ဒီနေ့က ကျွန်မအမေရဲ့ မွေးနေ့မင်္ဂလာရက်လေ။ ဒီလို အသက် ၅၀ ပြည့်မွေးနေ့မှာ ကျွန်မအမေအတွက် အမှတ်တရ အမေ့အကြောင်းလေး ရေးချင်တယ်။ ဒီရက်ပိုင်း ကျွန်မလည်း စာကောင်းကောင်း မရေးဖြစ်တာကြာပြီ။
ကျွန်မအဖေအကြောင်းရေးတော့ ပြောခဲ့ဖူးမှာပါ။ အမေနဲ့ ကျွန်မတို့က ငယ်ငယ်က သိပ်ရင်းရင်းနှီးနှီး မနေခဲ့ကြဘူးဆိုတာလေ။ အဲဒီတော့ အမေနဲ့ ပတ်သက်ပြီး ငယ်ငယ်တုန်းက အမှတ်တရ သိပ်မရှိခဲ့ဘူး။ ကျွန်မ ငယ်ငယ်က သိခဲ့တဲ့အမေက အကြီးနဲ့ အငယ် ရန်ဖြစ်ရင် အငယ်ဘက်က ပါသူ၊ အကြီးကိုသာ ရိုက်တတ်သူ၊ ကျွန်မတို့နဲ့ပတ်သက်ပြီး စိတ်မရှည်တတ်၊ ကျွန်မတို့ရဲ့ အနွံအတာကို မခံတတ်သူ စသည်ဖြင့် အထင်ရောက်ခဲ့တယ်။ အဲဒီတော့ ကျွန်မ အမေ့ကို သိပ်မချစ်ခဲ့ပါဘူး။ အဲဒီတုန်းက ကျွန်မအထင်ပေါ့နော်။
ကျွန်မအောက်မှာ ကျွန်မနဲ့ မတိမ်းမယိမ်း အငယ် နှစ်ယောက်ရှိတဲ့နောက်တော့ ခဏခဏ အရိုက်ခံရတဲ့သူဟာ ကျွန်မဖြစ်နေတာတော့ မဆန်းဘူး ထင်ပါရဲ့။ အငယ်တွေနဲ့ ရန်ဖြစ်လို့ အမေရိုက်ရင် ကြက်ခြံထောင့်မှာ သွားငိုတတ်တယ်။ အဖေက အမြဲလာချော့ရသူပါပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် အဲဒီအရွယ်ကတော့ အမေက ကျွန်မအမေအရင်း မဟုတ်ဘူးလို့ အမြဲတွေးခဲ့ဖူးတယ်။ ရန်ကုန်ကို အမေနဲ့ မောင်နှမတွေ အကုန်လုံး ဆင်းသွားကြရင်တောင် ကျွန်မ တယောက်ထဲ အဖေနဲ့ နေခဲ့တတ်တယ်။ အဖေနဲ့ အမေ ဘယ်သူ့ပိုချစ်လဲ လို့ ဘယ်သူက မေးမေး အဖေ့ကိုပိုချစ်ကြောင်း ကျွန်မ အားရပါးရ ပြန်ဖြေတတ်တယ်။ အဲဒီလို အမေ့ကို မကျေနပ်စိတ်နဲ့ ပြောလိုက်ပေမဲ့ ကျွန်မစိတ်ထဲမှာတော့ မပျော်ခဲ့ပါဘူး။ အမေကြားသွားရင် ၀မ်းနည်းမလားဆိုပြီး ကျွန်မ စိတ်မကောင်းတော့ ဖြစ်တတ်ပါတယ်။ ဒါက ကျွန်မ ငယ်ငယ်က အမေ့အပေါ် သဘောထားပေါ့နော်။
ခုအရွယ်မှာတော့ ကျွန်မ အမေ့ကို အရမ်းချစ်ပါတယ်။ အမေ ဘယ်လောက်ဆူဆူ၊ ပြောပြော နာတယ်လို့လည်း မရှိပါဘူး။ အမေ့ကို နားလည်လာတယ်။ တော်တော်များများ အမေ့ခံစားချက်တွေကို မျှဝေခံစားလို့ရနေတယ်။ အမေဟာ သားသမီးတွေနဲ့ အဖေ့ကြားက ပေါင်းကူးတံတားလည်း ဖြစ်တယ်ဆိုတာ ကျွန်မ ကောင်းကောင်း သဘောပေါက်လာတယ်။
အမေငယ်ငယ်က တော်တော်အလုပ်လုပ်နိုင်တယ်။ ကျွန်မတို့လောပိတကနေ နနွင်းတက်တွေ တူးချိန်ဆို နနွင်းတက်တွေ ၀ယ်တယ်။ ပြီးရင် ထင်းမီးဖိုတွေနဲ့ ပြုတ်၊ ပါးပါးလှီး၊ နေခြောက်လှမ်း။ ခြောက်သယောင်းနေတဲ့ နနွင်းတက်တွေကို ပီနံအိတ်ထဲထည့်လို့ ရန်ကုန်ကိုသယ်။ ရန်ကုန်မှာ ကြိတ်ပြီး လက္ကားဆိုင်မှာ ရောင်းပါတယ်။ ပြောရင်သာ စာသုံးကြောင်းလောက်နဲ့ နနွင်းမှုန့်ဖြစ်လာတယ်။ တကယ်က မလွယ်ပါဘူး။ နနွင်းစိမ်းတွေကို ရွာထဲက လာရောင်းတဲ့ခါ ချိန်ခွင်တွေနဲ့ ချိန်လို့ ၀ယ်ရပြုရ၊ သိမ်းဆည်းရတယ်။ ပြီးရင် ရသမျှ နနွင်းတက်ကို ပုံးကြီးတွေနဲ့ ပြုတ်ရတာလည်း တော်တော် စိတ်ရှည်ရတယ်။ ရလာတာကိုမှ ပါးပါးထပ်လှီးပြီး နေလှန်းရတယ်။ နေလှန်းတာကလည်း တရက်လောက်နဲ့ ရတာမဟုတ်ဘူး။ ကြွပ်ရွပြီး ကော့ပျံလန်နေတဲ့ထိ လှန်းရတာ။ ကျွန်မအမေကတော့ အဲလို စေတနာပါပါနဲ့လုပ်တာပဲ။ သူများနနွင်းမှုန့်တွေတော့ ဘယ်လိုလုပ်တယ်မသိဘူး။ အဖေရဲ့ အရာရှိလစာက ရေဖိုး၊ မီတာဖိုးနဲ့ ၀န်ထမ်းတွေရဲ့ ငွေစုငွေချေးအတွက် ဖြတ်ပြီးရင် အိမ်ကို ဘယ်လောက်မှ ပိုက်ဆံပါလာတော့တာမဟုတ်ဘူး (တော်သေးတာက အိမ်လခဖိုးဆိုပြီး မပေးရလို့)။ ဒါတောင် ကျွန်မအဖေက ဆေးလိပ်ဖိုး၊ ကွမ်းဖိုးစတဲ့အပိုအတွက် ဘာမှကုန်ရတာမဟုတ်။ ဒီတော့ ကျွန်မအဖေ အစိုးရ၀န်ထမ်း ဖြစ်နေခဲ့သမျှကာလပတ်လုံး ကျွန်မအမေက ဒီလိုပဲ မိသားစုအတွက် ပင်ပင်ပန်းပန်း စီးပွားရှာခဲ့ရတယ်။
သူများတွေ စက်ရုံကနေ သံတိုသံစ၊ ကြေးတိုကြေးစတွေကို ပြည်သူပိုင်ပစ္စည်းကနေ ကိုယ်ပိုင်ပစ္စည်းလုပ်ကြပေမဲ့ ကျွန်မအဖေက ဘယ်တော့မှ မလုပ်ခဲ့ဘူး။ သူတင်မဟုတ်ဘူး သူ့အောက်က မှာ ပါသမျှ ၀န်ထမ်းတွေကိုပါ ခွင့်မပြုခဲ့တာ။ ဒီအတွက် ကျွန်မအမေ ပိုပင်ပန်းခဲ့ရပေမဲ့ ကျွန်မတို့ကတော့ အမြဲတမ်းဂုဏ်ယူပါတယ်။ ကျွန်မတို့မိသားစုအနေနဲ့ ဘယ်လိုလူမျိုးကိုမဆို မျက်နှာရဲရဲကြည့်ဝံ့နိုင်ခဲ့တာ ကျွန်မအဖေရဲ့ ရိုးသားမှု၊ သမ္မာအာဇီဝကျမှု၊ သူများပစ္စည်း ကိုယ့်ပစ္စည်းမထင်တတ်မှုတွေကြောင့် မဟုတ်လား။ "အူမတောင့်မှ သီလစောင့်မယ်"ဆိုတဲ့ ဆိုရိုးစကားကို ကျွန်မတော့ နည်းနည်းမှ လက်မခံနိုင်ပါဘူး။ ကျွန်မအဖေရဲ့ ပညာတတ်အရာရှိဆိုတဲ့ ဂုဏ်တခုကလွဲလို့ တမိသားစုလုံးအတွက် ထမင်းနှစ်နပ်စာမရှိတဲ့ လစာတခုနဲ့ ဘာမှ မခိုးမ၀ှက်ဘဲ ကျွန်မတို့ မိသားစု လူတန်းစေ့နေနိုင်ပြီး ဒီအဆိုကို မထောက်ခံကြောင်း ထင်ရှားစေတာကတော့ ကျွန်မအမေ ပင်ပန်းဆင်းရဲစွာ စီးပွားရှာရခြင်းပေါ့။ အူမလည်းတောင့်၊ သီလလည်း စောင့်နိုင်ဖို့အတွက် ကျွန်မအမေ အဲဒီတုန်းက ကျွန်မတို့မောင်နှမတွေနဲ့ အတူတကွ အမြဲလို မနေနိုင်ခဲ့တာကို ခုတော့ ကျွန်မ သဘောပေါက်ခဲ့ပြီ။
တကယ်တော့ ကျွန်မအမေက သူဌေးသမီးတယောက်၊ မိဘတွေနဲ့နေရစဉ်က အပူအပင်အကြောင့်အကျမရှိ လူတကာရဲ့အပေါ်မှာ နေခဲ့ရပေမဲ့ ကျွန်မအဖေနဲ့ အိမ်ထောင်ကျချိန်မှာ အရင်ရွှေထီးဆောင်းဘ၀ကို ပြန်တမ်းတမနေဘဲ လက်တွေ့ကျကျ ဘ၀ကို အောင်မြင်အောင် ဖြတ်ကျော်ခဲ့တယ်။ အမေ့ရဲ့ စိတ်ဓာတ်၊ သတ္တိတွေကိုတော့ ကျွန်မတို့မောင်နှမတွေ မီနိုင်မယ်မထင်ဘူး။ အမေက ကိုယ်မကျွမ်းကျင်တဲ့ စီးပွားရေးနယ်ပယ်မှာ စမ်းတ၀ါးဝါးနဲ့ ကိုယ့်အတွက်ကျန်မယ်ထင်တဲ့အလုပ်တိုင်း လုပ်ခဲ့တယ်။ ပင်လယ်ဘက်သွားပြီး ငါးခြောက်ကုန်ကူးတယ်။ ထင်းတွေလည်း ရောင်း၊ ၀ယ် တခါလုပ်လိုက်သေးတယ်။
မန်ကျည်းသီးမှည့်ချိန်ဆိုလည်း ကျွန်မတို့တိုက်ကုန်းက ရှိသမျှအိမ်မှာ မန်ကျည်းပင်တွေရဲ့ အသီး အနည်းအများ အခြေအနေကိုကြည့်လို့ ပုတ်ပြတ်ပေးဝယ်တယ်။ ပြီးရင် အပင်ပေါ်တက်ပြီး မန်ကျည်းသီးတွေ ရိုက်ချမယ့်လူကို ငှားပြီး ရိုက်ချခိုင်း၊ ပြီးရင် ကျွန်မတို့က အပင်အောက်ကနေ မန်ကျည်းသီးတွေ လိုက်ကောက်ရတယ်။ ဒီလို အပင်ပေါ်ကကျလာတဲ့ မန်ကျည်းသီးတွေကို လိုက်ကောက်ဖို့ လူတွေလည်း ငှားထားပါတယ်။ ဒါပေမဲ့ ကစားမက်တဲ့ ကျွန်မတို့အနေနဲ့ အမေက မုန့်ဖိုးဘယ်လောက်ပေးမယ်ဆိုပြီးပြောလို့ အပျော်တမ်း လိုက်ကောက်ပေးကြတာ။ ရလာတဲ့ မန်ကျည်းသီးတွေကို တောင်းထဲထည့် ပြီးရင် အိမ်ကိုသယ်၊ အိမ်ရောက်တာနဲ့ အခွံချွတ်ဖို့လုပ်ရတယ်။ မန်ကျည်းသီးမှည့်ခွံကို ဘယ်လို ချွတ်လဲဆိုတော့ ၀ါးကပ်ပေါ် မန်ကျည်းသီးတွေတင် ပြီးရင် တုတ်နဲ့ရိုက်တာပါ။ အဲဒီတော့ အခွံတွေက ကြေကုန်၊ ၀ါးကပ်အောက်ကနေ ပြုတ်ကျကုန်ပေါ့။ အဲဒီအခွံချွတ်ပြီးသားကို ဘေးက အကြောတွေ သင်ဖို့နဲ့ မန်ကျည်းစေ့ထုတ်ဖို့အတွက် လူငှားရပါသေးတယ်။ များသောအားဖြင့်က အစေ့တွေနဲ့ မန်ကျည်းတောင့်တွေကို ချိန်ခွင်နဲ့ ချိန်ပြီး သူတို့အိမ်ကိုသယ်သွားကြတယ်။ ပြီးရင် ညနေစောင်းလောက်ကျရင် အစေ့သက်သက်၊ အသားသက်သက်ကို လာပို့ကြပါတယ်။ အဲဒါကိုမှ တပိဿာ ဘယ်လောက်ဆိုပြီး မန်ကျည်းစေ့ထုတ်ခ ပေးရတယ်။
မန်ကျည်းစေ့ကို ဘယ်လို ထုတ်လဲဆိုရင် အခွံခွါပြီးလို့ရလာတာကို ဘေးက အကြောတွေသင်တယ်။ ပြီးရင် အောက်က စဥ့်နှီတုံး ဒါမှမဟုတ် မာကျောတဲ့အရာ တခုခုပေါ်မှာ ခုနက မန်ကျည်းသီးတောင့်ကို တစောင်းထောင်ပြီး ထုရတယ်။ အဲလိုမျိုး တတောင့်ချင်းစီ ထုပြီး အစေ့သက်သက်၊ အသားသက်သက်လုပ်။ အစေ့ကို လိုချင်တဲ့လူတွေပေး၊ အသားကိုတော့ အိတ်တွေထဲ ထည့်ပြီး ရန်ကုန်သယ်တယ်။ ဒါက ကျွန်မတို့အမေ ရောင်းတဲ့ မန်ကျည်းသီးမှည့် ဖြစ်ပေါ်လာပုံအဆင့်ဆင့်ပါ။ တကယ် မန်ကျည်းသီးကုန်သည်တွေက ဘယ်လိုလုပ်ပြီး ရောင်းကြလဲတော့ ကျွန်မလည်း မသိပါဘူး။ အမေ လောပိတကနေ ရန်ကုန်ဆင်းတော့မယ်ဆို သယ်သွားတဲ့ကုန်တွေက နနွင်းမှုန်နဲ့ မန်ကျည်းသီးမှည့်ပေါ့။ သူ့ရာသီချိန်မှာမှ ရတဲ့ပစ္စည်းတွေပါ။ ကျန်တဲ့ချိန်တွေမှာ ဘာတွေလုပ်တတ်လဲဆိုတာ ကျွန်မမှတ်မိသလောက်၊ စဉ်းစားလို့ရသလောက်ကတော့ သက်ကယ်တွေလည်း ၀ယ်လှောင်တတ်ပါတယ်။ သက်ကယ်ဆိုတာ ကျွန်မပို့စ်တခုမှ ရှင်းခဲ့ပြီးပါပြီ။ သက်ကယ်တွေကို တပစ် ၂ ကျပ်နဲ့ဝယ်ပြီးလှောင်၊ မိုးဦးကျမှ ပြန်ရောင်းတာမျိုး တခါတလေ လုပ်ဖူးတယ်။ တခါတလေလည်း နှမ်းတွေ၊ ပဲတွေဝယ်ပြီး ကြိတ်လို့ ဆီချက်ပြီးလည်း ရောင်းသေးရဲ့။
နှမ်းဆီ၊ ပဲဆီက ဆီစက်မှာ ကြိတ်ပြီးလို့ ရလာတဲ့ဆီတွေကို တိမ်ယူပြီးတာနဲ့ မပြီးသေးဘူး အနည်တွေနဲ့ကပ်သပ်ပြီး ကျန်နေတဲ့ ဆီတွေကို မီးအပူပေးပြီး ခပ်ယူရသေးတယ်။ ဆီကြိတ်ပြီးရင်ရတဲ့ ပဲဖတ်နဲ့ နှမ်းဖတ်တွေကို ကျွန်မတို့မွေးထားတဲ့ မွေးမြူရေးကြက်တွေအတွက် ကြက်စာအဖြစ်သုံးသေးတယ်။ (ကျွန်မတို့က မွေးမြူရေးကြက်တွေလည်း မွေးထားသေးတယ်လေ။ ဒီလောက်လုပ်တာတောင်မှ မိသားစု အဆင်ပြေရုံပဲ ရှိတာပါ။ ဒီလုပ်ငန်းတွေက ကိုယ့်အတွက် သိပ်မကျန်ဘူးထင်ပါရဲ့။) အဲဒီ ဆီချက်တာလည်း တခါလားပဲ လုပ်လိုက်တာပါ။ အမေက တကယ့်စီးပွားရေးသမားလည်း မဟုတ်တော့ ကောင်းနိုးရာရာ အကုန်လျှောက်လုပ်ခဲ့တယ်။
တကယ် အမေ ဇောက်ချလုပ်ခဲ့တာက ငါးခြောက်ကုန်ကူးတာပါ။ ဧရာဝတီတိုင်းဘက်မှာ အမျိုးတွေရှိလေတော့ အဲဒီအမျိုးတွေဆီသွား ငါးခြောက်တွေဝယ် ပြီးရင် ရန်ကုန်နဲ့ လွိုင်ကော်ဘက်မှာ ပြန်ရောင်းတယ်။ သုံးလ တခါလောက် အမေက ခရီးထွက်သွားတတ်တယ်။ ဒီလိုနဲ့ အစိုးရ၀န်ထမ်းဘ၀နဲ့ ကိုယ့်စီးပွားကိုယ်ရှာပြီး လောပိတမှာ နေလာလိုက်တာ ၁၀နှစ်နီးပါးကြာလာလေတော့ ကျွန်မအမေက သူ့သားသမီးတွေအတွက် စဉ်းစားရပါပြီ။ ရန်ကုန်မှာမွေး၊ ရန်ကုန်ဇာတိဖြစ်လျက်နဲ့ တောကြက်၊ တောငှက်လေးတွေဖြစ်လို့ အလွန်ဆုံး ဖြစ်လာလှ မူလတန်းပြဆရာမဘ၀သာ ဖြစ်လေတော့ အလုပ်ထွက်ဖို့စဉ်းစားရတော့တယ်။ ဒီဆုံးဖြတ်ချက်ကိုလည်း အမေကပဲ ချမှတ်တာပါ။ (အဖေကတော့ အနည်းငယ် ချီတုံချတုံဖြစ်ခဲ့တယ်တဲ့။) ရန်ကုန်ကို ပြန်ပြောင်းမယ်၊ အနည်းဆုံးတော့ ကုန်သည်အလုပ် လုပ်နိုင်တယ်ဆိုပြီး တခြားမြို့ကိုလည်း ပြောင်းမပေး၊ အလုပ်ကနေလည်း ထွက်ခွင့်မပေးတဲ့ EPC ကို ကျောခိုင်းလို့ တာ့တာပြခဲ့တာလည်း ကျွန်မအမေရဲ့ ရဲရင့်မှုပါပဲ။
ရန်ကုန်ရောက်မှ အမြင်ကျယ်စွာနဲ့ပဲ အဖေ့သူငယ်ချင်းအများစုက ကိုယ်အရည်အချင်းရှိရင် ရှိသလောက် အခွင့်အရေးပေးခံရတဲ့ နိုင်ငံခြားကို သွားနေကြတယ်ဆိုတာ သိရတယ်။ အဲဒီတော့မှ ကျွန်မအဖေကလည်း အခက်အခဲ မျိုးစုံကြားက တိုင်းတပါးကို ထွက်လာနိုင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မအမေက သားသမီး ငါးယောက်ကို ၁၀တန်းစာမေးပွဲတွေမှာ ထူးထူးချွန်ချွန်နဲ့ အောင်မြင်ဖို့ ပြုစုရင်း တစ်ယောက်ထဲ နေခဲ့ရလေရဲ့။ စီးပွားမရှာရဘဲ သားသမီးတွေကို ထိန်းကျောင်းရချိန်မှာလည်း ကျွန်မအမေက တာဝန်ကျေတဲ့အမေအဖြစ် ရပ်တည်ခဲ့တာပါပဲ။ သားသမီးတွေနဲ့ ရောရောနှောနှောမနေတတ်တဲ့ ကျွန်မအမေက အရမ်းချစ်ဖို့ကောင်းတဲ့ အမေလည်းဖြစ်လာတယ်။ ကျွန်မအမေမှာ ထူးခြားချက်တစ်ခုတော့ ရှိတယ်။ ကလေးသိပ်မချစ်တတ်သလို၊ ကလေး ဝေယျာဝစ္စလုပ်ပေးရတာကိုလည်း မကြိုက်တတ်တာပါ။ သားသမီး ငါးယောက်သာ မွေးထားတယ်။ နို့တိုက်တာကလွဲလို့ ကျွန်မအမေ ဘာမှ မလုပ်ခဲ့ရဘူး။ ကျွန်မအဖေက တယောက်ထဲ ဒိုင်ခံ သားသမီးတွေကို ချစ်ခင်စွာပြုစုလေတော့ ကျွန်မအမေအနေနဲ့ အဖေ့လို ယောက်ျားမျိုးနဲ့တွေ့လို့ တော်သေးတယ်ပဲ ပြောရမယ်။
ခုချိန်မှာတော့ ကျွန်မအဖေရဲ့ပညာ၊ ကျွန်မအမေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျွန်မတို့ တမိသားစုလုံး တစုတဝေးထဲ ပြည်ပနိုင်ငံတခုမှာ နေနေရပြီပေါ့။ ကျွန်မအမေလည်း မနက်ဆို ကျောင်းသွား၊ ရုံးတက်တဲ့ကျွန်မတို့အတွက် စားသောက်ဖို့ ပြင်ဆင်ပေးလို့ စာအုပ်လေးဖတ်ပြီး တယောက်ထဲအိမ်မှာ ကျန်ခဲ့လေရဲ့။ ညနေ ၆ နာရီနောက်ပိုင်း လူစုံတတ်တဲ့ချိန်ဆို အိမ်မှာလည်း အမေ့စကားသံနဲ့စည်ဝေလို့ပဲ။ အမေပြောတဲ့စကားတွေက စိတ်ဝင်စားစရာတွေလည်းပါရဲ့၊ ရယ်စရာလည်း ကောင်းတယ်။ စာအရမ်းဖတ်တော့ စကားပြောကလည်း ကောင်းမှကောင်း။ အမေ့ကို စရင်း၊ နောက်ရင်း ညနေပိုင်းနဲ့ စနေ၊ တနင်္ဂနွေနေ့တွေကတော့ ကျွန်မတို့မိသားစုအတွက် ပျော်စရာအချိန်လေးတွေပါပဲ။
အမေက ကျွန်မတို့မောင်နှမတွေအတွက် မရှိမဖြစ်ပါပဲ။ ကျွန်မတို့မောင်နှမတွေက ဓူဝံကြယ်ကြီးလိုချင်တယ်ဆို အမေက ဘေးနားကနေ ကျွန်မအဖေ မရ ရအောင်ယူပေးနိုင်ဖို့အတွက် အကြံဥာဏ်ပေးလို့ အားဖြည့်ကူညီပေးမှာကတော့ ယုံမှားစရာ မရှိပါဘူးလေ။
(တကယ်တော့ အမေ့အကြောင်းတွေက ပြောလို့မကုန်နိုင်ပါဘူး။ ဒီပို့စ်လေးက အမေ အလုပ်ဘယ်လိုလုပ်ခဲ့တဲ့အကြောင်း ရေးရင်းနဲ့ အမေ့ရဲ့ ချစ်စရာကောင်းတဲ့ အကြောင်းလေးတွေတောင် ထည့်မရေးနိုင်ဘူး။ အဲဒါကြောင့် ပို့စ် ၁၊ ၂ ခွဲပြီး ရေးလိုက်ပါတယ်။)
s0wha1
ကျွန်မချစ်သော အမေ (၂)
Print this post

10 comments:
4 Jul 07, 01:05
မေငြိမ်း: သမီး.. အမေအကြောင်းဖတ်ရတာ ငိုချင်စရာလေး.. နည်းနည်းလေးဆိုတာတောင် တော်တော်ပေါ်နေပီ။
4 Jul 07, 10:52
Chitlaypyay: ဟားဟား စာလုံးပေါင်းမှားသွားတယ်၊ စုံစုံညီညီဖြစ်ရမှာ ညီမလေးပဲပြင်ဖတ်လိုက်နော်
4 Jul 07, 10:51
Chitlaypyay: နောင်နှစ်ပေါင်း၁၂၀ကျော်တိုင်တိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အသက်ထက်ဆုံးပျော်ရွှင်စွာနေသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်
4 Jul 07, 10:50
Chitlaypyay: ညီမလေးရေ comment ရေးလို့မရတာနဲ့ ဒီမှာပဲ ရေးလိုက်တယ်နော်၊ ညီမလေး မေမေကို ပြောလိုက်ပါ သားသမီးတွေဆုံဆုံညီညီနဲ့ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလို့ အမေကိုအရမ်းချစ်တဲ့ သားတွေ သမီးတွေနဲ့
သမီးအမေအကြောင်းဖတ်ရတာ အန်တီ့အမေတောင် သတိရသွားတယ်။ အန်တီကလည်း အဖေကို ပိုချစ်ခဲ့တဲ့ သမီးလေ။
အမယ် အမေ ရိုက်တာတော့ပြောတယ် သူ သမီးကို နှိပ်စက် တာတော့မပြောဘူး
7 Jul 07, 16:50
K: စကားမစပ်..ညီမရဲ့အမေအကြောင်းလေးထဲက..
အတွေးတခုရခဲ့တယ်..နောက်မှရေးဦးမယ်
You said that the highest destiny for students is P.A.T (Primary Assistant Teacher).There are medical doctors, PhD (developed countries), Engineers and other professionals who born in, lived in, studied in Kayah State.
Others can misunderstood about our State education.
Whatever, I'm proud of you for showing up our little State to others
.
Thank you,
ကိုမင်းရှင့်...ဇွန်လ ၃ ရက်နေ့နဲ့ ၅ ရက်နေ့မှာရေးတဲ့ ဒီချိန်ဆို နဲ့ ဒီချိန်ဆို (ဒုတိယပိုင်း) ပို့စ်တွေကို ပြန်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။
http://s0wha1.blogspot.com/2007/06/blog-post_03.html
http://s0wha1.blogspot.com/2007/06/blog-post_05.html
I wrote this comment only after reading all of your posts.
OK, let it be.
ဟုတ်ကဲ့...ဖတ်ပြီးပြီဆိုရင်လည်း ပြောတတ်တော့ဘူး... နယ်ပညာရေးစနစ်ကို နှိမ်ထားတာ မဟုတ်ပေမဲ့ မြို့ပြပညာရေးစနစ်ကိုတော့ ဘယ်လိုမှ မမှီနိုင်တာ သေချာပါတယ်။ ကျွန်မဆိုလိုချင်တာ အဲဒါပါပဲ... လူတွေညံ့တယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ နယ်ဘက်မှာ ရည်ရွယ်ချက် ကြီးမားတဲ့လူ အလွန်ရှားပါတယ်။ လက်ချိုးရေလို့ရအောင်ကို ရေတွက်လို့ရတယ်။ နောက်ပြီး ကျွန်မက လွိုင်ကော်မြို့ပေါ်မှာ နေခဲ့တာမဟုတ်တဲ့အတွက် သိပ်တော့မသိဘူး။ ကျွန်မနေခဲ့ရတဲ့ ရွာပတ်ဝန်းကျင်က လူတွေကိုပဲ ကျွန်မဆိုလိုပါတယ်။ ကျွန်မတို့ လောပိတဘက်မှာတော့ အမြင့်ဆုံးအရည်အချင်းက ၁၀တန်းကို ရိုးရိုးအောင်ပြီး ကျောင်းဆရာမလုပ်ကြတာပါပဲ... ကျေးဇူးတင်ပါတယ်။။။
Thanks for your reply.
Post a Comment