အဲသည်နေ့က ကောင်းကင်ပြင်သည် ကဗျာဆန်စွာ လှပမနေခဲ့ပါ။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော သာမန် ကျောင်းဖွင့်ရက်လေး တစ်ရက်သာဖြစ်ခဲ့ပါသည်။
ထို့ထက်ပို၍ ပြောရလျှင် ၁၀တန်းဆိုတာ ကျောင်းမှာ အချိန်ဖြုန်းနေတာထက် ကိုယ့်အိမ်မှာကိုယ် ဆရာ၊ ဆရာမ၊ Guide တွေနှင့် သင်ယူကျက်မှတ်နေမှ အကျိုးရှိတာဟု ယူဆထားသော အစ်မအကြီးဆုံး၏ အစီအမံဖြင့် စည်းကမ်း အတော်အတန်ကြီးသည့်ကျောင်းမှ တပတ်တွင် ၂ ရက်၊ ၃ရက်မျှ တက်ရုံနှင့် အဆင်ပြေစေနိုင်သော အိမ်နားက ကျောင်းသို့ စာသင်ချိန်နှစ်ဝက်၌ ပြောင်းရွှေ့တက်ရောက်ခဲ့သော ပထမဆုံးနေ့လေး တနေ့သာဖြစ်ခဲ့ပါသည်။
သူ့ကို ယခုတကြိမ်မှ တွေ့မြင်ဖူးခြင်း မဟုတ်တာတော့ သေချာပါသည်။ ညနေတိုင်း ကျွန်မနားထောင်ဖို့ သီချင်းခွေသစ်တစ်ခွေဖြင့် ရောက်လာနေကျ ကျွန်မ၏ ဟိုလိုလို၊ ဒီလိုလို သူငယ်ချင်းနှင့်အတူ သူသည် အမြဲလို လိုက်ပါလာတတ်သည်။ ထိုသူငယ်ချင်းနှင့် သူသည် အလွန်ချစ်ကြသော သူငယ်ချင်းတွေဖြစ်ကြောင်း သိထားရုံက လွဲပြီး ကျွန်မ သူ့ကို သေချာမသိပါ။
အေးအေးသက်သာနေလိုပြီး သူငယ်ချင်းသစ် မလိုအပ်သော ကျွန်မနှင့် သူငယ်ချင်းမလေးတစ်ယောက်တို့သည် အတန်း၏ ပြတင်းပေါက်နားက နောက်ဆုံးခုံကို ရွေးချယ်လိုက်ခြင်းသည် သူနှင့်ကျွန်မ၏ မပြီးပြတ်နိုင်သော ပုံပြင်တစ်ပုဒ်ရဲ့ နိဒါန်းဖြစ်ခဲ့ပါသည်။ စာသင်ခန်း၏ ၀င်ပေါက်ထွက်ပေါက် တံခါးနားရှိ နောက်ဆုံးခုံတွင် ထိုင်နေတတ်သောသူ့ကို ကျွန်မ၏ သူငယ်ချင်းမလေးအား အကာအကွယ်ယူလျက် ငေးမောရခြင်းသည် ကျွန်မဘ၀တွင် ရင်ခုန်စရာအကောင်းဆုံး အချိန်များသာ ဖြစ်ခဲ့သည်။ ကိုယ်ချစ်မြတ်နိုးရသူ တစ်ယောက်ကို ထိုသူမသိအောင် ခိုးကြောင်ခိုးဝှက်ကြည့်၍ ဖြစ်ပေါ်လာသော ခံစားချက်ကို ကိုယ်တိုင်ကြုံဖူးမှ သိနားလည်နိုင်ပါလိမ့်မည်။
မထူမပါး မျက်ခုံးမွှေးများအောက်မှ မျက်လုံးတောက်တောက်လေးများကို လည်းကောင်း၊ မတိုမရှည် နှာတံပေါ်ပေါ်လေးကိုလည်းကောင်း၊ ကကြီးပုံသဏ္ဍန် နှုတ်ခမ်းလေးကိုလည်းကောင်း သူကိုယ်တိုင် မရိပ်မိအောင် ကြည့်နေရတဲ့ ထိုတဒင်္ဂလေးသည် ကျွန်မအတွက် စိတ်လှုပ်ရှားမှုများစွာနှင့် ပြည့်နေသော စွန့်စားခန်းကြီးတရပ် ဖြစ်ခဲ့သည်။ ထို့ပြင် အဲသည်အချိန်ထဲက သူ့ကို စချစ်သွားခဲ့တယ်ဆိုတာ အံ့ဩစွာနှင့် ကျွန်မ ၀န်ခံပါမည်။
အဲသည်ကာလက (ကျွန်မကို တွေ့မြင်သွားမှာ အလွန် စိုးရိမ်ခဲ့မိသော်လည်း) ထိုကျောင်း၊ ထိုအခန်းထဲ၌ ကျွန်မ ရှိနေခဲ့ကြောင်း သူလုံးဝ မသိရှိခဲ့ပေ။ နောင်တချိန်တွင် ကျွန်မ၏ စွန့်စားခန်းအကြောင်းကို ပြန်လည်ပြောပြသည့်အခါ သူသည် မျက်လုံးအ၀ိုင်းသား၊ ပါးစပ်အဟောင်းသားနှင့် မယုံကြည်သလို နားထောင်နေခဲ့ပါသည်။ သူသိထားခဲ့သည်က ကျွန်မသည် အိမ်နှင့် အနည်းငယ်ကွာဝေးသော ကျောင်းတစ်ကျောင်းတွင် ရှိနေလိမ့်မည်ဟူ၍ ဖြစ်သည်။ တကယ်တော့လည်း ကျွန်မတို့ နှစ်ယောက်သည် တိုက်ဆိုင်စွာ ဆုံစည်းခဲ့ကြခြင်းသာ ဖြစ်ပါသည်။ သူက မန္တလေး၌ ကျောင်းအိပ်၊ ကျောင်းစားဖြင့် နှစ်လခန့် ကျောင်းသွားနေပြီးနောက် အိမ်ကို လွမ်း၍ဟူသော အကြောင်းပြချက်ဖြင့် နှစ်ဝက်လောက်နေမှ ရန်ကုန်ရှိ သူ့မူရင်း ကျောင်းသို့ ပြန်လာတက်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့က ရပ်ကွက်ထဲရှိ ကျောင်းသို့ သူ ပြန်ရောက်ရောက်ချင်းနေ့ ဖြစ်သကဲ့သို့ ကျွန်မအတွက်လည်း အဲသည်ကျောင်း၌ ပထမဆုံး တက်ရသောနေ့လေး ဖြစ်ခဲ့သည်။ သူ့ရဲ့ခုံမှာ ငြိမ်ငြိမ်ထိုင်မနေတတ်သော၊ မုန့်ဈေးတန်းဘက် မကြာမကြာသွားတတ်သော၊ အခန်းပေါက်ဝတွင် သူငယ်ချင်းများနှင့် မတ်တပ်ရပ်လျက် တွန်းထိုးနောက်ပြောင်နေတတ်သော၊ အတန်းတွင်း၊ အတန်းပြင်က မိန်းကလေးတွေကို စိတ်ဝင်တစား လိုက်မကြည့်တတ်သော သူသည် ထိုစာသင်ခန်းထဲ၌ ကျွန်မရှိနေခဲ့ခြင်းကို မသိခဲ့တာ အံ့ဩစရာတော့ မဟုတ်ခဲ့ပါ။
.....
..... ..... .....
..... ..... ..... ..... .....
ကျွန်မနှင့်သူသည် မျှော်လင့်ချက်မဲ့ ချစ်ခြင်းဖြင့် ချစ်ခဲ့ကြသည်။ ထို့ပြင် ကျွန်မတို့၏ ချစ်ခြင်းတွင် အယူဝါဒ ခြားနားမှုတွေ မပါဝင်ခဲ့ပါ။ ထို့ကြောင့် အပြောနှင့်အလုပ် တူညီဖို့ မလိုအပ်ပါ။ သို့သော် လှပသော ဇာတ်သိမ်းလေးဖြစ်ဖို့တော့ လိုအပ်မည်။ ကျွန်မတို့သည် တစ်ယောက်နှင့်တစ်ယောက် ရစ်ပတ်မထားသော ချစ်ခြင်းသက်သက်ဖြင့်သာ ချစ်ခဲ့ကြတာ သေချာပါသည်။
တခါ တခါ ဘ၀ဆိုတာ စိတ်ကူးယဉ်စရာ မကောင်းပါ။
အဆုံးသတ်ကို ကြိုတင်သိမြင်နေလျက်၊ ရပ်နားသင့်မှန်းသိနေလျက် သူရော၊ ကျွန်မပါ ဒီဇာတ်လမ်းကို ဆက်လက် ဖန်တီးခဲ့ကြသည်။ ထို့နောက် အတွေးအိပ်မက်၌ စိတ်ကူးများစွာဖြင့် ဘ၀ကို ဖြတ်သန်းဖို့ ရည်စူးခဲ့ကြဖူးသည်။ အိပ်မက်ဆိုတာ တချိန်မှာ နိုးထရမည်ဖြစ်ကြောင်း မသိခင်တုန်းက ဖြစ်ပါသည်။ လုပ်သင့်တာနှင့် လုပ်ချင်တာကို အမြဲ ရွေးချယ်နေရခြင်းသည် ဘ၀ဟု နားမလည်ခင်တုန်းက ဖြစ်ပါသည်။
သူသည် ကျွန်မဘ၀ထဲသို့ တိုးဝင်လာဖို့ ဘယ်သောအခါမှ ကြိုးစာမည်မဟုတ်ကြောင်း ကျွန်မ နားလည်လက်ခံထားသည်။ ထို့အတူ ကျွန်မသည်လည်း သူ့ရဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ဖို့ ဘယ်သောအခါမှ အားထုတ်လိမ့်မည် မဟုတ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မနှင့်သူသည် အလွန် ချစ်မြတ်နိုးခဲ့ကြသောကြောင့် ဖြစ်ပါသည်။
သို့သော် သူနှင့်ကျွန်မသည် အနာဂတ်မဲ့သော ကောင်းကင်တွေအဖြစ် အစဉ်အမြဲ တည်ရှိနေပါလိမ့်မည်။
နောက်ပြီး ကျွန်မ သူ့ကို အလွန်ချစ်ပါသည်။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1
(၂၁ ရက်၊ ဒီဇင်ဘာ၊ ၂၀၀၇)
ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။
7 comments:
ကောင်းလှချည်းလား ဆရာမရဲ့
ဒီလို အချစ်အကြောင်းလေးရေးတော့လည်း အဖြစ်သားပါလား.. ကိုယ်တောင် ငယ်ဘ၀ကို လွမ်းသွားပီ..:D
ဟိ...;))
တကယ်ကောင်းတာ အဲလို အတွေးကို လက်ခံတယ်
တချို့က သ၀န်တို ချုပ်ချယ်တာကို ချစ်လို့လို့ ခေါင်းစဉ်တပ်ရင် မကြိုက်ဘူးမ ယုံဘူး
ဗိုလ်ကျ အတ္တကြီးတာကို အချစ်နဲ့ လာရောလို့
လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုထက် ပိုချစ်သွားရင် ပေးဆပ်မှုတွေ များလာတယ်နော်. ကိုယ့်ကိုယ်ကို ချစ်နေတာ ဆိုရင် အဲဒီလူကို ကိုယ့်အတွက်ပဲ ပေးဆပ်ပေး နေစေချင်တယ်လို့ မြင်မိတယ်
Nice.........., I feel like reality. Is it? :D
သမီးရေ
အချစ်ကို အချစ်သန့်သန့် ခံစားတာအကောင်းဆုံးပါပဲ..
ဘာမျှော်လင့်မှ မရှိပဲ ချစ်ခြင်းသန့်သန့်လေးနဲ့ပဲ ချစ်တာဟာ ဘ၀မှာ ဘာမှ မလိုလောက်အောင် ပြည့်စုံတယ်..
အချစ်ကို ချစ်နိုင်သလောက် အချစ်နဲ့ပဲ ချစ်ချင်တယ်..
မခွန်မြလှိုင်နဲ့ အန်တီခင်တို့ ကွန်မန့်အတွက် ကျေးဇူးနော်... skyline ထင်သလိုလည်း ဖြစ်နိုင်ပါတယ်။။။:P
Post a Comment