Thursday, July 26, 2007

စိတ်ပျက်ခြင်း များစွာဖြင့်



ကျွန်မ တော်တော် စိတ်ပျက်၊ စိတ်ကုန်နေပါတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောချင်၊ ဘလော့ဂ်မှာလည်း စာမရေးချင်၊ အရင်လို ကိုယ့်ဟာကိုယ် အေးဆေးနေပြီး စာလေးဖတ်လိုက်၊ သီချင်းလေး နားထောင်လိုက်သာ နေချင်ပါတော့တယ်။

ကျွန်မကလည်း ကိုယ်မှန်တယ်ဆိုရင် ဒီနေရာမှာ မှန်တယ်လို့ထင်ရင်လို့ပဲ ပြောရမှာပေါ့။ လူတိုင်းကတော့ ကိုယ်မှန်တယ် ထင်ကြတာပဲ မဟုတ်လား။ ထားပါတော့... ကျွန်မမှန်တယ်ထင်တဲ့ဘက်က ရဲရဲဝံ့ဝံ့နေပြီး အမြဲတမ်း ရပ်တည်တတ်ပါတယ်။ ဘာသိဘာသာ လုံးဝ မနေတတ်တာကတော့ ခုချိန်မှာ တော်တော် မကောင်းတဲ့ အကျင့်လို့ ပြောရမလိုဖြစ်နေပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် ကျွန်မ စိတ်ပင်ပန်းပါတယ်။ ခုလည်း ကြည့်လေ... ညက အသက် ၃၂ နှစ်အရွယ် လူက ပြောလိုက်တာတွေကို ၂၃ နှစ်အရွယ် လူက လက်ခံပြီး ကျွန်မကို လာပြောတာပါ။ ကျွန်မ တခုတော့ ကြိုပြောထားချင်ပါတယ်။ ကျွန်မကို ဒီအယူအဆများ လာပြောသူများဟာ နိုင်ငံရေးဘက်က မဟုတ်သလို၊ တဘက်ခြမ်းကလူတွေလည်း မဟုတ်ပါဘူး။ ဘာမသိ၊ ညာမသိ ရိုးရိုး အရပ်သားများသာ ဖြစ်ကြောင်းပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းလောက် မတော်ပါတဲ့။ ကိုဗဟိန်းက တကယ်တော်ရက်နဲ့ ဗိုလ်ချုပ်လောက် နာမည်မကြီး၊ သမိုင်းမှာ နေရာ သိပ်မရခဲ့ပါတဲ့။ တော်တော် နှမြောဖို့ ကောင်းတယ်လို့ ဆိုပါတယ်။ သူတို့က "အရှေ့ကနေ၀န်းထွက်သည့်ပမာ" စာအုပ်ကို ကိုးကားပြီးလည်း ပြောပါသေးတယ်။ အဲဒီစာအုပ်မှာဆိုရင် ဗိုလ်ချုပ်အကြောင်း ဒီလောက် ပါတာ မဟုတ်ဘူးပေါ့။ ကျွန်မလည်း ကိုယ်သိသလောက် ပြန်ပြောပါတယ်။ အဲဒီစာအုပ်တစ်အုပ်နဲ့တော့ မြန်မာ့နိုင်ငံရေး သမိုင်း မပြည့်စုံပါလို့။ ပြီးတော့ အဲဒီစာအုပ်က ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း အလေးထားရေးထားတာမဟုတ်။ ကျောင်းသားသမဂ္ဂနဲ့ အဲဒီက ဥက္ကဌတွေနဲ့ ကျောင်းသားတွေ အကြောင်းသာ အဓိကထား ရေးတာပါ။ သူရေးတဲ့ခေတ်အချိန်ကလည်း ဗိုလ်ချုပ်က ကျောင်းသား မဟုတ်တော့သလို သမဂ္ဂအတွင်းရေးမှူး၊ ဥက္ကဌ စသည်ဖြင့်လည်း မဟုတ်တော့။ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်သွားခဲ့ပါပြီ။

သူကတော့ လက်မခံပါဘူး။ အဲဒီထဲမှာဆို ဗိုလ်ချုပ်ကို ဒီလောက် ချီးကျူး အသားပေးရေးထားတာ မဟုတ်ဘူးပေါ့လေ။ ပြီးတော့ အဲဒီဗိုလ်ချုပ်တို့ခေတ်တုန်းက ဗိုလ်ချုပ်က ခုလောက် နာမည်မကြီးနိုင်ဘူးဆိုပဲ။ ဒီဘက်ခေတ်ရောက်မှသာ စာတွေမှာ သင်ရ၊ သူ့အကြောင်းတွေ အလေးပေးရေးကြနဲ့ ဗိုလ်ချုပ်ကို မသိသူ မရှိဖြစ်လာတာတဲ့။ မြတ်စွာဘုရား။ ကျွန်မ ဘုရားသာ အကြိမ်ကြိမ် တမိပါတယ်။ ဗိုလ်ချုပ်ကို လူတိုင်း မသိဘူးဆိုတာကို သူက ဘာနဲ့ သက်သေပြလဲဆိုတော့ ကျွန်မ တင်ထားတဲ့ နိုင်ငံတော် လုပ်ကြံမှုမှာ လူသတ်သမားတွေထဲက ရန်ကြီးအောင်တို့က ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူမှန်း မသိဘူးဆိုတာကို ထောက်ပြပါတယ်။ ဒီလောက် အသုံးမကျလို့သာ ဒီလို အမှုမျိုးကို ကျူးလွန်တယ်ဆိုတာ ကျွန်မ ပြောနေစရာတောင်မလိုဘဲ သိသင့်တာပါ။ ဗိုလ်ချုပ်ထက်တော်တဲ့ ခေါင်းဆောင်တွေလည်း အများကြီးပါလို့ ပြောပါသေးတယ်။ ပြောရရင်တော့ ကျွန်မကလည်း သိပ်ရှင်းပြတတ်တဲ့ လူစားမဟုတ်ဘူး။ သူပြောနေတာကို နားထောင်ရင်း၊ ကျွန်မက ပြန်ပြောရင်းနဲ့သာ ဒေါသတွေ ထွက်လာမိတာပါပဲ။ စိတ်ကလည်း ဘယ်လိုမှ ဖြေတွေး တွေးပေးလို့မရပါဘူး။

ပြီးတော့ ဗိုလ်ချုပ်က ကျောင်းသား သမဂ္ဂဥက္ကဌ မဖြစ်ခင် အတွင်းရေးမှူးအရင်ဖြစ်တာပေါ့လေ။ တကယ်အရည်အချင်းရှိရင် ဥက္ကဌ တန်းဖြစ်ရမှာပေါ့တဲ့။ ဘယ်သူက ဥက္ကဌ အရင်ဖြစ်မှာလဲ။ လူထုခေါင်းဆောင်ဆိုတာ ၀ုန်းဆို တန်းဖြစ်လာတာမှ မဟုတ်ဘဲ။ နောက်ထပ် ပြောလိုက်သေးတာက အဲလို အတွင်းရေးမှူးဖြစ်ဖို့ ကိုဗဟိန်းက ဆွဲခေါ်တင်မြှောက်တာဆိုပဲ။ ကျွန်မ သိသလောက် ကျောင်းသား သမဂ္ဂဥက္ကဌ၊ အတွင်းရေးမှူးရွေးတာတွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်တာတွေက ကျောင်းသားအားလုံးနဲ့ မဲခွဲဆုံးဖြတ်တယ်ဆိုတာပါပဲ။ တင်ပေးချင်တဲ့သူက သူ့ဆန္ဒအတိုင်း တင်ပေးလို့မရသလို၊ ခေါင်းဆောင်လုပ်ချင်တိုင်း တက်ခေါင်းဆောင်လုပ်လို့မရပါဘူး။ ပြောသာပြောတယ် သူဘာမှ သေချာမသိ၊ နားမလည်ဘဲ ပြောနေမှန်းက သိသာတယ်။ ဒါပေမဲ့ ဒီလိုလူက ဗိုလ်ချုပ်က သိပ်မတော်ဘဲ နာမည်ကြီးတာပါလို့ ပြောတာကို မခံမရပ်နိုင် ပိုဖြစ်မိတယ်။ ခုလက်ရှိ အခြေအနေအရ ဗိုလ်ချုပ်ရဲ့ နာမည်မှေးမှိန် ပျောက်ကွယ်အောင် လုပ်နေကြတဲ့ကြားထဲ ဒီလိုလူတွေက တမှောင့်ဆိုတော့ ကျွန်မ တော်တော်စိတ်ပျက်ပါတယ်။ ဘယ်သူ့ကို ဒေါသထွက်လို့ ထွက်ရမှန်းလည်း မသိပါဘူး။

နောက်တခု ခက်တာက ကိုဗဟိန်းကို ကျောင်းသားခေါင်းဆောင် တစ်ယောက်ဆိုတာကလွဲလို့ ဒီထက်ပိုပြီး ကျွန်မ မသိခဲ့ပါဘူး။ သူနဲ့ ပတ်သက်တဲ့စာတွေလည်း သိပ်မဖတ်ခဲ့ဖူးတာတော့ ၀န်ခံပါတယ်။ ခုမှ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ သိလာရတာက ကိုဗဟိန်းဟာ ဗိုလ်ချုပ်ထက် ငယ်ပါတယ်။ ဗိုလ်ချုပ် သမဂ္ဂဥက္ကဌဖြစ်ပြီးလို့ နိုင်ငံရေးလောကထဲ ၀င်သွားပြီးမှ ကိုဗဟိန်းက ကျောင်းသားခေါင်းဆောင်ဖြစ်လာတာပါ။ အဲဒီတော့ အရှေ့က နေ၀န်းထွက်သည့်ပမာ စာအုပ်ရေးတဲ့ ခေတ်ကာလက ကျွန်မ စောစောက ပြောသလို ဗိုလ်ချုပ်ဟာ ကျောင်းသား မဟုတ်တော့ပါဘူး။

ကျောင်းသားခေါင်းဆောင်ကိုဗဟိန်းကို တော်တယ်၊ ညံ့တယ် ကျွန်မ ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်က အရည်အချင်းသိပ်မရှိဘဲ တိုင်းပြည်ခေါင်းဆောင် ဖြစ်ခဲ့သယောင်ယောင် ပြောလာတာကို မကျေနပ်လို့ ဒီစာရေးဖြစ်တာပါ။ သူ့နည်းနဲ့သူ့ဟန်နဲ့ ခေါင်းဆောင် တော်တော်များများက တော်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူထုခေါင်းဆောင်ကတော့ ဗိုလ်ချုပ်ပါပဲ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်မှာ ဗမာပြည် လွတ်လပ်ရေးရဖို့ကလွဲလို့ သူ့စိတ်ထဲမှာ ဟိုဝါဒစွဲ၊ ဒီဝါဒစွဲမရှိဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ဘယ်လိုကြိုးပမ်းရမလဲ၊ လွတ်လပ်ရေးရပြီးကာလ တိုင်းပြည်နဲ့လူမျိုးတိုးတက်အောင် ဘယ်လို ကြံဆောင်ရမယ်ဆိုတာပဲ သူတွေးပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးမဖက်တဲ့ ရိုးသားမှု။ ဒါတွေက ခေါင်းဆောင်ကောင်းတွေကြားကနေ ထိုးထွက်ပြီး လူထုခေါင်းဆောင်ရယ်လို့ လူတွေ ချစ်မြတ်နိုးရတဲ့သူ ဖြစ်ခဲ့ရတဲ့အကြောင်းရင်းတွေပါ။

ဗိုလ်ချုပ်ဟာ သူ့ခေတ်သူ့အခါက ခုလောက်တောင် နာမည်မကြီးဘူးလို့ ဘယ်လိုအချက်တွေနဲ့ လာပြောပါသလဲ။ ဗိုလ်ချုပ်မိန့်ခွန်းပြောတဲ့အခါ လာရောက်နားထောင်သူတွေဟာ လူပင်လယ်ကြီးပမာ ရှိတယ်လို့ ပြောရအောင် များပြားလှပါတယ်။ ဓာတ်ပုံတွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ဗိုလ်ချုပ်တို့ကွယ်လွန်တဲ့အခါ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်လို့ တပြီး ၀မ်းပန်းတနည်း ငိုကြွေးကြတာ တတိုင်းပြည်လုံးပါ။ ဗိုလ်ချုပ်ကျဆုံးတာ နှစ် ၆၀ ပဲရှိသေးတဲ့အတွက် သိ၊ မှီသူတွေ လူ့လောကကြီးမှာ အများကြီးကျန်ပါသေးတယ်။ ဗိုလ်ချုပ်ဟာ မြန်မာနိုင်ငံထဲမှာတင် အသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ကောင်း မဟုတ်ပါဘူး။ ကမ္ဘာကပါ အသိအမှတ်ပြုတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီလိုပဲ ဗိုလ်ချုပ်ကိုလည်း ကမ္ဘာသိပါတယ်။ ကမ္ဘာမှာ အသက်ငယ်ငယ်နဲ့ နိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဖြစ်ခဲ့တာ မြန်မာနိုင်ငံက ဗိုလ်ချုပ်တစ်ယောက်ပဲ ရှိပါတယ်။ တကယ်မတော်ဘဲနဲ့ လူထုခေါင်းဆောင်ဆိုတာ ဖြစ်မလာပါဘူး။ သမိုင်းဆိုတာကလည်း မမှန်ဘဲနဲ့ ဖြစ်ပေါ်လာစရာမရှိပါဘူး။ မှတ်တမ်းမှတ်ရာနဲ့ သက်သေသာဓက အခိုင်အလုံရှိတဲ့ အကြောင်းအရာတွေကို သမိုင်းလို့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ပြီးတော့ သမိုင်းကိုသင်တာ မအအောင်လို့ ပြောဖူးပါတယ်။

ကျွန်မပို့စ် ရှည်လာလို့ နောက်နေ့မှ ဆက်တင်ပါဦးမယ်...
တလက်စထဲ မြန်မာကျူပစ်ထဲက ကို icy ရဲ့ အဖြေလေးကိုပါ ကော်ပီပေးလိုက်ပါတယ်။

*** ***** ***

၁၉ ဇူလိုင်ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့တဲ့နောက် အဲ့ဒီနေ့မှာ ကွယ်လွန်သွားတဲ့ အာဇာနည် (၉)ဦး ရှိပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ အဲ့ဒီ အာဇာနည် (၉)ဦးထဲ ရှိတာ မဟုတ်ပါ။

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ စစ်သား၊ အရပ်သား၊ အသည်သား၊ လယ်သမား တွေ တပုံတပင်ပါပဲ။ အညတရ အာဇာနည်တွေ ဖြစ်ခဲ့ကြပါတယ်။

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အကြောင်းပဲ ပြောကြပြီး ကျန် ၈ယောက်က မှိန်နေရတဲ့ အကြောင်းရင်းက ပွင့်ပွင့်လင်းလင်းပြောရရင် သမိုင်းမတူလို့ပါ။

ဗိုလ်ချုပ်ဆိုတာ တစ်တိုင်းပြည်လုံးက အမျိုးသားခေါင်းဆောင်အဖြစ် သတ်မှတ်ထားတဲ့သူ ဖြစ်တယ်။ အစားထိုးစရာ မရှိပါဘူး။

ကျန် အာဇာနည် ၈ ဦးမှာ ရဲဘော်ကိုထွေးလို သာမန်စစ်သားငယ်တစ်ဦး ပါဝင်သလို၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်တို့လို ဗိုလ်ချုပ်ရဲ့ ဆရာများလည်း ပါဝင်ပါတယ်။

သခင်မြဆိုရင် ဗိုလ်ချုပ်ရဲ့ အတွေးခေါ်ပိုင်းဆိုင်ရာမှာ နောက်ကနေ အဓိကထောက်ပံ့ကူညီပေးသူ ဆရာတစ်ဆူအဖြစ် နားလည်ထားပါတယ်။

ဒါပေမယ့် မြန်မာတစ်ပြည်လုံးက လက်ခံထားတာက ဗိုလ်ချုပ်ရဲ့ဆရာတွေ မဟုတ်ပါဘူး။ ဗိုလ်ချုပ် ကိုယ်တိုင်ပါပဲ။ ဒါကို ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုပါတယ်။

အဲ့ဒီ တစ်ပြည်လုံးရဲ့ အားကို ပိုင်ဆိုင်ထားတဲ့ ဗိုလ်ချုပ်ကို ဗိုလ်ချုပ်ရဲ့ ဆရာတွေကိုယ်တိုင်က ခေါင်းဆောင်တင်ပြီး ငါတို့ နောက်လိုက် လုပ်ပါရစေ ဆိုခဲ့ကြရတာပါ။

အရာရာမှာ ခေါင်းဆောင်နဲ့ နောက်လိုက်ဟာ သမိုင်းမတူပါဘူး။

ထိုနည်းတူ ရဲဘော်သုံးကျိပ်လည်း ထိုနည်းလည်းကောင်းပါပဲ။

အဲ့ဒီ အယောက် ၃၀ လုံးက ခေါင်းဆောင်တွေမဟုတ်ပါဘူး။ ကနဦး စွန့်စားသူများ ဖြစ်ပေမင့် ခေါင်းဆောင်ကတော့ ဗိုလ်ချုပ်တစ်ယောက်ထဲပါ။

အာဇာနည်နေ့မှာ ဗိုလ်ချုပ်မကွယ်လွန်ဘဲနဲ့ ကျန် ၈ ဦးပဲ ကျဆုံးခဲ့မယ်ဆိုရင် ၁၉-ဇူလိုင်ဟာ အလားတူ အညတရရဲဘော်တွေ ကျဆုံးခဲ့ရတဲ့ အခြားသောနေ့များလို သာမန်နေ့တစ်နေ့အဖြစ် မြန်မာ့သမိုင်းက ပျောက်ကွယ်သွားခဲ့မှာ ဖြစ်ပါတယ်။

၁၉ ဇူလိုင်မှာ ဗိုလ်ချုပ် ကျဆုံးခဲ့ရလို့ အာဇာနည်နေ့ဆိုတာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ထိုနည်းတူ ဗိုလ်ချုပ်ကို ဖော်ပြရင်း ထိုနေ့က ဗိုလ်ချုပ်နဲ့အတူ ကျဆုံးခဲ့ရသော ဗိုလ်ချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်များအား လေးစားသမှုဖြင့် အာဇာနည်(၉)ဦး အဖြစ် တပါတည်း မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်ပါကြောင်း။

ကျေးဇူး
icy

*** ***** ***

အစက ဒီပို့စ်ကို ဆက်ရေးမလို့...ခုတော့ ရေးချင်တော့ဘူး...ဒီနေရာတင်ပဲ အဆုံးသတ်လိုက်ပါတယ်။

s0wha1

(အန်တီငြိမ်းနဲ့ ကိုဖိုးဇေကိုကျေးဇူးတင်ပါကြောင်း...)

Print this post

4 comments:

P.Ti said...

အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ထက်တော်တဲ့သူတွေ ရှိပါတယ်။ ဒါပေမယ် ဘယ်သူမှ ဗိုလ်ချုပ်လောက် ကိုယ်ကြိုးစွန့် စိတ်ဓါတ်ပြင်းထန်ပြီး လက်တွေ့ ဖြစ်အောင် မလုပ်ခဲ့ကြပါဘူး။ ဗိုလ်ချုပ်ဟာ တော်လည်းတော် ခုနကပြောတဲ့ အရည်အချင်းတွေကြောင့် အင်မတန်တော်ပြီး အတွေ့အကြုံများတဲ့ သခင်မြ၊ ဒီဒုတ်ဦးဘချို တို့လိုလူကြီးတွေက ခေါင်းဆောင်တင်ပြီး နောက်ကထောက်ပံ့ပေးတာပေါ့။
ဗိုလ်ချုပ်ကို လူတွေသိပ်မသိဘူးလို့ ပြောတာကတော့၊ အင်း.. ငါစကားနွားရပြောတယ်လို့ ထင်တာပဲ။
တကယ်တော့ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း ကပဲပြောဘူးပါတယ် သမိုင်းကိုသင်ရတာ မအ အောင်လို့ တဲ့။ s0wha1 ရေ…မှတ်တမ်းမှတ်ရာနဲ့ သက်သေသာဓက အခိုင်အလုံရှိတဲ့သမိုင်း ကိုမသင်ခဲ့ရတဲ့ ငအတွေကတော့ ဒီလိုပဲလိုက်ပြောမှာပဲ။

ခင်မင်းဇော် said...

သံခွာတချက်ပေါက်ရင် တပြည်လုံး မီးဟုန်းဟုန်းတောက်စေ့မယ်လို့ မကွေးရေနံမြေ အလုပ်သမားတွေကို ဟောပြောခဲ့သူက ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပေါ့။
၁၉၃၈ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဌ အဖြစ် ကိုဗဟိန်းတာဝန်ယူခဲ့ပါတယ်။ အမှန်ကတော့ အဲဒီ(၁၉၃၈-၃၉) စာသင်နှစ်မှာ ကိုအောင်ဆန်းကဥက္ကဌပါ။ ဒါပေမဲ့ ပထမနှစ်ဝက်မှာပဲ ကိုအောင်ဆန်းက တို့ဗမာအစည်းအရုံးဝင်ပြီး သခင်အောင်ဆန်း အမည်ခံလိုက်တယ်။ ဒါကြောင့် ဥက္ကဌနေရာက နှုတ်ထွက်ပေးလိုက်ပြီး ကိုဗဟိန်းက ဆက်ခံရတယ် ဖြစ်ပါတယ်။ နောက်...
ကိုဗဟိန်း နှလုံးရောဂါနဲ့ မန္တလေးဆေးရုံမှာ တက်နေစဉ်မှာ ကွန်မြူနစ်ပါတီကို ဖဆပလ ထဲကနေ ထုတ်ပစ်လိုက်ပါတယ်။ အဲဒီအချိန်က ကိုဗဟိန်းဟာ ဗမာပြည်ကွန်မြူနစ် ပါတီ ပေါလစ်ဗျုရိုဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဥက္ကဌ၊ ပြည်သူ့အာဏာ ဂျာနယ်အယ်ဒီတာလည်း ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီကို ထုတ်ပယ်တဲ့သတင်း သူ့ကိုပေးမသိဖို့ ဆရာဝန်က ညွှန်ကြားထားတဲ့အတွက် ဘယ်သူမှမပြောခဲ့ကြပေမဲ့ ပေါင်မုန့်ထုပ်တဲ့ ပြည်သူ့ဟစ်တိုင်သတင်းစာ တရွက်ကနေ သူသိသွားတယ်လို့ ပြောကြပါတယ်။ အဲဒီနောက် ရောဂါက မသက်သာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ (ဘာကြောင့်ထုတ်ရတယ်ဆိုတာတော့ ရှင်းပြရရငှ်ရှည်ဦးမယ်။) ထားလိုက်ပါတော့။ သူသာမကွယ်လွန်ခဲ့ရင် ကွန်မြူနစ်ပါတီရဲ့ သခင်သန်းထွန်းနဲ့ သခင်စိုး အကွဲ ဘယ်ဖက်မှာ ရှိမလဲ စဉ်းစားစရာပါပဲ။
အန်တီတယောက်ထဲ အနေနဲ့တော့ ဗိုလ်ချူပ်အောင်ဆန်းဟာ တိုင်းပြည် တမျက်နှာပဲကြည့်တယ်။ တိုင်းပြည်အတွက်ဆိုရင် ဘယ်သူ့မျက်နှာမှ မထောက်ပဲ ပြတ်ပြတ်သားသား လုပ်နိုင်တယ်ဆိုတာကို ဖဆပလက ကွန်မြူနစ်ပါတီကို ထုတ်ပစ်ခဲ့တဲ့ အချက်ကနေ မြင်တွေ့ ခဲ့ရပါတယ်။ ဒီလိုစိတ်ဓါတ်ကြောင့်ပဲ တတိုင်းပြည်လုံးက တမျိုးသားလုံးက တကမ္ဘာလုံးက လေးစားရတဲ့ ခေါင်းဆောင်အဖြစ် တက်လှမ်းနိုင်ခဲ့တယ်လို့ မြင်ပါတယ်။
မြန်မာ့သမိုင်းမှာ ပေါ်ထွက်ခဲ့တဲ့ ခေါင်းဆောင်တိုင်းဟာ အရည်အချင်း ရှိသူတွေချည်းပါ။ ဒါပေမဲ့ နိုင်ငံရေး ဆိုတာ တိမ်တောင်သဖွယ် မင်းရေးကျယ်သတဲ့။ အခြေအနေ အချိန်အခါတွေအလိုက် အရောင်အမျိုးမျိုး ပုံပန်းအမျိုးပြောင်းလဲ သွားကြတာပါပဲ၊
(ဒဂုန်တာရာရဲ့ ဖျတ်ကနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ စာအုပ်ကို မှီငြမ်းပါသည်)

Chit Lay Pyay said...

ဟိုက်...... ပေါင်ချိန်ပြောသလို ဒိလိုကိစမျိုးရှိလား လို့သာပြောချင်ပါတော့တယ်၊ ဒီလို လူမျိုးလဲ ရှိပါသေးလားလို့ ပဲ ရေရွတ် နေတော့မယ်၊ ဘာမှကို မပြောလိုတော့ပါ၊ ညီမလဲ အချိန်ကုန်ခံပြီး ပြောမနေပါနဲ့တော့ ၊သူ့ယူဆချက်နဲ့ သူရှိပါစေ၊

M.Y. said...

သခင်တွေ..ခေါင်းဆောင်တွေ.ဆိုတာ.လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် ခဲ့တာ ဘယ်သူမှငြင်းမရပါဘူး။မြင်းခွာတစ်ချက်ပေါက်ရင်မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတဲ့ စိန်ခေါ်ချက်ကတစ်ကယ့်ကို ရဲရဲတောက်လို့ သမိုင်းက မှတ်ကျောက်တင်ထားပြီးပြီဘဲ..

ဗိုလ်ချုပ်ကိုယ်တိုင်ကလဲ ငါသာအတော်ဆုံးရယ်လို့ မိန့်  ခွန်းချွေသွားဘယ်မှာမှမတွေ့  မိပါလား။ ပြီးတော့နာမည်ကြီးအောင်ရည်ရွယ်ပြီးတမင်လုပ်ခဲ့ တဲ့သခင်ဆိုတာရှိခဲ့ရင်တော့ အဲဒိသခင် တစ်ခုခုမှားနေပါ ။ အားလုံးက သမိုင်းကမှတ်ကျောက်တင်ထားတာချည့်ပါဘဲ။ ၀န်ကြီးချုပ်ချာချီ နဲ့ ဗြိတိသျှခေါင်းဆောင်တွေ၊ကမ္ဘာ့ခေါင်းဆောင်တွေ၊ ပင်လုံတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဗိုလ်ချုပ်အောင်ဆန်း အပေါ်သုံးသပ်ချက်တွေ ၊ မှတ်ကျောက်တင်ထားတာတွေ ကိုလေ့လာခိုင်းလိုက်ပါ။ နေ၀န်းထွက်သည့်ပမာ ဆိုတာ ကျွန်တော် ၁၂ နှစ်သားကထဲက ဖတ်ခဲ့ဖူးပေမယ့် တစ်ခါမှအဲလို အမြင်ပေါ်မလာခဲ့ပါ။
မောင်ရင်

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*