Thursday, October 2, 2008

မြန်မာစာ၊ မြန်မာစကား (၅)



ကျွန်မရောထွေးစွာ ရေးတတ်တဲ့အရေးအသား တမျိုးက လျှင် နှင့် လျင် ပါ။ ဘယ်လို ကွာခြားလည်း ကျွန်မ သေချာမသိပါ။ ဒီစာအုပ်ထဲမှာလည်း မပါပါဘူး။ သိတဲ့သူများ ပြောပြရင် အရမ်းကောင်းမှာပဲ။

***

"မှ၊ က၊ ကို၊ အား၊ များ၊ တို့၊ တွေ" စသည်တို့သည် သဒ္ဒါစကားလုံးများ ဖြစ်သည်။ "သူ က ပြောတယ်" နှင့် "သူ့ ကို ပြောတယ်" ဟူသော ၀ါကျ (၂)ခုသည် အဓိပ္ပာယ် ကွာခြားသည်။ ယင်းသို့ အဓိပ္ပာယ် ကွာခြားခြင်းမှာ က နှင့် ကို သဒ္ဒါ အသုံး ကွဲပြားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသဒ္ဒါစကားလုံးများကို သူ့နေရာနှင့်သူ နေရာတကျ သုံးရသည်။ နေရာတကျသုံးမှ အနက်အဓိပ္ပာယ် တိကျသည်။ ရှင်းလင်းသည်။ လိုရင်းရောက်သည်။

ထိုသဒ္ဒါစကားလုံး အသုံးလွဲမှားနေလျှင် အနက်အဓိပ္ပါယ် ထွေပြားတတ်သည်။ ရှုပ်ထွေးတတ်သည်။ လိုရင်းမရောက် ဖြစ်တတ်သည်။ ထို့ကြောင့် သဒ္ဒါ အသုံးအနှုန်းကို ဂရုစိုက်ရသည်။

ရောထွေးတတ်တဲ့ မှ နှင့် က

ထွက်ခွာရာ ကိုရည်ညွှန်းလိုသော် က ကို နှုတ်ပြောတွင်ရော၊ အရေးတွင်ပါ သုံးသည်။
ဘယ်က လာသလဲ။ ဈေးက လာတယ်။
အရပ်လေးမျက်နှာက လာသောသူ
မြို့က လာသည်။ တောက လာသည်။
ဗွေသဟံ၊ ဝေယန်အုံ့ဆီက၊ လေပြန်လှုံ့ဆော်ခဲ့ပြီ။
ထွက်တော်မူ နန်းက ခွာတယ်။

မှ ကို အရေးတွင်သာ သုံးသည်။
ကျွန်တော် မန္တလေးမှ ရန်ကုန်သို့ ချောမောစွာ ရောက်ရှိပါသည်။
ခြောက်ရပ်ဘုံမှ၊ သက်လှာကျသို့...
ဒေါ်နုသည် ဈေးမှ အိမ်သို့ ပြန်လာသည်။

ပြုသူ၊ ဖြစ်သူ၊ ရှိသူ ကို ရည်ညွှန်းလိုသော် နှုတ်ပြောနှင့် အရေး နှစ်ရပ်စလုံးတွင် က ကိုသာ သုံးရသည်။
တောင်တောရယ်သာ၊ မာလာက ငုံဖူး။
တောမျောက်က ကြိုးခွေ။
ရွှေဖိုးခေါင် သံချိုညောင်း၊ ဒေါင်းက အိုးဝေ။
မြန်မာစာအဖွဲ့က ထုတ်ဝေသည်။
သဘာပတိကြီးက မိန့်ခွန်းပြောကြားပါလိမ့်မယ်။
ကျောင်းအုပ်ကြီးက ဆုချီးမြှင့်သည်။
မြစ်ကြီးနားက ကချင်ပြည်နယ်မှာ ရှိတယ်။
မောင်ဘက သတ္တိရှိတယ်။ မောင်လှက သတ္တိမရှိဘူး။

တွင်နေသော အမှားများ
၁။ ဦးဇော်ဝိတ်မှ ဆုချီးမြှင့်စဉ်
၂။ ရေယာဉ်ပေါ် အတက်အဆင်းတံခါးကို ခရီးသည်များမှ မဖွင်ရပါဘူး။
၃။ ...ကျွန်းကို ဘိုးတော်ဘုရားမှ ၁၇၅၂ခုနှစ်က တော်ဝင်ပင်အဖြစ် သတ်မှတ်၍ ...။
၎။ ...သက်ဆိုင်ရာမှ အမြန်ဆုံး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
၅။ ရန်ကုန်မြို့တော်တွင် မော်တော်ယာဉ်များမှ လမ်းကူးသူ ၄၀ခန့်အား တိုက်မိ၍ လစဉ် အသက်န္တရာယ် ထိခိုက်လျက်ရှိသည်။
၆။ အခမ်းအနားတွင် ဥက္ကဋ္ဌမှ အဖွင့် အမှာစကား ပြောကြားပြီး ...။

***

နောက်တပတ်တော့ အသုံးမမှား ကို နှင့် အား ဆိုတာကို ဖော်ပြပါ့မယ်။


မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...



ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Print this post

4 comments:

လွတ်ငြိမ်းလေပြေ said...

လျင် ကို လျင်မြန်ခြင်း ဆိုတဲ့ အသုံးမှာ သုံးပါတယ်
ရေအလျင် ဆိုတာမျိုးမှာလည်း သုံးပါတယ်
လျှင် ကိုတော့ ဖြစ်လျှင် ၊ ရှိလျှင် ဆိုတာမျိုးမှာ သုံးပါတယ်၊
အခြေအနေ ကို ပြတယ်လို့ ထင်ပါတယ်
အချိန်မီသာပြင်ဆင်ခွင့်ရှိခဲ့ရင် ဆိုတာကို စာစကားနဲ့ ရေးရင် (ရေးလျှင်) အချိန်မီသာပြင်ဆင်ခွင့်ရှိခဲ့လျှင် လို့ ရေးရမှာပါ၊
တို့သိသလောက်ပါ၊အပြည့်အစုံ မဟုတ်ပါ၊

s0wha1 said...

ဟုတ်ကဲ့ ကျေးဇူး။:)

Mhaw Sayar said...

ကျွန်တော် ယူဆတာကတော့ မြန်မာဘာသာစကားမှာ "လျှင်" ဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ "လျင်" ဆိုတာပဲ ရှိမယ် လို့ ထင်မြင်ယူဆမိပါတယ်။
(မြန်မာစာအုပ် တော်တော်များများမှာတော့ "လျှင်" နဲ့ပဲ သုံးနှုန်းရေးသား နေကြတာကို တွေ့ရပါတယ်)

"လျင်လျင် မြန်မြန်၊ ဖြစ်ခဲ့ လျင်၊ ပြောခဲ့ လျင်၊ လုပ်လျင် လုပ်ချင်း" စသဖြင့်ပါပဲ။

"လျှင်" ဆိုတဲ့ အသုံးအနှုန်း ကတော့ ဖြစ်နိုင်ခြေရှိတာက "လျှောဆင်း"၊ "လျှောကျ"၊ "လမ်းလျှောက်" ၊ "လျှောက်ပြန် သံပေး၊ ခြေအေးဝမ်းရောင်"၊ "လျှိုမြောင်" ၊ "လျှောက်လွှာ"၊ "လျှပ်စီး" ၊ "လက်လျှော့"၊ "ပြည့်လျှံ" စတဲ့ အသုံးအနှုန်းတွေကနေ တဆင့် ခပ်ဆင်ဆင် ရှိတဲ့ အသုံး တစ်ခုဖြစ်တဲ့ "လျင်" မှာပါ ဟထိုး "ှ " ကို မှားယွင်းထည့်သွင်း သုံးစွဲလာခဲ့ကြပြီး အခုလို ရှုပ်ထွေးမှု တွေ ဖြစ်လာတယ် လို့ပဲ ယူဆမိပါတယ်။

အပေါ်က အသုံးအနှုန်းတွေက တဆင့် "လျှင်" ကို အသံထွက် ရေးမယ်ဆိုရင် "လမ်းလျှောက်" ->> "လမ်းရှောက်" ၊ "လျှောက်လွှာ"->> "သျှောက်လွှာ"၊ "လက်လျှော့"->> "လက်ရှော့" ၊ "လုပ်ခဲ့လျှင်" ->> "လုပ်ခဲ့ရှင်" စသဖြင့် အသံထွက်သွားရနိုင်ဖွယ် ရှိတာကြောင့် အခြေအနေပြ ပုဒ် တစ်ခုဖြစ်တဲ့ "လျင်" ဆိုတဲ့ အသုံးအနှုန်းကိုပဲ အမှန်ယူသုံးသင့်တယ် လို့ ထင်မြင်မိကြောင်း ။

s0wha1 said...

ဟုတ်ကဲ့။ ကျေးဇူးပါ ကိုမှော်ဆရာ။
အကိုးအကားလေးတွေနဲ့ဆို ပိုကောင်းမယ်နော်။ :)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*