Tuesday, July 31, 2007

ကျွန်မနှင့် ရဲအရာရှိ


သေနတ်တစ်လက်လောက် ပိုင်ဆိုင်ချင်တဲ့ ကျွန်မ ရဲအရာရှိအဖြစ် လွန်ခဲ့တဲ့ တစ်နှစ်က လျှောက်လွှာတင်ခဲ့ဖူးပါတယ်။ အဓိကကတော့ ဒီက ရဲယူနီဖောင်းကို ကြိုက်နှစ်သက်ရာက စတာပါပဲ။ တီဗွီမှာတော့ ရဲဝတ်စုံနဲ့ မင်းသမီးများက တော်တော် ကြည့်ကောင်းပါတယ်။ ဒါနဲ့ တစ်ရက် မြို့ထဲဘက်ကို အသွား shopping center တစ်ခုမှာ ရဲအဖြစ်လျှောက်ဖို့ ခေါ်နေတာ တွေ့တာနဲ့ ၀င်လျှောက်လိုက်တယ်။ တကယ်က သူတို့ဝက်ဘ်ဆိုဒ်ကို သွားပြီး လျှောက်လို့လည်း ရပါတယ်။ ကျွန်မကတော့ ကြုံတုန်း ဖောင်ဖြည့်ပြီး လျှောက်ခဲ့တယ်ပေါ့။ သူတို့က လျှောက်လွှာတင်တိုင်း အင်တာဗျူးမခေါ်ပါဘူး။ သူတို့ စိတ်ဝင်စားမှ အင်တာဗျူးခေါ်၊ အဲဒီကမှတဆင့် ရွေးချယ်သွားမှာပါ။ အင်တာဗျူးလာဖို့ အခေါ်မခံရ၊ အရွေးမခံရ ရင်တောင် ကိုယ့်အတွက် အရှုံးမရှိလေတော့ ကျွန်မလည်း သူတို့ လက်ဆောင်အဖြစ်ပေးတဲ့ ပက်ကေ့ခ်ျကို မြောက်ကြွမြောက်ကြွ သယ်လာပြီး အိမ်ပြန်လာပါတယ်။

ဒီလိုနဲ့ တစ်လလောက်ကြာတော့ ပထမအင်တာဗျူးကို လာဖို့ အကြောင်းကြားစာ ရောက်လာပါတယ်။ လက်ရှိအလုပ်က တစ်ရက် ခွင့်ယူပြီး သွားရမှာပေါ့။ အတွေ့အကြုံလည်း ရအောင်၊ နောက်ပြီး အစိုးရအလုပ်ဆိုတော့ benefit တွေကလည်းကောင်း၊ လျှောက်ထားသူတိုင်းကိုလည်း အင်တာဗျူးခေါ်တာ မဟုတ်တော့ သွားရမယ်လေ။ ဒီလိုနဲ့ ကျွန်မတို့ဖြစ်ချင်တာကို အမြဲတမ်း စီမံဖြည့်ဆီးပေးတဲ့ အဖေက သူတို့ပြောတဲ့၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အစစ သေသေသပ်သပ်ဖြစ်အောင် ကြိုတင် ပြင်ဆင်ပေးပါတယ်။ ပြီးတော့ အင်တာဗျူးမှာ ဘာမေးမှန်းမသိပေမဲ့ အနည်းဆုံး ရဲအရာရှိလောင်းက ပြည်ထဲရေးဝန်ကြီးကိုတော့ သိထားသင့်တယ်လို့ အဖေက ပြောတယ်။ ဒါနဲ့ ဒီနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးနာမည်က ၀ုန်ကန်ဆင်း (Wong Kan Seng) ဖြစ်ကြောင်း၊ နာမည်ကို အလွယ်တကူ မှတ်မိအောင်လို့ ၀ုန်းလို့ ကန်လိုက်ရင် ဆင်းသွားတာလို့ မှတ်ဖို့ပြောပါတယ်။ ဒီလောက် အဖေ ပြောထားရက်နဲ့ အင်တာဗျူးမသွားခင် ညီမလေးက ပြည်ထဲရေးဝန်ကြီးနာမည် ထပ်မေးတော့ ကျွန်မလည်း အားရပါးရ ၀ုန်းကန်ချလို့ ရုတ်တရက် မှားပြောမိသေးတယ်။:P မမေ့အောင် မှတ်ခိုင်းကာမှ မြန်မာလိုနဲ့ တလွဲဖြစ်နေသေးတော့ ရယ်လိုက်ရတာ ပြောမနေနဲ့။ ဘာပဲဖြစ်ဖြစ် အဲဒီနာမည်ကိုတော့ ကျွန်မ တသက် မေ့တော့မှာ မဟုတ်ပါဘူး။

အင်တာဗျူးက တနေကုန်ပါတယ်။ မနက် ၉ နာရီ အရောက်သွားရတယ်။ အခန်းကျယ်ကြီးထဲမှာ ကိုယ့်လိုပဲ လူတွေ အများကြီးပါ။ အဲဒီ အခန်းကျယ်ထဲ ရောက်ဖို့ကို တန်းစီပြီး ၀င်နေရသေးတာဆိုတော့ လူများ၊ မများ စဉ်းစားသာ ကြည့်ပါတော့။ အနည်းဆုံး မရှိဘူးဆိုရင်တောင် သုံး၊ လေးရာ လောက်တော့ ရှိပါတယ်။ သူတို့က မနက် ၈ နာရီအုပ်စုနဲ့ ၉ နာရီအုပ်စုဆိုပြီး နှစ်ဖွဲ့ခွဲထားတာ အဲဒီရောက်မှ တွေ့တယ်။ မနက် ၈ နာရီသမားတွေက ဆိုက်ကိုတက်စ် စာမေးပွဲ ဖြေနေကြပါတယ်။ အင်တာဗျူးခေါ်ခံရသူတောင် မနည်းဘူးဆိုတော့ လျှောက်ထားသူတွေ ဘယ်လောက်များလဲဆိုတာ မမှန်းတတ်တော့ဘူး။ မနက် ၉ နာရီအတိမှာ ရဲနဲ့ ရဲမေ ၅ ယောက်လောက်က နာမည်တွေခေါ်ပြီး စာရွက်စာတမ်းတွေကို ပြည့်စုံ၊ မစုံ စစ်ပါတယ်။ အဲဒါကတင် တော်တော် ကြာပါတယ်။ ပြီးတာနဲ့ ကိုယ်အလေးချိန်နဲ့ အရပ်တိုင်းတယ်။ ကျွန်မက သူတို့သတ်မှတ်ထားတဲ့ အလေးချိန်ရှိပေမဲ့ အရပ်ကတော့ နည်းနည်းလိုပါတယ်။ ဒါပေမဲ့ ကိုယ့်ထက်ပုတာတွေတောင် ရှိလေတော့ ကျွန်မလည်း အေးရာအေးကြောင်းပေါ့။ နောက်တော့ ယောက်ျားလေး၊ မိန်းကလေး ခွဲပြီး ၁၀ ယောက် တစ်အုပ်စုစီ ယာယီတဲကြီးထဲမှာ အလှည့်ကျ အစစ်ခံရပါတယ်။ သူတို့အဓိက စစ်တာကတော့ ခန္ဓာကိုယ်မှာ ဆေးမှင်ကြောင် ရှိ၊ မရှိ ဆိုတာပါပဲ။ သူတို့က ရှိတယ်ဆိုရင် ရှိကြောင်း ကြေညာဖို့ ပြောပါတယ်။ ပြီးတော့ ဆေးမှင်ကြောင်က ဘာအရောင်၊ ဘယ်လိုဒီဇိုင်း၊ ဘယ်နေရာမှာ ဘယ်နှစ်ခု ရှိတယ်ဆိုပြီး ကြေညာရတာပါ။ ကျွန်မတို့ အုပ်စုမှာတော့ ဘယ်သူမှ ဆေးမှင်ကြောင် မထိုးထားပါဘူး။ ပြီးတာနဲ့ ကျွန်မတို့ကို နှစ်ယောက်တတွဲ လက်သီးဆုပ်ပြီး ဘယ်၊ ညာ၊ ဘယ်၊ ညာဆိုပြီး ညီအောင် လျှောက်ခိုင်းပါတယ်။ ကျွန်မ တသက်နဲ့တကိုယ် တခါမှ မလျှောက်ဖူးပေမဲ့ လျှောက်ကြည့်တော့လည်း အမှားမရှိလို့လား မပြောတတ် အသွား၊ အပြန် နှစ်ကြိမ်ပဲ လျှောက်ခဲ့ရတယ်။ သူများတွေတော့ ထပ်ခါထပ်ခါ လျှောက်ခိုင်းခံရတာလည်း ရှိပါတယ်။ ပြီးရင်တော့ လက်ကို ဆန့်တန်းခိုင်းလိုက်၊ လက်ကိုဆန့်တန်းလျက် လက်ဖျားတွေကို ခါခိုင်းလိုက်နဲ့ လုပ်ခိုင်းပါတယ်။ ဘာကို ကြည့်တာလည်းတော့ ကျွန်မလည်း မသိပါဘူး။ နောက် အကြောလျှော့သလိုမျိုး မတ်တပ်ရပ်ကနေ ခြေဖျားကို လက်ဖျားနဲ့ ထိခိုင်းတာပါ။ ဒီနေရာမှာတော့ ကျွန်မ တော်တော် ဒုက္ခရောက်ပါတယ်။ ကျွန်မလောက် အကြောမာတဲ့လူ ဒီကမ္ဘာမှာ မရှိသလောက် ကျွန်မ အကြောက တင်းလို့ပါ။ အဲဒီလို ထိနိုင်ဖို့ ဝေးလို့ ခြေထောက်တောင် ဖြောင့်နေအောင် မဆန့်နိုင်ပါဘူး။ အဲလောက်ထိ အကြောမာပါတယ်။ ထိုင်ပြီး ခြေဆင်းလို့ အကြောလျှော့ခိုင်းလည်း ထိုနည်းလည်းကောင်း ခြေထောက်ကို ဖြောင့်နေအောင် မဆင်းနိုင်ပြန်ပါဘူး။ လက်ဆန့်လျက် ခြေကို ထိအောင်လုပ်နိုင်ဖို့ကတော့ ဒီတသက် မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။

အဲဒီလို စစ်ဆေးပြီးတော့ ကျွန်မတို့ကို ထမင်းစားချိန် ၁ နာရီ ပေးပါတယ်။ ဒါနဲ့ အောက်ထပ်က ၀န်ထမ်းစားသောက်ဆိုင်တန်းဘက်မှာ ကျွန်မတို့ ထမင်းသွားစားကြတယ်။ ရဲအရာရှိအဖြစ် လျှောက်ထားသူတွေကတော့ လူမျိုးစုံပါပဲ။ အဲဒီထဲမှာမှ သူတို့နိုင်ငံသားမဟုတ်တာဆိုလို့ ကျွန်မတစ်ယောက်ထဲ ပါလာလေတော့ သူတို့က အထူးအဆန်းအဖြစ် ထမင်းစားနေရင်း စပ်စုကြပါတယ်။ ဒီလိုနဲ့ ကောင်မလေးအုပ်စုတစုနဲ့ အဖွဲ့ကျခဲ့တယ်။ ကြုံတုန်း ကျွန်မကို မေးကြတဲ့ထဲမှာ ဘာနိုင်ငံသားလဲ၊ ဘယ်ကျောင်းကပြီးတာလဲနဲ့ ဘာလို့ ရဲအရာရှိဖြစ်ချင်တာလဲ ဆိုတာရယ်ကတော့ လူတိုင်း စိတ်ဝင်စားတဲ့ မေးခွန်းပါပဲ။ သူတို့ထဲမှာ ကျွန်မနဲ့ ကျောင်းတူတာ တစ်ယောက်ပဲ ပါပါတယ်။ တခြားသူတွေက ကျန်တဲ့ ကျောင်း ၃ ကျောင်းကပါ။ ကျွန်မက ယူနီဖောင်းကြိုက်လို့ ဖြစ်ချင်တာလို့ ပြန်အဖြေပေးတဲ့အခါ ကျွန်မနဲ့ လာပြီး လက်ဝါးချင်းရိုက်ကြသူ မနည်းပါဘူး။ အားလုံးလိုလိုက စမတ်ကျကျ ရဲယူနီဖောင်းကို ကြိုက်လို့ အလုပ်လာလျှောက်တဲ့လူတွေကြီးပဲ ဖြစ်နေတော့တာကိုး။ တော်တော်ကို အားကိုးလောက်ပါပေတယ်။

ထမင်းစားချိန် ၁ နာရီပြည့်တော့ ကျွန်မတို့ အပေါ်တက်ကြတယ်။ အဲဒီမှာ ကျွန်မတို့ ဆိုက်ကိုတက်စ်ကို ဖြေရတာပါ။ ဖြေဆိုချိန် ၃ နာရီလား မသိဘူးကြာတယ်။ မေးခွန်းတွေက အများကြီးပါပဲ။ အဲလို တက်စ်မျိုး တခါမှလည်း မဖြေဖူးဘူး။ အဲဒီ တက်စ်ကို ၃ လအတွင်း ဖြေခဲ့ဖူးရင် ထပ်ဖြေစရာမလိုပါဘူး။ အဖြေတွေက ဆင်တူယိုးမှားနဲ့ ဘာရွေးလို့ ရွေးရမှန်းမသိတာက များပါတယ်။ ဒါနဲ့ ထင်ရာမြင်ရာတွေ ကဘောက်တိကဘောက်ချာ ဖြေခဲ့ပြီး ညနေ ၃ နာရီထိုးတော့ အဖြေလွှာအပ်ပြီး ပြန်ခဲ့တယ်။

တလလောက်အကြာမှာ အရွေးမခံရကြောင်း စာရောက်လာပါတယ်။ ကျွန်မနဲ့ အဖွဲ့ကျခဲ့သူတွေထဲက ဘယ်သူတွေ ပါသွားလို့၊ ဘယ်သူတွေ ကျန်ခဲ့မှန်း သူတို့ဖုန်းနံပါတ်မတောင်းမိတာနဲ့ ကျွန်မလည်း မသိခဲ့ဘူး။ ဒီလိုနဲ့ ကျွန်မလည်း ပထမအင်တာဗျူးမှာတင် ဘာကြောင့်ပြုတ်လို့ ပြုတ်မှန်း မသိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ အမှတ်တရ ဖြစ်ခဲ့တာပေါ့လေ။ ခုတော့ ကျွန်မ ရူးသွပ်ပြီးသကာလ ကျွန်မညီမလေးကလည်း ကျောင်းပြီးရင် ရဲလုပ်မယ်လို့ ဆက်လက် ရူးသွပ်နေပါတယ်။ ကျွန်မတောင် ဇွဲမလျှော့သေးဘဲ ညီမနဲ့အတူ ဒုတိယအကြိမ် ထပ်လျှောက်ရင် ကောင်းမလားပဲ...:D

s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Monday, July 30, 2007

မွေးနေ့ပွဲ





မနေ့က ကျွန်မအစ်မရဲ့မွေးနေ့။ တိုက်တိုက်ဆိုင်ဆိုင် ၀ါဆိုလပြည့်နေ့မှာ မကြီးမွေးနေ့ ဖြစ်နေခဲ့တယ်။ မွေးနေ့မှာ ၀ါဆိုသင်္ကန်းကပ်ဖို့ စီစဉ်ထားပေမဲ့ လပြည့်နေ့ဆိုတော့ အလှူအတန်းများတာနဲ့ အဲဒီရက် ဘုန်းဘုန်းတွေ မကြွနိုင်ဘူး။ ဒါနဲ့ ၂၉ ရက်၊ တနင်္ဂနွေမှာ လုပ်မဲ့အလှူကို ၂၈ ရက်၊ စနေနေ့မှာ လုပ်ဖြစ်တယ်။ တကယ်တော့ တရုတ်တွေရဲ့ လပြည့်နေ့က ၂၈ရက်နေ့ပါ။ အဲဒီနေ့မှာ တရုတ်ဗုဒ္ဓဘာသာဝင်တွေ သက်သတ်လွတ်စားကြပါတယ်။ အဲဒီတော့ ၂၈ရက်နေ့ကိုလည်း နေ့ထူးနေ့မြတ် အဖြစ်ယူဆလို့ ရတာပါပဲလေ။ အဖေနဲ့ အစ်မက အလုပ်ကနေ ခွင့်ယူပြီး အိမ်မှာ ချက်ပြုတ်ကြတယ်။ ကျွန်မကတော့ ရှေ့လထဲမှာ ခွင့်ယူရက်များမှာမလို့ ခွင့်မယူဖြစ်ဘူး။ အစ်မရဲ့ သူငယ်ချင်း တစ်ယောက်ကလည်း လာကူလုပ်ပေးလေတော့ ဟင်းပွဲများစွာနဲ့ ကျွန်မတို့ မိသားစု အလှူလေးဖြစ်မြောက်ခဲ့တယ်။

အရင်က မွေးနေ့တွေနဲ့ ပတ်သက်ပြီး အမှတ်တရတွေ မရှိခဲ့ဘူး။ ဘယ်တုန်းကမှလည်း ကျွန်မမွေးနေ့ပွဲ ကျင်းပခဲ့တယ်ဆိုတာ မရှိဘူးလေ။ တခါတလေ ကိုယ့်မွေးနေ့ကို မေ့နေပြီး ညမိုးချုပ်မှ သတိရတတ်တဲ့နှစ်တွေလည်း ကြုံဖူးတယ်။ ပြောရရင်တော့ မွေးနေ့ဆိုတာ ကျွန်မအတွက် သိပ်မထူးခြားတဲ့ နေ့တနေ့ပါပဲ။ ၉ တန်းတုန်းကတော့ ကျောင်းနဲ့ အိမ်ကကျူရှင်ကို ခွင့်ယူပြီး ကျွန်မတို့ ညီအစ်မတွေ ပြည်မှာ တာဝန်ကျနေတဲ့ လျှပ်စစ်ဌာနက အသိမိသားစုဆီ သွားလည်ရင်း ကျွန်မမွေးနေ့ကို ပြည်ဘုရားတွေလည်ပတ်ပြီး ကျရောက်ခဲ့ဖူးပါတယ်။ အလှူခံဖြတ်ပိုင်းမှာ ကျွန်မနာမည်နဲ့ မွေးနေ့ဖြစ်တဲ့ ရက်စွဲလေးတွေက ကျွန်မစိတ်ကို တော်တော် ကြည်နူးစေခဲ့ပါတယ်။ ပြည်မြို့လျှပ်စစ်ဌာနမှာ ရာထူးအကြီးဆုံးဖြစ်သော မိတ်ဆွေ မိသားစုက ကျွန်မတို့ ညီအစ်မကို လိုလေသေးမရှိအောင် ဂရုစိုက်ခဲ့တာကလည်း မမေ့နိုင်စရာပါပဲ။ ကားနဲ့ ဆီအပြည့်ထည့်ထားပေးပြီး ကျွန်မတို့ သွားချင်ရာကို နေကုန်နေခန်း အေးအေးသက်သာ သွားနိုင်ခဲ့ကြတယ်။ အဲဒါကြောင့် ကျွန်မတို့ မရောက်ဖူးတဲ့ ပြည်ဘုရားမရှိသလောက်ပါပဲ။ လူသူအရောက်အပေါက်နည်းတဲ့ ဟိုးတောကြိုတောင်ကြားက ဘုရားတွေပါ ရောက်ခဲ့ပါတယ်။ အဲဒါကတော့ ကျွန်မ မမေ့နိုင်တဲ့ ကျွန်မရဲ့ တခုသော မွေးနေ့အချိန်ကပေါ့။ အလှူခံဖြတ်ပိုင်းတွေကို အမှတ်တရ သိမ်းထားပေမဲ့ ဟိုနိုင်ငံနဲ့ ဒီနိုင်ငံကူးချည်သန်းချည် လုပ်နေတာနဲ့ပဲ ကိုယ်နဲ့မကွာ သိမ်းထားဖို့ မေ့လျော့သွားတဲ့အခိုက် အဲဒီဖိုင်တွဲထဲက စာရွက်ြဖတ်ပိုင်းတွေကို ကျွန်မအစ်မက အမှိုက်အထင်နဲ့ လွှင့်ပစ်လိုက်တယ်။ ဒါနဲ့ အဲဒီ အမှတ်တရများလည်း ကျွန်မမှာ မရှိတော့။

သင်္ကြန်တွင်းမှာ မွေးဖွားခဲ့သော ကျွန်မညီမလေးနဲ့ မောင်လေးတို့ မွေးနေ့ပွဲတွေကိုတော့ ရံဖန်ရံခါ မုန့်လုံးရေပေါ်၊ ရွှေရင်အေးတွေလုပ်စားပြီး ကျင်းပဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကျွန်မတို့ မိသားစုက မွေးနေ့ပွဲတွေကို မကျင်းပတတ်ပါဘူး။ လောပိတမှာ နေစဉ်သာ
ဆောင်းရာသီတိုင်း နေမကောင်းဖြစ်တတ်တဲ့ ကျွန်မ ရန်ကုန်ပြန်ရောက်ချိန်က စပြီး ကြီးကြီးကျယ်ကျယ် နေမကောင်း မဖြစ်တတ်တော့ဘူး။ ဒါပေမဲ့ အဖေကတော့ နိုင်ငံခြားမှာရှိနေပေမဲ့လည်း ဆောင်းဝင်လာချိန်ဆို ရန်ကုန်ကို ဖုန်းလှမ်းဆက်ပြီး နေကောင်း၊ မကောင်း မပျက်မကွက် မေးတတ်သလို ကျွန်မမွေးနေ့တွေမှာ မွေးနေ့ကတ်လေးတွေ ပို့ပေးတတ်ပါတယ်။ ဘာပဲပြောပြော အဖေ့မွေးနေ့ကတ်လေးတွေကတော့ ကျွန်မဆီမှာ အမှတ်တရ ရှိနေပါသေးတယ်။

ကျွန်မတို့မိသားစုတွေ တစုတဝေးထဲ ပြန်နေရချိန်မှာတော့ မိသားစုကြား မွေးနေ့ပွဲလေးတွေ ကျင်းပတာက အလေ့အထလို ဖြစ်လာခဲ့တယ်။ မောင်နှမများသော ကျွန်မတို့ မိသားစုဟာ လတိုင်းလိုလို မွေးနေ့ပွဲ ရှိနေတတ်တာကတော့ မထူးဆန်းဘူး ထင်ပါရဲ့။ ဒီကြားထဲ အမေများနေ့နဲ့ အဖေများနေ့ပါ ပါဝင်လာလေတော့ လတိုင်းနီးပါး ကိတ်မုန့်ကြီးပဲ စားနေရပါတော့တယ်။ ကြာလာတော့လည်း ကိတ်ဆို ဘာကိတ်မှကို မမြင်ချင်တော့အောင်ပါပဲ။ အမေများနေ့နဲ့ အဖေများနေ့မှာလည်း ကျွန်မတို့က ကိတ်မုန့်လှီးကြတယ်။ ပြီးရင် အဖေနဲ့ အမေကို လက်ဆောင်ပေးကြပါတယ်။ ကျွန်မတို့မောင်နှမက ပေးတယ်ဆိုပေမဲ့ ကျွန်မတို့က အမည်ခံသာဖြစ်ပြီး တကယ်ပိုက်ဆံကုန်ပြီး ၀ယ်ပေးတာက ကျွန်မအစ်မပါပဲ။

ကျွန်မတို့က အံ့ဩစရာမွေးနေ့ပွဲအဖြစ် တစ်ဦးချင်းစီရဲ့ မွေးနေ့တိုင်းကို ကျင်းပခဲ့ကြပေမဲ့ အစ်မမွေးနေ့ပွဲ တစ်ပွဲသာ အံ့ဩစရာ ဖြစ်ခဲ့တယ်။ ကျန်တဲ့လူတွေကတော့ မွေးနေ့မလုပ်ခင် ရိပ်မိသွားကြတယ်။ ခုနောက်ပိုင်းတော့ ဘယ်သူ့ကိုမှ အံ့ဩအောင်လုပ်လို့ မရတော့ပါဘူး။ ကျွန်မတို့က မွေးနေ့ပွဲတွေကို မွေးနေ့ရက်ကို အကူး ည ၁၂ မှာ ကျင်းပတတ်ပါတယ်။ တစ်ခုသော မကြီးမွေးနေ့ရောက်မယ့်ညမှာ ကျွန်မအစ်မက သူ့မွေးနေ့ကို မေ့နေပေမဲ့ ည ၁၁နာရီလောက်မှာ သူ့သူငယ်ချင်းတစ်ယောက်က မက်ဆေ့ခ်ျပို့ပြီး ဘက်ဒေးဝစ်ခ်ျ ကြိုလုပ်ခဲ့တော့ သူ သတိရသွားတယ်။ အဖေ့ကို နှုတ်ခမ်းစူပြီး မနက်ဖြန် သမီးမွေးနေ့ကို အဖေတို့ မေ့နေကြတယ်မဟုတ်လားလို့ ပြောတယ်။ ပြီးတာနဲ့ စိတ်ကောက်ပြီး သူ အိပ်သွားရော။ အစက မွေးနေ့ကိတ်ကို သူရှိနေရင် ဘယ်လိုထုတ်လာရမှန်းမသိတဲ့ ကျွန်မတို့အတွက် သူအိပ်သွားတော့ စိတ်အေးရရောပေါ့။ ၁၂ ထိုးခါနီးကျတော့ ကိတ်မုန့်ကို မီးတွေထွန်း၊ တစ်အိမ်လုံးအမှောင်ချလိုက်တယ်။ ပြီးတာနဲ့ အဖေက မကြီးကို သမီး ဖုန်းလာနေတယ်ဆိုပြီး
သွားနှိုးတယ်။ မကြီးလည်း အိပ်ချင်မူးတူး ယိုင်ထိုးယိုင်ထိုးနဲ့ အိမ်ရှေ့ထွက်လာချိန် မီးကို ဖွင့်လိုက်ပြီး ဟက်ပီဘက်ဒေးလို့ ကျွန်မတို့ ၀ိုင်းအော်လိုက်ကြရော။ သူတော်တော်ကို အံ့ဩသွားတာပါ။ လန့်လည်း လန့်သွားမှာပေါ့။ ဘာပဲပြောပြော အဲဒီနေ့က ကျွန်မတို့ အားလုံး ပျော်ခဲ့ကြပါတယ်။ မကြီးနဲ့ မွေးနေ့ရက်ကပ်နေတဲ့ အဖေ့မွေးနေ့ကိုတော့ ဘယ်လိုမှ၊ ဘယ်နှစ်ကမှ surprise ဖြစ်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ကျွန်မတို့ မိသားစုရဲ့ မွေးနေ့တွေ တစ်နှစ်ပြီး တစ်နှစ်ကျင်းပခဲ့တဲ့ နှစ်တွေတောင် များခဲ့ပါပြီ။

s0wha1

အထီးကျန် အတွေး



ညက တော်တော်နှင့် အိပ်မပျော်သော သူမ နေအတန်မြင့်မှ နိုးလာသည်။ အမှန်တော့လည်း ဒီနေ့ဟာ သာမန်နေ့တွေလို သူမအတွက် ဘာမှ မထူးခြားခဲ့ပါ။ ဒါပေမဲ့ မျက်စိ နှစ်လုံး ဖွင့်မိမိချင်း တခြားနေ့တွေထက် အတွေးတွေက ပိုပြီး ယောက်ယက်ခတ်နေမိတာကတော့ သာမန်ထက် ထူးပါသည်။ ဒီကမ္ဘာလောကကြီးမှာ သူမ တစ်ယောက်ထဲ ရှိနေသလို ခံစားနေရတဲ့အဖြစ်က အရင်နေ့တွေနဲ့ မတူတဲ့တမ်းတမှုတမျိုး ပါဝင်နေတယ် မဟုတ်လား။

သူမဘ၀ကို အမြဲ နေပျော်၊ ကျေနပ်နေခဲ့သည်။ လိုလေသေးမရှိအောင် ပြည့်စုံနေသော သူမဘ၀တွင် ဘာမှ ထပ်မလိုအပ်ခဲ့။ ဒီနေ့မှ တစုံတရာ မှားယွင်းနေသလို... သူငယ်ချင်း အပေါင်းအဖော် များသော၊ ချစ်ခင်သူများသော သူမလို လူတစ်ယောက် အထီးကျန်နေသည်မှာ အမှန်တကယ် ထူးဆန်းသည့်ကိစ္စပင်။

အပြင်ထွက်ရမှာ ပျင်းတတ်သော၊ အိမ်မှာ နေရတာသာ ပျော်သော၊ ဖုန်းနှင့်စကားပြောရတာကိုပင် ပျင်းရိတတ်လို့ သူငယ်ချင်းတွေ ဖုန်းခေါ်တိုင်း ၁၀ ခါခေါ်မှ ၁ ခါလောက်သာ လက်ခံစကားပြောလေ့ရှိသော သူမသည် သူ့ဆီက ဖုန်းလာလျှင်လည်း တခါတရံ ထိုနည်းလည်းကောင်း စကားပြောရမှာ ပျင်းနေတတ်ပြန်သည်။ တစ်ယောက်ထဲ နေရတာကိုသာ နှစ်သက်၊ သဘောကျလေ့ရှိတဲ့ သူမအတွက် အထီးကျန်အတွေး မရှိခဲ့တာ အံ့ဩစရာမဟုတ်ဘူး ထင်ပါရဲ့။ ဒါဆို ဒီနေ့မှ သူမ ဘ၀အဓိပ္ပါယ်ကို ဘာလို့ တွေးနေမိပါလိမ့်။

ဘ၀ဆိုတာ ဘာလဲ။ မနက်မိုးလင်းတာနဲ့ အလုပ်သွားဖို့ ပြင်ဆင်၊ အလုပ်မှာ တနေကုန်နေ၊ ညနေဆို အိမ်ပြန် ပြီးရင် ကိုယ်ပိုင် အခန်းလေးထဲက အိပ်ရာထက်မှာ လက်ပ်တော့လေးနဲ့ ဟိုဒီကြည့် နောက်တော့ သီချင်း နားထောင်ရင်း အိပ်... ဒီလိုနဲ့ မနက်မိုးလင်းလာပြန်... ဘ၀ကြီးက ဒါပဲလား... စနေ၊ တနင်္ဂနွေလိုနေ့မျိုးဆိုရင်တော့ တနေကုန် အခန်းထဲမှာ လက်ပ်တော့ရှေ့ငုတ်တုတ်ထိုင်ရင်း အလုပ်မဟုတ်သော အလုပ်များလုပ်နေတတ်မည်။ ဒါမှမဟုတ် တီဗွီကြည့်၊ သီချင်းနားထောင်၊ အိပ်ရာပေါ်မှာ လှဲရင်း တွေးချင်ရာတွေး၊ အတွေးများရင်း အိပ်ပျော်သွားကာ နောက်တဖန် နိုးထလာဦးမည်။ အဲဒါက သူမရဲ့ဘ၀ပဲလား။

သေချာတာက သူမဘေးနားမှာ သူ အချိန်ပြည့်မရှိတတ်တော့ချိန်က အစပြု၍ ဒီလို အတွေးများ ၀င်လာတာ ဖြစ်နိုင်ပါသည်။ အရင်တုန်းကတော့ လိုအပ်ချိန်တိုင်း ရှိနေတတ်သော သူ့ကို ဘေးနားမှာ ထားပြီး သူမလုပ်ချင်ရာလုပ်နေတတ်သည်။ ဒီကမ္ဘာပေါ်တွင် သူမ အလိုရှိရာတိုင်း သူမတူအောင် သည်းခံ၊ ခွင့်လွှတ်စွာ ဖြည့်ဆီးပေးလေ့ရှိသော သူသည် အကြောင်းအမျိုးမျိုးနှင့် သူမ ဘေးနားက ပျောက်ကွယ်သွားတဲ့အခါ ဆောက်တည်ရာ မရနိုင်ခဲ့တာ ဖြစ်ပါလိမ့်မည်။ ဒါတောင် သူမနှင့် သူ အပြီးအပိုင် ဝေးကွားသွားတာ မဟုတ်ခဲ့ပါ။ သူမတို့မှာ မျှော်လင့်ချက် မျှင်မျှင်လေး ကျန်နေပါသေးသည်။ ကိုယ့်ကိုယ်ကို ခံနိုင်ရည် အပြည့်ရှိသည်ဟု ထင်နေတတ်သော သူမသည် အမှန်တရားကို လက်မခံနိုင်သေးဘူးတဲ့လား။

ဖြစ်နိုင်မည်ဆိုလျှင် သူ့ကို ဘေးနားထားပြီး သူမ လုပ်ချင်ရာ ဆက်လုပ်နေချင်ပါသေးသည်။ အဲဒီအခါ သိပ်မကြိုက်လှသော်လည်း နားလည်၊ ခွင့်လွှတ်အပြုံးနဲ့ ချစ်မြတ်နိုးစွာ ကြည့်နေဦးမည့် သူ့ကို ညစ်တွန်းတွန်း အပြုံးနှင့် သူမ ပြန်ကြည့်ချင်နေမိသည်။ သူမရဲ့ဘ၀မှာ ပြီးပြည့်စုံနေခဲ့တာ သူ့ကြောင့် တစိတ်တပိုင်း ပါဝင်နေမှန်း အချိန်လွန်မှ သူမ သိခဲ့တာကတော့ သူမ ညံ့လွန်းပါသည်။ အချိန်ကရော လွန်သွားပြီတဲ့လား။ သူမ မသိပါ... သူမ ဘာမှကို မသိတော့ဘူးတဲ့လေ။ ဆုံစည်းခွင့်မရှိသော သူနှင့် သူမတို့ ဘ၀တွေက ဒီလိုပဲ ပြီးဆုံးသွားရမည်တဲ့လား...

တစုံတယောက်ရဲ့ တန်ဖိုးကို ထိုသူမရှိတော့ချိန်မှ သိတဲ့ လူစားက လူမိုက်တဲ့။ သူမကတော့ ၁၀ခါပြန် မိုက်တဲ့သူပဲလို့ ခွင့်မလွှတ်နိုင်စွာ တွေးမိနေပြီ။ သူမရှိတဲ့ သူမရဲ့ နေ့တွေကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေလည်း သူမမှာ ရှိမနေခဲ့။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုလျှင် သူမတို့ကို နောက်တကြိမ် အခွင့်အရေးပေးဖို့ ဆန္ဒပြုမိမည်။ အထီးကျန်ရက်တွေ ကုန်ဆုံးပါစေလို့လည်း...

s0wha1
(ဇူလိုင် ၃၀၊ ည ၁ နာရီ)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Sunday, July 29, 2007

မွေးနေ့ဆုတောင်း





ကျွန်မ အစ်မရဲ့ ပျော်ရွှင်စရာမွေးနေ့မှသည် နောင်နှစ်များစွာတိုင် လူကျန်းမာ၊ စိတ်ချမ်းသာပါစေ...
မကြီးဘ၀ကတော့ အမြဲပျော်ရွှင်စရာအပြည့်ဖြစ်နေတော့ ကျန်းမာရေးကောင်းဖို့ပဲ အဓိက ဆုတောင်းဆန္ဒပြုလိုက်ပါတယ်...

s0wha1

Saturday, July 28, 2007

လွမ်းဆွတ်ခြင်း ဒိုင်ယာရီ



မနက်မိုးသောက်
အလင်းရောက်
ငါ မင်းကို လွမ်းတယ်...

ငှက်လေးတွေ
ကျီကျီကျာ
ငါ မင်းကို လွမ်းတယ်...

ခြစ်ခြစ်တောက်
နေရောင်အောက်
ငါ မင်းကို လွမ်းတယ်...

သစ်ရွက်လေးတွေ
မြေမှာခ
ငါ မင်းကို လွမ်းတယ်...

မိုးဖွဲဖွဲ၊
ထစ်ထစ်ခြုန်း
ငါ မင်းကို လွမ်းတယ်...

ညနေခင်း
ဆည်းဆာချိန်
ငါ မင်းကို လွမ်းတယ်...

ကောင်းကင်က
ကြယ်အစု
ငါ မင်းကို လွမ်းတယ်...

ဘယ်လူး၊ ညာလိမ့်
သံစဉ်တေး
ငါ မင်းကို လွမ်းတယ်...

ဒီလိုနဲ့ပဲ
မျဉ်းပြိုင် နှစ်ကြောင်း
ဆုံမှတ်
တနေရာရာ ရှိနိုင်ကောင်းရဲ့
.....
.....
.....
ငါ မင်းကို လွမ်းနေတယ်။...။


s0wha1
2:20pm (27 July)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Friday, July 27, 2007

အလွမ်း



ဒီကဗျာက ကျွန်မ လေးတန်းကျောင်းသူ အရွယ်ထဲက ရွတ်လို့လည်းကောင်း၊ သဘောလည်းကျလို့ အလွတ်ကျက်ထားတဲ့ ကဗျာလေးပါ... ကဗျာပိုင်ရှင် ဘယ်သူမှန်း ကျွန်မ မသိပါဘူး။ ကျွန်မအစ်ကိုရဲ့ စာအုပ်ကြားထဲမှာ စာရွက်ခေါက်လေးနဲ့ ရေးထားတာကို တွေ့ပြီးယူဖတ်မိတဲ့ ကဗျာလေးပါ။ လက်ရေးက အစ်ကို့လက်ရေးလည်း မဟုတ်တော့ ကိုကြီးကဗျာ မဟုတ်တာတော့ သေချာပါတယ်။ သူ့သူငယ်ချင်း တယောက်ယောက်ရဲ့ ကဗျာလား၊ ဒါမှမဟုတ် စာအုပ်တစ်အုပ်ထဲကနေ ကူးထားတဲ့ ကဗျာလားတော့ ကျွန်မ မသိပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကဆိုတော့ ကျွန်မအစ်ကို ကိုမေးလည်း မှတ်မိတော့မယ် မထင်ပါဘူး။ သေချာတာကတော့ ကျွန်မ တစုံတယောက်ကို အရမ်းလွမ်းနေပါတယ်။

***

လွမ်း
မလွမ်းစဖူး၊
အလွမ်းထူးဖြင့်
လွမ်းဦးအိပ်မက်၊
လွမ်းရက်သင်္ချေ
လွမ်းဝေပွင့်ဖူး၊
လွမ်းဖူးစိုးထိတ်
လွမ်းအတိတ်နှင့်၊
လွမ်းရိပ်ဧည့်သည်
ချစ်ဧည့်သည်ရေ...

အမည်မသိ

***

s0wha1

Thursday, July 26, 2007

စိတ်ပျက်ခြင်း များစွာဖြင့်



ကျွန်မ တော်တော် စိတ်ပျက်၊ စိတ်ကုန်နေပါတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောချင်၊ ဘလော့ဂ်မှာလည်း စာမရေးချင်၊ အရင်လို ကိုယ့်ဟာကိုယ် အေးဆေးနေပြီး စာလေးဖတ်လိုက်၊ သီချင်းလေး နားထောင်လိုက်သာ နေချင်ပါတော့တယ်။

ကျွန်မကလည်း ကိုယ်မှန်တယ်ဆိုရင် ဒီနေရာမှာ မှန်တယ်လို့ထင်ရင်လို့ပဲ ပြောရမှာပေါ့။ လူတိုင်းကတော့ ကိုယ်မှန်တယ် ထင်ကြတာပဲ မဟုတ်လား။ ထားပါတော့... ကျွန်မမှန်တယ်ထင်တဲ့ဘက်က ရဲရဲဝံ့ဝံ့နေပြီး အမြဲတမ်း ရပ်တည်တတ်ပါတယ်။ ဘာသိဘာသာ လုံးဝ မနေတတ်တာကတော့ ခုချိန်မှာ တော်တော် မကောင်းတဲ့ အကျင့်လို့ ပြောရမလိုဖြစ်နေပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် ကျွန်မ စိတ်ပင်ပန်းပါတယ်။ ခုလည်း ကြည့်လေ... ညက အသက် ၃၂ နှစ်အရွယ် လူက ပြောလိုက်တာတွေကို ၂၃ နှစ်အရွယ် လူက လက်ခံပြီး ကျွန်မကို လာပြောတာပါ။ ကျွန်မ တခုတော့ ကြိုပြောထားချင်ပါတယ်။ ကျွန်မကို ဒီအယူအဆများ လာပြောသူများဟာ နိုင်ငံရေးဘက်က မဟုတ်သလို၊ တဘက်ခြမ်းကလူတွေလည်း မဟုတ်ပါဘူး။ ဘာမသိ၊ ညာမသိ ရိုးရိုး အရပ်သားများသာ ဖြစ်ကြောင်းပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းလောက် မတော်ပါတဲ့။ ကိုဗဟိန်းက တကယ်တော်ရက်နဲ့ ဗိုလ်ချုပ်လောက် နာမည်မကြီး၊ သမိုင်းမှာ နေရာ သိပ်မရခဲ့ပါတဲ့။ တော်တော် နှမြောဖို့ ကောင်းတယ်လို့ ဆိုပါတယ်။ သူတို့က "အရှေ့ကနေ၀န်းထွက်သည့်ပမာ" စာအုပ်ကို ကိုးကားပြီးလည်း ပြောပါသေးတယ်။ အဲဒီစာအုပ်မှာဆိုရင် ဗိုလ်ချုပ်အကြောင်း ဒီလောက် ပါတာ မဟုတ်ဘူးပေါ့။ ကျွန်မလည်း ကိုယ်သိသလောက် ပြန်ပြောပါတယ်။ အဲဒီစာအုပ်တစ်အုပ်နဲ့တော့ မြန်မာ့နိုင်ငံရေး သမိုင်း မပြည့်စုံပါလို့။ ပြီးတော့ အဲဒီစာအုပ်က ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုလည်း အလေးထားရေးထားတာမဟုတ်။ ကျောင်းသားသမဂ္ဂနဲ့ အဲဒီက ဥက္ကဌတွေနဲ့ ကျောင်းသားတွေ အကြောင်းသာ အဓိကထား ရေးတာပါ။ သူရေးတဲ့ခေတ်အချိန်ကလည်း ဗိုလ်ချုပ်က ကျောင်းသား မဟုတ်တော့သလို သမဂ္ဂအတွင်းရေးမှူး၊ ဥက္ကဌ စသည်ဖြင့်လည်း မဟုတ်တော့။ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်သွားခဲ့ပါပြီ။

သူကတော့ လက်မခံပါဘူး။ အဲဒီထဲမှာဆို ဗိုလ်ချုပ်ကို ဒီလောက် ချီးကျူး အသားပေးရေးထားတာ မဟုတ်ဘူးပေါ့လေ။ ပြီးတော့ အဲဒီဗိုလ်ချုပ်တို့ခေတ်တုန်းက ဗိုလ်ချုပ်က ခုလောက် နာမည်မကြီးနိုင်ဘူးဆိုပဲ။ ဒီဘက်ခေတ်ရောက်မှသာ စာတွေမှာ သင်ရ၊ သူ့အကြောင်းတွေ အလေးပေးရေးကြနဲ့ ဗိုလ်ချုပ်ကို မသိသူ မရှိဖြစ်လာတာတဲ့။ မြတ်စွာဘုရား။ ကျွန်မ ဘုရားသာ အကြိမ်ကြိမ် တမိပါတယ်။ ဗိုလ်ချုပ်ကို လူတိုင်း မသိဘူးဆိုတာကို သူက ဘာနဲ့ သက်သေပြလဲဆိုတော့ ကျွန်မ တင်ထားတဲ့ နိုင်ငံတော် လုပ်ကြံမှုမှာ လူသတ်သမားတွေထဲက ရန်ကြီးအောင်တို့က ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူမှန်း မသိဘူးဆိုတာကို ထောက်ပြပါတယ်။ ဒီလောက် အသုံးမကျလို့သာ ဒီလို အမှုမျိုးကို ကျူးလွန်တယ်ဆိုတာ ကျွန်မ ပြောနေစရာတောင်မလိုဘဲ သိသင့်တာပါ။ ဗိုလ်ချုပ်ထက်တော်တဲ့ ခေါင်းဆောင်တွေလည်း အများကြီးပါလို့ ပြောပါသေးတယ်။ ပြောရရင်တော့ ကျွန်မကလည်း သိပ်ရှင်းပြတတ်တဲ့ လူစားမဟုတ်ဘူး။ သူပြောနေတာကို နားထောင်ရင်း၊ ကျွန်မက ပြန်ပြောရင်းနဲ့သာ ဒေါသတွေ ထွက်လာမိတာပါပဲ။ စိတ်ကလည်း ဘယ်လိုမှ ဖြေတွေး တွေးပေးလို့မရပါဘူး။

ပြီးတော့ ဗိုလ်ချုပ်က ကျောင်းသား သမဂ္ဂဥက္ကဌ မဖြစ်ခင် အတွင်းရေးမှူးအရင်ဖြစ်တာပေါ့လေ။ တကယ်အရည်အချင်းရှိရင် ဥက္ကဌ တန်းဖြစ်ရမှာပေါ့တဲ့။ ဘယ်သူက ဥက္ကဌ အရင်ဖြစ်မှာလဲ။ လူထုခေါင်းဆောင်ဆိုတာ ၀ုန်းဆို တန်းဖြစ်လာတာမှ မဟုတ်ဘဲ။ နောက်ထပ် ပြောလိုက်သေးတာက အဲလို အတွင်းရေးမှူးဖြစ်ဖို့ ကိုဗဟိန်းက ဆွဲခေါ်တင်မြှောက်တာဆိုပဲ။ ကျွန်မ သိသလောက် ကျောင်းသား သမဂ္ဂဥက္ကဌ၊ အတွင်းရေးမှူးရွေးတာတွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်တာတွေက ကျောင်းသားအားလုံးနဲ့ မဲခွဲဆုံးဖြတ်တယ်ဆိုတာပါပဲ။ တင်ပေးချင်တဲ့သူက သူ့ဆန္ဒအတိုင်း တင်ပေးလို့မရသလို၊ ခေါင်းဆောင်လုပ်ချင်တိုင်း တက်ခေါင်းဆောင်လုပ်လို့မရပါဘူး။ ပြောသာပြောတယ် သူဘာမှ သေချာမသိ၊ နားမလည်ဘဲ ပြောနေမှန်းက သိသာတယ်။ ဒါပေမဲ့ ဒီလိုလူက ဗိုလ်ချုပ်က သိပ်မတော်ဘဲ နာမည်ကြီးတာပါလို့ ပြောတာကို မခံမရပ်နိုင် ပိုဖြစ်မိတယ်။ ခုလက်ရှိ အခြေအနေအရ ဗိုလ်ချုပ်ရဲ့ နာမည်မှေးမှိန် ပျောက်ကွယ်အောင် လုပ်နေကြတဲ့ကြားထဲ ဒီလိုလူတွေက တမှောင့်ဆိုတော့ ကျွန်မ တော်တော်စိတ်ပျက်ပါတယ်။ ဘယ်သူ့ကို ဒေါသထွက်လို့ ထွက်ရမှန်းလည်း မသိပါဘူး။

နောက်တခု ခက်တာက ကိုဗဟိန်းကို ကျောင်းသားခေါင်းဆောင် တစ်ယောက်ဆိုတာကလွဲလို့ ဒီထက်ပိုပြီး ကျွန်မ မသိခဲ့ပါဘူး။ သူနဲ့ ပတ်သက်တဲ့စာတွေလည်း သိပ်မဖတ်ခဲ့ဖူးတာတော့ ၀န်ခံပါတယ်။ ခုမှ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ သိလာရတာက ကိုဗဟိန်းဟာ ဗိုလ်ချုပ်ထက် ငယ်ပါတယ်။ ဗိုလ်ချုပ် သမဂ္ဂဥက္ကဌဖြစ်ပြီးလို့ နိုင်ငံရေးလောကထဲ ၀င်သွားပြီးမှ ကိုဗဟိန်းက ကျောင်းသားခေါင်းဆောင်ဖြစ်လာတာပါ။ အဲဒီတော့ အရှေ့က နေ၀န်းထွက်သည့်ပမာ စာအုပ်ရေးတဲ့ ခေတ်ကာလက ကျွန်မ စောစောက ပြောသလို ဗိုလ်ချုပ်ဟာ ကျောင်းသား မဟုတ်တော့ပါဘူး။

ကျောင်းသားခေါင်းဆောင်ကိုဗဟိန်းကို တော်တယ်၊ ညံ့တယ် ကျွန်မ ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်က အရည်အချင်းသိပ်မရှိဘဲ တိုင်းပြည်ခေါင်းဆောင် ဖြစ်ခဲ့သယောင်ယောင် ပြောလာတာကို မကျေနပ်လို့ ဒီစာရေးဖြစ်တာပါ။ သူ့နည်းနဲ့သူ့ဟန်နဲ့ ခေါင်းဆောင် တော်တော်များများက တော်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူထုခေါင်းဆောင်ကတော့ ဗိုလ်ချုပ်ပါပဲ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်မှာ ဗမာပြည် လွတ်လပ်ရေးရဖို့ကလွဲလို့ သူ့စိတ်ထဲမှာ ဟိုဝါဒစွဲ၊ ဒီဝါဒစွဲမရှိဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ဘယ်လိုကြိုးပမ်းရမလဲ၊ လွတ်လပ်ရေးရပြီးကာလ တိုင်းပြည်နဲ့လူမျိုးတိုးတက်အောင် ဘယ်လို ကြံဆောင်ရမယ်ဆိုတာပဲ သူတွေးပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးမဖက်တဲ့ ရိုးသားမှု။ ဒါတွေက ခေါင်းဆောင်ကောင်းတွေကြားကနေ ထိုးထွက်ပြီး လူထုခေါင်းဆောင်ရယ်လို့ လူတွေ ချစ်မြတ်နိုးရတဲ့သူ ဖြစ်ခဲ့ရတဲ့အကြောင်းရင်းတွေပါ။

ဗိုလ်ချုပ်ဟာ သူ့ခေတ်သူ့အခါက ခုလောက်တောင် နာမည်မကြီးဘူးလို့ ဘယ်လိုအချက်တွေနဲ့ လာပြောပါသလဲ။ ဗိုလ်ချုပ်မိန့်ခွန်းပြောတဲ့အခါ လာရောက်နားထောင်သူတွေဟာ လူပင်လယ်ကြီးပမာ ရှိတယ်လို့ ပြောရအောင် များပြားလှပါတယ်။ ဓာတ်ပုံတွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ဗိုလ်ချုပ်တို့ကွယ်လွန်တဲ့အခါ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်လို့ တပြီး ၀မ်းပန်းတနည်း ငိုကြွေးကြတာ တတိုင်းပြည်လုံးပါ။ ဗိုလ်ချုပ်ကျဆုံးတာ နှစ် ၆၀ ပဲရှိသေးတဲ့အတွက် သိ၊ မှီသူတွေ လူ့လောကကြီးမှာ အများကြီးကျန်ပါသေးတယ်။ ဗိုလ်ချုပ်ဟာ မြန်မာနိုင်ငံထဲမှာတင် အသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ကောင်း မဟုတ်ပါဘူး။ ကမ္ဘာကပါ အသိအမှတ်ပြုတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီလိုပဲ ဗိုလ်ချုပ်ကိုလည်း ကမ္ဘာသိပါတယ်။ ကမ္ဘာမှာ အသက်ငယ်ငယ်နဲ့ နိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဖြစ်ခဲ့တာ မြန်မာနိုင်ငံက ဗိုလ်ချုပ်တစ်ယောက်ပဲ ရှိပါတယ်။ တကယ်မတော်ဘဲနဲ့ လူထုခေါင်းဆောင်ဆိုတာ ဖြစ်မလာပါဘူး။ သမိုင်းဆိုတာကလည်း မမှန်ဘဲနဲ့ ဖြစ်ပေါ်လာစရာမရှိပါဘူး။ မှတ်တမ်းမှတ်ရာနဲ့ သက်သေသာဓက အခိုင်အလုံရှိတဲ့ အကြောင်းအရာတွေကို သမိုင်းလို့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ပြီးတော့ သမိုင်းကိုသင်တာ မအအောင်လို့ ပြောဖူးပါတယ်။

ကျွန်မပို့စ် ရှည်လာလို့ နောက်နေ့မှ ဆက်တင်ပါဦးမယ်...
တလက်စထဲ မြန်မာကျူပစ်ထဲက ကို icy ရဲ့ အဖြေလေးကိုပါ ကော်ပီပေးလိုက်ပါတယ်။

*** ***** ***

၁၉ ဇူလိုင်ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့တဲ့နောက် အဲ့ဒီနေ့မှာ ကွယ်လွန်သွားတဲ့ အာဇာနည် (၉)ဦး ရှိပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ အဲ့ဒီ အာဇာနည် (၉)ဦးထဲ ရှိတာ မဟုတ်ပါ။

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ စစ်သား၊ အရပ်သား၊ အသည်သား၊ လယ်သမား တွေ တပုံတပင်ပါပဲ။ အညတရ အာဇာနည်တွေ ဖြစ်ခဲ့ကြပါတယ်။

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အကြောင်းပဲ ပြောကြပြီး ကျန် ၈ယောက်က မှိန်နေရတဲ့ အကြောင်းရင်းက ပွင့်ပွင့်လင်းလင်းပြောရရင် သမိုင်းမတူလို့ပါ။

ဗိုလ်ချုပ်ဆိုတာ တစ်တိုင်းပြည်လုံးက အမျိုးသားခေါင်းဆောင်အဖြစ် သတ်မှတ်ထားတဲ့သူ ဖြစ်တယ်။ အစားထိုးစရာ မရှိပါဘူး။

ကျန် အာဇာနည် ၈ ဦးမှာ ရဲဘော်ကိုထွေးလို သာမန်စစ်သားငယ်တစ်ဦး ပါဝင်သလို၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်တို့လို ဗိုလ်ချုပ်ရဲ့ ဆရာများလည်း ပါဝင်ပါတယ်။

သခင်မြဆိုရင် ဗိုလ်ချုပ်ရဲ့ အတွေးခေါ်ပိုင်းဆိုင်ရာမှာ နောက်ကနေ အဓိကထောက်ပံ့ကူညီပေးသူ ဆရာတစ်ဆူအဖြစ် နားလည်ထားပါတယ်။

ဒါပေမယ့် မြန်မာတစ်ပြည်လုံးက လက်ခံထားတာက ဗိုလ်ချုပ်ရဲ့ဆရာတွေ မဟုတ်ပါဘူး။ ဗိုလ်ချုပ် ကိုယ်တိုင်ပါပဲ။ ဒါကို ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုပါတယ်။

အဲ့ဒီ တစ်ပြည်လုံးရဲ့ အားကို ပိုင်ဆိုင်ထားတဲ့ ဗိုလ်ချုပ်ကို ဗိုလ်ချုပ်ရဲ့ ဆရာတွေကိုယ်တိုင်က ခေါင်းဆောင်တင်ပြီး ငါတို့ နောက်လိုက် လုပ်ပါရစေ ဆိုခဲ့ကြရတာပါ။

အရာရာမှာ ခေါင်းဆောင်နဲ့ နောက်လိုက်ဟာ သမိုင်းမတူပါဘူး။

ထိုနည်းတူ ရဲဘော်သုံးကျိပ်လည်း ထိုနည်းလည်းကောင်းပါပဲ။

အဲ့ဒီ အယောက် ၃၀ လုံးက ခေါင်းဆောင်တွေမဟုတ်ပါဘူး။ ကနဦး စွန့်စားသူများ ဖြစ်ပေမင့် ခေါင်းဆောင်ကတော့ ဗိုလ်ချုပ်တစ်ယောက်ထဲပါ။

အာဇာနည်နေ့မှာ ဗိုလ်ချုပ်မကွယ်လွန်ဘဲနဲ့ ကျန် ၈ ဦးပဲ ကျဆုံးခဲ့မယ်ဆိုရင် ၁၉-ဇူလိုင်ဟာ အလားတူ အညတရရဲဘော်တွေ ကျဆုံးခဲ့ရတဲ့ အခြားသောနေ့များလို သာမန်နေ့တစ်နေ့အဖြစ် မြန်မာ့သမိုင်းက ပျောက်ကွယ်သွားခဲ့မှာ ဖြစ်ပါတယ်။

၁၉ ဇူလိုင်မှာ ဗိုလ်ချုပ် ကျဆုံးခဲ့ရလို့ အာဇာနည်နေ့ဆိုတာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ထိုနည်းတူ ဗိုလ်ချုပ်ကို ဖော်ပြရင်း ထိုနေ့က ဗိုလ်ချုပ်နဲ့အတူ ကျဆုံးခဲ့ရသော ဗိုလ်ချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်များအား လေးစားသမှုဖြင့် အာဇာနည်(၉)ဦး အဖြစ် တပါတည်း မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်ပါကြောင်း။

ကျေးဇူး
icy

*** ***** ***

အစက ဒီပို့စ်ကို ဆက်ရေးမလို့...ခုတော့ ရေးချင်တော့ဘူး...ဒီနေရာတင်ပဲ အဆုံးသတ်လိုက်ပါတယ်။

s0wha1

(အန်တီငြိမ်းနဲ့ ကိုဖိုးဇေကိုကျေးဇူးတင်ပါကြောင်း...)

Wednesday, July 25, 2007

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းအချို့ (၃)



ကို Andy ရဲ့ တောင်းဆိုချက်အရ ရှိသလောက် တင်လိုက်တာပါ... ထပ်ရှာကြည့်ပါဦးမယ်....

***
















s0wha1

Tuesday, July 24, 2007

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းအချို့ (၂)



ဖိုရမ်တခုမှ အစ်ကိုကြီးတစ်ယောက် တင်ပေးတဲ့ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နှုတ်ချက် တချို့ပါ...

***




















s0wha1


Monday, July 23, 2007

အမိန့်ကြေညာစာ (၂၉-၁၂-၄၄)



ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်သော စာပေ၊ ဓာတ်ပုံ အစရှိသည်တို့ကို ကျွန်မဘလော့ဂ်မှာ စုစည်းချင်သော ရည်ရွယ်ချက်နဲ့ ၁ ပတ် ၁ ခါလောက် ဗိုလ်ချုပ်အကြောင်းလေးတွေ တင်သွားချင်ပါတယ်...


***

စစ်ဝန်ကြီးရုံးတော်
နေ့ စွဲ။ ၂၉-၁၂-၄၄
အချိန်။ ၃၊ ၃၀ နာရီ

ယခုအခါ တပ်မတော်နှင့်ပါတ်သက်၍ သတင်းအမျိုးမျိုး နိုင်ငံနှင့်အ၀ှမ်းတွင် ဖြစ်ပွားနေသည်ဟု ကျွန်ုပ်တို့ ကြားသိရပေသည်။ စစ်ဖြစ်နေသော အချိန်အခါအတွင်းတွင်သော်၎င်း၊ နိုင်ငံမငြိမ်မသက်ဖြစ်နေစဉ် အခါသော်၎င်း၊ အချင်းဖြစ်ပွားနေသူ အချင်းချင်းတစ်ဦး၏ အတွင်းရေးကို ရှုပ်ထွေးပွေလိမ်စေရန် ကောလဟာလ သတင်းအမျိုးမျိုးဖြန့်ချီခြင်းသည် လုပ်နေကျ ပရိယယ်ပင်ဖြစ်သည်။ လက်ရုံးရည်တိုက်ပွဲဖြစ်စေ၊ နှလုံးရည်တိုက်ပွဲဖြစ်စေ ရန်သူကိုအတွင်းရေးအားဖြင့် ဖျက်စီးပြီးနောက် ရန်သူအားတိုက်ခိုက်ခြင်းသည် အောင်မြင်ရာ အောင်မြင်ကြောင်းအတွက် အလွယ်ကူဆုံးပင်ဖြစ်သည်။ ဂျာမဏီခေါင်းဆောင် ဟစ်တလာသည်၎င်း၊ အနောက်နိုင်ငံစစ်ဝိဇ္ဇာများကသော်၎င်း၊ ကမ္ဘာ့ကျမ်းစာကြီးများဖြစ်ကြသော တစ်ရုပ်နိုင်ငံ ဆွမ်းဆူးအစရှိသော ပုဂ္ဂိုလ်တို့၏ အရေးအသားတွင်၎င်း၊ အိန္ဒိယနိုင်ငံ ဟိတောပဒေသာသကျမ်း အမျိုးမျိုးတွင်သော်၎င်း၊ ဗမာ့ သေနင်္ဂဗျူဟာကျမ်းများတွင်သော်၎င်း၊ ရန်သူကို စစ်အားဖြင့်မတိုက်ခိုက်ဘဲ ပရိယယ်အားဖြင့် တိုက်ခိုက်၍ အောင်နိုင်ခြင်းသည် အကောင်းဆုံးဖြစ်ရာ၏ဟု မြွတ်ဟထားကြရာ ယခုအခါ ခေတ်ပြောင်းကမ္ဘာစစ်ကြီးတွင် ကျွန်ုပ်တို့၏ ရန်သူများသည် ကျွန်ုပ်တို့၏ အတွင်းအင်အားကို ပျက်စေ၍ အသာတကြည် ကျွန်ုပ်တို့အပေါ် အနိုင်ယူရန် ကြိုးစားကြမည်မှာ မုချမလွဲပေ။ သို့ဖြစ်၍ ဗမာ့တပ်မတော်နှင့်ပတ်သက်ပြီး သတင်းအမျိုးမျိုးကို ကျွန်ုပ်တို့ ကြားရသောအခါ ပထမစစ်တွင် ကျွန်ုပ်တို့သည် ခွေးဟောင်တိုင်း ထမကြည့်နိုင် ဆိုသည့်စကားပုံ ရိုင်းရိုင်းအတိုင်း လျစ်လျူရှုခဲ့ပေသည်။ သို့သော်လည်း အများပြည်သူ၊ ပြည်သားများအား သေချာစွာသိရှိနားလည်စေရန် ယခုတခါတည်း ကျွန်ုပ်တို့၏ ရှင်းလင်းချက် ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပေကြောင်း။ ယခုအခါ ကျွန်ုပ်တို့ တပ်မတော်ကို အားထားကြသူဖြစ်စေ၊ မလိုလားသူဖြစ်စေ၊ ကျွန်ုပ်တို့ တပ်မတော်ကို ထင်မြင်ယူဆပုံတို့မှာ မှန်ကန်သော အထင်အမြင်မရကြဘဲ ရှိကြသည်ကို ကျွန်ုပ်တို့ သိရှိတန်သလောက် သိရှိရပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ တပ်မတော်သည် မည်ကဲ့သို့ တပ်မတော် ဖြစ်သည်ဆိုသည်ကို တိုင်းသူပြည်သားအများအား သေချာစွာသိရှိနားလည်စေရန် အောက်ပါအချက်များကို ကျွန်ုပ်တို့ ထုတ်ပြန်လိုက်ရပေကြောင်း။ ကျွန်ုပ်တို့ တပ်မတော်အား ကျွန်ုပ်တို့သည် အောက်ပါ ညွန်ကြားချက်အမိန့်များကို ရှင်းလင်းပြတ်သားစွာ အစကနဦးကပင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းကို ညွန်ကြားချက်ထဲမှ ကျွန်ုပ်တို့သည် အောက်ပါအချက်များကို အများပြည်သူတို့ သိရှိရန် ဖော်ပြလိုက်ပေကြောင်း။

ငါတို့တပ်မတော်သည် ပြည်သူများမှဖြစ်ပေါ်လာ၍ ပြည်သူများ၏လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် ငါတို့တပ်မတော်သည် ပြည်သူ့တပ်မတော်ဖြစ်သည်။ ပြည်သူများနှင့်ကွဲပြားနေ၍ ပြည်သူများ၏ အကျိုးကို ကာကွယ်ရင်းမရှိသော တပ်မတော်မျိုးမဟုတ်၊ ပြည်သူ့တပ်မတော်သည် ပြည်သူများတွင် အခြေခံ၍ ပြည်သူများနှင့်အဆက်ဖြတ်ကာ ကွဲပြားခြားနားခြင်းမရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူများနှင့်တသားတည်းရှိသည်၊ ပြည်သူ့တပ်မတော်သည် ပြည်သူတို့၏ လက်ရုံးလက်သီး ပြည်သူများ၏ ဓားသွားဖြစ်စေရမည်။ ထိုလက်ရုံး၊ လက်သီး၊ ဓားသွားသည် ပြည်သူများ၏ ရန်သူကိုတွန်းလှန်ရန် ဖြစ်သည်။ ထိုလက်ရုံး၊ လက်သီး၊ ဓါးသွားသည် ပြည်သူများ၏အကျိုးကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့တပ်မတော်သားများဖြစ်ကြသော ရဲဘော်တို့ ပြည်သူ့ တပ်မတော်သားပီပီ အောက်ပါအချက်များကို ကျင့်ကြံရမည် ။

(၁) ပြည်သူပြည်သားအပေါင်းတို့အား အရာရှိ၊ အရာမဲ့၊ လူကြီး၊ လူငယ် ၊ယောက်ျား၊ မိန်းမ လူမျိုး၊ ဘာသာမရွေး ဆက်ဆံတတ်ပါစေ၊ ဖေါ်ရွေကြပါ၊ ယဉ်ကျေးကြပါ၊ ကိုယ့်အမှားမရှိပါစေနှင့် တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။

(၂) ကိုယ်နှင့်မဆိုင်တဲ့ အခြားသူ၏အလုပ်ကို အနှောက်အယှက်မပြုပါနှင့်၊ သို့သော် ကိုယ့်ဝတ္တရားအချိန်တွင် မည်သူမဆို ကူညီနိုင်သမျှကူညီပါ၊ ကူညီရာတွင် တရားနည်းလမ်းကျပါစေ။

(၃) ဗမာမဟုတ်သော နိုင်ငံတွင်းရှိလူမျိုးစုများကို ငါတို့တပ်တွင်၎င်း၊ ပြင်ပသော်၎င်း၊ ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ၊ ၄င်းတို့အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ၀တ်စားနေထိုင်ခြင်း အစရှိသည်တို့ကို မကဲ့ရဲ့ပါနှင့်၊ မနောက်ပြောင်ပါနှင့်၊ မနှောက်ယှက်ပါနှင့် ၄င်းတို့မခံချင်မည့် အပြောအဆို အသုံးအနှုံးကို ရှောင်ကျဉ်ပါ၊ ၄င်းတို့ကို ကူညီနိုင်လျင် ကူညီပါ။
(က) အရက်မူး မရမ်းကားရ
(ခ) မိန်းမများကို ကျူးလွန်စော်ကားခြင်းမပြုရ။
(ဂ) လုယက် မခိုးဝှက်ရ။
(ဃ) တည်းခိုသောအိမ်ယာများတွင် အခွင့်တောင်းပြီးမှဝင်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ဘဲ သန့်သန့်ရှင်းရှင်းနေထိုင်ရမည်။ အိမ်မှ ထွက်ခွာသောအခါတွင်လည်း အပျက်အစီးများရှိက မိမိကြောင့်ဖြစ်လျင် အစားထိုးပေးခြင်း၊ လျော်ကြေးပေးခြင်းပြုရမည်။
(င) တန်ရာတန်ဘိုးမပေးဘဲ မ၀ယ်ပါနှင့်။
(စ) ချေးငှားထားသောအရာကို ဆက်ဆက်ပြန်ပေးပါရန် မမေ့ပါနှင့်။
(ဆ) အထက်အမိန့်မရပဲ ပစ္စည်းအတင်းမသိမ်းပါနှင့်၊ အထက်အမိန့်အရ သိမ်းရစေကာမူ မဖွယ်မရာ မယဉ်မကျေးမပြုပါနှင့်၊ အများမခံနိုင်အောင်မလုပ်ပါနှင့်။
(ဇ) လူမျိုးအချင်းချင်း၎င်း၊ ကိုးကွယ်သည့် ဘာသာရေးနှင့်ပါတ်သက်၍၄င်း၊ သွေးကွဲသည့်အလုပ်၊ မုန်းတီးစေမည့်အလုပ်ကို မလုပ်ပါနှင့်။

အထက်ပါအတိုင်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ တပ်မတော်အား စည်းကမ်းများပြုလုပ် ပညတ်ထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း တချို့တချို့သော တပ်မတော်သားများသည်၎င်း၊ တပ်မတော်သားများ အယောင်ဆောင်ကြသော အရပ်သားများသည်၎င်း၊ ကျွန်ုပ်တို့ ရည်ရွယ်ချက်ဝါဒ စည်းမျဉ်းနှင့်ဆန့်ကျင်၍ ပြုလုပ်နေကြပုံကို ကျွန်ုပ်တို့ ရံဖန်ရံခါ ကြားသိရပေကြောင်း။ ထိုကဲ့သို့ အမှူကိစ္စမျိုးကို ကြားသိရသော ပြည်သူအပေါင်းတို့သည် ကျွန်ုပ်တို့အား သိရှိသည်နှင့်တပြိုင်နက် လာရောက်အကြောင်းကြား တိုင်ကြားစေလိုကြောင်း။ ကျွန်ုပ်တို့ တပ်မတော်သည် အဓမ္မနှိပ်စက်ခြင်း၊ သွေးစုပ်ခြင်းအတွက် မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိ၊ ထိုကဲ့သို့ ကျွန်ုပ်တို့ ရည်ရွယ်ချက်နှင့်ဆန့်ကျင်သော မည်သူကိုမဆို ကျွန်ုပ်တို့အား လာရောက်တိုင်ကြားက ကျွန်ုပ်တို့ အရေးယူနိုင်သူမှန်သမျှကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း။ ယခုထိ ကျွန်ုပ်တို့သည် ပစ္စည်းများ ရရန်သိမ်းယူခြင်းမပြုသေးကြောင်း၊ အကယ်၍ နောက်ဆုံး သိမ်းယူရမည်ဆိုလျင်လည်း ကျွန်ုပ်တို့တွင်မရှိမဖြစ်မှ သိမ်းယူမည်ဖြစ်ကြောင်း။ ထိုကဲ့သို့ သိမ်းယူရာတွင်လည်း စံနစ်တကျပြု၍ တရားမျှတစွာဖြစ်အောင် ကျွန်ုပ်တို့ ကြိုးစားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သိမ်းယူခြင်းမှာလည်း အမှန်စင်စစ်အားဖြင့် ဗမာနိုင်ငံ ဗမာလူမျိုးအတွက်ပင်ဖြစ်ရာ တကိုယ်ကောင်း၊ တစုကောင်း အတွက်သိမ်းယူခြင်း၊ တပ်မတော်နာမည်ကို အလွဲသုံးစားပြု၍၊ ရောင်ခြည်တော်နှင့်ရောနှော၍၄င်း၊ သိမ်းဆည်းခြင်းများကို ကျွန်ုပ်တို့ အရှင်းသဘောမတူ၊ ထို့ကြောင့် အကယ်၍ကျွန်ုပ်တို့ ပစ္စည်းသိမ်းခြင်း တနေ့နေ့ ပြုမည်ရှိသော် ဤကဲ့သို့အကြောင်းအရာများပေါ်ပေါက်က ကျွန်ုပ်တို့အား သတင်းပေးကြစေလိုကြောင်း။ အကယ်၍ သိမ်းယူနေသူများ ပေါ်ပေါက်ခဲ့သော် ကျွန်ုပ်တို့တပ်မတော်မှ ဟုတ်သည်၊ မဟုတ်သည်ကို စုံစမ်းရန် ကျွန်ုပ်တို့ထံ လာရောက်တိုင်ကြားစေလိုကြောင်း။ ဗမာ့တပ်မတော်နှင့်ပါတ်သက်၍ အကျိုးလိုယောင်နှင့် ဗမာ့တပ်မတော်များ ပျက်စီးရာပျက်စီးကြောင်း စကားများကိုလည်းကျွန်ုပ်တို့ ကြားသိရပေကြောင်း။ ဤကိစ္စများနှင့်ပါတ်သက်၍ ကျွန်ုပ်တို့ အတိအလင်းကျေညာလိုသည်မှာ ကျွန်ုပ်တို့ တပ်မတော်သည် မည်သည့် ရန်သူ၏ ပဉ္စမံတပ်သား အလိုတော်ရိများမဟုတ်၊ ကျွန်ုပ်တို့သည် တိုင်းပြည်လွတ်လပ်ရေးနှင့် ထိုတိုင်းပြည်လွတ်လပ်ရေးကို ခိုင်ခိုင်မာမာ ဒင်းပြည့် တည်တံ့စေအောင် ဆောင်ရွက်ရန်ဖြစ်သော မျိုးချစ်တပ်မတော်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးကို ရွှေဒင်္ဂါး အစရှိသော ကိုယ်ရေးသက်သာမှူကလေးများအတွက် မည်သည့်အခါမဆို မည်သည့်နည်းနှင့်မျှ လဲယူမည်မဟုတ်ကြောင်း။ ကျွန်ုပ်တို့သည် နိုင်ငံ၊ လူမျိုးများ လုံးဝလွတ်လပ်ရေးအတွက် အဆုံးထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း။ တိုင်းသူပြည်သားများအား တိတိလင်းလင်း ကျေညာလိုက်ပေကြောင်း။

အောင်ဆန်း

စစ်ဝန်ကြီးနှင့်စစ်သေနာပတိ
ဗမာ့လက်နက်ကိုင်စစ်တပ်များ
ဗမာနိုင်ငံတော်
ရန်ကုန်နေပြည်တော်။


Sunday, July 22, 2007

အိပ်မပျော်သောည



ဒီနေ့တော့ စာမရေးချင်ဘဲ ပုံလေးတွေပဲ တင်တော့မယ်...



s0wha1


ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*