Saturday, March 29, 2008

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား



(Reader’s Digest, July 1957) မှ ဆရာ ဖေမြင့် ဘာသာပြန်ထားကို ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။

*****


လက်(စ)ပေါလ်
(Les Paul)
အမေရိကန် ဂစ်တာသမား။

၁၉၁၆တွင် ၀စ္စကွန်ဆင်ပြည်နယ် ဝေါ်ကီရှာမြို့၌ မွေးဖွားသည်။

ရေဒီယို၌ ကျေးလက်တေးများ တီးခတ်သီဆိုရင်း စတင် နာမည်ရခဲ့သည်။ ထို့နောက် ဂျပ်ဇ်ဂီတဘက်သို့ ကူးပြောင်းကာ လက်(စ)ပေါလ် သုံးယောက်ဝိုင်းကို ဖွဲ့စည်းသည်။ ၁၉၃၈ မှ ၁၉၄၁ အတွင်း နာမည်ကြီး ဖရက်(ဒ)၀ါရင်းအဖွဲ့နှင့် လိုက်ပါ ဖျော်ဖြေရင်း သုံးယောက်ဝိုင်း ပို၍ လူသိများလာသည်။ ၁၉၄၂တွင် ဟောလိဝုဒ်သို့ ရောက်သည်။

၁၉၅၀ ကျော်နှစ်များအတွင်း သူ အထူးကျော်ကြား အောင်မြင်လာသည်။ အဓိကက ဇွဲနပဲကြီးကြီးနှင့် ဆောင်ရွက်ခဲ့သည့် သူ၏ စမ်းသပ်တီထွင်မှုများကြောင့် ဖြစ်သည်။ ဂစ်တာဖြင့် မာလတီပယ် ရီကော့ဒင်းများ သူ စတင်ပြုလုပ်သည်။ ဆောလစ် လော့ဂ် ဂစ်တာကို တီထွင်သည်။ လျှပ်စစ်ဂစ်တာ ရေပန်းစားအောင် သူကြိုးပမ်းခဲ့သည်။

ဇနီး မေရီဖို့ဒ်နှင့် တွဲဖက်၍ ထင်ရှားသော ဓာတ်ပြား အချပ်ပေါင်းများစွာ သွင်းခဲ့ပြီး ရုပ်မြင်သံကြားတွင်လည်း နှစ်ပေါင်းအတော်ကြာအောင် ပူးတွဲ တင်ဆက်ခဲ့သည်။ နောက်ပိုင်းကာလ၌ လျှပ်စစ်ဂစ်တာအား ပို၍ ပီပြင်ထက်မြက်သော တူရိယာပစ္စည်း ဖြစ်အောင် မွမ်းမံပြုပြင်သော အလုပ်ကိုပင် နှစ်မြှပ်လုပ်ကိုင်ခဲ့သည်။

"ကိုယ် တကယ် လုပ်မကြည့်သေးဘဲနဲ့ ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့"

*****

ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်။

"မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား"

အဲသည်နေ့တုန်းက အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မ၀င်စား။ နေ့လယ်စာ စားရန် သူတို့ နားကြသည့်အချိန် ဆံပင်ဖြူကျိုးကျဲနှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေး ထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော် အံ့သြသဘောကျကာ ငေးကြည့်နေမိသည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းသားလေးပဲ ရှိသေးသည်။ ကျွန်တော့် စိတ်ထဲတွင် "ငါသာ ဒီလိုမှုတ်တတ်ရင် သိပ်ကောင်းမှာပဲ" ဟုတွေးနေမိသည်။

သည်အခိုက် အလုပ်သမားကြီးက ဘာဂျာကို ကျွန်တော့်ဆီ ရုတ်တရက် ထိုးပေးသည်။
"လုပ်ကွာ ချာတိတ် ၊ မှုတ်ကြည့်စမ်း"
"ကျွန်တော် မမှုတ်တတ်ဘူး ခင်ဗျ" ကျွန်တော်က ငြင်းသည်။
လူကြီးက ကျွန်တော့်ကို တချက်စိုက်ကြည့်သည်။
ပြီးတော့မှ "ဘယ်ဟုတ်မလဲ ကလေးရ၊ မှုတ်သာကြည့်စမ်းပါ၊ တော်ကြာတော့ မင်းကျွမ်းသွားမှာ" ဟုဆိုသည်။
အဲသည်နောက် သူက ကျွန်တော့်တသက်တာအတွက် တန်ဖိုးအရှိဆုံး စကားတစ်ခွန်းကို ဆိုသည်။
"ကိုယ် တကယ်လုပ်မကြည့်သေးဘဲနဲ့ ကျွန်တော်လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့ကွ" ဟူ၍။

တနေ့မှာ စန္ဒရားဆရာက အမေ့ထံ စာတစ်စောင် ကျွန်တော်နှင့် ပေးပါသည်။ စာက ကျွန်တော်နှင့် ပတ်သက်၍ မညှာမတာ ရေးထားသည့်စာ။
"ခင်ဗျားရဲ့သား လက်စတာဟာ ဂီတပညာ ဘယ်တော့မှ သင်လို့ တတ်မှာ မဟုတ်ဘူး၊ ကျွန်တော် သူ့ကို နောက်ထပ် မသင်နိုင်တော့ပါ" တဲ့။
သည်စာ ဖတ်ပြီးနောက် အလုပ်သမားကြီး ပြောခဲ့သောစကားကို ကျွန်တော် ပြေးသတိရသည်။

စင်စစ် ကျွန်တော်နောက်မဆုတ်ချင်ပါ။ ကျွန်တော်ဂီတပညာ သင်၍ မရနိုင်ဆိုတာ သေချာအောင်မှ စမ်းသပ်မကြည့်ရသေးတာ။ သင်လို့ရတယ်ဆိုတာ သက်သေပြနိုင်အောင် ငါ ကြိုးစားမယ်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။

အဲသည်နှစ်မှာ ကျွန်တော် ကိုယ့်ဘာသာ ဂစ်တာအတီး သင်သည်။ ကျွန်တော့်အိမ်နားမှာ ဂစ်တာသမားတစ်ယောက်ရှိရာ အဲသည်လူ တီးသည့်အခါ ဘေးက အသေအချာကြည့်ပြီး ကြိုးခြောက်ကြိုးပေါ်မှာ လက်ချောင်းလေးတွေ ဘယ်အနေအထား ထား၍တီးလျှင် ဘယ်အသံထွက်သည်ဆိုတာ မှတ်သားကာ ၄င်းအတိုင်း ထပ်တူလိုက်တီး ကြည့်ခြင်း ဖြစ်သည်။ သင်ယူရသည့်ချိန်တာက ရှည်ကြာလှပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖို့တော့ ကိုယ် ပိုင်ပိုင်နိုင်နိုင် တီးခတ်နိုင်မည့် တူရိယာပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက်နှစ်ဆယ် အရွယ်မှာ ကျွန်တော်က ကျွန်တော့် ဂျပ်ဇ်ဂစ်တာကို ပင်တိုင်ထားပြီး သုံးယောက်ဝိုင်းတစ်ခု ဖွဲ့စည်းသည်။ ပြီး အောင်မြင်ကျော်ကြားလာရမည်ဟူသော ရည်မှန်းချက်နှင့် နယူးယောက်သို့ တက်ခဲ့ကြသည်။ သို့သော် နယူးယောက်ရောက်တော့ နာမည်ကြီးတီးဝိုင်းခေါင်းဆောင်တွေက ကျွန်တော်တို့လို ရွက်ပုန်းသီး ပညာသည်တွေကို ကောင်းကောင်းပင် မဆက်ဆံချင်ကြတာ ကျွန်တော်တွေ့ရသည်။ ကျွန်တော်တို့ လက်သံကို မြည်းစမ်းကြည့်ဖို့ပင် အချိန်မပေးနိုင်လောက်အောင် သူတို့အလုပ်များနေကြသည်။

တနေ့ ဘရော့ဒ်ဝေး သဘင်ဂီတ လမ်းမ အဆောက်အဦးကြီးတစ်ခု၏ ကော်ရစ်ဒါမှာ ကျွန်တော်တို့သုံးယောက်အဖွဲ့ ထိုင်စောင့်နေဆဲ နာမည်ကြီး ပင်ဆီလ်ဗေးနီးယင်းအဖွဲ့၏ ခေါင်းဆောင် ဖရက်(ဒ)၀ါရင်း ဓာတ်လှေကားဆီသို့ လျှောက်သွားတာ ကျွန်တော်လှမ်းမြင်သည်။ ရုတ်တရက်ပင် ကျွန်တော် သည်လူ့ကို သည်နေရာမှာပဲ တီးပြလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ကျွန်တော့်အဖွဲ့သားတစ်ယောက်က လန့်သွားသည်။
"ဟ ဒီနေရာကြီးမှာ ဖြစ်ပါ့မလားကွ"ဟု ဆိုသည်။
"တကယ်ဖြစ်၊ မဖြစ် သေချာအောင် စမ်းကြည့်တာပေါ့ကွာ" ကျွန်တော်ပြောရင်း ဂစ်တာကို ကောက်ကိုင်လိုက်သည်။
ကံအားလျော်စွာ ဓာတ်လှေကားကလည်း ကြာနေသည်။ ကျွန်တော်တို့လက်သံကို ကြားရသောအခါ ဖရက်(ဒ) အံ့အားသင့်သွားသည်။ ဓာတ်လှေကား ရောက်လာ၍ လှေကားထဲ သူမ၀င်မီမှာပင် ကျွန်တော်တို့ "လက်(စ)ပေါလ် သုံးယောက်ဝိုင်း" ကို သူငှားရမ်းပြီး ဖြစ်သွားလေသည်။

ထို့နောက် နှစ်ပေါင်း အတော်ကြာအောင် ကျွန်တော် ညစဉ်ညတိုင်း ဂစ်တာကို အမျိုးမျိုးအဖုံဖုံ တီထွင်စမ်းသပ် တီးခတ်နေခဲ့သည်။ သည်တူရိယာပစ္စည်း တကယ်ထူးခြား ပေါ်လွင်လာအောင် မြှင့်တင်ပေးနိုင်မည့် နည်းနာများ ကျွန်တော် မပြတ်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဂစ်တာတစ်လက်တည်းနှင့်ပင် ဂစ်တာများစွာပါဝင်သော သံစုံတီးဝိုင်းကြီးတစ်ခုမှ ထွက်လာသည့်အသံမျိုး ရအောင် ဖန်တီးရန် နည်းလမ်းကို ကျွန်တော် တွေ့ရှိခဲ့သည်။ တေးသီချင်းတစ်ပုဒ်အတွက် ရစ်သမ်၊ မယ်လိုဒီ၊ ဟာမိုနီ၊ ဘက်ဂရောင်း စသည်တို့ကို တခုချင်း သီးခြားစီ တီးခတ်ပြီး အသံသွင်းယူသည်။ ထို့နောက် ၄င်းဓာတ်ပြားများအားလုံးမှ အသံစုံကို ဓာတ်ပြားတစ်ချပ်တည်းသို့ ပြောင်းရွှေ့ထည့်သွင်းသည်။ ဤသည်ကား ယခုအခါ မာလတီပယ်(Multiples)ဟု လူသိများနေပြီ ဖြစ်သည့်နည်း ဖြစ်ပါသည်။

ပထမဆုံး မာလတီပယ်လ် ဓာတ်ပြားများ သွင်းရန် ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုဖြစ်ပြီးနောက် မိသားစုထံ အလည်ပြန်ခဲ့သည်။ အိမ်မှာ ကောင်းကောင်းအနားယူပြီး အပြန်လမ်းတွင် ကားဘီးချော်ပြီး လမ်းဘေး ထိုးကျသည်။ ဆီးနှင်းတွေထဲမှာ ရှစ်နာရီလောက် ကြာပြီးမှ ကျွန်တော့်ကို တွေ့ကြကာ လူနာတင်ယာဉ်နှင့် ဆေးရုံသို့ ယူဆောင်ကြသည်။

ဆေးရုံက လူနာမှတ်တမ်းမှာ ရေးသားထားသည့် ကျွန်တော့် ထိခိုက်ဒဏ်ရာစာရင်းက ကြောက်စရာ ရှည်လျားလွန်းလှသည်။ ကျောရိုးဆစ် တချို့ ကျိုးသွားသည်။ ပခုံးနှစ်ဖက်လုံး ကျိုးသွားသည်။ နှာခေါင်းရိုး ကျိုးသည်။ ညာဘက် လက်မောင်းရိုးက သုံးနေရာတိတိ ကျိုးသွားသည်။ အဲသည်နောက် နံရိုး အတော်များများ၊ တင်ရိုးခွေ၊ ပြီးတော့ ခြေထောက်နှစ်ချောင်းလုံး။

တနေ့ နံနက်မှာ ဆရာဝန်တွေ ကျွန်တော့် ညာလက်မောင်းရိုးက ကျိုးကြေသွားတာတွေ သိပ်များနေသဖြင့် ပြန်လည်ပြင်ဆင်နိုင်ဖို့ အလွန်ခဲယဉ်းနေကြောင်း သုံးသပ်ကြသည်။ သည်လက်ကို ဖြတ်ပစ်လိုက်တာ အကောင်းဆုံးဖြစ်လေမလား သူတို့ ဆွေးနွေးကြသည်။

သူတို့ ပြောဆိုကြသည့် စကားများ၏ အနက် အဓိပ္ပာယ် အပြည့်အ၀ကို သေချာစွာ စေ့ငုနေမိသည့်အချိန် အခန်းထဲမှာ ကျွန်တော် နောက်ထပ် ဘာသံမျှ မကြား။ ကျွန်တော် စဉ်းစားနေမိသည်က လက်မောင်းရင်းကသာ ဖြတ်မည်ဆိုလျှင် ကျွန်တော့် ဂစ်တာသမားဘ၀ ဆုံးပြီ။ ကျွန်တော်ကြိုးစားခဲ့သမျှ သဲရေကျပြီ ဆိုတာပဲ ဖြစ်သည်။ ခုတင်ပေါ်မှာ လဲလျောင်းရင်းကပင် အတိတ်ကာလဆီသို့ ကျွန်တော် လွင့်မျောရောက်ရှိသွားသည်။ ဘာဂျာဟောင်းလေးကို မှုတ်နေသည့် မြောင်းတူးအလုပ်သမားကြီးဆီသို့။ ယခုအချိန်ထိ ကျွန်တော် ရရှိခဲ့သမျှ အောင်မြင်မှုသည်လည်း သူပေးသည့် အကြံဉာဏ်အတိုင်း လိုက်နာခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ဆံဖြူကျိုးကျဲနှင့် သူ့ရုပ်သွင်ကို ကျွန်တော်ပြန်မြင်လာသည်။ သို့နှင့် ကျွန်တော့်ခုတင်နှင့် အနီးဆုံးမှာရှိသည့် ဆရာဝန်ကို လှမ်းပြောသည်။
"ကျွန်တော် ပြောပါရစေဆရာ၊ ဒီလက်မောင်းကို ဆရာတို့ တတ်နိုင်သမျှ ကြိုးစားကြည့်ကြပါဦး။ လုံးဝ မရတော့ဘူးဆိုတာ သေချာတော့မှပဲ မရဘူးလို့ လက်လျှော့ကြရအောင်လား ဆရာ’"

သည်နောက်မှာတော့ ကျွန်တော့်လက်မောင်းကို အကြိမ်ကြိမ် အထပ်ထပ် ခွဲစိတ်ကြသည်။ ခြေထောက်က အရိုးကို လက်မောင်းဆီ ဆက်ပွားနိုင်ပြီးတော့မှသာ လက်တစ်ချောင်းလုံး ဖြတ်ပစ်ရတော့မည့် အန္တရာယ်မှ လွတ်မြောက်သွားတော့သည်။ သို့သော် တံထောင်ဆစ်နေရာမှာ ပြဿနာကျန်နေသေးသည်။ တံထောင်ဆစ်နားတွင် အရိုးတွေ ကြေမွသွားသည်ဖြစ်ရာ အဲသည်နေရာတွင် သတ္တုပြားတစ်ခု အစားထိုးပြီး ပြန်လည်တည်ဆောက်ရသည်။ သည်နေရာမှာ အကွေးအဆန့်လုပ်၍ ရမည်မဟုတ်တော့။ ကွေးလျှင် အကွေးအတိုင်း၊ ဆန့်လျှင် အဆန့်အတိုင်း တသမတ်ရှိတော့မည်ဖြစ်ရာ ဆရာဝန်များအား ကျွန်တော် ဂစ်တာတီးရန် အဆင်ပြေသည့် အနေအထားအတိုင်း ထားပေးရန် မေတ္တာရပ်ခံလိုက်သည်။

တကယ် ဂစ်တာတီး၍ ရ၊ မရ သေချာအောင်ကား တစ်နှစ်ခွဲလောက် ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ သို့သော် မရဘူး ဆိုတာ မသေချာမချင်း လက်မလျှော့ဘူးဟူသော မူဝါဒကို လက်ကိုင်ထားသူပီပီ အဲသည် စောင့်ဆိုင်းနေရစဉ် ကာလအတွင်းမှာ တေးသွားတွေ၊ တီးကွက်တွေကို ခေါင်းထဲမှာပဲ စဉ်းစားသည်။ စီစဉ်သည်။ အမျိုးမျိုးအဖုံဖုံ စမ်းသပ်တီးခတ်ကြည့်နေသည်။

တဖြည်းဖြည်း ကျွန်တော့်ခေါင်းထဲမှာ ဧရာမ လောင်းပလေး ဓာတ်ပြားကြီး တစ်ချပ် တည်ဆောက်မိလာသည်။ ကျွန်တော်ဂစ်တာ သေသေချာချာ ပြန်ကိုင်နိုင်သည့်အချိန် တီးခတ်မည့် ဂီတသံစဉ်တွေအားလုံး သည်ဓာတ်ပြားကြီးထဲမှာ သိုမှီးထားသည်။ သည်လိုနှင့် နောက်ဆုံး ကျောက်ပတ်တီး ဖြည်ရမည့်အချိန် ဆိုက်ရောက်လာပါသည်။

အဲသည်နောက်တွင် လုံးဝ အချိုးမကျဖြစ်နေသော ကျွန်တော့်ညာဘက်လက်ကို အရင်တုန်းက သူတတ်ခဲ့သမျှတွေ ပြန်လုပ်တတ်အောင် ခဲယဉ်းပင်ပန်းစွာ ပြန်လည်သင်ကြားခြင်း ပြုရပါသည်။ ထို့နောက် သုံးယောက်ဝိုင်းတစ်ခု ထပ်မံ ထူထောင်ကာ နယ်ပွဲစဉ်များ စတင်သည်။

သည်လိုလုပ်ဖြစ်ရန်အတွက် ကျွန်တော် အတော်ကြီး သတ္တိမွေးခဲ့ရသည်။ ဇွဲကြီးကြီးနှင့်လည်း အားထုတ်ခဲ့ရပါသည်။ ယခင်ပုံမှန်အနေအထား ရောက်အောင် ကျွန်တော်ပြန်လုပ်နိုင်၊ မလုပ်နိုင် ဆိုသည်က စင်ပေါ် တကယ်တက်ကြည့်မှ သေချာပေါက် သိနိုင်မည် မဟုတ်လား။

တစ်မြို့ပြီး တစ်မြို့၊ တစ်ပွဲပြီး တစ်ပွဲ ဆက်တိုက်ကူးကာ တစ်နှစ်လောက်ကြာအောင် ကျွန်တော်ထွက်ခဲ့သည်။ အလွန်ပင်ပန်းသည်။ သို့သော် အဲသည်ပြင်းထန် ကြမ်းတမ်းလွန်းသော ခရီးစဉ်က အကျိုးရလဒ် ကြီးမားခဲ့သည်။ ထိခိုက်ဒဏ်ရာ မရမီက လက်ကို မီအောင် ကျွန်တော် ပြန်လည် တီးခတ်လာနိုင်ခဲ့သည်။

ကျွန်တော် ဓာတ်ပြားတွေ ပြန်သွင်းဖြစ်သည်။ သည်အခါမှာတော့ ကျွန်တော့် ဂစ်တာသံမှာ ဇနီးသည် မေရီဖို့ဒ်၏ အဆိုပါ တွဲဖက် ပါဝင်လာပြီ။ ကျွန်တော့်တို့ ဇနီးမောင်နှံ၏ ဓာတ်ပြားတွေကို တကမ္ဘာလုံးက နှစ်ခြိုက်စွာ နားသောတ ဆင်ကြသည်။ ဓာတ်ပြား ချပ်ပေါင်း ၁၇ သန်းကျော်မျှ ၀ယ်ယူအားပေးခဲ့ကြသည်။ အတိုင်းတိုင်း အပြည်ပြည်က လူငယ်များလောကတွင်လည်း ဂစ်တာ ဆိုသော တူရိယာပစ္စည်းက အကြီးအကျယ် ရေပန်းစားကာ အားတက်သရော လေ့ကျင့်တီးခတ်လာခဲ့ကြသည်။

*****

များမကြာမီကမူ မိတ်ဆွေ ဂီတသမားတစ်ယောက် ကျွန်တော့်နည်းတူ ဆိုးဆိုးဝါးဝါး ထိခိုက်အနာတရ ဖြစ်သည့်အကြောင်း ကြားသိရသည်။ သူက စန္ဒရားသမား ဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် စန္ဒရားလုံးဝ မတီးနိုင်တော့ပြီ။ ဂီတပညာရှင်ဘ၀ကို စွန့်လွှတ်ရတော့မည်ဟု ကြားရသည့်အခါ ကျွန်တော် သူ့ကို စာတွေ အစောင်စောင်ရေးကာ ဂီတကို မစွန့်လွှတ်ဖို့၊ ပြန်လည်ကြိုးစားကြည့်ဖို့ တိုက်တွန်းသည်။

"ကျွန်တော် မတတ်နိုင်တော့ပါဘူးဗျာ" သူ့ထံမှ စိတ်ပျက်စွာ အကြောင်းပြန်လာသည်။
"မတတ်နိုင်တော့ဘူးဆိုတာ သေချာလား၊ သေချာအောင် ခင်ဗျား စမ်းကြည့်ပြီးပြီလား" ဟူ၍ပဲ ကျွန်တော် ထပ်တလဲလဲ ပြန်မေးသည်။

နောက်ဆုံးတော့ ကျွန်တော့်တိုက်တွန်းမှု အောင်မြင်သွားသည်။ သူ စန္ဒရား ပြန်တီးသည်။ မျှော်လင့်ချက် ကင်းမဲ့သော အနေအထားမှနေ၍ တောက်ပသော အနာဂတ်တစ်ခု သူ ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။

*****

သည်လိုပဲ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကျွန်တော်တို့ဘ၀တွေမှာ အုတ်နံရံကြီး ကာဆီးထားသလို ခက်ခဲသော အနေအထားမျိုး ကြုံရတတ်ပါသည်။ ဖြေရှင်းရန် နည်းလမ်းမရှိတော့ပြီဟု ထင်ရသည့် ပြဿနာမျိုး။ ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး။

သည်အနေအထားမျိုး ကြုံရသောအခါ ငါ မတတ်နိုင်ဟု အလွယ်တကူ မပြောပါနှင့်။ ငါ မတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့ စမ်းကြည့်ပါ။ မတတ်နိုင်တာ တကယ်သေချာပါပြီ ဆိုတော့မှသာ လက်လျှော့ပါ။

ကျွန်တော်ကိုယ်တိုင် အနေနှင့်မူ ငယ်စဉ်က တွေ့ဖူးသည့် မြောင်းတူးသူအလုပ်သမားကြီး၏ ကျေးဇူးကြီးမားလှသော သြ၀ါဒစကားကို လိုက်နာခဲ့သည့် အကျိုးကြောင့် ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာ ဖိတွန်းလျှင် တချိန်မှာ ပြိုလဲသွားနိုင်သည်ဆိုတာ တွေ့မြင် သိမြင်ခဲ့ပြီဖြစ်ပါသည်။


Wednesday, March 26, 2008

ဘဝ



မဖြစ်သင့်ဘူး၊ မဖြစ်နိုင်ဘူးဆိုပြီး ငြိမ်နေတာထက်
ဖြစ်ချင်တာကို ထလုပ်ကြည့်တာ မကောင်းဘူးလား။
ရွေးချယ်ခွင့်နည်းတဲ့ ဘ၀မှာ
စိတ်ဆိုး၊ စိတ်ညစ်၊ ၀မ်းနည်း အားငယ်...
ပြီးတော့ (တခါတလေ) တက်ကြွ၊ ပျော်ရွှင်၊ ကြည်နူး။


ဒီအချိန်မှာ ကိုယ့်အတွက် မရှိမဖြစ်လို့ ထင်နေတဲ့ အရာတခုဟာ
နောင်တချိန်မှာ ဘာမှ မဟုတ်တော့ဘူးဆိုတာ သိလိမ့်မယ်တဲ့။
ဒီလိုနဲ့ပဲ ခေါင်းရှုပ်ခဲ့ရပေါင်း များနေပါပြီ။
တွေဝေ၊ ဒွိဟ၊ ချီတုံချတုံ...
နောက်ဆုံးတော့ ငါ ဒီဘ၀မှာ မနေပျော်ခဲ့တာ ကြာပြီ။ ။

Face your past without regrets.
Handle your present with confidence.
And prepare for the future without fear!
အဲဒီစကားလုံးတွေအတိုင်း ကျင့်သုံးနိုင်ရင်လည်း ကောင်းသား...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Thursday, March 20, 2008

ဘ၀ လက်တွဲဖော်



မချစ်လေပြေက ကျွန်မကို လက်တွဲဖော် အကြောင်းရေးဖို့ တက်ဂ်ထားတာကြာပြီ။ ဒါပေမဲ့ ကျွန်မက ဘာရေးရမှန်းမသိလို့ ခုမှ ရေးဖြစ်တာ။ မလေပြေက အွန်လိုင်းလည်း မတက်၊ သူ့ဘလော့ဂ်ကိုလည်း ပိတ်ထားတော့ ဘယ်လိုရေးထားမှန်း မသိရ ဖြစ်နေရာက နောက်ဆုံး ဖုန်းနဲ့ မက်ဆေ့ခ်ျပို့ပြီး လှမ်းမေးလိုက်ရတော့တယ်။ အဲဒါနဲ့ ကိုစိုးထက်မနုစံမလေးမ စတဲ့ ဘလော့ဂါတွေရဲ့ ပို့စ်တွေ ဖတ်ပြီးသကာလ ကိုယ်ရေးချင်တာ ကောက်ရေးမိပါတယ်။


ဘ၀လက်တွဲဖော်ဆိုတာကို ဘယ်လို စိတ်ကူးနဲ့ စဉ်းစား ရွေးချယ်မလဲဆိုတာ တော်တော် ဖြေရခက်တယ်။ ဘာလို့လဲဆိုတော့ ဘယ်တုန်းကမှ သေချာ မစဉ်းစားမိလို့ပဲ။ ဒါပေမဲ့ ကိုယ့်ချစ်သူက ဘယ်လိုမျိုး ဖြစ်ရမယ်ဆိုတာမျိုးတော့ ၁၉၊ ၂၀ အရွယ်တုန်းက တွေးမိတာလေးတွေ ရှိတယ်။ ခပ်ငယ်ငယ် အရွယ်က အတွေးတွေဆိုတော့ (ကျွန်မအတွက် ခုချိန်ထိ သိပ်မပြောင်းလဲသေးပေမဲ့) သူများတွေအတွက် ရယ်စရာ ဖြစ်နေမလားပဲ။

အမှတ်စဉ်ထိုးပြီး ကျွန်မ ချရေးထားပေမဲ့ အားလုံးဟာ တပြေးညီထဲ ကျွန်မ တန်ဖိုးထားတဲ့အရာတွေပဲ ဖြစ်ပါတယ်။ အမှတ်စဉ် ၁ က အရေးအကြီးဆုံး မဟုတ်သလို အမှတ်စဉ် ၉ ကလည်း အရေးသိပ်မပါတာမျိုး မဟုတ်ပါဘူး။

၁။ ကျွန်မ ချစ်သူက လက်ရေး လှရမယ်။
ကျွန်မ ကိုယ်တိုင်က လက်ရေးမလှပေမဲ့ ကျွန်မချစ်သူ/ဘ၀ လက်တွဲဖော် ကိုတော့ လက်ရေးလှတဲ့သူပဲ ဖြစ်စေချင်ပါတယ်။ ကိုယ့်ချစ်သူစာလေး ဖတ်ပြီး ကြည်နူးရမဲ့အစား လက်ရေးစုတ်နဲ့စာတွေကို မနည်း လိုက်ဖတ်နေရမယ်ဆိုရင် မနိပ်သေးဘူးလို့ တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကံကောင်းပါတယ်။ လက်ရေးလှတဲ့သူတွေနဲ့ပဲ တွေ့ရလို့။ သူကလည်း လက်ရေး အရမ်းလှတယ်။ နောက် ကြုံမှ သူ့လက်ရေးကို စကန်ဖတ်ပြီး ကြွားတော့မယ် သိလား။ :P

၂။ စာလုံးပေါင်း မှန်တဲ့သူပဲ ဖြစ်ရမယ်။
ဟိ... ဒါလေးကိုတော့ ခု ခြွင်းချက် ထားလိုက်ပြီ။ ဘာလို့ဆို ကျွန်မကိုယ်တိုင်ကိုက တချို့ စာလုံးတွေ ဘယ်လို ပေါင်းရမှန်း မသိတော့ဘူး။ တခါတလေ -ျ နဲ့လား၊ြ- နဲ့လား၊ -တ်နဲ့လား၊ -ပ်နဲ့လား စသဖြင့် မသေချာ၊ မရေရာ ဇဝေဇ၀ါ ဖြစ်လာတာတွေ များတဲ့အခါ သူ စာလုံးပေါင်း နည်းနည်း မှားတတ်တာကို ခွင့်လွှတ်လိုက်ပါတယ်။ အရင်တုန်းကလိုသာဆို ဘယ်ရလိမ့်မလဲ။ စာလုံးပေါင်းမှားတဲ့သူဆို ဘယ်လိုမှ အထင်ကြီးလို့ကို မရတာ။

၃။ ဂစ်တာ တီးတတ်ရမယ်။
ကျွန်မက Guitar ကို တော်တော် crazy ဖြစ်တယ်။ ဂစ်တာသံကြားလိုက်ရင် ဘယ်လို၊ ဘယ်လို သဘောကျမှန်း မသိဘူး။ တီးဝိုင်းက မြိုင်ဆိုင်တဲ့ သံစုံထက် ဂစ်တာသံကို ပိုနှစ်ခြိုက်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဂစ်တာ အရမ်းတီးတတ်ချင်တယ်။
တလလောက်တော့ ဂစ်တာတီး နည်းနည်း သင်ဖူးပေမဲ့ ကျွန်မ Profile မှာ ရေးထားသလိုပဲ ကျွန်မက ဆန္ဒသာရှိပြီး ဖြစ်မြောက်အောင် မကြိုးစားဖြစ်ဘူး။ အကြောင်း အကျိုး မညီညွတ်သေးလို့လည်း ပါမှာပေါ့လေ။ ကျွန်မ ကံမကောင်းတာ တချက်ကတော့ သူက ဂစ်တာကို ဟုတ်တိပတ်တိ မတီးတတ်ပါဘူး။ ကျွန်မထက် သာတယ်ပြောလို့ရတဲ့ ဒေါင်ဒင်၊ ဒေါင်ဒင်လောက်ပဲ တီးတတ်တယ်။ နည်းနည်းလေး ကျင့်လိုက်ရင်တော့ သူ ကောင်းကောင်း တီးတတ်သွားမှာပါ။ ခုလောလောဆယ်တော့ သူ တီးတတ်တဲ့ တပုဒ်တည်းသော သီချင်းလေးကိုပဲ ကျွန်မ အမြဲ နားထောင်နေရပါတယ်။

၎။ ပညာတတ်ရမယ်။
ကျွန်မ အဖေက ပြောတယ်။ ပညာတတ်အောင် စာတွေ သင်ပေးတယ် ဆိုတာ ကိုယ့်ဟာကိုယ် အမှား၊ အမှန် ဝေဖန် ပိုင်းခြားနိုင်အောင်လို့တဲ့။ ပိုက်ဆံက အဓိက မဟုတ်ဘူး။ ပညာတတ်တစ်ယောက် အသိဥာဏ်မျိုးရဖို့ ငွေပေးလို့မရဘူးတဲ့။ ပညာတတ်ရင် ပိုက်ဆံရှာရ လွယ်ပါတယ် လို့လည်း ပြောတတ်တယ်။ ဘာပဲဖြစ်ဖြစ်ပါ ငွေကြေးချမ်းသာပြီး ပညာမရှိတဲ့လူမျိုးနဲ့တော့ ကျွန်မ မတွေ့မှာ သေချာပါတယ်။ အဲလိုလူမျိုး အထင်သေးတတ်လွန်းလို့။

၅။ ဥာဏ်ကောင်း၊ စာတော်ရပါမယ်။
ဒါက ငယ်ငယ်က တွေးထားတာဆိုတော့ တော်တော်လေးတော့ ကလေးဆန်နေမလားပဲ။ ကျွန်မက စာမတော်၊ စာမကြိုးစားတဲ့သူဆို အပေါင်းအသင်းတောင် လုပ်ချင်တာ မဟုတ်ဘူးရယ်။ ခုတော့ အဲလောက်လည်း မဟုတ်တော့ပါဘူး။ ကိုယ်တိုင်ကလည်း အပျင်းကြီးပြီး စာ သိပ်မလုပ်ချင်တော့တာလည်း ပါမှာပေါ့။:P ဒါပေမဲ့ ကျွန်မ ကြိုးစားချင်စိတ်ရှိရင်တော့ ဘယ်သူ့ကိုမဆို အေးဆေးယှဉ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားပါတယ်။:D ဘာပဲဖြစ်ဖြစ် ယောက်ျားလေး အများစုက ဥာဏ်ကောင်းကြတဲ့သူ များပါတယ်။ သူသည်လည်း တစ်ယောက်အပါအ၀င်ပေါ့။

၆။ အရပ်ပုတဲ့သူ မဖြစ်ရဘူး။
ကျွန်မက အရပ် ၅ ပေ ကျော်ကျော်သာ ရှိသော်လည်း ကိုယ့်ချစ်သူကိုတော့ ဘယ်နည်းနဲ့မှ အရပ်ပုတဲ့သူ မဖြစ်စေချင်ပါဘူး။ ၅ ပေ ၆ လောက်ဆိုရင်တောင် ပုတယ်လို့ ယူဆတဲ့အတွက်
အနည်းဆုံး ၅ ပေ ၇ လက်မ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ကံကောင်းစွာပဲ ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းတွေထဲမှာတောင် အရပ်ပုတဲ့သူ မပါပါဘူး။ အရပ် ၅ ပေ ၈ ကနေ ၆ ပေ ထိ ရှိကြတဲ့ သူတွေကြီးပဲ ဖြစ်ပါတယ်။ သူက ၅ ပေ ၈ နဲ့ ကပ်သီးလေး လွတ်သွားပါတယ်။ ;)

၇။ ရုပ်ရည်ကတော့ အဓိက မဟုတ်ဘူး။ စိတ်ဓာတ်ကောင်းဖို့ပဲ လိုပါတယ်။
ရုပ်ချောခြင်း၊ ရုပ်ဆိုးခြင်းက
ကျွန်မကို ဘယ်လိုမှ မလွှမ်းမိုးနိုင်ပါဘူး။ ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဘ၀င်မြင့်၊ ကြွားဝါ၊ လေကြီးမိုးကြီး ပြောတတ်သော ယောက်ျားများကို အရမ်းမုန်းပါတယ်။ ရုပ်ချောချော မင်းသားတွေ၊ ကောင်လေးတွေကို ကြည့်ပြီး စိတ်ကူးမယဉ်တတ်တာ ငယ်ငယ်တုန်းထဲကပါပဲ။ အဲလို ပြောတဲ့အတွက် သူ့ကို မချောဘူး မထင်ကြနဲ့နော်။ သူက အရမ်းချစ်ဖို့ကောင်းတာ။ မယုံ အန်တီငြိမ်းကို မေးကြည့်။:P


၈။ ကိုယ်က ချစ်တဲ့သူ ဖြစ်ရမယ်။ ကိုယ့်ကိုလည်း ချစ်တဲ့သူ ဖြစ်ရမယ်။
ဒါက အရေးကြီးတယ်လေ။ ကျွန်မ မချစ်တဲ့သူတော့ ဦးနှောက်နဲ့ စဉ်းစားပြီး ရွေးချယ်တယ်ဆိုတာမျိုး ဘယ်တော့မှ မဖြစ်နိုင်။ တချို့က ပြောကြတယ်။ ကိုယ်ချစ်ကို မရှာနဲ့၊ သူချစ်ကိုရှာတဲ့။ ကျွန်မကတော့ အဲဒီအဆိုကို လုံးဝ မထောက်ခံပါဘူး။ ကိုယ်ချစ်တဲ့သူကပဲ ကိုယ့်ကို စိတ်ချမ်းသာမှု ပေးနိုင်မှာလေ။ ကိုယ်မချစ်တဲ့သူက စိတ်ဒုက္ခ လာပေးတာထက် ကိုယ်ချစ်တဲ့သူက စိတ်ဒုက္ခပေးတာကို ပို သည်းခံနိုင်မယ် ထင်ပါရဲ့။ သေချာတာက ကျွန်မ အချစ်ကို မကိုးကွယ်ပါဘူး။ ဒါပေမဲ့ မရှိမဖြစ်လို့ သတ်မှတ်ထားတယ်။

၉။ ကျွန်မထက် အသက် ၁နှစ် ကြီး၊ ၁ နှစ် ငယ်၊ ရွယ်တူပဲ ဖြစ်ရမယ်။
ကျွန်မက ကိုယ့်ထက် အသက်အများကြီး ကြီးတာကို သဘောမကျပါဘူး။ ကိုယ့်ကို ဆရာလုပ်မှာစိုးလို့ရယ်၊ ဘာကြောင့်မှန်းမသိ ကြိုက်လို့မရတာကြောင့်ရယ်ပါ။ မိန်းကလေး အတော်များများ ကိုယ့်ထက် အသက် ငယ်သူကို မကြိုက်ကြပါဘူး။ နှစ်ကုန်ပိုင်းလောက်မှာ မွေးတဲ့ကျွန်မကို အမေက ကျောင်းစောထားချင်ပေမဲ့ (ဦးနှောက်ဖွံ့ဖြိုးမှုအတိုင်း စာစသင်ဖို့ သတ်မှတ်ထားတဲ့ အသက်အရွယ်မှသာ) စာသင်ရမယ့်အရွယ်မှသာ စာသင်စေချင်တဲ့ အဖေက နောက်ကျပြီး ထားလည်း ဘာမှမဖြစ်ဘူးလို့ ဆိုပါတယ်။ ဒီတော့ ၅ နှစ်ခွဲမှာမှ ကျောင်းစနေရတဲ့ ကျွန်မနဲ့ ၄ နှစ်နဲ့ ကျောင်းစောတက်တဲ့သူ အသက် ၁ နှစ်ခွဲ ကွာကြသော်လည်း အတန်းတူတဲ့အတွက် ရွယ်တူလို့ သဘောထားပါတယ်။
:P ကျွန်မက ဆရာကြီး လုပ်ချင်တဲ့အခါ "ငါက နင့်ထက် လူအရင် စောဖြစ်တာ။ လျှာမရှည်နဲ့။"လို့ ပြောတတ်ပြီး တခါတခါ ကျွန်မကို အနိုင်မပေးရင်တော့ "အမယ်... အသက်လေး ၁ နှစ်ကျော်လောက် ကွာတာနဲ့များ သူက ငါ့ကို အလျှော့ပေးစေချင်သေးတယ်။ လာလုပ်မနေနဲ့။ မရဘူး။"လို့ ပြောရတာ အရမ်းကို အရသာ ရှိလှပါတယ်။;))

၁၀။ လူမျိုးတူ၊ ဘာသာတူပဲ ဖြစ်ရပါမယ်။
လူမျိုးတူ ဆိုတဲ့ နေရာမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ မြန်မာတိုင်းရင်းသား အားလုံးကို ကျွန်မနဲ့ လူမျိုးတူလို့ ယူဆပါတယ်။ ဘာသာကတော့ အားလုံးသိကြတဲ့အတိုင်း ဗုဒ္ဓဘာသာပေါ့။


၁၁။ ကိုယ့်မိဘတွေအပေါ် လေးလေးစားစား ဆက်ဆံတတ်တဲ့သူ ဖြစ်ရမယ်။
သူကတော့ သူ့မိဘတွေကို ချစ်ခင်တတ်ရုံတင်မက၊ ကျွန်မကိုလည်း "မိဘတွေကို စိတ်မဆိုးရဘူးနော်။ စိတ်ဆင်းရဲအောင် မလုပ်ရဘူးနော်။ ဘာမှ သွားမပြောရဘူးနော်"လို့ တတွတ်တွတ် မှာတတ်တဲ့သူ ဖြစ်တဲ့အတွက် ကျွန်မ ကံကောင်းတယ် ဆိုရပါမယ်။

၁၂။ အလောင်းအစားကတော့ မလုပ်လေ ကောင်းလေပါပဲ။ အရက်၊ ဆေးလိပ်ကတော့ အလွန်အကျွံမဟုတ်ရင် ရပါပြီ။ ဆေးလိပ်နံ့မခံနိုင်တဲ့အတွက် ကိုယ့်အနားမှာ လာမသောက်ရင် ပြီးတာပဲ။ အရက်သမားကိုတော့ ဘယ်နည်းနဲ့မှ မချစ်ခင်နိုင်ပါ။ မကောင်းတဲ့သူကို ကိုယ့်လက်ထဲရောက်မှ ပြုပြင်မယ်ဆိုတဲ့ သူရဲကောင်းဆန်ဆန် ပေါတောတော အတွေးမျိုးတော့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဗီဇကို ပြုပြင်ပြောင်းလဲဖို့ တော်တော် မလွယ်ကူဘူးဆိုတာ သိလို့ပါ။

၁၃။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အသိဥာဏ်ရှိတဲ့ လူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားရင် စောင့်ထိန်း၊ ကျင့်သုံးသင့်တဲ့ ကိုယ်ကျင့်တရားဆိုတာ ရှိပါတယ်။ အိမ်ထောင်ဘက် လက်တွဲဖော်ဆိုတာ ကိုယ့်အတွက်တင်မဟုတ်၊ ကိုယ့်ရဲ့မျိုးဆက် သားသမီးတွေအတွက်ပါ အရေးကြီးတဲ့သူ ဖြစ်လေတော့ မိသားစုကို ခင်တွယ်တဲ့သူ၊ မိသားစုအပေါ် မဖောက်ပြန်ဘဲ သစ္စာရှိတဲ့သူ ဖြစ်ဖို့လည်း လိုအပ်သေးတာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သဘောထားကို မိန်းကလေးများနှင့် ရွေးချယ်ခွင့် ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။

တကယ်တော့ မိန်းကလေး တစ်ယောက်အတွက် အရေးကြီးလှတဲ့ လက်တွဲဖော်ကို ရွေးချယ်တာ ဒီထက်မက လိုအပ်တာတွေ ရှိဦးမှာပါ။ အချိန်မရတော့တဲ့အတွက် ဒီလောက်ပဲ ရေးလိုက်တော့မယ်။

နောက်ထပ် ကျွန်မ တက်ဂ်မယ့်သူတွေက ထုံးစံအတိုင်း :D

အန်တီငြိမ်း
အန်တီခင်
မပန်
ပြည့်စုံ
မင်းမင်း
လင်းလက်
ဝင်္ကပါ


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Wednesday, March 19, 2008

အမေ



Forward Mail တခုရတယ်။ ဖတ်ပြီးတဲ့အခါ ၀မ်းနည်းပြီး ငိုချင်တယ်။ အဲလို သားမိုက်၊ သမီးမိုက်တွေ ဘယ်လောက်တောင် ရှိလဲ မပြောတတ်ဘူး။

*******

My mom only had one eye.
I hated her...
She was such an embarrassment.
She cooked for students & teachers to support the family.

There was this one day during elementary school where my mom came to Say hello to me.

I was so embarrassed.

How could she do this to me?
I ignored her, threw her a hateful look and ran out.
The next day at school one of my classmates said, "EEEE, your mom only Has one eye!"

I wanted to bury myself.
I also wanted my mom to just disappear.
I confronted her that day and said, " If you're only goanna make me a Laughing stock, why don't you just die?"

My mom did not respond...
I didn't even stop to think for a second about what I had said, because I was full of anger.
I was oblivious to her feelings.

I wanted out of that house, and have nothing to do with her.

So I studied real hard, got a chance to go abroad to study.
Then, I got married.
I bought a house of my own.
I had kids of my own.
I was happy with my life, my kids and the comforts, Then one day, my Mother came to visit me.

She hadn't seen me in years and she didn't even meet her Grandchildren.

When she stood by the door, my children laughed at her, and I yelled at Her for coming over uninvited.
I screamed at her, "How dare you come to my house and scare my Children!"
GET OUT OF HERE! NOW!!!"

And to this, my mother quietly answered, "Oh, I'm so sorry. I may have Gotten the wrong address," And she disappeared out of sight.

One day, a letter regarding a school reunion came to my house.

So I lied to my wife that I was going on a business trip.
After the reunion, I went to the old shack just out of curiosity.

My neighbors said that she died.
I did not shed a single tear.
They handed me a letter that she had wanted me to have.

"My dearest son,
I think of you all the time. I'm sorry that I came to your house and
Scared your children.
I was so glad when I heard you were coming for the reunion.
But I may not be able to even get out of bed to see you.
I'm sorry that I was a constant embarrassment to you when you were Growing up.

You see........when you were very little, you got into an accident, and Lost your eye.
As a mother, I couldn't stand watching you Having to grow up with one eye.
So I gave you mine.

I was so proud of my son who was seeing a whole new world for me, in my Place, with that eye.

With all my love to you,
Your mother.

*******

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Monday, March 17, 2008

ဇာတိမြေ သို့မဟုတ် အိမ်



မောင်လေး ပြည့်စုံ က ဒီခေါင်းစဉ်နဲ့ ပို့စ်တခု ရေးပေးဖို့ တက်ဂ်ထားတာ။ ဘာရေးရမှန်းတော့ မသိဘူး။ သူများ ရေးထားတာလေးတွေ လိုက်စနည်းနာပြီး ကိုယ်ရေးချင်တာ ရေးလိုက်တယ်။

ဇာတိမြေ ဒါမှမဟုတ် အိမ်ဆိုတော့ ဒီအကြောင်းရေးဖို့က ကျွန်မအတွက် တော်တော် ရှည်လျားထွေပြားတဲ့ အကြောင်းအရာတွေပဲ။ ဘာလို့လဲဆို ကျွန်မ ရေးစရာ
အိမ် သုံးမျိုး ရှိနေလို့လေ။ ကျွန်မကတော့ ကျွန်မ နေထိုင်ခဲ့တဲ့ အိမ်တိုင်းကို ချစ်တယ်။ ဇာတိမြေ အကြောင်း ရေးမယ်ဆိုလည်း ကျွန်မ နှစ်မျိုး ရေးရမလို ဖြစ်နေပြီ။ ကျွန်မ မွေးဖွားခဲ့ရာ ဇာတိမြေကတော့ ရန်ကုန်မြို့၊ ဒါပေမဲ့ ကလေးဘ၀မှာ နေထိုင်ခဲ့ရတာက ကယားပြည်နယ်က လောပိတရွာလေးမှာ။ ဒီတော့ ကျွန်မက အဲဒီရွာလေးကိုလည်း ချစ်တယ်။ ကျွန်မရဲ့ နေရာဒေသ တခုအဖြစ် သတ်မှတ်ထားလို့။ ကယားလူမျိုးတွေကို ထိရင် မခံချင်သလို၊ ကျွန်မရဲ့ လောပိတရွာအကြောင်း ပြောပြရမယ်ဆိုရင်လည်း မမောနိုင်၊ မပန်းနိုင်အောင် ပြောပြချင်နေမိတတ်တယ်။

ကျွန်မတို့ မောင်နှမတွေဟာ (မကြီးမှ လွဲ၍ :P) အိမ်ကို တော်တော် ခင်တွယ်တတ်ကြပါတယ်။ အိမ်ပြင်ထွက်ဖို့ အရမ်းပျင်းတတ်ကြပြီး အိမ်ထဲမှာ နေရတာကိုပဲ သဘောကျ ကျေနပ်နေတတ်တယ်။ အဲဒါကြောင့် သူငယ်ချင်းတွေက အပြင်သွားဖို့ ခေါ်တိုင်း မလာဘူးလို့
ခဏခဏ ငြင်းရပါများတဲ့အခါ "အေး... လာခဲ့မယ်" ပြောပြီး မသွားတတ်တာ ကျွန်မ အကျင့်လို ဖြစ်နေပါပြီ။:D ဓာတ်ပုံရိုက်ချင်တော့မှ ညည်းညည်းညူညူနဲ့ တကူးတက အိမ်ပြင်ထွက်ဖြစ်ပါတော့တယ်။ ရုံးပိတ်ရက်တွေဆိုရင် ကိုယ်တစ်ယောက်ထဲ အိမ်မှာ ရှိရုံနဲ့ မကျေနပ်နိုင်ဘဲ အိမ်သားတွေကိုလည်း လူစုံတက်စုံ အိမ်ထဲမှာ ရှိနေစေချင်တတ်ပါတယ်။ ပြီးရင် မိသားစုတွေ တစုတစည်းထဲ နေကြ၊ စကားပြောကြလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ကိုယ့်နေရာလေးမှာကိုယ် လုပ်ချင်ရာ လုပ်နေကြတာပါပဲ။ ဒါပေမဲ့ ထမင်းစားချိန်မှာ အတူတူစား၊ တီဗွီလေး၊ ဇာတ်ကားလေး အတူတူကြည့် ဆိုတာမျိုးတော့ လုပ်ဖြစ်ပါတယ်။ အဲလိုချိန်ဆို ကျွန်မတို့ မောင်နှမတတွေဟာ ကုလားသိုက် ကျားဝင်ဆွဲသလို အဖေနဲ့ အမေကို ကိုယ်ပြောချင်တဲ့စကားတွေ အလုအယက် ၀ိုင်းပြောတတ်ကြပါတယ်။ စနေ၊ တနင်္ဂနွေနေ့မျိုးတွေကတော့ ကျွန်မတို့အိမ်မှာ ဘာစားလို့ စားရမှန်းမသိအောင် များပြားလှတဲ့ ဟင်းမျိုးစုံနဲ့ ပျော်ရွှင်စရာ နေ့ရက်တွေလည်း ဖြစ်သေးတယ်။ ဒါက ခုလက်ရှိ ကျွန်မတို့ အိမ်လေးပေါ့။

ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအိမ်လေး ပိုင်ဆိုင်ဖို့အတွက် အိမ်တစ်အိမ်မှာ စည်းလုံးညီညွတ်မှုနဲ့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်၊ သည်းခံဖို့က မရှိမဖြစ်ပဲလို့ ထင်တယ်။ ပြောရရင်တော့ မေတ္တာတရားက အရေးကြီးဆုံးပေါ့။ ကိုယ့်မိသားစုအပေါ် ဖောက်လွဲဖောက်ပြန် မလုပ်တတ်တဲ့လူမျိုး ဖြစ်ဖို့လည်း လိုအပ်သေးတယ်။ အင်း... ဒါဆိုရင်တော့ ချစ်စရာကောင်းတဲ့ အိမ်လေးတစ်လုံး ရရှိဖို့ အလွန်ပဲ လွယ်ကူပါတယ်။


ကျွန်မရဲ့ ရန်ကုန်က အိမ်လေးကိုတော့ ခုနောက်ပိုင်း သိပ်မလွမ်းဆွတ်မိပေမဲ့ အမှတ်တရတွေတော့ရှိတယ်။
အဲဒီအိမ်လေးမှာ ကျွန်မတို့ မိသားစု စုံစုံညီညီ နေရတယ်ဆိုတာ သိပ်မရှိဘူး။ ကျွန်မ အဖေက ကျွန်မတို့အနားမှာ မရှိလို့လေ။ ဒါပေမဲ့ ခုစင်္ကာပူက အိမ်လို ညီအစ်မနှစ်ယောက်ပေါင်း တစ်ခန်း နေရတာမျိုးမဟုတ်ဘဲ တစ်ယောက်တစ်ခန်းစီ သီးသန့် နေရတဲ့ ရန်ကုန်က အိမ်လေးကို ကျွန်မ တမ်းတ သတိရမိ တတ်ပါတယ်။ ကျွန်မတို့အိမ်က ရိုးရိုး သာမန်ရပ်ကွက်ထဲမှာ ရှိတဲ့ နှစ်ထပ်ပဲလို့ ပြောရင်လည်း မမှန်၊ သုံးထပ်ပါလို့လည်း ပြောမရတဲ့ နှစ်ထပ်ခွဲ အိမ်လေးပါ။ ထပ်ခိုးမဟုတ်တဲ့ အိမ်ရဲ့တ၀က်ပဲရှိတဲ့ အဲဒီ အပေါ်ဆုံးထပ်လေးမှာ ကျွန်မနဲ့ ကျွန်မညီမတို့ အိပ်ခန်းရှိပါတယ်။ ထမင်းစားချိန်နဲ့ ရေချိုးချိန်ကလွဲလို့ တနေ့လုံး အဲဒီအခန်းလေးမှာ ကျွန်မ ရှိနေတတ်ပါတယ်။ သီချင်းအေးအေးလေးတွေ အမြဲဖွင့်ထားပြီး ကော်ဖီခွက်တစ်ခွက်နဲ့ စာအုပ် ထိုင်ဖတ်ရတာ ဘာနဲ့မှ မတူတဲ့ ချမ်းသာခြင်းတမျိုးလို့ ထင်မိပါတယ်။ မီးပျက်တဲ့ညတွေမှာ ကျွန်မ အခန်းရဲ့ ဘေးဘက်မှာ ထားတဲ့ မီးစက်သံကြောင့် စိတ်အနှောင့်အယှက် အနည်းငယ်ဖြစ်ရပေမယ့် ဖယောင်းတိုင်ကို ကျွန်မ မမြင်နိုင်တဲ့ ခုံအောက်နေရာမှာ ထွန်းထားပြီး စိတ်ကူးယဉ်ဆန်ဆန် နေရတာကတော့ တော်တော် ပျော်ဖို့ကောင်းပါတယ်။ အဲဒါကို ကျွန်မအမေက သစ်ရွက်လှုပ်တာတောင် ရယ်ချင်တဲ့အရွယ်လို့ ဆိုပါတယ်။ ကျွန်မကတော့ အဲလို မထင်ပေါင်။ ;))


ကယားပြည်နယ်က လောပိတအိမ်လေးကတော့ ကျွန်မတို့ ဘယ်လိုမှ မေ့မရနိုင်တဲ့ အိမ်လေးပေါ့။ ကိုယ်ပိုင်အိမ် မဟုတ်တဲ့ အစိုးရအိမ်လေးဆိုပေမယ့် ကိုယ့်အိမ်၊ ကိုယ့်ခြံလို သံယောဇဉ်ဖြစ်မိတယ်။ အတော်အတန်ကျယ်တဲ့ ခြံဝန်းထဲက တိုက်ဝါ၀ါလေးနဲ့ သီးပင်၊ စားပင် စုံစုံလင်လင်ရှိတဲ့ ခြံလေးဟာ ကျွန်မတို့ မောင်နှမတွေအတွက် အလွန်ပျော်စရာကောင်းတဲ့ ကစားကွင်းလည်း ဖြစ်ခဲ့တယ်။ ကျွန်မတို့ ခြံထဲ ၀င်ဝင်ချင်း ဩဇာပင်နဲ့ ပိန္နဲပင်က ဆီးကြိုလို့။ ပိန္နဲပင်က အသီးတွေက အိမ်မာလို့ ခေါ်ကြတဲ့ အသီးမျိုး။ ပြီးရင်တော့ မန်ကျည်းပင် ညီနောင် ရှိတယ်။ အဲဒီ မန်ကျည်းပင်ကတော့ ခါချဉ်အိမ်တွေ အလွန်ပေါပြီး ဆောင်းတွင်းဆို ပုရစ်တွေကို လိုက်ဖမ်းနေကျ နေရာ။ နောက်ပြီး ကျွန်မတို့ ဘုရင်အဖြစ် ကစားတဲ့အခါ သုံးနေကျ သရက်ရွက်တွေကို အိမ်နောက်နဲ့ အိမ်ရှေ့ဘက်မှာ သီးခြားစီပေါက်နေတဲ့ သရက်ပင် နှစ်ပင်က ဖန်တီးပေးတယ်။ ရွှေနီ ငှက်ပျောပင်တွေနဲ့ ဟင်းခတ် အမွှေးအကြိုင်ဖြစ်တဲ့ ပျဉ်းတော်သိမ်ပင်ကတော့ ခြံနောက်ဘက်ဖြစ်တဲ့ အိမ်ရှေ့မျက်နှာစာမှာ ရှိတယ်။ ပြီးတော့ ကျွန်မတို့ စစ်တိုက်တမ်း ကစားတဲ့အခါ ကျည်ဆံအဖြစ် သုံးနေကျ ပဲပင်တွေ။

အိမ်ဘေးဘက်မှာတော့ ငါးမွေးဖို့ ရည်ရွယ်ချက်နဲ့ တူးထားတဲ့ တွင်းက ငါးမမွေးဖြစ်ဘဲ ကန်စွန်းခင်းကြီး ဖြစ်သွားတယ်။ အဲဒီဘေးနားမှာ စင်ထိုးထားတဲ့ ဗူးပင်က အပြိုင်းအရိုင်း။ တောင်ဘက်ခြမ်း ခြံစည်းရိုးနားမှာတော့ အသီးသိပ်မသီးတဲ့ မာလကာပင် ရှိတယ်။ အဲဒီအပင်ပေါ်မှာ နွယ်တက်နေတဲ့ ကပ်ပါး ကင်းပုန်ပင်က ကင်းပုန်သီးနဲ့ ကင်းပုန်ညွန့်က အရမ်းစားကောင်းတာ။ အိမ်က မာလကာပင်က အသီးမသီးလို့ အိမ်ဘေးက ဆရာဝန်မ အိမ်မှာ ကျွန်မတို့မောင်နှမတွေ သွားခူးစားရတယ်။ သူတို့အိမ်မှာတော့ မာလကာပင် ၃၊ ၄ ပင်လောက် ရှိတဲ့အပြင်၊ ဆေးရုံက ၀န်ထမ်းတွေ လာစိုက်ပေးတဲ့ စတော်ဘယ်ရီပင်တွေလည်း ရှိသေးတယ်။


ကျွန်မတို့ ခြံထဲမှာ မွေးမြူရေးကြက်ခြံ သုံးခြံ နေရာမယူခင်က
ရောင်စုံနှင်းဆီပန်းခင်းတချို့ ရှိခဲ့တယ်။ ပြီးတော့ ကျွန်မနဲ့ ကျွန်မညီမတို့ ကယားမလေးတွေအဖြစ် တောင်ယာစိုက်တမ်း ကစားရင်း စိုက်ပျိုးထားတဲ့ ပြောင်းဖူးပင်တွေနဲ့ ဖရုံပင်တွေလည်း ရှိခဲ့တယ်။ နောက်ပြီး အိမ်ဘေးဘက်မှာ ကပ်ပေါက်နေတဲ့ ဒန့်သလွန်ပင်နဲ့ ကင်ပွန်းချဉ်ရွက်ပင်တွေလည်း ရှိသေးတယ်။ ကျွန်မတို့ စိုက်ပျိုးထားတာက နည်းနည်း၊ သဘာဝအလျောက် ပေါက်နေတာနဲ့ အရင်လူတွေ စိုက်ထားခဲ့တာက ပိုများပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အိမ်လေးကတော့ အရမ်းအေးချမ်းတယ်။ အဲဒီအိမ်လေးမှာ ကျွန်မတို့ မိသားစု ဆယ်စုနှစ်တခုစာ နေထိုင်ခဲ့ဖူးတယ်။


ဆောင်းအကုန် နွေဦးအစ ညနေစောင်းတွေမှာ ဟိုဘက်တောင်တန်းပေါ်က သစ်ခြောက်ပင်တွေကစလို့ သက်ကယ်ပင်တွေအပါအ၀င် လောင်ကျွမ်းကာ လှပနေတဲ့ တောမီးတန်းကို ကြည့်ရင်း လက်ညှိုးတထိုးထိုးနဲ့ ခုန်ဆွ၊ ခုန်ဆွလုပ်ပြီး ဘာကြောင့်မှန်းမသိ အလွန် ပျော်နေတတ်ခဲ့ပါတယ်။ လေတိုက်ရင်း သဘာဝအလျောက် သစ်ပင်တွေ ပွတ်တိုက်ရာက ဖြစ်ပေါ်လာတဲ့ တောမီးဟာ လေငြိမ်ပြီး လောင်စရာအပင်တွေ ကုန်သွားမှ ငြိမ်းသွားတတ်တာမျိုးပါ။ တောင်တန်းကြီးတလျှောက် ပုံစံမျိုးစုံနဲ့
လှပနေတဲ့ တောမီးတန်းကြီးဟာ တမျိုးတဖုံ ကြည့်လို့ကောင်းပါတယ်။

တခု ၀မ်းနည်းစရာကောင်းတာက ခုချိန်ထိ (ကျွန်မ မွေးရပ် မဟုတ်သော်လည်း) ကျွန်မ ချစ်ခင်မြတ်နိုးတဲ့ လောပိတကို အလည်တခေါက်တောင် ပြန်မရောက်ဖြစ်သေးတာကိုပါ။ တနေ့နေ့ ကျရင်တော့ ကျွန်မ သံယောဇဉ်ရှိတဲ့ အဲဒီဒေသကို အလည်အပတ် ပြန်ရောက်ချင်ပါသေးတယ်။

*** ***** ***

ကျွန်မလိုပဲ ရေးချင်တာရေးကြဖို့ (:P) ပြန်တက်ဂ်ချင်တဲ့ သူများက
အန်တီခင်
အန်တီငြိမ်း
မလေပြေ (ခုလောလောဆယ် ဘလော့ဂ် ပိတ်ထား)
မင်းမင်း
လင်းလက်


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Sunday, March 16, 2008

ရုတ်တရက် လေဖြတ်ခံရသော လူနာအတွက် သွေးဖောက်ပြီး အမြန်ကယ်ဆယ် ပြုစု ကုသနည်း



ရုတ်တရက် လေဖြတ်ဝေဒနာ ခံစားရသောသူတွေအတွက် ရှေးဦးသူနာပြုစုကုသနည်း လက်ကမ်း စာရွက်ထဲကနေ ပြန်လည် ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။

*** ***** ***

၁။ ပထမ အရေးကြီးဆုံးအချက်
လေဖြတ်ခံလိုက်ရသော လူနာကို ဖြစ်သည့်နေရာတွင်ပင် ထားရမည်။ မည်သည့်နေရာကိုမျှ မပြောင်းပါနှင့်။ ချက်ချင်း ရွှေ့ပြောင်းလိုက်ပါက လှုပ်ရှားခြင်းကြောင့် ဦးနှောက်သွေးကြောများ လျင်မြန်စွာ ပေါက်ကွဲပြီး လူနာ၏ အခြေအနေ ဆိုးဝါးလိမ့်မည် ဖြစ်ပါသည်။

၂။ ဒုတိယ အရေးကြီးဆုံးအချက်
လူနာကို ဖြစ်သည့်နေရာ၌ပင် အသာအယာ ထူမပေးပြီး ပြန်၍ လဲကျမသွားစေရန် အသာမှိန်း၍ ထိုင်စေရမည်။ လူနာကိုယ်တိုင် မထိုင်နိုင်ပါက တစ်ဦးဦးက ဘေးမှ အသာမှေး၍ ထူမပေးရမည်။ ထူပြီးပြီးချင်း ပိုးသတ်ထားသော ဆေးထိုးအပ်ဖြစ်စေ၊ လက်ချုပ်အပ်ထိပ်ဖျားကို မီးရှို့၍ဖြစ်စေ လူနာ၏ လက်ဆယ်ချောင်း ထိပ်ဖျားများကို ပဲစေ့ခန့် သွေးစက် တစ်စက်စီ ထွက်လာအောင် ဖောက်ပေးရမည်။ သွေးစက် ပဲစက်ခန့် ထွက်၊ မထွက်ကို ခေတ္တ စောင့်ကြည့်ပါ။ အကယ်၍ သွေးမထွက်လျှင် သွေးထွက်လာအောင် လက်ဖြင့် ညှစ်ထုတ်ပေးရမည်။ လက်ချောင်းအားလုံး ပဲစေ့ခန့် တစ်စက်၊ တစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း လူနာ ပြန်လည်၍ သတိရလာပါလိမ့်မည်။

၃။ တတိယ အရေးကြီးဆုံးအချက်
လူနာကို လေဖြတ်လျှင် ဖြတ်ချင်း ပါးစပ်ရွဲ့စောင်းသွားပါက ၄င်း၏ နားရွက်နှစ်ဖက်စလုံးကို နီရဲလာသည့်တိုင်အောင် လက်ဖြင့် ပွတ်သပ်ဆွဲပေးပါ။ နားရွက်နီရဲလာလျှင် နားရွက်၏ အောက်ပိုင်း နားဖောက်သည့်နေရာတွင် မီးရှို့ထားသည့် အပ်၊ ပိုးသတ်ထားသည့် ဆေးထိုးအပ်ဖြင့် နားရွက်တစ်ဖက်စီလျှင် နှစ်ချက်စီ ဖောက်ပေးပါ။ ပဲစေ့ခန့် သွေးစက် နှစ်စက် ထွက်လာပြီး မိနစ်ပိုင်းအတွင်း ပါးစပ်ရွဲ့စောင်းခြင်းမှ ပြန်လည် တည့်မတ် ကောင်းမွန်သွားပါလိမ့်မည်။

၎။ စတုတ္ထအချက်
လူနာကို ပြုစုကုသပြီး ပုံမှန်အခြေအနေရောက်အောင် စောင့်ကြည့်ပါ။ ပြီးမှ ဆေးရုံသို့ ပို့ခြင်း၊ လိုအပ်သည့် ဆေးကုသမှုကို ခံယူရန် ဆက်လက်ဆောင်ရွက်ပါ။

အကျိုးကျေးဇူး
အထက်ပါအတိုင်း ဆောင်ရွက်ပါက အကြောသေခြင်း၊ ကိုယ်တခြမ်းသေခြင်း၊ ခြေ၊ လက် လှုပ်ရှား၍ မရခြင်း၊ စကား မပီသခြင်း စသည့် လူဖြစ်ရှုံးရမည့် ဒုက္ခိတ ဘ၀မှ ကင်းဝေးစေမည် ဖြစ်ပါသည်။

နှိုးဆော် တိုက်တွန်းမေတ္တာ
ဤနည်းမှာ လက်တွေ့ပျောက်ကင်းသောနည်းဖြစ်၍ လူအများ လေဖြတ်ခြင်းဘေးဒုက္ခမှ ကင်းဝေးကြစေရန် မေတ္တာ၊ စေတနာ ဖြူစင်စွာဖြင့် ကုသိုလ်အမှု ပြုလိုက်ပါသည်။ မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများထံသို့ ထပ်ဆင့် ဖြန့်ဝေလှူဒါန်းခြင်းဖြင့် ကုသိုလ်ထူးကို ယူကြပါ။

ဤနည်းအတိုင်း လူနာကို ပြုစုကုသပေးခြင်းဖြင့် ရာနှုန်းပြည့် အောင်မြင်သော ကိုယ်တွေ့ဖြစ်ကြောင်း အာမခံပါသည်။

ဤကုသနည်းကို တရုတ်ပြည်မှ ပေးပို့ခဲ့သော ကုသနည်းမှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

*** ***** ***

သွေးတိုးရောဂါရှိတဲ့ ကျွန်မ အဒေါ်တစ်ယောက် ညနေပိုင်းမှာ လေဖြတ်ဝေဒနာ ခံစားရတဲ့အခါ သားသမီးတွေကလည်း ဘာဖြစ်မှန်း မသိနဲ့ ဦးခေါင်းထဲ သွေးရောက်ပြီး ခွဲရ၊ စိပ်ရ ဒုက္ခတွေများလို့ နောက်ဆုံးတော့ အသက်မသေပေမယ့် ကိုယ်တပိုင်းသေဒုက္ခိတ ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် အိမ်မှာ လူကြီးမိဘတွေရှိတဲ့သူတွေ အနေနဲ့ ဒီလို ရှေးဦးသူနာပြုစုနည်းကို သိရှိအောင် ကျွန်မ ဘလော့ဂ်မှာ ပြန်လည်မျှဝေပါတယ်။ ကျွန်မတို့ အိမ်မှာလည်း ဒီစာရွက်ကို လူမြင်ကွင်းမှာ ကပ်ထားဖြစ်တယ်။


s0wha1

၈၈၈၈



၈၈၈၈ နဲ့ပတ်သက်တဲ့ သီချင်းတွေကို YouTube မှာ တွေ့တာနဲ့ စုသိမ်းထားချင်လို့ ကျွန်မ ဘလော့ဂ်မှာ တင်ဖြစ်ပါတယ်။ ဒီ Link ကနေ တခုပြီးတခု ကြည့်လို့ရပါတယ်။







s0wha1

Thursday, March 13, 2008

၁၉၈၉ခု၊ မတ်လ ၁၃ ရက်၊ ရန်ကုန်စက်မှုတက္ကသိုလ်



၁၉၈၉ခုနှစ်၊ မတ်လ ၁၃ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ၁နှစ်ပြည့် ကိုဘုန်းမော်နေ့ (မြန်မာ့လူ့အခွင့်အရေးနေ့) ရုပ်သံဖိုင်ဖြစ်ပါတယ်။ ဒီနေ့မှ YouTube မှာ တွေ့လို့ မကြည့်ရသေးတဲ့သူတွေ ကြည့်ရအောင် ကျွန်မ ဘလော့ဂ်မှာ တင်ပေးလိုက်ပါတယ်။



s0wha1

Wednesday, March 12, 2008

တံတားနီ အမှတ်တရ



နှစ်၂၀ပြည့် တံတားနီအထိမ်းအမှတ်အဖြစ် ရေးထားတဲ့
မမေမင်းဆက်ရဲ့ကဗျာလေးကို အီးမေးလ်ကနေ ကိုမင်းသစ်တည်က ပေးပို့ခဲ့ပါတယ်။

***** *** *****


တံတားနီ အမှတ်တရ

လွန်ခဲ့တဲ့နှစ် ၂၀ ... နွေရာသီ မတ်လအလယ်မှာ
ဒီနေရာ၊ ဒီတံတားဟာ သွေးစွန်းခဲ့တယ်။

လက်နက်မပါ လက်ဗလာနဲ့
ကျောင်းသူကျောင်းသား လူငယ်များကို
လုံထိန်းတွေ ရှေ့နောက် ပိတ်ကာဝိုင်းလို့
သေရိုက်နှက်ကြတယ်။

ကျောင်းသူအပျို ကလေးမငယ်လေးတွေကို
တဏှာရူးတဲ့ လုံထိန်းတွေက
ကားပေါ်ဆွဲတင် အမှောင်တိုက်သွင်းလို့
ခွေးဇာတ်ခင်းတာ ခံခဲ့ကြရတယ်။

ကျောင်းသားလူငယ် ယောက်ျားငယ်များ
ဦးနှောက်ထွက်၊ မှောက်ခုံလဲလို့
သွေးသံရဲရဲနဲ့ သေပွဲဝင်ခဲ့ကြရတယ်။

ပိုင်ရှင်မဲ့နေတဲ့ ကျောင်းသားကတ်တွေ၊
သွေးစွန်းနေတဲ့ စာအုပ်တွေ၊
ဖိနပ်တွေ၊ လွယ်အိတ်တွေ…
ဟိုမှာတစ… ဒီမှာတစနဲ့ ပြန့်ကာကြဲလို့
မြင်မကောင်းအောင် ဖြစ်ခဲ့ရတာ။

ဒီနေရာ ဒီတံတားဟာ သွေးမခြောက်သေးပါ။
မြက်ခင်းအောက်မှာ၊ သွေးတွေရှိသေးတယ်။
တံတားပေါ်က ခုံတွေကို ခေါက်ကြည့်ရင်
ငိုသံ၊ ညည်းသံ၊ အော်ဟစ်သံတွေ ကြားရအုံးမယ်။

မမြင်ဘူး၊ မတွေ့ဘူး၊ မမီလိုက်တဲ့ လူငယ်များ
အင်းလျားကို လျှောက်သွားတဲ့အခါ
မင်းတို့ ခြေထောက်အောက်မှာ
ကျောင်းသားကျောင်းသူတွေသွေး
စေးထန်းနေတာ သတိရပါ။

မြင်ဘူး၊ တွေ့ဘူး၊ ကြုံဘူးခဲ့သူ လူလတ်များ
အသက်ပေးခဲ့ကြရသူတွေ၊ အရှက်စတေးခဲ့ရသူတွေကို
မင်း မေ့ထားလိုက်တော့မှာလား။

တမလွန်မှာ... စိတ်မအေးနိုင်ဘဲ ရှိနေသေးတဲ့ ၀ိညာဉ်များ
လက်စားချေနိုင်ဘို့အရေး
လာကူပေးလှည့်ကြပါ။

လွန်ခဲ့တဲ့နှစ်၂၀... နွေရာသီ မတ်လအလယ်မှာ
ဒီနေရာ ဒီတံတားဟာ
သွေးစွန်းခဲ့တယ်။


မေမင်းဆက်

***** *** *****

ဒီကဗျာကို ကျွန်မဘလော့ဂ်မှာ တင်ခွင့်ရတဲ့အတွက် မမေမင်းဆက်နဲ့ ကိုမင်းသစ်တည်ကို ကျေးဇူးတင်ပါတယ်။ ကိုဘုန်းမော်ပုံပါရှိသော နှစ်၂၀ပြည့် တံတားနီအထိမ်းအမှတ် ဓာတ်ပုံကို ကိုနစ်နေမန်း ဘလော့ဂ်ကနေ ရရှိပါတယ်။

s0wha1

Monday, March 10, 2008

Real Somebody



လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်မအဖေ မလေးရှားက ပီနန်မြို့လေးမှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို သွားခဲ့ပါတယ်။ ကျွန်မလည်း အဲဒီအကြောင်း ရေးမယ်၊ ရေးမယ်နဲ့ ပျင်းနေတာနဲ့ ခုမှ ရေးဖြစ်တယ်။ အဲဒီကျောင်းကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော်ဘုရားကြီး ရေးသားထားတဲ့ နံရံကပ်စာကို အားလုံးအတွက် မျှဝေချင်လို့ပါ။

*** ***** ***

everybody wants to be a somebody
nobody knows how to be a nobody
if ever there is a somebody
who knows how to be a nobody
then that nobody is a real somebody

if you ever want to be a nobody
then follow that somebody
who already is a nobody
(later) let go of everybody
ever that somebody
who already is a 'nobody'
eventually you will be a real nobody

*** ***** ***

ကျွန်မ ဘာသာပြန်လိုက်ရင် မူရင်းဆိုလိုထားတာလေးကို အပြည့်အ၀မမှီမှာ စိုးတဲ့အတွက် ဒီတိုင်းလေးပဲ တင်လိုက်တာ ကောင်းပါတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Sunday, March 9, 2008

Virus များနှင့် တိုက်ခိုက်ခြင်း



ကိုမျိုးချစ်က သူ့ဘလော့ဂ်မှာ ဒီလို သတိပေးတဲ့ပို့စ် တင်ထားတယ်။

*** *** ***

ဘလော့ဂါ မိတ်ဆွေများသို့ အထူးသတိပေးခြင်း

ဒီနေ့ email ဖွင့်ဖွင့်ခြင်း ရောက်နေတဲ့ စာတွေထဲက မိတ်ဆွေဘလော့ဂါတွေ ရဲ့ လောလောဆယ် ကြုံတွေ့နေရတဲ့ Virus တွေအကြောင်း တစ်ခုနဲ့ ပါတ်သက်လို့ ကျွန်တော် နားလည်တဲ့ ကာကွယ်နည်းလေးတစ်ခု ဖြန့်ဝေပေးလိုက်ပါတယ်ဗျာ သူတို့ရဲ့ စာတွေကိုလဲ နဂိုအတိုင်းဖေါ်ပြပေးလိုက်ပါတယ်။

ကလိုစေးထူးရဲ့သတိပေးချက်

ဘလော့ဂါ မိတ်ဆွေ အပေါင်းကို သတိပေးအပ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ လက်ရှိ အုပ်ချုပ်နေသူကို ဆန့်ကျင် ရေးသားနေသူတွေ အထူးသတိထားကြပါ။

ကျနော့် ဘလော့ဂ်မှာ Kalar ဆိုတဲ့ နာမည်နဲ့ လူတယောက် see here or here လို့ရေးပြီးတော့ လင့်ခ်တွေ ပေးပါတယ်။ ကလစ်လိုက်တော့ စက်ကို ခြိမ်းခြောက်တိုက်ခိုက်မယ့် ဗိုင်းရပ်စ်တွေ လွှတ်ထားတဲ့ လင့်ခ်ဖြစ်နေပါတယ်။ ကျနော်က ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ရင် သိပ်နားမလည်ပါဘူး။ ဒါပေမယ့် သူ ပေးတဲ့ လင့်ကို ကလစ်လိုက်တော့ မေးခွန်းတခု ပေါ်လာတယ်။ စကရင်က ဖြူသွားတယ်။ အိုကေ ကလစ်ရင် ဘာဖြစ်မယ် မသိပါဘူး။ မင်းစက်ကို ဗိုင်းရပ်စ်တွေ တိုက်ခိုက်နေပြီလို့ သတိပေးစာတန်းပေါ်ပါတယ်။ cancel ကလစ်လိုက်ပေမယ့်လဲ စက်ထဲကနေ တချို့ ဝက်ဘ်ဆိုက်တွေကို ဝင်လို့ မရပါဘူး။
ကျနော် အရင်က ဝယ်ထားတဲ့ stop'n sign in ဆိုတဲ့ ပရိုဂရမ်တခုနဲ့ စက်ကို fix ပြန်လုပ်လိုက်မှ အဆင်ပြေသွားပါတယ်။ ကျနော့်ထက် ပိုမို တတ်ကျွမ်းနားလည်သူတွေအနေနဲ့ အဲဒီလို လင့်ခ်နဲ့ မိမိဘလော့ဂ်ကို လာရောက် တိုက်ခိုက်ခဲ့ရင် သတိထားနိုင်ဖို့နဲ့ စက်ရဲ့လုံခြုံရေးအတွက် အကောင်းဆုံး ဘယ်လို လုပ်သင့်တယ်ဆိုတာ ပို့စ်နဲ့ ဖြစ်ဖြစ် တင်ပေးကြဖို့ ပန်ကြားအပ်ပါတယ်။
အချိန်အားမယ်..ဖြစ်နိုင်မယ်ဆိုရင်တော့ တခြားသော နီးစပ်ရာ မိတ်ဆွေတွေဆီကိုပါ သတိပေးထားစေချင်ပါတယ်။

လေးစားစွာဖြင့်

ကလိုစေးထူး

***

ကိုထိုက်ရဲ့သတိပေးချက်

ဟုတ်ပါတယ်၊ ကျွန်တော့် ဘလော့မှာလည်း အဲဒါကို လူတစ်ယောက်လာ ထားသွားပါတယ်။ အဲဒါကို ကာကွယ်နိုင်ဖို့
သူပေးတဲ့ link ပေါ် mouse တင်ထားပြီး Browser ရဲ့ ဘယ်ဘက်ထောင့်မှာ အဲဒီ link က ဘယ်ဆိုဒ်က
link လဲဆိုတာကို မြင်ရပါတယ်။ ကိုယ်မသိတဲ့ ဆိုဒ်၊ မသေချာတဲ့ ဆိုဒ်ဆိုရင် လုံးဝ click မလုပ်ပဲ၊ admin ကို
အကြောင်းကြားစေလိုပါတယ်။ အဲဒီ comment အောက်မှာလည်း သတိပေး comment တစ်ခုကို ရေးထားပြီး
အခြားလူတွေကို အဲဒီ comment မဖြတ်ခင် သတိပေးစေလိုပါတယ်။

နောက် တစ်ချက်က ဆိုဒ် admin က ပေးတာ မဟုတ်ဘဲ အခြား လူတွေ ပေးတဲ့ ဆိုဒ်တွေဆို နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့
ကိုယ်သွားနေကြ ဆိုဒ်တွေကလွဲရင် အခြားဆိုဒ်တွေကို မသွားတာ အကောင်းဆုံးပါပဲ ခင်ဗျာ။

လေးစားစွာဖြင့်

ကိုထိုက်

***

မမေငြိမ်းရဲ့သတိပေးချက်

အားလုံးပဲ...
သူတို့က နာမည်ပေါင်းစုံသုံးပြီး လုပ်နေတာပါ။ ကျမဆီမှာလည်း ဝင်လုပ်တာ လေးငါးကြိမ်မကတော့ပါဘူး။ ကျမက အဲဒီကော်မင့်ကို ဖျက်ပြီး အဲဒီအောက်မှာ သတိပေးစာလည်း ရေးလိုက်ပါတယ်။ ခုဆိုတော်တော်များများ သိနေပြီထင်ပါတယ်။ တခုထပ်သတိထားရမှာက နောက်ပုံစံတမျိုးနဲ့ လုပ်လာမှာကိုပါ။ သိတာနဲ့ ပို့စ်တင်တာတို့ အကြောင်းကြားတာတို့ လုပ်ကြပါဦး

မေငြိမ်း

***

မျိုးချစ် ၏ အကြံပေးချက်

ဟုတ်ပါတယ်ဗျာ

တကယ်တော့ ကျွန်တော်လဲအဲဒါကို မိတ်ဆွေတို့ဆီကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာပါ (အပျင်းကြီးနေတာပါ) နောက်ပြီးကျွန်တော့်ဆီဘဲလာနေတယ် အောက်မေ့လို့ပါ ဒီကိစ္စက ကျွန်တော်တို့ကိုသာ တိုက်ခိုက်ထားတာမဟုတ်ပါဘူး စာဖတ်သူတွေထဲက Comment ကိုဖတ်ချင်တဲ့သူတွေကိုပါ တိုက်ခိုက်ထားတာပါ ဒီ Virus ကိုရေးနေတဲ့ကောင်တွေကိုလဲ ကျွန်တော့်မိတ်ဆွေတွေ လိုက်နေပါပြီ ဒါကိုအလွယ်ဆုံးကာကွယ်လို့ရတဲ့ နည်းတစ်ခု ရှိပြီးသားပါ

မိတ်ဆွေတို့ Blogger Account ထဲမှာ Settings ကိုသွားပါ ပြီးရင် Comments Tab ကိုနှိပ်လိုက်ပါ

Who Can Comments ထဲမှာ Users with Google Accounts ကိုရွေးပါ

အောက်က Enable comment moderation? မှာ Yes ဆိုတာကိုရွေးလိုက်ပါ

ပြီးတော့ အောက်ဆုံးက Comment Notification Email မှာ ကိုယ့် email ကိုရေးထားပြီး Save Settings ကိုရွေးလိုက်ပါ

ဒါဆိုရင် Comments တွေ Blog မှာမတက်ခင် မိတ်ဆွေတို့ email ထဲကနေ Notify လာပြီး အရင် Review လုပ်ခွင့်ရပါမယ်

ပြီးမှ စိတ်ချရပြီဆိုမှ Publish Comments လုပ်လိုက်ယုံပါဘဲ အလွယ်ပြောရရင် Comment ကို ဆင်ဆာဖြတ်ပြီးမှ တင်တဲ့သဘောပေါ့ဗျာ

ဒီကစပြီး လင့်တွေပါတဲ့ Comments တွေမှန်သမျှ ဖွင့်မကြည့်ဘဲ ဖျက်ပြစ်လိုက်

စိတ်ချရတဲ့ Comment ဆိုမှ Publish လုပ်လိုက် ဒီတော့ Comment ဖတ်သူတွေပါ အန္တရာယ် ကင်းတာပေါ့ဗျာ

ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ ဘေးရန်ကင်းပြီး ပျော်ရွှင်အေးချမ်းစွာ အသက်ရှင်နေထိုင်ခွင့်ရရှိကြမယ်ဆိုကျွန်တော် ကျေနပ်ပါပြီ

ဒီစာလေးကိုလဲ ပြန်လည်ဖြန့်ဝေပေးကြပါဦးဗျာ

လေးစားခင်မင်စွာဖြင့်

မျိုးချစ်မြန်မာ

*** *** ***

ကျွန်မရဲ့ ပို့စ်တွေမှာလည်း အလားတူ ကွန်မန့်တွေ လာထားထားပါတယ်။ ပထမတခါတော့ ကျွန်မ အလုပ်က ကွန်ုပြူတာကနေ ဖွင့်ကြည့်မိတာဖြစ်လို့ ကျွန်မ အိမ်က သုံးနေကျ LapTop မှာတော့ ဘာမှ မထိခိုက်ခဲ့ပါဘူး။ အလုပ်က စက်ကနေ ဖွင့်မိတော့ ဗိုင်းရပ်စ် alarm တွေပေါ်လာပြီး ချက်ချင်း စကန်လုပ်တာကို တွေ့ရပါတယ်။ ဒါနဲ့ ကျွန်မလည်း သဘောပေါက်လိုက်ပြီး အဲလို ကွန်မန့်တွေ တက်လာတဲ့အခါ ချက်ချင်း ဖျက်ဖျက်ပစ်ပါတယ်။ ဘယ်သူ့ကိုမှတော့ မပြောပြမိဘူး။ ခု ကိုမျိုးချစ်ဆီက အီးမေးလ်ကို ရမှ တော်တော်များများ ဘလော့တွေမှာလည်း ဒီလို ကွန်မန့်တွေကို လက်ခံရရှိတယ်ဆိုတာကို သိရပါတော့တယ်။ ကွန်မန့်များကို
ဖျက်လိုက်ပြီဖြစ်သော်လည်း နမူနာ အနေနဲ့ ကျွန်မ အီးမေးလ်ကနေတဆင့် ကော်ပီပြလိုက်ပါတယ်။ အားလုံးပဲ ဗိုင်းရပ်စ် နှောင့်ယှက်ခံရခြင်းဘေးမှ ကင်းဝေးကြပါစေ။

သူတို့ ပေးထားသော Link တွေကို click မကြည့်ကြဖို့ အထူး သတိပေးပါတယ်။
အားလုံး သိရုံသက်သက် ကော်ပီပြထားတာပါ။


-----------------------------------------------------------

မတ်လ ၁ ရက်နေ့က ချသွားတဲ့ (ခုချိန်ထိတော့) နောက်ဆုံး ကွန်မန့်ဖြစ်ပါတယ်။

Malashicage has left a new comment on your post "ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု":

Attention please!
Virus Protect
Remove all viruses, spyware and adware!

-----------------------------------------------------------

ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကွန်မန့်ဖြစ်ပါတယ်။

Nemuro has left a new comment on your post "မိဘနှင့် သားသမီး":

See HERE OR HERE

-----------------------------------------------------------

ဖေဖော်ဝါရီ ၂၄ရက်နေ့က ကွန်မန့်ပါ။

Tojagal has left a new comment on your post "မိဘနှင့် သားသမီး":

Warning or look Here

-----------------------------------------------------------

ဖေဖော်ဝါရီ ၂၁ ရက်က ကွန်မန့်။

Ivan has left a new comment on your post "မိဘနှင့် သားသမီး":

Sorry. Look please here

-----------------------------------------------------------

ဖေဖော်ဝါရီ ၁၆ ရက်က ကွန်မန့်။

Ivan has left a new comment on your post "KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း လုပ်ကြံ...":

See here

-----------------------------------------------------------

ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပထမဆုံးရရှိတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကွန်မန့် ဖြစ်ပါတယ်။

Malabei has left a new comment on your post "ဘာလဲဟဲ့ Valentine's Day":

I first visited your blog, but my antispyware said that he is infected with an unknown virus.
I deleted the virus through this AntiSpyWare.
The virus does not manifest itself but gradually destroys information on the computer.

*** ***** ***

သူတို့ ပေးထားသော Link တွေကို click မကြည့်ကြဖို့ အထူး သတိပေးပါတယ်။
အားလုံး သိရုံသက်သက် ကော်ပီပြထားတာပါ။


s0wha1

Saturday, March 8, 2008

ကာတွန်းတွေက ပြောသော အမှန်တရား (၉)



ဧရာဝတီဟစ်တိုင်၊ ရိုးမခေတ်ပြိုင် တို့မှ ကူးယူ ဖော်ပြသည်။













Monday, March 3, 2008

GTC ကျောင်းသူဘ၀ အမှတ်တရ (၂)



ကျောင်းတုန်းကအကြောင်းတွေ ဆက်ရေးချင်သေးလို့ ထပ်ရေးဖြစ်ပါတယ်။

မှော်ဘီ GTC မှာ ကျောင်းတက်တုန်းကအကြောင်းပြောရင် ပဲခူးမြို့ဆိုတာ ကျွန်မတို့ ခြေရာတွေထပ်ခဲ့တဲ့ နေရာတစ်နေရာအဖြစ် ပြောဖို့ကျန်ခဲ့လို့ မဖြစ်ဘူး။ ပဲခူးဘက်ကို ပဲခူးဘုရားဖူးဆိုပြီး မကြာမကြာ သွားကြတယ်။ ပဲခူးသူ သူငယ်ချင်းမတစ်ယောက်ကလည်း မှော်ဘီမှာ လာတက်နေတော့ သူ့အားကိုးနဲ့ သွားကြတာလည်း ပါတာပေါ့။ ကားကိုယ်တိုင်မောင်းပြီး ကျောင်းတက်တဲ့ သူငယ်ချင်းတွေရဲ့ ကားတွေနဲ့ သံလျင် GTC ဘက်ထိလည်း ခြေဆန့်တတ်ကြပါသေးတယ်။ လူက ညီတော့ တော်တော်လေး ပျော်ဖို့ကောင်းသား။


ဧပြီလရောက်ပြီဆို သင်္ကြန်မကျသေးပေမယ့် ရေပက်ကြတာ ကျောင်းတိုင်းလိုလိုဖြစ်မှာပါ။ ကျွန်မတို့လည်း အဲဒီချိန်ဆို သောကြာနေ့တိုင်း တကျောင်းလုံး ရေတွေ ရွှဲရွှဲဆိုနေအောင်ကို ကဲကြပါတယ်။ ဒါတောင် ကိုယ်နဲ့ ခင်မင်ရင်းနှီးသူတွေကိုပဲ လိုက်ပက်သေးတာ။

တမြို့နယ်ထဲကဖြစ်တဲ့ ကျွန်မတို့ သူငယ်ချင်းတွေ GTC ရောက်မှ ပေါင်းဖြစ်ကြပေမယ့် ကျောင်းအားရက်နဲ့ ကျောင်းပြန်ချိန် ညနေဘက်တွေမှာ တစ်ယောက်အိမ်တစ်ယောက် ကားတွေနဲ့ လှည့်ပတ်သွားပြီး လက်ဘက်ရည်ဆိုင်ထိုင်ဖို့ လူစုတတ်ပါတယ်။ တခါတလေလည်း တခြားမြို့နယ်က သူငယ်ချင်းတွေဆီ သွားလည်ကြတယ်။


နောက်ပိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြို့ပြင်လယ်ကွင်းပြင်မှာ ပျော်ပျော်ပါးပါး စာသင်နိုင်ဖို့ ကြိုးစားနေတဲ့ ကျောင်းသားတွေဟာ တဆင့်ထက်တဆင့် တိုးတိုးလာတဲ့ ချုပ်ချယ်တားမြစ်မှုတွေကြောင့် ကျောင်းနဲ့မတူတဲ့ အကျဉ်းထောင်ပမာ စာသင်ခန်းတွေထဲမှာ ရုန်းထွက်မရ ဖြစ်နေတော့တယ်။ မှော်ဘီမှာတက်နေတဲ့ နောက်ဆုံးအသုတ် YTU ကျောင်းသားတွေ လှိုင်သာယာ ပြောင်းသွားတဲ့အခါ ဆရာမကြီး ဒေါ်တိုးတိုးက ပညာပြပါတော့တယ်။ မနက် ကျောင်းတက်ချိန် နောက်မကျရ၊ စာသင်ချိန်မှာ ကျောင်းသားတွေ အပြင် ကော်ရစ်တာ၊ ကန်တင်းတွေမှာ ရှိမနေရစတဲ့ အထက်တန်းကျောင်းထက် ဆိုးတဲ့ စည်းကမ်းချက်တွေ ထုတ်လာတယ်။ စကတ်အကွဲ မ၀တ်ရ၊ ဘာမ၀တ်ရ၊ ညာမ၀တ်ရတွေ လုပ်လာပါတယ်။ တခြားကျောင်းကလူတွေ မှောဘီကျောင်းက သူငယ်ချင်းတွေဆီ လာလည်တော့ သူတို့က စကတ်အတို၊ အရှည်အကွဲတွေ ၀တ်လာကြတယ်။ အဲဒီအခါ အရှက်ကိုမရှိဘူး။ အကျင့်ပျက် ယဉ်ကျေးမှု ဘာညာနဲ့ ပြောဆို လွှတ်တဲ့အထိ ဆိုးသွမ်းလှပါတယ်။

နောက်တော့ တနင်္လာ၊ သောကြာကို အကျီအဖြူ မ၀တ်မနေရဆိုပြီး ပြောလာတယ်။ မ၀တ်လာတဲ့သူက ကျောင်းဝန်းထဲ ၀င်ခွင့်မရှိပါတဲ့။ အဲဒီတုန်းက အဓိပ္ပါယ်မရှိတဲ့အမိန့်တွေ၊ ကန့်သတ်ချက်တွေဆို ဆန့်ကျင်လိုတဲ့အတိုင်း ကျွန်မကတော့ တခြားနေ့တွေသာ အင်္ကျီအဖြူ ၀တ်ချင်ဝတ်မယ်။ တနင်္လာနဲ့ သောကြာဆို တမင် မ၀တ်ဘဲ ကျောင်းကို သွားပါတယ်။ အဲဒီတော့ ကျောင်းပေါက်ဝက ဆရာတွေက ကျောင်းထဲ ပေးမ၀င်ပါဘူး။ မ၀င်ရတော့ ဘာဖြစ်လဲ အပြင်ဘက်က ကန်တင်းတွေမှာ ထိုင်နေလိုက်တာပေါ့။ ၀င်ခွင့်မရတဲ့ တချို့သူငယ်ချင်းတွေက ခြံစည်းရိုး ခွေးတိုးပေါက်လေးတွေကနေ ကျောင်းထဲ ၀င်ကြတယ်။ ခုတော့လည်း တက္ကသိုလ်တွေက ၀တ်စုံတွေနဲ့ကို ဖြစ်ကုန်တော့တာပါပဲ။

ပြီးတော့ ဆရာတွေကလည်း ကျွန်မတို့ထက် အသက် ၃၊ ၄ နှစ်လောက်သာ ကြီးတဲ့ ဆရာ၊ ဆရာမ ငယ်ငယ်လေးတွေ များပါတယ်။ အများစုက GTI Diploma လက်မှတ် ရထားတဲ့သူတွေပါ။ ကျောင်းတွေက များ၊ အရည်အချင်းပြည့်ဝတဲ့ ဆရာက နည်း၊ ဒီတော့ BE ဘွဲ့မရပေမယ့် Diploma အောင်လက်မှတ်ရှိရုံနဲ့ သင်တန်း အနည်းငယ်ပေးပြီး ဆရာတွေ ပြန်လုပ်ခိုင်းဆိုတော့ ကျွန်မတို့ဆရာ တချို့က စာသွားမေးရင် ပြန်မဖြေတတ်တာ များပါတယ်။ workshop လို့ခေါ်တဲ့ လက်တွေ့ချိန်တွေမှာဆို သစ်သားတွေ ရွေဘော်ထိုး၊ အုတ်နီခဲနဲ့သဲကို နံရံပုံစံ စီထပ် စသဖြင့် ခက်ခဲ၊ အဆင့်အတန်းမြင့်တဲ့ ပညာရပ်တွေ သင်ကြားရတယ်။ ကျွန်မတို့ကလည်း ကိုယ့်ကိုယ်ကို ငါဟဲ့ Civil Engineer ဆိုပြီး ကလေးကစားသလို ပျော်ပျော်ကြီးကို လုပ်ကြတာပေါ့။ Drawing ချိန်ဆိုရင်တော့ အားလုံး သိကြတဲ့အတိုင်း TSquare ကြီးတွေနဲ့ မတ်တပ်တွေရပ်ပြီး ပုံတွေလိုက်ဆွဲရတာလည်း ပျော်စရာ။ ဘယ်လိုနိုင်ငံမျိုးမှာမှ မရှိနိုင်တော့တဲ့ သင်ကြားနည်းပုံစံတွေနဲ့ တော်တော်ကို ဂုဏ်ယူစရာ ကောင်းလှတယ်။ :P

နောက်ထပ် စိတ်ပျက်စရာ တခုရှိပါသေးတယ်။ ၁၀တန်းတုန်းက အမှတ် ၄၀၀ကျော်ရပြီး ဆေးကျောင်း စိတ်မ၀င်စားတဲ့အတွက် YTU မရှိတော့သော်လည်း ဒုတိယနှစ် အမှတ်ကောင်းရင် YTU ကို join နိုင်တဲ့ GTC ကို လာတက်ကြတဲ့သူ တော်တော်များများ GTI အောင်လက်မှတ်နဲ့တင် နိတ္ထိတန်သွားကြတာပါ။ ၁၀တန်းမှာ အမှတ် ၂၉၀ ကျော်၊ ၃၀၀ လောက်ပဲ ရတဲ့သူတွေက BE ထိပါသွားကြတာကို မြင်ရ၊ ကြားရတဲ့အခါ မတရားသလို ခံစားရပါတယ်။ ၁၀တန်းတုန်းက ကြိုးစားခဲ့တဲ့ ကြိုးစားမှုတွေက အလကား သဲထဲရေသွန်ဖြစ်ကုန်တာကတော့ မဖြစ်သင့်တဲ့ကိစ္စပါပဲ။ တက္ကသိုလ်ဝင်တန်းမှာ စာအသားကုန် လုပ်ခဲ့တဲ့သူတွေအနေနဲ့ တက္ကသိုလ်တက်ချိန်မှာတော့ နည်းနည်းပါးပါး ပျော်ချင်ကြတာ သူတို့အလွန် မဟုတ်ဘူးလို့ ယူဆပါတယ်။

ဩော် ပြောရရင်တော့ ပြောစရာတွေက မကုန်တော့ဘူး။ ပြောချင်တော့ပါဘူး။ စိတ်ပျက်လို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

GTC ကျောင်းသူဘ၀ အမှတ်တရ


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Sunday, March 2, 2008

ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု



မိတ်ဆွေတစ်ယောက်က ကျွန်မကို Forwar Mail ပို့ပေးထားတာလေးကို ကျွန်မနှစ်သက်လို့ ကျွန်မ ဘလော့ဂ်မှာ ပြန်တင်လိုက်တယ်။ ဘယ်သူရေးထားမှန်းမသိသလို၊ ဘယ်စာစောင်မှာ ပါထားမှန်းလည်း မသိပါဘူး။ အဲဒီအတွက် မူရင်းရေးသူထံလည်း ခွင့်မတောင်းနိုင်ခဲ့ပါဘူး။

***** ******* *****

ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု

အဲဒီမှာ... ကလေးတွေအတွက် စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက် ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။

အဲဒီမှာ... ကမ္ဘာကြီးနဲ့ ၀င်ဆန့်ဆက်ဆံဖို့ အင်တာနက်ကဖေးတွေ မရှိပေမယ့်
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွင့်ဖို့ စည်ဘီယာဆိုင်တွေ ရှိတယ်။

အဲဒီမှာ... အိပ်မက်တွေအတွက် မနက်ဖြန်မရှိပေမယ့်
ဒီနေ့အတွက် နှစ်လုံးထီရှိတယ်။

အဲဒီမှာ... ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ရောင်းကောင်းရောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့ အပေါင်ဆိုင်တွေ ရှိတယ်။

အဲဒီမှာ... (မရှိပေမယ့်).............( ရှိတယ်)
ခေတ်မှီ တိုက်လေယာဉ်ကြီးတွေရှိတယ်...
ကြံ့ဖွံ့ရှိတယ်...ဖယောင်းတိုင်ရှိတယ်။
ကြားကားရှိတယ်... ဂြိုလ်တုလောင်းကစားရှိတယ်။
ဘောလုံးနဲ့ ဘင်လာဒင်ကို ဘုရားစင်မှာ တင်ထားတဲ့ ဂျာနယ်တွေရှိတယ်။
ဖွင့်ထားတဲ့ ကြယ်ငါးပွင့် ဟော်တယ်ကြီးတွေရှိတယ်။

ပြီးတော့... သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေရှိတယ်။
ရေဒီယိုနဲ့ ကောလဟာလပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေးရှိတယ်။
စာပေစီစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။

ပြီးတော့... ဗိုလ်ချုပ်ကြီးတွေက...အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေ ပျောက်မလားလို့ တံတားတွေ ဆောက်ထားတာရှိတယ်။
မြို့ပြင် လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာ ပညာသင်ကြားရေးရှိတယ်။

ပြီးတော့... အိမ်ထဲက အိမ်ပြင် မထွက်ရဲတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့လူတစ်ယောက်ရှိတယ်။

ပြီးတော့... တရုတ်တန်းဖြစ်သွားတဲ့ နန်းတော်တစ်ခုရှိတယ်... ရှိတယ်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*