Friday, July 13, 2007

၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှု (၅)



၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၁)

၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၂)

၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၃)

၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၄)


***

တနေ့ညနေတွင် ခါတိုင်းညနေများကဲ့သို့ အင်းယားကန်တွင် ကျွန်တော်ရေချိုးဆင်းပြီး အ၀တ်အစားလဲကာ အနည်းငယ်အညောင်းဆန့်ရန်အတွက် အိမ်ရှေ့ကွက်လပ်ဘက်သို့ ရောက်ခဲ့ပါသည်။ ဤအချိန်တွင် ဦးစောနှင့် အခြား ၃ ဦးလောက်သည် အိမ်ရှေ့ပိုင်း တနေရာတွင် ထိုင်ကာ တစုံတခု တိုင်ပင်နေကြပါသည်။ ဦးစောက ကျွန်တော့်ကို မြင်သောအခါ လှမ်းခေါ်ပြီး “ကဲ ကိုသုခ အတော်ဘဲ”ဟု ဆိုပါသည်။ ကျွန်တော်လည်း ကုလားထိုင်အလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်ပါသည်။ “ကျွန်တော်တို့မှာ အရေးကြီးတဲ့ ကိစ္စ တစ်ခုရှိတယ်။ ကိုသုခ ကားမောင်းရလိမ့်မယ်။ အရင်ကိစ္စထက် အရေးကြီးတဲ့ကိစ္စဘဲ။ ဘယ်နှယ့်လဲ။ မောင်းနိုင်ပါ့မလား။”ဟု မေးပါသည်။ ကျွန်တော်လည်း “ဘာကိစ္စဖြစ်ပါသလဲ”ဟုပင် မမေးတော့ပါ။ “မောင်းတာပေါ့”ဟု ဖြေလိုက်ပါသည်။ သူဘာခိုင်းခိုင်း လုပ်ရမည့်အခြေအနေတွင် ရှိရကား မောင်းခိုင်းသည်ကို မောင်းရမည်ပင်ဖြစ်ပါသည်။ တစ်အိမ်လုံး ဦးစောအိမ်တွင် ရှိနေသော ပရိတ်သတ် ၃၀ကျော်တွင် ကားမောင်းတတ်သူက ၃ယောက်သာ ရှိပါသည်။ ခင်မောင်ရင်၊ စိန်ကြီးနှင့် ကျွန်တော်တို့ဖြစ်ကြပါသည်။ ဤအကြောင်းကို ဦးစောသိပြီးဖြစ်၍ သူ့အစီအစဉ်တွင် ထည့်သွင်းတွက်ချက်ပြီး ဖြစ်ဟန်တူပါသည်။

“မောင်းပါ့မယ်”ဆိုသော စကားပြန်ရပြီးသည့်နောက် ဦးစောသည် မူလ လူ၃ယောက်နှင့်ပင် ဆက်လက်၍ စကားပြောနေပါသည်။ ခပ်တိုးတိုးပင်ဖြစ်ပါသည်။ “ဗိုလ်ချုပ်” စသည်ဖြင့် သူ့စကားများထဲတွင် နာမည်နာမ တစ်လုံးမှမပါပါ။ သို့ရာတွင် မည်သို့တက်၊ မည်သို့ဝင်၊ မည်သို့ပစ်ခတ်ရမည်စသည်များကို ပြောနေခြင်း ဖြစ်ရာ တစုံတခုသော သတ်ဖြတ်မှုကို စီစဉ်နေခြင်း ဖြစ်သည်ကိုကား အနီးတွင် ထိုင်လျက်ရှိသော ကျွန်တော်သည် ကောင်းစွာရိပ်မိပါသည်။ ကျွန်တော့်အားတမင် ခေါ်ယူတိုင်ပင်ခြင်းမဟုတ်ပါ။ အိမ်ရှေ့ ထွက်လာ၍ ခေါ်ပြောခြင်းသာဖြစ်ပါသည်။ အခြားသူ ၃ယောက်ကမူ အပိုင်းအဆစ်တွေသိပြီး ဖြစ်ဟန် တူပါသည်။

ထို့နောက် လူစုကွဲသွားကြပါသည်။ မည်သူတွေနှင့် မည်သို့ ကြိုတင်ပြင်ဆင်ထားသည်ကိုကား ကျွန်တော် ဘာမှမသိပါ။ ယခုလူစုခွဲကြရာတွင်လည်း ဘယ်သူက ဘာတာဝန်စသည်ဖြင့် သေသေချာချာခွဲသည်ဟုလည်း မကြားပါ။ ဦးစောထသွား၍ အခြားသူများလည်း ထသွားကြခြင်းဖြစ်ပါသည်။ သူတို့ကိုကြည့်ရသည်မှာ ခပ်ပေါ့ပေါ့ပင်ဖြစ်၍ တစုံတရာ အခက်အခဲရှိမည်ကို ပူပင်သော ဟန်အမူအရာကို မတွေ့ရပါ။ ထိုနေ့မှာ ၁၉၄၇ခု၊ ဇူလိုင်လ ၁၈ ရက်နေ့ဖြစ်ပါသည်။

ညမိုးချုပ်သော် ဤလူစုသည် တနေရာတည်းတွင် အတူတူ အိပ်ကြပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ စကား တစ်ခွန်းမှ မပြောကြပါ။ တစ်ယောက်မှလည်း စကားမစပ်ကြပါ။ ဦးစောမျက်ကွယ်တွင် တော်၏၊ မတော်၏ ဘာဘယ်သို့ ဟူ၍ လုံးလုံးတိုင်ပင်ရဲခြင်း မရှိကြပါ။ တစ်ယောက်တစ်ယောက်လည်း ဘယ်လောက် ယုံကြည် ရသည် ဆိုသည်ကို မသိနိုင်ပါ။ တိုင်ပင်မိရာတွင် အစွန်းအစထွက်၍ သံသယဖြစ်ဖွယ် စကား တစ်ခွန်းကို ပြောမိပါလျှင် ထိုသူမှာ မုချသေရဘို့သာ ရှိပါသည်။

အိပ်ယာထဲ မလှဲမီ ၀ိုင်းဖွဲ့ပြီး ဟိုစကား သည်စကား ရယ်စရာများကို ပြောနေကြပါသည်။ ဦးစောသည် ရုတ်တရက် ၀င်လာပါသည်။ ရယ်မောနေကြ၍ ဖြစ်ပါသည်။ “မထကြနဲ့၊ မထကြနဲ့”ဟုလည်း လက်ကာပြကာ ပြုံးနေပါသည်။ “ဘာတွေများပြောနေကြလဲ”ဟုလည်း မေးလိုက်ပါသည်။ ကျွန်တော်တို့ထဲမှ တစ်ယောက်က “အလကား ရယ်စရာတွေ ပြောနေတာပါ”ဟု ဖြေလိုက်ပါသည်။ ခဏသာ မတ်တပ်ရပ်နေပြီး နှုတ်ဆက်ကာ သူ့အိမ်သို့ပြန်သွားပါသည်။ ကျွန်တော်ရောက်နေသော ရက်ပေါင်း ၄၀ခန့်အတွင်း ကျွန်တော်တို့နေရသော ဤအိမ်ကလေးသို့ ဦးစောလာသည်မှာ ဤတစ်ကြိမ်သာဖြစ်ပါသည်။ အရေးကြီးသော အချိန်ပိုင်းဖြစ်၍ သူနှင့်တွေ့ဆုံပြီးနောက် ကျွန်တော်တို့ချင်း ဘာတွေ ဆွေးနွေးတိုင်ပင်နေသည်။ စိတ်ချရမည်။ မချရမည် စသည်တို့ကို အကဲလာခတ်ခြင်း ဖြစ်ဟန်တူပါသည်။ ကျွန်တော်တို့ရှိရာ အိမ်ထဲသို့မ၀င်မီက အပြင်ဘက်မှ မည်မျှကြာကြာ ရပ်ကြည့်အကဲခတ်ပြီး နားထောင်ပြီး ဆိုသည်ကို လည်း ကျွန်တော်တို့မသိပါ။

နံနက်မိုးလင်းပြီး ရေမိုးချိုးပြီး လက်ဖက်ရည်အချိုသောက်ကြပါသည်။ ၁၉၄၇ခု၊ ဇူလိုင်လ ၁၉ရက်နေ့၊ ၁၃၀၉ခု ၀ါခေါင်လဆန်း ၂ရက် စနေနေ့ဖြစ်ပါသည်။

ဦးစောကခေါ်ခိုင်း၍ အမှုထဲပါသူ တချို့သွားကြပါသည်။ ယူနီဖေါင်းများ ၀တ်ကြရန်။ အသင့်ပြင်ကြရန် ပြောပါသည်။ ခဲယမ်းမီးကျောက်အစုံနှင့် စစ်ယူနီဖေါင်း အစုံပေါင်း မြောက်မြားစွာ အထပ်လိုက်အပုံလိုက် ဦးစောအိပ်သော အခန်းထဲတွင် ရှိပါသည်။ စစ်ဦးထုပ်များလည်း ကားရုံအခန်း ၂ခန်းထဲတွင် အများကြီးဖြစ်ပါသည်။ မှတ်မိပါသေးသည်။ ဘဏ်တိုက်ကို စီးရန်ကြံစဉ်က ပါရမည့်သူများ ယူနီဖေါင်း ၀တ်ကြည့်ကြရာ တော်သူ တစ်ယောက်မှမရှိ၍ အားလုံးပြင်ချုပ်ခဲ့ကြရပါသည်။ ထိုအစီအစဉ်တွင် ပါခဲ့သူများအတွက်မူ ဦးစောအခန်းထဲမှ ယူနီဖေါင်းယူရန် မလိုတော့ပါ။ ကျွန်တော့်မှာ ကားမောင်းရမည့်သူဖြစ်သောကြောင့် “ကျွန်တော်ကော ယူနီဖေါင်းဝတ်ဖို့လိုပါသလား”ဟု မေးရာ ဦးစောက “ဘောင်းဘီတော့ ၀တ်ပါ။ အင်္ကျီတော့ ကိစ္စမရှိဘူး။”ဟု ပြန်ပြောပါသည်။

အိမ်ကလေးသို့ပြန်ပြီး ဘောင်းဘီစိမ်းနှင့် ရှပ်လက်တိုအဖြူကို ၀တ်ကာ ကျွန်တော်ပြန်လာသောအခါ “ပစ်ဖို့ထဲက တစ်ယောက်လိုနေတယ်” ဦးစောနှင့် ကိုစိုးတို့လူစု ပြောနေကြပါသည်။ သဲသဲကွဲကွဲ ဆုံးဖြတ် ကြရသေးဟန် မတူပါ။ ထို့နောက် “ရန်ကြီးအောင်ဘဲ ကောင်းတယ်”ဟု ပြောကြကာ ရန်ကြီးအောင်ကိုခေါ်ပြီး ယူနီဖေါင်းများ ကိုစိုးနှင့် ကိုသက်နှင်းတို့က ၀ိုင်းဝတ် ဆင်ပြင်ပေးကြပါသည်။ ထို့နောက် စစ်တပ်တံဆိပ်များ တပ်ဆင်ကြပါသည်။ ကောင်းစွာ မတပ်တတ်ကြသဖြင့် ရယ်ကြရပါသေးသည်။ နောက်ဆုံးတပ်ပြီး သည့်တိုင်အောင် စနစ်တကျ မှန်ကန်လိမ့်မည်မထင်ပါ။ ဘိနပ်များကလည်း သားရေစစ်ဘိနပ်ထူကြီးများ မဟုတ်။ ကိုယ့်ဖာသာကိုယ်ဝယ်ပြီး တခါတရံစီးကြသော ကင်းဘတ်စ်ဘိနပ် အညိုများသာဖြစ်ပါသည်။ ဦးစောက ၀ယ်မပေးပါ။ သေသေချာချာဂရုပြုကြည့်လျှင် စစ်သားမဟုတ်ကြောင်းသိသာလှပါသည်။

အသင့်ဖြစ်ကြသောအခါ ဦးစောက ခပ်တိုးတိုး ဟန်အမူအရာ ခပ်ဖြည်းဖြည်းနှင့် မှာစရာများကို မှာနေပါသည်။ ထိုအချိန်တွင် တယ်လီဖုန်းလာ၍ ဦးစောသည် တယ်လီဖုန်း ရှိသောအခန်းတွင်းသို့ ထသွားပါသည်။ ကျန်ရစ်သောလူစုသည် စကားတစ်ခွန်းမှ မပြောကြပါ။ ကိုယ့်စိတ်ကူးနှင့် ကိုယ်တွေးနေကြပါသည်။ ဦးစောသည် တယ်လီဖုန်းကို အသံအုပ်ပြီး တိုးတိုးပင် ပြောနေပါသည်။ ဘာပြောနေသည်ကို မသိနိုင်။ ဦးစောနှင့်မည်သူ တယ်လီဖုန်းစကားပြောနေကြသည်ကိုလည်း ကျွန်တော်မသိပါ။ ခင်မောင်ရင်၊ မှုံကြီး၊ ကိုနီနှင့် ကိုဘညွန့်တို့ စောစောကတည်းက ဒေါဂျစ်နှင့် မြို့ထဲသွားနေကြသည်ကို အမှုဖြစ်လာမှသာ သိပါသည်။ ထိုအချိန်ကမူ မသိသေးပါ။ အိမ်အတွင်း တနေရာတွင် အစေခံမိန်းကလေးနှင့် ယောက်ျားလေး တစ်ဦး ရှိကြပါသည်။ ဦးစောက ထိုကလေးများနှင့် တာဝန်ပေးထားသူထဲက အချို့လူများကို အသိမပေးလို၍ ဤအရေးကြီးသော အချိန်တွင် တိုးတိုးဖြည်းဖြည်းလုပ်နေ ပြောနေဟန်တူပါသည်။

တယ်လီဖုန်းပြောပြီးနောက် ခြေကိုပင် ခပ်ဖြည်းဖြည်းနင်းပြီး ဦးစောပြန်လာပါသည်။ ခပ်တိုးတိုးပင်။ သို့ရာတွင် ဒေါပါပါနှင့် ပြန်ဆက်၍ “ဘာမှကြောက်စရာမရှိဘူး။ လုပ်စရာရှိတာကိုသာ သေသေချာချာ လုပ်ဖို့လိုတယ်။ သတိတော့ရှိရမယ်။ သတိဆိုတာကတော့ ပိုတယ်လို့မရှိဘူး” စသည်ဖြင့် မှာကြားနေပါသည်။ တယ်လီဖုန်းလာပြန်ပါပြီ။ ယခင်ကအတိုင်းဦးစောထပြီး တိုးတိုးပြောပြန်ပါသည်။ ထို့နောက်ပြန်လာပြီး ဆက်ကာ အားပေးစကား၊ သတိပေးစကားများပြောနေပြန်ပါသည်။ မကြာမီ တယ်လီဖုန်းမြည်သံ ကြားရပြန်ပါသည်။ ဦးစောထသွား၍ ဖြည်းဖြည်း ပြန်လာပြန်ပါသည်။ စကားတိုးတိုးပြောနေခိုက် တယ်လီဖုန်းတစ်ကြိမ်ထပ်လာပြီးနောက် ဦးစောက “ကဲ- သွားကြမယ်၊ ထကြပြင်ကြ”ဟု ဆိုပါသည်။ ထိုအချိန်မှာ ၁၀နာရီခန့် ရှိနေမည်ဟုထင်ပါသည်။

မိုးအနည်းငယ် ရွာနေပါသည်။ အိမ်ပေါ်ကအဆင်း အ၀တ်ဖိနပ် ရော်ဘာခံဖ၀ါးနှင့် ရေညှိပေါ်နင်းမိ၍ ကျွန်တော်ချော်လဲရာ တော်တော်ပင် တင်ပါးဆုံနာသွားပါသည်။ ဦးစောက “ဘယ်နှယ်နေလဲ။ ဘယ်နှယ်နေလဲ” လိုက်မေးပါသည်။ ကျွန်တော်က အသာထပြီး ကိစ္စမရှိပါဘူးဟု ပြန်ပြောကာ ကားဆီသို့ဆက်သွားပါသည်။ ထိုအခါကသာ တင်ပါးမနာဘဲ လက်ကျိုးသွားလျှင် ကျွန်တော် ကားမောင်းလိုက်ရမည် မဟုတ်ပါ။

ဂျစ်ကားကို ကျွန်တော်တို့ကိုယ်တိုင် အသင့်ပြင်ထားခြင်းမဟုတ်ပါ။ တော်မီ၃လက်နှင့် စတင်းတစ်လက်လဲ ကားပေါ်တွင် အဆင်သင့်ရှိပါသည်။ ဦးစောက သူ့တာဝန်နှင့်သူ အားလုံးအဆင်သင့်ဖြစ်အောင် တာဝန် ချထားပြီး လုပ်ခိုင်းတားဟန် ရှိပါသည်။ ကားပေါ်တက်ပြီးမောင်းထွက်သွားရန် အားလုံးအသင့်ဖြစ်နေပါသည်။ ကိုစိုး၊ ကိုသက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ ကားပေါ်ရောက်လျှင် ထွက်ပါတော့သည်။ ဦးစောက လက်လှမ်းပြပြီး နှုတ်ဆက်ပါသည်။ ကားပေါ်ကလည်း ပြန်ပြ နှုတ်ဆက်ဟန် ပြုကြပါသည်။

အတွင်းဝန်ရုံးသို့သွားရာတွင် ပြည်လမ်းမကြီးပေါ်၌ ကင်း၂ကင်း ရှိပါသည်။ ကမာရွတ်ဂတ်အနီးတွင် တစ်ကင်း၊ မြေနီကုန်းတွင် တစ်ကင်း ဖြစ်ပါသည်။ စိန်ကြီးသည် ဤလမ်းများနှင့် ဤကင်းများကို ကောင်းကောင်း လေ့လာပြီးဖြစ်ဟန်တူပါသည်။ အိမ်ကထွက်ပြီး ပြည်လမ်းအတိုင်း မောင်းနေရာမှ ၁၀မိနစ်ခန့်အကြာတွင် စိန်ကြီးက ဘယ်ကွေ့ခိုင်းပြီး ထိုလမ်း ဤလမ်းစသည်ဖြင့်ညွှန်ပြကာ မောင်းခိုင်းပါသည်။ ထို့နောက် ဆက်မောင်းသွားရာ ဘယ်လမ်းက ဘယ်သို့မောင်းရသည်ဆိုသည်ကိုမူ ယခုမမှတ်မိတော့ပါ။ မကြာမီ ဤထောင်ကြီးနောက်ဖေးက ပြည်လမ်းမကြီးပေါ်သို့ရောက်လာပါသည်။ ထို့နောက် ကော်မရှင်နာလမ်း၊ မောင့်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ်လမ်း)မှ စပတ်လမ်းကိုချိုးပြီး အတွင်းဝင်ရုံး စာတိုက်ကလေး အနီးရှိစပတ်လမ်းပေါ်မှ ပထမအပေါက်ကျယ်အတိုင်း ၀င်ရပါသည်။ ဂိတ်အ၀င်တွင် ဘာဖြစ်သည်မသိပါ။ ကားအများ ပိတ်ဆို့နေကြပါသည်။ ထို့ကြောင့် ရပ်စောင့်နေကြရပါသည်။ ထို့နောက် စိန်ကြီး မောင်းခိုင်းသည့် လမ်းအတိုင်းဆက်၍ မောင်းကာ သူတို့ကို တစ်နေရာတွင်ချထားပြီး တစ်နေရာတွင် စောင့်နေရပါသည်။ စိန်ကြီးက “ကားစက်မရပ်နဲ့”ဟုလည်း မှာခဲ့ပါသည်။

အတွင်းဝန်ရုံးပေါ်သို့ ၄ယောက်တက်သွားပြီး မကြာမီပင် “ဖြောက်-ဖြောက်”နှင့် အသံများကြားရသဖြင့် ပစ်ကုန်ကြပြီဆိုသည်ကို ကျွန်တော်သိပါသည်။ အသံမှာ သိပ်လည်းမကျယ်ပါ။ ၀ုံးဝုံးဒိုင်းဒိုင်းလည်း မဖြစ်ပါ။ အရွက်တွေများသော သရက်ပင်ကို ကျောက်စရစ်ခဲကလေးများနှင့်ဆုပ်ကာ လှမ်းပစ်သည်ကို မလှမ်းမကမ်းမှ ကြားရသော အသံလောက်သာ ရှိပါသည်။ ဘယ်လိုဖြစ်နေသလဲ။ သူတို့ကပဲ ပစ်နေကြသလား၊ အပြန်အလှန် ပစ်နေကြသလား စသည်ဖြင့် တွေးတောနေမိပါသည်။ ခဏကြာသော် သူတို့လူသိုက် လှေကားမကြီး အတိုင်း ခပ်သုတ်သုတ် အပြေးကလေး ဆင်းလာကြပါသည်။ ကားစက်မှာ နိုးနေရာမှ သူတို့ပစ်နေသည့် အချိန်မှာပင် ရုတ်တရက်ရပ်သွားပါသည်။ နှိုးသောလည်းမရပါ။ သူတို့ဆင်းလာသည်ကို တွေ့၍ ထပ်နှိုးသော်လည်း မနိုးပါ။ ကားပေါ်လူတွေတက်မိ၍ စိန်ကြီးအတင်းနှိုးတော့မှ နိုးပါသည်။ ဤကားမှာ စိန်ကြီးကိုင်နေကြ ကားဖြစ်သည့်ပြင် ကျွန်တော့်ထက်လည်း သူက နားလည်ပါသည်။ စပတ်လမ်းဘက်သို့ပင် မောင်းထွက်ရပါသည်။ ထို့နောက် ဘယ်ချိုး၊ ညာချိုး ဘယ်တစ်ခါချိုး ပြီး စတော့ကိတ်လမ်းအတိုင်းက ကန်တော်ကြီးသို့တက်ပါသည်။ ကျွန်တော် ကားမောင်းသည်ကို အားမရကြပါ။ “ခင်ဗျား ကားမောင်းတာ နှေးတယ်၊ နှေးတယ်”ဖြင့် ကိုသက်နှင်း တဖျစ်တောက်တောက် ပြောနေပါသည်။ ကျွန်တော်ကလည်း ကိုယ့်အချိန်အဆနှင့်ကိုယ် အမြန်ဆုံးမောင်းနေခြင်းဖြစ်ပါသည်။ ဗဟန်းဘက်သို့ရောက်သောအခါ ကျွန်တော့်ကို ဖယ်ခိုင်းပြီး စိန်ကြီး မောင်းပါသည်။ ၃တန် ကုန်တင်ကားကြီးတွေကလည်းသွား၊ အခြားရိုးရိုးကားများကလည်း ခရီးများချိန်ဖြစ်သဖြင့် အမြန်မောင်းရန် အလွန်ခက်သော နေရာဖြစ်ပါသည်။ သို့ရာတွင် စိန်ကြီးသည် လျှင်မြန်ခြင်းကို နည်းနည်းမျှမလျှော့ဘဲ ကားတွေပိတ်ဆို့ နေသည့် ကြားထဲမှပင် အမြန်ဆုံးမောင်းနေပါသည်။ ၃တန်ကားပေါင်းများစွာကို ကျော်ပြီးပြီ။ ကားတစ်ကားကို ကျော်တက်လိုက် နောက်ရောက်သွားလိုက်၊ လမ်းကျယ်လျှင် ထပ်ကျော်တက်လိုက်၊ တခါတရံ ကတ္တရာစေးလမ်းပေါ်တ၀က်၊ မြေနီလမ်းပေါ်တ၀က် မောင်းပြန်ပါသည်။ ကျွန်တော့်စိတ်ထဲ၌ တနေရာရာတွင် ကားမှောက်၍ သေလိမ့်မည်ဟု ထင်မိပါသည်။ ဂျစ်ကားမှာ ဤထက်ပို၍ လျှင်မြန်နိုင်စွမ်း မရှိနိုင်တော့ပါ။ ခြံဝင်းဝသို့ရောက်လျှင် ခါတိုင်းကဲ့သို့ စောင့်မနေရပါ။ အသင့်စောင့်နေသူက ဖွင့်ပေးပါသည်။ ကားပေါ်ကနေပြီး ဦးစောကို လှမ်းကြည့်ကြရာ မတွေ့ပါ။ အောက်ရောက်၍ ဟိုကြည့်၊ ဒီကြည့် ကြည့်သော်လည်း မတွေ့ပါ။ တော်တော်ကလေးကြာမှ ကန်စောင်းဘက်မှ လာနေသည်ကို တွေ့သဖြင့် ကိုစိုးနှင့် ကိုသက်နှင်းတို့က လက်သီးဆုပ်မြောက်ကာ “အောင်ပြီ၊ အောင်ပြီ”ဟု လှမ်းအော်ကြွေးကြော် နှုတ်ဆက်ပါသည်။ ဦးစော၏ မျက်နှာမှာ မကောင်းလှပါ။ ရွှင်ရွှင်ပြပြ အားရ၀မ်းသာရှိသည့် အသွင်ကိုလည်း မတွေ့ရပါ။ သို့ရာတွင် သူကလည်း လက်သီးဆုပ်မြောက်ကာ “အောင်ပြီ၊ အောင်ပြီ”ဟု ပြန်လှန်ကြွေးကြော် နှုတ်ဆက်ပါသည်။ အိမ်ထဲသို့ ရောက်၍ ထိုင်မိသောအခါ၊ ပစ်ခတ်သူများက ဘယ်လိုပစ်လိုက်တာပဲ။ ဘယ်လိုဖြစ်သွားတာပဲ။ စသည်ဖြင့် ပြောလိုက်ကြသည်မှာ ဆူညံနေပါတော့သည်။ ထို့နောက်ဦးစောက အရက်တိုက်ပါသည်။ သူလည်းသောက်ပါသည်။ ကိုသက်နှင်းနှင့် ကျွန်တော်တို့ကမူ မသောက်ကြပါ။ ကိုသက်နှင်းမှာ ပုတီးသမားတစ်ယောက်ဖြစ်၍ တစ်သက်လုံး အရက်ရှောင်ပါသည်။ တယ်လီဖုန်းလာ၍ ယခင်ကအတိုင်း ဦးစော စကားထပြောပါသည်။

ခဏကြာသော် ဦးစောက “ထမင်းစားကြ၊ အပန်းဖြေကြ”ဟု ပြောသဖြင့် ကျွန်တော်တို့လည်း လူစုခွဲလိုက်ကာ ထမင်းစားပွဲတွင် ပြန်စုကြပါသည်။ ၀မ်းဗိုက်ထဲတွင်ကား ဘာအစာမှမရှိပါ။ ၀မ်းဟာသည်ကိုကား ပြောစရာမရှိပါ။ သို့ရာတွင် ထမင်းစားချင်စိတ်လည်းမရှိ၊ စား၍လည်းမရပါ။ ထို့ကြောင့် စိတ်ညစ်ညစ်နှင့် အိပ်ယာထဲသို့သွားကာ လှဲနေလိုက်ပါသည်။ အခြားသူများလည်း အိပ်ယာသို့ရောက်လာကြပါသည်။ ညနေ ၃နာရီ အချိန်ခန့်တွင် အိပ်ရာမှနိုး၍ ကြည့်လိုက်ရာ အိမ်ဝင်း အပြင်ဘက်၌ သံခမောက်စစ်ဦးထုပ်တွေ အမြောက်အမြားစီလျှက် ချထားသည်ကို တွေ့ရသဖြင့် များစွာအံ့အားသင့်သွားပါသည်။ အခြားသူများလည်း နိုးလာကြပါသည်။ ကျွန်တော်ကပြောသဖြင့် ကြည့်ကြရာ ၀င်းကြီးတစ်ခုလုံးကို ရဲ၊ စစ်တပ်စသည်တို့က နေရာယူပြီး ၀ိုင်းထားကြသည်ကိုတွေ့ရသည်။ ကိုစိုးကမူ ဆပ်မရှင်းဂန်း သေနတ်အငယ်စားကို ထဆွဲပါသေးသည်။ အခြားသူများက သူ့ကိုဆွဲထားပြီး “ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲ၊ အားလုံးသေကုန်မှာပေါ့” ဟုပြောကြသောကြောင့်သာ သူမပစ်ဘဲ နေလိုက်ပါသည်။ မိနစ်အနည်းငယ်မျှကြာသော် ရဲအမှုထမ်းတစ်ယောက်လာပြီး “ဦးစောက ခင်ဗျားတို့ကို ခေါ်ခိုင်းလိုက်တယ်”ဟု ပြောပါသည်။ ကျွန်တော်တို့ ထလိုက်သွားချိန်တွင် ရဲစသော လက်နက်ကိုင်များသည် ၀င်းထဲတွင် ပြည့်နေပါပြီ။ “ကဲ-ကဲ၊ လာကြ၊ လာကြ”ဟု ဦးစောက ကျွန်တော်တို့ကို လှမ်းခေါ်ပြီး “မြို့ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို သေနတ်နဲ့ ပစ်သွားလို့ မသင်္ကာတာနဲ့ ကျုပ်တို့ကို နဲနဲပါးပါး ရှာချင်လို့တဲ့”ဟု လှမ်းပြောပါသည်။ ထို့နောက် ခရိုင်ရဲဝန်ခန့် အဆင့်အတန်းရှိမည်ထင်ရသော အရာရှိအား “ရှာချင်တယ်ဆို၊ ခင်ဗျားတို့ဆီမှာ ရှာဖွေဖို့ ၀ရမ်းပါသလား”ဟု ခပ်တည်တည်နှင့်မေးလိုက်ရာ အရာရှိကြီးက တယ်လီဖုန်းဆက်ပါသည်။ ထို့နောက် “ရှာဖွေခွင့် အမိန့်ပေးပါတယ်”ဟု ပြန်ပြောလိုက်ရာ၊ ဦးစောက “ဒီလိုဆိုရင် ရှာကြပေါ့”ဟု ခပ်အေးအေးပင် ပြန်ပြောပါသည်။ လက်တစ်ဘက်က ၀ီစကီဖန်ခွက်ကလေးကို ကိုင်လျှက် တခါတခါ ဖြည်းဖြည်းသောက်လိုက် ခပ်ရွှင်ရွှင် စကားလှမ်းပြောလိုက်နှင့် လုပ်နေပါသည်။ ရဲများရှာသည့် နောက်သို့လိုက်မသွားပါ။ ထိုင်မြဲထိုင်နေပါသည်။ သူ့အိပ်ခန်းထဲမှ ကျည်ဆံ အမြောက်အမြားကို ရဲများ ဆွဲထုတ်လာကြသည်ကိုလည်း သူလှည့်မကြည့်ပါ။ “ကဲ- ရှာဖွေပြီးရင် ခင်ဗျားတို့ အစီအစဉ်က ဘာတဲ့တုန်း”ဟု ရဲအရာရှိအား ဦးစောက လှမ်းမေးလိုက်ပါသည်။ အရာရှိကြီးလည်း တယ်လီဖုန်း ဆက်ပြန်ပါသည်။ “လုံခြုံစိတ်ချရရေးအတွက်ခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်”ဟု ရိုသေစွာ ပျော့ပျော့ပြောင်းပြောင်း ပြန်ပြောပါသည်။ ဦးစောက “ကျုပ်တစ်ယောက်တည်းလား”ဟု မေးပြန်ရာ တယ်လီဖုန်းဆက်ပြန်ပါသည်။ “အားလုံးကိုဘဲ အန္တရာယ်မရှိရအောင် လုံခြုံစိတ်ချရရေးအတွက် ဘမ်းဘို့အမိန့်ပေးပါတယ်”ဟု ပြန်ပြောပါသည်။ “ကဲ-ကဲ၊ မသင်္ကာလို့ ကျုပ်တို့ကို ခဏဘမ်းမလို့ တဲ့။ အသင့်ပြင်ကြ။ အိပ်ရာလိပ်တို့ ဘာတို့ ယူခဲ့ကြ။ ဟိုရောက်တော့ သူတို့ပေးဖို့လွယ်ချင်မှ လွယ်လိမ့်မယ်။ သုံးလေးရက်ကြာချင်လဲ ကြာလိမ့်မယ်” စသည်ဖြင့် ဦးစောက ကျွန်တော်တို့အား ခပ်အေးအေးပင် လှမ်းပြောပါသည်။ ကျွန်တော်တို့ယောက်ျားချည်း ၃၀ကျော် အားလုံးကို အင်းစိန်ထောင်သို့ပို့ပါသည်။ ကိုနီ၏မိန်းမ၊ ခင်မောင်ရင်၏ မိန်းမနှင့် အခိုင်းအစေ ကလေးမကလေး၊ အခိုင်းအစေ ယောက်ျားကလေးတို့ကိုလည်း ဘမ်းသည်ဟု နောက်တော့ ကြားရပါသည်။

***
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၆) သို့

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*