Friday, October 3, 2008

ကျွန်မနှင့် ပထမဆုံးများ



မောင်လေး မင်းမင်းက အားရင် တက်ဂ်ရေးပေးဆိုလို့ အိုကေလို့ ပြောလိုက်တာ မရေးရင် စလုံးရောက်မှ သိမယ်လို့တောင် ကြိမ်းလိုက်သေးတယ်။ သူများဘလော့ဂ်တွေမှာ ရေးထားတာကြည့်ပြီး နဂိုထဲက ရေးချင်နေတာနဲ့ အတော်ပဲ။ ပထမဆုံးတွေကို သိပ်အမှတ်မိကြီး မဟုတ်တော့ သတိရသလောက် ချရေးမိတယ်။ နောက်ထပ် သတိရတာတွေ ရှိသေးရင်လည်း ထပ်ရေးသေးတာပေါ့။

ကျွန်မ ပထမဆုံး ရောက်ဖူးတဲ့ဆေးရုံက ယောက်ခ်လမ်း (ယခု အလံပြဘုရားလမ်း)ရှိ အာဇာနည်သားဖွားခန်းပါ။ အဲဒီဆေးရုံမှာ ကျွန်မကို မွေးခဲ့တာလေ။ ထိုဆေးရုံ မရှိတော့တာ ကြာပြီဆိုတော့ နာမည်သာသိပြီး ဆေးရုံကို ကျွန်မ မမြင်ဖူးပါဘူး။ ဒါပေမဲ့ တကယ့် ရန်ကုန်မြို့လယ်ခေါင် ပုဂ္ဂလိကဆေးရုံမှာ မွေးခဲ့တာလို့ ကျွန်မတို့ မောင်နှမကြားမှာ ကျွန်မက အမြဲ စကားနိုင်လုလေ့ရှိတယ်။;)) ဘာလို့ဆို ကျွန်မအကိုနဲ့ ညီမကို ရန်ကုန်အိမ်နားက ဆေးရုံနဲ့ ရန်ကုန်အိမ်မှာ မွေးခဲ့ပြီး ကျွန်မမောင်လေးကိုတော့ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ဆေးရုံမှာ မွေးခဲ့လို့ပါ။
:P

ကျွန်မ ပထမဆုံး တက်ရတဲ့ ကျောင်းကတော့ ကယားပြည်နယ်၊ လောဓလေးကျေးရွာမှာရှိတဲ့ လောပိတ အခြေခံပညာ အလယ်တန်းကျောင်းပါ။ သူငယ်တန်းကနေ ပဉ္စမတန်းထိ တက်ခဲ့တယ်။ မူကြိုကျောင်းကိုတော့ ရန်ကုန်မှာရော၊ အဖေ တာဝန်ကျရာ ဟိုး အညာဒေသ မင်းဘူး၊ မင်းလှဘက်မှာရော တက်ဖူးတယ်ဆိုတာလောက်ပဲ မှတ်မိပါတယ်။

ကျွန်မ မှတ်မိတဲ့ ပထမဆုံး အတန်းပိုင်ဆရာမက အသားဖြူဖြူ၊ အရပ်ပုပုနဲ့ အရမ်းချစ်စရာကောင်းတဲ့ ဆရာမ ဒေါ်ဖြူဖြူဦးပါ။ ဆရာမက ကျွန်မတို့ရဲ့ ပထမတန်း၊ ဒုတိယတန်း အတန်းပိုင်ဖြစ်ခဲ့ပါတယ်။ ဆရာမအကြောင်းကို ဖြစ်ချင်တာတွေများတဲ့ ကျွန်မမှာ အနည်းငယ်ရေးခဲ့ဖူးတယ်။ နောက်ထပ်လည်း ဆရာမအကြောင်းတွေ ရေးချင်ပါသေးတယ်။

ပထမဆုံး ဆုတက်ယူရတာကတော့ ပထမတန်းမှာ ရရှိတဲ့ ဒုတိယဆု။ အဲဒီနေ့မှာ အမှတ်ရစရာတခု ရှိခဲ့တယ်။ ကျွန်မ ဆုယူဖို့ စင်ပေါ်တက်ပြီး ဆရာတွေကို ဦးညွတ်ကာ ဆုလက်ခံဖို့ လျှောက်သွားချိန်မှာ ကျွန်မ အနောက်ဘက် စင်အောက်က ကျောင်းသားမိဘတွေရဲ့ ရယ်မောသံတိုးတိုးလေးတွေ ကြားလိုက်ရတယ်။ ဖြစ်ပုံက စင်ပေါ်တက်ရတဲ့ လှေကားက ဘယ်ဘက်မှာ ရှိပြီး ကျောင်းအုပ်ကြီးနဲ့ ဒုကျောင်းအုပ်တို့က စင်ပေါ် ညာဘက်ခေါင်းရင်းမှာ ထိုင်နေကြတာဆိုတော့ တကယ်ဆို ကျွန်မက ဆရာတွေရှိတဲ့ ညာဘက်ကို ကိုယ်အနည်းငယ်စောင်း၊ မျက်နှာအနည်းငယ်လှည့်ပြီး အလေးပြုရမှာ ဖြစ်ပါတယ်။ အဲဒါကို ကျွန်မက မျက်နှာမူရာ ဘယ်ဘက် ခေါင်းရင်းဘက်ကိုပဲ အလေးပြုလိုက်တာပါ။ လူတွေ ဘာကြောင့် ရယ်ကြတာလဲဆိုပြီး ကျွန်မအဖေကို မကျေမနပ်နဲ့ ပြန်ဖြေရှင်းခဲ့သေးတယ်။ "အဖေကလည်း ဘုရားရှိခိုးတဲ့အခါ ဘုရားစင်ရှိတဲ့ အရပ်ဖြစ်ရင် ဦးချလို့ရတာပဲ မဟုတ်လား။ ဘုရားစင်ရှေ့မှာမှ ဘုရားရှိခိုးလို့ရတာ မဟုတ်ဘဲ။ ခုလည်း ဒီလိုပဲပေါ့။ ဆရာတွေရှိတဲ့ဘက် ဦးညွတ်တာပဲလေ။ သူတို့ ရှေ့တည့်တည့်ဖြစ်စရာ မလိုပါဘူး"လို့။ ကျွန်မက ငယ်ငယ်လေးထဲက အဲလို နည်းနည်း တယူသန် ဆန်ပါတယ်။

ကျွန်မရဲ့ ပထမဆုံး မိန်းကလေး သူငယ်ချင်းက မိုးကလျာအိတဲ့။ သူတို့နဲ့ ငယ်ဘ၀ ကစားခဲ့တဲ့အကြောင်းကို ဒီချိန်ဆိုပို့စ်မှာ အနည်းငယ် ရေးထည့်ခဲ့ဖူးတယ်။ သူက အတန်းထဲမှာ ကျွန်မနဲ့ ပထမဆု လုဖော်လုဖက်။ နှစ်တိုင်း အစမ်းစာမေးပွဲမှာ ကျွန်မ ဘယ်လောက်ပဲ အဆင့် ၁ ရရ၊ အတန်းတင်ရောက်ရင်တော့ သူက ပထမ၊ ကျွန်မက ဒုတိယ။ သူတို့နဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံကို ဒီချိန်ဆို (၂)မှာ တင်ထားပါတယ်။ သူတို့နဲ့ ကွဲကွာခဲ့တာ ၁၅ နှစ်လောက်တော့ ရှိပြီ။ ခုချိန်ထိ သူတို့ လောပိတမှာ ရှိနေသေးတယ်။ တနေ့နေ့ တချိန်ချိန် ကျွန်မ လောပိတကို အလည်ပြန်ဖြစ်ရင်တော့ သူတို့နဲ့ ပြန်တွေ့နိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။

ပထမဆုံး ယောက်ျားလေး သူငယ်ချင်းကတော့ အိမ်နာမည် တူးငယ်လို့ ခေါ်တဲ့ ဇင်မင်းဝင်းပါ။ ကျွန်မတို့ လောဓလေးက ပြောင်းလာပြီးတည်းက သူနဲ့ မတွေ့ဖြစ်လိုက်တာ ၁၀တန်းအောင်ပြီး ၂နှစ်လောက် အကြာ ၂၀၀၁ ခုနှစ်လောက်မှာ သူနဲ့ တခါပြန်ဆုံဖြစ်ပါတယ်။ ၈နှစ်ကျော် ကွဲကွာခဲ့တဲ့ ကျွန်မတို့ ငယ်သူငယ်ချင်းတွေ ပြန်တွေ့တော့ တညလုံးမအိပ်ဘဲ စကားတွေ မရပ်မနားပြောဖြစ်ကြတယ်။ အချိန်ကာလဆိုတာ ကျွန်မတို့ သူငယ်ချင်းတွေရဲ့ ရင်းနှီးခင်မင်မှုကို ဘာတခုမှ မပြောင်းလဲစေခဲ့ပါဘူး။ မန္တလေးမှာနေတဲ့ သူ့ဆီ သွားလည်ဖြစ်ရင်တော့ ကျွန်မတို့ ပြန်ဆုံနိုင်ပါသေးတယ်။ EPC မှာလုပ်ခဲ့တဲ့ လောပိတအုပ်စုဝင်တွေဖြစ်တဲ့အတွက် မိသားစုချင်း ဆက်စပ်ပြီး တစ်ယောက်သတင်း တစ်ယောက်တော့ အမြဲ ကြားနေရတတ်ပါတယ်။ ငယ်ဘ၀ အမှတ်တရ (၃) မှာ သူတို့နဲ့ ကစားတဲ့အကြောင်းတွေ ထည့်ရေးဖူးတယ်။

ပထမဆုံး ကျောင်းမှာ အရိုက်ခံရတာက ၃ တန်းနှစ်တုန်းကပါ။ မြန်မာ့သမိုင်းသင်တဲ့ ဆရာမက စာဖြေခိုင်းရာမှာ စာလုံးပေါင်းသတ်ပုံ တစ်လုံးမှားရင် တစ်ချက် အရိုက်ခံရမယ်လို့ ဆိုပါတယ်။ ကျွန်မက "လည်း" မှာ "_း" (၀စ္စ နှစ်လုံးပေါက်) ကျန်ခဲ့လို့ အရိုက်ခံခဲ့ရပါတယ်။ ကျွန်မအနေနဲ့ စာလုံးပေါင်းကျန်ခဲ့လို့ အရိုက်ခံရတာ သိပ်တော့ မဆန်းဘူးထင်တယ်။ ဘာလို့ဆို ကျွန်မက ကိုယ့်ကိုယ်ကို ယုံကြည်တာလား၊ အထင်ကြီးတာလားတော့မသိ၊ စာမေးပွဲမှာ အဖြေလွှာကို ဘယ်တော့မှ ပြန်မစစ်တတ်ဘူး။ ကိုယ်ရေးထား၊ ဖြေထားသမျှ အားလုံးမှန်တယ်လို့ ထင်နေတတ်ပါတယ်။ အဲဒီအကျင့်ကို ခုချိန်ထိ ကြိုးစားဖျောက်နေဆဲပါ။ အဲဒီနေ့က တတန်းလုံး အရိုက်ခံခဲ့ရတယ်။

ပထမဆုံး စာစဖတ်တာ ၂ တန်းနှစ်မှာ။ ရွှေသွေးပေါင်းချုပ်၊ မိုးသောက်ပန်းတို့ ဖတ်ခဲ့တယ်။ နောက်ပိုင်း ကာတွန်းစာအုပ်တွေကို ဖတ်တာပေါ့။ ၅ တန်းနှစ်မှာ ၀တ္ထုစာအုပ် စဖတ်ပါတယ်။ အဲဒီစာအုပ်က တော်တော်ထူပြီး ပုဂံခေတ်သမိုင်းကြောင်းနောက်ခံ ရေးထားတယ်ဆိုတာရယ်၊ ကုတင်ပေါ်မှာ ခြင်ထောင်ချပြီး တနေကုန် မစား မသောက်၊ မကစားဘဲ ဖတ်ခဲ့တယ်ဆိုတာရယ်ပဲ မှတ်မိပါတော့တယ်။ ၈တန်းနှစ်မှာ လွန်းထားထားရဲ့ အချစ်ဝတ္ထုတစ်အုပ်ကို ပထမဆုံး ဖတ်ခဲ့ပြီး အသည်းအသန် သဘောကျခဲ့တယ်။ ဟိ။ ၁၀တန်းအောင်ပြီးမှ သူ့ဝတ္ထုတွေ မဖတ်တော့တာ။:P အပျော်ဖတ်ဝတ္ထုအနေနဲ့ လွန်းထားထားသာ ဖတ်ခဲ့ပြီး နိုကိုဇူးဇင်၊ မီကိုဇူးဇင်လို ၀တ္ထုတွေကိုတော့ ကျွန်မ တသက်နဲ့တကိုယ် တခါမှ မဖတ်ဖြစ်ခဲ့တဲ့အတွက် တော်သေး။

ကျွန်မ သိတတ်စအရွယ်မှာ ပထမဆုံး နားထောင်ခဲ့၊ ခဏခဏ သီဆိုခဲ့တဲ့ သီချင်းတွေက (ဒေါ်)ခင်ညွှန့်ရည်ရဲ့ ~~~ငါတို့ မြန်မာပြည်ဝယ်... မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်...~~~ ဆိုတဲ့ သီချင်းပါတဲ့ သီချင်းခွေပါ။ အဲဒီသီချင်းတွေ နားထောင်ရင် ဘာကို ၀မ်းနည်းလို့ ၀မ်းနည်းမှန်း မသိ၊ ဘာတွေ စိတ်တက်ကြွလို့ တက်ကြွမှန်းမသိတဲ့ ခံစားချက်မျိုးစုံ ခံစားရပြီး နားမထောင်ဘဲလည်း မနေနိုင်ခဲ့ပါဘူး။ အဲဒီတုန်းက ၁တန်း၊ ၂တန်းအရွယ်ပေါ့။ အာဇာနည်နေ့ အမှတ်တရမှာ ကျွန်မ ရေးခဲ့ဖူးပါတယ်။

ပထမဆုံး ရည်းစားစာ အပေးခံရတာကတော့ သူငယ်တန်းတုန်းထဲကလို့ ပြောရင် ယုံမလားသိဘူး။ =)) ၀လုံးတွေ ရေးထားတဲ့စာရွက်ကိုကိုင်ပြီး နင့်အတွက် ရည်းစားစာဆိုပြီး အပေးခံရတာ။ ဟားဟား။ ချစ်တယ်၊ ဘာညာသာရကာ ရေးထားတဲ့ ရည်းစားစာမျိုးကိုတော့ ၄ တန်းနှစ်ထဲက စဖတ်ဖူးတာ ခုချိန်ထိဆိုပါတော့။
:P (ကိုမောင်ရင်နဲ့ သူမသာ၊ ကိုယ်မသာနော်။ ဟိ) ရည်းစားကိုတော့ ၁၀တန်းအောင်ပြီး တော်တောကြာမှ စ ထားဖူးတယ်။;))

ပထမဆုံး ရင်ခုန်စေခဲ့သူကတော့ တစုံတယောက်။ ၉တန်းနှစ်လောက်မှာ စတွေ့၊ စသိပြီး သူ့ကို ခိုးခိုးကြည့်လိုက်ရတာ မောလို့။ တခုတော့ ရှိတယ်။ ကျွန်မ ကံကောင်းတယ်လို့ ပြောရမလား မသိဘူး။ ကျွန်မအတွက် ဘယ်တုန်းကမှ တဖက်သပ်ဆိုတာ မရှိခဲ့ဘူးလေ။ ကျွန်မက လက်ရေးမလှလို့ လက်ရေးလှတဲ့သူတွေကို ခင်မင်သဘောကျတတ်တဲ့အတိုင်း (အန်တီခင့်လို) သူ့လက်ရေးကိုလည်း အရူးအမူး ခရေစီဖြစ်ခဲ့တာပေါ့။
;)) သူနဲ့အကြောင်းကို အနာဂတ်မရှိတဲ့ ကောင်းကင် နဲ့ ဘ၀လက်တွဲဖော် အဖြစ် ရေးခဲ့ဖူးတယ်။

ပထမဆုံးကိုင်ဖူးတဲ့ သေနတ်က (၉မမ လို့ ထင်တာပဲ) ပစ္စတိုတစ်လက်ပါ။ အမျိုးအစားတွေ ဘာတွေတော့ မသိဘူး။ ပစ်လည်း မပစ်ကြည့်ဖူးဘူး။ ကျွန်မက မိန်းကလေးဖြစ်လျက်နဲ့ သေနတ်ကိုင်ချင်လွန်းလို့ စင်္ကာပူရဲအရာရှိ ၀င်လျှောက်ခဲ့သေးတယ်လေ။ ဒါမဲ့ အရွေးတော့ မခံရပါဘူး။:P ကျွန်မနှင့် ရဲအရာရှိမှာ ဖတ်ကြည့်ရန်။

ပထမဆုံးကျောင်းပြေးဖူးတာကတော့ ထုံးစံအတိုင်း ၁၀တန်းအပြီး တက္ကသိုလ်တက်ချိန်ပေါ့။ မှော်ဘီ GTC မှာ တက်ခဲ့တုန်းကပါ။ GTC ကျောင်းသူဘ၀ အမှတ်တရ နဲ့ (၂)မှာ ရေးခဲ့ဖူးပါတယ်။ ကျောင်းပြေးရင် ရုပ်ရှင်ကြည့်၊ ကားလိုက်စီး၊ ဒါမှမဟုတ် ကျောင်းကားဂိတ်မှာ နေရာသွားဦးရင်း လက်ဘက်ရည်ဆိုင်ထိုင် စတာတွေ လုပ်ဖြစ်ပါတယ်။

ကျွန်မ ပထမဆုံး သောက်ဖူးတဲ့ ထန်းရည်အကြောင်းလည်း အဲဒီပို့စ်မှာ ရေးခဲ့တယ်။ တောင်ပေါ်ဒေသတွေမှာ အများစုရတဲ့ ခေါင်ရည်ကိုတော့ ကျွန်မ ငယ်ငယ် လောပိတမှာ နေတုန်းက သောက်ဖူးပါတယ်။ ဘီယာကိုတော့ ၇ တန်း၊ ၈ တန်းအရွယ်မှာ တခါ သောက်ဖူးတယ်။ သံဗူးနဲ့ Tiger beer ပါ။ သောက်တယ်ဆိုရာမှာ မြိုချတဲ့အဆင့်တောင် မရောက်ပါဘူး။ ပါးစပ်ထဲ တဂွပ်လောက် သောက်လိုက်တဲ့အချိန် ခါးလွန်းလို့ ပြန်ထွေးထုတ်လိုက်တဲ့အတွက် သောက်တယ်လို့တောင် မဆိုနိုင်ဘူး။ ဒါပေမဲ့ လျှာပေါ် တင်လိုက်တဲ့ ခဏလေးအတွင်းမှာ ပူလွန်း၊ ခါးလွန်းတယ်လို့ ခံစားရပါတယ်။ မူးတယ်ဆိုတာ ဘယ်လိုမျိုးလည်း သိချင်လွန်းလို့ အရက်ကို အချိုရည်အများကြီးနဲ့ ရောသောက်တဲ့အခါ အချိုရည်က များများ၊ သောက်တာက နည်းနည်းဆိုတော့ မမူး၊ အချိုရည်နည်းပြန်တော့လည်း အဲဒီပူရှိန်းရှိန်း ခါးသက်သက်အရသာကို မြိုချလို့ မရ။ ဒီလိုနဲ့ သံသရာလည်နေတာ ခုထိ အရက်မသောက်ဖူးဘူးလို့ပဲ ပြောရမလား။

ဆေးလိပ်ကိုတော့ ၁၀တန်း အပြီးလောက်မှာ ဖွာကြည့်ဖူးပါတယ်။ ယောက်ျားလေးအများစု ဘာလို့များ စွဲစွဲလန်းလန်းသောက်ပါလိမ့်လို့ သိချင်စိတ်နဲ့ စမ်းသောက်ကြည့်တာ။ လမ်းထိပ်က ကွမ်းယာဆိုင်မှာ ငါးသုံးလုံးနဲ့ လန်ဒန် တစ်လိပ်စီဝယ်ပြီး အခန်းတံခါးပိတ်လို့ တလှည့်စီ သောက်ကြည့်တာပါ။ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး။ ထုံးစံအတိုင်း မောင်လေးနဲ့ ညီမလေးပါ ပါတယ်။;)) နှာခေါင်းကနေ အငွေ့ထုတ်ချင်လို့ဆိုပြီး သူများတွေလို ရှိုက်သွင်းမြိုချလိုက်တာ လည်ချောင်းသီးပြီး ချောင်းတွေဆိုးနဲ့ တော်တော် ဆိုးရွားတဲ့ ဝေဒနာ ခံစားလိုက်ရတယ်။ အဲဒါကြောင့် ခုချိန်ထိ ဆေးလိပ်ကို ရဲရဲ မဖွာရဲသလို ဆေးလိပ်နံ့လည်း ရှူလို့မရပါဘူး။ ရိုးရိုးဆေးလိပ်နံ့ဆို ဘာမှ သိပ်မဖြစ်ပေမယ့် ရှူသွင်း၊ ရှူထုတ်လိုက်တဲ့ ဆေးလိပ်နံ့ရရင်တော့ ခေါင်းပိုမူးတတ်ပါတယ်။

ပထမဆုံး ရိုက်ဖူးတဲ့ ဖဲကတော့ ပိုကာ ကစားတာပါ။ ၉ တန်း၊ ၁၀ တန်းလောက်က အိမ်မှာ ပထမဆုံး ကစားဖူးတာ။ ငပလီက ပြန်လာတဲ့ အစ်ကိုနဲ့ အစ်မက ဖဲကစားတာ အရှိန်မသေနိုင်သေးဘဲ ကျွန်မတို့ အငယ်တွေကိုခေါ်ပြီး ဖဲကစားနည်းသင်ပေးရင်း အိမ်အပေါ်ထပ် လသာဆောင်မှာ ကစားကြတာပါ။ ပထမဆုံး ဖဲရိုက်ရတာကို တော်တော်ပျော်ခဲ့ပါတယ်။ ဒါမဲ့ ၃ ရက်လောက်ပဲ ကစားလိုက်ရတယ်။ ဖဲရိုက်တာ အိမ်ကျက်သရေမရှိဘူး၊ အသုဘအိမ်တွေမှ ရိုက်တာလို့ အယူရှိတဲ့ ကျွန်မအမေက ဖဲရိုက်ခွင့် မပြုခဲ့လို့ပါ။ နောက်တနေ့မှာပဲ အမေ့ရဲ့ ဗီတိုအာဏာနဲ့ ဖဲထုပ်တွေ အကုန်လွှင့်ပစ်လိုက်ရပါတော့တယ်။:D

ကျွန်မ ပထမဆုံး လှည်းတန်းဈေးကို ရောက်ဖူးတာကတော့ ၁၀တန်း စာမေးပွဲပြီးမှပါ။ (ဟိုး လွတ်လပ်ရေးရပြီးစမှ ယခုချိန်ထိ ရေးသားခဲ့တဲ့) တက္ကသိုလ်နောက်ခံ ၀တ္ထုစာအုပ်တွေထဲက တက္ကသိုလ်ကျောင်းသားတွေရဲ့ လှည်းတန်းဈေးဟာ ကျွန်မအတွက် ပျော်ရွှင်ကြည်နူး အထင်ကြီးစရာ နေရာ တနေရာဖြစ်ခဲ့တယ်။ အဲဒီတော့ လှည်းတန်းဈေးဆိုတာကို ကျွန်မအလွန်ပဲ ရောက်ဖူးချင်ပါတယ်။ သို့သော်ငြား ၉တန်းနဲ့ ၁၀တန်းကို ဘ၀ရဲ့ အရေးကြီးဆုံးသောအချိန်အဖြစ် နေအိမ်အကျယ်ချုပ်သဖွယ် နေခဲ့ရတဲ့အတွက် ၁၀တန်းပြီးမှ ရောက်ဖူးခဲ့ပါတယ်။ စိတ်ကူးထဲက လှည်းတန်းဈေးနဲ့ မျက်မြင်လှည်းတန်းဈေးက ဆီနဲ့ရေပမာ ကွာခြားနေတဲ့အခါ ကိုယ့်ဖာသာကိုယ် သဘောကျပြီး ကျွန်မ ပြုံးခဲ့မိတယ်။=))

ပထမဆုံး ရောက်ဖူးတဲ့ အခြားမြို့တမြို့က အဖေတာဝန်ကျရာ မင်းဘူး PIC ဖြစ်ပြီး နိုင်ငံရပ်ခြားကတော့ အားလုံးသိကြတဲ့အတိုင်း စင်္ကာပူပေါ့။ မိသားစုလိုက် အပျော်ခရီး၊ ဘုရားဖူး ခရီးကို ၇တန်းနှစ်မှာမှ သွားဖူးတာပါ။ ကျိုက်ထီးရိုး၊ သာမည သွားကြတာလေ။ အဲဒီ တခါပဲ ကျိုက်ထီးရိုးဘုရားကို ရောက်ဖူးတယ်။ ခုချိန်ထိ ထပ်မရောက်ဖြစ်ဘူး။ အထက်မြန်မာပြည် ဘုရားတွေကိုတော့ ၁၀တန်းဖြေပြီးချိန်မှာ သွားဖူးဖြစ်တယ်။ ပထမဆုံး သွားဖြစ်တဲ့ ပင်လယ်ကမ်းခြေက ၂၀၀၁ လောက်က သွားခဲ့တဲ့ ငပလီကမ်းခြေပါ။ အဲဒီကမ်းခြေတခုပဲ ရောက်ဖူးပါသေးတယ်။:(

ပထမဆုံး ရေးဖူးတဲ့ ကဗျာက ၁၀တန်းပြီးမှပါ။ GTC ကျောင်းတက်ချိန်မှာ တသက်လုံး တခါမှ မကျဖူးတဲ့ စာမေးပွဲ ကျလို့ စိတ်ညစ်ညစ်နဲ့ အပျော်ရေးခဲ့တဲ့ ကဗျာ။:D ဘာတွေ ရေးခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ဘူး။ အဲဒီကစပြီး နောက်ပိုင်း အချစ်ကဗျာတွေ ရေးဖြစ်တယ်။

ပထမဆုံး ဘလော့ဂ်မှာ တင်ခဲ့တဲ့ ပို့စ်က

နှောင်ကြိုးမဲ့ သစ်ပင်


သစ်တစ်ပင်သာ ဖြစ်ခဲ့ရင်
အထီးကျန်အတွေး ငါ့မှာ
ပျောက်ဆုံးသွားကောင်းရဲ့...
မကျေလည်တဲ့ မိုးတိမ်ရယ်
ငါ့တစ်ကိုယ်စာ သွန်းဖြိုးပေတော့...
တိတ်ဆိတ်၊ ငြိမ်သက်မှုတွေနဲ့
ငါအသက်ရှုတောင် မ၀ခဲ့ပါဘူး
အဖော်မဲ့ ခံစားချက်
စကားလုံးတွေတောင် မဲ့ခဲ့ပါပြီ...
သံစဉ်ချိုသွေး အကြင်နာစကားတွေလည်း
မကြားယောင်ပြု၊ မုန်းမေ့ပါရစေ...
အတွေးတစု အရင်းပြုလို့
စိတ်ရဲ့အလို လေနှင်ရာလွင့်
ငါလေ လွတ်မြောက်သွားခဲ့ပြီ...

s0wha1
မနက် (30.05.07)


ဒီလောက်ပါပဲ။ နောက် သတိရလို့ ဆက်ရေးချင်ရင် ထပ်ရေးပါဦးမယ်။:)


ကျွန်မ ပြန်တက်ဂ်မယ့်သူတွေက ဟေးဟေးငယ်မမီးလေး။ ခုလောလောဆယ်တော့ သူတို့ပဲ စဉ်းစားလို့ရသေးတယ်။

s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။


Print this post

7 comments:

Min Min said...

ရေးထားတာ များကြီးပဲ

s0wha1 said...

ရေးချင်နေပါတယ်ဆိုမှ... :D

sin dan lar said...

ဖတ်လို့ကောင်းတယ်..

Kay said...

အော်ဟော်..ဖစ်မှဖစ်ရလေ.. အချစ်က..စာလုံးမပေါင်းတတ်ခင်တည်းက..လူတွေ ရဲ့ နှလုံးသားကို မှောက်မှား နေ စေ ခဲ့တာပဲ။ တော်သေးတာပေါ့..လေးတန်းမှာ..စာလုံးပေါင်း မှန် မှန်နဲ့..ရည်စားစာ ရေးတတ်တဲ့သူ ရှိလာလို့။ ကယားပြည်နယ် က..ရင်ခုန်သံလေးများ။

ခင်တဲ့ -မကေ

s0wha1 said...

မ sin dan lar... ကျေးဇူး။

မကေ... ဟိ။ ဒီလိုပဲ... အဲဒီအဖြစ်ကို ခုထိ ပြောမဆုံးပေါ့။ =))

M.Y. said...

သူငယ်တန်းနဲ့ လေးတန်း ကထဲက စွံတယ်၊ဆိုတော့ ခေသူမဟုတ်ထက်နည်းနည်းသာနေပြီ

s0wha1 said...

ဟားဟား... ကိုမောင်ရင် ပြန်ကစ်ပြီ။:P

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*