Sunday, June 3, 2007

ဒီချိန်ဆို...



ဒီချိန်ရောက်ရင် ကျွန်မတို့ လောဓလေးက အ.လ.က ကျောင်းကြီးလည်း ဖွင့်ပြီလေ... ကျွန်မတို့ ကျောင်းဖွင့်ချိန် ပထမဆုံး ကျောင်းတက်ရက် မတိုင်ခင်ညဆို စိတ်လှုပ်ရှားပြီး အိပ်လို့တောင် မပျော်တဲ့အဖြစ်ကို ပြန်လည် တွေးတောမိရင်း
ကျွန်မ နယ်မှာ ကျောင်းတက်ခဲ့ရတဲ့ကာလကို မြင်ယောင်လွမ်းဆွတ်နေမိတယ်...

ဇွန်လရဲ့ တခုသော တနင်္လာနေ့ မနက် ၈ နာရီလောက်မှာ အဖြူ၊အစိမ်း ၀တ်စုံလေး ကိုယ်စီဝတ်လို့ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းဝင်းထဲကို တဖွဲဖွဲ ရောက်ရှိလာကြပြီပေါ့... နွေကျောင်းပိတ်ရက် ၃ လလောက် ခွဲခွါနေရတဲ့ သူငယ်ချင်းတွေ သူ့ထက်ငါ အရင်ဦးအောင် နှုတ်ဆက် အော်ဟစ်နေကြတာ ကျောင်းတော်ကြီး တခုလုံး လူသံတွေနဲ့ တဝေါဝေါ ဖြစ်လို့ပါပဲ... မနက် ၉ နာရီ ကျောင်းတက် ခေါင်းလောင်းထိုးသံကြီး ပေါ်ထွက်လာချိန်မှာတော့ ကျောင်းခန်းထဲကို အလုအယက် တရုန်းရုန်းနဲ့ ပြေးလွှားကြပုံကိုလည်း မြင်ကြရမှာပါ... နောက်တကြိမ် သံချောင်းခေါက်သံအပြီးမှာ တညီတညာထဲ သံပြိုင်သီဆိုလိုက်ကြတဲ့ ကမ္ဘာမကြေ နိုင်ငံတော် သီချင်းသံကို မိုးလုံးဟိန်းမျှ ကြားကြရပါလိမ့်မယ်... နိုင်ငံတော် သီချင်းသီဆိုချိန်မှာ ကျောင်းသား၊ ကျောင်းသူများမှ အစ၊ ဆရာ၊ ဆရာမများအားလုံး အဆုံး ရောက်ရာနေရာမှာ သတိဆွဲပြီး သီဆိုကြရပါတယ်... ကျောင်းပေါက်အ၀င်ဝမှာပဲ ရှိနေသေးရင်လည်း ကျောင်းပေါက်ဝမှာ၊ ယုတ်စွအဆုံး အိမ်သာရှေ့ရောက်နေလည်း အိမ်သာရှေ့မှာပဲ ခြေစုံရပ်နေရပါတယ်... မတော်တဆများ ကိုယ်သွားလိုရာကို ဆက်သွားနေခဲ့မယ်ဆိုရင် စည်းကမ်းကြီးလှတဲ့ ကျောင်းအုပ်ဆရာမကြီးရုံးခန်း မကြာခင် ရောက်ဖို့သာ ပြင်ထားပါတော့...

နိုင်ငံတော်သီချင်း သီဆိုပြီးချိန်မှာ ကျောင်းခန်းထဲ မရောက်သေးတဲ့ သူများ ကိုယ့်အခန်းရှိရာ အပြေးတပိုင်း လျှောက်လှမ်းလာကြပုံ၊ စာသင်ခန်းတွေမှာ အတန်းပိုင်ဆရာ၊ ဆရာမတွေကို ညီညာဖြဖြ နှုတ်ဆက်နေကြပုံတွေက အမြင်တမျိုး ထူးခြားနေပါလိမ့်မယ်... ဒေသခံ တောင်ရိုးလူမျိုး၊ ကယားလူမျိုးတွေက ဗုဒ္ဓဘာသာဝင်တွေဖြစ်သော်လည်း အဲဒီမှာရှိတဲ့ ကရင်လူမျိုးတိုင်းက ခရစ်ယာန် ဘာသာဝင်တွေ
ဖြစ်လေတော့ မြို့ကျောင်းတွေမှာလို ဗုဒ္ဓဘုရားစင်ရှိပေမဲ့ ဘုရားမရှိခိုးခဲ့ရပါဘူး... ဒါကြောင့် ၆ တန်းနှစ် မြို့ကျောင်း တက်ရချိန်မှာ နိုင်ငံတော် သီချင်းမသီဆိုရတော့ပေမဲ့ ဘုရားရှိခိုးခဲ့ရပါတယ်... ဩကာသဘုရားရှိခိုးနဲ့ သမ္ဗုဒ္ဓေ္ဓဂါထာကလွဲရင် ဘာမှ မရွတ်တတ်တဲ့ကျွန်မ မနက်ကျောင်းတက် ဘုရားရှိခိုးချိန်ဆို "ဤသို့ပြုရ မြတ်ပုံည" အစချီတဲ့ အမျှဝေပိုဒ်ကို ရောက်ရင် လိုက်ယောင်ဝါးချရတဲ့ ဒုက္ခကြုံရပါတော့တယ်... နောက်ပိုင်းမှာ ယောင်ဝါးချရင်းနဲ့ ရွတ်တတ်သွားတဲ့အပြင် ကျောင်းအားရက်တွေမှာ ဒီလို ထပ်အရှက်မကွဲရလေအောင် ဘုရားစာ တော်တော်များများလေ့လာ၊ ကျက်မှတ်ဖြစ်တာကို မှတ်မိနေပါသေးတယ်...

၄၅မိနစ်စီနဲ့ စာသင်ချိန် နှစ်ချိန်အပြီး မနက် ၁၀နာရီခွဲလောက်မှာ မုန့်စားဆင်းချိန်ကို ရောက်လာပါပြီ... ၁၅ မိနစ်ဆိုတဲ့ အချိန်လေးမှာတောင် အလုအယက် ခုန်ပေါက်ကစားနေကြတဲ့ မူလတန်းအရွယ် ကျောင်းသားလေးတွေထဲမှာ ကျွန်မလည်း အပါအ၀င်ပေါ့... ၁၀နာရီ ၄၅မိနစ် သံချောင်းခေါက်သံ အဆုံးမှာတော့ မီးကို ရေနဲ့ ငြိမ်းလိုက်သလို ကျောင်းတော်သာကြီး တခုလုံး ယာယီတိတ်ဆိတ်သွားပါတယ်... ပြီးနောက် စာအံသံတွေနဲ့ အချိန်ပြောင်း သံချောင်းခေါက်သံတွေပဲ ကျောင်းကြီးကို လွှမ်းမိုးနေပါတော့တယ်... ဒီလိုနဲ့ နေ့လယ် ၁၂ နာရီ ရွာထဲက ကျောင်းသားတွေ ကိုယ့်အိမ်ကိုယ် ထမင်းစားပြန်ကြချိန်မှာ လောပိတ၊ ၁၀မိုင်ကုန်း၊ No.1 အစရှိတဲ့ ရွားနီးချုပ်စပ်က ကျောင်းသားတွေကတော့ အိမ်က ထမင်းဘူးကိုယ်စီသယ်လာလို့ ကိုယ့်အုပ်စုနဲ့ကိုယ် စားကြဖို့ ပြင်ဆင်နေချိန်ဖြစ်ပါတယ်...

ကျွန်မတို့အိမ်နဲ့ ကျောင်းက အိမ်တစ်လုံးပဲ ခြားလေတော့ အိမ်ပြန် ထမင်းအမြန်စားလို့ ကျောင်းကို ပြန်ပြေးပါတယ်... ၁ နာရီမှ ကျောင်းပြန်တက်မှာဆိုတော့ကာ ကျွန်မ ကစားဖို့ အချိန်ပိုရအောင်လို့လေ... ကျောင်းမှာ သူငယ်ချင်းတွေ စုံရင်တော့ မျောက်မူးလဲအောင်ကဲတဲ့ ကျွန်မတို့ရဲ့ ကစားပွဲကြီး စတင်ပါတယ်... မောလာရင်တော့ တချို့သူငယ်ချင်းတွေက
နေ့လယ်အပြန် လွယ်အိတ်တစ်လုံးအပြည့် ဘယ်ကနေ ခူးလာမှန်းမသိတဲ့ မာလကာသီးတွေကို အားရပါးရစားကြပါတယ်... မန်ကျည်းသီး သီးချိန်ဆိုရင်တော့ မန်ကျည်းသီးစိမ်းတွေကို ခူးလာကြပြန်ပါရော... ကျွန်မအထင် ကျောင်းလာရာ လမ်းတလျှောက် တွေ့သမျှသစ်ပင်ပေါ် တက်ခူးခဲ့ကြပုံပါပဲ... သူတို့က မန်ကျည်းသီးစိမ်းတင် သယ်လာတာမဟုတ်ပါဘူး... ဆား၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်းစပ်စပ် ရောထားတာလေးကို စက္ကူလေးနဲ့ ထုပ်လို့ သယ်လာကြတာပါ... အဲဒီရောသမမွှေလေးကို မန်ကျည်းသီးနဲ့ တပျော်တပါးကြီး တို့စားကြပါတော့တယ်... ဒါဟာ ပိုက်ဆံရှိလို့ စားချင်တယ်ဆိုရင်တောင်မှ စားစရာဆိုင်မရှိတဲ့ ကျွန်မတို့ဒေသမှာ ရှိသမျှ သဘာဝအသီးအနှံလေးတွေနဲ့ ဖန်တီးထားတဲ့ ဒေသခံသရေစာ တမျိုးပဲပေါ့... အဲဒီမှာ နေတာကြာလို့ ရရှိလာတဲ့ အကျိုးဆက်ကတော့ ခုချိန်ထိ ကျွန်မတို့ မောင်နှမတတွေ သရေစာထက် ထမင်း၊ ဟင်းကို ပိုနှစ်သက်ကြတာပါပဲ... တနေ့၊ တနေ့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ထမင်းစားတတ်ကြပါတယ်... မနက်စောစော အဆာပြေကိုလည်း ထမင်းပဲ စားလေ့ရှိကြတယ်...

နေ့လယ် ၁ နာရီ ကျောင်းပြန်တက်ပါပြီ... ညနေ ကျောင်းဆင်းချိန် ၃နာရီ ၄၅ ထိ အားလပ်ချိန် မပေးတော့ပါဘူး... ထုံးစံအတိုင်း စာအံသံတွေကပဲ ကျောင်းဝန်းအတွင်း မင်းမူနေပါတယ်... ညနေပိုင်း နောက်ဆုံး စာသင်ချိန် နှစ်ချိန်မှာ တချို့အတန်းကြီးတွေရဲ့ ကြို/သက် ဘာသာရပ် လက်တွေ့ချိန်ဖြစ်လေတော့ သူတို့တွေ လတ်လျားလတ်လျား သွားလာလုပ်ကိုင်နေကြတာကို မြင်ရပါလိမ့်မယ်...
ကြို/သက် ဘာသာရပ် ကို ကျွန်မတို့ကျောင်းက အလယ်တန်းကျောင်းသားကြီးတွေသာ သင်ယူရတာပါ... အဲဒီဘာသာရပ်ကို ၅ တန်းနှစ်မှာ ကျွန်မ သင်ယူခဲ့ရဖူးပါတယ်... မြန်မာတစ်နိုင်ငံလုံးအတွက် ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်း ဘာသာရပ်တွေအပြင် ကျွန်မတို့ကျောင်းက အဲဒီအပို တစ်ဘာသာကိုလည်း မယူမဖြစ် သင်ယူရပါတယ်... ကြို/သက် ဘာသာရပ်က အသက်မွေးဝမ်းကျောင်းပညာရပ်ကို သင်ပေးတာပါ... ကျောင်းသူတွေကို အချက်အပြုတ်၊ အချုပ်အလုပ် သင်ပါတယ်... ကျောင်းသားတွေကိုတော့ ကြိမ်ထည်ပစ္စည်းမျိုးစုံလုပ်နည်း၊ လက်သမားပညာနဲ့ စက္ကူရုပ်ချိုးနည်း မျိုးစုံကို အတန်းပညာအလိုက် သင်ပေးပါတယ်... ပထမဆုံးနဲ့ နောက်ဆုံးသင်ခဲ့ရတဲ့ ကြို/သက်ဘာသာရပ်ဟာ ကျွန်မ ဘ၀မှာ အခက်ခဲဆုံး ဘာသာရပ် ဖြစ်ခဲ့တယ်... နားလည်ဖို့သာ အဓိကဖြစ်တဲ့ ဒီဘာသာရပ်ကို ကျွန်မက နှုတ်တိုက်ရအောင်သာ ကြိုးစားခဲ့တာကြောင့်ပါ... အပ်ချည်ကြိုးကို အပ်နဖားထဲထည့်ပြီး ကြိုးအဆုံးမှာ အထုံးလေး ထုံးရတဲ့အကြောင်းကိုတောင် ကျွန်မ အခေါက်ပေါင်း မရေတွက်နိုင်အောင် ကျက်မှတ်ခဲ့ရဖူးပါတယ်... ဒါတောင် ကောင်းကောင်းမရနိုင်လို့ ကျွန်မ အစ်မက ကူကျက်ပေးရတာ တသက်မမေ့စရာ အဖြစ်ပါပဲ...

၃နာရီ ၄၅ ရှိပါပြီ... သံချောင်းခေါက်သံကြားတာနဲ့ အိမ်စာပေးလိုက်တာ လုပ်ခဲ့ဖို့ ဆရာမ သတိပေးနေတာကိုလည်း ဘယ်သူမှ နားမထောင်ကြတော့ပါဘူး... သူ့ထက်ငါ အလုအယက် ကျောင်းပြင်ရောက်ဖို့သာ အဓိက ဖြစ်နေပါတယ်... ဆရာမက "ဟဲ့...နင်တို့အိမ်တွေက ထွက်ပြေးမှာ မဟုတ်ဘူး"ပြောလည်း နားမ၀င်တော့ပါဘူး... ရပ်ဝေးက ကျောင်းသားတွေကလည်း လာကြိုတဲ့ ကျောင်းကားပေါ် အလျင်အမြန်တက်လို့ အိမ်ရောက်ဖို့ပဲ စိတ်စောနေပါတော့တယ်... ကျောင်းနဲ့ နီးတဲ့ ကျွန်မတို့ မောင်နှမတတွေကတော့ အိမ်ကို အစောဆုံးပြန်ရောက်သူများ ဖြစ်မယ်ထင်ပါရဲ့... အိမ်ရောက်တာနဲ့ လွယ်အိတ်ကို ဘုတ်ခနဲ ချလို့ ကစားဖို့အတွက် တာစူပြန်ပါပြီ...

ညနေ ၄ နာရီလောက်ဆိုရင်တော့ တနေ့လုံး လှုပ်ရှားအသက်ဝင်နေတဲ့ ကျောင်းဝန်းကြီးဟာ တိတ်ဆိတ် ခြောက်ကပ်လို့ ကျန်ခဲ့ပြီပေါ့... ကျွန်းရွက်၊ ကြို့ပင်ရွက်တွေကို လေတိုးသံ၊ ငှက်လေးတွေရဲ့ တကျီကျီ အော်သံတွေသာ ကြားရပါတော့မယ်... မြေရိုင်းတွေ ပေါလှတဲ့ တောင်ပေါ်ဒေသမှာတော့ ကျွန်မတို့ ကျောင်းတော်ကြီးဟာ ကြီးမား ကျယ်ဝန်းလှပါတယ်... မြို့ကျောင်းတွေလို လေးဘက်လေးတန် တံတိုင်းကြီးတွေကြားက မြေနေရာလွတ်မရှိ ကျောင်းအဆောက်အဦးတွေ ပြည့်နေတာမျိုးမဟုတ်ဘူးလေ... ကျယ်ဝန်းလှတဲ့ ကျောင်းဝန်းထဲမှာ ကြီးမားလှတဲ့ ကစားကွင်း မြေကွက်လပ်တွေနဲ့အတူ ပျဉ်ထောင်သွပ်မိုး ကျောင်းအဆောက်အအုံလေးတွေက ဟိုနေရာတစု၊ ဒီနေရာတစုနဲ့ ခိုင်ခိုင်မာမာ တည်ရှိနေလေရဲ့...

ဒီလိုနဲ့ အင်္ဂါနေ့ မနက် ရောက်လာခဲ့ပြီလေ... ကျွန်မတို့ဆီမှာ တနင်္လာနဲ့ သောကြာနေ့ပဲ အဖြူ၊ အစိမ်း ၀တ်ကြရတာပါ... အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာတော့ ကြိုက်ရာ အင်္ကျီကို ကြိုက်တဲ့ အရောင်နဲ့ ၀တ်ခွင့်ရှိပါတယ်... အဖြူ၊ အစိမ်း အင်္ကျီ တစ်စုံထက် ပိုမတတ်နိုင်တဲ့ တောသူတောင်သားတွေမို့ ဒီစနစ်ကို ကျင့်သုံးပုံရပါတယ်... ဆရာ၊ ဆရာမတွေကတော့ နေ့တိုင်း အဖြူ၊ အစိမ်း ၀တ်ကြရတယ်... အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေက ပုံမှန်နေ့တွေအတိုင်း ပြီးဆုံးသွားပြန်ပြီပေါ့...

ကြာသပတေးနေ့ ရောက်ပါပြီ... ကျွန်မတို့ကျောင်းတွေမှာ နှစ်စဉ် အ၀ါသင်း၊ အစိမ်းသင်း၊ အနီသင်းနဲ့ အပြာသင်း ဆိုပြီး အသင်းတွေ ခွဲထားပေးပါတယ်... ကိုယ့်အသင်းအလိုက် တာဝန်ကျရာရက်မှာ ကိုယ့်စာသင်ခန်းကိုယ် သန့်ရှင်းရ၊ ကျောင်းဝန်းထဲမှာ အမှိုက်ကောက်တဲ့လူက ကောက်၊ သောက်ရေအိုးတွေ ရေဖြည့်သူက ဖြည့်နဲ့ တပတ်မှာ တရက် ကျရာတာဝန်ကို မတွက်ကပ်ဘဲ လုပ်ကြရတယ်... အိမ်သာဆေးတဲ့အခါလည်း အိမ်သာဆေးရတတ်ပါတယ်... ဒီလို ကိုယ့်အသင်း တာဝန်ကျရာ ရက်မျိုးမှာဆိုရင်တော့ မနက်စောစော ၇ နာရီလောက် ထပြီး ကျောင်းကို သွားရတာပေါ့... ငယ်ငယ်လေးထဲက အပြာရောင် ကြိုက်တဲ့ ကျွန်မက နှစ်တိုင်းမဟုတ်တောင် မဟာဗန္ဓုလအသင်းဆိုတဲ့ အပြာရောင်အသင်းသားပဲ ဖြစ်လေ့ရှိပါတယ်... ဒီနေ့ ကြာသပတေးဆိုတော့ ကျွန်မတို့ အသင်းတာဝန်ကျတဲ့နေ့မို့ မနက်စောစောထလို့ ကျောင်းကို သွားရပြီ...

သောကြာနေ့ကတော့ အသင်း ၄ သင်းလုံး စုပေါင်း တာဝန်ယူ သန့်ရှင်းရတဲ့ နေ့ပါ... ဒီလိုနေ့မှာ အဖြူ၊ အစိမ်း ဆင်တူဝတ်လို့ ကျောင်းရှေ့ ကွင်းပြင် အလံတိုင်ရှေ့မှာ သူငယ်တန်းကနေ ၈ တန်း ကျောင်းသားထိ အကုန်လုံးစုဝေးပြီး နိုင်ငံတော် သီချင်း သီဆိုကြရတာကတော့ တော်တော်ကြည်နူးဖို့ကောင်းပါတယ်... ပြီးရင်တော့ ဆရာမကြီးက မိန့်ခွန်းပြောလေ့ရှိတယ်... တနင်္လာနေ့နဲ့ သောကြာနေ့တိုင်း ဒီလို မနက်ပိုင်း စုဝေးတန်းစီရပါတယ်... ဆရာမကြီး မိန့်ခွန်းပြောပြီးရင် နှစ်ယောက် တစ်တွဲတန်းစီလို့ ကိုယ့်စာသင်ခန်းကိုယ် သွားကြရတယ်... ဘာကြောင့်မှန်းတော့ မသိဘူး ကျွန်မတို့ ကျောင်းသားတွေအားလုံး ဆရာမကြီးကို အလွန် ကြောက်ကြပါတယ်... ဆရာ၊ ဆရာမတွေဆိုလည်း ဆရာမကြီးနားရောက်ရင် ငြိမ်ငြိမ်ကုပ်ကုပ်လေး ဖြစ်နေတတ်ကြလေရဲ့... ဒီလိုနဲ့ နေ့လယ် ထမင်းစားချိန်ပြန်တက်ပြီးရင် ၄၅ မိနစ် တစ်ချိန်ပဲ စာသင်ရပါတယ်... ပြီးရင်တော့
သူငယ်တန်း၊ တစ်တန်းက လွဲလို့ ကျောင်းမှာရှိသမျှ ကျောင်းသားအားလုံး သန့်ရှင်းရေးလုပ်နေကြတာ မြင်ရပါလိမ့်မယ်... တစ်ပတ်ခြား တစ်ခါ သောကြာနေ့ညနေမှာ ကျောင်းဝန်းတခုလုံးကို မြက်နှုတ်၊ ပေါင်းသင်လုပ်ရတာဖြစ်လို့ အဲဒီနေ့ဆို ရပ်ဝေးက ကျောင်းလာတက်သူတွေက မနက်ကျောင်းလာချိန်၊ ရွာထဲက ကျောင်းလာတက်သူတွေက ထမင်းစားပြန်ချိန်တွေမှာ တောင်းတွေ၊ ပေါက်တူး၊ ပေါက်ပြား၊ မြက်ခုတ်ဓား စတဲ့ ကိုယ်သန်ရာသန်ရာ ပစ္စည်းတွေ ယူလာကြရတယ်... ဒီသန့ှ်ရှင်းရေးဟာ နာရီဝက်၊ မိနစ် ၄၀ လောက်သာကြာလေတော့ ကျွန်မတို့ ကျောင်းသားတွေအကြိုက် ကျောင်းစောစောလွှတ်တတ်တဲ့ နေ့မျိုးလည်း ဖြစ်ပြန်တယ်...

ကျွန်မတို့ သူငယ်ချင်း တသိုက်ကတော့ ဒီလို မြက်နှုတ်၊ အမှိုက်သိမ်း လုပ်နေရတာတောင် ကြံဖန်ကစားကြပါသေးတယ်... ကျောင်းဝန်းထဲမှာရှိတဲ့ ကျွန်းပင်ကြီးတွေနဲ့ အပင်တွေအားလုံးကို ပိုင်ဆိုင်တဲ့ လက်ဖက်ခြံပိုင်ရှင် သူဌေးမကြီး ငါးယောက်အနေနဲ့ ပျော်ပျော်ကြီး ကစားကြတာပါ... ပေါက်ပြားတွေပေါက်လို့၊ အမှိုက်တွေ ပစ်လို့ ကိုယ်စီကိုယ်စီ အလုပ်လုပ်နေကြတဲ့ ကျောင်းသားတွေဟာ ကျွန်မတို့ လက်ဖက်ရွက်တွေကို ဆွတ်ခူးနေတဲ့ ခြံအလုပ်သမားတွေ ဖြစ်သွားကြရပါရောလား... ဒီလို စိတ်ကူးလေးတယဉ်ယဉ်နဲ့ အလုပ်လည်းလုပ်၊ စကားလေး တပြောပြောနဲ့ ကစားနေလိုက်တာ မောတယ်ရယ်လည်း မခံစားရပါဘူး... ကြီးကြပ်နေတဲ့ ဆရာ၊ ဆရာမတွေက ပြန်ကြတော့ ပြောမှ ဖုတ်ဖက်ခါလို့ စနေ၊ တနင်္ဂနွေ နှစ်ရက်ပေါင်း အပီအပြင်ကစားဖို့ အားခဲရင်း အိမ်ကို ဒရောသောပါး ပြေးလာတဲ့ ဟိုးလွန်လေသော ဆယ်စုနှစ်တစုကျော်က ကျွန်မရဲ့ ပုံရိပ်ကို ပြန်လည် မြင်ယောင်ရင်း...

(၁၃နှစ်ကျော်ကျော် အဆက်အသွယ်မရှိတော့သော လောဓလေးက အချစ်ဆုံးသူငယ်ချင်း မိုးကလျာအိ၊ တင်တင်ဌေး၊ မြမြ၀င်းနဲ့ သန္တာလှိုင် တို့သို့ အမှတ်တရ...)

s0wha1

မမေရဲ့ ပထမဆုံးနေ့ ဆိုတဲ့ပို့စ်ကို ဖတ်ပြီး ဒီစာရေးဖို့ စိတ်ကူးရခဲ့ပါတယ်...


ဒီချိန်ဆို (ဒုတိယပိုင်း)


Print this post

3 comments:

မေငြိမ်း said...

သမီး
စိတ်ရှည်လက်ရှည်ရေးတာ သိပ်ကောင်းတယ်..
ရေးရင်းနဲ့ အဲဒီက ပညာရေးပုံစံတွေ အခြေနေတွေပါထည့်ရေးပါလား…
အဲဒါဆို ခေတ်ကိုပါ မှတ်တမ်းတင်ပြီးသားဖြစ်သွားမယ်။

မေဓာဝီ said...

ညီမရဲ့ ကျောင်းသားဘ၀လေးက ပျော်စရာ ချစ်စရာ လေးပါပဲ။
အပ်နဖားထိုးတဲ့ အကြောင်း စာကို အခေါက်ခေါက်ကျက်ရတယ်ဆိုတာ ရယ်ရတယ်။ ကိုယ်စိတ်မပါဘဲ လုပ်ရရင် အဲဒီလိုပဲ။ မမေငယ်ငယ်ကလည်း အိမ်တွင်းမှုချိန်မှာ ပန်းမထိုးချင်လို့ ငိုခဲ့ရဖူးသေးတယ်။
ညီမရေးတဲ့စာဖတ်ပြီး ညီမရဲ့ ကျောင်းကို မျက်စိထဲ မြင်ယောင်မိတယ်။
မမေငြိမ်း ပြောသလို ထည့်ရေးနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။

s0wha1 said...

ဟုတ်ကဲ့...ပို့စ် တစ်ခုအနေနဲ့ ထပ်ရေးဖို့ကြိုးစားလိုက်ဦ့းမယ်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*