Monday, December 31, 2007

What is ur New Year Resolution



အားလုံးအတွက်
ပျော်ရွှင်စရာ မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ...



ဥရောပတိုက်သားအများစုက "မင်းရဲ့ နှစ်သစ်အတွက် သန္နိဋ္ဌာန်က ဘာလဲ"လို့ မေးတတ်ကြတာကို ကြုံဖူးကြမှာပါ။ ဒီနှစ်အတွက်တော့ ဘယ်သူကမှ မေးတာကို မကြုံရပေမယ့် ကိုယ့်ကိုယ်ကို ပြန်မေးပြီး ပြန်ဖြေပါမယ်။ တချို့တွေက "ဆေးလိပ်လုံးဝ မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်" စသည်ဖြင့် တခုတည်းသော ဆုံးဖြတ်ချက်ကို ဖြေကြားတတ်ပါတယ်။ ကျွန်မကတော့ သုံးခုတိတိ မလုပ်ဖို့ သံန္နိဋ္ဌာန် ချထားပါတယ်။ ပြီးရင်တော့ ကျွန်မရဲ့ မိတ်ဆွေ အချို့ကိုလည်း ရှေ့နှစ်အတွက် သံန္နိဋ္ဌာန်တွေကို စပ်စပ်စုစုနဲ့ လိုက်မေးပါဦးမယ်။

၂၀၀၈ ခုနှစ်အတွက် ကျွန်မရဲ့ သန္နိဋ္ဌာန်ကတော့...
၁။ မိဘတွေကို စိတ်ချမ်းသာအောင် မထားနိုင်သည့်တိုင် ကျွန်မအတွက် စိတ်မဆင်းရဲအောင်တော့ ကြိုးစားပါမယ်။
၂။ လူတွေကို အားနာတတ်ခြင်း၊ လက်မှတ်ထိုး၍ အာမခံပေးခြင်းတို့မှ ရှောင်ကြဉ်ပါမယ်။ ဖြစ်နိုင်ရင်တော့ အာမခံပေးတာတို့၊ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကူညီတာတို့ ဒီနှစ် တနှစ်ထဲ မဟုတ်ဘဲ သေသည်အထိ မလုပ်ဖို့ ကြိုးစားပါမယ်။ (အဲဒီအတွက် ကျွန်မ ဒုက္ခရောက်ပေါင်း များလှပါပြီ...)
၃။ အပျင်း သိပ်မထူဖို့ ကြိုးစားပါမယ်။ :D

၂၀၀၈ ခုနှစ်ကုန်လောက်မှာ ကျွန်မရဲ့ New Year Resolution ၃ ခုထဲက ဘယ်နှစ်ခုကို လိုက်နာနိုင်တယ်ဆိုတာ ပြန်ပြောပြမယ်နော်...;))


ဒီလူတွေရဲ့ New Year Resolution က ဘာတွေဖြစ်မလဲလို့ ကျွန်မ သိချင်မိပါတယ်...
  1. အန်တီငြိမ်း
  2. အန်တီခင်
  3. မနုစံ
  4. မလေပြေ
  5. ကဒေါင်း
  6. မောင်လေး မင်းမင်း
  7. ညီမလေး လင်းလက်


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Saturday, December 29, 2007

ပြက္ခဒိန်



၂၀၀၈ခုနှစ် ပြက္ခဒိန်ဆိုပြီး သူငယ်ချင်းတစ်ယောက်ရဲ့ Forward EMail ရောက်လာတယ်။ ဒီလိုပြက္ခဒိန်မျိုး ကျွန်မတို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်တော့များမှ အသုံးပြုနိုင်မလဲ မသိသေးဘူး။ ခုတော့ တစ်ယောက်ချင်းစီပဲ စိတ်ကူးရှိသလို ဒီလို ပြက္ခဒိန်လေးတွေ ဖန်တီးကြတာပေါ့။


s0wha1

Friday, December 28, 2007

Burmese News in Singapore (5)



စင်္ကာပူနိုင်ငံရှိ မျိုးချစ်မြန်မာများရဲ့ လှုပ်ရှားမှုအခြေအနေ တင်ပြချက် ငါးပတ်မြောက် ရေဒီယို အစီအစဉ်ဖြစ်ပါတယ်။ နားဆင်ကြည့်ကြပါဦး။

http://video.google.com/videoplay?docid=-1648047541220992925&hl=en



s0wha1

Burmese News in Singapore (1)
Burmese News in Singapore (2)
Burmese News in Singapore (3)
Burmese News in Singapore (4)

Thursday, December 27, 2007

Pakistan's Benazir Bhutto was Assassinated



ပါကစ္စတန်နိုင်ငံ (၀န်ကြီးချုပ်ဟောင်း) အတိုက်အခံ ခေါင်းဆောင် Benazir Bhutto လုပ်ကြံခံလိုက်ရတဲ့အတွက် တော်တော်လေး ၀မ်းနည်းနှမြောမိပါတယ်။ မူစလင်အစွန်းရောက်ဝါဒီ အကြမ်းဖက်သမားများက ပါကစ္စတန်နိုင်ငံကို ပြန်လာတာနဲ့ လုပ်ကြံသတ်ဖြတ်မယ်လို့ ကြုံးဝါးနေတဲ့ကြားက သူမတိုင်းပြည်ကို ပြန်လာခဲ့တယ်။ အဲဒီကတည်းက သူမအတွက် စိုးရိမ်စိတ်ဝင်ခဲ့မိတယ်။ ပထမတကြိမ် ဗုံးခွဲလုပ်ကြံမှုကနေ သီသီလေး လွတ်မြောက်ခဲ့တုန်းက အတိုင်းမသိ ၀မ်းသာခဲ့ရပေမဲ့ ခုတော့... အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။

CNN မှ သတင်း
Benazir Bhutto သတင်းပုံတွေ ကြည့်လိုလျှင်
















Benazir Bhutto အထုပ္ပတ္တိ အကျဉ်း

Benazir Bhutto ကို ၁၉၅၃၊ ဇူလိုင်၊ ၂၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌မွေးဖွားခဲ့သည်။ အဖမှာ ၀န်းကြီးချုပ်ဟောင်း ဇုသီကာ အလီဘူတို ဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် နှင့် ၁၉၇၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်တို့၌ ပညာသင်ကြားခဲ့သည်။ ထိုတက္ကသိုလ်တို့တွင် ဒဿနိက၊ စီးပွားရေး၊ နိုင်ငံရေး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် သံတမန်နည်းပညာတို့ကို ဆည်းပူးလေ့လာခဲ့သည်။

၁၉၈၇ ခုနှစ်တွင် အာဆစ်အလီ ဇာတီယီနှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး သုံးဦး မွေးဖွားခဲ့သည်။

Benazir Bhutto ရဲ့ဖခင်ကို ၁၉၇၅ခုနှစ်တွင် စစ်တပ် ကျောထောက် နောက်ခံပြုထားသော သမ္မတ ဇီယာအူဟတ်က ၀န်ကြီးချုပ်ရာထူးမှ ဖြုတ်ချ၍ ၁၉၇၇ ခုနှစ်၌ ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရသည်။ ၁၉၈၅ခုနှစ်၌ သူမ၏ အစ်ကိုတစ်ဦးဖြစ်သူ Shahnawaz ကို သူ့ရဲ့ French Riviera တိုက်ခန်းတွင် အသက်မဲ့လျက် တွေ့ရှိရသည်။ နောက်ထပ် အစ်ကိုတစ်ဦးဖြစ်သူ Murtaza သည်လည်း ၁၉၉၆ခုနှစ်တွင် ထူးဆန်းတဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။

၁၉၈၈၊ နိုဝင်ဘာ၊ ၁၆ရက်နေ့တွင် ပထမဆုံးအကြိမ် လွတ်လပ်စွာ ကျင်းပသော ရွေးကောက်ပွဲ၌ သူမပါတီမှ အမတ်နေရာအများဆုံးနှင့် အနိုင်ရခဲ့သည်။ သူမအသက် ၃၅နှစ်တွင် အသက်အငယ်ဆုံး ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ ထို့အပြင် သူမသည် မူစလင် ကမ္ဘာရဲ့ ပထမဆုံးသော ၀န်ကြီးချုပ်လည်း ဖြစ်လာခဲ့ရသည်။

၁၉၈၈ ခုနှစ်တွင် ကမ္ဘာကျော် People Magazine မှ ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅၀ စာရင်း၌ ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရသည်။

၁၉၉၀ ခုနှစ်၌ သူမအား ပါကစ္စတန် စစ်တပ်မှ လာဘ်စားမှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ သူမ၏ အစိုးရအဖွဲ့လည်း ဖျက်သိမ်းခြင်းခံရသည်။ စစ်ဗိုလ်ချုပ်ကြီး န၀ါရှာရစ် (ဇီယာဟူဟတ် တပည့်ကျော်) က ၀န်ကြီးချုပ် ဖြစ်လာသည်။ သို့သော် လာဘ်စားမှုနှင့် သူမကို ပြစ်ဒဏ်ပေးခြင်း မရှိခဲ့ပါ။


၁၉၉၃ ခုနှစ်တွင် ရွေးကောက်ပွဲ ထပ်လုပ်ရာ သူမပါတီကပင် အနိုင်ရခဲ့ပြီး ၀န်ကြီးချုပ်အဖြစ် ပြန်လည် တင်မြောက်ခြင်း ခံရသည်။ ထိုအခါ စစ်တပ်မှ လာဘ်စားမှုဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။ သမ္မတက သူမအစိုးရကို ဖျက်သိမ်းခဲ့ပြန်သည်။

၁၉၉၈ ခုနှစ်တွင် ယူနိုက်တက် အာရပ်စော်ဘွားများနိုင်ငံ၌ သူမ သဘောဆန္ဒအလျောက် နေထိုင်ခဲ့သည်။ ၂၀၀၇ခုနှစ်တွင် ပါကစ္စတန် စစ်ဗိုလ်ချုပ်ကြီး မူရှာရစ်နှင့် နားလည်မှု ပြန်လည် ရရှိကာ သူမနိုင်ငံသို့ ပြန်လာခဲ့သည်။


သူမသည် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မူစလင် အစွန်းရောက်ဝါဒီ အကြမ်းဖက်သမားများ၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။


s0wha1

Tuesday, December 25, 2007

ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၃)



ဒီလို ခရစ်စမတ်ချိန်မတိုင်မီ တန်ဆောင်တိုင်ကာလမှာ မီးရှူးမီးပန်းအကြီးကြီးတွေကို လွိုင်ကော်မြို့ပေါ်မှာ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် အပြိုင်အဆိုင် လွှတ်တင်ပွဲတွေ လုပ်ကြပါတယ်။ အဲဒီမီးရှူးတိုင်ကြီးတွေကို လူ ၁၀ ယောက်မက မ ရပါတယ်။ တန်ဆောင်မုန်းလပြည့် ညနေစောင်းလောက်မှာ ကျွန်မတို့ လောဓလေးကနေ လွိုင်ကော်မြို့ပေါ်ကို ကားနဲ့တက်သွားပြီး မီးပန်းလွှတ်တာကို တပျော်တပါးကြီး ကြည့်ကြတာ နှစ်တိုင်းလိုလိုပါပဲ။ ကယားပြည်နယ်ရဲ့ တန်ဆောင်တိုင်ပွဲကတော့ တောင်ကြီးမီးပုံပျံလွှတ်ပွဲလောက် မကျော်ကြားပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ ပျော်ဖို့ကောင်းပါတယ်။

ခရစ်စမတ်ချိန်ဆိုရင်တော့ ကျွန်မတို့ လောပိမှာ ခေါင်ရည်တွေနဲ့ နှစ်ပါးသွားနေကြပြီ။ လေးအိမ်စုလို့ခေါ်တဲ့ ကယားရွာလေးမှာ ဗုဒ္ဓဘာသာ ကယားလူမျိုးတွေနေကြပေမဲ့ ပဒေါင်းကုန်းဘက်မှာတော့ ကရင်လူမျိုး ခရစ်ယာန်တွေ အများစုနေကြတဲ့အတွက် အဲဒီဘက် တက်သွားလိုက်ရင် အိမ်တိုင်းလိုလိုက ခေါင်ရည်သောက်၊ ထမင်းစားဖို့ လှမ်းဖိတ်ခေါ်တော့တာပဲ။ ခေါင်ရည်ဆိုတာကလည်း အချို၊ အခါးရှိလေ
တော့ ကျွန်မတို့ ကလေးတွေက ခေါင်ရည်ချိုကို သောက်ကြတယ်။ အဲဒီဒေသက ခေါင်ရည်ကိုတော့ ဈေးကြီးပေးရတဲ့ ၀ိုင်တို့၊ ရှန်ပိန်တို့နဲ့ ကျွန်မက မလဲနိုင်ပါဘူး။ သူများတွေက ၀ိုင်ဖြူ၊ ၀ိုင်နီ၊ ရှန်ပိန်တွေ ဘယ်လောက်ကောင်းတယ် ပြောပြော ကျွန်မစိတ်ထဲတော့ ငယ်ငယ်က ကျွန်မတို့ သောက်နေကျ ခေါင်ရည်လိုပါပဲလို့ ထင်မိတယ်။ ပြီးတော့ ကျွန်မတို့ သောက်ခဲ့ဖူးတဲ့ ခေါင်ရည်က ပိုကောင်းတယ်လို့ ထင်ပါတယ်။ ညဘက်ဆိုရင်လည်း ခရစ်ယာန် ဘုရားကျောင်းမှာ ဗွီဒီယိုကို မိုးလင်းပေါက် အလကား ပြတယ်။ သခင်ယေရှူရဲ့ ဇာတ်လမ်းကြောင်းတွေကို အဓိကပြတာပေါ့။

ခရစ်စမတ်နေ့ မတိုင်ခင် နှစ်ပတ်လောက်အလိုလောက်မှာ ခရစ်ယာန်လူငယ်တွေက တအိမ်ဝင်၊ တအိမ်ထွက်နဲ့ ဂစ်တာတီး၊ သီချင်းဆိုကြတယ်။ သူတို့က ဘုရားသီချင်းတွေ၊ ဆုတောင်းနှုတ်ဆက်သီချင်းတွေ ဆိုကြ၊ အိမ်ရှင်တွေကလည်း မုန့်တွေချကျွေး၊ အလှူငွေတွေပေးနဲ့ တော်တော်ပျော်ဖို့ကောင်းပါတယ်။ နှစ်စဉ် သူတို့ ဆိုနေကျ သီချင်းတွေကို
သူတို့နဲ့ ယောင်ဝါးဝါး လိုက်ဆိုတတ်ပေမဲ့ ခုတော့ မေ့ကုန်ပါပြီ။

အဲဒီကာလ ခရစ်ယာန်ဘုရားကျောင်းမှာဆို ကလေးတွေအတွက် မုန့်တွေ၊ လက်ဆောင်တွေ မဲနှိုက်ပြီး ပေးတတ်တာကိုလည်း မှတ်မိနေပါသေးတယ်။ ကျွန်မတို့ အငယ်မောင်နှမ သုံးယောက်ကလည်း ခရစ်ယာန်သူငယ်ချင်းတွေနဲ့အတူ ဘုရားကျောင်း သွားတက်တတ်လေတော့ အဲဒီလိုချိန်မှာလည်း သူငယ်ချင်းတွေနဲ့ လိုက်သွားတတ်ပါတယ်။ အဲဒီတုန်းကတော့ ကလေးဘာသာဘာဝ တော်တော်ပျော်စရာကောင်းတဲ့ ခရစ်ယာန်ဘာသာဝင်ဖြစ်ချင်ခဲ့တာကိုလည်း ပြန်တွေးပြီး ပြုံးချင်မိပါတယ်။ နဖူးကနေစပြီး ရင်ညွန့်၊ ပခုံးနှစ်ဘက်တို့ကို လက်ဖျားစုစုလေးနဲ့ထိရင်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းတော်၊ ၀ိညာဉ်တော်၊ နာမတော်များနှင့် အာမင်လို့ ရွတ်ရတာကို အတော်ပဲ သဘောကျမိခဲ့တယ်။ နောက်မှ တိုက်ကုန်းက အကြီးတစ်ယောက်က အဲလို သူများဘုရားကျောင်းမှာ သွားရှိခိုးရင် သရဏံဂုံပျက်တတ်တယ်ဆိုပြီး ခြောက်လို့ ဘာမသိညာမသိနဲ့ နောက်ပိုင်း ဘုရားကျောင်းမသွားဘဲ နေလိုက်တာကိုလည်း သတိရမိတယ်။ အဲဒီတုန်းက ကျွန်မတို့မောင်နှမ အငယ်သုံးယောက်က ဘာသာရေးအသိ တော်တော်နည်းခဲ့တာကို ၀န်ခံရမယ်။ ငယ်ငယ်က ဩကာသဘုရားရှိခိုးကလွဲလို့ ဘာမှမရပါဘူး။ ၅ တန်း အရွယ်လောက်ကနေစပြီး တခြားဘုရားစာတွေ ကျက်၊ မှတ်၊ ဖတ်ရင်း တဖြည်းဖြည်း သိသိလာခဲ့တာပါ။ သံဗုဒ္ဓေဂါထာတော်ကို ကျွန်မ အလွတ် ရွတ်တတ်လာတတ်တဲ့ အကြောင်းကလည်း တော်တော်ရယ်ရပါတယ်။ လောဓလေးက ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ ၃ နှစ်အရွယ် တူမလေးက သံဗုဒ္ဓေဂါထာကို ဒေါင်းဒေါင်းပြေးနေအောင် ရွတ်ပြတာကို ကြည့်ပြီးမှ ဒီအရွယ်လေးတောင် ဘုရားစာတွေ ရနေပါလားလို့ တွေးမိပြီး မနက်တိုင်း လိုက်ရွတ်ရာကနေ ရသွားတာလေ။

ဒီချိန်ဟာ ကျွန်မအလွန်နှစ်သက်တဲ့ ဆောင်းတွင်းဆိုတော့ တောင်ပေါ်ဒေသ ဆောင်းရာသီအတိုင်း တော်တော် အေးပါတယ်။ ညနေစောင်းလောက်ဆိုရင် အိမ်တံခါးတွေ အလုံပိတ်လို့ အိမ်ထဲမှာ လျှပ်စစ်မီးဖိုဖွင့်ပြီး နေရတာပါ။ အဲဒီချိန်ဆို အသားတွေကလည်း အရမ်းပက်ပါတယ်။ အသားပက်တယ်ဆိုတာ ရိုးရိုး ရန်ကုန်လို မြေပြန့်ဒေသမှာနေတဲ့လူတွေ မသိနိုင်တဲ့ အသားပက်ပုံမျိုးပက်တာပါ။ အသားတွေ ကွဲအက်ပြီး သွေးလေးတောင် စို့နေတတ်တာမျိုးပါ။ များသောအားဖြင့် ခြေခုံတွေမှာ အသားတွေ ပိုအက်ကွဲတတ်ပါတယ်။
ကျွန်မတို့ ကလေးတွေကတော့ ပိုဆိုးတာပေါ့။ အေးလွန်းလို့ ရေကလည်း မချိုးချင်၊ အသားတွေကလည်း အက်ကွဲ။ အဲဒီအသားပက်တဲ့နေရာကလည်း နာတော့ မထိရဲ။ ဒီတော့ အဲဒီနေရာလေးက ရေမထိ၊ ဘာမထိနဲ့ ချေး(ဂျီး)က လက်လေးသစ်လောက်တက်နေရော။ ဆောင်းတွင်းဆို အမေကလည်း မရှိ၊ အဖေကလည်း ကလေး ၅ ယောက်နဲ့ အလုပ်နဲ့ ချာလပတ်ရမ်းနေချိန်မှာ ကျွန်မတို့ ရေချိုး၊ မချိုးလည်း မကြည့်နိုင်နဲ့ဆိုတော့ နွေရာသီရောက်တော့မှ အဲဒီချေးတွေကို တွန်းရပါတော့တယ်။ :P

ကျွန်မတို့ဘက်မှာ နှင်းတွေကျ၊ ရေတွေခဲသွားလောက်အောင် မအေးပေမဲ့ အင်္ကျီတွေ အထပ်ထပ်ဝတ်ပြီးမှ အပြင်သွားရပါတယ်။ နေ့လယ်နေ့ခင်းဘက်တွေတော့ သိပ်မအေးတတ်ပါဘူး။ မနက်စောစောနဲ့ ညနေစောင်းလောက်မှ အပြင်မှာ မနေနိုင်လောက်အောင် အေးပါတယ်။ ကျွန်မတို့ကတော့ တိုက်အိမ်ဝါ၀ါလေးတွေမှာ နေရလို့ အိမ်ထဲမှာ သိပ်မအေးပေမဲ့ တဲသာသာအိမ်လေးတွေ၊ ခြေတံရှည် ပျဉ်ထောင်အိမ်လေးတွေမှာ နေရတဲ့ ဒေသခံ ရွာသားတွေကတော့ စောင်ကြမ်းကြီးတွေ ခြုံပြီး မီးလှုံနေရပါတယ်။ ပျဉ်ပြား ကြမ်းကြားထဲကနေ တိုးဝင်လာတဲ့ လေအေးကြီးတွေကလည်း အရိုးကွဲမတတ်အောင် အေးတတ်တယ်။

ဘာပဲပြောပြော ခုလိုဆောင်းရာသီမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်တွေအပြီး ခရစ်ယာန်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ သခင်ယေရှူမွေးနေ့ပွဲနဲ့အတူ အားလုံးက ပျော်ရွှင်နေကြရတာပါပဲ။ ဒီဇင်ဘာလကုန်လို့ ဇန်န၀ါရီလလယ်လောက်ဆိုရင်လည်း ကယားပြည်နယ်နေ့ (ကျွန်မတို့ အခေါ် ကယားဒေးနေ့) ဆို မြို့တော် လွိုင်ကော်မှာ ပျော်ပွဲရွှင်ပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပတတ်တော့ ပွဲလမ်းသဘင်နည်းပါးလှတဲ့ ဒေသမှာ အပျော်တွေ ရက်ဆက်နေတဲ့ အချိန်တွေပေါ့။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၁)
ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၂)

Monday, December 24, 2007

အနာဂတ်မရှိတဲ့ ကောင်းကင်



အဲသည်နေ့က ကောင်းကင်ပြင်သည် ကဗျာဆန်စွာ လှပမနေခဲ့ပါ။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော သာမန် ကျောင်းဖွင့်ရက်လေး တစ်ရက်သာဖြစ်ခဲ့ပါသည်။


ထို့ထက်ပို၍ ပြောရလျှင် ၁၀တန်းဆိုတာ ကျောင်းမှာ အချိန်ဖြုန်းနေတာထက် ကိုယ့်အိမ်မှာကိုယ် ဆရာ၊ ဆရာမ၊ Guide တွေနှင့် သင်ယူကျက်မှတ်နေမှ အကျိုးရှိတာဟု ယူဆထားသော အစ်မအကြီးဆုံး၏ အစီအမံဖြင့် စည်းကမ်း အတော်အတန်ကြီးသည့်ကျောင်းမှ တပတ်တွင် ၂ ရက်၊ ၃ရက်မျှ တက်ရုံနှင့် အဆင်ပြေစေနိုင်သော အိမ်နားက ကျောင်းသို့ စာသင်ချိန်နှစ်ဝက်၌ ပြောင်းရွှေ့တက်ရောက်ခဲ့သော ပထမဆုံးနေ့လေး တနေ့သာဖြစ်ခဲ့ပါသည်။

သူ့ကို ယခုတကြိမ်မှ တွေ့မြင်ဖူးခြင်း မဟုတ်တာတော့ သေချာပါသည်။ ညနေတိုင်း ကျွန်မနားထောင်ဖို့ သီချင်းခွေသစ်တစ်ခွေဖြင့် ရောက်လာနေကျ ကျွန်မ၏ ဟိုလိုလို၊ ဒီလိုလို သူငယ်ချင်းနှင့်အတူ သူသည် အမြဲလို လိုက်ပါလာတတ်သည်။ ထိုသူငယ်ချင်းနှင့် သူသည် အလွန်ချစ်ကြသော သူငယ်ချင်းတွေဖြစ်ကြောင်း သိထားရုံက လွဲပြီး ကျွန်မ သူ့ကို သေချာမသိပါ။

အေးအေးသက်သာနေလိုပြီး သူငယ်ချင်းသစ် မလိုအပ်သော ကျွန်မနှင့် သူငယ်ချင်းမလေးတစ်ယောက်တို့သည် အတန်း၏ ပြတင်းပေါက်နားက နောက်ဆုံးခုံကို ရွေးချယ်လိုက်ခြင်းသည် သူနှင့်ကျွန်မ၏ မပြီးပြတ်နိုင်သော ပုံပြင်တစ်ပုဒ်ရဲ့ နိဒါန်းဖြစ်ခဲ့ပါသည်။ စာသင်ခန်း၏ ၀င်ပေါက်ထွက်ပေါက် တံခါးနားရှိ နောက်ဆုံးခုံတွင် ထိုင်နေတတ်သောသူ့ကို ကျွန်မ၏ သူငယ်ချင်းမလေးအား အကာအကွယ်ယူလျက် ငေးမောရခြင်းသည် ကျွန်မဘ၀တွင် ရင်ခုန်စရာအကောင်းဆုံး အချိန်များသာ ဖြစ်ခဲ့သည်။ ကိုယ်ချစ်မြတ်နိုးရသူ တစ်ယောက်ကို ထိုသူမသိအောင် ခိုးကြောင်ခိုးဝှက်ကြည့်၍ ဖြစ်ပေါ်လာသော ခံစားချက်ကို ကိုယ်တိုင်ကြုံဖူးမှ သိနားလည်နိုင်ပါလိမ့်မည်။

မထူမပါး မျက်ခုံးမွှေးများအောက်မှ မျက်လုံးတောက်တောက်လေးများကို လည်းကောင်း၊ မတိုမရှည် နှာတံပေါ်ပေါ်လေးကိုလည်းကောင်း၊ ကကြီးပုံသဏ္ဍန် နှုတ်ခမ်းလေးကိုလည်းကောင်း သူကိုယ်တိုင် မရိပ်မိအောင် ကြည့်နေရတဲ့ ထိုတဒင်္ဂလေးသည် ကျွန်မအတွက် စိတ်လှုပ်ရှားမှုများစွာနှင့် ပြည့်နေသော စွန့်စားခန်းကြီးတရပ် ဖြစ်ခဲ့သည်။ ထို့ပြင် အဲသည်အချိန်ထဲက သူ့ကို စချစ်သွားခဲ့တယ်ဆိုတာ အံ့ဩစွာနှင့် ကျွန်မ ၀န်ခံပါမည်။

အဲသည်ကာလက (ကျွန်မကို တွေ့မြင်သွားမှာ အလွန် စိုးရိမ်ခဲ့မိသော်လည်း) ထိုကျောင်း၊ ထိုအခန်းထဲ၌ ကျွန်မ ရှိနေခဲ့ကြောင်း သူလုံးဝ မသိရှိခဲ့ပေ။ နောင်တချိန်တွင် ကျွန်မ၏ စွန့်စားခန်းအကြောင်းကို ပြန်လည်ပြောပြသည့်အခါ သူသည် မျက်လုံးအ၀ိုင်းသား၊ ပါးစပ်အဟောင်းသားနှင့် မယုံကြည်သလို နားထောင်နေခဲ့ပါသည်။ သူသိထားခဲ့သည်က ကျွန်မသည် အိမ်နှင့် အနည်းငယ်ကွာဝေးသော ကျောင်းတစ်ကျောင်းတွင် ရှိနေလိမ့်မည်ဟူ၍ ဖြစ်သည်။ တကယ်တော့လည်း ကျွန်မတို့ နှစ်ယောက်သည် တိုက်ဆိုင်စွာ ဆုံစည်းခဲ့ကြခြင်းသာ ဖြစ်ပါသည်။ သူက မန္တလေး၌ ကျောင်းအိပ်၊ ကျောင်းစားဖြင့် နှစ်လခန့် ကျောင်းသွားနေပြီးနောက် အိမ်ကို လွမ်း၍ဟူသော အကြောင်းပြချက်ဖြင့် နှစ်ဝက်လောက်နေမှ ရန်ကုန်ရှိ သူ့မူရင်း ကျောင်းသို့ ပြန်လာတက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့က ရပ်ကွက်ထဲရှိ ကျောင်းသို့ သူ ပြန်ရောက်ရောက်ချင်းနေ့ ဖြစ်သကဲ့သို့ ကျွန်မအတွက်လည်း အဲသည်ကျောင်း၌ ပထမဆုံး တက်ရသောနေ့လေး ဖြစ်ခဲ့သည်။ သူ့ရဲ့ခုံမှာ ငြိမ်ငြိမ်ထိုင်မနေတတ်သော၊ မုန့်ဈေးတန်းဘက် မကြာမကြာသွားတတ်သော၊ အခန်းပေါက်ဝတွင် သူငယ်ချင်းများနှင့် မတ်တပ်ရပ်လျက် တွန်းထိုးနောက်ပြောင်နေတတ်သော၊ အတန်းတွင်း၊ အတန်းပြင်က မိန်းကလေးတွေကို စိတ်ဝင်တစား လိုက်မကြည့်တတ်သော သူသည် ထိုစာသင်ခန်းထဲ၌ ကျွန်မရှိနေခဲ့ခြင်းကို မသိခဲ့တာ အံ့ဩစရာတော့ မဟုတ်ခဲ့ပါ။

.....
..... ..... .....
..... ..... ..... ..... .....

ကျွန်မနှင့်သူသည် မျှော်လင့်ချက်မဲ့ ချစ်ခြင်းဖြင့် ချစ်ခဲ့ကြသည်။ ထို့ပြင် ကျွန်မတို့၏ ချစ်ခြင်းတွင် အယူဝါဒ ခြားနားမှုတွေ မပါဝင်ခဲ့ပါ။ ထို့ကြောင့် အပြောနှင့်အလုပ် တူညီဖို့ မလိုအပ်ပါ။ သို့သော် လှပသော ဇာတ်သိမ်းလေးဖြစ်ဖို့တော့ လိုအပ်မည်။ ကျွန်မတို့သည် တစ်ယောက်နှင့်တစ်ယောက် ရစ်ပတ်မထားသော ချစ်ခြင်းသက်သက်ဖြင့်သာ ချစ်ခဲ့ကြတာ သေချာပါသည်။


တခါ တခါ ဘ၀ဆိုတာ စိတ်ကူးယဉ်စရာ မကောင်းပါ။

အဆုံးသတ်ကို ကြိုတင်သိမြင်နေလျက်၊ ရပ်နားသင့်မှန်းသိနေလျက် သူရော၊ ကျွန်မပါ ဒီဇာတ်လမ်းကို ဆက်လက် ဖန်တီးခဲ့ကြသည်။ ထို့နောက် အတွေးအိပ်မက်၌ စိတ်ကူးများစွာဖြင့် ဘ၀ကို ဖြတ်သန်းဖို့ ရည်စူးခဲ့ကြဖူးသည်။ အိပ်မက်ဆိုတာ တချိန်မှာ နိုးထရမည်ဖြစ်ကြောင်း မသိခင်တုန်းက ဖြစ်ပါသည်။ လုပ်သင့်တာနှင့် လုပ်ချင်တာကို အမြဲ ရွေးချယ်နေရခြင်းသည် ဘ၀ဟု နားမလည်ခင်တုန်းက ဖြစ်ပါသည်။

သူသည် ကျွန်မဘ၀ထဲသို့ တိုးဝင်လာဖို့ ဘယ်သောအခါမှ ကြိုးစာမည်မဟုတ်ကြောင်း ကျွန်မ နားလည်လက်ခံထားသည်။ ထို့အတူ ကျွန်မသည်လည်း သူ့ရဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ဖို့ ဘယ်သောအခါမှ အားထုတ်လိမ့်မည် မဟုတ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မနှင့်သူသည် အလွန် ချစ်မြတ်နိုးခဲ့ကြသောကြောင့် ဖြစ်ပါသည်။

သို့သော် သူနှင့်ကျွန်မသည် အနာဂတ်မဲ့သော ကောင်းကင်တွေအဖြစ် အစဉ်အမြဲ တည်ရှိနေပါလိမ့်မည်။

နောက်ပြီး ကျွန်မ သူ့ကို အလွန်ချစ်ပါသည်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1
(၂၁ ရက်၊ ဒီဇင်ဘာ၊ ၂၀၀၇)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Sunday, December 23, 2007

သီးလေးသီး အငြိမ့်



တန်ဆောင်မုန်းလပြည့်နေ့ညက မျှော်စင်ကျွန်းမှာ ဖျော်ဖြေတဲ့ သီးလေးသီး ဆေးရောင်စုံ အငြိမ့်ကို http://dvb.cachefly.net/tv/all/four.wmv တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။



ကျွန်မ စိတ်ထဲတော့ အငြိမ့်ပြီးခါနီး နောက်ဆုံးပြက်လုံးနေရာလေး အဖျက်ခံထားရတယ်လို့ ထင်ပါတယ်။ မော်လမြိုင်က ရသေ့ကြီး တရားဟောမယ်ဆိုပြီး ရသေ့ကြီးကို ဖိတ်လိုက်တော့ သူက ပခုက္ကူက ကြွလာတာလို့ ပြောလိုက်တော့ "ဒီမှာ မော်လမြိုင်ကကြွလာတာလို့ ကြေငြာထားတာကို ပခုက္ကူလို့ တလွဲပြောရသလား"ဆိုပြီး
လူရွှင်တော် တစ်ယောက်က ရသေ့ကြီးကို ရိုက်လိုက်တယ်။ ရသေ့ကြီးလည်း ပြုတ်ကျသွားတဲ့ ဒေါက်ချာကို ပြန်ဆောင်းရင်း "မူရင်းဒေသက မော်လမြိုင်လေ ပခုက္ကူမှာ တရားဟောပြီး ကြွလာတာလို့ ပြောတာ"ဆိုပြီး ရှင်းပြတယ်။ ပြီးတော့ "လူကို မရိုသေရင်နေပါ... ၀တ်ထားတဲ့ ယူနီဖောင်းကိုတော့ လေးစားပါ"လို့ ဆက်ပြောလိုက်တဲ့ချိန် ပွဲကြည့်ပရိသတ်ကလည်း တ၀ါးဝါးနဲ့။ ပြက်လုံးက အဲဒီထိပဲ ပါပါတယ်။ နောက်တော့ မင်းသမီး ကတဲ့အခန်း နဲ့ ပွဲပြီးကြောင်းနှုတ်ဆက်တဲ့အခန်း ဖြစ်သွားပါတယ်။ ကြားထဲမှာ ကျန်ခဲ့တဲ့ ပြက်လုံးတွေကို ကြည့်လိုက်ရတဲ့သူများ ရှိရင် ပြန်လည် ဝေမျှပေးဖို့ တောင်းဆိုလိုက်ပါတယ်ရှင်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

အလုပ်ထဲမှာ



အလုပ်စ၀င်ခါစက Head Office မှာ တစ်လလောက်လုပ်ရတယ်။ ကျွန်မအလုပ်ကတော့ AutoCAD ကိုအသုံးပြုပြီး Electrical & Mechnical နဲ့ ပတ်သက်တဲ့ Drawing တွေ ဆွဲရတယ်။ နောက်ပိုင်းတော့ Site ထဲက Office မှာ သွားလုပ်ရတယ်။ အိမ်နဲ့လည်း နီးတော့ ၀မ်းသာအားရပဲပေါ့။
Site ထဲမှာက မိန်းကလေးဆိုလို့ ကိုယ်တစ်ယောက်ထဲရှိပြန်၊ အသက်ကလည်း အငယ်ဆုံးဖြစ်ပြန်ဆိုတော့ ကျွန်မကို သိပ်မခိုင်းကြဘူး။ ပုံမှန် ပုံဆွဲတာပြီးရင် အဆင်ပြေနေတာပဲ။ ဒါနဲ့ပဲ ကျွန်မလည်း အလုပ်ချိန် ၈ နာရီလုံး online နဲ့ Blog ထဲပဲ ရောက်နေတာ။ အဲဒီတုန်းက ကျွန်မစားပွဲကို အခန်းထောင့်မှာထားပြီး ကွန်ပြူတာကိုလည်း နံရံဘက်မျက်နှာမူထားတော့ ကျွန်မ လုပ်ချင်ရာလုပ်နိုင်တာပေါ့။ ဒီလောက် ကောင်းတဲ့ အလုပ်လည်း ရှိမယ်မထင်ဘူး။ :P ဒါပေမဲ့ ခုတော့ Head Office ကို ပြန်ရောက်နေလို့ ဘလော့ဂ်မှာလည်း စာပုံမှန် မရေးနိုင်တော့ပါဘူး။

ကျွန်မတို့ Construction Site ထဲဝင်မယ်ဆိုတာနဲ့ အပေါက်ဝနားက လုံခြုံရေးဂိတ်မှာ ကိုယ့် Helmet ကိုယ်ဆောင်း၊ ကိုယ့် Safety Shoes ကိုယ်စီးပြီး ၀င်ရပါတယ်။

ဒီပုံက Site ထဲမှာ အလုပ်သမားတွေ Save ဖြစ်အောင် ၀တ်စားရတဲ့ နမူနာပြပုံလေ။ အမြင့်တက်ရတဲ့အတွက် ခါးမှာ ကြိုးပါရတယ်။ ခေါင်းကို အကာအကွယ်ပေးဖို့ Helmet ဆောင်းရပါမယ်။ ခြေထောက်မှာတော့ Safety Shoes စီးထားရပါတယ်။ အဲလို အပြည့်အစုံ မ၀တ်စားထားဘူးဆိုရင်တော့ Ministry of Menpower (MOM)
က လာစစ်တဲ့အချိန် Fine အများကြီးပေးရပါမယ်။ ပြီးတော့ ရက်အကန့်အသတ်မရှိ လုပ်ငန်းခွင်ကိုလည်း ရပ်ဆိုင်းထားတတ်ပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမားတွေ အန္တရာယ်ရှိ၊ မရှိ လာစစ်ဆေးတာတွေ အပြင်၊ အလုပ်ကနေ စွန့်ပစ် ရေတွေကိုလည်း သန့်ရှင်းမှု ဘယ်လောက်ရှိ၊ မရှိဆိုတာလည်း လာစစ်ဆေးတတ်ပါတယ်။

Site ထဲကနေ ထွက်လာတဲ့ ကားတွေကနေ ရွှံတွေ၊ သဲတွေဟာ ပြည်သူပိုင်းကားလမ်းမပေါ် ကျခွင့်မရှိပါဘူး။ ဒါ့ကြောင့် Site ထဲကနေ ကားတွေ မထွက်ခင် အ၀နားမှာ ကားဘီးတွေကို ဒိုင်ခံဆေးပေးနေရတဲ့လူတွေလည်း ထားထားရပါတယ်။ မတော်တဆများ ကားလမ်းပေါ် ရွှံစက်တွေ၊ ဘာတွေ ပေကျံကုန်ရင် ရေနဲ့ဆေးပေးရတာတွေ၊ ဂေါ်ပြားနဲ့ထိုးပြီး သန့်ရှင်း ပေးရတာတွေ လုပ်ပေးရပါတယ်။ ပြီးတော့ လမ်းဘေး တဘက်တချက်က မြက်ခင်းပြင်တွေကို တူးဆွပြီး ပိုက်တွေ မြှုပ်ရတဲ့အခါလည်း အားလုံးပြီးစီးသွားရင် မြက်တွေ ပြန်စိုက်ပေးခဲ့ရပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကတော့ မျိုးစုံပါပဲ။ ကျွန်မလည်း သိပ်မလေ့လာထားတော့ မြင်တွေ့ရတာပဲ ရေးနိုင်ပါတယ်။

နောက်ထပ် ကျွန်မ သဘောကျတာကတော့ စင်္ကာပူအစိုးရက ဘာလုပ်လုပ် စည်းစနစ်ကျနတာပါပဲ။ စည်ပင်သာယာဆိုလည်း ကားလမ်းဘေး ပလက်ဖောင်းကြားတွေပါ မကျန် သန့်ရှင်းရေး လိုက်လုပ်တာကို တွေ့မြင်ရတာ အစကတော့ အံ့ဩမိတယ်။ ညဘက် လူတွေ ကင်းရှင်းနေချိန်နဲ့ မနက်စောစောချိန်တွေမှာ ကားမှတ်တိုင်တွေကို သန့်ရှင်းတာတို့၊ ပလက်ဖောင်းကြားထဲကို အမှိုက်လှဲကားနဲ့ လိုက်လှဲနေတာတို့ကို တွေ့ရနိုင်ပါတယ်။ အဲဒါကြောင့်လည်း ဒီနိုင်ငံ အရမ်းသန့်ရှင်းသပ်ရပ်နေတာ ထင်ပါရဲ့။

အဲဒီ Site ထဲမှာ ကျွန်မလုပ်နေတဲ့ကာလအတွင်း MOM က အစိုးရအရာရှိတွေ လာစစ်ဆေးတာနဲ့ ၃ ခါလောက် ကြုံဖူးပါတယ်။ သူတို့က လုံးဝအကြောင်းမကြားဘဲ ရှောင်တခင် လာစစ်ဆေးကြလေ့ရှိပါတယ်။ ပထမ တခေါက် လာစစ်တော့ Helmet မဆောင်းထားတဲ့ အလုပ်သမားတွေ အများကြီးကို တွေ့သွားတယ်။ ဒါနဲ့ ဓာတ်ပုံရိုက်ယူပြီး Fine S$ 14,500 ပေးရတဲ့အပြင် တပတ်တိတိ အလုပ်လုပ်ခွင့်ရပ်နားခံရပါတယ်။ နောက်တပတ်နေတော့မှ ထပ်ပြန်လာစစ်ပြီး အလုပ်ပြန်စခွင့်ပေးတယ်။

Site ထဲက တာဝန်ရှိတဲ့ Project Manager (PM)တွေ၊ Engineer တွေလည်း အလုပ်သမားတွေကို ဦးထုပ်ဆောင်းဖို့ တင်းတင်းကြပ်ကြပ်လုပ်ပါတော့တယ်။ Helmet မဆောင်းထားရင် အဲဒီအလုပ်သမားက Fine S$50 ပေးရမယ်လို့လည်း ပြောထားပါတယ်။ တရက်တော့ ခေါင်းဆောင်း မဆောင်းထားတဲ့ အလုပ်သမားတစ်ယောက်ကို တွေ့တာနဲ့ ခေါ်ပြီး Fine S$50 ဒဏ်ရိုက်ပါတော့တယ်။ လစာထဲက ဖြတ်မယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတာပါ။ သူတို့ တနေ့လုံး ပင်ပင်ပန်းပန်းနဲ့လုပ်လို့ရတာမှ S$25 ပဲ ရှိပါတယ်။ ကျွန်မလည်း အဲဒါကို တွေ့မြင်ပြီး စိတ်မကောင်းတော့ဖြစ်ရင်း တွေးမိတယ်။ အရမ်းပူလွန်းလို့များ ခေါင်းမဆောင်ချင်တာလား မပြောတတ်ပါဘူး။

တကယ်တော့ Worker တွေအနေနဲ့ အလုပ်လုပ်ရတာ အရမ်းပင်ပန်းခက်ခဲပါတယ်။ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ လေးလံတဲ့အရာတွေကို မ ပြု၊ သယ်ပိုးပြီး လုပ်နေကြရတယ်။ များသောအားဖြင့် အလုပ်သမားတွေကတော့ ဘင်္လားဒေ့ရှ်လူမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျွန်မတို့ အလုပ်မှာတော့ မြန်မာ အလုပ်သမား ၂ ယောက်လောက်ပဲ တွေ့ဖူးတော့
မြန်မာလူမျိုး အလုပ်သမားကနည်းလို့ တော်သေးတယ် ပြောရမယ်။

ဆိုဒ်ထဲမှာ အလုပ်လုပ်ရတာ ပျော်ဖို့လည်း ကောင်းသလို တခါတခါလည်း တော်တော် စိတ်ညစ်ရတယ်။ ကုမ္ပဏီတခုထဲက ဖြစ်ရက်နဲ့ တစ်ယောက်နဲ့တစ်ယောက်၊ Department တခုနဲ့ တခု အေးအေးသက်သာ မဖြေရှင်းဘဲ အော်ဟစ်ငြင်းခုန်တတ်ကြတာကတော့ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။ ပိုက်သမားကလည်း သူ့ပိုက်လိုင်းနေရာကို နည်းနည်းမှ မရွှေ့ပေးဘူးဆိုပြီး တင်းခံ၊ မီးသမားကလည်း သူ့မီးကြိုးနေရာကို မဖယ်ပေးနိုင်ဘူးလို့ ပြန်ငြင်းနဲ့ ကြားထဲက သနားစရာကောင်းတာကတော့ Sub Contractor သမားတွေပါပဲ။ Sub Con. ဆိုတာက ကျွန်မတို့ Main Con. (အဓိက ဆောက်လုပ်ရေး ကုမ္ပဏီ
) ကနေ ပြန်ငှားထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ အသေးစားပေါ့။

ဘာပဲဖြစ်ဖြစ် သူတို့ဟာသူတို့ မိုးခြိမ်းသံလိုမျိုး ဘယ်လိုပဲ အော်ဟစ်နေနေ ကျွန်မနေရာလေးကတော့ တော်တော် အေးချမ်းပါတယ်။ ဘယ်သူကမှလည်း ဘာမှ လာမပြော၊ အော်မဲ့ဟစ်မဲ့သူလည်း မရှိ၊ ကွန်ပလိန်းတက်မဲ့လူလည်း မရှိနဲ့။ ဒါ့ကြောင့်လည်း အလုပ်ထဲကလူတွေက ကျွန်မအလုပ်စားပွဲ နေရာလေးကို ငြိမ်းချမ်းခြင်း ကော်နာထောင့်လို့ နာမည်ပေးထားကြသေးတယ်။


လူတွေရဲ့ အသက်အန္တရာယ်ကို အလေးထားကြောင်း ပြသတဲ့ နံရံကပ် ပိုစတာတွေပါပဲ။ အဲလို ပိုစတာတွေ မျိုးစုံ ကပ်ထားပါတယ်။ လုပ်ငန်းခွင်မှာ အန္တရာယ်ရှိတာတွေကို သတိပေးထားတာတွေကို Site တိုင်းမှာ ကပ်ထားရပါတယ်။

အင်္ဂတေတိုင် တွေပါ။ တော်တော်လေးမဲ့ပုံပါပဲ။ လူနှစ်ယောက်တောင် မနည်း မ နေရတာလေ။ အင်္ကျီလက်ရှည်တွေ ၀တ်လို့ သဘက်ကို ဇက်ပိုးနဲ့ မျက်နှာကို နေပူဒဏ်ခံနိုင်အောင် အ၀တ်တို့၊ သဘက်တို့နဲ့ အုပ်ပြီး Helmet ဆောင်းထားကြတယ်။

ဘာရယ် ညာရယ်မဟုတ်၊ ကျွန်မ ဘလော့ဂ်မှာ ရေးမယ်ဆိုပြီး ဖုန်းနဲ့ ဓာတ်ပုံတွေ လျှောက်ရိုက်ထားတာပါ။ ကျောင်းဆောက်နေတဲ့ပုံပါ။ ခုတော့ အဲဒီကျောင်းလည်း ပြီးသွားပြီ။ ဒီနှစ် ဇန်န၀ါရီလဆို ကျောင်းသားသစ်တွေ လက်ခံပြီး ကျောင်းဖွင့်ပါတော့မယ်။ ရုံးခန်းထောင့်က ကျွန်မစားပွဲနဲ့ ကွန်ပြူတာကိုတော့ ရိုက်ထားတဲ့ပုံလေး ပြန်ရှာမတွေ့လို့ နောက်တွေ့မှပဲ ထပ်တင်လိုက်ပါတော့မယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Saturday, December 22, 2007

ကျွန်မချစ်သော အမေ (၂)



ကျွန်မအမေက အိမ်မှာဗိုလ်ပဲ။ ဥပမာ အနေနဲ့ ပြောရရင် ကျွန်မအမေနဲ့ မကြီးက အစိမ်းရောင်ကို ကြိုက်ကြတယ်။ ကျွန်မအဖေနဲ့ ကျန်တဲ့ မောင်နှမ ၄ ယောက်က အပြာရောင်ကို ကြိုက်တယ်။ ဒီလောက် ၅ ယောက် နဲ့ ၂ ယောက် မမျှတတာတောင်မှ အိမ်မှာ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် အစိမ်းရောင်ကြီးပဲ ဖြစ်နေတယ်ဆိုတော့ကာ စဉ်းစားသာ ကြည့်ကြပါတော့။ ကျွန်မအမေ ဩဇာ ဘယ်လောက်ညောင်းလဲလို့။ :P ဒါပေမဲ့ ကျွန်မပိုင်ဆိုင်တဲ့အိပ်ရာနဲ့ အ၀တ်အစား အသုံးအဆောင်ပစ္စည်းတွေကတော့ အပြာရောင်ကြီးပဲ။ ဒါတော့ ကျွန်မအမေ လာတားလို့မရဘူးလေ။ ဒါတောင်မှ ကျွန်မ တခုခုဝယ်တော့မယ်ဆို အပြာရောင်ကြီး၊ အပြာရောင်ကြီးနဲ့ ပြောတတ်သေးတယ်။ ကျွန်မမှာ အမေ့အပြောလွတ်အောင် မမြင်အောင် ၀ယ်ရတယ်။

ကျွန်မအမေကို ဘယ်သူမှ ကို့လို့ကန့်လန့် လုပ်လို့မရဘူး။ အမေက သူဖြစ်ချင်တာကို သူက အမိန့်နဲ့ ခိုင်းတာ မဟုတ်ဘူး။ တဖြည်းဖြည်း လူတွေကို ပြောပြီး သိမ်းသွင်းယူတာ။ သူမကြိုက်တာဆိုရင် မကြိုက်ကြောင်းကို ထပ်ခါထပ်ခါ ပြော။ ပြောပါများ၊ နားထောင်ပါများတော့ ကျွန်မတို့တွေပါ မကြိုက်တော့ဘူး ဖြစ်ကုန်ရော။ ဒါက နမူနာအနေနဲ့ ပြောပြတာပါ။ တရက်တော့ ကျွန်မညီမလေးက အဖေနဲ့ မျက်နှာသုတ်ပုဝါသွားဝယ်တယ်။ သူက ထုံးစံအတိုင်း အပြာရောင်ရွေးတော့ အဖေက ဘာပြောလဲဆိုရင် "သမီးရယ် အပြာရောင်က ပြာတယ်တဲ့။ တခြားအရောင်ရွေး"ဆိုပြီး အမေ့စကားအတိုင်း ပြောပါလေရော။ အဲဒီမှာ အငယ်မက မယုံနိုင်သလို အဖေ့ကို ပြန်ကြည့်ပြီး ပြောတာက "အဖေတော့ အမေ Brain Wash လုပ်တာ ခံလိုက်ရပြီ"တဲ့။ အဖေ့မှာ အဲဒီတုန်းက ရယ်လိုက်ရတာ ခွက်ထိုးခွက်လန်နဲ့။ အိမ်ပြန်ရောက်တော့လည်း ညီမလေးပြောတဲ့စကားကို ကျွန်မတို့ကို ပြန်ပြန်ပြောပြီး ရယ်ကြရပြန်ရော။ ဒီမှာတင် အဲဒီ အမေ
Brain Wash လုပ်တယ်ဆိုတဲ့ စကားလည်း ကျွန်မတို့ မိသားစုကြားထဲမှာ ပြောစမှတ်ပြုနေရတဲ့ စကားဖြစ်သွားတယ်။ တကယ်လည်း ကျွန်မတို့ အမေ့ရဲ့ Brain Wash လုပ်တာခံနေရတာပါပဲ။ အရောင်ကိစ္စမှာသာ အမေပြောတာကို လက်မခံတာ။ ကျန်တဲ့ကိစ္စတွေမှာတော့ အမေပြောသမျှ အကုန် နားထဲရောက်တာပဲ။

ကျွန်မအမေက စာအရမ်းဖတ်တော့ စကားပြောကလည်း တကယ်ပြောင်မြောက်တယ်။ ကျွန်မတို့မိသားစု ညပိုင်းမှာ တီဗွီကြည့်ကြတဲ့အခါ အင်္ဂလိပ်စကားပြောတွေကို အမေ့ကို ဘာသာပြန်ပေးရတတ်တယ်။ တခါတခါ ကျွန်မတို့မှာ အမေ့ကို ပြန်ရှင်းပြနေရတော့ ကြည့်နေရင်း အရသာပျက်တာပေါ့။ အဲလိုခါကျ စိတ်တွေက မရှည်တော့ဘူး။ အမေ့ကို စိတ်ရှည်လက်ရှည်နဲ့ သည်၊ ၏ မလွဲ ဘာသာပြန်ပေးတာကတော့ ကျွန်မအမရဲ့ ချစ်သူပါပဲ။ သူကတော့ တကယ့်ကို ၏၊ သည်မလွဲကို ရှင်းပြတာ။ ဒါပေမဲ့ သူက အိမ်ကို အမြဲလို လာလည်တာမဟုတ်တော့ သူမရှိရင် အဖေက အနည်းငယ်စိတ်ရှည်စွာ ရှင်းပြတတ်ပါတယ်။ တခါတခါ ကျွန်မတို့ဘာသာပြန်ရင်းနဲ့ တချို့အင်္ဂလိပ်စကားလုံးတွေကို မြန်မာမှုမပြုတတ်ပါဘူး။ ပြောရင်း ပြောရင်းနဲ့ အင်္ဂလိပ်စာလုံးတွေ ညှပ်ပါပါသွားတယ်။ တချို့စကားတွေကျ မြန်မာလို လိပ်ပတ်လည်အောင် ဘယ်လိုပြောရမှန်းကို မသိဘူး။ အဲဒီလိုကျ တယောက်မျက်နှာ တယောက်ကြည့်ပြီး ဟိုလိုလေ အမေရာ၊ အဲဒီလိုမျိုးလေလို့ပြောရင်း လုံလည်ချာလည်လိုက်နေတတ်တယ်။ အဲဒီမှာ ကျွန်မတို့ဆိုလိုချင်တာကို အမေက ဒက်ခနဲ ဗမာလို လှလှပပလေး ပြောလိုက်ပါရောလား။ ကျွန်မတို့ မတွေးမိတဲ့ စကားလုံးတွေနဲ့ ထိထိမိမိအဓိပ္ပါယ်ဆိုတော့ ကျွန်မတို့မှာ အားရပါးရ ရယ်ပြီး သဘောကျရသေးတယ်။

အမေက လူတစ်ယောက်ရဲ့ မျက်နှာကို ကြည့်ရင် နှာခေါင်းကို အရင်ကြည့်တတ်တယ်။ နှာခေါင်းရုပ်ဆိုးရင် မျက်နှာတခုလုံး ဘယ်လောက်လှလှ ရုပ်ဆိုးတာပဲတဲ့။ ဒါက ကျွန်မအမေရဲ့ အယူအဆပေါ့လေ။ ကျွန်မအမေက နှာခေါင်းမလှပုံကို အနုလုံပဋ္ဋိ
လုံကြည့်တတ်သေးတယ်။ တခြားလူမပြောနဲ့ အမေကိုယ်တိုင်မွေးထားတဲ့ ကျွန်မတို့မောင်နှမတွေရဲ့ နှာခေါင်းအလှလေးတွေကို အမေပြောပုံ ကြည့်ပါဦး။ ကျွန်မအစ်ကိုကတော့ အမေနဲ့ ချွတ်စွတ်တူနေလေတော့ သူ့နှာခေါင်းက လှတယ်။ ဒီတော့ ကိုကြီးကတော့ အပြောမခံရဘူးပေါ့လေ။ မကြီးကိုတော့ နှာခေါင်းတိုတယ်ဆိုပြီး ပြောလေရဲ့။ ကျွန်မအစ်မနှာခေါင်းက တိုပေမဲ့ ချစ်စရာလေးပါ။ ကျွန်မကိုကျတော့ နှာခေါင်းရှည်တယ်တဲ့... အမယ်လေး ကြည့်နေရင်းနဲ့ ပါးစပ်ထဲ ၀င်တော့မလားတောင် ထင်ရရဲ့လို့တောင် ပြောတတ်သေး။ ကျွန်မ ညီမကိုကျတော့ နှာပြားတယ်တဲ့။ မောင်လေးကကျ နှာပွလေးတဲ့။ ကျွန်မက ပြောတယ်... အမေမွေးထားတာတွေကလည်း တယောက်မှလည်း နှာခေါင်းလှတယ်ဆိုတာ မရှိပါလားလို့... အဲလိုပြောရင်တော့ အမေက ရယ်တတ်သေး။ အမေက သူစိတ်ကြည်နေရင်တော့ သူ့သားသမီးတွေကို ချစ်စရာလေးတွေလို့ ပြောတတ်ပြီး မကျေမနပ်ဖြစ်နေရင်တော့ နှာရှည်မတို့၊ နှာတိုမတို့ ခေါ်တတ်လေရဲ့။ ကျွန်မက အငြင်းအရမ်းသန်တယ်လေ... ကိုယ်မှန်တယ်ထင်လို့ကတော့ အနိုင်မခံ၊ အရှုံးမပေး အသားကုန် ပြိုင်ငြင်းတော့တာ။ အမေနဲ့များ ပြိုင်ငြင်းမိရင်တော့ "အဲဒီ နှာရှည်မဟာလေ...လည်ပင်းကြော ထောင်ထအောင်ကို ငြင်းတယ်"လို့ ပြောပါလေရော။

အဖေ့ခြေချောင်းတွေနဲ့တူတဲ့ ကျွန်မတို့ညီအစ်မ ခြေထောက်တွေကို အမေက အမြဲလို ကဲ့ရဲ့တတ်သေးတယ်။ ကျွန်မတို့မှာလည်း အဲဒီမလှပတဲ့ ခြေချောင်းတွေကို ကြည့်ကြည့်ပြီး စိတ်ပျက်တတ်လွန်းလို့ အဖေက ကိုယ့်အဖေရဲ့ အမွေကိုရတာ ဂုဏ်ယူစမ်းပါလို့ ပြောမှပဲ လူလည်း နည်းနည်း စိတ်သက်သာရာ ရတော့တယ်။

ကျွန်မနဲ့ ကျွန်မအစ်မက အမေနဲ့ အဖေကို ချစ်စနိုးနဲ့ ဖေ၊ မေ လို့လည်း ခေါ်တတ်ကြသေးတယ်။ တခါတော့ သူများတွေ မေမေ၊ ဖေဖေခေါ်တာကြားပြီး အမေ့ကိုလည်း အဲလို ခေါ်ကြည့်ချင်ကြောင်းပြောတော့ အမေက ခေါ်စမ်းပါနဲ့အေ... ပေါ့ရွှတ်ရွှတ်နဲ့တဲ့။ အမေ၊ အဖေဆိုတာကမှ အားရပါးရရှိတာတဲ့။ ဒါနဲ့ပဲ မေမေ၊ ဖေဖေလို့ ချွဲချွဲပစ်ပစ်နဲ့ တခါလောက် စမ်းခေါ်ကြည့်ချင်တာကို စွန့်လွှတ်လိုက်ရတယ်။

ကျွန်မအမေရဲ့ အကျင့်တခုက ဈေးဝယ်ရရင် ပျော်နေတတ်တာပဲ။ တိုလီမိုလီတွေ လျှောက်ဝယ်နေရတာက သူ့ကို စိတ်ချမ်းသာမှုအပေးနိုင်ဆုံးလို့ ပြောတတ်လေ့ရှိတယ်။ ပြောတဲ့အတိုင်းလည်း ကျွန်မအမေက အမြဲလိုလို ဈေးဝယ်ထွက်နေတော့တာပဲ။ အိမ်အတွက် လိုတဲ့ပစ္စည်းရော၊ မလိုတဲ့ ပစ္စည်းရော အကုန်ဝယ်တတ်တယ်။ ပြီးရင် သူများတွေကို လက်ဆောင် ပြန်ပေးပစ်တယ်။

ကျွန်မအမေက အရမ်းချစ်ဖို့လည်း ကောင်းတယ်။ ဓာတ်ပုံရိုက်ရင် အရမ်း အိုက်တင်လုပ်တတ်တာ။ ဓာတ်ပုံရိုက်တော့မယ်ဆိုတာနဲ့ ပါးနှစ်ဘက်က ပါးချိုင့်တွေ ပေါ်အောင် အစွမ်းကုန်ပြုံးပြီး နွဲ့နွဲ့လေး နေနေတတ်တယ်။ အသားညိုတဲ့ အမေက ဓာတ်ပုံရိုက်လိုက်တိုင်း လှနေတာချည်းပဲ။ ဒါကြောင့်လည်း ကျွန်မအဖေက အမြဲ ပြောလေ့ရှိတာ။ သူ့သမီးတွေထဲမှာ အမေ့ကို မှီတာ တစ်ယောက်မှ မပါဘူးလို့။:P



ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကျွန်မအမေ မွေးနေ့ထဲက ရေးထားတဲ့စာ ရေးချင်တာတွေများပြီး အဆုံးမသတ်နိုင်သေးတာနဲ့ မတင်ဖြစ်ဘူး။ ဒါနဲ့ ခု မြန်မြန်အဆုံးသတ်လိုက်ရတယ်။

ကျွန်မချစ်သော အမေ (၁)

Friday, December 21, 2007

Burmese News in Singapore (4)



စင်္ကာပူနိုင်ငံရှိ မျိုးချစ်မြန်မာများရဲ့ လှုပ်ရှားမှုအခြေအနေ တင်ပြချက် စတုတ္ထပတ်မြောက် ရေဒီယို အစီအစဉ်ဖြစ်ပါတယ်။ နားဆင်ကြည့်ကြပါဦး။

http://video.google.com/videoplay?docid=-6786316466775110061&hl=en




s0wha1

Burmese News in Singapore (1)
Burmese News in Singapore (2)
Burmese News in Singapore (3)

Burmese News in Singapore (5)

Thursday, December 20, 2007

စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် သီတဂူဆရာတော်ကြီး၏ တရားပွဲ ဖိတ်ကြားခြင်း



နိုင်ငံကျော် ဓမ္မကထိက စစ်ကိုင်းတောင်ရိုး သီတဂူဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် အရှင်ဥာဏိဿရ အဂ္ဂမဟာပဏ္ဍိတ (D.Litt) (Ph.D) ၏ အထူး ဓမ္မသဘင် တရားပွဲကို စင်္ကာပူနိုင်ငံ၌ (၂) ည တိုင်တိုင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပါမည်။

s0wha1

Wednesday, December 19, 2007

လူမဆန်မှုရဲ့ သက်သေ



စက်တင်ဘာအရေးအခင်းတုန်းက ကျန်ရှိနေတဲ့ ဗွီဒီယိုဖိုင်...


Monday, December 17, 2007

ငယ်ဘ၀ အမှတ်တရ (၃)



မလေပြေ ရေးခိုင်းတဲ့ ငယ်ဘ၀အမှတ်တရဆိုတာ ငယ်ငယ်တုန်းက ကစားနည်းတွေအကြောင်း ရေးခိုင်းတာဖြစ်နေတယ်။ မအိမ့်ရဲ့ ဘလော့ဂ်က ပို့စ်ကို ဖတ်ပြီးမှ သိတာ။ ဒီတော့လည်း ငယ်ငယ်တုန်းက ကျွန်မတို့ ဘယ်လောက် ကဲကြောင်း ထပ်ရေးရသေးတာပေါ့။ :P

ငယ်ငယ်က ကျွန်မတို့နေခဲ့တဲ့ တိုက်ကုန်းမှာ ကျွန်မတို့အရွယ် ကလေးတွေကလည်း တပြုံကြီးရှိလေတော့ ကစားဖို့ အဖော်က မပူပင်ရဘူးလေ။ မောင်နှမအများဆုံးရှိတဲ့ ကျွန်မတို့အိမ်က ကလေးတွေ စုစည်းရာ ဆုံရပ်လည်း ဖြစ်နေတတ်တယ်။ ယောက်ျားလေး၊ မိန်းကလေး ဆတူရှိတဲ့ ကျွန်မတို့အုပ်စုမှာ ကစားနည်းမျိုးစုံကို ယောက်ျားလေးမှ ကစားလို့ရတာ၊ မိန်းကလေးမှ ကစားလို့ရတာရယ်လို့ မခွဲခြားဘဲ ကြုံသလို ကစားကြတယ်။ ဘောလုံးကန်ချင်တယ်ဆိုလည်း ၀ိုင်းကန်လိုက်ကြ၊ စစ်တိုက်တမ်း ကစားချင်တယ်ဆိုလည်း ၀ိုင်းစစ်တိုက်လိုက်ကြနဲ့ အငြင်းအခုန်ဖြစ်ရတယ် မရှိပါဘူး။

စစ်တိုက်တမ်း ကစားတယ်ဆိုရင် ခြံထဲမှာ အလေ့ကျပေါက်နေတဲ့ ပဲတောင့်တွေကို ခူးပြီး ပစ်ပေါက်တမ်းကစားကြတာပါ။ ပဲတောင့်ထိပ်လေးတွေက ချွန်နေတော့ ထိရင် နာပါတယ်။ အဲဒါကို ဂါဝန်ကို ဂပုန်စပုံစံလုပ်ပြီးထည့် ပြီးရင် ၁။နေရာယူ၊ ၂။အဆင်သင့်၊ ၃။ပစ်နိုင်ပြီ လို့ အော်ဟစ်ပြီး ပစ်ပေါက်ကစားကြတယ်။ တခါတလေလည်း သရက်ရွက်တွေ ခူးပြီး ဘုရင်လုပ်တမ်း ကစားကြတယ်။ သရက်ရွက်တွေကို တုတ်ချောင်းသေးသေးလေးတွေနဲ့ ဆက်ပြီး ဘုရင်အ၀တ်အစားပုံစံတွေ လုပ်ဝတ်ကြတာပေါ့။ ဈေးရောင်းဈေးဝယ်တမ်း ကစားရင် ကွမ်းယာရောင်းတဲ့ဆိုင်က အရောင်းရဆုံးပါပဲ။ ဘာလို့ဆို တကယ်စားလို့ရပြီး စားလို့လည်းကောင်းတာကိုး။ မာလကာရွက်နုနုလေးတွေကို
ကွမ်းရွက်လို့ သဘောထားပြီး အဲဒီပေါ်မှာ စားလို့ရတဲ့ အသီးစိမ်းပြားပြားလေးတွေထည့် (နာမည်ဘယ်လို ခေါ်လည်းတော့ ကျွန်မ မမှတ်မိတော့ပါဘူး) ပြီး စားကြတယ်။ အဲဒီ ကျွန်မတို့ ကစားတဲ့ ကွမ်းယာလေးဟာ ချဉ်ချို အရသာလေးနဲ့ တော်တော် စားကောင်းပါတယ်။ တခါတလေ စိတ်လိုလက်ရ ရှိရင် လူပျိုပေါက်အရွယ် အစ်ကိုက ကျွန်မတို့ ညီအစ်မတွေ ကစားဖို့အတွက် ငှက်ပျောရွက်တွေ၊ ၀ါးခြမ်းပြားတွေနဲ့ တဲလေးဆောက်ပေးတတ်သေးတယ်။

ဆောင်းရာသီ ပုရစ်တွေ ပေါ်ချိန်ဆိုရင်တော့ ပုရစ်ဖမ်းတိုင်း ကစားကြတယ်။ ပိန္နဲသီးစေးအဖြူရောင်ကို ၀ါးချောင်းပြား ဒါမှမဟုတ် တုတ်ချောင်းထိပ်မှာ သုတ်ပြီး ပုရစ်ကောင်တွေကို လိုက်တို့ပြီး ဖမ်းတာပါ။ ပိန္နဲစေးက ကပ်တော့ အကောင်လေးတွေက မလှုပ်နိုင်ဘဲ တုတ်မှာ ကပ်ပါလာကြတယ်။ အဲဒီအကောင်လေးတွေကို မီးဖုတ်ပြီး စားကြတာပေါ့။ (ကျွန်မတို့ဘက်မှာ ရန်ကုန်မှာလို ပုရစ်ကြော်ရောင်းတဲ့လူမရှိတော့ ၀ယ်စားလို့မှမရဘဲ။) ကျွန်မကတော့ အဲဒီမှာတုန်းက တစ်ကောင်ပဲ ယူစားဖူးတယ်။ ဖမ်းတဲ့ထဲလည်း မပါပါဘူး။ ယောက်ျားလေး သူငယ်ချင်းတွေ ဖမ်းနေတာကို လိုက်ကြည့်ယုံပါပဲ။ အဲဒီတုန်းက ကျွန်မနဲ့ ကစားနေကျ အပေါင်းအဖော်သူငယ်ချင်းတွေက ကျွန်မ ညီမလေး၊ မောင်လေး အပါအ၀င် တင်ဇာနွယ်နဲ့ ဇင်မာမြင့်ဆိုတဲ့ ကောင်မလေးနှစ်ယောက်နဲ့ သူသူဆိုတဲ့ ဆရာဝန်မသမီးတို့ပေါ့။ ပြီးရင် တူးငယ်လို့ခေါ်တဲ့ အင်ဂျင်နီယာ တစ်ယောက်ရဲ့သား ပြီးရင် ကိုဇ၀ါးနီလို့ခေါ်တဲ့ ကရင်လူမျိုး စက်ရုံအလုပ်သမားတစ်ယောက်ရဲ့ သားတို့ကတော့ ကျွန်မ အခင်မင်ရဆုံး သူငယ်ချင်းတွေပါပဲ။ ဒါကတော့ ကျောင်းပိတ်ရက်နဲ့ ကျောင်းဆင်းပြီးလို့ အားလပ်ချိန်တွေမှာ ကစားနေကျ တိုက်ကုန်းက သူငယ်ချင်းတွေပေါ့။ ကျောင်းမှာဆိုရင်တော့ သူတို့တွေနဲ့ မကစားဘဲ ကျွန်မ အခန်းထဲက သူငယ်ချင်းတွေဖြစ်တဲ့ မိုးကလျာအိ၊ တင်တင်ဌေး၊ မြမြ၀င်း၊ သန္တာလင်းတို့နဲ့ပဲ ကစားလေ့ရှိတယ်။ သူတို့ကတော့ ကျွန်မနဲ့ ကျောင်းတက်ချိန်မှာပဲ တွဲဖြစ်တဲ့ သူငယ်ချင်းတွေ။

ငယ်ငယ်တုန်းက ကျန်းမာရေး ချူချာတဲ့ ကျွန်မက သူများတွေလို ခုန်ပေါက်ပြေးလွှားပြီး သိပ်မကစားနိုင်ဘူး။ သရေကွင်းတွေနဲ့ဆက်ထားတဲ့ သရေပင်ကြိုးလည်း မခုန်တတ်၊ ကြက်တောင်လည်း မရိုက်တတ်၊ ဘော်လီဘောလည်း မပုတ်တတ်တဲ့ ကျွန်မက သူတို့တွေ အဲလို ကစားကြရင် ဘေးနားကနေ ငုတ်တုတ်ထိုင်ကြည့်နေရတတ်တာပါပဲ။ စိန်ပြေးတမ်းကစားရင်လည်း ကျွန်မကို အရင် မိတတ်လေ့ရှိတယ်။ သစ်ပင်ပေါ်တွေ ဘာတွေလည်း မတက်တတ်ဘူး။ အမြင့် အရမ်းကြောက်သလို၊ အသားနာမှာလည်း အရမ်းကြောက်တတ်တဲ့ ကျွန်မ စက်ဘီး မစီးတတ်တာလည်း မထူးဆန်းပါဘူး။ ကြိုးမခုန်တတ်ပေမဲ့ တန်းမြင်ကျတော့ ခုန်တတ်တယ်။ ကျွန်မ အကြွမ်းဆုံး ကစားနည်းကတော့ ထုပ်စီးတိုးတာလေ။ ၉တန်းအရွယ်ထိတောင် လမ်းထဲက လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ကစားလေ့ရှိတယ်။
ကျွန်မညီမကတော့ ကစားနည်းမျိုးစုံ ကစားတတ်တယ်။ သူကစားနေရင် ဘေးကနေ သဘောတွေကျပြီး အားပေးနေတတ်ပြီး ကိုယ်တိုင်တော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ၀င်မကစားဘဲ စာထိုင်ဖတ်နေတတ်တယ်။

ကျွန်မ ၂ တန်းနှစ် ကျောင်းပိတ်ရက်မှာ အမေက ကျွန်မနဲ့ ကျွန်မအစ်ကိုကို ရန်ကုန် အလည်ခေါ်သွားတယ်။ တလက်စထဲ ဧရာဝတီတိုင်းဘက်က အမျိုးတွေရှိတဲ့တောဘက်တွေပါ ရောက်သွားတယ်။ အဲဒီမှာ အဘကြီး တစ်ယောက်က ကျွန်မတို့မောင်နှမကို ရွှံ့နဲ့ အရုပ်မျိုးစုံလုပ်ပေးတာ ကြည့်ရင်း ကျွန်မတို့မှာ သဘောတွေကျလို့ပေါ့။ လက်ရာတွေကလည်း တကယ်မြောက်တာလေ။ ကျွန်မတို့လည်း အဲဒါလေးတွေကို တောင်ပေါ်ဒေသထိ တကူးတက သယ်လာကြတယ်။ ဒါပေမဲ့ နီးနီးနားနား ခရီးလည်း မဟုတ်ပြန်တော့ လမ်းမှာတင် ကျိုးကြေကုန်ရော။ ဒါနဲ့ လောပိတ ပြန်ရောက်တော့ ကျွန်မအစ်ကိုက ရွှံ့ရုပ်လေးတွေ မမြင်ဖူးတဲ့ ကျွန်မညီမနဲ့ မောင်လေးအတွက် တောင်ပေါ်မြေနီတွေကို ရေနဲ့ဖျော်၊ ရွှံ့ဖြစ်အောင်လုပ်ပြီး အရုပ်လေးတွေ လုပ်တယ်။ ရွှံ့ရုပ်လေးတွေပြီးလို့ အိမ်ခေါင်မိုးပေါ်တက်လှမ်းတဲ့ချိန်မှာ ကျွန်မတို့ ညီအစ်မကလည်း လိုက်လည်းကြည့်ချင်၊ အမိုးပေါ်ကလည်း မတက်တတ်ပြန်ဆိုတော့ အောက်ကနေ တမော့မော့နဲ့ပေါ့။ ဒီတော့ ကျွန်မအစ်ကိုလည်း သူ့ညီမတွေအတွက်
အပေါ်ကို ဘယ်လို ခေါ်ရပါ့မလဲလို့ အကြံထုတ်တယ်။ နောက်ဆုံး အစ်ကိုက တောင်းတစ်လုံးမှာ ကြိုးကိုချည်ပြီး ကျွန်မထက် သတ္တိကောင်းတဲ့ ညီမလေးကို အရင် ၀င်ထိုင်ခိုင်းပြီး အပေါ်ကနေ ကြိုးကို ဆွဲတင်တယ်။ ကျွန်မကလည်း အောက်ကနေ မ ပေးတာပေါ့။ ကျွန်မအလှည့်ကျတော့ ခေါင်မိုးပေါ်ကနေ သူတို့မောင်နှမ နှစ်ယောက်က ဆွဲတင်ကြတယ်။ ဒီလိုနဲ့ အမြင့်တခါမှ မတက်ဖူးတဲ့ ကျွန်မလည်း ခေါင်မိုးပေါ်ကို အောင်အောင်မြင်မြင် ရောက်ဖူးသွားတော့တယ်။ အဲဒီတုန်းက အောက်ဘက်ကမြေပြင်ပေါ်မှာ ပုလင်းကွဲတွေအများကြီးရှိနေတာမြင်ရက် အစ်ကိုက ကြိုးနဲ့ဆွဲတင်တာကို အကြောက်အရွံ့မရှိ ၀မ်းသာအားရ တက်လိုက်မိတာ ပြန်တွေးမိရင် ကံကောင်းလို့ ဘာမှ မဖြစ်တယ်လို့ ဘုရားတ မိတယ်။ ဘာပဲပြောပြော မောင်နှမတတွေ ခေါင်းမိုးပေါ်မှာ ရွှံ့ရုပ်တွေကို တပျော်တပါးကြီး လှမ်းကြတာကတော့ အမြဲတမ်းအမှတ်တရ ဖြစ်နေတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ငယ်ဘ၀ အမှတ်တရ (၁)
ငယ်ဘ၀ အမှတ်တရ (၂)

Sunday, December 16, 2007

My Color is "Deep Pink"



Friendster မှာ သူငယ်ချင်းတစ်ယောက်က get to choose the color of what you feel today ...or... your mom will DIE ဆိုပြီး mail ပို့လာတာနဲ့ ကျွန်မလည်း ကြောက်ကြောက်နဲ့ ပြန် choose ပေးလိုက်ပါတယ်။ ပြီးတာနဲ့ ကျွန်မ ဘလော့ဂ်မှာလည်း ဘာရယ်မဟုတ် ပြန်တင်ချင်လို့ တင်လိုက်တာပါ။ ဒီပို့စ်ကို လာရောက်ဖတ်ရှုသူများအနေနဲ့ ကိုယ်ပိုင်ဘလော့ဂ်ရှိတဲ့သူကလည်း လတ်တလောကိုယ်ခံစားနေရတဲ့ ခံစားချက်အရောင်လေးကို မိမိဘလော့ဂ်မှာ ပြန်တင်ပေးစေလိုပါတယ်။ ဘလော့ဂ်မရှိတဲ့သူများကလည်း ကွန်မန့်များ ချန်သွားစေလိုပါတယ်။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။

*** *** ***

here are the colors that you can choose from:

PURPLE - feeling a little lonely.

WHITE - having problems.

GREEN - just relaxing.

YELLOW - addicted to candy.

PINK - feeling so happy.

GRAY - having a boring time.

BLACK - craving for chocolate.

AQUA - hyper hyper.

ORANGE - not in love.

SKY BLUE - calm.

RED - happy because the person you love, loves you back.

VIOLET - you like someone.

TURQUOISE - thinking of someone.

MAGENTA - heart broken.

BROWN - the person you like, doesn't like you.

PEACH - your not bored, you got a lot of fun activities to do.

GOLD - saving money for this vacation.

DEEP PINK - your really in love and you cant stop thinking about the person you love.

HOT PINK - you feel hot.

after looking for the color that you feel repost the color saying "my color is____".



ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Saturday, December 15, 2007

ကျွန်မနှင့် အပျင်းရောဂါ



ကျွန်မ ပြီးခဲ့တဲ့ရက်တွေတုန်းက အပျင်းထူချက်ကတော့ ကမ်းကုန်ရောဆိုပါတော့။ အလုပ်က ပြန်ရောက်တာနဲ့ ကွန်ပျူတာဖွင့်၊ ဟိုကြည့်ဒီကြည့်လုပ်၊ သီချင်းနားထောင်။ အဲဒီလို ဘာမှ မည်မည်ရရ လုပ်နေတာမဟုတ်ဘဲနဲ့တောင် ညဘက် စောစောအိပ်ဖြစ်လားဆိုတော့လည်း မအိပ်ဖြစ်ပါဘူး။ ည ၁ နာရီ၊ ၂ နာရီမှ အိပ်တာ ပုံမှန်လို ဖြစ်နေပြန်ရော။ ဒီတော့ အလုပ်ထဲရောက်ရင် လူက အိပ်ငိုက်တာ ဒေါင်ချာစိုင်းနေတာပဲ။ အလုပ်ထဲမှာ အမြဲလို တွေးဖြစ်တာက ဒီည ငါ စောစောအိပ်မယ်၊ ကွန်ပျူတာကို လုံးဝမဖွင့်ဘူး ဆိုတာပဲ။ ဒါပေသိ အိမ်ပြန်ရောက်တာနဲ့ လူက ကွန်ပျူတာမဖွင့်ရရင် နေမထိ၊ ထိုင်မသာဖြစ်လို့။

ကွန်ပျူတာဖွင့်ပြီးရင် ကျွန်မ ဘာလုပ်နေလဲဆိုတော့ www.friendster.com မှာ ကျွန်မဓာတ်ပုံတွေတင်၊ သူများ ဖရန့်စတားအကောင့်တွေကြည့်၊ www.imvu.com ဆိုတဲ့ 3D ချက်လိုမျိုးမှာ ကျွန်မရဲ့ အရုပ်လေးအတွက် အင်္ကျီတွေဝယ်၊ ဓာတ်ပုံရိုက်နဲ့ လျှောက်လုပ်နေဖြစ်တယ်။ အဲဒီ 3D ချက်မှာလည်း သူများက လာစကားပြောရင် ပြန်မပြောဘူး။ ကျွန်မက ကိုယ့်အရုပ်လေးကို အ၀တ်အစားမျိုးစုံဝတ်ပေးပြီး ဓာတ်ပုံရိုက်ရတာကို ပျော်နေတာ။ အ၀တ်အစား အသုံးအဆောင်ပစ္စည်းတွေကလည်း သူတို့ပေးထားတဲ့ ပိုက်ဆံနဲ့ မလောက်တော့ တကယ့်ပိုက်ဆံ ပေးပြီးဝယ်ရတယ်။ ရူးတယ်ပြောပြော၊ ကြောင်တယ်ပြောပြော ပိုက်ဆံအကုန်ခံပြီးကို 3D အရုပ်အတွက် အ၀တ်အစားတွေ ၀ယ်ပစ်လိုက်တယ်။ ကိုယ့်ဖာသာကိုယ်တော့ သဘောတွေကျနေတာပဲ။

ဒီလိုနဲ့ အရုပ်မလေးကို ကြည့်ရတာ ငြီးငွေ့လာတော့ ဖရန့်စတားဘက် သွားကြည့်။ ကွန်ပျူတာထဲက ကိုယ့်ဓာတ်ပုံတွေ ကိုယ်ပြန်ကြည့်။ အဲဒါနဲ့ ကျွန်မလည်း ဘလော့ဂ်လောကနဲ့ အဆက်ပြတ်။ သူများတွေ ရေးထားတဲ့စာတွေလည်း မဖတ်ဖြစ်။ အန်တီငြိမ်း၊ အန်တီခင်နဲ့ မလေပြေတို့ ဘလော့ဂ်လောက်ပဲ ရောက်တယ်။ ဒါတောင် နေ့တိုင်း သွားမကြည့်ဖြစ်ဘူး။ ကိုယ့်ဘလော့ဂ်ကိုတော့ နေ့တိုင်းကြည့်ဖြစ်ပါတယ်။ ဒါပေမဲ့ အပျင်းဒီဂရီက များနေတော့ စီဘောက်မှာ ကိုယ့်ကို လာနှုတ်ဆက်သွားတာတွေ မြင်ရက်နဲ့တောင် ပြန်မနှုတ်ဆက်နိုင်ဘူး။ အဲလို၊ အဲလို။


ဘာမှလုပ်စရာမရှိလို့ ပျင်း၊ ပျင်းပြီး ဘာမှ မလုပ်ချင်။ ဒီလိုနဲ့ပဲ ချာလပတ်ရမ်းနေတယ်။ အွန်လိုင်းမှာ၂၄နာရီနီးပါး ရှိနေပေမဲ့ သူများတွေနဲ့ စကားပြောနေလားဆိုတော့လည်း ပြောမနေဘူး။ လာပြောရင်လည်း အင်း၊ ဟင့်အင်း၊ ဟုတ်ကဲ့၊ မဟုတ်ဘူး ကနေ ဘာမှ ဆက်မပြောတော့ဘူး။ ပြောချင်စိတ်လည်း မရှိဘူး။ အဲလို ပြောနေရတာကို ပျင်းတာဆိုတော့ ဘယ်လိုလုပ်ရပါ့။ သူများတွေကတော့ ဘယ်လို ထင်မလဲမသိဘူး။ အမှန်တော့ ကျွန်မက Busy နေတာလည်း မဟုတ်၊ မပြောချင်လို့ မပြောဘဲ နေတာလည်း မဟုတ်၊ ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်ပြီး စကားပြောလို့မရအောင်ကို ပျင်းနည်းမျိုးနဲ့ ပျင်းနေတာ။ တချို့တွေ ကျွန်မဆီ မေးလ်ပို့ကြတာလည်း မပြန်ဖြစ်ဘူး။ စာပြန်ရေးရမှာ ပျင်းလို့။ ဖုန်းလာရင်လည်း ဖုန်းမကိုင်ဘူး။ မကြားရတဲ့ တနေရာ ပို့ထားလိုက်တယ်။ ဒီလိုနဲ့ ကျွန်မ ပျင်းလာတာ ၃ လကျော်လောက် ရှိလာပါပြီ။

အရင်ကဆို Site ထဲမှာ ကျွန်မစားပွဲကို အခန်းထောင့်မှာ ထားထားတော့ ဘယ်သူမှလည်း ကျွန်မ ကွန်ပျူတာကို မမြင်ရဘူး။ ဒီတော့ နေ့တိုင်း ကျွန်မ ဘလော့ဂ်မှာ စာရေးဖြစ်နေတာပေါ့။ အခုကျ ရုံးကို ရောက်သွားတော့ အလုပ်ချိန်မှာ ဘယ်လိုမှ စာမရေးဖြစ်တော့ဘူး။ ကွန်ပျူတာကို လူသွားလမ်း စင်္ကြံဘက် မျက်နှာမူထားတော့ ပျင်းလွန်းလို့ စာရေးချင်ပါတယ်ဆိုတာတောင် ရေးလို့မရဖြစ်နေရော။ လူကလည်း အလုပ်လုပ်ချိန်ဆို စာရေးချင်စိတ်၊ ရေးစရာတွေက တဖွားဖွားပေါ်လာတာပဲ။ အဲ... အိမ်ရောက်ပြီ ဆိုရင်တော့ အားလုံး ကြက်ပျောက်၊ ငှက်ပျောက်။

ဒါပေမဲ့ အိမ်က ကွန်ပျူတာရှေ့ရောက်တာနဲ့ စာရေးချင်စိတ်လေးများ ရှိလေဦးမလားဆိုပြီး ဘလော့ဂ်က New Post လေးကို အမြဲလို ဖွင့်ထားဖြစ်ပါတယ်။ သို့သော်လည်း ရေးစရာတွေ အများကြီး ရှိတဲ့ကြားက စာတစ်ကြောင်းတောင် မရေးနိုင်ဘူး။ ဒါနဲ့ပဲ ကျွန်မဘလော့ဂ်မှာ ကိုယ်တိုင်ရေး ပို့စ်တွေ မတင်ဖြစ်တာ။ ကျွန်မ သူငယ်ချင်း တယောက်ကလည်း လာလာအော်တယ်။ copy cat တဲ့။ အဲဒီ copy cut တောင် မနည်း အတင်းဖျစ်ညှစ်ပြီး ပို့စ်တင်ထားရတာ သူက မသိရှာဘူး။ ကျွန်မ ပျင်းတာကတော့ အရည်တောက်တောက် ကျလောက်တယ်။

ဘလော့ဂ်မှာ စာရေးတယ်ဆိုတာကလည်း အမြဲတမ်း အဆက်မပြတ်နေမှ စိတ်က ရေးချင်တာကလား။ အကြောင်းကြောင်းကြောင့် မရေးမိတော့ရင် ဆက်မရေးချင်တော့ဘူး။ ဒါကလည်း ကိုယ်တကယ် စာရေးတာ ၀ါသနာ မပါလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အပျင်းထူခြင်း တမျိုးလည်း ဖြစ်နိုင်တာပါပဲ။ ဘာလို့ဆို တခုခု ခံစားရရင် ကဗျာ အရမ်းရေးချင်တဲ့ ကျွန်မ ပျင်းနေပြီဆိုရင်တော့ ဘာမှ ရေးလို့ကို မရတော့ဘူး။ သောကြာသမီးကျွန်မ စကားပြောချင်ပြီဆို အိမ်ကလူတွေကို မနားတမ်းပြော၊ သူငယ်ချင်းတွေကို ဖုန်းနဲ့မရပ်တန်းပြော၊ ချက်တင်မှာ အားရပါးရပြော၊ ပြောစရာကလည်း မကုန်နိုင်အောင်ဘဲ။ အဲ... ပြောချင်စိတ်မရှိအောင် ပျင်းလာပြီဟေ့ ဆိုလို့ကတော့ ခုနက ပြောသလိုပဲ။ အင်း၊ ဟင့်အင်းနဲ့ ပြီးနေရော... တခါတလေ GTalk မှာ လာပြောရင် (ဘာရယ် မဟုတ်ဘဲ) ပြန်တောင် reply မလုပ်ဘဲ နေတတ်သေးတယ်။ :P

စကား တစ်လုံး၊ နှစ်လုံးတောင် ပြန်မပြောချင်ဘူးဆိုတော့ကာ ကျွန်မရဲ့ အပျင်းရောဂါက တော်တော်ပြင်းတယ် ပြောရမယ်နော်။ "စားဖို့ပျင်း၊ အိပ်ဖို့ပျင်း၊ ငါ့မှာ ပျင်းရမှာတောင်ပျင်း" ဆိုတဲ့ ငပျင်းသီချင်းလို ဖြစ်နေပြီ။ ခုတော့ စကားပြောချင်စိတ်လည်း ရှိလာပြီ။ စာရေးချင်စိတ်လည်း ပြန်ပေါ်လာပြီ။ ညဘက်လည်း စောစောအိပ်ဖို့ ကြိုစားနေတယ်ဆိုတော့ကာ ရောဂါ သက်သာလာတဲ့ သဘောပဲပေါ့လေ။ ;))


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Friday, December 14, 2007

ငယ်ဘ၀ အမှတ်တရ (၂)



မချစ်လေပြေက ငယ်ငယ်တုန်းက အမှတ်တရအကြောင်းတွေ ရေးပေးဖို့ တက်ဂ်လုပ်ထားတာ အောက်တိုဘာလ ၃၀ ရက်နေ့ထဲကပါပဲ။ ဒါပေမဲ့ ကျွန်မက အပျင်းကလည်းထူနေ၊ စာရေးချင်စိတ်ကလည်း မရှိဆိုတော့ ရေးမယ်၊ ရေးမယ်နဲ့ ခုမှ ရေးဖြစ်ပါတော့တယ်။ ကျွန်မ ငယ်ငယ်တုန်းက အမှတ်တရတွေ ရေးမယ်ဆိုရင်တော့ အပိုင်း ၁၊ ၂ ခွဲပြီး ရေးရမယ်ထင်တယ်။ လွန်ခဲ့တဲ့ ၅ လလောက်က ငယ်ဘ၀အမှတ်တရ ဆိုပြီး ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးလို့ ဒါကို ၂ လို့ သတ်မှတ်လိုက်ပါတယ်။

ကျွန်မ ငယ်ဘ၀အချိန်တွေကို ကယားပြည်နယ်က လောဓလေး ဆိုတဲ့ ရွာတစ်ရွာမှာ ဖြတ်သန်းခဲ့ရတယ်ဆိုတာ ကျွန်မဘလော့ဂ်ကို ဖတ်နေကျလူတွေ၊ ကျွန်မသူငယ်ချင်း မိတ်ဆွေတွေကတော့ သိကြမှာပါ။ အဲဒီတောရွာလေးမှာ နေထိုင်ရတာကို ကျွန်မတို့ကတော့ ကလေးပီပီ ပျော်ရွှင်ခဲ့ကြပါတယ်။ ရန်ကုန်ဆိုတဲ့မြို့ကြီးမှာ မွေးဖွားခဲ့ပေမဲ့ လောပိတမှာ နေခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ တခါလောက်ပဲ အလည်ရောက်ဖူးလေတော့ ကိုယ့်မြို့ ကိုယ့်ရွာရယ်လို့လည်း အဲဒီတုန်းက မခံစားမိပါဘူး။ ကယားပြည်နယ်၊ လောဓလေးရွာသည်သာ ကျွန်မတို့ အရပ်ဒေသလို့ ထင်မြင်ခဲ့တယ်။ အဲဒီမှာ နေခဲ့တဲ့ တောက်လျှောက် ကျွန်မတို့ မောင်နှမတတွေကတော့ အမှတ်တရများစွာနဲ့ တောပျော်လေးတွေ ဖြစ်ခဲ့ကြတာပေါ့။

သီတင်းကျွတ် လပြည့်နေ့ညဆိုရင် ကျွန်မတို့နေတဲ့ လောဓလေးနဲ့ ၂ မိုင်ကျော်ဝေးတဲ့ ၁၀မိုင်ကုန်းမှာ ရှိတဲ့ အိမ်တိုင်းက လာသမျှလူတွေကို (ပဲဆီစစ်စစ်နဲ့ကြော်ထားတဲ့) မုန့်လက်ကောက်ကြော်၊ မုန့်ဆီကြော်၊ ပဲကပ်ကြော်၊ ဗူးသီးကြော်ကစလို့ အကြော်မျိုးစုံကို အချဉ်ရည်ကောင်းကောင်းလေးနဲ့ တည်ခင်းဧည့်ခံ အလှူဒါနပြုတတ်ကြပါတယ်။
အကြော်တွေက တော်တော်ကို မျိုးစုံတာပါ။ ကျွန်မတို့ တိုက်ကုန်းက ကလေးတသိုက်ကတော့ အဲဒီအချိန်ကိုပဲ စောင့်နေကြတာပေါ့။ ညနေစောင်း ၆ နာရီလောက်ဆိုရင် ဦးဆောင်သူ လူကြီး အချို့နဲ့ ကျွန်မတို့ ကလေးတတွေ ကားနဲ့အပြည့်သွားပြီး ၁၀မိုင်ကုန်းက စက်ရုံအလုပ်သမား ၀န်ထမ်းတွေရှိရာ သွားကြတော့တယ်။ ရောက်တာနဲ့ အိမ်တွေကလည်း အလုအယက် ခေါ်ကြပါတယ်။ ပြီးရင်တော့ ကျွန်မတို့တွေ တအိမ်တက်ဆင်း အကြော်မျိုးစုံ စားကြပါတော့တယ်။ နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံးကအိမ်ကို ၀င်ဝင်ချင်းမှာ လူကြီးတွေ ပြောတတ်တာကတော့ ပထမဆုံးအိမ်မှာ များများ မစားမိဖို့ပါ။ နောက်အိမ်တွေကျ မစားနိုင်တော့မှာစိုးလို့ပါတဲ့။ ကျွန်မတို့ကို ဘယ်လိုပဲ မှာထား၊ မှာထား၊ ပထမဆုံး သုံး၊ လေးအိမ်လောက်မှာတင် အားရပါးရ စားကြတာနဲ့ နောက်ပိုင်းအိမ်တွေကျ မစားနိုင်တော့ပါဘူး။ ဒါပေမဲ့ လူကြီးတွေအနေနဲ့ အားလုံးက ကိုယ့်လက်အောက်က ၀န်ထမ်းတွေ ဖြစ်နေလေတော့ အိမ်တိုင်းစေ့အောင် ၀င်လည်ကြရပါတယ်။ ဒီလိုနဲ့ တစ်အိမ်တက်လိုက်၊ နည်းနည်းပါးပါး စကားစမြည်ပြောလိုက်၊ ဟိုဘက်မှာ စားခဲ့ကြတဲ့အိမ်တွေမှာ မပါတဲ့ အကြော်တွေတွေ့ရင် နည်းနည်းလောက် ကောက်ယူစားလိုက်၊ နောက်တစ်အိမ် ပြောင်းလိုက်နဲ့ ၂ နာရီ လောက် အချိန်ကုန်ပြီးချိန်မှာ ကျွန်မတို့ တပျော်တပါးကြီး ပြန်လာကြပါတော့တယ်။ ဒါကတော့ လောပိတမှာနေစဉ် နှစ်တိုင်း သီတင်းကျွတ်လပြည့်ညကို ဖြတ်သန်းခဲ့ကြပုံပါ။

တခုသော သီတင်းကျွတ်လပြည့်ညမှာတော့ ၁၀မိုင်ကုန်းကနေ စားသောက်ပြီးအပြန်လမ်းမှာ ကျွန်မတို့ကို ဦးဆောင်သူ အလွန်ကပ်စေးနဲပြီး(:P) လူပျိုကြီး မဖြစ်တဖြစ်အရွယ် (အခုတော့ လူပျိုကြီး) *ဦးအင်ဂျင်နီယာတစ်ယောက်က ကျွန်မတို့ ကလေးတွေကို ပြောပါတယ်။ "နင်တို့ တိုက်ကုန်းမှာ တအိမ်တက်ဆင်း လိုက်ကန်တော့ပါလား"တဲ့။ "ပြီးရင် မုန့်ဖိုးတောင်း"တဲ့။ သူ့ရဲ့ ကောင်းမြတ်လှတဲ့ အကြံဥာဏ်ကို ကြားရချိန်မှာ ကျွန်မတို့တတွေလည်း ၀မ်းသာအားရ ထောက်ခံကြတယ်။ အရင်ဆုံး ဈေးဦးပေါက်အနေနဲ့ အကြံပေးတဲ့သူကို စကန်တော့မယ်ဆိုပြီး ကျွန်မတို့ ကန်တော့ကြတော့ သူ့မှာလည်း သူ့စကားနဲ့သူ ကျွန်မတို့အုပ်စုကို ပိုက်ဆံ ၁၅ကျပ် ထုတ်ပေးလိုက်ရပါတယ်။ (အဲဒီတုန်းက မုန့်ဖိုး တနေ့ ၁ ကျပ်ပဲရတာပါ။) ကျွန်မတို့လည်း ဝေး ကနဲ ထအော်ကြပြီး တိုက်ကုန်းက အိမ်တွေကို တအိမ်တက်ဆင်း လိုက်ကန်တော့ပါတော့တယ်။ ပထမဦးဆုံး ထိပ်ပိုင်းမှာ ရှိတဲ့ ကျွန်မတို့အိမ်ကို အရင်ဝင်ပါတယ်။ အဖေနဲ့ အမေကို ကျွန်မတို့ ကလေး တသိုက် ထိုင်ကန်တော့ကြပြီး မုန့်ဖိုးတောင်းတယ်။ ဘယ်သူက အကြံဥာဏ်ပေးလိုက်တာဖြစ်ပြီး မုန့်ဖိုး ဘယ်လောက်ပေးလိုက်ကြောင်း ပြန်ရှင်းပြရသေးတာပေါ့။

ကျွန်မတို့တိုက်ကုန်းက ကလေးအရေအတွက်ကို ပြောပြရမယ်ဆိုရင် ကျွန်မတို့အိမ်ကတော့ မောင်နှမ ၅ ယောက်ဆိုတော့ ၅ ယောက်၊ ဆရာဝန်မအိမ်က သမီး ၃ ယောက်၊
ဦးအက်ဒ်မန်တို့က သမီး ၂ ယောက်၊ အန်တီနုတို့က သားသမီး ၂ ယောက်၊ အန်တီနှောင်းက ၁ ယောက်၊ အန်တီစန်းက ၄ ယောက်၊ အန်တီမိုးက ၁ ယောက်၊ အန်တီတူးက ၄ ယောက် (အဲဒီတုန်းက ရှိသေးလား၊ ပြောင်းသွားပြီလား သိပ်မသေချာပါဘူး)၊ ကိုပုတူတူးတို့က ၄ ယောက် (သူတို့လည်း ပြောင်းသွားလောက်ပြီ ထင်ပါရဲ့။)၊ အန်တီမြင့်သမီး အပျိုပေါက်ကတော့ ကျွန်မတို့နဲ့ သိပ်မတွဲဖြစ်ပါဘူး။ နောက် မျိုးမျိုးတို့အိမ်က ၄ ယောက်။ ကျွန်မမှတ်မိသလောက်တော့ အဲဒီလောက်ပါပဲ။ အဲဒီညကတော့ တိုက်ကုန်းက ရှိသမျှကလေး အစုံမပါပေမဲ့ ၁၀ ယောက်ကျော် လောက်ပါပါတယ်။

ဒီလို လက်ကြီးဗလာနဲ့ လိုက်ကန်တော့လိုက်တာ
နောက်ဆုံး ရသမျှမုန့်ဖိုး ဝေစုခွဲလိုက်တော့ တယောက် ၄၅ ကျပ်ကြီးများတောင် ရတယ်။ အဲဒီတုန်းက ၁ နှစ် ၁ ခါလောက်မှ မာမီတို့၊ ဒယ်ဒီတို့ (စက်ရုံမှူးနဲ့ စက်ရုံမှူးကတော်) လွိုင်ကော်ကနေလာလည်လို့ တခါတလေမှ ရတတ်တဲ့ မုန့်ဖိုး ၁၅ကျပ်တန်သာ ကိုင်ဖူးတာဆိုတော့ ၄၅ကျပ်ဆိုတဲ့ ပိုက်ဆံက နည်းနည်းနောနောမဟုတ်တဲ့ ငွေကြေးပမာဏကြီးပေါ့။ ဒီတော့လည်း အဲဒီလပြည့်နေ့ဟာ ကျွန်မအတွက် အမှတ်တရဖြစ်ရတဲ့နေ့တွေထဲက တနေ့ဖြစ်လာရတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

*အဲဒီ လူပျိုကြီး ဦးအင်ဂျင်နီယာရဲ့ အာဂသတ္တိအကြောင်းကို နောက်များမှ ရေးပါဦးမယ်။ နာမည်တော့ မပြောတော့ဘူးနော်။:P

ငယ်ဘ၀ အမှတ်တရ (၁)
ငယ်ဘ၀ အမှတ်တရ (၃)

Thursday, December 13, 2007

Beautiful Thoughts



သူငယ်ချင်း တစ်ယောက်က ပေးပို့လိုက်တဲ့ Forward Email လေးကို သဘောကျတာနဲ့ ကျွန်မ ဘလော့ဂ်မှာ ပြန်တင်လိုက်တာပါ။ နောက်ရက်တွေမှာတော့ ကျွန်မ စာပြန်ရေးဖြစ်မယ် ထင်ပါရဲ့...

Work as if you dont need the money

Dance as if nobody's watching

Love as if you've never been hurt

Live as if this is paradise on earth













ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Wednesday, December 12, 2007

Burmese News in Singapore (3)



စင်္ကာပူနိုင်ငံရှိ မျိုးချစ်မြန်မာများရဲ့ လှုပ်ရှားမှုအခြေအနေ တင်ပြချက် တတိယပတ်မြောက် ရေဒီယို အစီအစဉ်ဖြစ်ပါတယ်။

http://video.google.com/videoplay?docid=-2657381356795584410&hl=en




s0wha1

Burmese News in Singapore (1)
Burmese News in Singapore (2)

Burmese News in Singapore (4)
Burmese News in Singapore (5)

Tuesday, December 11, 2007

သစ္စာစူး၍ ရူးစေ



ဖန်မီးအိမ် တလုံးရဲ့ အတွေးတွေ
ဂယောက်ဂယက် ဆောင်းတည အိပ်မက်နဲ့အတူ
ဗေဒါလမ်းခွဲမှာ ကြဲပျံ့လို့

အညိုရောင် နယ်မြေတခုရဲ့ အစအနတွေ
မုန်တိုင်းအလွန် ကံ့ကော်ဖူးနဲ့အတူ
ပေါ်တော်မူမှာ ချန်ရစ်ခဲ့

စိတ်ကူးယဉ်ဆန်လွန်းတဲ့ ငါနဲ့
လက်တွေ့ကျလွန်းတဲ့ မင်း
မျှော်လင့်ခြင်း ကမ္ဘာမြေထက်
ကြယ်ရောင်တချို့ရဲ့ အနာဂတ်ကို
ပုံဖော်ထုဆစ်တဲ့အခါ

s0wha1
(19/10/07)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Friday, December 7, 2007

ကာတွန်းတွေက ပြောသော အမှန်တရား (၇)



ဧရာဝတီဟစ်တိုင်၊ ရိုးမခေတ်ပြိုင် တို့မှ ကူးယူ ဖော်ပြသည်။














ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*