၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၁)
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၂)
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၃)
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၄)
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၅)
***
ကျွန်တော်တို့ အင်းစိန်ထောင်သို့ ရောက်သောအခါ မှောင်နေပါပြီ။ ပဌမညတွင် အားလုံးအတူတူ အိပ်ကြရပါသည်။ နောက်နေ့နေ့လယ်တွင် ဦးစောကို ခွဲထားလိုက်ပါသည်။ ၃ရက်ခန့်ကြာသောအခါ ခင်မောင်ရင်ကို လာခေါ်သွားပါသည်။ ထို့နောက် အခြားသူများကိုပါ ခေါ်ခေါ်သွားပါသည်။ ဘားလမ်းတွင် အချို့သွားစုမိကြပြန်ပါသည်။ အချုပ်ခန်းထဲတွင် လမ်းလျှောက်ရင်း ကိုဘညွန့်အား “ဘယ်လိုလုပ်ကြမလဲ”ဟု တိုးတိုးမေးရာ ကိုဘညွန့်က “ဒီအမှုမှာ ဖေါ်ရမှာပဲ။ မဖေါ်ရင် အားလုံးသေကုန်မယ်။ ဖေါ်ရင် ကျန်တဲ့လူ ကျန်လိမ့်မယ်”ဟု ပြောပါသည်။ ကိုသက်နှင်းကို မေးပြန်ရာ “မဖေါ်ရင် ဘယ်နည်းနှင့်မှ ဘာမှမဖြစ်နိုင်ဘူး”ဟု ပြောပါသည်။ ကျွန်တော်မှာ ဘာမှနားမလည်၊ သူတို့ကိုပင် မေးကြည့်ရပါသည်။ “ဖေါ်ကောင်ဘညွန့်”ဟု ဆိုသ်ာလည်း ဤလုပ်ကြံမှုကြီးကို ပဌမဆုံး အပြည့်အစုံဖေါ်သူမှာ ခင်မောင်ရင် ဖြစ်ပါသည်။ ခင်မောင်ရင်က ဥပဒေကိုနားမလည်။ ကိုဘညွန့်မှာမူ ရုံးတွင် ရှေ့ဖတ်စာရေး လုပ်လာသူ ဖြစ်သောကြောင့် “သူဖေါ်မည်။ ဤအမှုအတွက် ဘာမဆိုဖြစ်အောင် သူလုပ်ပေးမည်။ ဦးစောလည်ပင်းကို ကြိုးကွင်းတပ်ပေးမည်။ သို့ရာတွင် ဒိစတြိတ် ရာဇ၀တ်တရားသူကြီး (အရေးပိုင်)ကို ခေါ်ပေးပါ”ဟု ပြောသဖြင့် ရဲက စီစဉ်ပေးရပါသည်။ တရာသူကြီးနှင့်တွေ့သောအခါ ဤလုပ်ကြံမှုကြီးနှင့်ပတ်သက်၍ သူဖြောင့်ချက်ပေးလိုကြောင်း ဖေါ်ကောင်လက်မှတ်လည်း ထုတ်ပေးပါမည့်အကြောင်း လျှောက်ထားရာ တရားသူကြီးက ထုတ်ပေးလိုက်ပါသည်။ ခင်မောင်ရင်သာမက အခြားတရားခံ တော်တော်များများက ရဲအရာရှိများထံ အိတ်သွန်ဖါမှောက် ဖေါ်ထုတ်ဝန်ခံကြပြီးသည့်နောက်မှ ဖေါ်သည့် ကိုဘညွန့်က “ဖေါ်ကောင်” ဖြစ်ပြီး၊ ခင်မောင်ရင်က “ဖေါ်ကောင်” မဖြစ်သည်မှာ ဥပဒေကို နားမလည်သောကြောင့် ဖြစ်ပါသည်။ တရားခံအချို့၏ စစ်ချက်များကို လက်နှိပ်စက်နှင့် အပြည့်အစုံ ရိုက်ထားပြီးနောက် ကျန်တရားခံအချို့ကို ခပ်နာနာကလေးတီးပြီး ဖတ်ခိုင်းရာ “အားလုံးမှန်ပါသည်။”ဟု ၀န်ခံကြရသည်ချည်း ဖြစ်ပါသည်။ အချို့ထွက်ချက်များမှာ အသေးစိတ်တစ်ခုမကျန် ဘာကလေးများ လိုပါသေးလား မရှိလောက်အောင် စုံစေ့ပါသည်။ အမှုနှင့်အဆိုင်သည့် ကိစ္စများပင် ပါပါသေးသည်။ အချို့က အပိုအမိုကလေးများပင် ပါပါသေးသည်။ ကျွန်တော်မသိသော အကြောင်းအရာများလည်း ပါပါသည်။ ဘားလမ်းအချုပ်ခန်းသို့ နောက်တစ်ကြိမ်ပြန်ရောက်သောအခါ ရန်ကြီးနိုင်၊ ရန်ကြီးအောင်တို့နှင့် အတူနေရသဖြင့် “ကိုစိုးတို့နဲ့ ဒီကိစ္စ ကြံစည်နေတာကြာပြီ။ သူ့ကို တိုက်ရိုက် မပြောပြဘူးပေမယ့် သူသိတယ်”ဟု ရန်ကြီးအောင်က ကျွန်တော့်အားပြောပြပါသည်။ ဤ အချိန်တွင် ကိုစိုးနှင့် ကိုသက်နှင်းမှလွဲ၍ အခြားသူများသည် ဖြစ်ပျက်ရသော ကိစ္စ အရပ်ရပ်နှင့်ပတ်သက်၍ ဦးစောသည် သူ့ဆန္ဒများ ပြည့်ဝမှု၊ သူ့ရည်ရွယ်ချက်ဖြစ်မြောက်မှုအတွက် မိမိတို့အား လက်ပါးစေ၊ ဓါးစာခံများအဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်သည်ဟူ နားလည်ကြကာ ဦးစောအပေါ် စိတ်နာလာကြ၊ မုန်းလာကြသည်။ ကျွန်တော်တို့ အမူအရာ ပြောင်းလာခြင်း၊ ဦးစောအား မကောင်းပြောလာကြခြင်းများကို တွေ့ရှိကြရာ ကိုစိုးနှင့် ကိုသက်နှင်းတို့သည် တစ်ဦးချင်း နှစ်ဦးချင်းအနေနှင့် မကြာမကြာ၊ မသိမသာ လာရောက်ချော့လေ့ရှိကြပါသည်။ “ဂုဏ်ရှိတဲ့ အထက်တန်းလူတစ်ယောက်နဲ့တွဲပြီး ဖြစ်ရတဲ့ကိစ္စမှာ ပူစရာမရှိပါဘူး။ သူ့ဖါသာ ကြည့်လုပ်သွားလိမ့်မပေါ့။” စသည်ဖြင့် ပြောလေ့ရှိကြပါသည်။ ဤနည်းနှင့် ဒေါသူပုန်ထမှုများကို လှီးလွဲပေးကြပါသည်။ သို့ရာတွင် မရပါ။ မယုံကြည်ကြပါ။ အင်းစိန်ထောင်ကြီးထဲတွင် အထူးခုံရုံးဖွင့်၍ ပဌမဦးဆုံး တရားသူကြီးများရှေ့သို့ ရောက်ရသောနေ့တွင် ဦးစောနှင့် ကျွန်တော်တို့အားလုံး ပြန်တွေ့ကြရပါသည်။ ဦးစောက ကျွန်တော်တို့ဘက်သို့လှမ်း၍ “ဘယ်နှယ့်လဲ။ နေကောင်းကြရဲ့လား” စသည်ဖြင့် နှုတ်ဆက်ပါသည်။ ကျွန်တော်တို့ဘက်က ကိုစိုးနှင့် ကိုသက်နှင်းကလွဲ၍ အခြားသူများက စိတ်ပါလက်ပါ ပြန်လည် နှုတ်မဆက်ကြပါ။ နှုတ်ဆက်ချင်သောစိတ် မရှိသောကြောင့်လည်းဖြစ်ပါသည်။ အမှုအခင်းရှေ့နေ ရှေ့ရပ်များနှင့်ပတ်သက်၍ ခုံရုံးဥက္ကဋ္ဌ တရားဝန်ကြီးဦးကျော်မြင့်က “တရားခံများဘက်မှ ရှေ့နေဘယ်သူတွေ ဆောင်ရွက်ကြမလဲ"ဟု မေးလိုက်ရာ ဦးစောက သူ့အတွက် ၀တ်လုံတော်ရ မစ္စတာဘတားနီးစ်နှင့် အင်္ဂလန်ပြည်မှ နာမည်ကြီးဝတ်လုံ ကားတစ်(စ်)ဘဲနက် (ကေစီ) (ဘုရင့်ကောင်စီအဖွဲ့ဝင်) ၀တ်လုံကြီးများက ဆောင်ရွက်မည်ဖြစ်ကြောင်း အခြားသူများအတွက် အခြားရှေ့နေနှစ်ယောက် ဆောင်ရွက်မည်ဖြစ်ကြောင်း ထ၍ ပြန်ပြောပါသည်။ ကျွန်တော်တို့အတွက် လိုက်ပါ ဆောင်ရွက်ရန်ဆိုသော ရှေ့နေများမှာ အုတ်ဖိုနှင့် သာယာဝတီနယ်မှ ရှေ့နေများဖြစ်ပါသည်။ တစ်ဦးမှာ ဒုတိယတန်းရှေ့နေ ဖြစ်သည်ဟု ထင်ပါသည်။ ဤအပြုအမူ စေတနာထားချက်အတွက် ကျွန်တော်တို့လူစု ဦးစောကို သာ၍စိတ်နာကြပါသည်။ သူ့အတွက်မှာမူ ပဌမတန်းဝတ်လုံများ သူ့အတွက် ဓါးစာခံရခဲ့သူများအတွက်ကား တောရှေ့နေများ ငှားပေးသည်ဟု မြင်ကာ အကြီးအကျယ် ဒေါပွကြပါသည်။ ထို့နောက် တရားဝန်ကြီးဦးကျော်မြင့်က ၀တ္တရားအတိုင်း တရားခံများအား မိမိတို့အတွက် ရှေ့နေ မည်သူလိုက်မည်နည်း ဟုမေးပါသည်။ ကိုစိုးနှင့် ကိုသက်နှင်းတို့က ဦးစောနာမည်ပေးသွားသော ရှေ့နေနှစ်ဦးပင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြော၍ စိန်ကြီး အလှည့်ရောက်သောအခါ စိန်ကြီးက “ကျွန်တော်ရှေ့နေမငှားပါ”ဟု ထဖြေလိုက်ပါသည်။ ဦးစောသည် စိန်ကြီးကိုကြည့်ကာ မတ်တပ်ရပ်ပြီး “မောင်စိန်၊ မောင်စိန်၊ မောင်စိန်”နှင့် လှမ်းခေါ်ပါသည်။ စိန်ကြီးက လှည့်မကြည့်ပါ။ ရန်ကြီးအောင်ကို မေးသောအလှည့်တွင် ဦးစောတူတော်၍ ၁၆နှစ်သားသာ ရှိသေးသော ရန်ကြီးအောင်သည် ဘာဖြေရမှန်းမသိဘဲ တော်ကြာမျှ ငေးနေပါသည်။ ကိုစိုးနှင့် ကိုသက်နှင်းတို့က “စာရင်းပေးထားတဲ့အတိုင်းပဲလို့ပြော”ဟု လှမ်းပြောနေကြသဖြင့် ရန်ကြီးအောင်လည်း ကြည့်တိကြောင်တောင်နှင့် ပါးစပ်က ပြောကာ ထိုင်လိုက်ပါသည်။ ကျွန်တော့်အလှည့်ရောက်သောအခါ “အစိုးရငှားပေးပါ။”ဟု ထပြောလိုက်ပါသည်။ ထိုအခါ ဦးစောက “ကိုသုခ ကိုသုခ”ဟု လှမ်းအော်ပါသေးသည်။ ကျွန်တော်လည်း လှည့်မကြည့်ပါ။ ထို့နောက်ဦးစောကထ၍ “ဟိုဘက်က ကလေးတွေကို သူတို့ဘာတွေပြောလို့ ဘယ်လိုလုပ်ထားမှန်းမသိပါ၊ ကျွန်တော့်အပေါ်မှာ အထင်မှား အမြင်မှား ဖြစ်နေကြပါတယ်။ ဒါကြောင့် လူငယ်တွေနဲ့ တွေ့ခွင့်ပေးပါ”ဟု ခုံရုံးသဘာပတိ တရားဝန်ကြီး ဦးကျော်မြင့်အား ခွင့်တောင်းပါသည်။ သို့ရာတွင် တွေ့ခွင့်မပေးပါ။
အမှုအတွက် ပဌမဆုံးထွက်ရသောထိုနေ့တွင် ကျွန်တော်တို့မှာ အ၀တ်အစား စုတ်ပြတ်ညစ်ပေနေပါပြီ။ ထည်လဲလည်း မရှိကြသဖြင့် အလွန်ညစ်ပတ်နေပါပြီ။ ထောင်ဝင်စာလာတွေ့ခွင့်လည်း မရသဖြင့် မိဘဆွေမျိုး သားမယား များကလည်း မပို့နိုင်။ မပေးနိုင်ကြပါ။ ဤအခြေအနေနှင့် ကျွန်တော်တို့၏ ဆန့်ကျင်ဘက် စိတ်ဓါတ်ကို မြင်ရသောကြောင့်လားမပြောတတ်ပါ။ နောက်နေ့တွင် ဦးစောက တစ်ယောက်တစ်ခန်းစီ အစောင့်တွေနှင့် နေကြရသော ကျွန်တော်တို့ထံ ချည်ကြမ်းလုံချည်တစ်ကွင်းစီ ပို့ပေးလိုက်ပါသည်။ စိန်ကြီးက မယူဘဲပြန်ပေးသည်ကို ကျွန်တော်တွေ့လိုက်ရပါသည်။ ကျွန်တော်လည်း မယူလိုက်ပါ။ အခြားသူတွေထဲက မယူမည့်သူတွေ ရှိပါလိမ့်မည်။ မည်သူတွေဟူ၍တော့ မသိပါ။
နောက်တစ်ကြိမ် ရုံးတက်သောနေ့တွင် ကျွန်တော့်အတွက် အစိုးရကငှားပေးသော ရှေ့နေမှာ ဦးဘထွန်းဆိုသူ ဖြစ်ကြောင်းသိရပါသည်။ ကျွန်တော်က အားမရသဖြင့် တရားဝန်ကြီး ဦးကျော်မြင့်က မေးသောအခါ “ကျွန်တော် ရှေ့နေမငှားတော့ပါ”ဟူ၍ ထပြောလိုက်ပါသည်။ တရားဝန်ကြီး ဦးကျော်မြင့်က “မောင်သုခက ဦးဘထွန်းကို မကောင်းဘူးထင်လို့လား၊ ဦးဘထွန်းကောင်းပါတယ်၊ စမ်းကြည့်ပါဦး”ဟု ပြောပါသည်။ ကျွန်တော်လည်း စိတ်ရှုပ်ရှုပ်နှင့် မလှုပ်ပါ။
ဤသို့အထူးခုံရုံးဖွင့်၍ စစ်ဆေးနေပြီ ဖြစ်သော်လည်း ကျွန်တော်တို့ လေးငါးခြောက်ယောက်ကိုမူ အင်းစိန်ထောင်တွင် တလှည့်၊ ရန်ကုန်ထောင်တွင်တလှည့် ထားပါသည်။ ဦးစောကိုလည်း အားလုံးနှင့် ခွဲထားပါသည်။ စိန်ကြီးသည် တပ်မတော်၊ ရဲဘော်ဟောင်း တစ်ယောက်၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်ကြောင်း ရဲများစစ်ရာ၌၄င်း၊ ရုံ၌၄င်း တစ်ခွန်းမှမပြောပါ။ ကျွန်တော်တို့ အချင်းချင်းကိုသာ စကားစပ်မိသဖြင့် ပြောပါသည်။ ရဲဘော်ဟောင်းတစ်ယောက်၊ ပြည်သူ့ရဲဘော်တစ်ယောက်၊ ဖက်ဆစ်တော်လှန်ရေးသမားတစ်ယောက်ဖြစ်ပါလျက် ဤအမှုကြီးကို ကျူးလွန်ရာတွင် ရှေ့ဆုံးတန်းက မိုက်မဲစွာပါခဲ့မိသည့်အတွက် ယူကျုံးမရ ဖြစ်နေသည်ကို သိနိုင်ပါသည်။ ဆင်ခြင်တိုင်းထွာမှုကင်း၍ အဖေကိုသတ်မိမှားသော သားဖြစ်နေပြီကို သူကောင်းစွာ သတိရနေဟန် တူပါသည်။ သို့ရာတွင် အမှားကြီးကို ကျူးလွန်ပြီးပြီ။ ပြင်၍ မရနိုင်တော့သဖြင့် မြန်မြန်ကိစ္စပြီး ဖြစ်ချင်ရာဖြစ်ရန် အသင့်ပြင်ထားလျက် ရှိပါသည်။
ရဲများစစ်စဉ်က သေလုမျောပါး အရိုက်အနှက်ခံရပြီးမှ ဖြောင့်ချက်ပေးခဲ့သော်လည်း ရုံးတွင်မူ မေးသမျှ အားလုံးကို “ဟုတ်တယ်၊ ဟုတ်ပါတယ်၊ ဟုတ်ကဲ့၊ မှန်တယ်” စသည်ဖြင့်သာ တလျှောက်လုံးဖြေပါသည်။ မေးပြီး ဖြေပြီး ဖြစ်စေချင်သည်။ မြန်မြန်ပြီးစေချင်သည်။ အဆိုးဆုံးအတွက် အသင့်ပြင်ထားပြီးဖြစ်၍ ဤကိစ္စကြီး ကျော်လွန်ပြီးစီး သွားစေချင်သည်။ ကြိုးတိုက်သို့ ပြန်ရောက်သောအခါတွင်လည်း သူသည် မည်သူ့ ကိုမှ ဤအမှုအကြောင်းအပြော၊ သူများပြောသည်ကိုလည်း မကြိုက်၊ သူ့ထံသို့မူ အမေနှင့် အစ်မတို့သာမက သူ၏ ရည်းစားကလေးလည်း မကြာမကြာ ထောင်ဝင်စာ လာသည်ကို တွေ့ရပါသည်။
အထူးခုံရုံးက ကြိုးမိန့်ပေးလိုက်ပါပြီ။ ကျွန်တော်လည်း ပါပါသည်။ တစ်နေ့သောအခါ အင်းစိန်ထောင်တွင် ကိုနီ၊ ခင်မောင်ရင်မှစ၍ ကြိုးဒဏ် အပြစ်ပေးခံရပြီး တရားခံများထံ အိမ်သူအိမ်သား ဆွေမျိုးမိဘများ ထောင်ဝင်စာ လာနေကြပါသည်။ အင်းစိန်ကြိုးတိုက်မှာဖြစ်ပါသည်။ ကျွန်တော်၏ အမေနှင့် အစ်မတို့လည်း လာကြပါသည်။ သူတို့ငိုသည်ကို ကျွန်တော် မကြိုက်ကြောင်းသိ၍ အော်မငိုဘဲ မျက်ရည်တွေကျပြီး ရင်ထဲကသာ ပူလောင်နေကြပါသည်။ အမေက မနေနိုင်သဖြင့် ရှိုက်လာပါသည်။ ထိုအခါ အစ်မက “ငါ့မောင်ကလေး ဒေ၀ဒတ်နဲ့ပေါင်းမိလို့ ဒီလိုဖြစ်ရတယ်ဟဲ့”ဟု အော်ဟစ်ငိုပါတော့သည်။ အခြားဧည့်သည်များနှင့် ထောင်ပိုင်၊ ထောင်မှူး၊ ၀ါဒါတွေတော့ ကြားကြပါလိမ့်မည်။
ရန်ကုန်ကြိုးတိုက်သို့ပြောင်းခဲ့ရသောအခါ ကျွန်တော်တို့မှာ သေဘို့ရက်ကနီးလာပါပြီ။ နောက်တွင်ဖြစ်ခဲ့သည် များမှာ ဆိုးဝါးလွန်းသဖြင့် စိတ်ထဲတွင် ပေါ်၍မလာစေလိုပါ။ ရှေ့ဖြစ်ရမည့်အတွက်လည်း မတွေးလိုပါ။ ထို့ကြောင့် လက်ငင်းအချိန်ထဲမှာပင် စိတ်ဝင်စားနေအောင်၊ အလုပ်များနေအောင် လုပ်ပြီးနေကြပါသည်။
စိန်ကြီး၏ ရည်းစားကလေးနှင့် စိန်ကြီး၏ သူငယ်ချင်းနှစ်ယောက်သည် ၁၉၄၈ခု၊ မေလ ၇ရက်နေ့တွင် နံနက်စောစောပိုင်းမှစ၍ စိန်ကြီးထံ ထောင်ဝင်စာ လာနေကြသည်ကိုတွေ့ရပါသည်။ တနေ့လုံး နောက်ပြောင် ကြည်စယ်နေကြပါသည်။ “နက်ဖန်ခါ ဒီအချိန်တော့ ငါဒီမှာ ရှိမှာ မဟုတ်ဘူး။ ခရီးသွားစရာရှိလို့ သွားရဦး မယ်။ နံနက်စောစော ငါခရီးထွက်မယ့်အချိန်မှာ မင်းတို့ ၃ယောက်လုံး အရက်သောက်ကြပါ။ စီးကရက်အပို တစ်လိပ်လဲ မီးညှိထားပါ။”ဟု စိန်ကြီးက မှာလိုက်ပါသည်။ ယခု မဖေါက်သေးဘဲ နောက်တနေ့မှသုံးယောက် စုံညီဖေါက်ရန် စာတစ်စောင်ကိုလည်း စိန်ကြီးက သူ့သူငယ်ချင်းတစ်ယောက်လက်ထဲသို့ ထည့်ပေးလိုက်ပါ သည်။ ထိုစာထဲတွင် သူပိုင်သော ပစ္စည်း ၅၀၀၊ ၆၀၀ကျပ်ဘိုးခန့် ဘယ်မှာ ဘာရှိသည်၊ ထိုပစ္စည်းများကို တနေ့နေ့၌ သူ့ရည်းစားကလေး လက်ထပ်လျှင် လက်ဖွဲ့လိုက်ပါဟူ၍ ရေးထားကြောင်း စိန်ကြီးက ဧည့်သည်များပြန်သွားပြီးနောက် ပြောပြပါသည်။
သေဒဏ်မှလွတ်သောအမိန့် ကျွန်တော်တို့လည်းမရသေးပါ။ နက်ဖန်ကြိုးစင်တက်ရမည်ဖြစ်သောကြောင့် ယနေ့နံနက်ပိုင်းတွင် ဘုန်းကြီး၃ပါးကြွလာပြီး ကြိုးသမားများကို ထုံးစံအတိုင်း သရဏဂုံတင်ပါသည်။ ကျွန်တော်တို့ ရောက်နေကြပြီ ဖြစ်သော်လည်း စိန်ကြီးကမူ တိုက်ခန်းထဲက ထွက်မလာပါ။ သွားခေါ်ရာ
“ဒီဘ၀ ဒီလောက်အဆိုးဖြစ်ချင်တာ၊ ရှေ့ဘ၀တွေမှာ ဖြစ်ချင်တာဖြစ်စမ်းဆိုပြီး လွှတ်ပေးထားလိုက်မယ်၊ နေပေစေတော့”ဟု ပြန်ပြောလိုက်ပါသည်။
တော်တော်ကလေး နေစောင်းသောအခါ ကိုနီနှင့် ကျွန်တော့်အား ကြိုးဒဏ်အပြစ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလိုက်သောအမိန့် ရောက်လာသဖြင့် ကြိုးတိုက်မှ ၅ဆောင်သို့ ချက်ခြင်း ပြောင်းရပါသည်။ နောက်တရက် နံနက်စောစော ထောင်မဖွင့်သေးသောအချိန်တွင် စိန်ကြီးနှင့် ရန်ကြီးအောင်တို့နှစ်ယောက်ကို ကြိုးပေးလိုက်ပါ သည်။ စိန်ကြီးမှာ အသက်၂၂နှစ်သာ ရှိပါသေးသည်။
ဦးစော၊ ကိုစိုး၊ ကိုသက်နှင်းနှင့် မှုံကြီးတို့ကိုလည်း အင်းစိန်ထောင်ကြီးတွင် ထိုအချိန်လောက်မှာပင် ကြိုးပေးလိုက်ပါသည်။
ထိုနေ့မှာ ၁၉၄၈ခု၊ မေလ ဂရက်ဖြစ်ပါသည်။
*** *** *** *** ***
ဦးလှမေး၍သာ ဤအမှုကြီးအကြောင်းကို မချန်မခြွင်း အသေးစိတ် ကျွန်တော်ပြောခြင်းဖြစ်ပါသည်။ ဆိုးဝါးလွန်းသော နိုင်ငံရေး မိုက်ပြစ်ကြီးတွင် ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်၍ ဤထက် ရှက်စရာ စက်ဆုပ်စရာ ကောင်းသောအလုပ်ကို လူတစ်ယောက်အနေနှင့် ဤလောကမှာ ပြုမိနိုင်စရာ မရှိတော့ပါ။ ထို့ကြောင့် မည်သူ မေး၍မှ ဤအကြောင်းကို ပြောမပြချင်ပါ။ မေးမည့်သူဆိုလျှင် တတ်နိုင်သမျှ ကျွန်တော်ရှောင်နေပါသည်။ မေးသည်ကိုဖြေရန် အမှုအကြောင်းကိုပြောပြရန်မဆိုထားနှင့် ကျွန်တော့်ဖာသာ တစ်ယောက်တည်း ပြန်တွေးရန်ပင် အင်မတန်ဝန်လေးနေမိပါသည်။ နှစ်စဉ်ပင် ဇူလိုင်လ ၁၉ရက်ဆိုလျှင် လွန်ခဲ့သည့် အကြောင်းများကို တွေးတောသတိရပြီးစိတ်မကောင်းဖြစ်ရပါသည်။ မိမိကိုယ်ကိုမိမိ အပြစ်မလွှတ်နိုင်သလိုမြင်ပြီး ထိုမိုက်မှားမှုကြီး အတွက် ရင်နာလျှက်ရှိပါသည်။
မိတ်ဆွေဖြစ်သော ကိုသက်နှင်းကို ခင်မင်ရာမှ သူက ဦးစောနှင့် မိတ်ဆက်ပေးသည်။ ဦးစောနှင့် ပေါင်းရသည်ကို ဂုဏ်ရှိသည်ဟု ကျွန်တော့်စိတ်တွင် ထင်ခဲ့ပါသည်။ ခေတ်နိုင်ငံရေး အယူအဆ ဝေဖန်သုံးသပ်မှုတွင် ဘာမှ နားမလည်သေးသော ကျွန်တော်သည် ဦးစောနှင့် ပေါင်းရသောကြောင့် မိမိတွင် ဘာမှ နစ်နာစရာမရှိဟုတွက်ဆမိခဲ့ပါသည်။ ဦးစောသည်လည်း ရာဇ၀တ်မှုကြီးများကို ကြံစည်လိမ့်မည်ဟု ကျွန်တော်မယူဆ၊ မျိုးချစ်စိတ် ထက်သန်၍ လွတ်လပ်ရေးအတွက် ဆောင်ရွက်နေသော ခေါင်းဆောင်ကောင်းဟူ၍သာ ကျွန်တော်ယုံမှတ်လေးစားခဲ့ပါသည်။
မိတ်ဆွေကိုသက်နှင်း၏ ဆွဲဆောင်ချက်၊ ကိုသက်နှင်းအပေါ် ကျွန်တော်၏ခင်မင်မှုများနှင့် ဦးစောအပေါ် အထင်ကြီး မှုကြောင့် သူတို့၏ အတွင်းပိုင်း စည်းဝိုင်း အတွင်းသို့ ရက်ပေါင်း အနည်းငယ်ကြာမျှ ကျွန်တော် ရောက်သွားရပါသည်။ မကြိုက်သောအမူအရာ အစီအမံများ အကျပ်ကိုင်မှုများကို အထိုက်အလျောက် ရိပ်မိတွေ့ရှိရ၍ ခွာရန်ကြံသော အခါ တွင်မူ မဖြစ်နိုင်တော့ပါ။
ဦးစောသည် သြဇာလည်းကြီး၊ ငွေလည်းပေါ၊ ကျွန်တော်တို့လိုလူတစ်ယောက်ကို ဖျောက်ပစ်ရန် ဘာမှ မခဲယဉ်း။ ပုရွတ်ဆိတ်တစ်ကောင်ကို လက်ကလေးနှစ်ချောင်းနှင့် ပွတ်ချေခြင်းထက် ပိုမိုခက်စရာမရှိ။ သူနှင့် သူ့လူရင်းများက သံသယဖြစ်သည်ဆိုလျှင် ထိုသူသည် မည်သို့မျှ တတ်နိုင်တော့မည်မဟုတ်။ သူတို့ အကြောင်း တွေသိနေသောလူတစ်ယောက်သည် သူတို့က အငြိုအငြင်မခံရဘဲ နောက်မဆုတ်နိုင်တော့။ သူတို့ကို အတိုက်အခံ လုပ်ရန်အထိလည်း ကျွန်တော်မ၀ံ့။ ထို့ကြောင့် ကျွန်တော်အပါအ၀င် လူတော်တော်များများမှာ တစတစနှင့် ဦးစောပိုင် စက်ရုပ်များသဖွယ် ဖြစ်လာကြပါသည်။ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်စဉ်းစားမှုဟူ၍လည်း ဘာမှမရှိတော့ပါ။ စဉ်းစားချင်စိတ်လည်း မရှိ။ စဉ်းစားရန်လည်း မကြံရွယ်တော့။ လွတ်လပ်စွာ စဉ်းစားရန်ပင် မ၀ံ့တော့ဘဲ မျှောလိုက်ရာက နစ်သော ဘ၀သို့ ရောက်ကြရခြင်းဖြစ်ပါသည်။
ဦးစော၏ခြံဝင်းကြီးထဲတွင် ကျွန်တော်လာရောက်နေထိုင်သော ရက်ပေါင်းမှာ ၄၀ကျော်ခန့်မျှသာဖြစ်ပါသည်။ ထိုရက်မျှ အတွင်းမှာပင် ထိုမျှဆိုးဝါးသော အမှုကြီး ဖြစ်ပွားပြီး ကျွန်တော်လည်း စက်ရုပ်လက်ပါးစေအဖြစ်ဖြင့် ဓါးစာခံပါခဲ့ရပါသည်။ ဤလုပ်ကြံမှုကြီးကို ဦးစောသည် ကျွန်တော်သူတို့အထဲ မပါသော်လည်း လုပ်မည်ပင်ဖြစ်ပါသည်။ ကျွန်တော် သာမက ယခုအမှုတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခဲ့ကြသူများ မရှိလျှင်လည်း ဦးစောသည် တစ်နည်းနည်းနှင့် တနေ့နေ့တွင် ဖြစ်အောင်လုပ်မည်ဟု ကျွန်တော်ယူဆပါသည်။
တိုင်းပြည်တွင်၎င်း၊ ကမ္ဘာတွင်၎င်း မခန့်မှန်းနိုင်လောက်အောင် အကျိုးယုတ် နစ်နာစေသည့် လုပ်ကြံမှုကြီးတွင် တရားခံတစ်ယောက် ဖြစ်ခဲ့ရသည့်အတွက် ကျွန်တော့်မှာလည်း လူဖြစ်ရှုံးပါပြီ။ ငွေကြေး တစ်သောင်း၊ တစ်သိန်း မည်မျှပင် ကြွေးတင်ပါစေ၊ စီးပွားကြိုးစားရှာပြီး ဆပ်လျှင် တစ်နေ့သော် ကျေနိုင်ပါသေးသည်။ ဤရာဇ၀င်ကြွေး ဆိုးကြီးကိုမူ ဆပ်၍ ကျေနိုင်တော့မည်မထင်ပါ။ ယခုထောင်အနှစ် ၂၀ ကျခံပြီးသည့်နောက် အကယ်၍ ထောင်ထဲမှာ မသေဘဲ လွတ်ခဲ့သည့်တိုင်အောင် ဤအပြစ်ကြီးအတွက် အပြစ်မရှိတော့ဟု မဆိုနိုင်ပါ။ ကျွန်တော် သေသွားသည့်တိုင်အောင်လည်း ဤအမဲမှတ်ကြီးသည် ပျောက်တော့မည် မဟုတ်ပါ။ သားစဉ်မြေးဆက် ထိခိုက် ၀မ်းနည်းဖွယ်ဖြစ်ပါသည်။ ဤနိုင်ငံရေး အကုသိုလ်ကြီး ပပျောက်သွားမည့် ကုစားမှုအလုပ်ဆိုလျှင် ယခုချက်ချင်းပင် သေရပါစေ၊ ကျွန်တော်ထမ်းဆောင်မည်သာဖြစ်ပါသည်။
ထောင်ထဲရောက်မှ ရရှိသော နိုင်ငံရေးဗဟုသုတ၊ နိုင်ငံရေးအမြင်များသည် ကျွန်တော့်အား ရှေ့အဖို့တွင် လမ်းမှန်ကို ရှေ့ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အခွင့်သာသောတစ်နေ့တွင် ပြုခဲ့မှားသော လူသတ်ဝါဒ နိုင်ငံရေးအကုသိုလ်ကြီးကို ဖုံးအုပ်သွားနိုင်သည့် နိုင်ငံရေးကောင်းမှုရပ်များကို သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။
ဤမျှလောက်ဆိုလျှင် ကျွန်တော့်အကြောင်းတော်တော်စုံလောက်ပြီဟုထင်ပါသည်။
*** *** *** *** *** *** ***
ဇူလိုင်လ ၁၉ရက်နေ့ ဗိုလ်ချုပ်တို့ကျဆုံးသည့်နေ့ဆိုလျှင် ထောင်အုပ်ချုပ်ရေး အာဏာပိုင်များ၏ ခွင့်ပြုချက်အရ အကျဉ်းသားများသည် လူသတ်ဝါဒ ရှုတ်ချပွဲများ ပြုလုပ်ကြပါသည်။ ကျွန်တော်နေခဲ့သော ၃နှစ်အတွင်း ဇူလိုင်လ၁၉ရက်နေ့ရောက်ပြီဆိုလျှင် ၅ဆောင်တွင် ကျွန်တော်နှင့် တစ်ဆောင်တည်း နေကြသော ကိုသုခနှင့် ခင်မောင်ရင် တို့သည် အခမ်းအနားအတွက် စားပွဲထမ်း၊ ခုံရွှေ့အလုပ်မှစ၍ လုပ်စရာများကို ၀ိုင်းလုပ်နေကြသည်ကို တွေ့ရသည်ချည်းဖြစ်သည်။ ကိုနီကိုလည်း အစည်းအဝေး၌ တွေ့ရသည်။ သူတို့သည် ကုစားဘို့ ခက်လှသော အပြစ်ဆိုးအတွက် နောင်တ အကြီးအကျယ်ရလျက် ရှိသည်မှာလည်း ထင်ရှားသည်။
ကိစ္စကြီးဖြစ်ပွားခါစက သူတို့ကို အစိမ်းလိုက်ဝါးစားချင်သူများကလည်း ရန်မမူကြတော့။ အားလုံး အပေါင်းအသင်း ဖြစ်နေကြချေပြီ။
*** *** *** *** *** *** ***
တောင်းပန်ချက်။
ရှေ့ပိုင်းစာမျက်နှာများ ရိုက်ပြီးချိန်တွင် မိတ်ဆွေတစ်ဦးက ကိုသုခ၏ အစ်မ မစံတင့် ၏ ပဌမခင်ပွန်း ဦးဖေဖြူ အနိစ္စရောက်ပြီဆိုသည်မှာ မဟုတ်ကြောင်း၊ ယခုတိုင် ကျန်းမာစွာ ရှိကြောင်းနှင့်စာရေးလိုက်ပါသည်။ မှားယွင်းသွားသည့်အတွက် များစွာဝမ်းနည်းပါသည်။
လူထုဦးလှ
***
ပြီးပါပြီ...
s0wha1
မှတ်ချက်။ ။
လူထုဦးလှရေးသော “ထောင်နှင့်လူသား” စာအုပ်မှ
(၁၉၅၇ခုနှစ် စာပေဗိမာန် စာပဒေသာဆုရစာအုပ်)
0 comments:
Post a Comment