၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၁)
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၂)
***
တနေ့ညနေ နေတော်တော်စောင်းချိန်တွင် ဦးစောက ကျွန်တော်ပါလူဆယ့်လေးငါးယောက်ကို သူ့ဝင်းခြံကြီးအတွင်းမှ အိမ်ကလေးတစ်အိမ်သို့ ခေါ်သွားပါသည်။ ထိုအိမ်တွင် ကျွန်တော်တို့အား ဘဏ်ကို မည်သို့စီးရမည်ဆိုသည်ကို အသေးစိတ်ညွှန်ကြားချက်ပေးပါသည်။ မန်နေဂျာနှင့် ကက်ရှ်ရှာ ငွေကိုင်ကို အထူးသတိပြုပြီး သေသေချာချာရအောင် ဘမ်းရမည့်အကြောင်း၊ မန်နေဂျာကို ဘယ်သူနှင့် ဘယ်သူကဘမ်း၊ ကက်ရှ်ရှာကို ဘယ်သူနှင့် ဘယ်သူကဘမ်း၊ စာရေး ၅၀ လောက် ရှိသည်ကို ဘယ်သူဘယ်ဝါက တော်မီ၃လက်နှင့် အခန်းမကြီး၏ အလယ်တွင် ၀ပ်ခိုင်းထားရမည်။ တစ်ယောက်မှ အပြင်မထွက်စေရ။ “ခင်ဗျားတို့ဆီက ပစ္စည်း ဘာမှမယူဘူး၊ ခင်ဗျားတို့ကိုလဲ ဘာမှမလုပ်ဘူး၊ ကျွန်တော်တို့ဘဏ်ကိုစီးနေတာ၊ ခင်ဗျားတို့ငြိငြိမ်နေကြရင်ပြီးရော” ဟုပြောရန် သင်ကြားပါသည်။ “မန်နေဂျာနဲ့ ကက်ရှ်ရှာကို ဘမ်းသူတွေက လက်ပြန်ကြိုးတုပ် ၊ သော့တွေယူပြီး SAFE အာမခံသေတ္တာတွေ ဖွင့်ခိုင်းရမယ်၊ အထဲက စိန်၊ ရွှေ သေတ္တာတွေ ငွေစက္ကူအသစ်၊ အဟောင်းတွေကို တနေရာထဲမှာ တခါတည်းပုံ အသင့်ယူသွားတဲ့ ဂုံနီအိပ်တွေထဲထည့်။ နောက်ဖေးပေါက်က လှေခါးကို ခြောက်လုံးပြူးနဲ့ တစ်ယောက်စောင့်။ နောက်ဖေးက ၀င်လာသူဖြစ်ဖြစ်၊ ရှေ့အပေါက်က ၀င်လာသူ ဖြစ်ဖြစ် ၀င်လာသူကို ခွင့်ပြုရမယ်။ အထွက်ကို ခွင့်မပြုရ။ ၀င်လာသူများကို “ခင်ဗျားတို့ကို ဘာမှမလုပ်ဘူး၊ ခင်ဗျားတို့ပိုက်ဆံကို လက်နဲ့မတို့ဘူး၊ ဘဏ်ကိုစီးနေတာ၊ ခင်ဗျားတို့ဝပ်နေကြ” လို့ပြောပြီး စာရေးတွေ ၀ပ်နေတဲ့နေရာကို ပို့ပြီး ၀ပ်ခိုင်းရမယ်။ ”
“အပေါ်၂ထပ်က တစ်ထပ်မှာရှိတဲ့ လူနေအိမ်ခန်းမှာ လူ၃ယောက်၊ အထက်ခန်းမှာ လူတစ်ယောက်ပဲ ရှိတယ်။ တော်မီ စတင်းတွေနဲ့ သုံးလေးယောက်စီသွားပြီးစီးထား။ ပစ္စည်းဘာမှ ယူဖို့မလိုဘူး။ တယ်လီဖုန်းကြိုး ရှိရင် ဖြတ်ထားရမယ်။ ရှေ့အပေါက်ဝမှာ ရိုင်ဖယ်ကိုင်ထားတဲ့ ကုလားဒရ၀မ် တစ်ယောက်ရှိတယ်။ အဲဒီကုလား ဘယ်နည်းနဲ့မှမလွတ်အောင်အမိဘမ်းပြီး စာရေးတွေထဲဝပ်ခိုင်း၊ လွယ်လွယ်နဲ့မရရင် ရိုက်လှဲပြီး ကြိုးတုပ် ထားရမယ်။ ”
“ရှေ့အပေါက်ဝမှာ ဒရ၀မ်ကို စာရေးတွေဆီပို့ပြီး S.I.P ရဲအုပ်လိုဝတ်ထားတဲ့ လူတစ်ယောက်က အ၀မှာ စောင့်နေရမယ်။ ရဲအုပ်အနားမှာ ပုလိပ်လိုဝတ်ထားတဲ့သူ တစ်ယောက်နေရမယ်။ ၀င်လာသူတိုင်းရဲ့ နောက်က လိုက်သွားပြီး လှေကားကွေ့ကို ရောက်သွားတိုင်း ခြောက်လုံးပြူးနဲ့ချိန်ပြီး “ခင်ဗျား ဟိုရှေ့က လူအုပ်ထဲမှာ သွားပြီးဝပ်နေပါ။ ခင်ဗျားကို ကျုပ်တို့ ဘာမှမလုပ်ဘူး။ ငြိမ်ငြိမ်နေဖို့ပဲ လိုတယ်။ ဘဏ်ကိုသာ တိုက်နေတာ” လို့ပြောပြီး ၀ပ်ခိုင်းရမယ်။ ”
“အ၀င်ဒရ၀မ်ကို မိအောင်ဘမ်းဖို့က အရေးကြီးဆုံးဖြစ်တယ်။ သူ့ကို အလွတ်မခံနိုင်ဘူး။ ဒါကြောင့်သူ့ကို ရိုက်မှပဲဖြစ်မယ်။ သူက အကြမ်းဖက်ချင်ဖက်မယ်။ ပစ်လို့လဲမဖြစ်ဘူး။ တုတ်တစ်ခု သပ်သပ်ဆောင်သွား ရလိမ့်မယ်။ ဒရ၀မ်ကို လုပ်ဘို့ကိစ္စပြီးရင် အဲဒီတုတ်ကို လှေကားကွေ့ မှာထားရမယ်။ ”
“အထဲဝင်လာသူတစ်ယောက်ဟာ မူလ အစီအစဉ်အတိုင်း စာရေးများနဲ့သွားဝပ်ရင်ဝပ်။ မ၀ပ်ဘဲ ကလန်ကဆန် လုပ်ရင် တုတ်စာကျွေးရမယ်။ အလဲချရမယ်။ သူ့ကိုအထွက်မခံနဲ့။ လူတစ်ယောက်ထွက်သွားရင် ပျက်သွားမယ်”ဟု ဆက်ပြောပြီး ရဲအုပ်အနားကနေကာ လူရိုက်ရမည့် နေရာကို ကျွန်တော်လုပ်ရမည် ဟုခိုင်းပါသည်။
“မန်နေဂျာနဲ့ ကက်ရှ်ရှာက ထုတ်ပေးလို့ ပစ္စည်းအမြောက်အမြား မူလအစီအစဉ်အတိုင်းရပြီး အသင့်ဖြစ်တဲ့အခါ ၀ီစီကလေးတစ်ခုနဲ့ အချက်ပေးရမယ်။ ကိုယ့်တာဝန်အတိုင်း ရွှေအိတ်၊ ငွေအိတ် ထမ်းတဲ့သူကထမ်း၊ ဆိုင်ရာ ဌာနများကို တာဝန်ယူထားကြတဲ့ သူများကလဲ ဘဏ်ရှေ့မှာရပ်ထားတဲ့ လော်ရီကားကြီးတစ်စီးပေါ်နဲ့ ဘားလမ်းနဲ့ ကုန်သည်လမ်းထောင့် ကားလမ်းအတွင်း ရပ်ထားတဲ့ဂျစ်ကားပေါ်ကို အမြန်ဆုံး အရောက်လာ ကြရမယ်။ ကားတစ်စီးကို စိန်ကြီးမောင်းရမယ်။ နောက်တစ်စီးကို ခင်မောင်ရင်မောင်းရမယ်။ ကားကြီးပေါ် ပစ္စည်းတင်ပြီး ရှေ့ကသွားရမယ်။ နောက်က ရန်သူလာရင် နောက်ကားက ခုခံရမယ်။ ကက်ရှ်ရှာနဲ့ မန်နေဂျာကို မိမိချင်း သူတို့အံဆွဲတွေဖွင့်ပြီး လက်နက်ရှာရမယ်။ လက်နက်တွေ့လို့ မသိမ်းရင် အထွက်မှာ ရန်ရှာနိုင်တယ်။ ”
“မာကင်တိုင်ဘဏ်ဟာ စိန်တွေ ရွှေတွေ ငွေတွေကို ညဥ့်မသိပ်ဘူး။ မနက် ၁၀နာရီကျမှ Reserve ဘဏ်ကနေ သွားထုတ်တယ်။ ညနေ နာရီပြန်၂ချက်မှာ ပစ္စည်းတွေအားလုံး ပြန်ပို့တယ်။ ဒါကြောင့်မနက် ၁၁နာရီနဲ့ ၁ချက်ကြားမှာ အပြီးတိုက်မှဖြစ်မယ်။ ဘဏ်ကိုသွားစီးတဲ့အခါ ယူသွားရမယ့် စတင်း၊ တော်မီ စတဲ့လက်နက် တွေကို ကိုင်ပြီးဘဏ်ထဲဝင်သွားဖို့ကိစ္စမှာ မိုးကာအိင်္ကျီ ပါကြရမယ်။ ဒါကြောင့်လုပ်မဲ့အချိန်မှာ မိုးရွာနေဖို့ လိုတယ်။ ဒါမှဖြစ်မယ်။”ဟု ဦးစောကပြောပြပြီး ရဲအုပ်၏ တံဆိပ်၊ ကြယ်စသည်တို့လည်း ၀ယ်ခိုင်း ပါသေးသည်။ အစစပြည့်စုံသောအခါ အ၀တ်အစားဝတ်ပြီး လက်နက်ပစ္စည်းကိရိယာအစုံအလင်နှင့် နံနက်၁၀နာရီမှ တစ်ချက်ထိုးထိ စောင့်ကြရပါသည်။ လုပ်ငန်းတစ်ခုလုံးမှာ ၁၅မိနစ်နှင့် ပြီးနိုင်ပါသည်။ ပြီးအောင်လုပ်ရမည် ဟုလည်း ဦးစောက အမိန့်ပေးပါသည်။ ဦးစောပြောပြစီစဉ်ချက်များမှာ အားလုံးဖြစ်နိုင်သည်ဟု သူ၏တပည့်အားလုံးက ယုံကြည်စိတ်ချကြပါသည်။ ဤသို့ဖြစ်အောင်လည်း သူက ပြင်ဆင်မှုအရပ်ရပ် လုပ်ထားပြီးဖြစ်ပါသည်။
ထို့ကြောင့် နေ့စဉ် အသင့်ဝတ်၊ အသင့်လက်နက်ပြင်ပြီး မိုးအရွာစောင့်ရာ ၆ရက်တိတိ မိုးမရွာပါ။ ၀ါဆိုလဆန်းအခါလောက်ဖြစ်သဖြင့် မိုးရွာမည်မုချဟု တွက်ထားချက်မှာ မကိုက်ဘဲဖြစ်နေပါသည်။ ၆ရက်စောင့်၍မှ မိုးမရွာသဖြင့် အားလုံးစိတ်ပျက်ကြပါသည်။ တစ်ယောက်နှင့် တစ်ယောက် တိုင်ပင်ကြရသည်လည်း မဟုတ်၊ ဦးစောကလည်း လက်လျှော့ပါတော့မည်ဟုမပြော၊ သို့ရာတွင် အားလုံးပင်တညီတည်း စိတ်ပျက်လက်လျှော့ကြပြီး ထိုလုပ်ငန်းအစီအစဉ်ကြီးမှာ ပျက်ပြယ်ပြယ် ဖြစ်သွားပါသည်။ အားလုံး၏ စိတ်ထဲတွင် ဦးစောက ခိုင်းစေသောကြောင့် မငြင်းဆန်သာ၍သာ အားတင်း ပြီးလုပ်ဖို့ ရည်ရွယ်ထားကြသော်လည်း တကယ်အားဖြင့် မလုပ်လိုကြ၊ ၀န်လေးကြကြောင်းကို အားလျှော့သောအခါ ကောင်းစွာအကဲခတ်မိနိုင်ပါသည်။
ထိုလုပ်ငန်းကြီးပျက်သွားသောအခါ ဘာမှ အလုပ်မရှိကြတော့ဘဲ ခပ်ပေါ့ပေါ့ပင်နေကြပြန်ပါသည်။ ကိုယ့်အတွဲ ကိုယ့်အုပ်စုနှင့် လည်ကြပတ်ကြပါသည်။ ဦးစောကလည်းမချုပ်ချယ်သေးပါ။ တော်တော်ပင်လွတ်လွတ်လပ်လပ် နေကြရပါသည်။ အားလုံးကို ဖေါ်ဖေါ်ရွေရွေနှင့်ဆက်ဆံပါသည်။ ဦးစော၏ အိမ်သို့ နေ့နေ့ညညပင် ကားကြီးကားကောင်းများနှင့် အင်္ဂလိပ်များ၊ ဗမာများ ၀င်ထွက်သွားလာ နေကြပါသည်။ ဂိတ်တံခါးတွင် အစောင့်ရှိပါသည်။ ပထမတွင် တော်ရုံတန်ရုံသာစောင့်ပြီး နောက်တွင် ရိုင်ဖယ် နှင့်စောင့်ရပါသည်။
ဤသို့ ငြိမ်နေစဉ်မှာပင် ကိုဘညွန့်၊ ကိုစိန်ကြီး၊ ကိုသက်နှင်း၊ ကိုစိုးတို့နှင့် ဦးစော ကိုယ်တိုင်လိုက်ပါပြီး ဘရင်းဂန်း အလက်၂၀၀ကို လော်ရီကြီးပေါ်တင်ကာ နေ့ခင်းကြီးမှာပင် ယူလာပါသည်။ ထိုနေ့က ကျည်ဆံများ မပါပါ။ ဘရင်း၂၀၀နှင့် ပြောင်းပို ၂၀၀ သာဖြစ်ပါသည်။ ကားဝင်လာသောအချိန်၌ ကျွန်တော်တို့လူအုပ်မှာ အိမ်နောက်ဖေးတွင် လက်ဖက်ရည်ကြမ်း သောက်နေကြ ပါသည်။ ဦးစောမှာ အိမ်သို့ရောက်နေနှင့်ပါသည်။ ကားရောက်လျှင် အိမ်ထဲမှဆင်းလာပြီး ကျွန်တော်တို့ ဘက်သို့ လှည့်ကာ “ဂဠုန်ကွ”ဟု လက်သီးဆုပ်၍ ပြုံးပြုံးရွှင်ရွှင်နှင့် အော်ဟစ်ကြွေးကြော်ပါသည်။ ကျွန်တော်တို့အထဲက “ဘာပါလိမ့်”ဟု ပြောလိုက်ရာ၊ သူက “အိမ်ရှေ့မှာ သွားကြည့်ကြစမ်း”ဟု ပြောပါသည်။ အိမ်ရှေ့သရက်ပင်အောက်တွင် ရပ်ထားသော လော်ရီကားကြီးပေါ်တွင် ဘရင်း ၂၀၀နှင့် ပြောင်းပို ၂၀၀ တင်လာသည်ကို မြင်ရသဖြင့် ကျွန်တော်တို့လည်းများစွာ အံ့သြနေကြပါသည်။ ယခင်က ဘရင်းဆို၍ တစ်လက်မှမတွေ့ဖူးသေးပါ။ စတင်း၊ တော်မီ၊ စပ်မရှင်း၊ ပစ္စတို၊ အမေရိကန်မော်ဇာ၊ ဂျပန်မော်ဇာ၊ ကာဘိုင်၊ အမေရိကန်ရိုင်ဖယ် စသည်တို့သာ မြင်ဖူးပါသည်။ ထို့ပြင် ဦးစောတွင် အလွန်ထူးဆန်းသည့် လက်နက်တစ်မျိုးလည်း ရှိပါသေးသည်။
ထိုလက်နက်ကလေးမှာ ဖေါင်တိန်လောက်သာရှိ၍ အတွင်းက စပရင်သံပတ် ပါပါသည်။ တစ်ခါစမ်းပြသည်မှာ ထိုလက်နက်ကလေးကို မြေကြီးပေါ်တွင်ထောင်ထားပြီး ကျည်ဆံဖျားခဲကလေးကို တင်ထားရပါသည်။ ထိုခဲပေါ်သို့ နှီးဖျားကလေးနှင့်သွားတို့လိုက်ရာ ရိုင်ဖယ်ပစ်သကဲ့သို့ အထက်သို့ ထွက်သွားပါသည်။ မိမိဆီသို့ တွားသွားပြီးတက်လာသော ရန်သူများကို ထိုလက်နက်မျိုးလမ်းတွင် ချထားပြီး ကာကွယ်လျှင် ရန်သူမတက်နိုင်ဟု ဦးစောက ပြောပြပါသည်။
ဘရင်းဂန်းအလက်၂၀၀အတွက် ဦးစောမှာ ဘာမှ အစီအစဉ်ရှိဟန် မတူပါ။ ၃ရက်လုံးလုံး လော်ရီကားပေါ်တွင် တာလပတ်အ၀တ်အုပ်ပြီး ထားပါသည်။ ထို့နောက် ဗိုလ်တထောင် သော်မဆင်လမ်းမှဟု ထင်ရသော ကမ်းနားဘက်က ကန်ထရိုက်တာ အဖတ်ဆိုသည့် တရုတ်ကြီးထံတွင် ပေပါပုံးကြီးများ ရေလုံလေလုံမှာပြီး ဂရိစ်တွေသုတ်ကာ ထည့်ပါသည်။ ထို့နောက်ပိတ်ပြီး ညဖက်တွင် အင်းယားကန်ထဲ၌ သူပြောသည့်အကွက် အတိုင်းချကြရပါသည်။ သူကမြေပုံနှင့်စာရင်းယူထားပါသည်။ ပေပါတစ်လုံးတွင်မှ ဘရင်း၇လက် ၈လက်သာ ၀င်ရာ ပေပါပုံးမှာ မလောက်နိုင်အောင်ဖြစ်ပါသည်။ လူတွေလည်း တစ်ယောက်မှ အလုပ်မအားတော့ပါ။
ပေပါပုံးများ ရသလောက် ရသော်လည်း ကားပေါ်မှ ဘရင်းပုံကြီးမှာ လျှော့သည်မရှိပါ။ ထို့ကြောင့် ဦးစောကိုယ်တိုင် ထင်းရူးသေတ္တာဆိုင်များကို လိုက်ကြည့်ကာ ၀ယ်ခဲ့ပါသည်။ အခြားသူများကိုလည်း ၀ယ်ခိုင်းပါသည်။ ထိုသေတ္တာများသည် ၇လက် ၈လက် ဆန့်ပါသည်။ လော်ရီတစ်စင်းကို အုတ်ဖိုက ထပ်ယူခိုင်းပြီး ထင်းရူးသေတ္တာနှင့် ဘရင်းကို ရေမြှုပ်၍ မဖြစ်သောကြောင့် ရန်ကုန်နှင့် ပြည်လမ်းရှိ မိတ်ဆွေများထံ လိုက်အပို့ခိုင်းပါသည်။
ဘရင်းများရောက်ကတည်းက ဦးစောမျက်နှာမှာ တဖြည်းဖြည်း တင်းမာလာသည်ကို တွေ့ရပါသည်။ အိမ်အ၀င်ဂိတ်မှာလည်း တင်းတင်းကျပ်ကျပ်ဖြစ်လာပါပြီ။ ၃ယောက်တတွဲ ၄ယောက်တတွဲတွေ့လျှင်ခေါ်ပြီး
“ကျုပ်တို့အခုလုပ်နေတဲ့ အလုပ်ဟာရာဇ၀တ်မှုတွေဖြစ်တယ်။ တစ်ယောက်ယောက်က သစ္စာဖေါက်ရင် လူ ၃၀ ကျော် တခါထဲ ဒုက္ခဖြစ်လိမ့်မယ်။ ဒါကြောင့် တစ်ယောက်ဖေါက်ရင် အဲဒီတစ်ယောက်ကို “ဖြောင်” ပစ်မှ ဖြစ်မယ်။ ဒီတော့ကာ လူတိုင်းက “ကျွန်တော်သည် ကျွန်တော့်ကိုယ်ရေးကိုယ်တာအတွက် လောကကြီးကို စိတ်ပျက်သဖြင့် အသက်ရှင်လျှက် မနေလိုတော့သောကြောင့် ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါသည် လို့ စာတစ်ရွက်စီ ရေးပေးထားရင် မကောင်းဘူးလား။ ဒါမှ စိတ်ချရမယ်” စသည်ဖြင့်ပြောပြပါသည်။ မည်သူမျှ မတော်ပါဟု မပြောရဲ။ “ကောင်းပါတယ်”ဟု ပြောကာ သဘောတူကြပါသည်။ ဤသို့ အစုလိုက် ခေါ်ပြောပြီးနောက်၊ တစ်နေ့တွင် အားလုံး လူ ၃၀ ကျော်ကို သူ့ဘုရားစင်ရှိရာသို့ခေါ်ပြီး သစ္စာရေတိုက်၊ သစ္စာဆိုခိုင်း၊ ကိုယ့်ကိုယ်ကို ကိုယ့်ဖာသာ သတ်သေကြောင်းစာကို ရေးခိုင်းပြီး သူကသိမ်းထားပါသည်။ အကယ်၍ တစ်ယောက်ယောက်က သစ္စာဖေါက်မည့် လက္ခဏာကို သူတွေ့လျှင် ထိုလူကိုသတ်ပြီး၊ ထိုလူရေးသည့်စာကို အိတ်ထဲထည့်၊ ခြောက်လုံးပြူးတစ်လက် ထိုလူ့လက်နှင့် ဆုပ်ဟန်ဖြစ်အောင်လုပ်ပြီး လူပြတ်ရာ တနေရာ၊ ပြည်ကားလမ်းပေါ်တွင်ဖြစ်စေ သွား၍ ချထားလိုက်ရန် ဖြစ်ပါသည်။
ဤအစီအစဉ်များလုပ်ပြီးသည့်နောက် ဦးစောသည် ညဥ့်ဘက်တွင် အပြင်သို့ အလွန်ထွက်ပါသည်။ တခါတရံ အဖေါ်ပါ၍ တခါတရံ သူကိုယ်တိုင်ကားမောင်းပြီး ထွက်ပါသည်။ အများအားဖြင့် သန်းခေါင်ကျော်မှ ပြန်လာ တတ်ပါသည်။ စိန်ကြီးတို့၊ ခင်မောင်ရင်တို့က တခါတရံ ကားမောင်းပြီး လိုက်ကြရပါသည်။ ကိုဘညွန့် ဖြစ်စေ၊ ကိုသက်နှင်းဖြစ်စေ တစ်ယောက်ယောက်လည်း ပါတတ်ပါသည်။ ညထွက်သည့်အခါ အဖေါ်မှာ တစ်ယောက် ထက်မများပါ။ အဖေါ်များအား ဘယ်သွားဘယ်လာကြောင်း မပြောရန်လည်း မှာထားဟန်မတူပါ။ လိုက်ပါသွားသူများထဲမှ တခါတခါ ပြောပြချက်အရ မင်္ဂလာဒုံဘက်ရောက်ကြောင်း သိရပါသည်။ မင်္ဂလာဒုံစစ်တပ်ကဟုသိရသော အင်္ဂလိပ်ထောင်ထောင်မောင်းမောင်းကြီး တစ်ယောက်လည်း အိမ်ကို မကြာမကြာ လာပါသည်။ ထိုစစ်ဗိုလ်ကြီးမှာ အမှုကိစ္စဖြစ်လာသောအခါ ပါသည်ဟုမကြားပါ။ ဘယ်သူဘယ်ဝါ ဆိုသည်ကိုလည်း ကျွန်တော်မသိပါ။
ဤသို့ညပိုင်းတွင် ထွက်ထွက်နေပြီး သည့်နောက်များမကြာမီ တော်မီ၊ ခြောက်လုံးပြူး၊ စတင်း၊ ဘရင်း စသော သေနတ်များအတွက် ကျည်ဆံပေါင်း တစ်သိန်းသုံးသောင်းကျော်ကို လော်ရီကားကြီး၂စင်းနှင့် နေ့လယ်မှာပင် သယ်ယူခဲ့ကြသည်ကို တွေ့ရပြန်ပါသည်။ အားလုံးသေတ္တာအသစ်များနှင့် ရေလုံလေလုံ ဖြစ်ကြပါသည်။ ဦးစောက ရေကန်ထဲတွင် ဆောက်ထားသော ဘုရားဆောင်ကလေး၏ တိုင်ခြေရင်းများ အနီး၌ ၄င်းကျည်ဆံ များကို ချစေပါသည်။ အခြားဟိုနေရာ ဒီနေရာများတွင်လည်း ထားစေပါသည်။ ဦးစောကိုယ်တိုင် ပြောပြချက် အရ ထိုမျှများပြားသောကျည်ဆံများကို ဈေးပေါပေါကလေးနှင့်ရကြောင်း၊ နောက်ထပ် ကျည်ဆံဆယ်သိန်းခန့် မကြာမီရဘို့ရှိကြောင်း၊ ငွေတစ်သိန်းခွဲခန့်ပေးလျှင် ရမည်ဖြစ်ကြောင်းနှင့် သိရှိရပါသည်။ ဗြိတိသျှစစ်တပ်သည် ဤယမ်းတောင့်များကို ဖျက်ဆီးပစ်ကြရမည်ဖြစ်ကြောင်း၊ ဖျက်ဆီးသည့်စာရင်းထဲတွင်ပြပြီး တဘက်က လှည့်ကာ ခိုးရောင်းခြင်းကြောင့် ဤမျှဈေးပေါပေါနှင့် ရနိုင်ခြင်းဖြစ်ကြောင်းကိုလည်း ပြောပြပါသည်။ ကျွန်တော်တို့လက်ဖက်ရည်ခုံသို့ ဦးစော တခါတရံ လာတတ်ပါသည်။ တနေ့တွင် ဆုံမိသောကြောင့် ဦးစောက ပြောပြနေခြင်း ဖြစ်ပါသည်။
ဤရိုင်ဖယ်ခေတ်ဟောင်းဟောင်းနှင့် ၂လုံးပြူးပါပေါင်း သေနတ် ၁၅၀၀ခန့် အားလုံးကောင်းစွာ သုံး၍ရသည်များ ကိုလည်း ရရန်ရှိသေးကြောင်း၊ ထိုလက်နက်များကို လက်နက်တိုက်တစ်ခုတွင် အစောင့်များနှင့်ထားကြောင်း၊ ထိုလက်နက်များကို သရက်မြို့ဆီမှ လာထုတ်လိမ့်မည်ဖြစ်ကြောင်း၊ ၄င်းတို့လာမထုတ်မီ အချိန်၁နာရီ ၂နာရီ ခန့်စောပြီး လက်မှတ်တုနှင့် မိမိတို့က ထုတ်ယူနှင့်ရန် ဖြစ်ကြောင်း၊ ထိုကိစ္စအတွက်လည်း မိမိစီစဉ်နေ ကြောင်းနှင့် ပြောပြပါသည်။ ရှိနှင့်ပြီး လက်နက်ခဲယမ်း မီးကျောက်များကို သိမ်းရဆည်းရနှင့် အားလုံးအလုပ်အလွန်များနေကြပါသည်။ ဧည့်သည်များလာကြသောလည်း အလုပ်လုပ်နေကြသည်များကို မတွေ့နိုင်ပါ။ ထုပ်ပိုးပြင်ဆင်ပြီး အချို့ လက်နက် များကို ပြည်လမ်းပို့၊ အချို့ကို ရန်ကုန်မြို့တွင်း အသိမိတ်ဆွေများထံ ပို့ပါသည်။ သို့ရာတွင် ပို့၍မနိုင်၊ သိမ်၍မနိုင်ဖြစ်နေသေးသဖြင့် ဘရင်းဂန်းများ ထည့်ထားသော ထင်းရူးသေတ္တာ ၂လုံးကို ဦးစောက ကျိုက်လတ်ဘက်တွင် ၀ှက်ထားရန် ကိုသက်နှင်းကို ပြောပါသည်။ ကိုသက်နှင်းက ကျွန်တော့်ကို တိုင်ပင်ပြော ပြောပြန်ရာ၊ ကျွန်တော်ကလည်း သဘောတူ လိုက်ပါသည်။
ဝါဆိုလပြည့်နေ့ မနက်စောစောမိုးမလင်းမီ လော်ရီပေါ်တင်ပြီး ကျိုက်လတ်သင်္ဘောဆိပ်ဘက်သို့ ကျွန်တော်တို့ ကားကို မောင်းလာရာ၊ ခေါင်းပေါင်းနီနှင့် ပထန်အမ်ပီများ ဂျစ်ကားနှင့်လာနေသည်ကို တွေ့ရ၍ တော်တော်ပင် လန့်သွားပါသည်။ အမ်ပီများက ရပ်ပြီး စစ်၍ တွေ့သွားလျှင် မည်သို့များဖြစ်မည်နည်း ဟုလည်းတွေးမိ ပါသည်။ သို့ရာတွင် ဦးစောအပေါ်အထင်ကြီးမှုကြောင့် ဦးစောရှိသားဘဲ ဟုတွေးကာ မကြောက်လှပါ။ အမ်ပီ ကားလည်း ကျွန်တော်တို့ကိုကျော်ပြီး မင်္ဂလာဒုံဘက်သို့ ဆက်၍ မောင်းသွားပါသည်။ အမ်ပီတစ်ယောက်ကမူ နောက်သို့ ပြန်လှည့်ကြည့်ပါသေးသည်။ တော်တော်ကလေးလှမ်းသောအခါ အမ်ပီဂျစ်ကားရပ်ပြီး ကျွန်တော် တို့ကားဘက်ဆီသို့ ကြည့်နေကြပါသည်။ ထို့နောက်ပြန်လှည့်ပြီး မောင်းလိုက်လာပြန်ပါသည်။ ကျွန်တော်တို့ကလည်း တော်တော်ကလေး စိုးရိမ်နေကြပါသည်။ သို့ရာတွင် သူတို့သည် ကျွန်တော်တို့နောက် တောက်လျှောက် လိုက်မလာကြပါ။ သူတို့ကိစ္စနှင့်သူတို့ တလမ်းသို့ချိုးပြီး မောင်းသွားကြပါသည်။ မိန်းမနောက် လိုက်နေကြဟန်တူပါသည်။
လော်ရီကားကြီး ဆိပ်ကမ်းသို့ရောက်သောအခါ မိုးထိန်ထိန်လင်းနေပါပြီ။ ကူလီတွေ အများကြီး ခေါ်ပြီး သမ္ဗန်မော်တော်ပေါ်သို့တင်ရပါသည်။ ကူလီများက “လေးလိုက်တာ၊ ဘာတွေပါလိမ့်” လို့ ညည်းကြ၊ မေးကြပါသည်။ မော်တော်ကားပစ္စည်းများ သံထည်တွေချည်းဖြစ်၍ လေးကြောင်းပြောရပါသည်။ မြစ်ဆိပ်တွင် ပုလိပ်များလည်း ရှိကြပါသည်။ တင်နေချနေသည်ကိုပင် ကြည့်နေကြပါသည်။ ပစ္စည်းများကို မော်တော်ဝမ်းထဲသို့ချပြီး မော်တော်သမားများက ပိတ်လိုက်ပါသည်။ မည်မျှပင်လေးစေကာမူ သူတို့က သဘောကျနေကြပါသည်။ လေးလေ ပိုက်ဆံ ရလေဖြစ်သောကြောင့် ကျေနပ်နေကြပါသည်။ ၇ နာရီ ထိုးသောအခါ မော်တော်ထွက်ပါသည်။ လမ်းမှာပင် တစ်ယောက်တစ်သေတ္တာယူထားရန် သဘောတူ ကြပါသည်။ ကျိုက်လတ်သို့ မွန်းလွဲ ၁နာရီ ၂နာရီအချိန်လောက်တွင် ရောက်သွားပါသည်။ ကိုသက်နှင်းမှာ မြူနီစပယ်လူကြီး ဖြစ်ဖူး၍ တပည့်လက်သားပေါသူ ဖြစ်သောကြောင့် သူ့တပည့် တချို့အားခေါ်ပြီး သေတ္တာ ၂လုံးကို လှည်းနှင့်တင်ကာ တစ်လုံးကို ကျွန်တော့်အိမ်၊ တစ်လုံးကို သူ့အိမ်သို့ချပေးရန် ခိုင်းလိုက်ပါသည်။ ကျွန်တော်တို့ကမူ ပြန်နှင့်ကြပါသည်။
ကျွန်တော်ထမင်းစားနေခိုက်မှာပင် လှည်းရောက်လာပါသည်။ ကူလီများကလည်း “လေးလိုက်တာ လေးလိုက်တာ”နှင့်ညည်းရင်း သေတ္တာကြီးကို ချပေးကာ လှေကားအောက်တွင် သွင်းပေးသွားပါသည်။ ဤသေတ္တာကြီးကို မြို့ပေါ်တွင် ထား၍ မလုံခြုံ၊ ထို့ကြောင့် အိမ်တွင်ရှိသောကို ချစ်တီးအား သမ္ဗန်တစ်စင်းနှင့် ဂုန်ညင်းတန်းရွာသူကြီး ဦးဘထွန်းနှင့် ဦးစိန်ဘန်းတို့ကို ခေါ်ခဲ့ရန်လွှတ်လိုက်ပါသည်။ ညဥ့်သန်းခေါင်သန်းလွဲ ရောက်ရင်ရောက်၊ ထိုလူ၂ယောက်နှင့် ချက်ခြင်း ပြန်ခဲ့ရန်လည်း မှာလိုက်ပါသည်။
မိုးချုပ်သောအခါ သေတ္တာကိုဖွင့်ပြီး သေနတ်များကို ဂုန်နီအိတ်နှင့်ထုပ်၍ လူမရှိသော တဘက်အိမ်အောက်တွင် သွားထားပါသည်။ ကျွန်တော်လုပ်နေကိုင်နေသည်များကို ထိန်ဝှက်ထား၍ မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် စောစောက “ကိုသက်နှင်းရဲ့မော်တော်ကားပစ္စည်းတွေ ခဏလာထားတာပါ”ဟု ပြောထားသော ကျွန်တော့် မိန်းမအား ဖွင့်ပြောရပါတော့သည်။ ကျွန်တော့မိန်းမမှာ ဤအကြောင်းကိုကြားပြီး ဤပစ္စည်းများကို မြင်ရ သောအခါ အလွန်စိုးရိမ်ပူပန်ပါသည်။ ကျွန်တော့်ကိုလည်း မပြောရဲပါ။ ရန်ကုန်သို့ ကိုယ့်စီးပွားရေး ကိစ္စ မဟုတ်ဘဲ ကိုသက်နှင်း နှင့်သွားနေကတည်းက သဘောမကျဖြစ်နေရာ ယခုမူ အလွန်ပူပင် သောကဖြစ်နေ ရှာပါတော့သည်။
***
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၄) သို့
1 comments:
အခုလိုရှားရှားပါးပါးစာတွေကို ရှာဖွေပြီးတကူးတကတင်ပေးတာ ကျေးဇူး အများကြီးတင်တယ်ညီမရေ၊ မနက် အလုပ်ရှိတာတောင် မအိပ်နိုင်ပဲ တ၀ကြီးဖတ်သွားတယ်၊ ကျန်တဲ့အပိုင်းတွေကိုလဲ စောင့်ဖတ်နေမယ်နော်၊
Post a Comment