မောင်လေး ပြည့်စုံ က ဒီခေါင်းစဉ်နဲ့ ပို့စ်တခု ရေးပေးဖို့ တက်ဂ်ထားတာ။ ဘာရေးရမှန်းတော့ မသိဘူး။ သူများ ရေးထားတာလေးတွေ လိုက်စနည်းနာပြီး ကိုယ်ရေးချင်တာ ရေးလိုက်တယ်။
ဇာတိမြေ ဒါမှမဟုတ် အိမ်ဆိုတော့ ဒီအကြောင်းရေးဖို့က ကျွန်မအတွက် တော်တော် ရှည်လျားထွေပြားတဲ့ အကြောင်းအရာတွေပဲ။ ဘာလို့လဲဆို ကျွန်မ ရေးစရာ အိမ် သုံးမျိုး ရှိနေလို့လေ။ ကျွန်မကတော့ ကျွန်မ နေထိုင်ခဲ့တဲ့ အိမ်တိုင်းကို ချစ်တယ်။ ဇာတိမြေ အကြောင်း ရေးမယ်ဆိုလည်း ကျွန်မ နှစ်မျိုး ရေးရမလို ဖြစ်နေပြီ။ ကျွန်မ မွေးဖွားခဲ့ရာ ဇာတိမြေကတော့ ရန်ကုန်မြို့၊ ဒါပေမဲ့ ကလေးဘ၀မှာ နေထိုင်ခဲ့ရတာက ကယားပြည်နယ်က လောပိတရွာလေးမှာ။ ဒီတော့ ကျွန်မက အဲဒီရွာလေးကိုလည်း ချစ်တယ်။ ကျွန်မရဲ့ နေရာဒေသ တခုအဖြစ် သတ်မှတ်ထားလို့။ ကယားလူမျိုးတွေကို ထိရင် မခံချင်သလို၊ ကျွန်မရဲ့ လောပိတရွာအကြောင်း ပြောပြရမယ်ဆိုရင်လည်း မမောနိုင်၊ မပန်းနိုင်အောင် ပြောပြချင်နေမိတတ်တယ်။
ကျွန်မတို့ မောင်နှမတွေဟာ (မကြီးမှ လွဲ၍ :P) အိမ်ကို တော်တော် ခင်တွယ်တတ်ကြပါတယ်။ အိမ်ပြင်ထွက်ဖို့ အရမ်းပျင်းတတ်ကြပြီး အိမ်ထဲမှာ နေရတာကိုပဲ သဘောကျ ကျေနပ်နေတတ်တယ်။ အဲဒါကြောင့် သူငယ်ချင်းတွေက အပြင်သွားဖို့ ခေါ်တိုင်း မလာဘူးလို့ ခဏခဏ ငြင်းရပါများတဲ့အခါ "အေး... လာခဲ့မယ်" ပြောပြီး မသွားတတ်တာ ကျွန်မ အကျင့်လို ဖြစ်နေပါပြီ။:D ဓာတ်ပုံရိုက်ချင်တော့မှ ညည်းညည်းညူညူနဲ့ တကူးတက အိမ်ပြင်ထွက်ဖြစ်ပါတော့တယ်။ ရုံးပိတ်ရက်တွေဆိုရင် ကိုယ်တစ်ယောက်ထဲ အိမ်မှာ ရှိရုံနဲ့ မကျေနပ်နိုင်ဘဲ အိမ်သားတွေကိုလည်း လူစုံတက်စုံ အိမ်ထဲမှာ ရှိနေစေချင်တတ်ပါတယ်။ ပြီးရင် မိသားစုတွေ တစုတစည်းထဲ နေကြ၊ စကားပြောကြလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ကိုယ့်နေရာလေးမှာကိုယ် လုပ်ချင်ရာ လုပ်နေကြတာပါပဲ။ ဒါပေမဲ့ ထမင်းစားချိန်မှာ အတူတူစား၊ တီဗွီလေး၊ ဇာတ်ကားလေး အတူတူကြည့် ဆိုတာမျိုးတော့ လုပ်ဖြစ်ပါတယ်။ အဲလိုချိန်ဆို ကျွန်မတို့ မောင်နှမတတွေဟာ ကုလားသိုက် ကျားဝင်ဆွဲသလို အဖေနဲ့ အမေကို ကိုယ်ပြောချင်တဲ့စကားတွေ အလုအယက် ၀ိုင်းပြောတတ်ကြပါတယ်။ စနေ၊ တနင်္ဂနွေနေ့မျိုးတွေကတော့ ကျွန်မတို့အိမ်မှာ ဘာစားလို့ စားရမှန်းမသိအောင် များပြားလှတဲ့ ဟင်းမျိုးစုံနဲ့ ပျော်ရွှင်စရာ နေ့ရက်တွေလည်း ဖြစ်သေးတယ်။ ဒါက ခုလက်ရှိ ကျွန်မတို့ အိမ်လေးပေါ့။
ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအိမ်လေး ပိုင်ဆိုင်ဖို့အတွက် အိမ်တစ်အိမ်မှာ စည်းလုံးညီညွတ်မှုနဲ့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်၊ သည်းခံဖို့က မရှိမဖြစ်ပဲလို့ ထင်တယ်။ ပြောရရင်တော့ မေတ္တာတရားက အရေးကြီးဆုံးပေါ့။ ကိုယ့်မိသားစုအပေါ် ဖောက်လွဲဖောက်ပြန် မလုပ်တတ်တဲ့လူမျိုး ဖြစ်ဖို့လည်း လိုအပ်သေးတယ်။ အင်း... ဒါဆိုရင်တော့ ချစ်စရာကောင်းတဲ့ အိမ်လေးတစ်လုံး ရရှိဖို့ အလွန်ပဲ လွယ်ကူပါတယ်။

ကျွန်မရဲ့ ရန်ကုန်က အိမ်လေးကိုတော့ ခုနောက်ပိုင်း သိပ်မလွမ်းဆွတ်မိပေမဲ့ အမှတ်တရတွေတော့ရှိတယ်။ အဲဒီအိမ်လေးမှာ ကျွန်မတို့ မိသားစု စုံစုံညီညီ နေရတယ်ဆိုတာ သိပ်မရှိဘူး။ ကျွန်မ အဖေက ကျွန်မတို့အနားမှာ မရှိလို့လေ။ ဒါပေမဲ့ ခုစင်္ကာပူက အိမ်လို ညီအစ်မနှစ်ယောက်ပေါင်း တစ်ခန်း နေရတာမျိုးမဟုတ်ဘဲ တစ်ယောက်တစ်ခန်းစီ သီးသန့် နေရတဲ့ ရန်ကုန်က အိမ်လေးကို ကျွန်မ တမ်းတ သတိရမိ တတ်ပါတယ်။ ကျွန်မတို့အိမ်က ရိုးရိုး သာမန်ရပ်ကွက်ထဲမှာ ရှိတဲ့ နှစ်ထပ်ပဲလို့ ပြောရင်လည်း မမှန်၊ သုံးထပ်ပါလို့လည်း ပြောမရတဲ့ နှစ်ထပ်ခွဲ အိမ်လေးပါ။ ထပ်ခိုးမဟုတ်တဲ့ အိမ်ရဲ့တ၀က်ပဲရှိတဲ့ အဲဒီ အပေါ်ဆုံးထပ်လေးမှာ ကျွန်မနဲ့ ကျွန်မညီမတို့ အိပ်ခန်းရှိပါတယ်။ ထမင်းစားချိန်နဲ့ ရေချိုးချိန်ကလွဲလို့ တနေ့လုံး အဲဒီအခန်းလေးမှာ ကျွန်မ ရှိနေတတ်ပါတယ်။ သီချင်းအေးအေးလေးတွေ အမြဲဖွင့်ထားပြီး ကော်ဖီခွက်တစ်ခွက်နဲ့ စာအုပ် ထိုင်ဖတ်ရတာ ဘာနဲ့မှ မတူတဲ့ ချမ်းသာခြင်းတမျိုးလို့ ထင်မိပါတယ်။ မီးပျက်တဲ့ညတွေမှာ ကျွန်မ အခန်းရဲ့ ဘေးဘက်မှာ ထားတဲ့ မီးစက်သံကြောင့် စိတ်အနှောင့်အယှက် အနည်းငယ်ဖြစ်ရပေမယ့် ဖယောင်းတိုင်ကို ကျွန်မ မမြင်နိုင်တဲ့ ခုံအောက်နေရာမှာ ထွန်းထားပြီး စိတ်ကူးယဉ်ဆန်ဆန် နေရတာကတော့ တော်တော် ပျော်ဖို့ကောင်းပါတယ်။ အဲဒါကို ကျွန်မအမေက သစ်ရွက်လှုပ်တာတောင် ရယ်ချင်တဲ့အရွယ်လို့ ဆိုပါတယ်။ ကျွန်မကတော့ အဲလို မထင်ပေါင်။ ;))

ကယားပြည်နယ်က လောပိတအိမ်လေးကတော့ ကျွန်မတို့ ဘယ်လိုမှ မေ့မရနိုင်တဲ့ အိမ်လေးပေါ့။ ကိုယ်ပိုင်အိမ် မဟုတ်တဲ့ အစိုးရအိမ်လေးဆိုပေမယ့် ကိုယ့်အိမ်၊ ကိုယ့်ခြံလို သံယောဇဉ်ဖြစ်မိတယ်။ အတော်အတန်ကျယ်တဲ့ ခြံဝန်းထဲက တိုက်ဝါ၀ါလေးနဲ့ သီးပင်၊ စားပင် စုံစုံလင်လင်ရှိတဲ့ ခြံလေးဟာ ကျွန်မတို့ မောင်နှမတွေအတွက် အလွန်ပျော်စရာကောင်းတဲ့ ကစားကွင်းလည်း ဖြစ်ခဲ့တယ်။ ကျွန်မတို့ ခြံထဲ ၀င်ဝင်ချင်း ဩဇာပင်နဲ့ ပိန္နဲပင်က ဆီးကြိုလို့။ ပိန္နဲပင်က အသီးတွေက အိမ်မာလို့ ခေါ်ကြတဲ့ အသီးမျိုး။ ပြီးရင်တော့ မန်ကျည်းပင် ညီနောင် ရှိတယ်။ အဲဒီ မန်ကျည်းပင်ကတော့ ခါချဉ်အိမ်တွေ အလွန်ပေါပြီး ဆောင်းတွင်းဆို ပုရစ်တွေကို လိုက်ဖမ်းနေကျ နေရာ။ နောက်ပြီး ကျွန်မတို့ ဘုရင်အဖြစ် ကစားတဲ့အခါ သုံးနေကျ သရက်ရွက်တွေကို အိမ်နောက်နဲ့ အိမ်ရှေ့ဘက်မှာ သီးခြားစီပေါက်နေတဲ့ သရက်ပင် နှစ်ပင်က ဖန်တီးပေးတယ်။ ရွှေနီ ငှက်ပျောပင်တွေနဲ့ ဟင်းခတ် အမွှေးအကြိုင်ဖြစ်တဲ့ ပျဉ်းတော်သိမ်ပင်ကတော့ ခြံနောက်ဘက်ဖြစ်တဲ့ အိမ်ရှေ့မျက်နှာစာမှာ ရှိတယ်။ ပြီးတော့ ကျွန်မတို့ စစ်တိုက်တမ်း ကစားတဲ့အခါ ကျည်ဆံအဖြစ် သုံးနေကျ ပဲပင်တွေ။
အိမ်ဘေးဘက်မှာတော့ ငါးမွေးဖို့ ရည်ရွယ်ချက်နဲ့ တူးထားတဲ့ တွင်းက ငါးမမွေးဖြစ်ဘဲ ကန်စွန်းခင်းကြီး ဖြစ်သွားတယ်။ အဲဒီဘေးနားမှာ စင်ထိုးထားတဲ့ ဗူးပင်က အပြိုင်းအရိုင်း။ တောင်ဘက်ခြမ်း ခြံစည်းရိုးနားမှာတော့ အသီးသိပ်မသီးတဲ့ မာလကာပင် ရှိတယ်။ အဲဒီအပင်ပေါ်မှာ နွယ်တက်နေတဲ့ ကပ်ပါး ကင်းပုန်ပင်က ကင်းပုန်သီးနဲ့ ကင်းပုန်ညွန့်က အရမ်းစားကောင်းတာ။ အိမ်က မာလကာပင်က အသီးမသီးလို့ အိမ်ဘေးက ဆရာဝန်မ အိမ်မှာ ကျွန်မတို့မောင်နှမတွေ သွားခူးစားရတယ်။ သူတို့အိမ်မှာတော့ မာလကာပင် ၃၊ ၄ ပင်လောက် ရှိတဲ့အပြင်၊ ဆေးရုံက ၀န်ထမ်းတွေ လာစိုက်ပေးတဲ့ စတော်ဘယ်ရီပင်တွေလည်း ရှိသေးတယ်။

ကျွန်မတို့ ခြံထဲမှာ မွေးမြူရေးကြက်ခြံ သုံးခြံ နေရာမယူခင်က ရောင်စုံနှင်းဆီပန်းခင်းတချို့ ရှိခဲ့တယ်။ ပြီးတော့ ကျွန်မနဲ့ ကျွန်မညီမတို့ ကယားမလေးတွေအဖြစ် တောင်ယာစိုက်တမ်း ကစားရင်း စိုက်ပျိုးထားတဲ့ ပြောင်းဖူးပင်တွေနဲ့ ဖရုံပင်တွေလည်း ရှိခဲ့တယ်။ နောက်ပြီး အိမ်ဘေးဘက်မှာ ကပ်ပေါက်နေတဲ့ ဒန့်သလွန်ပင်နဲ့ ကင်ပွန်းချဉ်ရွက်ပင်တွေလည်း ရှိသေးတယ်။ ကျွန်မတို့ စိုက်ပျိုးထားတာက နည်းနည်း၊ သဘာဝအလျောက် ပေါက်နေတာနဲ့ အရင်လူတွေ စိုက်ထားခဲ့တာက ပိုများပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အိမ်လေးကတော့ အရမ်းအေးချမ်းတယ်။ အဲဒီအိမ်လေးမှာ ကျွန်မတို့ မိသားစု ဆယ်စုနှစ်တခုစာ နေထိုင်ခဲ့ဖူးတယ်။

ဆောင်းအကုန် နွေဦးအစ ညနေစောင်းတွေမှာ ဟိုဘက်တောင်တန်းပေါ်က သစ်ခြောက်ပင်တွေကစလို့ သက်ကယ်ပင်တွေအပါအ၀င် လောင်ကျွမ်းကာ လှပနေတဲ့ တောမီးတန်းကို ကြည့်ရင်း လက်ညှိုးတထိုးထိုးနဲ့ ခုန်ဆွ၊ ခုန်ဆွလုပ်ပြီး ဘာကြောင့်မှန်းမသိ အလွန် ပျော်နေတတ်ခဲ့ပါတယ်။ လေတိုက်ရင်း သဘာဝအလျောက် သစ်ပင်တွေ ပွတ်တိုက်ရာက ဖြစ်ပေါ်လာတဲ့ တောမီးဟာ လေငြိမ်ပြီး လောင်စရာအပင်တွေ ကုန်သွားမှ ငြိမ်းသွားတတ်တာမျိုးပါ။ တောင်တန်းကြီးတလျှောက် ပုံစံမျိုးစုံနဲ့ လှပနေတဲ့ တောမီးတန်းကြီးဟာ တမျိုးတဖုံ ကြည့်လို့ကောင်းပါတယ်။
တခု ၀မ်းနည်းစရာကောင်းတာက ခုချိန်ထိ (ကျွန်မ မွေးရပ် မဟုတ်သော်လည်း) ကျွန်မ ချစ်ခင်မြတ်နိုးတဲ့ လောပိတကို အလည်တခေါက်တောင် ပြန်မရောက်ဖြစ်သေးတာကိုပါ။ တနေ့နေ့ ကျရင်တော့ ကျွန်မ သံယောဇဉ်ရှိတဲ့ အဲဒီဒေသကို အလည်အပတ် ပြန်ရောက်ချင်ပါသေးတယ်။
*** ***** ***
ကျွန်မလိုပဲ ရေးချင်တာရေးကြဖို့ (:P) ပြန်တက်ဂ်ချင်တဲ့ သူများက
အန်တီခင်
အန်တီငြိမ်း
မလေပြေ (ခုလောလောဆယ် ဘလော့ဂ် ပိတ်ထား)
မင်းမင်း
လင်းလက်
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1







