Tuesday, June 5, 2007

ဒီချိန်ဆို...(ဒုတိယပိုင်း)



ဒီချိန်ဆိုပို့စ်မှာ အန်တီငြိမ်းနဲ့ မမေက ကယားပြည်နယ်ရဲ့ ပညာရေးပုံစံ အခြေအနေတွေ ထည့်ရေးဖို့ ကွန်မန့်ရေးပြီး အကြံပေးတဲ့အတွက် ဒုတိယပိုင်းအနေနဲ့ ကျွန်မ ငယ်ဘ၀အကြောင်းနဲ့ ဆရာ၊ ဆရာမတွေ အကြောင်း အနည်းငယ်ရောပြီး ဆက်ရေးလိုက်ပါတယ်...

တင်တင်ဌေး၊ ဆရာမ၊ me၊ မိုးကလျာအိ


သုံးတန်းနှစ် အတန်းပိုင်ဆရာမ ဒေါ်ဘေဘီ၊ ကျွန်မသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ မိုးကလျာအိ၊ တင်တင်ဌေးတို့နဲ့အတူ ရိုက်ထားတဲ့ တစ်ပုံတည်းသော အမှတ်တရ ဓာတ်ပုံပါ... အဲဒီနေ့က အာစရိယ ပူဇော်ပွဲနေ့လေ... ကျွန်မတို့ဆီမှာ အာစရိယပူဇော်ပွဲ ကျင်းပတဲ့နေ့ဆို အရမ်းပျော်ဖို့ကောင်းပါတယ်... ကျောင်းသားတိုင်းလည်း မပျက်မကွက်လာကြတယ်... အဲဒီနေ့ မနက်ပိုင်းမှာ သူငယ်တန်းကနေ ၈တန်း ကျောင်းသားထိ ကျောင်းခန်းမကျယ်ကြီးရဲ့ ကြမ်းပြင်ပေါ် တစုတဝေးထဲထိုင်လို့ စင်ပေါ်မှာ ထိုင်နေကြတဲ့ ကျောင်းမှာရှိသမျှ ဆရာ၊ ဆရာမတွေကို ရိုသေစွာ ကန်တော့ကြပါတယ်... (တကယ်တော့ ကျောင်းခန်းမဆိုတာက မြို့ကျောင်းတွေမှာလို သီးသန့်ရှိတာ မဟုတ်ပါဘူး... စာသင်ခန်း သုံး၊ လေးခန်းကို နံရံတွေ ဖယ်လိုက်တော့ ဧရာမကျောင်းခန်းမ ဖြစ်သွားတော့တာပေါ့...) ပြီးရင်တော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပြဇာတ်တွ၊ အကတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖျော်ဖြေပွဲ စတင်တယ်... ကျောင်းဝန်းထဲမှာလည်း မုန့်လာရောင်းတဲ့လူတွေနဲ့ စည်ကားနေတယ်... ကျွန်မတို့ဆီမှာ ပျော်ပွဲရွှင်ပွဲက ရှားပါးလေတော့ ဒါမျိုး ကျောင်းကပွဲကိုလည်း အနီးအပါးက မိဘပြည်သူတွေ လာကြည့်ကြတာပါပဲ... ဒီလိုနေ့ဆို ကျွန်မတို့ရွာရဲ့ တစ်ဦးတည်းသော ဓာတ်ပုံဆရာလည်း လက်မလည်အောင် ဓာတ်ပုံရိုက်ပေးရပြီပေါ့... ဓာတ်ပုံဆရာက တခြားလူတော့ မဟုတ်ပါဘူး... တရုတ်ကုန်စုံဆိုင်ဖွင့်ထားတဲ့ တရုတ်မိသားစုထဲက အစ်ကိုကြီး တစ်ယောက်ပါ... သူ့ကို ဓာတ်ပုံမောင်မောင် လို့ခေါ်ကြတယ်... ဒီပုံကလည်း သူရိုက်ပေးတာပေါ့... ကျွန်မတို့ နောက်ဘက်မှာ ဖြတ်သွားတဲ့ ကျောင်းသူ နှစ်ယောက်ကလွဲပြီး လူမရှိတဲ့ ကျောင်းဝန်းကြီးပုံပေါက်နေလို့ ဇဝေဇ၀ါတော့ ဖြစ်မသွားကြပါနဲ့... လူတွေက ကျွန်မတို့ ဘယ်ဘက်ခြမ်း အောက်ဘက်က ကျောင်းခန်းမကြီး ပတ်ဝန်းကျင်မှာ ရောက်နေကြလို့ပါ... ကျွန်မတို့ ဓာတ်ပုံရိုက်တဲ့ နေရာကတော့ ကျောင်းဆိုင်းဘုတ်ရှေ့၊ နိုင်ငံတော် အလံအောက်၊ ကျွန်မတို့ ကစားကွင်းလို့လည်း ပြောလို့ရတဲ့၊ တနင်္လာနဲ့ သောကြာနေ့မနက်တိုင်း စုဝေးတန်းစီရာ ကွင်းပြင်နေရာလည်းဖြစ်တဲ့ ကုန်းမို့မို့ပေါ်မှာပါ...

ကျွန်မတို့ လောဓလေး အ.လ.က ကျောင်းက တောင်ပေါ်ရွာကျောင်းပေမဲ့ စည်းကမ်းကြီးတဲ့ကျောင်းအဖြစ် နာမည်ကြီးပါတယ်... အဲဒီတုန်းက ၄ တန်းနဲ့ ၈ တန်းနှစ်တွေက အစိုးရစစ်စာမေးပွဲတွေဖြစ်လေတော့ ကျွန်မတို့ကျောင်းက ကယားပြည်နယ် တစ်ပြည်နယ်လုံးမှာ အောင်ချက်အကောင်းဆုံး ကျောင်းထဲမှာ ပါဝင်တယ်... နှစ်စဉ်နှစ်တိုင်း ကျွန်မတို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်ရင်ဟာ လွိုင်ကော်မြို့ပေါ်တက်ပြီး ဆုသွားယူရလေ့ရှိပါတယ်... ရတဲ့ ဆုတွေကလည်း မနည်းပါဘူး... ကျောက်ဆည်သူ ဆရာမကြီးရဲ့ အုပ်ချုပ်မှုကောင်းလို့လည်း ကျွန်မတို့ကျောင်းအနေနဲ့ ဒီလို ဂုဏ်ရှိနေတာ ထင်ပါရဲ့...

ကျွန်မတို့အိမ်က ဆရာမကြီး ဒေါ်ရင်ရင်၊ လောဓလေးဆေးရုံမှာ တာဝန်ကျတဲ့ မန္တလေးဇာတိ ဆရာဝန်မမိသားစုအိမ်တို့နဲ့ နီးလေတော့ ကျွန်မတို့ မိသားစုနဲ့ သူတို့ မိသားစုတွေက အလွန်ရင်းနှီးကြတယ်... အရင်ဆုံး ကျွန်မတို့အိမ် တည်နေရာကို ပြောပြချင်တယ်... တိုက်ကုန်းအ၀င်လမ်းအတိုင်း ကြည့်မယ်ဆိုရင် ကျွန်မတို့အိမ်က ဘယ်ဘက်ခြမ်း၊ လမ်းနှစ်လမ်းဆုံ ထောင့်မှာရှိတယ်... ကျွန်မတို့တိုက်ကုန်းအိမ်တွေက ခြံဝင်းကျယ်ကျယ်ထဲက အ၀ါရောင် တစ်ထပ်တိုက်ပုလေးတွေပါ... ဂျပန်တွေ စစ်လျော်ကြေးအနေနဲ့ လောပိတ စက်ရုံကြီးနဲ့ အင်ဂျင်နီယာအရာရှိတွေ အိမ်နေရာကို ဆောက်လုပ်ပေးခဲ့တာလို့ သိရပါတယ်... အဲဒီတော့ ကျွန်မတို့ တိုက်ကုန်းကအိမ်တွေရဲ့ အိမ်ရှေ့မျက်နှာစာတွေအားလုံး အရှေ့ဘက်ကို လှည့်ထားပါတယ်... ဒီတော့ ကျွန်မတို့အိမ်က အနောက်ရပ်ဖြစ်တဲ့ တိုက်ကုန်းလမ်းမဘက်ကို ကျောပေးထားပြီး ဆရာဝန်မ မိသားစု အိမ်ဘက်ကို မျက်နှာမူထားတယ်... (ကျွန်မတို့ ခြံတံခါး ၀င်ပေါက်က အိမ်ကျောပေးထားတဲ့ တိုက်ကုန်းကားလမ်းမဘက်မှာ ရှိလေတော့ အိမ်ထဲကို ကွေ့ပြီး ၀င်ရတယ်...) အဲဒီဆရာဝန်မတို့ အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ (စက်ရုံသွားရာ ကားလမ်းခြားလျက်) ကျောင်းအုပ်ဆရာမကြီးတို့ အိမ်ပါပဲ... ဆရာမကြီးတို့ အိမ်အနောက်ဘက်ကတော့ ကျွန်မတို့ရဲ့လောဓလေးကျောင်းပါ... ဆရာဝန်မအိမ်၊ ကျောင်းအုပ်ဆရာမကြီးအိမ်နဲ့ တခြား ၀န်ထမ်းအိမ်တွေက ဂျပန်တွေဆောက်လုပ်သွားတဲ့ အိမ်မဟုတ်လို့လားမသိဘူး ကျွန်မတို့အိမ်တွေနဲ့ မတူပါဘူး... ပြောရရင်တော့ တိုက်ကုန်းက အိမ်တွေကလွဲရင် ကျန်တဲ့ ၀န်ထမ်းအိမ်တွေ အကုန်လုံး ပျဉ်ထောင်သွပ်မိုးအိမ်တွေသာဖြစ်ပြီး လမ်းမတွေဘက်ကို မျက်နှာမူထားကြတယ်... ဒီလိုဆိုရင်တော့ ကျွန်မတို့ အိမ်သုံးအိမ်ရဲ့ တည်ရှိပုံကို သိနိုင်ပြီ ထင်ပါရဲ့...

မြို့နေလူအများစုက နယ်ကျောင်းတွေရဲ့ ပညာရေးအခြေအနေကို ညံ့လိမ့်မယ်လို့ ထင်ထားတတ်ကြတယ်... တကယ်တော့ နယ်တွေမှာ တကယ်တော်၊ တကယ်တတ်တဲ့ ဆရာ၊ဆရာမတွေ အများကြီးပါ... သူတို့သင်ပေးရတဲ့ ဘာသာရပ်ကို ကျွမ်းကျင်တတ်မြောက်ထားတဲ့ ဆရာတွေက များပါတယ်... အင်္ဂလိပ်စာ သင်တဲ့ ဆရာ၊ ဆရာမဆိုရင် အင်္ဂလိပ်လို ပီပီသသနဲ့ သဒ္ဒါမှန်မှန် ကျွမ်းကျင်စွာ ပြောတတ်ကြတယ်... ဒီလိုပါပဲ ဆိုင်ရာဆိုင်ရာ ဘာသာရပ် ဆရာ၊ ဆရာမတွေကလည်း သူတို့နည်း သူတို့ဟန်နဲ့ တော်ကြပါတယ်... သူတို့ သိထား၊ နားလည်ထားသမျှကို အစွမ်းကုန် စေတနာပါပါနဲ့ တကယ်တတ်အောင်၊ နားလည်အောင် သင်ပေးကြတာပါ... "ပီတိကို စား၊ အားရှိပါ၏"... "တပည့်မရှား၊ တပြားမရှိ"... "စေတနာ၊ ကရုဏာ၊ အနစ်နာ" ဆိုတဲ့ နာသုံးနာနဲ့ ပြည့်ဝတဲ့ ဆရာတွေကို နယ်ကျောင်းတွေမှာ တွေ့ရမှာပါ... တောထဲမှာ လာနေရတဲ့ ၀န်ထမ်းချင်းတူတူ သူတို့တွေရဲ့ဘ၀က စက်ရုံဝန်ထမ်းတွေထက် ပိုဆိုးပါတယ်... ဆရာ၊ ဆရာမတွေဟာ တနင်္ဂနွေ တပတ်ခြားတခါ စက်ရုံဝန်ထမ်းတွေအတွက် စီစဉ်ပေးတဲ့ကားနဲ့ လွိုင်ကော်ကို ဈေးဝယ် ကားကြုံ ခိုကပ်ပြီး လိုက်စီးရတတ်တယ်... ပညာရေးဌာနဆိုတော့ EPC က မော်တော်ယာဉ်ဌာနလိုမျိုး အဖွဲ့အစည်းအထောက်အပံ့မှ မရှိဘဲ...

ကျွန်မတို့ဆီမှာ နှစ်ဝက်ကျိုးလောက်မှ ပုံနှိပ်စာအုပ် အပြည့်အစုံနဲ့ စာသင်ရတတ်ပါတယ်... တခါတလေ နှစ်သာကုန်သွားတယ် ဖတ်စာအုပ်မရလိုက်တဲ့ ကျောင်းသားတွေလည်း ရှိပါတယ်... များသောအားဖြင့်တော့ ကျောင်းသားဦးရေအလိုက် မှာထားတဲ့ စာအုပ်အရေအတွက်အတိုင်း မရောက်လာတတ်ပါဘူး... ဒီလိုခါမျိုးမှာ ဆရာတွေက မဲချပြီး စာအုပ်ဝေပေးပါတယ်... ကျွန်မအမေက လ တိုင်းလိုလို ရန်ကုန် ပြန်တတ်လေတော့ ကျွန်မတို့အတွက် ဖတ်စာအုပ်အဟောင်းတွေ ၀ယ်လာပေးပါတယ်... အဲဒီတော့ ကျောင်းစစတက်တဲ့နေ့ထဲက ကျွန်မတို့မှာ ဖတ်စာအုပ်ရှိနေတတ်တယ်... စာအုပ်သစ်တွေ မရမချင်း မပူမပင်သုံးလို့ရတာပေါ့... တချို့သော သူငယ်ချင်းတွေကလည်း သူတို့အစ်မတွေ၊ အစ်ကိုတွေရဲ့ ဖတ်စာအုပ်ဟောင်းတွေ သုံးကြတယ်... စာအုပ်သစ်မ၀ယ်နိုင်လို့ စာအုပ်ဟောင်းပဲ သုံးပြီး စာသင်နှစ်တနှစ် ပြီးသွားတဲ့ သူတွေလည်း အများကြီးရှိပါတယ်...

မှတ်မှတ်ရရ ကျွန်မတို့ ၅ တန်းနှစ်မှာ အထွေထွေသိပ္ပံဘာသာရပ်ကို သင်ရပြီဆိုတော့ ကွန်ပါဘူးတွေကိုင်ရပြီပေါ့... ကျွန်မပြောတဲ့ ကွန်ပါဘူးကို သိတယ်မလား... ထောက်ချွန်၊ ထောက်ဆူး၊ စက်ဝိုင်းခြမ်းတို့ ပါတဲ့ ကွန်ပါဘူးလေ... အဲဒီနှစ်က ကျွန်မတို့ကျောင်းက ကျောင်းသားအရေအတွက်အတိုင်း ကွန်ပါဘူး မရပါဘူး... ဒီတော့ ဆရာမက မဲနှိုက်ခိုင်းဖို့ ပြင်ဆင်ပါတယ်... ဗလာမဲ ၁၀ မဲပါ... အပြင်မှာဝယ်ရင် ဈေးကြီးတဲ့အတွက် ကျောင်းကရတာပဲ လူတိုင်း လိုချင်လေတော့ ရင်တထိတ်ထိတ်နဲ့ မဲ စ နှိုက်ကြတယ်... ဈေးနှုန်းအတိအကျမမှတ်မိတော့ပေမဲ့ အပြင်ပေါက်ဈေးနဲ့ အစိုးရဈေး ထက်ဝက်လောက်ကွာတာတော့ မှတ်မိနေတယ်... ဆရာမက နာမည်စဉ်လိုက်အတိုင်း ကျောင်းသားတွေ တစ်ယောက်ချင်းခေါ်ရင်း မဲနှိုက်ခိုင်းတာ မဲပေါက်တဲ့လူကပျော်၊ မဲမပေါက်တဲ့လူက မျက်နှာပျက်နဲ့ ကြည့်ရတဲ့ လူမှာလည်း ရင်မောရပါတယ်... ဒီလိုနဲ့ ဗလာမဲ ၉ မဲ အထိ ကျောင်းသားတွေ နှိုက်ပြီးကြပါပြီ... နောက်ဆုံး ကံဆိုးသူက ဘယ်သူဖြစ်လေမလဲလို့ အားလုံးကလည်း စိတ်ဝင်စားနေတယ်... တကယ်တော့ ဒီဗလာမဲတစ်မဲသာ တစ်ယောက်ယောက်ပေါက်သွားရင် ကျန်တဲ့လူတွေက မဲဆက်နှိုက်စရာမလိုတော့ဘဲ ကွန်ပါဘူးတွေ ပိုင်ဆိုင်ရတော့မှာလေ... မကြာခင် ကျွန်မအလှည့်ကို ရောက်လာလေတော့ စိတ်လှုပ်ရှားစွာနဲ့ ဆရာမ ရှိရာသွားလို့ မဲတွေကို ကျွန်မ စိတ်ကြိုက်သေချာရွေးပြီး နှိုက်လိုက်ပါတယ်... ကျွန်မ ရွေးချယ်ထားတဲ့ မဲလိပ်လေး ဖြည်နေတဲ့ ဆရာမကို မျက်နှာငယ်လေးနဲ့ ဒါပေမဲ့ မျှော်လင့်ချက်အပြည့်နဲ့ ကျွန်မမော့ကြည့်ရင်း ရင်တွေတဒိန်းဒိန်းနဲ့ပေါ့... တသက်မှာ တခါ ကျွန်မ ၀မ်းအနည်းရဆုံးနေ့ကို ပြောပါဆိုရင် အဲဒီနေ့လေးကိုပဲ ကျွန်မ ပြောမိပါလိမ့်မယ်... ပေါက်မဲတွေ အများကြီးထဲက တစ်ခုတည်းသော ဗလာမဲကို သေချာပိုင်နိုင်စွာ ရွေးချယ်လိုက်တဲ့ ကျွန်မမှ မကြေကွဲရင် ဘယ်လိုလူမျိုး ကြေကွဲမလဲလေ...

အိမ်ကိုပြန်ရောက်တဲ့အခါ တနေ့တာ အတွေ့အကြုံတွေ ပြန်ပြောပြတတ်တဲ့ ကျွန်မတို့မောင်နှမတွေ အကျင့်အတိုင်း အဲဒီနေ့မနက်ကအကြောင်း ကျွန်မအဖေကို ဘာမှ မခံစားရသလို တည်တည်ငြိမ်ငြိမ်နဲ့ ပြောပြခဲ့ပါတယ်... တကယ်တော့ ကျွန်မရင်ထဲက ၀မ်းနည်းမှုအတိုင်းအတာကို ကျွန်မကိုယ်တိုင်ပဲ သိနိုင်မယ်ထင်ပါရဲ့... ခုပြန်တွေးကြည့်တော့လည်း ကျွန်မက အဲဒီအရွယ်ထဲက ကိုယ့်ခံစားချက်ကို မထုတ်ပြဘဲ ဟန်ဆောင်တတ်နေပါလားပေါ့... နောက်တနေ့မှာ ကျွန်မ ကွန်ပါဘူးအသစ်လေးရပါတယ်... အဖေ လွိုင်ကော်မြို့ပေါ်တက်ပြီး ၀ယ်လာတဲ့ ကွန်ပါဘူးလေးဟာ ကျောင်းကလူတွေ ရတဲ့ ကွန်ပါဘူးနဲ့ တသဝေမတိမ်း တူပါရဲ့နဲ့ ကျွန်မ မပျော်နိုင်ခဲ့ပါဘူး... ကွန်ပါဘူးလေးကို ကြည့်ပြီး ၀မ်းသာရမယ့်အစား ဈေးသက်သက်သာသာနဲ့ ရမယ့်အရာတခုကို ဈေးကြီးပေးဝယ်ရတဲ့အတွက် ကျွန်မစိတ်ထဲမှာ ပိုလို့ဝမ်းနည်းမိပါတယ်... ကျွန်မထင်တယ်လေ... ကျွန်မသာ ပထမဆုံး ဗလာမဲ ပေါက်သူဆိုရင်တောင် ကျွန်မ ဒီလောက် စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူးလို့...


s0wha1

Print this post

4 comments:

မေငြိမ်း said...

သမီး..
ကံကောင်းလို့ ဆရာကောင်းတွေနဲ့ ကြုံကြိုက်ရတာပါပဲ..
တကယ်တော့ နယ်မှာဖြစ်ဖြစ် မြို့မှာဖြစ်ဖြစ်
ကလေးတွေအပေါ်စေတနာမထားတဲ့ ဆရာမျိုးနဲ့တွေ့ရင်
ပညာကောင်းကောင်းမရနိုင်ဘူးပေါ့။
ဒါပေမဲ့ ကွန်ပါဘူးကို မဲနှိုက်ရတာမျိုးကတော့
အစိုးရရဲ့ စေတနာနည်းပါးမှုနဲ့ ညံ့ဖျင်းမှုကြောင့်ပါပဲ။

မေဓာဝီ said...

ညီမရေ …
မမေလည်း ကိုယ့်အထက်မှာ အစ်မ ၂-ယောက်ရှိတာဆိုတော့ ဖတ်စာအုပ်ဆို အမြဲတမ်း အဟောင်းပဲ ကိုင်ခဲ့ရတယ်။ ၈-တန်း ရောက်မှ စနစ်သစ်ပြောင်းသွားလို့ အသစ်ကိုင်နိုင်သွားတာပါ။
ပြီးတော့ ကျောင်းမှာ အဲဒီလို မဲနှိုက်ရင်ဖြစ်ဖြစ် ဘယ်နေရာမဆို ကံစမ်းကြတဲ့အခါ မမေက အဲဒီ luck မရှိဘူး။ ဘယ်တော့မှ မဲပေါက်တယ်ရယ်လို့ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ကံစမ်းတဲ့အလုပ်လည်း ဘယ်တော့မှ မလုပ်ဖြစ်ဘူး။ ထီထိုးတာတို့ လောင်းကစားလုပ်တာတို့လည်း ဝေးဝေးကရှောင်တယ်။ ကိုယ့်ခွန်နဲ့အားနဲ့ လုပ်မှ ရတတ်တယ်ဆိုတာ ငယ်ငယ်ထဲက စွဲနေခဲ့တာလေ။
ကံကောင်းသူတွေကို အားကျပေမဲ့ ကိုယ်က ကံမကောင်းတတ်တော့ “ငါသာ ကံကောင်းပြီး အမြဲ အလွယ်တကူရတတ်ရင် အဲဒါကိုပဲ မျှော်လင့်နေမိမှာ … ကံမကောင်းတတ်တာက ခပ်ကောင်းကောင်း” ဆိုပြီးတော့ပဲ ဖြေတွေးတွေးလိုက် ပါတယ်။

ကလိုစေးထူး said...

ကျောင်းအတွေ့အကြုံလေးပါလား။ :) ကိုကြီးလဲ မဲနဲ့ပတ်သက်ရင် အကျိုးကို မပေးဘူး။ အဲဒီကွန်ပါဘူးမဲလဲ မပေါက်ခဲ့ဘူး။ ရှိသေးတယ်ကွ၊ ခြောက်တန်းနှစ်က ထင်တယ်။ အတန်းထဲမှာ ကျောင်းစိမ်းပိတ်စတွေ မဲဖောက်ပြီး ဈေးတော်တော်နဲ့ ရောင်းတာ။ ဒါလဲ မပေါက်ပါဘူးကွာ။ ကြွားရဦးမယ်ကွ..ဟဲဟဲ။ ရန်ကုန်မှာ နေစဉ်ကရော နယ်မှာနေစဉ်ကရော တခါမှ ကျူရှင်မတက်ခဲ့ရဖူးဘူး။ ပြောချင်တာက နယ်ဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ် စေတနာ အပြည့်နဲ့ သင်တဲ့ ဆရာ/ဆရာမတွေ ရှိတတ်ပါတယ် ဆိုတာပါ။ နယ်က ရန်ကုန်ထက်စာရင် ပိုပြီး မိသားစုဆန်တယ်။ နွေးနွေးထွေးထွေးလဲ ရှိတယ်လို့ ခံစားရတာတော့ အမှန်ပဲ။

Thet Htoo@Myat Lone said...

နယ်မှာပဲ သူငယ်တန်းမှ ၁၀ တန်းအထိ ကျောင်းနေခဲ့တဲ့ ကျွန်တော့်အတွက်လည်း သတိရစရာတွေပါပဲ။ လက်ဆင့်ကမ်း ကျောင်းစာအုပ်အဟောင်းတွေရယ်၊ ပစ္စည်းမပြည့်စုံတဲ့ ကွန်ပါဘူးတွေရယ်၊ စိတ်ထားကောင်းပြီး ခင်စရာအရမ်းကောင်းတဲ့ သူငယ်ချင်းတွေရယ်ပေါ့။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*