိဆုံး အလုပ်သမားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကာ ဆုငွေများချီးမြှင့်ပြီး သူကောင်းပြုလေသည်။ ထိုသို့ ဥစ္စာပစ္စည်းနှင့် ချီးမြှင့်ခြင်းခံရသော်လည်း မောင်အောက်မှာ ဘ၀င်မြင့်ခြင်းမရှိဘဲ မိမိ၏ရောက်လိုသော ပန်းတိုင်ကိုပင် စွဲမြဲစွာထားပြီး အလုပ်ကိုကြိုးစား၍ လုပ်ကိုင်လေသည်။

ထိုသို့ အလုပ်ကြိုးစားမှု၊ စည်းကမ်းရှိမှုတို့ကြောင့် ပစ္စည်းဥစ္စာများ စုဆောင်းမိလာ၏။ စုဆောင်းမိလာသော ဥစ္စာပစ္စည်းများကို ထိန်းသိမ်းရန် ဘ၀ကြင်ဖော် လိုလာ၏။ တတိယမြောက်ဇနီးအဖြစ် မိဂျာဥနှင့် လက်ထပ်ထိမ်းမြှားပြန်လေသည်။

မိဂျာဥနှင့် ထိမ်းမြှားပြီးနောက် စုဆောင်းထားသောငွေအပြင် သူဌေးကြီး ဦးထော်အာထံမှ ချေးယူထားသော ငွေအရင်းအနှီးဖြင့် သူဌေးကြီးဦးထော်အာထံမှ အလုပ်ခွဲထွက်ကာ မိမိကိုယ်ပိုင်သစ်လုပ်ငန်းကို စတင် လုပ်ကိုင်လေတော့သည်။

မောင်အောက်သည် မိမိကိုယ်ပိုင်သစ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် သစ်တောသို့ မထွက်မီ တစ်နေ့တွင် "ငါသည် ငယ်စဉ်အချိန် ဆင်းရဲသားအချိန်၌ ငါရည်မှန်းထားသော ချမ်းသာရမည့် ရောင်ခြည်ဦးဘ၀သို့ ငါတက်လှမ်းရတော့မည်။ သို့သော် ကံတရားသည် ဆန်းကြယ်ပါ၏။ ဥာဏ်နှင့်ဝီရိယသည် ကံတရား၏ အခြံအရံမျှသာ ဖြစ်သည်။ ထို့ကြောင့် ငါ့ကောင်းမှုကံပြည့်အောင် ရတနာသုံးပါးသည် ငါ၏ကိုးကွယ်ရာ ဖြစ်ပါသည်" ဟု စိတ်ကူးမိလေသည်။

ထိုစိတ်ကူးခံစားချက်ကို နှလုံးသွင်းလျက် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များကို ကိုင်ဆောင်လျှက် ဘုရားကျောင်းဝင်းအတွင်းသို့ ၀င်သွားလေသည်။ ဘုရားကျောင်းဝင်းအတွင်းရှိ ဘုရားငုတ်တို စေတီအနီးသို့ ရောက်သောအခါတွင် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များဖြင့် ဘုရားအားပူဇော်ကာ သူ၏လိုအင်ဆန္ဒကို ဆုတောင်း၍ အိမ်သို့ပြန်သွားလေသည်။

ယင်းဆုတောင်းချက်နှင့်အညီ အောင်မြင်မှုသည် မဝေးသောကာလတွင် ရှိနေပြီးဖြစ်သည်ကို မောင်အောက်သည် ယုံကြည်မှုအပြည့်နှင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမိလေသည်။

မှတ်ချက် … (ကော့နှတ်ဟူသော ဝေါဟာရမှာ မွန်ဘာသာ "ကံဟနှာတ်" ဟူသော အသံမှ ဖြစ်ပေါ်လာသော အမည်ဖြစ်သည်။ "ကံ" ဟူသောအဓိပ္ပါယ်မှာ ကုန်းမြင့်မြေနေရာကို ဆိုလိုပြီး "ဟနှာတ်" မှာ ပက်ခွံ့ဟူသော အဓိပ္ပါယ်ရသည်။ ကော့နှတ်ရွာ မဖြစ်ပေါ်လာမီ ထိုနေရာကို ရေလွှမ်းမိုးသောအခါ ပက်ခွံ့လာက်ရှိသော ကုန်းမြင့်ကလေးသာ ပေါ်ထွန်းလျှက်ရှိပြီးနောက် ပက်ခွံ့မျှလောက်သာ ရှိသောမြေနှင့် ပတ်ဝန်းကျင်နေရာတွင် ရွာတည်သောအခါ ထိုရွာကို "ကော့နှတ်" "ပက်ခွံ့ကုန်း" ဟူ၍ ခေါ်တွင်လေသည်။)

မောင်အောက်သည် ယုံကြည်မှုအပြည့်အ၀ဖြင့် သစ်တောသို့ တက်သွားသည်။ ထိုအချိန်၌ တနင်္သာရီတိုင်းသည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး မြန်မာပြည်အထက်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေသော အချိန်အခါဖြစ်လေသည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ သီပေါမင်းပါတော်မူပြီးနောက် ရှမ်းပြည်နှင့် ကယားပြည်နယ်တွင် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ကြသည်။ ထို့ကြောင့် တိုင်းရင်းသားရှမ်းနှင့် ကယားတို့ကို အင်္ဂလိပ်တို့က ဆက်လက်နှိမ်နင်းနေရလေသည်။ နောက်ဆုံးတွင် တိုင်းရင်းသားများတို့သည် အားမတန်၍ မာန်လျှော့ကာ အင်္ဂလိပ်တို့နှင့် စေ့စပ်ပြေငြိမ်း ရလေသည်။ သို့သော် ကယားစော်ဘွားတို့က မိမိတို့ပိုင် သစ်တောများဖြစ်ကြသော လွယ်ကော်၊ မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်းသစ်တောများကို ဈေးပေါပေါဖြင့် တိုင်းရင်းသား ညီအစ်ကိုတော်ဖြစ်သည့် မွန်လူမျိုးဦးနာအောက်အား သစ်ထုတ်ခွင့် ပေးလိုက်လေသည်။ ရှမ်းစော်ဘွားများကလည်း မိမိတို့ပိုင် သစ်တောများမှ နန်းဖဲတောကိုလည်း ဦးနာအောက်အား ဈေးနှုန်းချိုသာစွာဖြင့် လုပ်ကိုင်ခွင့်ပေးလေသည်။ အရေးကြီးသွေးနီးဆိုသကဲ့သို့ တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီမှုကြောင့် နေ့ချင်းညချင်းဆိုသလို ဦးနာအောက်၏စီးပွားရေးမှာ အံ့သြဖွယ် ကောင်းလောက်အောင် တိုးတက်လာတော့သည်။

ဦးနာအောက်၏ သစ်တံဆိပ်မှာ (၃၃၃) ဖြစ်သည်။ ယင်းတို့သည် ရတနာသုံးပါး၊ ပိဋကတ်သုံးပုံ၊ ဘုံသုံးပါးဟူ၍ အဓိပ္ပါယ်ရသည်။ ထိုတံဆိပ်ကို မှတ်ပုံတင်ပြီး မိမိပိုင်သစ်တောမှ သစ်များကို ယင်းတံဆိပ်ဖြင့် ခတ်နှိပ်လေသည်။ ကုသိုလ်ကံ အကျိုးပေးလာမှုကြောင့် ထုတ်လုပ်ရန်အလွန်ခက်သော မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်းသစ်တောများရှိ သစ်များသည် ထိုနှစ်တွင် မိုးသည်းထန်စွာရွာပြီး ရေလျှံမှုကြောင့် သံလွင်မြစ်အတွင်းသို့ အလွယ်တကူ ရောက်ရှိလာကာ မြစ်တလျှောက် မျောပါလာကြပြီး ကတိုး၊ ကော့နှတ်သစ်ဆိပ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်လာကြလေသည်။

ထိုအချိန်တွင် သံလွင်မြစ်ကမ်းပေါ်ရှိ သံဃာပိုင်ရွာမှ မော်လမြိုင်သို့ စီးဆင်းသော သံလွင်မြစ်တစ်လျှောက် ငါးမိုင်လောက်အကွာအဝေးအထိ သစ်ဖောင်များဖြင့် ပြည့်နှက်နေတော့၏။ ထိုသစ်အားလုံး၏ တံဆိပ်မှာ (၃၃၃) ဖြစ်လေသည်။ သစ်ထုတ်လုပ်ရေးစခန်းမှ ကော့နှတ်ရွာအရောက် သစ်တစ်လုံးအတွက် ကုန်ကျစရိတ်ငွေသည် ငွေဒင်္ဂါး ၂၀ ဖြစ်သည်။ မော်လမြိုင်တွင် ရောင်းရသော ဈေးနှုန်းမှာ ငွေဒင်္ဂါး ၉၀-၁၀၀ ထိ ရောင်းရသဖြင့် ထိုနှစ်ဦးမှာပင် ဦးနာအောက်သည် စုစုပေါင်းအမြတ်ငွေ ၁၀ သိန်းခန့် ရရှိလေတော့သည်။

မောင်အောက်၏ ဆုတောင်းခန်းသည် ပြည့်စုံပြီး ဥာဏ်နှင့် လုံ့လ၊ ၀ီရိယသာ ကျန်တော့သည်။ ဆင်းရဲသားဘ၀မှ နေ့ချင်းညချင်း ချမ်းသာလာသော်လည်း မိမိ၏ဘ၀ဟောင်းကို မမေ့ဘဲ မိမိ၏ အလုပ်သမားများအပေါ် ဘကြီးအရွယ်ကို ဘကြီး၊ ဖခင်အရွယ်ကို ဖခင်လိုသဘောထားပြီး ချီးမြှင့်ထိုက်သူကို ချီးမြှင့်၍ ဆုံးမသင့်သူကို ဆုံးမလေသည်။ ထို့ကြောင့် အလုပ်သမားများက ဖခင်လိုသဘောထားပြီး ဘကြီးအောက်လို့ အမွှန်းတင်ခေါ်ကြလေသည်။ မွန်ဘာသာအားဖြင့် "အနဲာအံက်" "ဘကြီးအောက်" ဟူ၍လည်း အမွှန်းတင်ပြီး ခေါ်ကြသည်။ "အနဲာ" ၏ အဓိပ္ပါယ်မှာ "ဘကြီး" ဖြစ်သည်။

ထိုသို့ကြီးပွားချမ်းသာလာသော အနိုင်အောက်သည် ပက်ခွံ့မျှလောက်သာ ရှိသော အောင်မြေပေါ်တွင် ရပ်တည်ပြီး ဘုရားငုတ်တိုစေတီငယ်ထံတွင် အဓိဋ္ဌာန်ဝင်ကာ ဆုတောင်းခဲ့သဖြင့် ယခုအခါ ဆုတောင်းသည့်အတိုင်း ပြည့်စုံလာသည်ကို အဖန်ဖန်သတိရသဖြင့် အလုပ်အားသည့်အခါတိုင်း သစ်တောကြိုးဝိုင်းမှ ကော့နှတ်သို့ ပြန်လာသည်။ ဘုရားငုတ်တိုငယ်ကို စေတီကလေးကို စေတီအကြီးအဖြစ် ပြည်လည်တည်ကာ ဇနီးသည် ဒေါ်ဂျာဥနှင့်အတူ ရေစက်သွန်းချ အမျှပေးဝေခဲ့လေသည်။

ဇနီးသည် ဒေါ်ဂျာဥမှာလည်း နိုင်အောက်နှင့် ကြာရှည် လက်မတွဲလိုက်ရဘဲ သေမင်းခေါ်ရာနောက်သို့ လိုက်ရပြန်သည်။

ဦးနာအောက်သည် ထိုအချိန်တွင် အသက် ၄၀ ကျော်မျှသာ ရှိသေးသည်။ ဇနီးသည် သေဆုံးသည့်အတွက် တရားနှင့်ဖြေကာ အံကြိတ်၍ အလုပ်ကို ဆက်လုပ်လေတော့သည်။

ထိုအမြတ်ငွေ ဆယ်သိန်းဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့လိုက်လေသည်။

သံလွင်မြစ်အရှေ့ဘက် ယိုးဒယား (ထိုင်း) ပြည်တွင် မယ်ဟောင်ဆွန် သစ်တော ကြိုးဝိုင်းကို အခွန်ဆောင်ပြီး မိမိကိုယ်တိုင်ကြီးကြပ်၍ ဆင်ပေါက်အစီး (၄၀) နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ရာ အမြတ်အစွန်းများစွာ ရလာပြန်၏။

ဦးနာအောက်သည် အလုပ်ကို ထကြွစွာလုပ်၏။ နိုးနိုးကြားကြား အမြဲတမ်းရှိ၏။ ငယ်သားအပေါ် သနားကြင်နာမှုရှိ၏။ အမြင်မတော်သည်များကို သည်းခံပြီး ပြုပြင်ပေး၏။ လုပ်ငန်းတစ်ခုကို ကိုယ်တိုင် ကျင့်ကြံထောက်ရှုပြီးမှ လုပ်တတ်၏။ ထိုကဲ့သို့သော ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှုဟူသော နာယကဂုဏ်ခြောက်ပါးကို လက်ခံထားပြီး လုပ်ငန်းကို လုပ်ဆောင်သောကြောင့် သူ၏လုပ်ငန်းသည် လျင်မြန်စွာ တိုးတက်ခြင်းဖြစ်လေသည်။

လုပ်ငန်းကို တွင်ကျယ်လာအောင် မယ်ဟောင်စွန်သစ်တောကို တူဖြစ်သူ (ဇနီးမိဂျာဥ ဘက်မှ) နိုင်ထွန်းရင်နှင့် နိုင်တွတ်တို့အား ဆင်အစီး ၄၆ စီးနှင့် ကြီးကြပ်ခိုင်းစေပြီး မိမိမှာမူ ရှမ်းပြည်ရှိ မောင်းမဲသစ်တောနှင့် ကယားပြည်နယ်ရှိ ဖားစောင်းသစ်တောကို ဆက်လက်လုပ်ကိုင်ပြန်သည်။

ဦးနာအောက်သည် သစ်တောလုပ်ငန်းတွင် များစွာအောင်မြင်မှုရပြီးနောက် ကော့နှတ်ရွာသို့ ပြန်လာသောအခါတွင် ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများအား မတန်မဆသော အတိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ချယ်လှယ်နေသည်ကို တွေ့မြင်ရသဖြင့် ထိုချစ်တီးကုလားနှင့် ဘာဘူကုလားများကို တိုက်ရန်အတွက် ငွေတိုးချစားခြင်းနှင့် စပါး ရောင်းဝယ်လုပ်ငန်းကို တိုးချဲ့စမ်းသပ်လုပ်ကိုင်လေတော့သည်။

နိုင်ငံခြားပွဲစား ချစ်တီး၊ ဘာဘူကုလားများသည် သူတို့၏စီးပွားရေး ဈေးကွက်ထဲသို့ မွန်တိုင်းရင်းသား ခေတ်ပညာမဲ့ ဘုန်းကြီးကျောင်းထွက် အရင်းရှင်ပေါက်စတစ်ယောက် ၀င်ထွက်လာသည်ကို အထူးမလိုလား၍ ဦးနာအောက်၏လုပ်ငန်း ပျက်စီးရာပျက်စီးကြောင်းအတွက် နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်လာကြ၏။ ထိုသို့တိုက်ခိုက်ခံရမှုအပြင် ဦးနာအောက်အလုပ်သမားများ၏ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ပထမတွင် အရှုံးနှင့်သာ ရင်ဆိုင်ရလေတော့သည်။ သို့သော်လည်း ဦးနာအောက်မှာကား "ဘဲအုပ်တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း၊ မဗေဒါ အံကိုခဲ ပန်းပန်လျက်ပဲ" ဟူသော စာဆိုနှင့်အညီ အရင်းရှင်နိုင်ငံခြားသားတို့ ၀ိုင်းပြီး တိုက်ခိုက်ကြသည်ကို အပြုံးမပျက် အံကြိတ်လျှက် ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

"ခုခံဝံ့သူ အောင်ပွဲရ၏" ဟူသော ဆောင်ပုဒ်ကို လက်ခံယုံကြည်ပြီး မိမိ၏ အားနည်းချက် ဟာကွက် ပျော့ကွက်များကို လေ့လာရာတွင် မိမိ၏ပွဲစားများနှင့် အလုပ်သမားများ မကျွမ်းကျင်မှုကြောင့် လုပ်ငန်းမအောင်မြင်သည်ကို တွေ့ရသဖြင့် သစ်တောလုပ်ငန်း၌ အားထားရသော လူယုံတော်ဦးငယ်ကိုဆင့်ခေါ်ပြီး စပါးလုပ်ငန်းတွင် တာဝန်ယူထမ်းဆောင်စေသည်။ ငွေကြေးဘက်တွင်မူ မိမိ၏လူယုံတော်ဦးဘိုးခင်အား တာဝန်ချထားလေသည်။ စာရေးကြီးဦးဘိုးခင်သည် နေ့စဉ် ၀င်ငွေထွက်ငွေစာရင်းနှင့် ဘဏ်သွင်းငွေ ထုတ်ငွေစာရင်းများကို ဦးနာအောက်အား တင်ပြအစီရင်ခံရလေသည်။

ကော့နှတ်ဘုရားဝင်း အရှေ့မြောက်ထောင့်၌ ဟောင်းနွမ်းယိုယွင်းနေသော ရုပ်ပွားတော်လေးဆူ တည်ရှိနေသည်။ တစ်နေ့တွင် လယ်သူမ မမိဗျူသည် ကော့နှတ်ရွာတွင်းမှ လယ်တောသို့အသွား ထိုရုပ်ပွားတော်လေးဆူ တည်ရှိရာနေရာသို့ ဖြတ်သွားစဉ် ရုပ်ပွားတော်လေးဆူအား ၀င်ဖူး၍ အဓိဋ္ဌာန်ပြု ဆုတောင်းလေသည်။ "တပည့်တော်မသည် ဆင်းရဲသူတစ်ဦး ဖြစ်ပါသည်။ တပည့်တော်မသည် ချမ်းသာခဲ့သော် မွန်မြတ်သော စေတီတစ်ဆူ တည်ဆောက်လှူဒါန်းပါမည်ဘုရား" အဓိဋ္ဌာန်ပြု၏။ ထိုသို့ ဆုတောင်းပြီးနောက် မကြာမီသော ကာလတွင်ပင် သူဋ္ဌေးကြီးမုဆိုးဖို ဦးနာအောက်သည် ထိုလယ်သူမအား မိမိ၏ စတုတ္ထမြောက်ဇနီးအဖြစ် လက်ထပ် ထိမ်းမြားလိုက်လေသည်။

မိဗျူသည် သူဋ္ဌေးကြီးဦးနာအောက်၏ ဇနီးအဖြစ်သို့ ရောက်သွားသောအခါတွင် သူမဆုတောင်းခဲ့သည့်အတိုင်း ရုပ်ပွားတော်လေးဆူနေရာတွင် စေတီတစ်ဆူတည်ပြီး ဆုတောင်းပြည့်စေတီဟု ခေါ်တွင်စေလေသည်။ ထိုစေတီသည် ယနေ့တိုင်အောင် ဆုတောင်းပြည့်စေတီဟုခေါ်တွင်ပြီး တင့်တယ်စွာဖူးမြော်နိုင်ပါသည်။

ကောင်းမှုကုသိုလ်တို့မည်သည် အကျိုးပေးလျှင် မနှေးအမြန် အကျိုးခံစားရသည် မဟုတ်ပါလော။

ဦးနာအောက်သည် ဆင်းရဲသားဘ၀မှ ချမ်းသာလာသူပီပီ ဘ၀တူဆင်းရဲသားများအား ကူညီလေ့ရှိ၏။ မိမိကဲ့သို့ ချမ်းသာလာနိုင်အောင် ထာဝရကရုဏာရှေ့ထားပြီး ထောက်ပံ့ခြင်း၊ သွန်သင်ဆုံးမခြင်းနှင့် ချီးမြှင့်မြှောက်စားခြင်းတို့ကို အစဉ်တစိုက်ပြုလုပ်သည်။ တစ်လလျှင် ငွေဒင်္ဂါး ၂၀ ရသော အလုပ်သမားတစ်ယောက်သည် လတိုင်းလတိုင်းမထုတ်ဘဲ တစ်နှစ်ပြည့်မှ ငွေဒင်္ဂါး ၂၄၀ ထုတ်ယူလျှင် အထူးချီးမြှင့်ငွေအဖြစ် ငွေဒင်္ဂါး ၅၀၀ ထပ်ဆောင်းပေးရုံတွင်မက အ၀တ်အစားများပါ ထောက်ပံ့လေသည်။

အလုပ်သမားတို့အား မိမိတို့၏ ချွေးနှဲစာတို့ကို စုဆောင်းတတ်စေခြင်းနှင့် ဘ၀တိုးတက်ရေးအတွက် အချိန်ပိုလုပ်အားပေးခြင်းကို အားပေးသည့် သဘောပင်။

ထို့ကြောင့် ဦးနာအောက်၏ အလုပ်သမားများသည် သူ၏နောက်ကွယ်တွင် မည်သူမျှ ခိုးယူသုံးစွဲ အလွဲသုံးစားမှု မပြုလုပ်ကြချေ။ ထိုကြောင့်လည်း သူ၏ စီးပွားဥစ္စာသည် ဒီရေအလား တိုးတက်လာ၏။ ကလွီ၊ ဒရယ်၊ သဲကုန်း၊ ကျုံတော်၌ လည်းကောင်း၊ ဟံသာဝတီ ပဲခူးဘက်၌ လည်းကောင်း၊ ခရမ်းသုံးခွတို့၌ လည်းကောင်း၊ သံလွင်မြစ်တစ်လျှောက် လက်ပံတော၊ မှော်ဘီ၊ ထုံးအိုင်ဘက်၌ လည်းကောင်း၊ ဂျိုင်းမြစ်ဘက် ကရနာ၊ ကော့တက်၊ ကော့ဘိန်း၊ ကော့လမု၊ ဇာသပြင်၊ ဂျိုင်း၊ သရက်တော၊ ဂန္ဓီတိုင်အောင်တို့၌ လည်းကောင်း၊ ကျိုက်မရော၊ အတ္ထရံမြစ်ကမ်းရှိ ရွာတို့၌ လည်းကောင်း စပါးများ ၀ယ်ယူလေတော့သည်။

ဦးငယ်သည် အခြားပွဲစားများထက် ငွေနှစ်ကျပ်၊ သုံးကျပ် အပိုပေးခြင်းဖြင့် စပါးကို အလွယ်တကူ ၀ယ်ယူရရှိလေသည်။ ထို့ပြင် လယ်သမားတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံသွားမှုကြောင့် နိုင်ငံခြားပွဲစားများထက် အခွင့်အရေးရကာ မကြာမီအတွင်း၌ စပါးတင်းပေါင်း ၂၅၀၀၀၀ အထိ ၀ယ်ယူရရှိသည်။

ဝယ်ယူရရှိသော စပါးများကို တုန်ကင်း၊ လှေများဖြင့်တင်ပြီး "အောင်ခေမာ"၊ "အောင်ပန်း" တစ်ထပ်သင်္ဘောများဖြင့်ဆွဲကာ အောင်မောင်းကြီးများကို တီးခတ်၍ မောင်းတဒူဒူနှင့် အသံပေးပြီး မော်လမြိုင်သို့ သယ်ဆောင်သွားလေသည်။ ဦးငယ်သည် မော်လမြိုင်တွင် စပါးသွင်းပြီးနောက် ကော့နှတ်ရွာသို့ ပြန်လာခဲ့လေသည်။

ဦးငယ်သည် မိမိအနေဖြင့် သူများထက် ငွေပိုပေးပြီး ၀ယ်သည်ဖြစ်သောကြောင့် ငွေဒင်္ဂါး ၈၀၀ မျှ စာရင်းကွာခြားလျော့နည်းသည်ကို ဦးနာအောက် ဆူပူတော့မည်ဟု ယူဆထားသော်လည်း ဦးနာအောက်က "ငါအရင်းရရင် ပြီးတာပဲ၊ အမြတ်မရရင် နေပါစေ တို့တိုင်းရင်းသားတွေ မနစ်နာရင် ပြီးတာပဲ" ဟု ပြောရင်း တဒုန်းဒုန်းနှင့် ထောင်းနေသော ကွမ်းဆံမှ ကွမ်းကိုယူစားပြီး ဦးငယ်အား လူယုံတော်စာရေးကြီး ဦးဘိုးခင်ထံ စားရင်းရှင်းပြီး ပွဲခထုတ်ယူရန် စေလွှတ်လိုက်လေသည်။

စာရေးကြီး ဦးဖိုးခင်သည် စပါးတစ်ရာနှင့် ပွဲခ ၂၀ နှုန်း၊ စပါး ၂ သိန်းခွဲအတွက် ပွဲခ ငွေပေါင်း ၅၀၀၀ ကျသင့်သော်လည်း မောင်ငယ်စာရင်းအတွက် ငွေ ၈၀၀ လျော့နေသည်အတွက် စာရင်းစာအုပ်ကိုကိုင်ပြီး ဦးနာအောက်ထံသွား၍ လျော့နေသည့်ငွေအတွက် နှုတ်ယူရမည်၊ မနှုတ်ယူရမည်ကို သိလို၍သွားမေးလေ၏။

ဦးနာအောက်သည် စာရင်းစာအုပ်ကိုယူပြီး ကြည့်ရာတွင် စာရင်းဟောင်းတွင် ယခင်က ပွဲစားတစ်ယောက်သည် စပါးတင်း ၉၀၀၀၀ ၀ယ်ရာ၌ ငွေ ၁၄၀၀ လျော့၍ လည်းကောင်း၊ နောက်ပွဲစားတစ်ယောက်သည် စပါးတင်းပေါင်း ၆၀၀၀၀ ၀ယ်ရာ၌ ငွေ ၈၀၀ လျော့၍လည်းကောင်း၊ ကျန်ပွဲစားတစ်ဦးသည် စပါးတင်းပေါင်း ၃၀၈၀၀ ၀ယ်ယူရာတွင် ငွေပေါင်း ၈၀၀ လျော့၍လည်းကောင်း တေ‎ွ့ရှိသောအခါတွင် ပွဲစားသုံးယောက်ဝယ်သော စပါးစုစုပေါင်း တင်း ၁၈၀၀၀၀ တွင် လျော့ငွေ ပေါင်းက ကျပ် ၃၀၀၀။ မောင်ငယ်ဝယ်သည့်စပါးက တင်းပေါင်း ၂၅၀၀၀၀၊ ငွေလျော့သည်က ၈၀၀၊ စပါးတင်း ဆယ်တင်းတွင် ဆယ်ပြားလောက် လျော့သည့်သဘော မှတ်ချက်တွေ့ရှိသဖြင့် ချီးမြှင့်သည့်အနေနှင့် လျော့ငွေကို ပွဲခမှ မနုတ်သည့်အပြင် နောက်ထပ်ငွေ ၁၀၀၀ ကျပ် ထပ်ဆောင်းပေးလိုက်သည်။ ဤတွင် ဦးနာအောက်သည် ချီးမြှင့်ထိုက်သူအား ချီးမြှင့်ပြီး ဆုံးမသင့်သူကိုလည်း ဆုံးမတတ်ကြောင်း ပြသလိုက်ခြင်း ဖြစ်၏။

ဦးနာအောက်သည် ငွေတိုးချလုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ ချစ်တီးကုလားထံ လယ်သမားများ အဆမတန်သော အတိုးဖြင့် ငွေချေးရသည်ကို မိမိသည်လည်း လယ်သမားဘ၀မှ တက်လာသူ ဖြစ်သည်နှင့်အညီ တွေ့မြင်ရသည့်အတွက် ချစ်တီးကုလားကို ပြန်တိုက်သည့်သဘောဖြင့် အတိုးနှုန်းသက်သက်သာသာဖြင့် လယ်သမားများအား ငွေချေး၏။ လယ်ယာလုပ်ငန်းကိုလည်း တိုးချဲ့သည်။ ၎င်း၏ လုပ်ငန်းများတွင် တိုင်းရင်းသားများကိုသာ လုပ်ကိုင်စေလေသည်။

မီးသင်္ဘောသူဋ္ဌေး ဖြစ်လာခြင်း...
ဦးနာအောက်သည် အင်္ဂလန်နိုင်ငံ စကော့တလန်ပြည်၊ ဂလာစဂိုမြို့ရှိ မက္ကီအင် ဘက္ကစတာ ကုမ္ပဏီထံမှ သင်္ဘောများနှင့် စက်ပစ္စည်းများကို ဦးရွှေလေးအား စေလွှတ်၍ မှာကြားဝယ်ယူလေသည်။

သင်္ဘောလွန်းတင်ရန်အတွက် သင်္ဘောကျင်းကို မုတ္တမမြို့၊ ဆီဆုံရပ်၌ တည်ဆောက်လေသည်။ ထိုသင်္ဘောကျင်းသည် သက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးပြီး ကုန်ကျစရိတ်မှာ တစ်သိန်းကျော်ဖြစ်သည်။

ဦးနာအောက် ပိုင်ဆိုင်သော သင်္ဘောများမှာ (၁) အောင်စင်္ကြာ၊ (၁) အောင်မင်္ဂလာ၊ (၃) အောင်တပ်၊ (၄) အောင်သိန်း၊ (၅) အောင်ဒီပါ၊ (၆) အောင်သီတာ၊ (၇) အောင်မင်္ဂလာဖြစ်ပြီး နှစ်ထပ်သင်္ဘောများဖြစ်သည်။ တစ်ထပ်သင်္ဘောများမှာ (၁) အောင်ဇေယျနှင့် (၂) အောင်နိဗ္ဗာန်ဟု ခေါ်သော်လည်း နောင်တွင် အောင်ခေမာနှင့် အောင်ပန်းဟူ၍ အသီးသီးပြောင်းလဲ ခေါ်တွင်စေခဲ့သည်။

ဦးနာအောက်ပိုင် မီးသင်္ဘောတို့သည် ကိုးစီးဖြစ်ကာ နှစ်ထပ်မီးသင်္ဘော၏ ကျသင့်ငွေသည် တစ်စီးလျှင် ကျပ် ၆၀၀၀၀ ဖြစ်ပြီး တစ်ထပ်မီးသင်္ဘော၏ ကျသင့်ငွေသည် တစ်စီးလျှင် ကျပ် ၃၅၀၀၀ ဖြစ်လေသည်။

သင်္ဘောများ၏ ကိုယ်ထည်နှင့် အမိုးများကို ငှက်ပျောညွန့်အရောင် ဆေးချယ်ထားပြီး သင်္ဘော၏ ပြောင်းတိုင်များကို အညိုရောင်အခံထား၍ အဖြူရောင်ဖြင့် ရစ်ပတ်ထားလေသည်။ သင်္ဘောသားအားလုံးတို့သည် တိုင်းရင်းသားများသာ ဖြစ်လေသည်။ ထိုသင်္ဘောများသည် သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတွင် ပြေးဆွဲ၏။

သင်္ဘောခများကို အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက သင်္ဘောခများထက် လျှော့ပေါ့စေပြီး ဘုန်းတော်ကြီး၊ ရှင်သာမဏေ၊ သီလရှင်၊ လူအိုနှင့် ကလေးငယ်များအား အခမယူဘဲ နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်၏။ ထို့ပြင် ဦးနာအောက်သည် နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လဆုတ် (၃) ရက်နေ့မှစ၍ အောင်နိဗ္ဗာန် တစ်ထပ်သင်္ဘောပေါ်တွင် ကုနိသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ တင်ဆောင်ပြီး သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတို့၏ ၀ဲယာရှိ ကျောင်းများနှင့် ဘီလူးကျွန်းဘက်ရှိ ကျောင်းများတွင် တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်အလှူများအဖြစ် သွားရောက်လှူဒါန်းလေ၏။ ယင်းအပြင် နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်လှူဒါန်းထားသော အလှူဒါနအတွက်လည်း တစ်နှစ်တစ်ခါ ရေစက်ချ အမျှပေးဝေလေ့ရှိသည်။

ထိုသို့ ရွာစဉ်လျှောက်ပြီး တစ်လပတ်လုံး ကထိန်အလှူကို လှူဒါန်းသည့်အတွက် ထိုဒေသတွင် "ကထိန်လှူဒါန်းခြင်းအစ ဦးနာအောက်က" ဟု ယခုတိုင် ပြောစမှတ်ပြုကြလေသည်။

ဧရာဝတီ သင်္ဘောကုမ္ပဏီနှင့် တိုက်ပွဲ...
ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသော အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ပိုင် ဧရာဝတီကုမ္ပဏီကြီးသည် သူ၏စီးပွားရေးကွက်ထဲသို့ ၀င်ရောက်လာသော တိုင်းရင်းသားအရင်းရှင် ဦးနာအောက်ပိုင် သင်္ဘောများကို မလိုလားမနှစ်သက်ချေ။

ထို့ကြောင့် ဦးနာအောက်သင်္ဘောက တစ်ကျပ်နှုန်းယူလျှင် ဧရာဝတီကုမ္ပဏီက တစ်ဝက်လျှော့ကာ ငါးမူး (၅၀ ပြား) နှုန်း ယူလေ၏။ ဦးနာအောက်က တစ်မတ် (၂၅ ပြား) နှုန်း လျှော့လိုက်၏။ ဧရာဝတီက တစ်မူး (၁၀ ပြား) ဧရာဝတီက တစ်ပဲ (၅ ပြား) နောက်ဆုံးတွင် အခမဲ့တင်လာသည့်အထိ တိုက်ပွဲဆင်လာကြ၏။

ဦးနာအောက်၏ သင်္ဘောများဆိပ်ကမ်းတွင် မဆိုက်ကပ်နိုင်အောင် သင်္ဘောဆိပ်ကမ်းမှန်သမျှ မိမိတို့သင်္ဘောများသာ ဆိုက်ကပ်ခွင့်ရရန် ဧရာဝတီသင်္ဘော ကုမ္ပဏီသည် အခွန်ဆောင်၍ ၀ယ်ယူလေသည်။ ဦးနာအောက်၏ သင်္ဘောများ ဆိုက်ကပ်ရန် သင်္ဘောဆိပ်ကမ်းမရှိသဖြင့် အခက်အခဲတွေ့ရလေ၏။ ထိုအခါ ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင်လည်းဖြစ် ကတိုးရွာရှိ တိုင်တစ်လုံးအိမ်ပိုင်ရှင်လည်းဖြစ်သော ဦးရွှေလေးက ဧရာဝတီကုမ္ပဏီသည် ဆိပ်ကမ်းကို အခွန်ဆောင်၍ ကုမ္ပဏီပိုင်ဖြစ်အောင် လုပ်နိုင်သကဲ့သို့ မြစ်ချောင်းအားလုံးကို ဦးနာအောက်ပိုင်ဖြစ်အောင် အကြံပေးသဖြင့် သူ၏အကြံပေးချက်အရ မြစ်ချောင်းအားလုံးကို အခွန်ဆောင်လိုက်သောကြောင့် ဧရာဝတီကုမ္ပဏီမှ သင်္ဘောများသည် မြစ်ချောင်းတို့တွင် ပြေးဆွဲနိုင်ခြင်းမရှိတော့ချေ။ ဧရာဝတီက ဆိပ်ကမ်းများပိုင်ပြီး ဦးနာအောက်က မြစ်ချောင်းများပိုင် ဖြစ်လေသည်။ ခရီးသည်များသွားလာရေး ခက်ခဲလာတော့၏။ တရားရုံးသို့ ရောက်သွားကြ၏။ တရားရုံးမှ ဆုံးဖြတ်လိုက်သည်မှာ ဧရာဝတီသင်္ဘောသည် ခရီးတစ်ခုခုအတွက် ဆိပ်ကမ်းမှ ဦးနာအောက် သင်္ဘောထက်အချိန်စောစွာ ထွက်စေပြီး ဦးနာအောက် သင်္ဘောထက်ဦးစွာ ဆိုက်ရောက်ရမည်ဟု ဆို၏။

တိုင်းရင်းသားအရင်းရှင် ဦးနာအောက်သည် နယ်ချဲ့အရင်းရှင်ကို မီးသင်္ဘော သယ်ယူပို့ဆောင်ရေးအတွက် ယှဉ်ပြိုင်သတ္တိပြလိုက်သည်မှာ မော်ကွန်းတင်သွား လေတော့၏။

ဘ၀ကိုမမေ့သော ဦးနာအောက်...
ဦးနာအောက်သည် ဆင်းရဲသားဘ၀မှ လာသည်နှင့်အညီ မိမိဘ၀ကို မည်သည့်အခါမှ မမေ့ချေ။ အစားအသောက်၌လည်း ကြေးမများချေ။ တောအစားအစာများသာ နှစ်သက်စားသောက်ပြီး ကွမ်းကိုတဒုန်းဒုန်းနှင့် ထောင်း၍ အမြဲတမ်းစားလေ့ရှိ၏။

နာမည်ကြီးသော ဦးနာအောက်အား တွေ့လို၍ တစ်နေ့တွင် အင်္ဂလန်ဘိလပ်မှ အင်္ဂလိပ်လူမျိုးတစ်ဦးသည် ကော့နှတ်ရွာသို့ ရောက်လာ၏။ ခမ်းခမ်းနားနား၊ ကြီးကြီးကျယ်ကျယ်၊ အခြွေအရံနှင့် တွေ့ရတော့မည်ဟု ထင်မှတ်ခဲ့သော်လည်း အ၀တ်ဖြူဝတ်ကာ နှီးဖျာနေသော ဦးနာအောက်အား တွေ့ရသောအခါ အထင်နှင့်အမြင် လွဲမှားခဲ့လေသည်။

ဦးနာအောက်သည် လယ်သမားဘ၀ကို မမေ့သည့်အလျှောက် လယ်ယာနှင့် ကိုင်းလုပ်ငန်းများကို အားပေးမှုပြု၏။ အချိန်ရတိုင်း နှီးဖျာ၊ ပလိုင်း၊ တောင်းများ ရက်လုပ်နေတတ်ပြီး ကျွမ်းကျွမ်းကျင်ကျင်လည်း ရှိလှ၏။ ရတနာသုံးပါးကို ကိုင်းရှိုင်းသူဖြစ်သည့်အလျှောက် ရွာရှိကျောင်းကန်ဘုရားသို့ နံနက်တစ်ခေါက်၊ ညနေတစ်ခေါက် မှန်မှန်သွားပြီး ၀တ်ပြုလေ့ရှိ၏။

တစ်နေ့တွင် ဘုရားကျောင်းဝင်းတွင် ဘုရားရှိခိုးဝတ်ပြုစဉ် ဓားပြသုံးယောက်တို့သည် ဦးနာအောက်အား မိမိတို့သည် စားစရာမရှိ၍ တစ်ယောက်လျှင် ၅၀၀ ကျပ် နှုန်းဖြင့် ၁၅၀၀ ကျပ် တောင်းခံ ဓားပြတိုက်လေသည်။ ဦးနာအောက်သည် တုန်လှုပ်မှုမရှိဘဲ ၎င်းတို့သည် တကယ်စားစရာမရှိ၍ ဓားပြတိုက်သည်ကို အဖြစ်မှန်သိသည့်အတွက် ဓားပြတို့ကို အစောင့်ခိုင်းထားပြီး အိမ်သို့ပြန်၍ ငွေ ၁၅၀၀ ယူကာ ဓားပြတို့အား ပေးကမ်းလိုက်လေသည်။ အလှူတစ်ခု ပြုလုပ်လိုက်သည့် သဘောပင်။

ကောင်းမှုကုသိုလ် ပြုခြင်း...
ဦးနာအောက်သည် မိမိ၏ဘ၀ကံအကျိုးပေး၍ ချမ်းသာလာသည်ကို လက်တွေ့ယုံကြည်သူဖြစ်၍ ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင် သူမတူအောင် သမိုင်းတွင်ရစ်အောင် လှူဒါန်းသွားသည်ကို ယနေ့တိုင် မြင်တွေ့ရလေသည်။ ထိုသို့ လှူဒါန်းနိုင်ရန်လည်း ဦးနာအောက် အတွက်…

(၁) သင့်တင့်လျှောက်ပတ်ရာ နေရာအရပ်၌ လူဖြစ်ခြင်း။
(၂) ရှေးက ပြုဖူးသော ကောင်းမှုကုသိုလ် အကျိုးပေးခြင်း။
(၃) သူတော်ကောင်းကို မှီဝဲခြင်း။
(၄) မိမိကိုယ်ကို ကောင်းအောင် တည်ဆောက်နိုင်ခြင်း တည်းဟူသော သမ္ပတ္တိလေးပါးနှင့်လည်း ပြည့်စုံခဲ့လေသည်။

အထက်ပါသမ္ပတ္တိလေးပါးနှင့် ပြည့်စုံသော ဦးနာအောက်သည် ၁၂၄၀ ခုနှစ်တွင် မန္တလေး မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၌ ပရိယတ္တိစာပေများကို လေ့လာသင်ကြားနေကြသော မွန်ဆရာတော် ဦးပညာဓမ္မကို ကော့နှတ်ရွာတွင် ပရိယတ္တိစာသင်တိုက် ဖွင့်လှစ်ရန် မန္တလေးမှ ကော့နှတ်ရွာသို့ ပင့်လာလေသည်။ ဦးပညာဓမ္မခေါ် ဦးပဉ္ဇင်းမိုးသည် ပရိယတ္တိစာပေအပြင် ခေတ်ပညာဖြစ်သော အင်္ဂလိပ်-မြန်မာ၊ သက္ကတ စသော စာပေများကိုလည်း တတ်မြောက်သူ ဖြစ်လေသည်။ ဦးပညာဓမ္မသည် မန္တလေးမြို့တွင် ၁၂၃၇ ခုနှစ်မှ ၁၂၄၀ ခုနှစ်အထိ ပရိယတ္တိစာပေများကို သင်ကြားခဲ့သည်။

ဦးပညာဓမ္မသည် မင်းတုန်မင်း၏ မိတ်ဆွေ ရွှေတိဂုံရင်ပြင်ပေါ်ရှိ နောင်တော်ကြီး စေတီတော်၏ ထီးတော်ဒါယကာ နေမျိုးရာဇာသင်္ခရာဘွဲ့ခံ ဦးမွန်ထော်၏ ယောက်ဖ (မိန်းမ၏မောင်) တော်သူ ဖြစ်ပါသည်။ ဦးပညာဓမ္မကို ဦးထောာ်အာ-ဒေါ်ခမနား၊ ဦးထွန်းကျော်-ဒေါ်မိထော်၊ ဦးနာအောက်-ဒေါ်ဗျူ သူဋ္ဌေးကြီး သုံးဦးတို့က ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာသို့ ပင့်ဆောင်လာသည်။ ကော့နှတ်ရွာသို့ ဦးပညာဓမ္မ ရောက်လာသည့် ၁၂၄၀ ခုနှစ်သည် တနင်္သာရီတိုင်းနှင့် မွန်ဒေသအားလုံးတွင် မွန်ပရိယတ္တိသာသနာ ဆိတ်သုဉ်းနေသည့် အချိန်အခါ ဖြစ်သည်။

မွန်ပရိယတ္တိသာသနာသည် ကွယ်ပျောက်ဆိတ်သုဉ်းနေရာမှ ပထမဆုံး မွန်ပရိယတ္တိသာသနာကို စတင်ထူထောင်သော နေရာဖြစ်သည်။ ဇာသပြင်ရွာတွင် မွန်ပရိယတ္တိသာသနာကို စတင်ပြီးအားထုတ်နေစဉ် ဦးနာအောက်နှင့် ဦးထော်အာ၊ ဦးထွန်းကျော်တို့က မွန်ပရိယတ္တိသာသနာကို အားပေးလိုသဖြင့် ကော့နှတ်ရွာတွင် စာသင်တိုက်ကြီး ဖွင့်လိုသောကြောင့် ဇာသပြင်ကျောင်းမှ စာသင်သား အပါး ၆၀ ကျော်ကို ကော့နှတ်ရွာသို့ပင့်ကာ စာသင်တိုက်ကို စတင်ထူထောင်လေသည်။ စာသင်တိုက် စတင်ဖွင့်လှစ်သောနှစ်မှာ ၁၂၄၆ ခုနှစ် ဖြစ်လေသည်။ ဦးပညာဓမ္မ ဦးစီးအုပ်ချုပ်သော စာသင်တိုက်သို့ မွန်ဒေသအရပ်ရပ်မှ မွန်သံဃာတော်တို့သည် ဆရာတော် ဦးပညာဓမ္မထံသို့ ခိုလှုံ၍ ပရိယတ္တိ၏ ချိုမြိန်သော နို့ရည်ကို လာရောက် သောက်စို့ကြလေတော့သည်။

မွန်တို့၏ သာသနာသည်…
(က) မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တဖုဿနှင့်ဘလ္လိက မွန်ညီနောင်နှစ်ပါးတို့က ဂေါတမမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူကို ရာမညတိုင်းသို့ ပင့်ဆောင်လာခြင်းဖြင့် သာသနာတော်သည် မွန်ဒေသသို့ ပထမဆုံး ရောက်ရှိလာခြင်း။

(ခ) ဂေါတမမြတ်စွာဘုရား ၀ါတော်ရှစ်ဝါရစဉ်ကာလက သုဝဏ္ဏဘူမိ၊ သထုံပြည်သို့ ကြွရောက်လာပြီးနောက် တရားရေအေးတိုက်ကျွေးခြင်းနှင့် ဆံတော်ဓါတ်များကို ပေးသနားတော်မူသဖြင့် သာသနာတော်သည် ဒုတိယအကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(ဂ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် သောဏထေရ်-ဥတ္တရထေရ်နှင့် တပည့်သုံးပါးတို့သည် သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွရောက်လာပြီး သာသနာပြုကြသဖြင့် သာသနာတော်သည် တတိယအကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(ဃ) သာသနာသက္ကရာဇ် ၉၀၀ ခုနှစ်လောက်တွင် ရှင်မဟာဗုဒ္ဓဃောသသည် သီဟိုကျွန်းသို့ ကြွရောက်ပြီး ပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပြန်ဆိုရေးသားကာ သထုံပြည်သို့ ယူဆောင်လာသဖြင့် သာသနာတော်သည် စတုတ္ထအကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(င) ကောဇာသက္ကရာဇ် ၈၃၂ ခုနှစ်တွင် ဟံသာဝတီ နန်းတက်တော်မူသော ဓမ္မစေတီမင်းလက်ထက်တွင် သာသနာသန့်ရှင်းရေးခရီးကို ဆောင်ရွက်ပြီး မွန်ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြင့် သာသနာတော်သည် ပဉ္စမအကြိမ် ပေါ်ထွန်းလာခြင်း။

(စ) ကောဇာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် ဦးထော်အာ၊ ဦးထွန်းကျော်နှင့် ဦးနာအောက်တို့ ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာတွင် စာသင်တိုက်ကြီး စတင်ထူထောင်သဖြင့် မွန်ပရိယတ္တိသာသနာတော်သည် ဆဋ္ဌမအကြိမ် ပေါ်ထွန်းလာသည်ကို "သာသနာအစ ကော့နှတ်က" ဟု ရှေးဆရာတော်များ နှုတ်ဖျား၌ ပြောဆိုလေ့ရှိကြသည်။ ကော့နှတ်ပရိယတ္တိစာသင်တိုက်သည် ယနေ့တိုင် ရပ်တည်လျက်ရှိလေသည်။

ထိုသို့ သူတော်ကောင်းကို မှီဝဲရသော သမ္ပတ္တိတရားနှင့် တွေ့ကြုံရသောအခါ ဆင်းရဲသားဘ၀အရသာကို ခံစားခဲ့ဖူးသော ဦးနာအောက်သည် ဆရာတော်ဦးပညာဓမ္မ၏ ဆုံးမသြ၀ါဒကိုခံယူကာ နံနက်လျှင် ၀တ်ဖြူကိုဝတ်ပြီး ဆွမ်းစားကျောင်းသို့ လာရောက်ကာ ဆွမ်းဟင်းများကိုကြည့်ပြီး လိုအပ်ပါက အမြဲဖြည့်ပေးကာ သံဃာတော်များကို ကြည်ညို၍ ညနေကြလျှင် ဖျော်ရည်နှင့်တကွ ဆေးများကို ယူဆောင်လျှက် သံဃာတော်များကို လှူဒါန်းလေ့ရှိသည်။ ကော့နှတ် ကျောင်းတိုက်သည် ထိုအချိန်အခါမှစ၍ စာသင်သား သံဃာတော်အပါး ၁၅၀-၂၀၀ တို့ဖြင့် အမြဲပြည့်လျှက်ရှိသော ကျောင်းတိုက်ဖြစ်လာသည်။ ဆရာတော် ဦးပညာဓမ္မသည် ပရိယတ္တိစာပေကို မွန်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း သင်ကြားလိုသော စာသင်သား သံဃာတော်များကို လက်ခံသည်။ မြန်မာဘာသာဖြင့် သင်ကြားလိုသော သံဃာတော်များအား ကော့နှတ်ကျောင်းတိုက်ပေါ်တွင် သီတင်းသုံးစေပြီး မွန်ဘာသာဖြင့် သင်ကြားလိုသော သံဃာတော်များအား ကျောင်းငယ်ပေါင်းများစွာရှိသော ဦးနာအောက်ကျောင်းခေါ် ကျောင်းများတွင် နေထိုင်စေကာ ပရိယတ္တိစာပေများကို လေ့လာစေသည်။ တိုက်ကျောင်းနှင့် အောက်ကျောင်းတွင် နေထိုင်သော စာသင်သားများကို ဆွမ်းစားချိန်တွင် တစ်နေရာတည်းဖြစ်သော ဆွမ်းစားကျောင်းသို့ တညီတညွတ်စုရုံးကြပြီး ဆွမ်းစားစေသည်။ ထိုသို့စည်းကမ်းကြီးစွာ အုပ်ချုပ်သော ဆရာတော်၏ ဓမ္မစာရိတ္တ ဂုဏ်ကျေးဇူးသည် အရပ်ရှစ်မျက်နှာသို့ မွှေးကြိုင်ပျံ့နှံ့ခဲ့လေသည်။

ဘုရား၊ ၀တ်ကျောင်း၊ တန်ဆောင်း ဒါယကာဖြစ်ခြင်း...
ဦးနာအောက်ကျောင်းသို့ ရောက်လာသော နေ့တစ်နေ့တွင် ဆရာတော် ဦးပညာဓမ္မသည် တန်ဆောင်းပြာသာဒ်ပုံကို ရေးဆွဲပြီး ဤပုံအတိုင်း ကော့နှတ်ကျောင်းဝင်းအတွင်း တစ်နေရာတွင် ဆောက်လုပ်လှူဒါန်းလျှင် ကောင်းမည်ဟု အကြံပေးသဖြင့် ဦးနာအောက်သည် "ဪ... ငါလာတုန်းက လက်ဗလာကြီး၊ ပြန်လျှင် အချည်းအနှီးမဖြစ်ရလေအောင် ကောင်းမှုမှတ်တိုင် စိုက်ထူမည်" ဟု စိတ် ပိုင်းဖြတ်ကာ လက်အုပ်ချီမိုးကာ ဆရာတော်ခြေရင်း၌ ဦးခိုက်လျှောက်ထားသည်မှာ "ဆရာတော် အရှင်မြတ်ဘုရား၊ လောကီလောကုတ်အကျိုး၊ ပစ္စုပ္ပန်အကျိုးကို မျှော်ကိုးပြီး ဆရာတော်ဘုရား ညွှန်ကြားသည့်အတိုင်း အမွန်မြတ်ဆုံးသော စုလစ်မွန်းချွန်နှင့်တကွသော ပြာသာဒ်တန်ဆောင်း အဆောက်အအုံအတွက် တပည့်တော် စွန့်လွှတ်လှူဒါန်းပါမည် ဘုရား" ဟု လျှောက်တင်လေသည်။

ဆရာတော်လည်း ဦးနာအောက်အား "ဒကာတော်၏ လိုအင်ဆန္ဒကို ပြီးပြည့်ဝစေမည်" ဟု ပြောကြားပြီး မန္တလေးနေပြည်တော်ရှိ အရည်အချင်းနှင့်ပြည့်စုံသော ပန်းချီ၊ ပန်းပုစသော ပညာရှင်များကိုခေါ်ကာ နှစ်ကျိပ်ရှစ်ဆူ ၀တ်တန်ဆောင်းကို ဆောက်လုပ်စေသည်။ ထိုဝတ်တန်ဆောင်းကို ဘုံ ၁၂ ဆင့် ပြာသာဒ် အဆောင်ဖြင့် တည်ဆောက်ထားသည်။ ကနုတ်ပန်းနှင့် မှန်စီရွှေချ လက်ရာများမှာ ပထမတန်းဖြစ်သည်။ အတွင်းပိုင်း နံရံများတွင် ပန်းချီကားများအစား ရုပ်လုပ်၊ ရုပ်ကြွ ပန်းပုရုပ်များဖြင့် ဂေါတမမြတ်စွာဘုရား ပဋိသန္ဓေယူခန်းမှစ၍ ပရိနိဗ္ဗာန် စံတော်မူခန်း ဓာတ်တော်၊ မွေတော်ဝေခန်းတိုင် ဗုဒ္ဓ၀င်ဇာတ် လမ်းခင်းထားသည်။ အတွင်းပိုင်းနံရံတွင်လည်း ရုပ်လုံး၊ ရုပ်ကြွ ပန်းပုလက်ရာများဖြင့် မနူဟာမင်း၊ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏ အတ္ထုပ္ပတ္တိများကို ထုလုပ်ထားသည်။ ထိုတန်ဆောင်းကို ၁၂၆၄ ခုနှစ်တွင် ရေစက်ချလှူဒါန်းခဲ့သည်။ ယင်းနောက် ဘုံ ၁၂ ဆင့် ဒီပင်္ကရာ ၀တ်တန်ဆောင်းကို တည်ဆောက်လှူဒါန်း ပြန်လေသည်။ ထိုဝတ်တန်ဆောင်းတွင် ပင်စည်တစ်ခုတည်း တစ်သားတည်းမှရသော ကျွန်းသားဖြင့် မြတ်စွာဘုရားရပ်တော်မူ ဆင်းတုနှစ်ဆူ ထုလုပ်ထားသည်။ အမြင့်ပေ ၂၀၊ မြေ စိုက် ၂၀ ပေ၊ စုစုပေါင်း ပေ ၄၀ ရှည်သည်။ အတွင်းနံရံများတွင်လည်း ရုပ်လုံးရုပ်ကြွ ပန်းပုလက်ရာများဖြင့် ဇာတ်နိပါတ်တော်များကို ထုလုပ်ထားသည်။ အပြင်နံရံများတွင် မဟောသဓာဇာတ်တော်ကို ပန်းချီဖြင့် ရေးဆွဲထားသည်။ ၀တ်တန်ဆောင်းတွင် ကျောက်သားဖြင့်ထုလုပ်ထားသော မြတ်စွာဘုရားခြေတော်ရာ ရပ်တော်မူနှစ်ဆူအား ပူဇော်ကန်တော့နေသော သစ်လုံးဖြင့်ထုလုပ်ထားသော ရဟန်းတော်ရုပ်နှင့် ရဟန္တာရုပ်များကို တွေ့မြင်နိုင်ပါသည်။ ယင်းဝတ်တန်ဆောင်းကို ၁၂၆၅ ခုနှစ်တွင် ရေစက်ချနိုင်ခဲ့လေသည်။ ထို့နောက် ၁၂၆၇ ခုနှစ်တွင် ရဟန်းသံဃာတော်များ ဥပုသ်စောင့်တည်နိုင်ရန်အတွက် မဟာဝိဇယသိမ်တော်ကြီးကိုလည်း တည်ဆောက်လှူဒါန်းလေသည်။ သိမ်တော်ကြီး၏ ကြမ်းခင်း၊ နံရံများ၊ မျက်နှာကြက်တံခါးတိုင် စသည်တို့ကို အကောင်းဆုံး ကျွန်းသားများဖြင့် ပြုလုပ်ထားသဖြင့် ယခုတိုင်အောင် သစ်သားများမှာ ကောင်းမွန်တုန်းပင် ဖြစ်လေသည်။

ဇနီးဒေါ်ဂျာဥနှင့်အတူ ရေစက်ချလှူဒါန်းခဲ့သော စေတီကြီးကိုလည်း အထူး ထပ်မံတည်ဆောက်လှူဒါန်းပြီး နှစ်စဉ်တန်ခူးလ သင်္ကြန်ရက်များအားတွင် ဇာတ်ပွဲ၊ လှေပွဲ၊ လက်ဝှေ့ပွဲနှင့် ကပွဲမျိုးစုံတို့ဖြင့် (၇) ရက်၊ (၇) ညတိုင်တိုင် ဘုရားပွဲကို ကျင်းပလေသည်။ ဘုရားပွဲကျင်းပသည့်နေ့များတွင် ရပ်ဝေးမှလာသည့် ဧည့်သည်များအား ကျွေးမွေးရန် ကော့နှတ်ရွာရှိ ဆင်းရဲသားအိမ်များတွင် ဆန်နှင့်စားစရာရိက္ခာများကို ထောက်ပံ့ပေးဝေထားပြီး ချက်ကျွေးစေသည်။ ဘုရားပွဲ စတုဒိသာမဏ္ဍာပ်တွင်လည်း ဧည့်သည်များအတွက် မလောက်မင မရှိစေရန် တစ်နေ့လျှင် ထမင်းအိုးကြီး ၅၀ ကျော်မျှ ချက်ပြုတ်ကျွေးမွေးစေသည်။

ထို့နောက် ဆုတောင်းပြည့်စေတီအနီးတွင် ၀တ်တန်ဆောင်း တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းပြီး တန်ဆောင်း၏ အမိုးနံရံပေါ်တွင် ဦးနာအောက်၏ ကောင်းမှုကုသိုလ်ဖြစ်သော အဆောက်အအုံများ၏ ရုပ်ပုံများကို ပန်းချီရေးဆွဲပြီး မှတ်တမ်းတင်စေခဲ့သည်။

ပရိယတ္တိစာပေများကို လေ့လာသင်ကြားနေကြသော ကော့နှတ်ကျောင်းမှ သံဃာတော်များနှင့် ရှင်သာမဏေများအတွက် သင်္ကြန်သုံးရက်တွင် စာပြန်ပွဲကျင်းပစေပြီး ကျမ်းအလိုက် အာဂုံပြန်နိုင်သူ ရဟန်းနှင့် ရှင်သာမဏေများအား ငွေဒင်္ဂါးဆုများဖြင့် အားပေးထောက်ပံ့ လှူဒါန်းခြင်းပြုလေသည်။

ထိုသို့ကောင်းမှုပြုစဉ် ချစ်ဇနီးဒေါ်ဗျုတစ်ယောက်သည် လက်တွဲဖြုတ်ပြီး လူ့စည်းစိမ်ကို စွန့်လွှတ်ကာ ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့လေသည်။ ဒေါ်ဗျုသေဆုံးပြီးနောက် ရှုမငြီးသော ပဉ္စမမြောက်ဇနီးဖြစ်သူ ဒေါ်ငြိမ်းမေနှင့် ဆက်လက်ပြန်လေသည်။

ဦးနာအောက် ဆောက်လုပ်လှူဒါန်းခဲ့သော အဆောက်အအုံများ...
(၁) မွေးရပ် ကော့မယ်ခရရွာတ‎ွင် ကျောင်း၊ သိမ်နှင့် ဇရပ်များ။
(၂) ခရုံရွာတွင် ကျောင်းတစ်ကျောင်း။
(၃) မော်လမြိုင်တောင်ဝိုင်းရပ်တွင် " ပန်းဥယျာဉ်ကျောင်း" သိမ်ကျောင်းကြီး။
(၄) ကော့နှတ်ရွာ စာသင်တိုက်၊ ဆွမ်းစားဆောင်နှင့် ဘုရားတန်ဆောင်း။
(၅) အတုမရှိကျောင်း၊ ရက်ကန်းစင်ကျောင်း (ယခုပျက်စီး) ။
(၆) နှစ်ကျိပ်ရှစ်ဆူ ၀တ်တန်ဆောင်း။
(၇) ဒီပင်္ကရာ ၀တ်တန်ဆောင်း။
(၈) မဟာဝိဇယ သိမ်တော်ကြီး။
(၉) ဆုတောင်းပြည့် ၀တ်တန်ဆောင်း။
(၁၀) မဟာစေတီကြီးနှင့် ဆုတောင်းပြည့်စေတီ။

ဦးနာအောက် ပိုင်ဆိုင်သော မီးသင်္ဘောများ
(၁) အောင်ခေမာ (အောင်ဇေယျ)
(၂) အောင်ပန်း (အောင်နိဗ္ဗာန်)
(၃) အောင်သိန်း
(၄) အောင်တပ်
(၅) အောင်စင်္ကြာ
(၆) အောင်မာလာ
(၇) အောင်ဒီပါ
(၈) အောင်သီတာ
(၉) အောင်မင်္ဂလာ

သာသနာတော်ကို အားပေးချီးမြှောက်လှူဒါန်းသော ဘုရားဒါယကာကြီး ဦးနာအောက်သည် မည်သူမျှ မလွန်ဆန်နိုင်သော သင်္ခါရတရားကြောင့် သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ နယုန်လဆုတ် (၁၂) ရက်၊ မွန်းလွဲ (၁၂) နာရီ (၃၅) မိနစ်အချိန်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ ဦးနာအောက်၏ အလောင်းကို (၇) ရက်၊ (၇) ညထားကာ နေ့စဉ် လှူဒါန်းကျွေးမွေးပြီး (၇) ရက်ပြည့်သည့်နေ့တွင် သင်္ဂြိုဟ်လိုက်သည်။ နောင်လာနောက်သားများ လေ့လာမှတ်သားနိုင်အောင် ဦးနာအောက်၏ရုပ်ပုံကို ခရစ်သက္ကရာဇ် ၁၉၂၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ထုလုပ်ပြီးစီးခဲ့သည်။ ထုလုပ်ခမှာ ကျပ် ၅၀၀၀ ဖြစ်လေသည်။ ယင်းကျောက်ရုပ်တုအောက်တွင် မွန်ဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် "ကော့နှတ်ရွာနေ ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ မြန်မာပြည် မီးသင်္ဘောသူဋ္ဌေးကြီး၊ ဘုရားဒယကာကြီး ဦးနာအောက်သည် သက္ကရာဇ် ၁၁၉၄ ခု ၊ ကဆုန်လဆုတ် ၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားပြီး သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ နယုန်လဆုတ် ၁၂ ရက်နေ့၊ ၁၂ နာရီ၊ ၃၅ မိနစ်အချိန်တွင် ကွယ်လွန်လေသည်" ဟု ကမ္ပည်းထိုးထားပေသည်။

နိဗ္ဗာန်န ပစ္စယော ဟောတု ။ ။

Sunday, October 26, 2008

မိုးပြာရောင် လွင်ပြင်



တောင်ကြီး ဖ၀ါးအောက်ဆိုလို့လည်း
ကြိုးကုပ် အားထုတ်
အောင်တံခွန်ကြီး ဆွတ်ခူးနိုင်ပြီ ထင်ခဲ့သား။

လှိုင်းကြီး လှေအောက်ဆိုတဲ့
လူတို့ လုံ့လ အထူးပြုလို့
လမ်းပျောက်မှာလည်း ငါ မကြောက်၊
ကမ်းဝေးမှာလည်း ငါ မစိုး
လျှောက်ရင်း လဲပြို၊ လှော်ရင်း နစ်မြုပ်
အဲဒီတုန်းကတော့ သူရဲကောင်းကြီး အဖြစ်ပေါ့။

လမ်းအဆုံးလို့ ငါ ထင်တဲ့အခါ
ငြိမ်းအေးသလို၊ ပျော်ရွှင်သယောင်နဲ့
တတောင်ပေါ် တတောင်ဆင့်
တောင်ထွဋ္ဋ်ရဲ့ ခြေအရင်း ရပ်နေမိမှန်း မသိခင် အထိ။

ဩော်... စုတ်ပြတ်သွားတဲ့ ကမ်းနားသစ်ပင်
ရပ်တည်ချက်မဲ့ ကျိုးပြတ်သွားသောခါ
ငြိုငြင်သူ ဗလာ၊ ကာကွယ်သူ သုည
အားကျဖို့ ကောင်းသေးတော့။

မသွားရသေးတဲ့ ဒီခရီး
ခြေလှမ်းတစ် စလိုက်ရင်း
အဆုံးစွန် တနေရာတော့
မြေပြန့်ကျယ် ရှိနိုင်ကောင်းရဲ့
စိတ်အထင်နဲ့ ရူးနေမိတုန်း။

ကဲ ကြာပါတယ်လေ
(နောင်တဆိုတဲ့) အနက်ရောင် တိမ်မျှင်
ဖြတ်ကျော်မလာခင်
မိုးပြာရောင် လွင်ပြင်တခုကို
ငါ ရောက်နေနှင့်မှ ဖြစ်လိမ့်မယ်။

s0wha1
(25 Oct 2008)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Saturday, October 25, 2008

မြန်မာစာ၊ မြန်မာစကား (၈)



မလိုအပ်ဘဲ ပိုတတ်သော ရေးချ

မြန်မာစာ စာလုံးပေါင်း သတ်ပုံတွင် ၀င်ရောက်နှောင့်ယှက်နေသော အရေးတစ်ခုမှာ မလိုအပ်ဘဲ ပိုတတ်သော ရေးချ ဖြစ်ပါသည်။

မလိုအပ်ဘဲ ပိုတတ်သော ရေးချတစ်ခုမှ ပတ်တွင် ပါတတ်သော ရေးချ ဖြစ်သည်။

သီတင်းတစ်ပတ်၊ နှစ်ပတ်လည်၊ သုံးလပတ်ပတ်ဝန်းကျင်၊ ပတ်သက်သည် စသည်တို့ကို သီတင်းတစ်ပါတ်၊ နှစ်ပါတ်လည်၊ သုံးလပါတ်ပါတ်ဝန်းကျင်၊ ပါတ်သက်သည် စသည်ဖြင့် ရေးမှားတတ်ကြသည်။

ပတ်၏အနက်မှာ လည်သည်၊ လှည့်သည်၊ ရစ်သည်၊ ၀ိုက်သည်၊ ၀ိုင်းဝန်းသည် တို့ဖြစ်သည်။ မြန်မာစကား စစ်စစ်ဖြစ်ပြီး ရေးသောအခါ ရေးချမလိုသော စကားလုံးဖြစ်သည်။

သီတင်းတစ်ပတ်၊ ရက်သတ္တတစ်ပတ်ဆိုသည်မှာ ၇ ရက်၊ ၇ နေ့တွင် စသော နေ့တစ်နေ့မှ နောက်တဖန် ထိုနေ့သို့ ထပ်မံလည်ပတ် ရောက်ရှိလာသော ကာလကို ဆိုလိုသည်။ တနည်းအားဖြင့် ၇ ရက် ပတ်မိသော၊ ၇ ရက်လည်သော ကာလကို ဆိုလိုသည်။

နှစ်ပတ်လည် ဆိုသည်မှာလည်း ၁၂ လတွင် စသော လတစ်လလမှ နောက်တဖန် ထိုလသို့ ထပ်မံလည်ပတ်ရောက်ရှိသော ကာလကိုပင် ဆိုလိုသည်။ တနည်းအားဖြင့် ၁၂ လပတ်မိသော၊ ၁၂ လ လည်မိသော ကာလပင် ဖြစ်သည်။

သုံးလပတ်၊ လေးလပတ် စသည်တို့သည်လည်း သုံးလပတ်မိသော၊ လေးလပတ်မိသော အချိန်ကာလပင် ဖြစ်သည်။

ပတ်ဝန်းကျင် ဆိုသော စကားသည် ပတ်ဝန်းကျင် ဟူသော စကားလုံး သုံးလုံးကို ပေါင်းစပ်ဖွဲ့စည်းထားသော စကားဖြစ်သည်။ အနက်တူသော စကားသုံးလုံးဖြစ်သည်။ ပတ်သည်လည်း လည်၊ လှည့်၊ ရစ်၊ ၀ိုင်း အနက်။ ၀န်းသည်လည်း လည်၊ လှည့်၊ ရစ်၊ ၀ိုင်း အနက်။ ကျင်သည်လည်း လည်၊ လှည့်၊ ရစ်၊ ၀ိုင်း အနက်ပင်ဖြစ်သည်။ လှည့်လည်ရစ်ဝိုင်းလျက် ရှိသော နေရာဒေသ၊ အချိန်ကာလကိုပင် ပတ်ဝန်းကျင် ဟု ဆိုသည်။

ပတ်သက်သည် ဆိုသော စကားတွင်လည်း ပတ်မှာ ရစ်လည်သည်၊ စပ်ဆိုင်သည် ဟူသော အနက်ပင်ဖြစ်သည်။

ရွာတစ်ပတ်၊ ကျောင်းတစ်ပတ်ပတ်ကုံးဝန်းကျင်၊ အအေးပတ်သည် စသည်တို့ကဲ့သို့သော စကားများမှ ပတ်သည်လည်း လည်ပတ်၊ ရစ်ပတ် အနက်ပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာစကား ပတ် တွင် ရေးချပါရန် မလိုပါ။

သို့ရာတွင် တွင် ရေးချလျက် တ သတ်ရသော ပါတ် အရေးများလည်း ရှိသည်။ ယင်းတို့အား မြန်မာစကားများ မဟုတ်ကြ။ ပါဠိသက် စကားများသာ ဖြစ်ကြသည်။

နိပါတ်တော်၊ ပါဏာတိပါတ်၊ ပိဏ္ဍပါတ်၊ ဥပ္ပါတ်ပျံသည် စသည့်စကားများ ဖြစ်ကြသည်။

ယင်းတို့တွင် နိပါတ်တော်မှ နိပါတ်ကား ပါဠိ နိပါတပုဒ်တည်း။

ပါဏာတိပါတ်ကား ပါဠိ ပါဏာတိပါတ၊ ပိဏ္ဍပါတ်ကား ပါဠိ ပိဏ္ဍပါတ၊ ဥပ္ပါတ်ပျံသည်မှ ဥပ္ပါတ်ကား ပါဠိ ဥပ္ပါတ တို့ဖြစ်ကြသည်။

မလိုအပ်ဘဲ ပိုတတ်သော ရေးချများကို ဘေးဥပဒ်၊ မဏ္ဍပ်၊ ဒဏ်၊ အရုဏ်ကျင်း၊ ကန်း၊ အနာဂတ် ဟူသော စကားများကို ရေးရာ၌လည်း တွေ့ရတတ်သည်။ ဘေးဥပဒ်၊ မဏ္ဍပ်၊ ဒဏ်၊ အရုဏ်ကျင်း၊ ကန်း၊ အနာဂတ်ဟူ၍ ရေးကြခြင်းမှာ မလိုအပ်ဘဲ ရေးချ ပိုနေခြင်းပင်ဖြစ်သည်။

ဥပဒ် (ဘေး)။ ။ ဥပဒ်မှာ ပါဠိသက်ပုဒ် ဖြစ်သည်။ ပါဠိတွင် ဥပဒ္ဒ၀ဟု ရှိသည်။ ဥပဒ္ဒ၀သည် ဘေး၊ ဘေးရန်၊ အန္တရာယ်ကို ဆိုလိုသည်။ ဥပဒ္ဒ၀ပုဒ်သက်ဖြစ်သဖြင့် ဥပဒ်ဟုသာ ရေးရသည်။ ပ တွင် ရေးချ မထည့်ရပါ။ (ဥပါဒ်ဌီဘင် မှ ဥပါဒ်ကား ဥပ္ပါဒ ပုဒ်သက်ဖြစ်သဖြင့် ပ တွင် ရေးချပါရသည်။)

မဏ္ဍပ်။ ။ ပါဠိတွင် မဏ္ဍပ ဟုရှိသည်။ အကာမဲ့ ယာယီအဆောင်ဟု အဓိပ္ပာယ်ရသည်။ မဏ္ဍပ ပုဒ်သက်ဖြစ်သဖြင့် မဏ္ဍပ်ဟု ရေးချမပါဘဲ ရေးရသည်။

ဒဏ်။ ။ ဒဏ်ခတ်သည်၊ ဒဏ်တပ်သည်၊ ဒဏ်ပေးသည်၊ ဒဏ်ရိုက်သည်၊ ဒဏ်ကြေး၊ ကြိုးဒဏ်၊ ထောင်ဒဏ်၊ သဲဒဏ်၊ ရေဒဏ်၊ အပြစ်ဒဏ်၊ ဘေးဒဏ်၊ ဒဏ်ရာဒဏ်ချက် စသည်တို့ကို တွင် ရေးချမပါဘဲ ဒဏ် ဟုသာ ရေးရသည်။ ပါဠိတွင် ဒဏ္ဍ ဟူသော ပုဒ်ရှိသည်။ ဒဏ္ဍသည် တုတ်၊ တုတ်တံ၊ အရိုးတံ၊ အပြစ်ပေးခြင်း စသည့်အနက်များရှိသည်။ ဒဏ္ဍပုဒ်သက်ဖြစ်၍ တွင် ရေးချမပါဘဲ ဒဏ်ဟုသာ ရေးရသည်။ ကနက္ကဒဏ်ထီးကို ရေးရာတွင်လည်း ဒဏ်တွင် ရေးချမပါရချေ။ ကနက=ရွှေ + ဒဏ္ဍ=အရိုး၊ ရွှေအရိုးတပ်ထီးဟု ဆိုလိုသည်။ ကနကဒဏ်မှ မြန်မာမှုအရေးတွင် ကနက္ကဒဏ်ဖြစ်လာသည်။

အရုဏ်။ ။ နေအရုဏ်အရုဏ်ကျင်းပြီး အရုဏ်ဆွမ်း စသည်တို့တွင် သရဖြင့်သာ အရုဏ်ဟု ရေးရသည်။ အာသရဖြင့် အာရုဏ် ဟု မရေးရ။ တွင် ရေးချမပါရ။ ပါဠိတွင် အရုဏ ဟူသော ပုဒ်ရှိသည်။ ပါဠိ အရုဏသည် အမှောင်ပျောက်ပြီး ရှေးဦးတက်လာသော ရောင်နီ၊ ရောင်နီလာချိန်ကို ဟောသည်။ အာရုဏ်ဟု တွင် ရေးချပြီး ရေးမှားကြသည်မှာ ပြောဆို ရွတ်ဖတ်ရာတွင် "အာယုန်" ဟု ပြောဆို ရွတ်ဖတ်နေကြသောကြောင့် ဖြစ်သည်။ မြန်မာအဘိဓာန်တွင် အရုဏ် ကို "အရုဏ်/အာယုန်/န၊ နေမထွက်မီ အရှေ့အရပ်မှ ဦးစွာ ဖြစ်ပေါ်သော ရှေ့ပြေးအလင်းရောင်။ [ ပါ၊ အရုဏ ]"ဟု ဖွင့်ဆိုထားသည်။

ကန်း။ ။ မျက်စိကာန်းသည်ဟု ရေးမှားတတ်ကြသည်။ ပါဠိတွင် မျက်စိ တဖက်ကန်းဟော ကာဏ ဟူသော ပုဒ်ရှိသဖြင့် ပါဠိ ကာဏ ပုဒ်သက်ဟု ယူလိုကြသည်။ ကန်း သည် ဆိုသော စကားမှာ မြန်မာစကားစစ်စစ်ဖြစ်သည်။ ရေ၊ အရည်ကုန်ပျောက်၊ ခြောက်ခန်းသည်ကိုပင် ကန်း သည်ဟု ဆိုသည်။ ကန်းနှင့် ခန်း အနက် ဆက်နွှယ်သည်။ မျက်စိထဲတွင် မြင်စေတတ်သော အရည်ခန်းလျက် မမြင်နိုင်ဘဲရှိသည်ကိုပင် မျက်စိကန်းသည်ဟု ဆိုသည်။ ရေတွင်းတွင် ရေမရှိဘဲ ခြောက်ခန်းသည်ကိုပင် ရေတွင်းကန်းသည်ဟု ဆိုသည်။ က တွင် ရေးချမပါဘဲ ကန်း ဟုသာ ရေးရသည်။

အနာဂတ်။ ။ ပါဠိ အနာဂတ ပုဒ်သက်ဖြစ်သည်။ မလာရောက်သေးသော၊ နောင်လာလတ္တံ့သော ဟူသော အနက်ကို ဟောသည်။ ထို့ကြောင့် မလာရောက်သေးသော ကာလ၊ နောင်လာလတ္တံ့သော ကာလကို ရေးလိုလျှင် အနာဂတ်ကာလ၊ အနာဂတ် ဟု ရေးရသည်။ ငယ်တွင် ရေးချ ထည့်၍ အနာဂါတ် ဟု ရေးလျှင် မှားသည်။

မလိုအပ်ဘဲ၊ ပိုတတ်သည့် ရေးချကို
မမှားအောင် သတိချပ်၊ ရေးတတ်စေလို
ပတ်ဝန်းကျင်၊ ဘေးဥပဒ်နှင့်၊
ဒဏ်ခတ်သည့် ဒဉ်ထိုထို၊ မဏ္ဍပ်ဆိုတ၀။
မျက်ကန်းငယ် တဖြာ၊ အရုဏ်လာ အရုဉ်တက်ကယ်နှင့်၊
အနာဂတ်ဆို နောင်ခါတွက်ကိုလ
ရေးချတွေ ပိုမစွက်ပါနှင့်၊
စဉ်ဆက်ရေးကြ။

$$$$$$$$$$$

နောက်တပိုင်းကျရင်
ဖြည်းဖြည်း


မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Wednesday, October 22, 2008

PeNang သို့ အလည်တခေါက် (၂)



စာရေးဖို့ mood မလာသေးလို့ ပုံတွေ အရင်ကြည့်ထားကြပါဦး။ နောက်များမှ ပီနန်အကြောင်း အေးဆေး ရေးတော့မယ်။




မလေးရှား ပီနန်မြို့ပေါ်က တရုတ်ဘုံကျောင်း တစ်ကျောင်းပုံပါ။ မလေးရှားငွေ မီလီယံနဲ့ ချီပြီး အကုန်ခံ တည်ဆောက်ထားတဲ့ nine Emperors Temple... ပန်းပု၊ ပန်းကြွတွေကို တရုတ်ပြည်ကနေ မှာထားတာလို့ ဆိုပါတယ်။



အဲဒီ ဘုံကျောင်းထဲမှာ တွေ့ရတယ်။ ကလေး ၁၀၀ ပုံပါ။ ကလေးမရတဲ့ စုံတွဲတွေ ဒီပုံလေးဆောင်ထားပြီး ဆုတောင်းရင် ကလေးရတယ်တဲ့။

ဒါက ကွမ်ရင်မယ်တော်ကျောင်း။ တောင်ပေါ်မှာ ရှိတယ်။ ကွမ်ရင်မယ်တော် ရုပ်ထုက တော်တော်မြင့်တယ်လို့ ဆိုပေမယ့် အသစ်ပြန်ပြင်နေလို့ တက်မကြည့်ခဲ့ရပါဘူး။



ဒါတွေက ရှေးဟောင်း ဘုံကျောင်းပုံပါ။ သက်တမ်းတော်တော်ရင့်ပြီလို့ ပြောပေမယ့် ၁၀၀ ကျော်လောက်ပဲ ရှိပါသေးတယ်။





အဲဒီနယ်မြေကို ရှေးဟောင်းနယ်မြေအဖြစ် ယူနက်စကိုက သတ်မှတ်ထားပါတယ်။




s0wha1

Tuesday, October 21, 2008

Penang သို့ အလည်တခေါက်



စာရေးရမှာ ပျင်းနေတာနဲ့ ပီနန်မြို့အကြောင်းလည်း ရေးမယ်၊ ရေးမယ်ဆိုပြီး မရေးဖြစ်ဘူး။ ပုံတွေကလည်း ဒီတိုင်းတင်လို့ မရ။ နည်းနည်းပါးပါးဖြစ်ဖြစ် ဓာတ်ပုံအကြောင်းလေးတွေ ရေးရဦးမယ်ဆိုတော့ ပြန်ရောက်တာ တပတ်လောက်ရှိနေပေမယ့် ခုမှ ပို့စ်တင်ဖြစ်တယ်။ ပီနန်ကျွန်းလေးက ဘာမှတော့ မထူးခြားပါဘူး။ လူတွေနေတဲ့ မြို့တွေထဲက မြို့တခုပါပဲ။ အစားအသောက်ကတော့ မဆိုးဘူး။ ဈေးလည်း သက်သာတယ်။ ရာသီဥတုကတော့ စင်္ကာပူနဲ့ တူတူပဲဆိုတော့ ပူတာမှ မတရား၊ မိုးရွာရင်လည်း ချက်ချင်းပါပဲ။


၆၀ဒီဂရီလောက် မတ်ဆောက်တဲ့ တောင်ပေါ်ကို ရထားနဲ့ တက်ကြည့်ကြတာ။ ရထားခက ၂ ရင်းဂစ်ပဲ ပေးရလို့ ကျွန်မတို့မှာ တအံ့တဩ။ ကုန်ဈေးနှုန်းတွေကတော့ စင်္ကာပူနဲ့ အကွာကြီးပဲ။ တော်တော်သက်သာတယ်။ အသွား ၁၅ မိနစ်၊ အပြန် ၁၅မိနစ်ကြာပါတယ်။

အပေါ်ရောက်တော့ ဓာတ်ပုံရိုက်ချိန် ၁၅ မိနစ်ပေးပါတယ်။ အဲဒီပေါ်က မြင်ကွင်းတွေပါ။ အပေါ်စီးကနေ မြင်ရတဲ့ ပီနန်မြို့ကိုလည်း ပြန်ရိုက်ထားတာပေါ့။




ဒုတိယ ကမ္ဘာစစ်တုန်းက ခံတပ်ပုံပါ။ ပီနန်မြို့ ပင်လယ်အစပ်နားမှာ ရှိပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးသွားတဲ့ မဟာမိတ်တွေရဲ့ စစ်သင်္ချိုင်း။ စစ်သင်္ချိုင်းဆိုတာထက် အထိမ်းအမှတ် ကျောက်တိုင်ဆိုရင် ပိုမှန်မလားဘဲ။

Shopping Center ထဲက ဒေ၀ါလီနေ့အတွက် ပြင်ဆင်ထားတာလေးကို ရိုက်လာတာ။

ဒါက ပီနန်မြို့ပေါ်မှာတော့ မဟုတ်ဘူး။ ပီနန်မြို့ရဲ့ မြို့နယ်တခုလို့ ပြောရမယ်ထင်တယ်။ ပီနန်ကျွန်းနဲ့ နာရီဝက်လောက် ကားစီးရတယ်။ ပီနန်မြို့နဲ့ ပင်လယ်ခြားထားတဲ့အတွက် အဲဒီတံတားကို ဖြတ်ရတာတင် ၁၀မိနစ်ကျော်ကြာပါတယ်။ တံတားအရှည်က ၂၄ကီလိုမီတာ ရှိပါတယ်။ ကျွန်မတို့က အဲဒီမြို့နယ်မှာတည်းပြီး ပီနန်ကို သွားသွားလည်တာပါ။



အဲဒီမြို့နယ်က Jasco ကုန်တိုက်ပုံပါ။



နောက်ရက်မှ ကျန်တဲ့ပုံတွေ ထပ်တင်ဦးမယ်။

s0wha1

Monday, October 20, 2008

လေဟုန်စီးတဲ့ ဖား



ဇီးကွက်တစ်ကောင်ရဲ့
မျက်လုံးအစုံကို
ငါ ပိုင်ဆိုင်ထားတယ်။

အောက်ချင်းငှက်
အသည်းနှလုံးလေး
ထပ်လောင်းပြီးတော့ပေါ့။

လောဘမကြီးပါဘူးကွယ်
လူပြောများတဲ့
တိမ်တိုက်တွေ စားသုံးကြည့်ရုံပါ။

မီးလင်းဖိုနဘေး*
အဘိုးကြီး တစ်ယောက်
မရယ်မပြုံးနဲ့
ခေါင်းခါနေလေရဲ့။

ပလုံ! စွပ်!
(အသံနဲ့အတူ)
ရေထဲ ခုန်ဆင်းသွားတဲ့
ဖားကောင်ငယ်အဖြစ်
ငါ ပြောင်းလဲသွားပြီကိုး

ဒီလိုပါပဲ
ဟိုက္ကူကဗျာလည်း
တိမ်တိုက်နဲ့အတူ
ရထား လိုက်စီးကြည့်ရုံပါ။

s0wha1
(၁၈၊ အောက်တိုဘာ၊ ၂၀၀၈)
* နဘေး=နားဘေး


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Saturday, October 18, 2008

10 Most Wonderful Temples of the World



စာမရေးနိုင်ချိန် Forward မေးလ်က ပုံတွေ တင်ပေးလိုက်တာ။ တော်တော်များများလည်း ကြည့်ပြီးရောပေါ့။

Tiger's Nest Monastery, perched precariously on the edge of a 3,000-feet-high cliff Paro Valley, is one of the holiest places in Bhutan

Wat Rong Khun in Chiang Rai, Thailand is unlike any Buddhist temples in the world.

Prambanan is a Hindu temple in Central Java, Indonesia. The temple was built in 850 CE, and is composed of 8 main shrines and 250 surrounding smallers ones

No one knows exactly when the Shwedagon Paya [wiki] (or Pagoda) in Myanmar was built - legend has it that it is 2,500 years old though archaeologists estimate that it was built between the 6th and 10th century.

Temple of Heaven is a Taoist temple in Beijing, the capital of China. The temple was constructed in 14th century by Emperor Yongle of the Ming Dynasty

Chion-in Temple was built in 1234 CE to honor the founder of Jodo (Pure Land) Buddhism, a priest named Honen, who fasted to death in the very spot.

In the 19th Century, Dutch occupies of Indonesia found a massive ancient ruin deep in the jungles of Java. What they discovered was the complex of Borobudur, a gigantic structure built with nearly 2 million cubic feet (55,000 m³) of stones. The temple has nearly 2,700 relief panels and 504 Buddha Statues.

The Harmandir Sahib (meaning The Abode of God) or simply the Golden Temple [wiki] in Punjab, India is the most sacred shrine of Sikhism.

The Temple of Srirangam ( Sri Ranganathaswamy Temple [wiki], in the Indian city of Tiruchirapalli (or Trichy), is the largest functioning Hindu temple in the world (Ankor Wat os the largest of all temple, but it is currently non-functioning as a temple - see below).

Last but definitely not least is the largest in history and the inspiration to countless novels and action movies of Hollywood: Ankor Wat.

Friday, October 17, 2008

အတားအဆီး



ဟိုးအဝေးမှာ

ချစ်သော ပင်လယ်ဆီ
အ၀ါရောင် ငှက်မောင်နှံ
ပျံသန်းနေလေရဲ့။

ငါကတော့
တစ်တောင်တက်၊ တစ်တောင်ဆင်း
ခွေယိုင်ယိုင်ခြေအစုံနဲ့
ရပ်တည်ဖို့ ကြိုးစားနေဆဲ။

တခါတလေ
တောင်လိမ်၊ တောင်ကွေ့တွေကြောင့်
ငါ့စိတ်တွေ ချွတ်ခြုံကျပေါ့။

ဆူးပြွန်းသော လမ်းတလျှောက်
စိမ်းညို့ညို့ မြက်ခင်းဆီ
ဘယ်တော့များ ခြေချနိုင်မလဲလို့။

အားမလျှော့ပါနဲ့လေ...
ဟိုးအရှေ့မှာ
ပြာလဲ့လဲ့ မိုးကောင်းကင်ကြီး
ရှိနေသားပဲ။...။

s0wha1
(17 Oct 2008)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Thursday, October 16, 2008

သီတင်းကျွတ် လပြည့်ကျော် ၁ ရက်



သီတင်းကျွတ် လပြည့်နေ့ကျော်သွားတာ နှစ်ရက်တောင် ရှိပြီ။ သီတင်းကျွတ်အကြောင်း ပို့စ်ရေးချင်ပေမယ့် လပြည့်နေ့မှာမှ မလေးရှား ပီနန်မြို့ကနေ ပြန်ရောက်တာဆိုတော့ ပင်ပန်းပြီး စာမရေးနိုင်ဘူး။ ဒီဘက်မှာတော့ မြန်မာနိုင်ငံထက် တစ်ရက်စောပြီး လပြည့်တယ်။ အဲဒီတော့ ဒီက လပြည့်နေ့ဖြစ်တဲ့ ၁၃ရက်နေ့က ပီနန်ကျွန်းပေါ်မှာပဲ ရှိသေးတာ။


သီတင်းကျွတ်ရောက်ပြီဆိုတော့ တကိုယ်တည်းသမားတွေကို ထုံးစံအတိုင်း မထိခလုတ်၊ ထိခလုတ် sms တွေ ပို့ပြီး စကြ၊ နောက်ကြတယ် ထင်ပါ့။ အဲဒီမှာ တစ်ယောက်က မခံမရပ်နိုင်ဖြစ်သွားပုံရတယ်။ ဘာလို့ဆို အရင်နှစ်တွေက "အပျိုကြီးပဲလား"တို့၊ "သီတင်းတောင်ကျွတ်ပြီနော်"တို့ဆိုတဲ့ ဖုန်းမက်ဆေ့မျိုး မရဘဲ ခုလို sms လေး တစ်စောင်ကို သူငယ်ချင်း တစ်ယောက်စီက forward ရလိုက်တယ်။ ဘာရယ်မဟုတ်ဘူး။ အပျော်ပေါ့လေ၊ သဘောတူသူလည်း ရှိ၊ မတူသူလည်း ရှိမှာပဲ။ သားသမီးတွေကို အိမ်ထောင်မပြုစေချင်တဲ့ ကျွန်မအမေကတော့ ဒီမက်ဆေ့ခ်ျကို သဘောကျနေမလားမသိ။ ;))

He + She = Love,
He + She + Love = Marriage,
He + She + Love + Marriage =Child,
He + She + Love + Marriage + Child = Family,
He + She + Love + Marriage + Child + Family = Problem.
So... "East or West Single Life is Best" to send all the singles who enjoy the single life. This sms is only for single. ;) တဲ့။ :P ကျွန်မလည်း Single တွေကို ပြန် မျှဝေလိုက်တယ်နော်။


သီတင်းကျွတ်ညမှာ ဖယောင်းတိုင်မီးတွေ၊ မီးပုံးတွေ ထိန်လင်းနေမယ့်၊ လူတွေ ၀တ်ကောင်းစားလှဝတ်ပြီး ဥဒဟို လမ်းလျှောက်နေကြမယ့် မြန်မာပြည်ကို လွမ်းတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို မြင်ကွင်းတွေ မမြင်ရတာ ၇ နှစ်တောင် ရှိပြီကော။ ကိုအန်ဒီရဲ့ ရွှေမျိုး ကန်တော့ပွဲ ကို ဖတ်ပြီးလည်း ကြည်နူးရသေးတယ်။ ကျွန်မတို့ မိသားစုမှာတော့ အဲလို ကြီးစဉ်ငယ်လိုက် ကန်တော့ကြတာ အစဉ်အလာမရှိခဲ့ဘူး။ ခုမှ အဲဒီပို့စ်ဖတ်ပြီး နောက်နှစ်က စလို့ ကျင့်သုံးဖို့ မောင်နှမတွေကို ပြောရမယ်။ မြန်မာပြည်မှာ ရှိတုန်းကတော့ အမေ၊ အဖေကို ကန်တော့၊ အဖွားအိမ်ကို သွားကန်တော့ရင်း ၀မ်းကွဲမောင်နှမတွေ စုံရုံလောက်ပဲ ရှိတာ။ ဒါတောင် ကျွန်မတို့ မိသားစုတွေ ရန်ကုန်မှာ ရှိတဲ့အချိန်ပေါ့။ နယ်ရောက်နေရင်တော့ သီတင်းကျွတ်လည်း အဖွားတို့ဆီ မရောက်ဖြစ်ပါဘူး။

၁၄ရက်နေ့ ညကတောင် စဉ်းစားမိနေသေးတယ်။ ဩော်... ငါတို့ မောင်နှမတွေလည်း ပြောင်းပြန်တွေ ဖြစ်နေပြီလို့။ Fathers Day, Mothers Day နေ့တွေမှာပဲ အဖေနဲ့အမေကို လက်ဆောင်တွေပေး၊ ကိတ်မုန့်တွေ လှီးလုပ်ကြတယ်။ သီတင်းကျွတ်မှာကျ မကန်တော့ဖြစ်ဘူးလို့လေ။

ဒါပေမဲ့ မနေ့က လပြည့်ကျော် ၁ ရက်နေ့မှာ မကြီးတို့ လင်မယားက အဖေနဲ့ အမေအတွက် အင်္ကျီတွေဝယ်ပြီး သီတင်းကျွတ်လာကန်တော့တယ်ဆိုတော့မှ ကျွန်မတို့မောင်နှမတွေလည်း တပျော်တပါး ၀င်ဦးချကြတယ်။ ကျွန်မတို့နဲ့ အတူနေတဲ့ ကိုကြီးတို့ လင်မယားနဲ့ မီးမီးလေးပါ ပါတာပေါ့။ အမြဲတမ်း ဒီလိုပါပဲ မကြီးက အဖေများနေ့တွေ၊ အမေများနေ့တွေမှာဆိုလည်း ခုလို ကန်တော့ဖို့ လက်ဆောင်တွေ၊ ကိတ်မုန့်တွေ ၀ယ်လာ၊ ကျွန်မတို့က စုပေါင်း ကန်တော့ကြ။ ဒါက သူ အိမ်ထောင်မကျခင်ထဲက ခုချိန်ထိ အစဉ်အလာလိုတောင် ဖြစ်နေပြီ။:D

အဖေနဲ့အမေကို ကန်တော့ပြီးတော့ မီးမီးလေးကို တစ်ယောက်ချင်းစီ လိုက်ကန်တော့ခိုင်းတယ်။ မုန့်ဖိုးပေးမယ်ဆိုပြီး ကန်တော့ခိုင်းတာ။ ဟိုကလေးကလည်း အသက်သာ ၁ နှစ်ကျော်ရှိသေး၊ ပိုက်ဆံမှန်းတော့ သိတယ်။ ဦးချလိုက်တာ ပြောမနေနဲ့။ အဲဒီကလေးလေးက သူ့ရှေ့မှာ တခုခုလုပ်ပြလိုက်၊ ၁ မိနစ်တောင် မကြာဘူး။ လိုက်လုပ်တော့တာပဲ။ အတုခိုးတာ အရမ်းမြန်တယ်။ ခု ဘုရားရှိခိုးရင်လည်း ထိခြင်း ငါးပါးနဲ့ ရှိခိုးတာ။ ကျွန်မက နဖူးတွေ၊ တံတောင်တွေ၊ ဒူးတွေနဲ့ ထိအောင် ကန်တော့တာကိုမြင်ပြီး သူအရင်က လက်အုပ်ချီ ကန်တော့သလို မလုပ်တော့ဘဲ ကြမ်းပြင်ကို နဖူးနဲ့ ထိထိပြီး ရှိခိုးတော့တာပဲ။ ကျွန်မတို့မှာ သူ့နဖူးနာမှာစိုးလို့ တားလည်း မရဘူး။ ပြီးတော့ လူကြီးတွေ ဘုရားစာရွတ်သလို ပါးစပ်ကနေ ပွစိ၊ ပွစိနဲ့ ဘာတွေ ရွတ်မှန်းမသိလည်း သူက လုပ်သေးတာ။ ဘုရားရှိခိုးရင် သူ့ပါးစပ်က သေသေချာချာ ပြောတတ်တာဆိုလို့ "သာဓု၊ သာဓု"ပဲရှိတယ်။ ပီတော့ မပီသေးဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် မနေ့ညကတော့ သူ့ဦးလေးတွေ၊ အဒေါ်တွေကို တစ်ယောက်ချင်းစီ လိုက်ကန်တော့တာနဲ့ပဲ မုန့်ဖိုး ၄၀ လောက်ရသွားတယ်။ တစ်ယောက် ၅ ကျပ်နဲ့ သူ့ကို ပေးလိုက်တာ။ :P ကျွန်မလည်း ဒီကလေးလေးနဲ့မှ ပထမဆုံး အကန်တော့ခံဖူးတော့တယ်။ ဒီစာရေးနေရင်းနဲ့ တွေးမိသေးတယ်၊ ကိုအန်ဒီတို့လို ကြီးစဉ်ငယ်လိုက် ကန်တော့ရင်တောင် မောင်အငယ်ဆုံးလေးက သူ့ကိုကန်တော့မယ့်သူ ရှိတဲ့အတွက် သဘောတူမှာပဲလို့။ သီတင်းကျွတ် ကန်တော့တဲ့အကြောင်းရေးရင်းနဲ့ မီးမီးလေးအကြောင်းဖြစ်နေပြီ။ တူမလေးကိုတော့ ဘယ်လို ချစ်မှန်းကို မသိဘူး။ တခြားမြို့ကို ၃ ရက်လောက် အလည်သွားတာတောင် ညနေဆို သူ့ကို လွမ်းလိုက်တာ။

အဖေတို့ကို ကျွန်မတို့ မောင်နှမတွေ ၀ိုင်းကန်တော့တုန်းက ရယ်ရသေးတယ်။ ကျွန်မ ခယ်အိုက "ကန်တော့ပါတယ်"လို့ ပါးစပ်က ဆိုပြီး ဦးချတာကို ကျွန်မတို့က ရယ်ကြတာ။ အဲဒီတော့ သူကလည်း ပြန်ရှင်းတယ်။ "ဟုတ်တယ်လေ၊ ကန်တော့တယ်လို့ ပြောပြီး ကန်တော့ရမှာပေါ့"တဲ့။ "အဲလို မပြောလို့ ဘယ်လို ပြောမလဲ"တဲ့။ ဒါနဲ့ ငယ်မက အားရပါးရ ဆရာကြီးလုပ်ချင်ဇောနဲ့ "ကာယကံ၊ ၀စီကံနဲ့ ပစ်မှားမိသည်"လို့ ဆိုရမှာကို "ကာယကံ၊ ၀စိန်ကံလို့" ဆိုမိလို့ ရယ်ကြရသေးတယ်။ ဒီလိုနဲ့ပဲ တစ်ယောက်တပေါက်နဲ့ ပါးစပ်က ရွတ်ချင်ရာ ရွတ်ပြီး ကန်တော့လိုက်ကြတယ်။

အဖေနဲ့အမေကို အမြဲတမ်းလိုလို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကျွန်မကတော့ အပြစ်နည်းသွားလို နည်းသွားငြား ညအိပ်ရာဝင်တိုင်း ရှိခိုးရွတ်ဆိုနေကျဖြစ်တဲ့ "အဖေနဲ့ အမေကို (ဤနေရာမှ) ရှိခိုးကန်တော့ပါတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံနှင့် ပစ်မှားမိသည်ရှိသော် ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်"လို့ ပြောပြီး ကန်တော့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ ချစ်စရာ မြန်မာ့ဓလေ့လေးကတော့ ကမ္ဘာတည်သရွေ့တည်ရှိနေမယ် ထင်ပါရဲ့။


ရွှင်လန်းချမ်းမြေ့ကြပါစေ...

s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Sunday, October 12, 2008

မြန်မာစာ၊ မြန်မာစကား (၇)



ကျွန်မက မီ နှင့် မှီ ရေးတာ ခဏ ခဏ မှားတတ်တယ်။ ခေတ်မှီတို့၊ မကြာမှီတို့ ရေးတတ်တာ။ အန်တီငြိမ်းက ကျွန်မ မှားရေးထားတာ တွေ့တိုင်း ခေတ်မီ၊ မကြာမီ ဖြစ်တယ်လို့ ပြောပြီး အမြဲ ပြန်ပြင်ခိုင်းတယ်။ သုံးခါလောက် အမှားပြင်ပေးပြီးတော့ အန်တီငြိမ်းလည်း စိတ်မရှည်တော့ဘူး။ "သမီးကလည်း ခဏခဏ ပြောနေရတယ်။ မှတ်လည်း မထားဘူး"တဲ့။ ဟီး။ နောက်တခု ကျွန်မ မှားနေကျက လည်းကောင်းနဲ့ ၄င်း ရေးတာပါ။ အဲဒါလည်း အန်တီငြိမ်း သုံး၊ လေးခါလောက် စိတ်မရှည်စွာ ပြောပြပြီးသကာလ ကျွန်မ မမှားတော့ဘူး ထင်ပါရဲ့။:P

***** *** *****

မီ၊ မှီ

ဟထိုးမဲ့ မီ နှင့် ဟထိုးရှိ မှီ ကို မှားရေးတတ်ကြသည်။ မှားရေးတတ်ကြသည့် အကြောင်းရင်းမှာ စကားပြောရာတွင် ဖြစ်စေ၊ စာဖတ်ရာတွင် ဖြစ်စေ မီ နှင့် မှီ အသံတူနေသောကြောင့်ဖြစ်သည်။ မီ ဟု ရေးသော်လည်း မှီ ဟု ပြောကြ၊ ဖတ်ကြသဖြင့် ဟထိုးမဲ့ မီ ကို ဟထိုးရှိ မှီ ဟု ထင်မှတ်မှားယွင်း ရေးသားကြခြင်းဖြစ်သည်။

အမှန်စင်စစ် မီ နှင့် မှီ မရောထွေးသင့်။

မီ ကား မိ နှင့် အနက်ရင်း တူပါသည်။ ထိမိ၊ ဆက်စပ်၊ ပူးတွဲ၊ ပေါင်းယှဉ်၊ ညီမျှသည့် အနက်ဖြစ်ပါသည်။

ရှေ့မှ ပြေးသူကို လိုက်၍မီသည်ဟု ဆိုရာတွင် လိုက်၍မိသည် ဟူသော အနက်ဖြစ်သဖြင့် မီ သည်ဟုသာ ဟထိုးမဲ့ ရေးရသည်။

အမြင့်တွင်၊ ဘေးတွင်၊ အနိမ့်တွင် ရှိနေသည့် အရာဝတ္ထု တစုံတခုကို လက်လှမ်းမီသည်ဟု ဆိုလျှင်လည်း လှမ်း၍မိသည် ဟူသော အနက်ပင် ဖြစ်သဖြင့် ဟထိုးမဲ့ မီ နှင့်ပင် ရေးရသည်။

အချိန်မီသည်တွင် မီ ၏အနက်မှာ ထိမိ၊ ဆက်စပ်၊ ပူးတွဲ၊ ပေါင်းယှဉ်၊ ညီမျှ အနက်ပင်ဖြစ်သည်။ သတ်မှတ်သောအချိန်နှင့် ထိမိဆက်စပ် ပေါင်းယှဉ် ညီမျှသည်ဟု ဆိုလိုသည်။ သတ်မှတ်သောအချိန်နှင့် ထိမိဆက်စပ် ပေါင်းယှဉ် ညီမျှသည်ဟု ဆိုလိုသည်။ မလျော့မပိုဖြစ်သည်ဟု ဆိုလိုသည်။ ထို့အတူပင် ရထားမီသည်၊ ရထားချိန်မီသည်၊ ကျောင်းမီသည်၊ ကျောင်းချိန်မီသည် စသည်တို့၌လည်း နည်းတူဖြစ်သည်။ စံချိန်မီသည်၊ စံမီသည်ဆိုသည်မှာ စံနှင့် မလျော့မပိုဖြစ်သည်။ စံနှင့်ကိုက်ညီသည်ပင် ဖြစ်သည်။ ခေတ်မီသည်ဆိုသည်မှာ ခေတ်နှင့် ကိုက်ညီသည်၊ ခေတ်နှင့် လိုက်လျောညီထွေရှိသည်ဟု ဆိုလိုသည်။ ၁၅ရက်နေ့ အမီဆိုရာ၌လည်း ၁၅ရက်နေ့ကို မကျော်မလွန် မပိုစေဘဲ၊ ၁၅ရက်နေ့နှင့် ကိုက်ညီစွာဟုပင် ဆိုလိုပေသည်။

ထို့ကြောင့်လည်း မြန်မာစာအဖွဲ့က ပြုစုထုတ်ဝေသော မြန်မာအဘိဓာန်တွင် မီ ကို "မီ၊ ကြိ လှမ်း၍ ရောက်နိုင်၊ ထိနိုင်သည်။ တိုင်ရောက်သည်" ဟု အနက်ဖွင့်ဆိုထားခြင်းဖြစ်သည်။

အချုပ်ဆိုသော် မိသည့်အနက်၊ တူညီ၊ ကိုက်ညီ၊ ညီမျှသည့်အနက်ကို ဆိုလိုပါက ဟထိုးမဲ့ မီ ကို အသုံးပြုရန် ဖြစ်ပါသည်။

ခေတ်မီသည်၊ စံမီသည်၊ ရထားမီသည်၊ လိုက်မီသည်၊ လှမ်းမီသည်၊ အချိန်မီသည် စသည်တို့ကဲ့သို့သော ကြိယာဖြစ်သေီာ အကြောင်းကို ရှင်းလင်းပြီးနောက် ပစ္စည်းစကားလုံးဖြစ်သော မီ အကြောင်းကို ရှင်းလင်းရန် ရှိပေသည်။

ယင်း မီ ကို နှင့် တွဲ၍ သုံးလေ့ရှိသည်။ မကြာမီ၊ မစားမီ၊ မပြောမီ၊ မလာမီ၊ မသွားမီ စသည်ဖြင့် သုံးသည်။ ခင် ဟူသော စကားနှင့် ဖလှယ်၍ သုံးနိုင်သည်။ မကြာခင်၊ မစားခင်၊ မပြောခင်၊ မလာခင်၊ မသွားခင် ဟူ၍ဖြစ်သည်။ ကြိယာ မီ ၏ အနက်ဖြစ်သည့် ထိမိ၊ တိုင်ရောက်သည့် အနက်ပင်ဖြစ်သည်။ မကြာမီဆိုသည်မှာ ကြာသည့်ကာလသို့ မတိုင်ရောက်သေးဘဲ ဟူသောအနက်ဖြစ်သည်။ မပြောမီ၊ မလာမီ၊ မသွားမီ စသည်တို့တွင်လည်း ပြောခြင်း၊ လာခြင်း၊ သွားခြင်းသို့ မတိုင်ရောက်သေးဘဲ ဟူသော အနက်ပင်ဖြစ်သည်။

ထို့ကြောင့်လည်း မြန်မာအဘိဓာန်တွင် "မီ၊ စည်း_'မ' နှင့်တွဲ၍ အချိန်မတိုင်သေးခင် အနက်ဖြင့် ထောက်ပံ့သောစကားလုံး" ဟု အနက်ဖွင့်ဆိုထားခြင်းဖြစ်ပေသည်။

ဟထိုးရှိ မှီ၏ အနက်မှာ မီစေသည်၊ မီအောင်ပြုသည် ဟူသောအနက်ရှိပေသည်။ တိုင်ကို မှီသည်ဟုဆိုသည်မှာ တိုင်နှင့် ထိအောင် မိအောင်ပြုသည်၊ တိုင်ကို မိစေသည်၊ တိုင်ကို မီစေသည်ပင်ဖြစ်သည်။ အရာဝတ္ထုတခုခု၊ အကြောင်းအရာ တခုခုတွင် မိမိရရ တွယ်ကပ် ချိတ်ဆွဲ ထိမိစေသည်ကိုပင် မှီသည်ဟုဆိုသည်။

ထို့ကြောင့် မြန်မာအဘိဓာန်တွင် "မှီ၊ ကြိ - ၁၊ တစုံတရာကို ယှဉ်ကပ်အားပြုသည်။ ၂၊ အားကိုးအားထားပြုသည်"ဟု အနက်ဖွင့်ဆိုထားပေသည်။ ဟထိုးရှိ မှီ ကို "မှီခိုသည်၊ မှီငြမ်းပြုသည်၊ မှီတင်းသည်၊ မှီဝဲသည်၊ မှီအုံး" စသည်ဖြင့် သုံးစွဲလေ့ရှိသည်။
ရှေးထုံးငယ်စံမီ၊ မှီငြမ်းငယ်ပြုပါလို့။
မီနှင့်မှီ မရှုပ်ထွေးအောင်၊ ရေးကြပါစို့။

***** *** *****

အပိုင်း (၈) မှာတော့ မလိုအပ်ဘဲ ပိုတတ်သော ရေးချ ဖြစ်ပါတယ်။


မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...



ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*