၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၁)
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၂)
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၃)
*** *** ***
သူကြီးဦးဘထွန်းနှင့် ဦးစိန်ဘန်းတို့မှာ ကျွန်တော့်အား ချစ်ခင်လေးစားသူဖြစ်သောကြောင့် ကျွန်တော်က အရေးကြီး၍ အခေါ်လွှတ်လိုက်သည်ဆိုရာ ချက်ချင်းပင် ထလိုက်လာကြသဖြင့် နံနက် ၂နာရီ အချိန်တွင် ရောက်လာကြပါသည်။ ကိုချစ်တီးကိုမူ ဘာမှအသိမပေးဘဲ ဦးဘထွန်းနှင့် ဦးစိန်ဘန်းတို့ကိုသာ ၀ှက်စရာနေရာမှစ၍ အကျိုးအကြောင်းပြောပြပြီး ဂုံနီအိတ်ထုပ်ပစ္စည်းများကို လူတွန်းလှည်းကလေးနှင့် တင်ကာ သမ္ဗန်ပေါ်တင်ပေးလိုက်ပါသည်။ နံနက်မိုးလင်းသော် ကိုသက်နှင်း ကျွန်တော်တို့အိမ်သို့ ပေါက်လာပါသည်။ ကိုသက်နှင်းသည် ဤမျှကြီးကျယ်သော ကိစ္စကြီးများနှင့် ပတ်သက်၍ ကျွန်တော့်ကို ကောင်းစွာ စိတ်ချဟန်မတူပါ။ ကျွန်တော်များ သစ္စာဖေါက်လေမလားဟုလည်း အနည်းငယ်သံသယရှိဟန် တူပါသည်။ ကျွန်တော့်ကို မျက်ခြည်အပြတ်မခံပါ။ လက်ဖက်ရည်ဆိုင်သို့သွား၍ လက်ဖက်ရည် သောက်ကြပြီးလျှင် နံနက် ၁၀နာရီ ထိုးသော်၊ ဦးစော၏ “တစ်ညအိပ်ထက် ဘယ်နည်းနဲ့မှ ပိုမကြာကြစေနှင့်”ဟူသော အမိန့်အတိုင်း ဖျာပုံသင်္ဘောနှင့် ရန်ကုန်သို့ပြန်လိုက်လာကြပါသည်။ ပတ်သက်ရာ လူအားလုံးကျွန်တော်တို့တတွေမှာ အစက ဦးစောကဲ့သို့ ပုဂ္ဂိုလ်ကြီးနှင့်ပေါင်းသင်းရ၍ ဂုဏ်ရှိသည်ဟု ထင်မိပါသည်။ သူသည် မျိုးချစ်စိတ် ထက်သန်သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ဟု ယူဆကြပါသည်။ သို့ရာတွင် ရက်ကလေး အတော်ကြာ သောအခါ သူ၏ ကိုယ်ကျင့်တရားချို့ယွင်းမှု၊ ဓါးပြတိုက်ရန်ကြံစည်ချက်၊ အကျပ်ကိုင်လေ့ရှိခြင်း အစရှိသည်တို့အတွက် စိတ်ပျက်စပြုလာကြပါသည်။ ကျွန်တော့်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်နှင့် နီးစပ်ရသည့်အတွက် ၀မ်းသာရသောအခြေအနေမှ အကြီးအကျယ်စိတ်ပျက်ရသော ဘ၀သို့ ရောက်လာရပါသည်။
သို့ရာတွင် နောက်မဆုတ်နိုင်ပါ။ သူ၏ အကြံအစည်များကို ရိပ်မိသောကြောင့် အလိမ္မာနှင့် ခွဲထွက်ရန် စိတ်ကူးပါသည်။ သို့ရာတွင် သူအနည်းငယ်သံသယဖြစ်လျှင်ဖြစ်ချင်း အသက်နှင့် ခန္ဓာ အိုးစားကွဲမည်မှာ သေချာပါသည်။ ကျွန်တော်တို့လောက် လူစားကို ပရွတ်ဆိတ်တစ်ကောင်ကဲ့သို့ လက်ချောင်းကလေး တစ်ချောင်းနှင့် ချေမှုန်းပစ်နိုင်ပါသည်။ အရှိန်အ၀ါကလည်း ကြီးပါသည်။ အစိုးရပိုင်းနှင့် နေရာအများတွင် သူ့သြဇာမှာ ကြီးမားတုန်းပင် ဖြစ်ပါသည်။ တခါတရံ သူငယ်စဉ်က သူနှင့် ရန်သူဖြစ်ခဲ့သူများကို မည်သို့လုပ်လိုက်ပုံများကို ပြောပြလေ့ရှိသည့်ပြင်၊ သူ့ကို မကောင်းကြံသူ မှန်လျှင် တိမ်ဖျားတွင် တက်ကပ်နေသည်ပင်ဖြစ်စေ၊ ရအောင်ချမည်ဖြစ်ကြောင်း၊ သူ့ထက်အသက်အများကြီး ကြီးသော အရာရှိကြီး တစ်ဦးသည် သူ့အား အစ်ကိုကြီးဟု ခေါ်ကြောင်း၊ ထိုသူသည် သူ့အားနိမ့်ကျအောင် အကြီးအကျယ် ချောက်တွန်းခဲ့ဘူးကြောင်း၊ သို့ရာတွင် မကြာသေးမီက သူ့ကို လာရောက်တောင်းပန်ကြောင်း၊ အိမ်ရှေ့ သရက်ပင်အောက်တွင် သူ့ခြေထောက်ကို လာဆုပ်ကြောင်း၊ သူက “ကိစ္စမရှိပါဘူး”ဟု ပြောလိုက်ကြောင်း၊ သို့သော် ဤလူမျိုးကို ဘယ်နည်းနဲ့မှ မကြေကြောင်း၊ တိမ်ဖျားတွင်ကပ်နေစေဦး၊ မြေကြီးကလူ ဖြစ်သောကြောင့် တစ်နေ့ မြေကြီးရောက်လာလျှင် ဘယ်နည်းနှင့်မျှ သူ့လက်က မလွတ်ကြောင်း စသည်ဖြင့်လည်း အာရပါးရ ဒေါနှင့်မောနှင့် ပြောလေ့ရှိပါသည်။ ထို့ကြောင့် ဦးစောက “တစ်ညဥ့်အိပ်ထက်ပိုမကြာစေနဲ့”ဟု မှာသည်ကို ကျွန်တော်တို့ မလွန်ဆန်နိုင်ပါ။ အိပ်မွေ့ချထားခြင်းခံရသော သူများကဲ့သို့ပင် ဖြစ်နေပါသည်။ သူ့သြဇာသည် ကျွန်တော့်အပေါ်တွင်သာမက အားလုံးသောကျွန်တော်တို့လူစုအပေါ်တွင် လွှမ်းအုပ်လျက် ရှိပါသည်။
ယနေ့အထိ ဦးစောအိမ်သို့ ကျွန်တော်ရောက်နေသည်မှာ တလကျော်ကျော်ရှိပါပြီ။ ဦးစောအိမ်က လက်ဖက်ရည်အချိုသောက်၍ ထမင်းသာစားပါသည်။ ဆေးလိပ်ဖိုး တစ်ပြားပင် မယူဖူးပါ။ ကျွန်တော့်အိမ်က ငွေ၂၀၀ခန့် ပါခဲ့သည့်အထဲမှပင် ဆေးလိပ် ၀ယ်သောက်ပါသည်။ ဦးစောကလည်း ပိုက်ဆံမပေးပါ။ အခြားလူများအား ပေးသည်ကိုလည်း မမြင်၊ မတွေ့မိပါ။ လူအများအတွက် ချက်ရသဖြင့် တခါတရံ ဟင်းမကောင်းပါ။ ထိုအခါမျိုးတွင် အခြား ၄၊ ၅ယောက်နှင့်အတူ မြို့ထဲသွားပြီး ကိုယ့်ပိုက်ဆံနှင့် ကိုယ် ထမင်းဝယ်စားကြပါသည်။ တစ်ယောက်တည်း ၂ယောက်တည်းလည်း မသွားပါ။ သံသယအဖြစ် မခံနိုင်ပါ။ သူအယုံကြည်ဆုံး လူအချို့နှင့် အတူသွား၍ အတူပြန်ကြပါသည်။ ကျပ်တည်းလာသော ရက်ပိုင်းများတွင်မူ လုံးလုံး မထွက်နိုင်ကြတော့ပါ။ ဘရင်းဂန်းများမရောက်မီက ကျွန်တော့်မိန်းမမှာ ကိုယ်လေးလက်ဝန်ကြီးနှင့်ဖြစ်သဖြင့် အိမ်ပြန်လိုကြောင်း ကိုသက်နှင်းကို ပြောပြရာ၊ ကိုသက်နှင်းက ဦးစောကို သူပြောပေးမည်ဟု ပြောပါသည်။ သို့သော်လည်း ဘရင်းဂန်းများ သွားပို့မှပင်ရောက်ခဲ့ရပါသည်။
ယခုလည်း ကိုသက်နှင်းအား ခေတ္တပြန်လိုကြောင်း သုံးလေးကြိမ်မျှ ကျွန်တော်ပြောပြရာ၊ ကိုသက်နှင်းက အရိပ်အခြည်ကြည့်ပြီး သူပြောပေးပါမည်ဟု ပြောပါသည်။ သို့ရာတွင် သူကိုယ်တိုင်လည်း ပြောရဲဟန်မတူလှပါ။ ကျွန်တော်လည်း တိုက်ရိုက်မပြောဝံ့ပါ။ ဦးစောကလည်း ကျွန်တော်တို့ ရောက်ခါစနှင့် မတူတော့ပါ။ မျက်နှာ တော်တော်တင်း၍ စိတ်အတော် ခက်ထန်နေပါသည်။ ဦးစောအိမ်သို့ရောက်သည့်အထဲတွင် ကျွန်တော်တို့မှာ နောက်အကျဆုံးလောက် ဖြစ်ပါသည်။ ဦးစောကလည်း လူကြီးများကဲ့သို့ပင် ဆက်ဆံပါသည်။ သို့ရာတွင် တစ်ခါမှ ကျွန်တော်တို့နှင့်အတူရော၍ ထမင်းမစားဘူးပါ။ ကျွန်တော်တို့ရောက်ခါစက တွေ့ရသည်မှာ အိမ်ဘေးကန်ဘက် မျက်နှာပြုသောနေရာကလေးတွင် လသာသာအောက်၌ သူတစ်ယောက်တည်း ထမင်းစားလေ့ ရှိပါသည်။ ဒေါ်သန်းခင်နှင့် ဘေဘီစောတို့ပင် အတူစားသည်ကို မတွေ့ဘူးပါ။ ဟင်းတစ်ပွဲပြီးတစ်ပွဲ လာချသည်ကို စားလိုက်၊ ကန်ဘက်ကြည့်ပြီး စဉ်းစားလိုက်နှင့် တစ်ယောက်တည်း ဇိမ်ရှိရှိ စားလေ့ အကြံထုတ်လေ့ ရှိပါသည်။ သူ့ထမင်းပွဲနားသို့ အိမ်သားများ မည်သူမျှ မလာကြပါ။ ကျွန်တော်နှင့် ကိုသက်နှင်းမှာ ရောက်ခါစဖြစ်သောကြောင့် သူစားနေသော မြန်မာထမင်းဝိုင်းနှင့်မလှမ်းမကမ်း နေရာရှိ စားပွဲကလေးတွင် လက်ဖက်ရည်ကြမ်းသောက်နေမိကြပါသည်။ သူကြိုက်သည် မကြိုက်သည်လည်း မသိပါ။ ဘယ်ဟာကို ဦးစောကြိုက်၍ ဘယ်ဟာကို မကြိုက်သည် အိမ်မှာ ဘာစည်းကမ်းတွေ ရှိသည်ကိုလည်း ကျွန်တော်တို့ မသိကြပါ။ အရက်ကလေးကို ဇိမ်ခံသောက်ပြီးနောက် ဦးစောသည် ထမင်းစားနေရာမှနေ၍ တခါတရံ တခွန်းစ နှစ်ခွန်းစ ကျွန်တော်တို့ဆီကို စကားလှမ်းပြောပါသည်။ သူပြောမှပင် ကျွန်တော်တို့လည်း ပြန်ပြောကြပါသည်။ သူကလည်း တစ်ခွန်းတလေပြောပြီး နောက်မှီ ကလေးကို မှီလိုက်၊ လက်သုတ်ပ၀ါနှင့် လက်များကို ပွတ်လိုက်၊ စားလိုက်နှင့် စိတ်ကူးထုတ်နေဟန် တူပါသည်။ လမသာလျှင်လည်း အိမ်တွင်းမှ မီးရောင်ကလေးက လသာရောင်မျှလောက် ထိုးပေးလျှက်ရှိပါသည်။ ရေဒီယိုတီးဝိုင်းကလည်း အိမ်ခန်းထဲမှနေ၍ ငြိမ့်ငြိမ့်ညောင်းညောင်း ဖြည်းဖြည်းသာသာဖြင့် လျှံထွက်လျှက်ရှိပါသည်။ ထမင်းစားပြီးသောအခါ ခဏတစ်ဖြုတ် ကျွန်တော်တို့ကို ရယ်စရာမောစရာ လှမ်းပြောတတ်ပါသေးသည်။ တစ်ခါထမင်းစားလျှင် အနည်းဆုံး တစ်နာရီခန့်ကြာပါသည်။ များသောအားဖြင့် ကျွန်တော်တို့မှာ သူထမင်းစားပြီးသည်အထိ ထိုစားပွဲကလေးတွင် မရှိကြပါ။ သူတစ်ယောက်တည်းသာ သူ့နေရာနှင့်သူ အချိန်ယူပြီး အကြံဥာဏ်ထုတ်နေလေ့ ရှိပါသည်။ ၀ါဆိုလ မိုးရာသီရောက်လာသောအခါတွင်မူ တိုက်တွင်းအလယ်ခန်းရှိ ထမင်းစားပွဲတွင် သူတစ်ယောက်တည်းပင် စားလေ့ရှိပါသည်။ မည်သူမှသူနှင့် အတူစားသည်ကို မတွေ့ဘူးပါ။ တစ်အိမ်လုံးက သူ့ကို အလွန်ကြောက်ကြရဟန် တူပါသည်။
ရောက်ခါစတွင် ဒေါ်သန်းခင်ရော ဘေဘီစောပါ အိမ်တွင် ရှိကြသည်ကို တွေ့ရပါသည်။ များမကြာမီ ဘေဘီစောကလေးသည် ကျောင်းအိပ် ကျောင်းစား သွားနေပါသည်။ များမကြာမီ ဒေါ်သန်းခင်ကိုလည်း မတွေ့တော့ပါ။ ရက်အနည်းငယ်ကြာမှ အင်းစိန်သို့သွား၍ ဥပုသ် သီတင်းစောင့်နေကြောင်း သိရပါသည်။ ဦးစောနေသောအိမ်တွင် ဦးစော၊ ကိုဘညွန့်နှင့် ဆံပင်ဆံတိုနှင့် အခိုင်းအစေ မိန်းကလေးတစ်ယောက်သာ အိပ်ကြပါသည်။ အခြားသူများမှာ ၀င်းကြီးအတွင်းရှိ အခြားအိမ်များတွင် အိပ်ကြပါသည်။ ဤအချိန်ပိုင်းတွင် အချို့ကို နေရာခွဲ၍ အိပ်စေသည်။ အချို့ကိုလည်း နေ့တာဝန်၊ ညဥ့်တာဝန် ချထားဟန်တူပါသည်။ ဦးစောမှာလည်း ခါတိုင်းနှင့်မတူ အားလုံးအပေါ်တွင် တင်းကျပ် လာပါသည်။ မျက်နှာသာ မပေးတော့ပါ။ ဇိမ်ရှိရှိ အေးအေးချမ်းချမ်း စိတ်ကူးထုတ်ရင်း ထမင်းစားလေ့ရှိသော သူ့ထံမှ ဒေါပွပြီး ဆူညံသံ တခါတရံ ကြားရပါသည်။ ကျွန်တော်တို့နှင့် ပြေပြေပြစ်ပြစ် စကားစမြည်ပြောနေသော အချိန်အခါဟူ၍ မရှိတော့ပါ။ စောစောပိုင်းကဆိုလျှင် ၀င်းကြီးထဲ၌ တော်မီသေနတ်လေ့ကျင့်သူက လေ့ကျင့်လေ့ရှိကြပါသည်။ ဦးစောကိုယ်တိုင်လည်း တော်မီ၊ သို့မဟုတ် စတင်းကို ထုတ်လာကာ ကန်ဘေးတွင် တန်းစိုက်ထားသော သရက်ပင်များအရင်းတွင် ထားရှိသည့် သံပုံးပေါက် စသည် တို့ကို လက်တည့်စမ်းလေ့ရှိပါသည်။ ကျည်ဆံတွေကလည်းပေါ၊ ခြံကြီးကလည်းကြီးသဖြင့် ခြံကြီးအတွင်း ဘာလုပ်နေသည်ကို အပြင်လူများ သိကြဟန်မတူပါ။ အကြောင်းသိ၍ တစုံတယောက်က ပြည်လမ်းမပေါ်မှ စောင့်ကြည့်မည်ဆိုလျှင်မူ သေသေချာချာ သိနိုင်မြင်နိုင်ပါမည်။ သေနတ်ပစ်သည်မှာလည်း ပြည်လမ်းဘက်သို့ ဦးတည်၍ သစ်ပင်ခြေရင်းကို ချိန်ပြီးပစ်သဖြင့် ကျည်ဆံမှာ အပေါ်သို့ ထောင်မတက်ပါ။ သရက်ပင်နှင့် လွဲသွားစေကာမူ ရေကန်ထဲသို့သာ ရောက်ပါသည်။
ယခုမူ ဤလေ့ကျင့်ခြင်းမျိုးလည်း ရပ်ဆိုင်းနေကြပါသည်။ ဦးစောလည်း ကားနှင့် အပြင်ထွက်လိုက်၊ ပြန်လာလိုက်နှင့် အလွန်အလုပ်ရှုပ်နေပါသည်။ နေ့ရောညဥ့်ပါ အလုပ်များနေပါသည်။ အမှုထဲပါကြသော မေဂျာ ဗီဗီယန်းနှင့် ကက်ပတိန်ဘီဗင်တို့လည်း အိမ်ကို အ၀င်အထွက် များကြသော လူမျိုးခြားများထဲတွင် အပါအ၀င်ဖြစ်ကြပါသည်။ ကက်ပတိန်ဘီဗင်မှာ ဘရင်းဂန်း ထုတ်သည့် နေရာတွင်ပင် အလုပ်လုပ်သူဖြစ်၍ ဘရင်းဂန်းထုတ်စဉ်က လက်မှတ်တု လုပ်ပေးသူဟု သိရပါသည်။ စောဘဦးကြီးနှင့်အတူ သေပြီဟု သတင်းစာထဲတွင်ပါဘူးပြီး မကြာမီက ရှိသေးသလိုလို သတင်းစာတစ်စောင်တွင်တွေ့လိုက်ရသော ကက်ပတိန် ဘီဗင် ပင်ဖြစ်ပါသည်။
အိမ်ပြန်လိုသောသူများမှာ တော်တော်များနေကြပါလိမ့်မည်။ ကိုသက်နှင်းကလည်း ကျွန်တော့်အတွက် ပြောမပေးသဖြင့် ကျွန်တော် ခေတ္တ ပြန်လိုကြောင်း အရဲစွန့်၍ ပြောဘို့ ကြံမိပါသည်။ သို့ရာတွင် တစ်နေ့သော ညနေ၌ ဦးစောသည် အိမ်ဝင်းထဲတွင် စိတ်ကူးထုတ်ရင်း ခပ်ဖြည်းဖြည်း လမ်းလျှောက်နေပါသည်။ ကျွန်တော်တို့သုံးယောက်မှာလည်း ဦးစောနှင့်သိပ်မဝေးပါ။ အုတ်ဖိုနယ်ဖက်မှ ကိုရှိန်ကလေးဆိုသူသည် (ပို၍အသက်ကြီးသော ကိုရှိန်ကိုမူ ကိုရှိန်ကြီးဟုခေါ်သည်။) ဦးစောအနီးသို့ ရို့ရို့ကလေးသွားကာ “ကျွန်တော့်ကို ပြန်ဖို့ ခွင့်ခဏပေးပါ၊ ၂ရက်အတွင်း ကျွန်တော်ပြန်လာပါမယ်”ဟု ပြောရာ၊ ဦးစောက “လူတွေ ဒီလောက်အလုပ်ရှုပ်နေရသည့်အထဲ ခင်ဗျားက အိမ်ပြန်ချင်သလား၊ ပြန် ပြန် ဘယ်တော့မှ ပြန်မလာခဲ့နဲ့” စသည်ဖြင့် ငေါက်ငန်းမန်မဲလိုက်ပါသည်။ ဤသို့ပြောနေသည်ကို ကျွန်တော်တို့ ကြားလည်းကြားနေရပါသည်။ မြင်လည်းမြင်နေကြရပါသည်။ ထို့ကြောင့်ကျွန်တော်လည်း လက်လျော့ လိုက်ပါသည်။
လူ၃၀ကျော် ရှိကြသည့်အနက် ဦးစောက ဘယ်သူတွေသည် အရင်းဆုံး၊ စိတ်အချရဆုံး၊ ဘယ်သူတွေကို အစစတိုင်ပင်နိုင်သည်။ ဘယ်သူတွေကိုမူ မတိုင်ပင်နိုင်၊ ဘယ်သူတွေကို ဘယ်လိုနေရာမှာ အသုံးချရမည် စသည်တို့ကို ဝေဘန်တိက ပြုထားပြီးဟန်ရှိပါသည်။ ဤလူစုထဲတွင် ကိုစိုးမှာ အရင်းကျဆုံး လူတစ်ယောက်ဖြစ်ပါသည်။ သူဤအိမ်သို့ ရောက်နေသည်မှာလည်း အကြာဆုံးသူတစ်ယောက် ဖြစ်သည့်အပြင် ဂဠုန်အစစ်ဆုံးလည်း ဖြစ်ပါသည်။ ကိုစိုးမှာ မင်းလှမြို့နယ်ကဖြစ်၍ စားနိုင်သောက်နိုင် ချောင်ချောင်လည်လည် ဖြစ်ပါသည်။ အသက်၄၀ကျော်လောက်ရှိပါပြီ။ ကိုဘညွန့်မှာ အိုးသည်ကုန်းမြို့ တရားရုံးတစ်ရုံးတွင် ရှေ့ဖတ်စာရေးလုပ်ဖူး၍ အကြံဥာဏ်ကောင်းသူတစ်ဦး ဖြစ်ပါသည်။ ဦးစောက သူ့အိမ်တွင် အတူနေစေ၍ အတော်လည်း ယုံကြည်ပါသည်။ အသက် ၃၀ အောက်မှာပင် ရှိပါလိမ့်မည်။ ကိုသက်နှင်းမှာလည်း ကျိုက်လတ်မြို့က ဂဠုန်လက်ဟောင်း ဖြစ်ပါသည်။ ဦးစောကို အလွန်လေးစား၍ ဦးစောကလည်း အလွန်ယုံကြည် ပါသည်။ ထိုအခါက အသက် ၄၀ ကျော်လောက် ရှိပါပြီ။ မှုံကြီးမှာ အုတ်ဖိုအနီးအနားတ၀ိုက် တောရွာကလေး တစ်ရွာက ဖြစ်ပါသည်။ ပညာလည်း မတတ်ရှာပါ။ ရိုးရိုးအလုပ်ကြမ်းသမား တစ်ယောက်သာဖြစ်ပါသည်။ ဦးစောက သူခိုင်းသမျှရမည် ဆိုသောသဘောနှင့် ခေါ်ထားဟန်ရှိပါသည်။ အိမ်တွင်လည်း အခိုင်းအစေ သဘောမျိုး ဆန်ဆန်ပင် နေရရှာပါသည်။ အမှုဖြစ်စဉ်က အသက် ၃၀ နီးပါးလောက် ရှိပါလိမ့်ဦးမည်။
ရန်ကြီးအောင်မှာ ဦးစော၏တူ တော်ပါသည်။ ဦးစော၏ ညီအစ်ကို တ၀မ်းကွဲက မွေးသူဖြစ်ပါသည်။ ဘားလမ်း အချုပ်ခန်းထဲတွင် ရန်ကြီးအောင်၊ ရန်ကြီးနိုင်တို့ နှစ်ယောက်နှင့် ကျွန်တော် ရက်ပေါင်း ၅၀ လုံးလုံး အတူနေရရာ ထိုအခါမှပင် သူတို့နှင့်စကားပြောဘူးပြီး သူတို့ဘ၀ဖြစ်အင် များကိုလည်းသိရပါသည်။ ရန်ကြီးအောင်မှာ အဘမ်းခံရစဉ်က ၁၆နှစ်သာ ရှိပါသေးသည်။ ရန်ကြီးနိုင်ဆိုသော ကလေးမှာလည်း မတိမ်းမယိမ်းပင်ဖြစ်ပါသည်။ အလွန်ပင် ငယ်ကြပါသေးသည်။ ရန်ကြီးအောင်သည် သတ်ရဲဖြတ်ရဲ၊ ပစ်ရဲခတ်ရဲ မိုက်သွေးရှိသော လူငယ်ကလေးတစ်ယောက် ဖြစ်ပါသည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကို လူကိုယ်တိုင် တစ်ခါမှမမြင်ဘူးပါ။ အတွင်းဝန်ရုံးကို မည်သို့ဝင် မည်သို့ထွက် ရသည်ကို သိဖို့ဝေး၍ အတွင်းဝင်ရုံးဆိုသည်မှာ ဘာဆိုသည်ကိုပင် သူမသိရှာပါ။ အခြားသူများနှင့် လိုက်သွားပြီး၊ အခြားသူများ ပစ်ခတ်သော လူစုထဲသို့ ခိုင်းစေညွှန်ကြားသည့်အတိုင်း ၀င်ရောက်ပစ်ခတ်သူဖြစ်ပါသည်။ နိုင်ငံရေးလည်း ဘာမှနားမလည်ပါ။ ဘားလမ်းအချုပ်ခန်းအတွင်း၌ အတူနေရစဉ် လုပ်ကြံမှုကြီးထဲသို့ သူပါလာရပုံကို ရန်ကြီးအောင်က ပြောပြ၍ ဤအတိုင်း ကျွန်တော်သိခဲ့ရပါသည်။
စိန်ကြီးသည် ကြို့ပင်ကောက်ဇာတိဖြစ်ပါသည်။ ဂျပန်တော်လှန်ရေးတွင် ထိုနယ်၌ တာဝန်ထမ်းဆောင်ရသော တပ်မတော်သားကလေးတစ်ယောက် ဖြစ်ပါသည်။ သာယာဝတီပေါင်းတည်နယ် တ၀ိုက်မှ တပ်မတော်ထဲတွင် ကြီးပွားနေကြသူ အတော်များများသည် သူနှင့်မိတ်ဆွေများဖြစ်၍ တော်တော်ပင်ခင်မင်ကြကြောင်း သိရှိရ ပါသည်။ စိန်ကြီးနှင့် ရန်ကုန်ထောင်ကြီး ကြိုးတိုက်အတွင်း ရက်ပေါင်းများစွာ အတူနေခဲ့ရသဖြင့် သူပြောပြချက်အရ ကျွန်တော်သိရှိရသည်မှာ အလွန်ဆန်းကြယ်လှပါသည်။ စိန်ကြီး၏မိဘများမှာ ပစ္စည်းဥစ္စာ အတော်အသင့် ချမ်းသာကြပါသည်။ နိုင်ငံရေးအားဖြင့် မျိုးချစ်ပါတီကို ထောက်ခံပြီး ဦးစောကို ပုဂ္ဂိုလ်အရ အလွန်လေးစား ကြည်ညိုသူများဖြစ်ကြပါသည်။ သူ့အစ်ကိုနှစ်ယောက်ကမူ ရိုးရိုးကုန်သည်များဖြစ်ကြပါသည်။ တော်လှန်ရေးပြီးသည့်နောက် စိန်ကြီးသည် ကြို့ပင်ကောက် ပြည်သူ့ရဲဘော်အဖွဲ့ ဖွဲ့စည်းရာတွင် အရေးကြီးသော ရဲဘော်တစ်ယောက် အဖြစ်ဖြင့် ပါဝင်ခဲ့ရသည်။ ထို့နောက်စစ်ခေါင်းဆောင်ဖြစ်ပြီး များစွာ တက်တက်ကြွကြွ ဆောင်ရွက်သူဖြစ်သည်။ သူ၏မိဘများမှာ ဦးစောဘက်သာ အားသန်သူများဖြစ်၍ စိန်ကြီး ဤသို့လုပ်ကိုင်နေသည်ကို နည်းနည်းမှ သဘောမကျကြပါ။ ဦးစောကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီဖြစ်ရာ ၄င်းတို့သားတစ်ယောက်သည် ဦးစောကို ဆန့်ကျင်သော ပြည်သူ့ရဲဘော်အဖွဲ့တွင် မားမားကြီးဆောင်ရွက်နေသည့်အတွက် ၄င်းတို့စိတ်ထဲတွင် မသက်သာကြဟု ဆိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် ပြည်လမ်းဘက်သို့ စည်းရုံးရေးထွက်ကြသည်။ ဦးစောကလည်း သူ့လူစုနှင့်သူ ထွက်ပြန်သည်။ ကြို့ပင်ကောက်သို့ ရောက်သောအခါ စိန်ကြီး၏ မိဘများနှင့် တွေ့၍ စိန်ကြီးအကြောင်းကို စကားစပ်မိကြသည်။ ထိုအချိန်က ဦးစောမှာ လူငယ်လူရွယ်၊ လူတော်လူကောင်း အလွန်လိုနေသော အချိန်ဖြစ်သဖြင့် လူထုထောက်ခံမှုရှိ၍ ခေါင်းဆောင်မှု အတော်အသင့်ရနေသော စိန်ကြီးအကြောင်းကို ကြားရသောအခါ ငန်းငန်းတက် လိုချင်လေတော့သည်။
စိန်ကြီး၏မိဘများက ၄င်းတို့သားအား ပြည်သူ့ရဲဘော်တပ်ဖွဲ့မှထွက်၍ ဦးစောနောက်သို့လိုက်ရန်ပြောရာ စိန်ကြီးက ခါးခါးသီးသီးငြင်းသည်။ နိုင်ငံရေးအယူအဆချင်း မတူသူတစ်ဦးနှင့်ပေါင်း၍ မလုပ်နိုင်ကြောင်း တင်ပြသည်။ ဦးစော၏ ၀ါဒကို မကြိုက်ကြောင်းလည်း အတိအလင်းပြောပြသည်။ မိဘများကမူ စိတ်မလျှော့ကြ၊ ၄င်းတို့သားအား အတင်းရော အဓမ္မပါ ဦးစောနှင့်ထည့်တော့သည်။ သားဖြစ်သူက မိမိမှာ ပြည်သူ့ရဲဘော် ခေါင်းဆောင်တစ်ဦးဖြစ်၍ ဤသို့မလိုက်နိုင်ကြောင်း ငြင်းဆန်သော်လည်း ဦးစောနှင့်တွေ့ဆုံပေးကြသည်။ ဦးစောသည် လူချင်းတွေ့စ ကျအောင်လုပ်နိုင်သော ၀ိဇ္ဇာတစ်ယောက်ဟုဆိုလျှင် လွန်မည်မထင်ပါ။ ကိုသက်နှင်းခေါ်သွား၍ စိန်ကြီးထက် အသက်ကြီးသဖြင့် အတွေ့အကြုံ အတော်အတန်ရှိသော ကျွန်တော်ပင်လျှင် ဦးစော၏ အဆွဲဓါတ်ကို မခံနိုင်ဘဲ ရှိခဲ့ပါသည်။ သတ္တိကောင်း၍ တက်ကြွသော လူငယ်ကလေးပင်ဖြစ်သော်လည်း ဦးစောကမူ မရအရဆွဲမည်မှာ သေချာပါသည်။ ဆွဲလည်းဆွဲခဲ့ပါသည်။
စိန်ကြီးသည် မိဘကို အားနာ၍၄င်း၊ ဦးစောကို အားနာ၍၄င်း ကြို့ပင်ကောက်တရားပွဲတွင် ဦးစောအနား၌ နေရပါသည်။ ဦးစောကလည်းသူနှင့် ဝေးဝေးမခွာစေဘဲ နေရာပေးသည်။ ကားနှင့်သွားလည်း သူ့ဘေးမှာပင် ထိုင်ခိုင်းသည်။ စိန်ကြီးကမူ အနည်းငယ်မျှ စိတ်မချမ်းသာ။ ပြည်သူ့ရဲဘော်အချင်းချင်းလည်း ရှက်၍နေသည်။ မျက်နှာပင်မပြချင်။ ထို့ကြောင့် ဦးစော ပြည်ဘက်သို့ ဆက်၍မတက်မီတစ်ချိန်တွင် စိန်ကြီးသည်လစ်ပြီး ရှောင်ပြေးသည်။ ဦးစောသည် ခရီးဆက်မထွက်ဘဲ စောင့်နေသည်။ မိဘများက လိုက်၍ရှာကာ ဦးစောနှင့်အတူ လိုက်စေပြန်ပါသည်။ ဦးစောကလည်းကားပေါ်တွင် သူ့ဘေးကပင် ထိုင်လိုက်စေပါသည်။ လမ်းတနေရာတွင် စိန်ကြီးထပ်၍ လစ်ပြန်သည်။ ဦးစောက လိုက်ရှာပြီး ထပ်ခေါ်ပြန်ပါသည်။ နောက်တနေရာတွင်မူ စိန်ကြီးသည် ကြို့ပင်ကောက် အရောက်ပြန်ခဲ့သည်။ ဦးစောလည်း လိုက်မရှာနိုင်။ မစောင့်နိုင်ဘဲ ပြည်ဘက်သို့ဆက်၍ တက်သွားတော့သည်။
အသွားတွင်သာ အစောင့်အရှောက်လို၍ ခေါ်ခြင်းဖြစ်သည်။ အပြန်တွင် ခေါ်တော့မည်မဟုတ်ဟု စိန်ကြီးက ယူဆကာ ခပ်ပေါ့ပေါ့ပင် အိမ်၌နေလိုက်သည်။ ကျားကုတ်ကျားခဲနိုင်သော ဦးစောသည် အပြန်ခရီးတွင် စိန်ကြီး၏မိဘများထံ ၀င်ရောက် နှုတ်ဆက်ပြီး စိန်ကြီး ပြန်ရောက်မရောက် မေးသည်။ ထိုအခါ စိန်ကြီးနှင့် ပက်ပင်းပါတွေ့နေရာ ခက်ပြန်တော့သည်။ မိဘများက ၄င်းတို့သားကို ပြည်သူ့ရဲဘော်တပ်ဖွဲ့ထဲတွင် မမြင်လို၍ ဦးစောနှင့် ရန်ကုန်လိုက်သွားရန် အတင်းတွန်းထိုးထည့်ကြသည်။ ဦးစောကလည်း ဇွတ်တရွတ်ခေါ်ပြန်သည်။ စိန်ကြီးသည် မိဘများ စိတ်မကောင်းဖြစ်မည် စိုးသည်။ ဦးစောကိုလည်း အားနာသည်။ ထို့ကြောင့် ဦးစောဘေးက ထိုင်ကာ ရန်ကုန်သို့လိုက်ခဲ့သည်။ ထို့ပြင် စိန်ကြီးမှာ အခြားစိတ်ကူးလည်း ပေါ်လာသည်။ အင်းယားစောင်း ဦးစောအိမ်သို့ရောက်လျှင် ဦးစောသည် စိန်ကြီးအား အခြား သူများထက် မျက်နှာသာ ပိုပေးသည်။ ဂျစ်ကား ကောင်းကောင်းနှစ်စီးရှိရာ စိန်ကြီးသည် ဂျစ်ကားတစ်စီးကို ဘယ်အခါမဆို ထုတ်မောင်း သွားလာနိုင်သည်။ မကြာမကြာလည်း ကားမောင်းပြီး ထွက်သွားလေ့ရှိသည်။
စိန်ကြီးသည် လူရည်သန့်သည်။ စကားမှန်မှန်ပြောသည်။ ဆက်ဆံရေးကောင်းသည်။ သပ်ရပ်ကောင်းမွန်စွာ ၀တ်စားလေ့ရှိသည်။ ဦးစောကိုလည်း ခပ်မှန်မှန် ခပ်တည်တည်ပင် ပြောဆိုဆက်ဆံပေါင်းသင်းပါသည်။ မျက်နှာလို မျက်နှာရ အပိုအလို ပြောဆို ဆက်ဆံခြင်းမရှိ။ ထို့ကြောင့် ဦးစောကလည်း သူ့ကို အထင်မသေးနိုင်။ ဂျပန်ခေတ်က ကြို့ပင်ကောက်နယ်သို့ ရန်ကုန်မှ စစ်ပြေးပြေးကာ လာရောက်နေသူများအနက် ကျောင်းသူရွယ် မိန်းကလေး တစ်ဦးသည် ဖက်ဆစ်တော်လှန်ရေးအချိန်တွင် တော်လှန်ရေး၌ ပါလာသည်။ သူနာပြုလုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသည်။ ထိုမိန်းကလေးနှင့် စိန်ကြီးသည် လူငယ်တို့ဘာဝ သမီးရည်းစားဖြစ်ကြသည်။ သို့ရာတွင် စိန်ကြီး၏မိဘများက ၄င်းတို့သားကို ထိုမိန်းကလေးနှင့် သဘောမတူ။ မိန်းကလေး၏ မိဘများကလည်း သူတို့သမီးကို စိန်ကြီးနှင့် သဘောမတူ။ စစ်ပြီးသောအခါ မိန်းကလေးနှင့်မိဘများသည် ကြည့်မြင်တိုင်၊ စမ်းချောင်းသို့ ပြန်၍ပြောင်းလာရာ ပျိုရွယ်သူနှစ်ဦးမှာ ချစ်ပင်ပျိုးစ၌ပင် ခွဲခွာလိုက်ကြရသည်။ မလွှဲသာ၍ ဦးစောနှင့်ရန်ကုန်လိုက်ခဲ့ရသော စိန်ကြီးသည် သူ၏ချစ်ရည်းစားကို တွေ့အောင်ရှာရန် အခွင့်ကောင်း ရတော့သည်။ ထို့ကြောင့်ပင် ဂျစ်ကားတစ်စီးယူကာ စိန်ကြီး ထွက်ထွက်သွားခြင်း ဖြစ်သည်။ တခါတရံ သူ့သူငယ်ချင်း မိတ်ဆွေ များရှိရာ ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့လည်း အလည်အပတ်သွားလေ့ရှိသည်။ ဤအကြောင်းကို ဦးစောမသိပေ။
သူ၏ရည်းစားသည်သည် ကျောင်းပြန်၍နေသည်။ ဂါဝန်ကလေးနှင့် ကွန်ဗင့်ကျောင်း တစ်ကျောင်းသို့ တက်သည်။ စိန်ကြီးက ရှာ၍တွေ့သောအခါ ၀မ်းသာကြသည်။ တခါတရံကျောင်းပြေးပြီး စိန်ကြီးနှင့်အတူ အင်းယားဘက်သို့သွားကာ အချိန်ကုန်သည်အထိ စကားပြောနေတတ်ကြသည်။ စိန်ကြီးကမူ မိန်းကလေးကို ညှာတာသည်။ သစ္စာမဖေါက်။ အတူမနေနိုင်သေးသည့် အခြေနေကိုလည်း ပြောပြထားသည်။ ကြို့ပင်ကောက်သို့ စိန်ကြီးမပြန်နိုင်သော အကြောင်းတစ်ကြောင်းမှာ ဤအကြောင်းလည်း တစ်ခုအပါအ၀င် ဖြစ်လေသည်။ ထို့ပြင် သဘောလည်းကောင်း၊ ငယ်ရွယ်သူကိုလည်းချစ်ခင်တတ်သော စိန်ကြီးအား ကလေးငယ်အရွယ် ၁၃နှစ်သမီးခန့်သာ ရှိသေးသော ဘေဘီစောကလေးကလည်း အလွန်ခင်သည်။ “အစ်ကို-အစ်ကို”နှင့် ခေါ်၍နေလေ့ရှိသည်။ စိန်ကြီးကလည်း ဘေဘီစောအား နှစ်မငယ်ကလေး အရင်းသဖွယ် ယူဆသည်။
ဤကလေးကို ခင်မင်မှုသည်လည်း ဦးစော၏၀ါဒ အစစကို မကြိုက်သော စိန်ကြီးအဘို့ ဦးစောထံမှ ထွက်မသွားနိုင်သော အကြောင်းတစ်ရပ်ဖြစ်သည်။
***
၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှုနှင့်ပတ်သက်၍ (၅) သို့
0 comments:
Post a Comment