်
လူထုဦးလှ ရေးထားတဲ့ ဆောင်းပါးလေးပါ။။။ အပိုင်း (၆) ပိုင်း ခွဲပြီး တင်သွားပါ့မယ်။။။
*** *** ***
ကိုသုခ
( အသက် ၄၁ နှစ်တွင်း )
( လုပ်ကြံမှုကြီးတွင်ပါဝင်သူတစ်ဦး )
ဗမာပြည်နိုင်ငံရေးရာဇ၀င်တွင် မကြုံဘူး၊ မကြားဘူအောင် အထိနာလိုက်ရသည့် လုပ်ကြံမှုကြီးကို လူတိုင်း လတ်လတ်ဆတ်ဆတ် မှတ်မိနေကြဦးမည်ဟု ယူဆပါသည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော တိုင်းပြည်ခေါင်းဆောင်ဝန်ကြီးများကို ဦးစောတို့လူစုက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်သည့် အမှုအခင်းကြီးကို ဆိုလိုပါသည်။ ဤအမှုကြီးနှင့် ပတ်သက်၍ လူတိုင်းလိုလို စိတ်ဝင်စားကြသည့်နည်းတူ ကျွန်တော်လည်း အမှန်ကို သိလိုသဖြင့် ရန်ကုန်ထောင်ကြီးအတွင်း ၃ နှစ်ကျော်မျှ နေထိုင်ရစဉ် ထိုအမှုနှင့် ပတ်သက်၍ တသက်တကျွန်း အပြစ်ပေးခံနေကြရသော ခင်မောင်ရင်၊ ကိုနီ၊ ကိုသုခတို့နှင့် စကားစမည်ပြောခွင့် ၄င်းတို့အား မေးမြန်းခွင့်ရရှိခဲ့သဖြင့် သတင်းစာများတွင် မပါသေးသည့် ထိုလုပ်ကြံမှုကြီးနှင့် တစ်ဆက်တည်းဖြစ်သော အကြောင်းအရာ အချက်အလက်များကို ထပ်မံသိရှိခဲ့ရပါသည်။ ထို့ပြင် လူတစ်ယောက်သည် ဤကဲ့သို့သော မှုကြီးခင်းကြီးတွင် ဘယ်သို့သော အကြောင်းများကြောင့် ပါဝင်ခဲ့ရသည်ဆိုသည့် အကြောင်းကိုလည်း လေ့လာလိုသဖြင့် ကိုသုခအား မိဘမျိုးရိုးမှစ၍ လူ့ဘ၀ရောက်လာပုံ၊ ဤအမှုကြီးတွင် မည်သို့မည်ပုံ ပါဝင်လာခဲ့ရပုံများကို ပြောပြရန်တောင်းပန်သဖြင့် ကိုသုခသည် စိတ်ရှည်လက်ရှည် ပြောပြရှာပါသည်။ ကိုသုခ ပြောပြသည်များကို ကျွန်တော်က ကြိုတင်ဝေဘန်ခြင်းမပြုလိုပါ။ မူရင်းအတိုင်း ယခု တင်ပြလိုက်သည်ဖြစ်ရာ စာဖတ်သူမိတ်ဆွေများသည် လူတစ်ယောက်၏ ဘ၀ကို လေ့လာသောသဘောဖြင့် အချိန်ယူ၍ ကျကျနန ဖတ်စေလိုပါသည်။
လူထုဦးလှ
*** *** *** *** *** *** ***
ကိုသုခပြောပြသည်မှာ
ကျွန်တော့်အဖေက အထက်သားပါ။ မြင်းခြံခရိုင် တလုပ်မြို့ကဖြစ်ပါသည်။ အဖေ့အမေက ဒေါ်ငယ်မ ပါ။ အဖေ့နာမည်ကတော့ ဦးမှော် ဖြစ်ပါသည်။ ဦးမှော်နှင့် သူရဲဝန်ကတော် ဒေါ်ရွှေမယ်မှာ မောင်နှစ်မ တ၀မ်းကွဲ တော်ပါသည်။ သူရဲဝန်သည် မြင်ကွန်းမြင်းခုန်တိုင် အရေးတော်အခါက မင်းတုန်းမင်းဘက်က လိုက်၍ တိုက်သူဖြစ်ပါသည်။
အဖေ့အကိုက ဦးရွှေဘော်ပါ။ ကျွန်တော်၏ အဖေနှင့်ဘကြီးတို့မှာ တိုင်းပြည်အခြေအနေကြောင့်တကြောင်း၊ အလုပ် အဆင်မပြေမှုများကြောင့်တကြောင်း အလွန်ပင်ဆင်းရဲကြပါသည်။ ရပ်ရွာမှာ မနေနိုင်လောက်အောင်ပင် အခြေအနေဆိုးသောကြောင့် ဦးရွှေဘော်နှင့် ဦးမှော် ညီအစ်ကို နှစ်ယောက်လည်း အောက်ပြည်သို့ ထွက်ခဲ့ကြပါသည်။ ခြေလျင်လျှောက်သည့်အခါလျှောက်၊ လှေရသည့်အခါ လှေနှင့်ဆင်းခဲ့ကြရင်း လမ်းတွင်ရပ်နားပြီး အလုပ်အကိုင်များ လုပ်ကြရသည့်အခါလည်းလုပ်ကြရပါသည်။
နောက်ဆုံးတွင် ညီအစ်ကိုနှစ်ယောက်သည် အောက်ဗမာပြည် မြစ်ဝကျွန်းပေါ် ကျိုက်လတ်နယ်သို့ ရောက်လာကြပါသည်။ ထိုဒေသမှာ ထိုစဉ်အခါက လယ်ယာမြေကောင်းကောင်း မရှိသေးပါ။ သစ်တော၊ ကိုင်းတောကြီးသာ ဖြစ်ပါသည်။ သစ်ပင်တွေလှဲ၊ တောခုတ် ဂရံယူ ၃နှစ်ဆိုလျှင် ဓါးမဦးချ လုပ်ကိုင်သူ ပိုင်ပါသည်။
ဤနည်းကောင်းကို တွေ့ကြရာ ညီအစ်ကို ၂ယောက်သည် အထက်ပြန်သွားပြီး ဆွေမျိုးတွေကို ခေါ်ခဲ့ကြပါသည်။ ထိုအချိန်က သီပေါမင်း မပါသေးပါ။ သစ်ပင်တွေ လှဲလိုက်သည့်အခါ မျောက်တွေ ကြက်တူရွေးတွေ ပြေးလွှား ပျံသန်းကြသည်ဟု ဆိုကြပါသည်။
၁၂၄၇ သီပေါဘုရင် ပါတော်မူသောနှစ်တွင် အမေတို့ကလည်း မိဘဆွေမျိုးများနှင့်အတူ အောက်ပြည်သို့ရောက်လာပါသည်။ ထိုအခါက အမေမှာ ၂ နှစ်သမီးသာ ရှိပါသေးသည်။ ဇာတိကတော့ နွားထိုးကြီးနယ် ငကွရွာကပါ။ အဖေနှင့်အမေမှာ အောက်တွင် လာရောက် ဆုံဆည်းမိကြခြင်း ဖြစ်ပါသည်။ အဖေက အမေ့ထက် အသက်များကြီး ကြီးပါသည်။ နှစ်ပေါင်း ၃၀ကြီးပါသည်။
အဖေ၏ ပထမအိမ်ထောင်မှာ ဒေါ်ယုဖြစ်ပါသည်။ မ၀က်နှင့် ကိုရွှေသီးဆိုသော မောင်နှမ နှစ်ယောက် ထွန်းကားပါသည်။ မ၀က်မှာ ငယ်စဉ်ကပင် သေဆုံးသွားပါသည်။ ဒေါ်ယု၏ လက်ထက်တွင် ကျွန်တော်သိရသလောက် စီးပွားရေးက အသင့်အတင့်သာလျှင် တက်ပါသေးသည်။ အဖေမှာ အလွန် ကပ်စေးနဲသူ ဖြစ်ပါသည်။ ဟင်းကို ဆီမထည့်ရပါ။ ဟင်းတွင်ဆီပါလျှင် ဒေါ်ယုကို ထထောင်းသည်ဟု အဆိုရှိပါသည်။ “ဆီပါရင် မွဲရောပေါ့ဟဲ့”ဟု ကြိမ်းမောင်းလေ့ရှိကြောင်းလည်း ပြောကြပါသည်။
ဒေါ်ယု သေဆုံးသွားသည့်နောက် ဦးမှော်သည် ကျုံပျော်သူ ဒေါ်ကျင်နှင့် လက်ထပ်ပြန်ပါသည်။ ဒေါ်ကျင်နှင့် မစံတင့်ဆိုသော သမီးတစ်ယောက် ထွန်းကားပါသည်။ အမ မစံတင့် ယခုရှိပါသည်။ ထိုအချိန်တွင် လယ်ဧက အတော်အသင့် စီးပွားတက်လာပါသည်။ ဒေါ်ကျင်နှင့် ပေါင်းရသောနှစ်မှာ မများလှပါ။ ဒေါ်ကျင် ဆုံးပြီးသည့်နောက် ဒေါ်သာယာနှင့် အိမ်ထောင်ကျပါသည်။ ဒေါ်သာယာနှင့် သား၃ယောက် သမီးတစ်ယောက် ထွန်းကားရာ ကျွန်တော်မှာ တတိယသားဖြစ်ပါသည်။ ယခု ကျွန်တော်တစ်ယောက်သာ ကျန်ပါတော့သည်။ အမေနှင့်ပေါင်းသော ၁၀နှစ်အတွင်းတွင် စီးပွားအလွန်ပင် တက်ပါသည်။ အလှူကြီးများလည်း ပေးပါသည်။ ကျောင်း၊ ရေတွင်း ရေကန်များကို ရွာတကာ၊ ရပ်တကာမှာ ဆောက်လုပ်တူးဖေါ် လှူဒါန်းပါသည်။ ရာဝင်အိုးကြီးများနှင့် ဆီတွေလှောင်ထားပြီး ရောင်းလည်းရောင်း၊ လှူလည်းလှူပါသည်။ အရပ်ထဲက လာတောင်းလျှင်လည်း ပေးပါသည်။ ငယ်ငယ်က ကပ်စေးနဲသလောက် ကြီးသောအခါ လှူပါသည်။ မိုးဦးကျလာသောအခါ မျှောတိုင်၊ ဓနိ၊ ၀ါးတွေ ပုံထားပါသည်။ ယူသောသူများက ကိုယ်တိုင်စာရင်းမှတ်ကြရပြီး ပြန်ပေးလျှင်လည်း ယူသည်။ မပေးလျှင်လည်း ဘာမှမပြောပါ။
နွေမိုးဆောင်း ဥတုသုံးပါးလုံး၌ အိမ်ရှေ့တွင် ကနဖျင်းတဲကြီး ထိုးထားပြီး ထန်းလျက်၊ ငါးခြောက်၊ ပဲလှော်၊ လက်ဖက်ခြောက်များ အပြည့်အစုံထားပါသည်။ စားချင်သူစားဆိုသော အဘောပင်ဖြစ်ပါသည်။ ဒူးရင်းယိုတို့ ဟာလ၀ါတို့ပါ ပါသည့်အခါ ပါပါသေးသည်။ တခါတရံ ကျေးရွာများမှာ ဓါးပြပူပါသည်။ အဖေကတော့ သေနတ်လိုင်စင်လည်း မတောင်း၊ သေနတ်လည်း မဆောင်ပါ။ အိမ်ကိုလည်း နေ့ညဥ့် တံခါးပိတ်သည် မရှိလှပါ။ အမြဲပင် တံခါးဖွင့်ထားပါသည်။
အဖေတို့အမေတို့နေသော ကျိုက်လတ်နှင့် ၁၀မိုင်ခန့်ဝေးသည့် ပရိုက်အနောက်စုရွာတွင် ပျဉ်ထောင်သွပ်မိုးအိမ်တွေ အများကြီး အဖေက ဆောက်ထားပါသည်။ လယ်လုပ်သူတွေ ဆွေမျိုးတွေ ထိုအိမ်များပေါ်တက်ပြီး နေကြပါသည်။ အဖေသေဆုံးသောအချိန်တွင် ထိုအိမ်များကို နေထိုင်သူများက ပိုင်ကြပါသည်။ အမေတို့ကလည်း ဘာမှမပြောကြတော့ပါ။ ၀က်သားရောင်းသော တရုတ်များ သမ္ဗန်ကြီးများနှင့်လာလျှင် တစ်ရွာလုံး ဘယ်သူဆင်းယူယူ အလှူကြီးပေးလိုက်ပါသည်။ တရုတ်များက စာရင်းမှတ်ထားပြီး အဖေ့ထံတွင် ငွေရှင်းရပါသည်။ ငါးသည်များ လှေဝမ်းပြည့်မျှ တင်လာလျှင် ငါးလှေကို ဆင်းကြည့်ပါသည်။ အရှင်တွေ များသည်တွေ့က “အချိန်ဘယ်လောက်လဲ၊ ဘယ်ဈေးလဲ” မေးပြီး လှေနံကို နင်းမှောက်ပစ်ပါသည်။ အရှင်တွေကိုလွှတ်၍ အသေတွေကို အလှူလုပ်ခြင်းဖြစ်ပါသည်။ ရွာအနီးအနားက အင်းများကို အားလုံး လေလံအုပ်ဆွဲထားပြီး ငါးများကို ဘေးမဲ့ပေးထားပါသည်။ သူလေလံကြိုဆွဲထားသောကြောင့် သူသေပြီး ၇နှစ်အထိ အစိုးရက လေလံမပစ်နိုင်ပါ။ ဘယ်သူမှ အင်းမလုပ်ရပါ။
ကျိုက်လတ်မြို့ ၁၁ဖြတ်လမ်းက ကျောင်းတိုက်ကြီးထဲတွင် ကျောင်းတွေဆောက်ပြီးလှူသည်။ ကျိုက်လတ်ဘုရားကြီးဝင်သည့် စောင်းတန်းကြီးကို မြို့ကတ၀က်၊ သူကတ၀က် ငွေထည့်ပြီး ဆောက်လုပ် လှူဒါန်းခဲ့သည်။ ဘုရားကြီးထဲတွင် တံခွန်တိုင်ကြီးတစ်လုံးလည်း လှူသည်။ မြို့ပေါ်တွင် အောက်သမံသလင်းခံ တိုက်ခံပျဉ်ထောင် သွပ်မိုးအိမ် ၃၀ ခန့်ဆောက်သည်။ မိတ်ဆွေတွေ အသိအကျွမ်းတွေက အဖေ့ကို ပြောပြီးနေကြသည်က များသည်။
၁၂၈၀ပြည့်နှစ် အသက် ၆၇နှစ်မှာ အဖေဆုံးပါသည်။
ထိုစဉ်က ကျွန်တော့်အသက်မှာ ၄နှစ်သာသာ ကလေးသာ ရှိပါသေးသည်။ အဖေဆုံးချိန်မှာ အခြား အစ်ကိုတစ်ယောက်နှင့် အဖေတူအမေတူ မွေးချင်းအရင်း ၂ ယောက်သာ ကျန်ပါသည်။ ဒေါ်ယုနှင့်ရသော သားကိုရွှေသီးမှာ ငယ်စဉ်ကတည်းက ကျောင်းကောင်းကောင်း မနေပါ။ ကျိုက်လတ်တွင် ရန်ကုန်မှ ဆရာတစ်ယောက် ခေါ်ထားပြီး အိမ်တစ်လုံးနှင့်သားကို စာသင်စေရာတွင်လည်း လျှောက်လည်၍သာ နေပါသည်။ အဖေကိုလည်း တော်တော်လေး မထေလေးစား လုပ်ပါသည်။ ထိုသားကို အဖေ အသက်ရှိစဉ်ကတည်းက ကျိုက်လတ်မှာ အိမ်တစ်လုံး ပေးထားပါသည်။ တခြားစီနေပါသည်။ လယ်တွေ ဘာတွေလည်း ပေးထားပါသည်။
နွေရာသီ စပါးသိမ်းရန် အဖေနှင့်အမေ တောသွားရင်း အဖေက ကျိုက်လတ်မှာ ကိစ္စရှိသဖြင့် ကျိုက်လတ်ကို ဆက်အသွား ၀မ်းရောဂါ ဖြစ်နေကြသောအချိန်ဖြစ်၍ အဖေ့ကိုဝမ်းရောဂါ ကူးစက်ပါသည်။ အမေလိုက်သွားရာ ၃ရက်သာ အသက်မှီလိုက်ပါသည်။ အမေက ရိုး၍ အလွန်ပင် ပူပင်တတ်ပါသည်။ အစ်ကို ကိုရွှေသီးက အမေ့ကို တောပြန်ရအောင်ဆိုပြီး ၇ ရက်ပြည့် ဆွမ်းသွပ်ပြီးသောအခါ သူက သော့ရအောင်ယူထားကာ ရှေ့က သမ္ဗန်နှင့် သွားပါသည်။ မီးခံသေတ္တာထဲက စာချုပ်နှင့် ရွှေ၊ ငွေ၊ စိန်တွေယူပြီး ယူနီဖေါင်းသေတ္တာနှင့် ထည့်၍ အခန်းတစ်ခန်းထဲ စုထားကာ အပိုင်စီးထားပါတော့သည်။ အိပ်လည်း စိတ်မချရ။ စားလည်း စိတ်မချရသော ကျွန်တော်တို့တတွေမှာ ထမင်းစားလျှင်ပင် ဆေးခပ်မှာကြောက်၍ ထမင်းပွဲကို လဲပြီးမှ စားရဲကြပါသည်။
“မောင်ရွှေသီး ဘယ့်နှယ်လဲ၊ တို့စားဘို့သောက်ဘို့ပေးပါ”ဟု အမေကဆိုသည်ကိုလည်း သူက လက်မခံပါ။ နောက်ဆုံးအမအိမ်သို့ သား၂ယောက်လက်ဆွဲပြီး လက်ချည်း ဆင်းသွားရပါသည်။ လယ်တဖွဲ့ ကျိုက်လတ်မှာ အိမ်တစ်လုံး၊ တောမှာ တစ်လုံးပေးထားရန် ကျန်သည်ကို နောက်မှခွဲပေးရန်ပြောရာ “တပဲမှ မပေးဘူး၊ ကျန်တာရေထဲ အကုန်သွန်ပစ်မယ်”ဟု ပြောပါသည်။
ရွာသားများနှင့် ပြောသည်ကိုပင် မရတော့၍ တဘက်ကမ်းရှိ ပျဉ်းမကုန်းရွာမှ ရွာသူကြီး သူဌေးဦးညွန့်ကို ပြောခိုင်းရာ ဦးညွန့်တို့လာသည့်အချိန်တွင် အပေါ်ထပ်ကမဆင်းဘဲ၊ အိပ်ယာထဲမှပင် “မတွေ့နိုင်ဘူး၊ မိကျောင်းမင်း၊ ရေခင်းပြဖို့မလိုဘူး”ဟု ပြန်ပြောပါသည်။ ဦးညွန့်တို့မှာ ရှက်လည်းရှက်၊ စိတ်လည်းနာ ဖြစ်ကြပါသည်။ အမေက တစ်နှစ်ကြာ စောင့်သော်လည်း ဘာမှအကြောင်းမထူးပါ။ ဦးညွန့်နှင့် ကျွန်တော့်အဖေမှာ ဆာဂျေအေဦးမောင်ကြီးနှင့် သိကြပါသည်။ ဦးညွန့်နှင့်အတူ အမေတို့က ဆာဂျေအေဆီ လိုက်လာကြသည်။ ဆာဂျေအေကမူ စိတ်မကောင်းရှာပါ။ သူက ၀တ်လုံသာဖြစ်သည်။ မတတ်နိုင်။ သို့ရာတွင် ငွေအကုန်ခံပြီး အမှုဆောင်ရွက်ပေးမည့်သူ ရှာပေးမည်ဖြစ်ကြောင်းပြောကာ ပြန်လွှတ်လိုက်ပါသည်။
နောက်ဆောင်ရွက်မည့်သူတွေ့၍ လာခေါ်ရာ အမှုအကြောင်းမေးသဖြင့် ပြောပြရပါသည်။ ၇ရက် စောင့်ရန်ပြောပြီး ၇ရက် ကြာသောအခါ သူတို့လည်းမတတ်နိုင်ကြောင်း စကားပြန်ပါသည်။ နောက်တခါတစ်ဦးနှင့်တွေ့၍ ဆာဂျေအေက ထပ်ခေါ်သဖြင့် သွားကြရပါသည်။ သည်တခါတွင်မူ ၀ါးခယ်မက မြေပိုင်ရှင်ကျောင်းတကာ ဦးဖေကြီးဖြစ်ပါသည်။ ဆာဂျေအေက အမှုအကြောင်းပြောပြပါသည်။ ဦးဖေကြီး မန္တလေးသို့ ခဏသွားရာမှ ပြန်လာသောအခါ ပစ္စည်းတွေ ရှိမရှိစုံစမ်း၍တွေ့လျှင် “အေးအေးဘဲ ခွဲပေးမလား”ဟု ကိုရွှေသီးကိုမေးရာ ကိုရွှေသီးက ငြင်းလိုက်ပါသည်။ သည်တော့မှ ဦးဖေကြီးနှင့် အမေသည် အမှုပြီးလျှင် ကုန်ကျစရိတ်အကုန်နှုတ်ပြီး အမေက ကျန်ပစ္စည်းတ၀က် ခွဲပေးမည်ဆိုသော စာချုပ်ချုပ်ရပါသည်။ ဖျာပုံတွင် စက်ရှင်ရုံးတွင် တရားစွဲပါသည်။ နေထိုင်စားသောက်စရိတ်ကိုမူ ဦးဖေကြီးထံမှ စာချုပ်နှင့်ချေးရပါသည်။ ဖျာပုံတွင် အိမ်ငှားပြီးနေကြရပါသည်။
ကျွန်တော်တို့ဘက်မှ ဖျာပုံကရှေ့နေကြီး ဦးသာခင်ကို ငှားပါသည်။ ကိုရွှေသီးဘက်က ၀တ်လုံ ဦးဘဦး လိုက်ပါသည်။ (ယခု သမ္မတကြီးဟု ထင်ပါသည်) ဘာမှမကြာခင် ဦးဘဦးက ဖျာပုံတွင် စက်ရှင်တရားသူကြီး ဖြစ်ပါသည်။ ဤအမှုကိုလည်း သူလိုက်ခဲ့၍ သူမစစ်ထိုက်ဟု ဆိုသောကြောင့် မအူပင်စက်ရှင်သို့ ပြောင်းပေးပါသည်။ ထိုအခါ အစ်ကို ကိုရွှေသီးက ၀တ်လုံဦးအေးမောင် (တရားလွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း ဒေါက်တာ ဦးအေးမောင် ဟုထင်ပါသည်)ကို ငှားပါသည်။
အမှုမှာ ဤသို့နှင့်ပင် ၃နှစ်မျှ ကြာသွားသည့်တိုင်အောင် အစ်ကိုက ပစ္စည်းကို သိမ်းယူထားလျှက် ရှိပါသည်။ ထို၃နှစ်အတွင်းမှာ ကျိုက်လတ်မှ မင်းကတော် ဒေါ်မမမေက လယ်အချို့ကို အစ်ကို့ထံမှဝယ်ပါသည်။ မအူပင်ရုံး ရောက်သောအခါ အရေးပိုင် ဦးသာနိုး၏သား ဗိလပ်ပြန် ၀တ်လုံဦးလှဖေကို ငှားပါသည်။ ပစ္စည်းများကို အစ်ကို ကိုရွှေသီး၏ထံတွင် စိတ်မချရဟုဆိုကာ အစိုးရက ထိန်းသိမ်းထားဖို့လျှောက်ရာ ရုံးတော်က ထိန်းသိမ်းရန် အဆုံးအဖြတ်ပေးလိုက်ပါသည်။ ထိုအခါ လယ်အချို့နှင့် အတွင်းပစ္စည်းအချို့ရောင်းထား၍ မပြည့်မစုံတွေ့ရာ ကိုရွှေသီးအား ၀ရမ်းနှင့် ဘမ်းဖို့ဖြစ်လာပါသည်။ သူ့အဖေမျက်နှာကြောင့် မဘမ်းရသည့်နည်းနှင့် လုပ်ပေးပါဟု အမေက ၀တ်လုံကိုပြော၍ ရာဇ၀တ်မှုမလုပ်ပါ။ သို့ရာတွင် လယ်ဝယ်သော မင်းကတော် ဒေါ်မမမေမှာကား တရားခံထဲ ပါလာပါသည်။
ယနေ့နာမည်ကျော် ၀တ်လုံတော်ရ ဦးကျော်မြင့် (တရားလွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း)မှာ ဗိလပ်မှ ပြန်လာခါစဖြစ်ပြီး ဒေါ်မမမေ၏ တူတော်သည်ဟု သိရပါသည်။ သူ့ကိုပါ ကိုရွှေသီးက ထပ်ငှားလိုက်ပါသည်။ ဒေါ်မမမေ လယ်များဝယ်ရာတွင် မစောမူ၊ မမြမူ၊ မတင်မူ စသည်ဖြင့် နာမည်တွေပါပါသည်။ ၀တ်လုံဦးကျော်မြင့်၏ နှမငယ်လေးများ၏ နာမည်များဟုလည်း ပြောကြပါသည်။ မအူပင်ကို အမှုပြောင်းသွားကတည်းက အမေနှင့် ကျွန်တော်တို့မှာ ၀ါးခယ်မတွင် ပြောင်းနေကြရပါသည်။ ကျွန်တော်လည်း ဦးဘိုကြီးကျောင်းတွင် ကျောင်းစနေရပါသည်။ ယခုဦးလှ၏ ၀တ်လုံဦးအေးမောင်၏နှမ မတင်မြနှင့် တစ်တန်းတည်းဖြစ်ပါသည်။
မအူပင်သို့အမှုသွားဆိုင်သည့်အခါ ကျွန်တော်တို့တတွေဝတ်လုံဦးလှဖေထံတွင် သွားတည်းကြပါသည်။ ထိုအိမ်မှာပင် ၀တ်လုံဦးကျော်မြင့်နှင့် မင်းကတော် ဒေါ်မမမေတို့ကလည်း တည်းကြပါသည်။ သို့နှင့်ပင် ဦးကျော်မြင့်နှင့် ကျွန်တော်တို့မှာ ခင်နေကြပါတော့သည်။ ၀တ်လုံဦးလှဖေကို ငှားသည်မှာ ၃နှစ်ရှိပါပြီ။ သူက တော်တော်သောက်သဖြင့် စိတ်ပျက်မိပါသည်။ ထို့ကြောင့် ဖျာပုံကအမတ်ဦးစိန်က အကြံပေးတိုက်တွန်းသဖြင့် ဗိလပ်က ပြန်လာခါစ ဦးပေါ်ထွန်းကို ဦးလှဖေအစား ငှားပါသည်။ (ဆာပေါ်ထွန်းပင်ဖြစ်ပါသည်)
မအူပင်စက်ရှင်များဖြစ်ကြသော ဦးဘိုးခ၊ ဦးအောင်လှ စသည်တို့လည်း ပြောင်းကြပါပြီ။ အမှုကမပြီးသေးပါ။ ဦးပေါ်ထွန်းချည်း ၇နှစ်လုံးလုံး လိုက်ရပါသည်။ စုစုပေါင်း အမှုကြာသည်မှာ ၁၄နှစ်ဖြစ်ပါသည်။
(၁) အစ်ကို့ဘက်က ကာကွယ်သည်မှာ အပျော်မယားသာဖြစ်သည်။ တရားဝင်မယား မဟုတ်သဖြင့် အမွေမပေးထိုက်၊ သားသမီးများလည်း မရထိုက် ဟူ၍ဖြစ်ပါသည်။
(၂) ကျွန်တော်တို့ဘက်မှ သက်သေများဖြင့် တရားဝင်မယားဖြစ်ကြောင်း ထင်ရှားစွာ ပြနိုင်သဖြင့် ...
မအူပင်စက်ရှင်တရားသူကြီးက
(က) ဒေါ်သာယာနှင့် မညားမီက ပွားသော ပစ္စည်းများအတွက် ၄ပုံပုံလျှင် ၃ပုံကို အထက်သားကြီး သမီးကြီးကယူ၊ တစ်ပုံကို ဒေါ်သာယာနှင့် သားသမီးများကယူ။
(ခ) ဒေါ်သာယာ၏ လက်ထက်ပွား ပစ္စည်းများကို ၈ပုံ ပုံလျှင် ၇ပုံကို ဒေါ်သာယာနှင့်သားသမီးများကယူ၊ တပုံကို အထက် သားကြီး၊ သမီးကြီးများကယူ။
ကုန်ကျစားရိတ်ကို တရားခံကခံရမည်ဟုအမိန့်ချလိုက်ရာ၊ ကိုရွှေသီးက ဟိုက်ကုတ်တက်ပါသည်။ ဟိုက်ကုတ်မှာလည်း အောက်ရုံးစီရင်ချက် အတည်ဖြစ်ပါသည်။
ဤမျှသာသူတတ်နိုင်တော့သည်။ ဗိလပ် ပရီဗီကောင်စီ မသွားနိုင်တော့ပါ။ သူမွဲလေပြီ။ ဤသို့အမှုဖြစ်နေခိုက် အမ မစံတင့်မှာ ရန်ကုန်က ဦးဖေဖြူနှင့် အိမ်ထောင်ကျရာ၊ ဦးဖေဖြူကလည်း သက်ဆိုင်သောအမွေ ရလိုကြောင်း တရားထပ်စွဲပြီး ၀င်လာပါသည်။ ထို့နောက် ဦးဖေဖြူ ဆုံးသွားပြန်ပါသည်။ သို့နှင့် စီရင်ချက်ချပြီး ပြန်တော့လည်း အမွေခွဲဝေရ ခက်နေပြန်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ဝတ်လုံ ဦးပေါ်ထွန်း၊ အမေ၊ မစံတင့်နှင့် သူမ၏ ဒုတိယယောက်ျား ဦးဘမြင့်တို့တိုင်ပင်ပြီး မြေပုံများကိုကြည့်၍ တွက်ချက်ကာ ရန်ကုန်တွင် ခွဲကြပါသည်။
ကိုရွှေသီးမှာ မွဲနေပါပြီ။ သူ့မှာ ဘာမှ မရနိုင်တော့သည့်ပြင် တရားစားရိတ်များလည်း မပေးနိုင်တော့ပါ။ ကျွန်တော်တို့ကလည်း မတောင်းတော့ပါ။ သူက မျက်ရည်စက်လက်နှင့် ရန်ကုန်လိုက်လာပြီး သူမှားကြောင်း အမေ့ကိုပြောကာ အတူလာနေပါသည်။ တောင်းပန်ပါသည်။ နောက်ဆုံး အမွေခွဲလိုက်ရာ၊ ကျိုက်လတ်မြို့ပေါ်မှ အိမ် ၁၁ လုံးနှင့် လယ်ဧက ၂၅၀ လောက် ကျွန်တော်တို့ကရပါသည်။ မစံတင့်တို့ကလည်း အချို့အ၀က် ရကြပါသည်။ ကိုရွှေသီးကိုမူ သူလုပ်ကိုင်စားရန်လယ်နှင့် နေရန်အိမ်ကို အမေကပင် တောမှာ ပေးထားလိုက်ပါသည်။ သူလည်း ၂ နှစ် လောက်သာ ကောင်းကောင်းနေပြီး သေရှာပါသည်။
အမှုပြီးချိန်တွင်ကား ဆရာစံ သူပုန်ထသဖြင့် စပါးဈေးကျ၊ လယ်ဈေးကျနှင့် ငွေကြေးကျပ်တည်းလာပါသည်။ ကျွန်တော့်မှာ ၀ါးခယ်မ ဦးဘိုကြီးကျောင်းတွင် ၃တန်းအထိနေ၍ ၀ါးခယ်မအလယ်တန်းကျောင်းမှာ ၅တန်း အောင်သည်အထိနေပြီး ရန်ကုန် ကူရှင်းဟိုက်စကူကျောင်းသို့ ပြောင်းနေပါသည်။ ၆ တန်းနှင့် ၇ တန်း ကူရှင်မှာနေပြီး ၈ တန်းနှင့် ၉ တန်းကိုမူ အစိုးရ ဟိုက်စကူးကျောင်းတွင် ပြောင်းရွှေ့သင်ပါသည်။ ၉ တန်း အောင်ပြီးချိန်တွင် ကျောင်းအုပ်ကြီး မစ္စတာဘော်လဒွင်ကို အကြောင်းပြုပြီး သပိတ်မှောက်ကြရာ ကျွန်တော်လည်းကျောင်းပြန်မနေရတော့ပါ။
အမေကလည်း ကျွန်တော်ရန်ကုန်တွင် ကျောင်းလာနေသည်ကို မခွဲချင်၍ ရန်ကုန်မှာ အိမ်ငှားပြီး အတူလာနေပါသည်။ အစ်ကိုမှာမူ အမေအမှုဆိုင်ခိုက် သူ့ကိုဂရုမစိုက်နိုင်၍ ဟိုနေသည်နေနှင့်ပင် ပညာမတတ်ရှာပါ။ သူလည်းရန်ကုန်မှာ အမေနှင့်လိုက်နေပါသည်။ ကျွန်တော်ကျောင်းထွက်သောအခါ အမေရောအစ်ကိုပါ ကျိုက်လတ်အနီး ပရိုက်အနောက်စုရွာသို့ တောက်လျှောက်ပြန်ကြပါသည်။ ရန်ကုန်မှာနေသည့်အချိန်တွင် နေထိုင်စားသောက်ရင်း ကျိုက်လတ်က အိမ် ၁၁ လုံးမှာ ရောင်းစား၍ ကုန်ပါသည်။ အမေကလည်း နားမလည်၊ သူများတွေကလည်း အမဲဘမ်းပြီး ၀ယ်ကြပါသည်။ အိမ်များ ကုန်သည်သာမက ကြွေးတွေနှင့် တောသို့ပြောင်းသွားရပါသည်။ အကြွေးတွေက အတိုးတွေ တက်တက်လာသည်။ လယ်တစ်ပွဲပြီး တစ်ပွဲရောင်းဆပ်ရသော်လည်း လယ်ဈေးက ကောင်းကောင်းမရ၊ ကျွန်တော်တို့ကလည်း စီးပွားမထိန်းတတ်၊ မရှာတတ်။ ပျော်ပျော်နေဘို့ ဖြုန်းဘို့ သုံးဘို့လောက်သာ တတ်ကြပါသည်။ ထို့ကြောင့်တဖြေးဖြေးနှင့် စီးပွားလျှောကျခဲ့ပါတော့သည်။
သို့နှင့် ဂျပန်မ၀င်လာမီ ကိုယ့်လယ်ကို ကိုယ်လုပ် ကြပါသည်။ လယ်မှာလည်း ဧက ၇၀ ကျော် ၈၀ မျှသာ ကျန်ပါတော့သည်။ လယ်၂နှစ် လုပ်ပြီး တတိယနှစ်မှာ ဂျပန်ဝင်လာပါသည်။ လယ်ဆက်လုပ်ရန် ကြံသော်လည်း ဓါးပြတွေတိုက်ကြသဖြင့် ကျိုက်လတ်သို့ပြောင်းလာကြရပါသည်။ အစ်ကိုကလည်း အိမ်ထောင်ခွဲ၍ နေပါသည်။ တောက မရောင်းရသေးသည့် စပါးများကို တုံကင်းတစ်စင်းငှားပြီး ခနောင်တိုမှာ ကျွန်တော်တို့လာရောင်းရာ ဟန်ကျပါသည်။ ညီအစ်ကို ၂ယောက် ဤအလုပ်နှင့် ဟန်နေကြပါသည်။ ထိုအချိန်မှာပင် ကျွန်တော်သည် ဂုန်ညင်းတန်းရွာက မြေပိုင်ရှင် ကျောင်းအမတစ်ယောက်၏ သမီး မမြသောင်းနှင့် အိမ်ထောင်ကျပါသည်။
တုံကင်းနှင့် စပါးပို့သောအလုပ်က ဈေးမကိုက်သဖြင့် ဆန်အိတ် ၁၅၀ပါ သမ္ဗန်တစ်စင်းနှင့် အထက်ကို ပြန်တက်ပါသည်။ စလေ၊ ပခန်းငယ် စသည်တို့ကို ရောက်ပါသည်။ ထိုအလုပ်က တွက်ချေကိုက်ပါသည်။ ဤဂျပန်ခေတ်မှာပင် နိုင်ငံရေးစာပေများကို မိတ်ဆွေများမှတဆင့် လေ့လာရပါသည်။ ထို့နောက်တွင် အထက်သို့လည်း မတက်နိုင်တော့ဘဲ လယ်ဆက်လုပ်ပါသည်။ ဂျပန်ကို တော်လှန်သည့်အချိန်တွင် ဂုန်ညင်းတန်းသို့ပြေးရပါသည်။ တပ်မတော်မှလူများက တော်လှန်ရေးစလျှင် ပရိုက်အနောက်စုကို ပြေးလာမည်ဟု ကျွန်တော်နှင့် အဆက်အသွယ်ပြုထားသော်လည်း၊ သူတို့လာသောအခါ ကျွန်တော်က တရွာရောက်နေပါသည်။ သို့ရာတွင် ပရိုက်တစ်ရွာလုံးမှာ ဆွေမျိုးချည်းဖြစ်သဖြင့် လိုလေသေး မရှိပါ။ အဆင်ပြေပါသည်။ ညီအစ်ကို ၀မ်းကွဲများက ဂရုစိုက်ကြပါသည်။ ထိုရွာမှနေ၍ တပ်မတော်က မတ်လ ၂၇ ရက်နေ့မှာ အကြိမ် ၄၀မျှ ဂျပန်ကိုတော်လှန်ပြီဖြစ်ကြောင်း ကျေညာပါသည်။
သခင်စိုးက ပရိုက်အနောက်စုကို မကြိုက်ပါ။ ပရိုက်ချောင်းကူးက ကျွဲကူးရွာကို ကြိုက်သဖြင့် ကျွဲကူးရွာက ကရင်အမျိုးသား စောနေနိုင်အိမ်မှာ သွားနေပါသည်။ ပရိုက်အနောက်စုမှ တပ်မတော်ပါ ရွှေ့သွားပါသည်။ ထိုစဉ်က ဖက်ဆစ်တော်လှန်ရေးသမားများကို ကျွန်တော်တို့တတ်နိုင်သမျှ အသိပညာအလိုက် အကူအညီပေးပါသည်။ တော်လှန်ရေးပြီးသောအခါ ကျိုက်လတ်မြို့သို့ ပြောင်းလာကြပါသည်။ စစ်အုပ်ချုပ်ရေး ခေတ်မှာ ဖဆပလကို စဖွဲ့သောအခါ ဥက္ကဌ ကိုဌေးအောင်၊ အတွင်းရေးမှူး ကိုအောင်ကြည်နှင့် ကျွန်တော်က ဘဏ္ဍာရေးမှူးဖြစ်ပါသည်။ ကွန်မြူနစ်ပါတီကလည်း ဆိုင်းဘုဒ်တင်၊ ဆိုရှယ်လစ်ကလည်း ဆိုင်းဘုဒ် ချိတ်နေချိန်တွင် ကျွန်တော်လည်း အခြေအနေအရ စီးပွားရေးဘက်သို့ခြေဦး လှည့်နေရပါသည်။
ရန်ကုန်သို့ တစ်ယောက်တည်းလာပါသည်။ တရုတ်မိတ်ဆွေတစ်ဦးနှင့် စပ်တူ ကားတစ်စီးဝယ်ပြီး အထက်ကုန် အောက်ကုန် ရှမ်းပြည်ကုန်ကူးကြပါသည်။ ဤအလုပ်က မဟန်ပါ။ သို့နှင့် ရွှေတောင်တန်း တိုက်နံပါတ် ၁၀၁မှာ ၃ဦးစပ် ဗမာ့သမဂ္ဂ ရောင်းဝယ်ရေးဌာန ဆိုပြီး ပွဲရုံတစ်ရုံဖွင့်ပါသည်။ ဘတ်စ်ကားတစ်စီးလည်း ထောင်ထားပါသည်။ ဤဘတ်စကားထောင်၍ပင် ကားမောင်းတတ်ခြင်းဖြစ်ပါသည်။ အထက်နှင့်ကုန်ကူးစဉ်က မမောင်းတတ်သေးပါ။ ပွဲရုံထောင်နေစဉ်မှာပင် ကျိုက်လတ်မှ ကိုသက်နှင်းဆိုသူသည် ရန်ကုန်သို့မကြာမကြာ လာရောက်ကုန်ကူးပါသည်။ ကျိုက်လတ်တွင်နေကြစဉ်က သိရုံသာသိ၍ မခင်မင်ခဲ့ပါ။ ၃ယောက်စပ်တူ လုပ်သူအနက် ကိုအေးကျော်ဆိုသူနှင့်ခင်မင်ပြီး သူ့ကုန်များကို ပွဲရုံမှာချ၊ ပွဲရုံမှာပင် တည်းပါသည်။ သိုနှင့် ကျွန်တော်နှင့် ခင်မင်လာကြပါသည်။
တစ်နေ့တွင် အလုပ်အကိုင်များအတွက် သွားလာရင်း ကိုသက်နှင်းက ဦးစော ယူဂန္ဒာက ပြန်လာပြီး သူရိယတိုက်တွင် မန်းနေးဂျင်း ဒါရိုက်တာ လုပ်နေချိန်တွင် သူရိယတိုက်သို့ခေါ်သွားသဖြင့် ဦးစောနှင့် စသိရပါသည်။ နောက်တစ်ခေါက်ပါ၊ ပေါင်း ၂ ခေါက် ရောက်ဖူးပါသည်။ ကိုသက်နှင်းမှာ စစ်မဖြစ်မီကတည်းက ကျိုက်လတ်တွင် မျိုးချစ်ပါတီ ခေါင်းဆောင်ဖြစ်၍ ဦးစောကိုလည်း အလွန်ဆရာတင်ပုံရပါသည်။
***
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၂) သို့
Print this post

2 comments:
8 Jul 07, 19:25
naythithmuu: think u.good idea.
8 Jul 07, 18:15
မေဓာဝီ: ညီမလေးရေ ... လူထုဦးလှဆောင်းပါးအတွက် ကျေးဇူးနော် ... အရင်က ဖတ်ခဲ့ဖူးပေမဲ့ မေ့နေပြီ ... ခုပြန်ဖတ်တော့ အသစ်လိုပဲ ...
8 Jul 07, 13:37
Mg Yin: လူထုဦးလှ ဆောင်းပါးပြန်ဖတ်ရတာတန်ဖိုးရှိပ.ညီမရဲ့ အချိန်တွေအတွက်thanks.
စာရိုက်နိုင်တာနဲ့တင် ချီးကျူးခဲ့ပါပြီ။
Post a Comment