Wednesday, June 13, 2007

ဖြစ်ချင်တာတွေများတဲ့ ကျွန်မ



ကျွန်မ ငယ်ငယ်က ဖြစ်ချင်တာတွေ တော်တော်များတယ်။ ပတ်ဝန်းကျင်မှာ မြင်မြင်သမျှ လူတော်တော်များများကို ကျွန်မ သဘောကျခဲ့တယ်။ အရွယ်ကလည်း ၅ နှစ်ကနေ ၁၀နှစ်ကျော်အထိ ရည်ရွယ်ချက်တွေကတော့ တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ ဒါပေမဲ့ ရည်မှန်းချက် ကြီးကြီးမားမား တစ်ခုမှ မပါဘူး။


ပထမဆုံး ကျွန်မ မူကြိုဆရာမ ဖြစ်ချင်တယ်။ ကျွန်မ ညီမလေး ၃ နှစ်ကျော် ၄နှစ်ကို သူ့ထက် အသက် ၂နှစ်ခွဲကြီးတဲ့ ကျွန်မက မူကြို အပို့အကြို လုပ်ပေးရတယ်။ အဲဒီတုန်းက ကျွန်မတို့ လောဓလေးကို ပြောင်းလာခါစ တိုက်ကုန်းမှာ နေအိမ်လွတ်မရှိသေးလို့ အောက်ဘက်က မူကြိုကျောင်းနဲ့ နောက်ချင်းကပ်ရက် ၀န်ထမ်းအိမ်မှာ နေနေရတဲ့ချိန်... အိမ်နဲ့ မူကြိုနီးတော့ ကျွန်မက အပို့အကြို လုပ်ရတာပေါ့။ နီးတယ်ဆိုပေမဲ့ တကွေ့တပတ်ကြီးတော့ သွားရတာပါပဲ။ တခါတခါ ညနေဘက် ညီအစ်မနှစ်ယောက် လက်ချင်းတွဲလို့ အိမ်အပြန် ကားလမ်းပေါ်မှာ တစ်စီးထဲသောကားနဲ့ ထုပ်စီးတိုးသလိုလည်း ဖြစ်ဖူးရဲ့။ ကားက ကျွန်မတို့ညီအစ်မ နှစ်ယောက်ကိုရှောင်၊ ကျွန်မတို့ ညီအစ်မကလည်း ကားကို ရှောင်နဲ့ ရှောင်တဲ့ဘက်ချင်း တူနေတော့ ထုပ်စီးတိုးသလို ဖြစ်နေတော့တာပေါ့။ နောက်ဆုံး ကားက ရပ်နေလိုက်ပြီး ကျွန်မတို့ညီအစ်မ လမ်းဆက်လျှောက်တဲ့ထိ စောင့်နေမှပဲ ကားနဲ့လူ ထုပ်စီးတိုးတမ်း ပြီးတော့တယ်။ ညနေတိုင်း ညီမကို ကျောင်းကြိုသွားရင် တွေ့ရတဲ့ မူကြိုဆရာမ မျက်နှာလေးက အရမ်းအေးချမ်းတာပဲ။ အဲဒါကြောင့် ကျွန်မက မူကြိုဆရာမ ဖြစ်ချင်တာလေ။ တခါတလေ ညီအစ်မနှစ်ယောက် ဆရာမအိမ်လိုက်လည်ရင်း ဆရာမကို ကြည့်ပြီး သဘောတွေကျလို့... ဒါက ကျွန်မငယ်ငယ်က ဖြစ်ချင်တဲ့ ရည်မှန်းချက်ထဲက တစ်ခုပေါ့။

နောက်ကျ ဘာဖြစ်ချင်လဲဆိုတော့ ကယားမလေး အရမ်းဖြစ်ချင်တယ်။ ပလိုင်းကို လွယ်လို့ တောထဲမှာ ဟင်းသီးဟင်းရွက်ခူးရတာကို ဘယ်လိုသဘောကျမှန်း မသိဘူး။ တောင်ပေါ်ဒေသတွေမှာက ရိုးရိုးတောင်းတွေ၊ ပလုံးတွေကို ရွက်ကြ၊ သယ်ကြတာ မဟုတ်ဘူးလေ။ ပလိုင်းဆိုတာကို ကြိုးရှည်ရှည် တပ်ထားတဲ့ တောင်းတစ်မျိုးလို့ ပြောလို့ရမလား မသိဘူး။ စလွယ်သိုင်း လွယ်လို့လည်းရ၊ ခေါင်းပေါ်တင်ပြီး နောက်ကျောမှာ တွဲလောင်းချ သယ်လာလို့လည်း ရတယ်လေ။ ကျွန်မတို့ အိမ်အနောက်ဘက်က (အရှေ့ဘက်လို့လည်း ပြောလို့ရတာပဲ) ဆရာဝန်အိမ်မှာ သမီး သုံးယောက်ရှိတယ်။ အကြီးဆုံးက ကျွန်မထက် ၃၊ ၄ နှစ်ကြီးလို့ ကျွန်မတို့နဲ့ မပေါင်းဖြစ်ဘူး။ အလတ်မကတော့ ကျွန်မတို့ ညီအစ်မနှစ်ယောက်နဲ့ ရွယ်တူ ကဲဖေါ်ကဲဖက်တွေပေါ့။ သူတို့အိမ်လေးက ကုန်းစောင်းပေါ်မှာ ဆောက်ထားတာဆိုတော့ သူတို့ခြံထဲမှာ သွားကစားရင် ကျွန်မတို့ ကယားမ လုပ်တမ်းပဲ ကစားကြတယ်။ အဲဒီပလိုင်းကြိုးလေးကို ခေါင်းပေါ်တင်လို့ တောင်းထဲမှာ ထည့်ချင်ရာထည့်ထားပြီး ကုန်းစောင်းပေါ် တက်လိုက်၊ ဆင်းလိုက်နဲ့ ကစားရတာ အမောပါပဲ။ သူတို့အိမ်မှာ စတော်ဘယ်ရီပင်တွေလည်း စိုက်ထားလေတော့ စတော်ဘယ်ရီသီးတွေ ခူးတယ်ဆိုပြီး မထွက်တဲ့နဖူးက ချွေးကို သုတ်လိုက်၊ အရမ်းကို ပင်ပန်းနွမ်းနယ်ပုံမျိုးနဲ့ မာလကာပင်ရင်းမှာ ထိုင်ပြီး အမောဖြေသလို လုပ်လိုက်နဲ့ ကလေးသဘာဝ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကိုလည်း ဘာရယ်မသိ အားတွေကျလို့။

အိမ်ရှေ့ကနေ အသက်ခပ်ကြီးကြီး ကယားမကြီးတွေ ဖြတ်သွားရင် သူတို့ရဲ့ ခြေထောက်တွေမှာ ၀တ်ထားတဲ့ ကွင်းမဲမဲလေးတွေကို တစ်ယောက် တစ်ကွင်းတောင်း၊ ပြီးရင် အဲဒီကွင်း မတော်တရော်ကို ခြေထောက်မှာ စွတ်၊ ကွင်းက ကြီးပြီး ချောင်ချောင် ကျလို့ လမ်းလျှောက်မရဖြစ်နဲ့... ကျွန်မတို့မှာ အလုပ်ကို ရှုပ်နေကြတာပဲ။ အဲဒီ ကယားမကြီးတွေက သူတို့ ခြေမျက်စိကနေ ခြေသလုံးရင်းထိ အပြည့်ဝတ်ထားတဲ့ ကွင်းတွေကို ဘယ်ချိန်တောင်းတောင်း တစ်ကွင်းစီ ချွတ်ပေးသွားတာပါပဲ။ ညနေ ကစားပြီးရင်တော့ အဲဒီကြိုးကွင်းမဲမဲလေးတွေလည်း ဟိုချ၊ ဒီချနဲ့ ရှာမရတော့ပါဘူး။ အဲလို စည်းကမ်းကလည်း ရှိသေး...

နောက်တော့ ကျွန်မ ကျောင်းဆရာမ ဖြစ်ချင်တယ်။ အဖြူ၊ အစိမ်းဝတ်စုံကို ၀တ်၊ လက်ကိုင်ပုဝါလေး ခါးမှာ ထိုးထည့်၊ ကြိမ်ခြင်း လှလှလေးနဲ့ ကြိမ်လုံးကြီးကိုင်ထားတဲ့ ဆရာမ လှလှလေး ဖြစ်ချင်ခဲ့တယ်။ ဒါကတော့ ကိုယ့်ဆရာမတွေ ကြည့်ပြီး စိတ်ကူးယဉ်တာပေါ့လေ။ ကျွန်မ သူငယ်တန်းတုန်းက ဆရာမကို မမှတ်မိတော့ပေမဲ့ တစ်တန်းနှစ်က ဆရာမကိုတော့ အရမ်းချစ်တယ်။ ဆရာမနာမည်က ဒေါ်ဖြူဖြူဦးတဲ့။ နာမည်နဲ့လိုက်အောင် အသားဖြူဖြူ၊ အရပ်ပုပု ဆရာမလေးလေ... ဆရာမရဲ့ နှုတ်ခမ်းမှာ နှုတ်ခမ်းမွှေး ရေးရေးလေးရှိနေတာကိုလည်း မှတ်မိတယ်။ အဲဒီတုန်းက ဆရာမ အသက်က ၂၀ ကျော်ပေါ့... ခု ကျွန်မ လက်ရှိအသက်ထက်တောင် ငယ်သေးတယ်။ ကျွန်မတို့ နှစ်တန်းနှစ်မှာ နံပါတ် (1) က မူလတန်းကျောင်းတစ်ကျောင်းကို ဆရာမ ပြောင်းရတော့ ကျွန်မတို့ သူငယ်ချင်းတသိုက် ဆရာမကို ဖက်ဖက်ငိုတာ မှတ်မိသေးတယ်။ ဆရာမလည်းငို၊ ကျွန်မတို့လည်း ငိုကြပေါ့။ နှစ်တန်းကျောင်းသူဖြစ်သွားတဲ့ ကျွန်မတို့ကို စာသင်ရတဲ့ ဆရာမ မဟုတ်တော့ပေမဲ့ မုန့်စားဆင်းချိန်တိုင်း ဆရာမဆီသွားပြီး စကားပြောနေကျလေ။ ဆရာမက လောပိတမှာနေတော့ သူ့အိမ်နဲ့ နီးနီး ကျောင်းပြောင်းရတာ ပျော်နေမှန်း မသိခဲ့ပါဘူး။ နောက်တနေ့ ဆရာမကိုယ်တိုင် ကျောင်းပြောင်းချင်မှန်း သိတဲ့ချိန် ကျွန်မတို့ သူငယ်ချင်းတွေ ဆရာမကို စိတ်နာခဲ့တယ်။ ငိုထားတဲ့ မျက်ရည်တွေတောင် နှမျောပါတယ်... ကျွန်မတို့နဲ့ ဝေးရာသွားတဲ့ ဆရာမကို ဘယ်တော့မှ မခေါ်တော့ဘူးလို့... နောက်တော့ နံပါတ် (1)စက်ရုံက ကားမောင်းသမား တစ်ယောက်နဲ့ ဆရာမ အိမ်ထောင်ကျသွားတဲ့ သတင်းကို ကြားရတယ်။ ကျွန်မတို့ကျောင်းက ပြောင်းသွားထဲက ဆရာမနဲ့တော့ အဆက်အသွယ်မရှိတော့ပါဘူး။

တစ်နှစ်လောက် အကြာမှာ ညနေကျောင်းဆင်းချိန် ကျွန်မတို့ရွာကနေ ၂ မိုင်ကျော်ဝေးတဲ့ ၁၀မိုင်ကုန်းဘက်ကို ကျောင်းက သူငယ်ချင်းတွေနဲ့အတူ အလည်လိုက်ခဲ့တယ်။ ကျွန်မတို့က လောပိတဘက် အပြန်ကုန်ဆင်း၊ ဆရာမတို့က နံပါတ်(1) ဘက် အသွားကုန်းတက်မှာ ဆုံမိကြတယ်။ ဆရာမကလည်း သူ့ကျောင်းကနေ အိမ်ပြန်လာချိန်လေ။ အဖေါ်ဆရာမ နှစ်ယောက်လောက်နဲ့ အတူ ကိုယ်ဝန်ကြီးနဲ့ စက်ဘီးတွန်းလာတဲ့ ဆရာမကို တွေ့တယ်။ ကျွန်မစိတ်ထဲမှာ လွမ်းနေပေမဲ့ စိတ်နာမယ်လို့ သူငယ်ချင်းတွေနဲ့ပြောထားတော့ ရယ်တောင်မပြခဲ့ဘူး။ ဆရာမက သူ့အိမ် အလည်ခေါ်တယ်။ ရှေ့နားဆို အိမ်ရောက်တော့မှာတဲ့ အပြန်ကျရင် သူ့အမျိုးသားကို လိုက်ပို့ခိုင်းမယ်ဆိုတာတောင် ကျွန်မလိုက်မလည်ဘဲ ဇွတ်ငြင်းလို့ စကားတောင် ကောင်းကောင်း မပြောဘဲ လှည့်ထွက်ခဲ့တယ်။ ဆရာမ ကျွန်မကို အကြာကြီး ရပ်ကြည့်နေခဲ့မှန်း ကျွန်မ သိပါတယ်။ အဲဒီနောက်ပိုင်း လောဓလေးကနေ ရန်ကုန် ပြန်ပြောင်းလာချိန်ထိ ဆရာမနဲ့ ထပ်မတွေ့ရတော့ဘူး။ ဆရာမ ဘယ်မှာနေမှန်းလည်း ကျွန်မ မသိပါဘူး။ အချိန်တွေကိုသာ ပြန်ရွှေ့လို့ရမယ်ဆိုရင် ဆရာမနဲ့တွေ့ခဲ့တဲ့ အဲဒီညနေခင်းလေးကို ကျွန်မ ပြန်ရောက်ချင်လိုက်တာ... ပြီးရင် ဆရာမအိမ်လေးမှာ တညနေလုံး နေရင်း ဆရာမနဲ့ စကားတွေအများကြီး ပြောခဲ့မှာ။ ဒါပေမဲ့ ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူးလေ...

နောက် လေးတန်းနှစ်က ဆရာမနှစ်ယောက်နာမည်က ဒေါ်သွယ်သွယ်အောင်နဲ့ ဒေါ်တင်မိုးခိုင်။ သူတို့လည်း အဲဒီတုန်းက အသက် ၂၀ ပတ်ဝန်းကျင်ပဲ ရှိဦးမယ်။ ဆရာမ နှစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်ကြတယ်။ စာအသင်အပြတွေလည်း တော်တော်ကောင်းပါတယ်။ စာအသင်ကောင်းသလို၊ စာမရရင်လည်း လက်သံတော်တော်ပြောင်ပါတယ်။ (စကားစပ်မိလို့ပြောရရင် ကျွန်မတို့ဆီမှာက အတန်းတိုင်း A ခန်းနဲ့ B ခန်းပဲရှိတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ကျောင်းရောက်တဲ့အခါ A ခန်းကနေ J ခန်းထိရှိတော့ ကျွန်မတို့မှာ မျက်လုံးပြူးပြီး အံ့ဩရသေးတယ်။) ကျွန်မတို့ စတုတ္ထတန်းနှစ်ခန်းတွဲ ကျောင်းဆောင်တစ်ခုထဲ ကုန်းပေါ်မှာ ထီးထီးကြီး တည်ရှိနေတော့ အောက်ဘက်က ပင်မကျောင်းဆောင်တွေနဲ့ အလှမ်းကွာပြီး သီးသန့်လို ဖြစ်နေတယ်။ အဲဒီတော့ ဆရာမနှစ်ယောက်နဲ့ ကျွန်မတို့ ၄ တန်း ကျောင်းသားတွေအတွက် လူမရှိတဲ့ကျွန်းမှာ နေနေရသလိုပဲ။ တော်တော်ပျော်ဖို့ကောင်းပါတယ်။

တခါတလေ ဆရာမတွေက စနေနေ့ကို အချိန်ပိုဆိုပြီး ကျောင်းမှာ စာခေါ်သင်တတ်သေးတယ်။ အဲဒီလိုနေ့ဆို ဆရာမ နှစ်ယောက် ဆံထုံးမထုံးဘဲ ဆံပင်ကိုချ၊ အိမ်နေရင်း အပြင်အ၀တ်အစားလေးတွေနဲ့ တမျိုးကြည့်ကောင်းနေတတ်တယ်။ စာသင်ပြီး ခဏနားတဲ့ချိန် ဆရာမနှစ်ယောက်ကလည်း ကျွန်မတို့နဲ့အတူ ရောကစားတတ်တယ်။ ကျွန်မတို့ ကစားတာက တန်းမြင့်ခုန်တာပါ။ ကြိမ်ပင်ကိုဖြတ်ပြီး လူနှစ်ယောက်က တဘက်တချက်ကိုင် အောက်က ကောက်ရိုးခံပြီး ခြေသလုံးအမြင့်ကနေ စခုန်လိုက်ကြတာ နောက်ဆုံး ခေါင်းပေါ်ကနေ လက်တလံတွေထိကို ရောက်ရော... ကျွန်မကတော့ ပခုံးလောက်ထိပဲ ခုန်နိုင်တယ်... ပြီးရင် ထွက်လိုက်ရော။ ကစားလို့ မောပြီဆို ဆရာမတွေက စာပြန်သင်တယ်...

နောက်တော့ ကျွန်မ ဖြစ်ချင်တာ တမျိုးပြောင်းသွားတယ်။ ကျွန်မတို့ သူငယ်ချင်းတစု တူးဝမ်းတူး အရမ်းဖြစ်ချင်လာတာ။ တူးဝမ်းတူးဆိုတာက နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့ကို ခေါ်တာပါ။ ဘာကြောင့် အဲလို ခေါ်တာလဲတော့ ကျွန်မလည်း ခုထိမသိဘူး။ ကျွန်မအထင် အဲဒီနယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ရဲ့ တပ်ရင်းတစ်ရင်း နာမည် ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲ ပြောပြော ကျွန်မတို့ကတော့ အဲဒီ နယ်လှည့်ပြည်သူ့ဆက်ဆံရေးရဲ့ ဘယ်တပ်ရင်းပဲလာလာ 212 လို့ပဲ ခေါ်ကြတယ်။ နယ်လှည့်ပြည်သူ့ဆက်ဆံရေးဆိုတာကို ထပ်ရှင်းရရင် သူက စစ်မတိုက်ရတဲ့၊ အက၊ အခုန် အနှပညာဝါသနာပါတဲ့ စစ်သား၊ စစ်သမီးတွေနဲ့ ဖွဲ့စည်းထားတာပါ။ နယ်စွန်နယ်ဖျားက စစ်တပ်တွေကို လိုက်လံဖျော်ဖြေရတဲ့ တပ်ဖွဲ့တွေပေါ့။ ကျွန်မတို့ဆီက စက်ရုံအရာရှိတွေနဲ့ စစ်တပ်မိသားစုတွေအတွက် နှစ်တိုင်းလာပါတယ်။(၁၉၉၂ နောက်ပိုင်းတော့ မလာတော့ဘူး...) ပြဇာတ်၊ ယိမ်း၊ စတိတ်ရှိုး အကုန်ဖျော်ဖြေပါတယ်။ ပွဲငတ်တဲ့ ကျွန်မတို့ ရွာလုံးကျွတ် အားပေးကြတယ်။ အဲဒီမှာ တူးဝမ်းတူးက စစ်သမီးတွေလို ကျွန်မတို့ အရမ်းဖြစ်ချင်ခဲ့တာပါ။ သူတို့တွေက လုံးကြီးပေါက်လှလို့ပြောရမယ်။ ယူနီဖောင်းနဲ့လည်း တော်တော်လှကြတယ်။ အဲဒီတုန်းက ကလေးအမြင်မို့လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော ကြီးလာရင် တူးဝမ်းတူး လုပ်မယ်က တပြားမှ မလျော့ဘူး။ အိမ်က မိဘကိုတော့ မပြောရဲပါဘူး။ အိမ်က ဖြစ်စေချင်တဲ့ ဆရာဝန်လုပ်မယ်ပဲ ပြောရဲပါတယ်။ တကယ်တော့ ဘယ်တုန်းကမှ ကျွန်မ ဆရာဝန် မဖြစ်ချင်ခဲ့ပါဘူး။

နောက်တခါ တူးဝမ်းတူးနဲ့ အပြိုင် ဖြစ်ချင်တာတစ်ခုကတော့ ကျွန်မအဖေလို အင်ဂျင်နီယာ အရာရှိ ဖြစ်ချင်တာပါ။ ကျွန်မတို့ ဒီလို တူးဝမ်းတူးပွဲနဲ့ ဘာပွဲညာပွဲပဲဖြစ်ဖြစ် ကျွန်မတို့က ရာဇမတ်ကာထားသလိုထဲမှာ ထိုင်ခုံတွေနဲ့ ရှေ့ဆုံးမှာ မိန့်မိန့်ကြီး ထိုင်ကြည့်ရလေတော့ ကလေးပီပီ အကျေနပ်ကြီး ကျေနပ်ပါတယ်။ အလုပ်သမားသားသမီးတွေ ဖြစ်တဲ့ ကျွန်မသူငယ်ချင်းတွေ၊ ရိုးရိုးရွာသားတွေက ကိုယ့်ဟာကိုယ်နေရာဦးရတဲ့ မြေကြီးပေါ်မှာ ဖျာခင်းပြီး ထိုင်ကြည့်နေရချိန်မှာ အဖေနဲ့ပတ်သက်ပြီး ကိုယ်က VIP နေရာမှာ ထိုင်နေရတာဆိုတော့ ကျွန်မအဖေလို ဖြစ်ချင်လာတာပေါ့။

ဒီလိုနဲ့ ညတိုင်းလိုလို ကျွန်မအိပ်မက်ထဲမှာ တူးဝမ်းတူးတလှည့်၊ အင်ဂျင်နီယာတလှည့်နဲ့ နေရာယူခဲ့တယ်။ ရန်ကုန်ကို ပြန်ရောက်တဲ့ချိန်မှာတော့ တူးဝမ်းတူးဆိုတာကို ဖြစ်ချင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို တွေးတွေးပြီး ရယ်နေမိတယ်။ နောက်ဆုံးဖြစ်ချင်တဲ့ အင်ဂျင်နီယာတော့ ကျွန်မဖြစ်လာပြီ ထင်ပါရဲ့...

s0wha1

Print this post

4 comments:

Chocolaier said...

အစ်မရေ
အစ်မဖြစ်ချင်တာ ချိုကို့လောက် မများသေးပါဘူး။ ဘလော့ဂ်နာမည်ကိုက ကြည့်ပါလား။ :P

ကလိုစေးထူး said...

ဒိုင်ယာယီတခုကို ဖတ်ချင်စဖွယ် ဖြစ်အောင် ရေးထားသလိုပဲ။ ဖတ်လို့ကောင်းတယ်။ ကိုကြီး ငယ်ငယ်တုန်းက ဆရာမကတော့ အသက်ခပ်ကြီးကြီးကွ၊ ကိုကြီးနေခဲ့တဲ့ ကျောင်းကကျတော့ ပုံစံတမျိုး အသက်ကြီးတဲ့ ဆရာ/ဆရာမတွေက ကလေးတွေရဲ့ အနွံအတာကို ပိုခံနိုင်လို့တဲ့.. အတန်းငယ်တွေကို အသက်ကြီးကြီးထားတယ်။ ဆရာမက ရပ်ငေးပြီး ကြည့်ကျန်ခဲ့မှာကို သိနေတယ်လို့ ရေးထားတာ မျက်စိထဲတောင် မြင်ယောင်တယ်။ ညီမလေးတို့ အခေါ် 212 ကို ကိုကြီးတို့ နယ်ဘက်မှာတော့ နပစ လို့ ခေါ်တယ်။ နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲပေါ့။ အရင်ကတော့ တပ်ခွဲ(၁) နဲ့ (၂) ပဲ ရှိတယ်။ ကိုကြီး မြန်မာပြည်က ထွက်လာတဲ့ အချိန်မှာတော့ တပ်ခွဲ(၄) အထိ ရှိနေပြီ။ ပြောသာ ပြောရတယ် အဲဒီ တပ်ခွဲတွေ လာလာကပြရင် ကိုကြီးတို့ မြို့မှာလဲ တော်တော်ကို ကြိုက်ကြသား။ ပွဲငတ်ကြလို့နဲ့ တူပါတယ်။ ဟာသပြဇာတ် တခုမှတ်မိသေးတယ်။ တိုက်ပွဲတခုပေါ့ကွာ၊ တပ်သားတွေက တယောက်ပြီး တယောက် ကျဆုံးနေကြတယ်ပေါ့..။ အဲဒီမှာ ရဲဘော်တယောက်က သူ့အရာရှိကို `ဗိုလ်ကြီး…. တယောက်ပြီး တယောက်ကျနေတယ်၊ အားလုံး ထိကုန်ပြီ´ လို့ အော်ပြောတယ်ပေါ့။ အဲဒီမှာ ဗိုလ်ကြီး အဖြစ်သရုပ်ဆောင်သူက `အေး. ဖား တက် တက်၊ ဖား တက် တက်´ လို့ ပြောတော့ တပ်သားတွေက ဖားလိုပုံစံလုပ်ပြပြီး တက်ကြတယ်ပေါ့။ သူတို့ကတော့ ဘယ်လိုသဘောနဲ့ ပြက်လုံးထုတ်ခဲ့တယ် မသိပေမယ့် အောက်က လူတွေက ကိုယ်နားလည်ချင်သလို နားလည်ပြီး ရယ်လိုက်ကြတာ တအုန်းအုန်း။

ဒီပို့စ်ကို ဖတ်ပြီးတော့ ကိုကြီးလဲ နယ်ကို ပြန်သတိရသွားနဲ့ ကွန်မန့်တောင် အတော်ရှည်သွားတယ်။ :)

May Nyane said...

ရိုးရိုးသားသားနဲ့ ချစ်စရာကောင်းတဲ့စာ..
ဒီစာမျိုး ဘလော့မှာပဲ ဖတ်ရမယ်ထင်ပါရဲ့။
ငယ်ဘ၀အတွေးတွေကို ဒီတိုင်းပြန်ရေးနိုင်တာ ချီးကျူးစရာ..

Maydarwii said...

ဒီလိုပဲ … မမေလည်း ငယ်ငယ်တုန်းက အိပ်မက်လေးတွေ … မျိုးစုံ မက်ခဲ့ဖူးတယ်။ ဖြစ်ချင်တာတွေကများပြီး ဖြစ်မလာတော့ ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်တဲ့အခါ ဖြစ်၊ တခါတလေတော့လည်း ကိုယ့်ထက် ဆိုးတဲ့သူတွေနဲ့ ယှဉ်ပြီး ကိုယ်ဖြစ်နေတဲ့ဘ၀ကိုပဲ ရောင့်ရဲတင်းတိမ် မိတတ်သေး။
ဘာပဲဖြစ်ဖြစ် ညီမလေးဖြစ်ချင်တာတွေ များပေမယ့် အားလုံးက ရိုးသားဖြူစင် တာပါပဲ … ။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*