Friday, October 10, 2008

ဖြစ်သလိုပဲ...



မီးလေးက တက်ဂ်တယ်။ အဲဒီ တက်ဂ်ကို မမိုးချို ဘလော့ဂ်မှာ ဖတ်လိုက်ရပေမယ့် တော်တော်များများ ဒီတက်ဂ်ကို ရေးကြတာ မတွေ့မိသေးသလိုပဲ။ မိသားစုနဲ့ နေတဲ့အတွက် မြန်မာအစားအစာက မငတ်သလောက်ပဲ ဆိုတော့ကာ ဖြစ်သလို မစားရတာများပါတယ်။ တကယ်ကျတော့ ဘာရေးရမှန်းကို မသိတာ။ အဲဒီတော့လည်း ရေးချင်တာ ရေးလိုက်တော့မယ်။

ကျွန်မတို့အိမ်က ထမင်းစားရတာပဲ ကြိုက်ကြတဲ့အတွက် အိမ်မှာ ထမင်းနဲ့ဟင်းကတော့ မပြတ်တမ်း ချက်ရတာပဲ။ ကျွန်မတို့မောင်နှမတွေက အသီးအရွက် အစားနည်းပြီး အသားပဲ စားကြတာဆိုတော့ အသားမျိုးစုံစားကြတယ်။ တစ်ယောက်တမျိုး ချက်တဲ့ လက်ရာတွေ မတူသလို၊ ဘယ်ဟင်းကို ဘယ်သူက အကောင်းဆုံးချက်နိုင်တယ်ဆိုတာမျိုးပါ မတူကြဘူး။ ကျွန်မအစ်ကိုက ကြက်ဥချဉ်ဟင်း ချက်တာမှာ နာမည်ကြီး။ ကျွန်မကတော့ ၀က်သား အချိုချက်မှာ ဆရာမကြီးပေါ့။ ဟိ။ တကယ်က ၀က်သားနီချက်လို့ ခေါ်တဲ့ ၀က်သားအချိုချက်တင်မကပါဘူး။ ၀က်သားဟင်း မှန်သမျှ ကျွန်မ ချက်တာ ကောင်းတယ်လို့ ပြောကြတာပဲ။ ပြီးတော့ ကျွန်မ ကြော်တဲ့ ချဉ်ပေါင်ဟင်းကိုလည်း လူကြိုက်များတယ်။ ဒါပေမဲ့ ချဉ်ပေါင်ကြော် မချက်တာကြာလို့ ခုတော့ သိပ်ကောင်းပါ့ဦးမလားဘဲ။ ကျွန်မယောင်းမကတော့ ပုဇွန်ကြော်တာ ဟိုတယ်ချက်အတိုင်းပဲ။ ကျွန်မအမေကတော့ ငါးဟင်း ချက်တာ အရမ်းကောင်း။ ကျွန်မတို့ညီအစ်မက ဘယ်လိုကြောင့်လည်း မသိဘူး။ ငါးဟင်းကို ကောင်းကောင်း မချက်တတ်ကြဘူး။ ကျွန်မတို့ချက်ရင် စားကောင်းတယ်ကို မရှိတာ။ အဖေကတော့ ဘာချက်ချက် စားကောင်းတယ်။ ဒါပေမဲ့ ခု မချက်တာကြာလို့ လက်ရာလည်း ပြတ်နေလောက်ပြီ။ ကျွန်မညီမက ကြက်ကာလသားချက် ကောင်းတယ်။ ဘူးသီးလေးနဲ့ ရေချိုလေး ချက်ရတာလေ။ ပြီးတော့ ဘဲသားဟင်းချက်လည်း ကောင်းတယ်။ ကျွန်မအစ်မကျတော့ ငါးဟင်းကလွဲလို့ ဘာချက်ချက် စားကောင်းတယ်။ ၀က်သားဟင်းချက်တာကတော့ ကျွန်မကို ဘယ်မှီမလဲလေ။ ဟဲ။

ပြောရရင်တော့ မောင်အငယ်ဆုံးကလွဲလို့ အိမ်ရှိလူကုန် ဟင်းချက်တတ်တယ်။ (အဲဒီ မောင်အငယ်ဆုံးကတော့ သူစားဖို့ ထမင်းတောင် ခူးပေးရတဲ့ လူစား။) ကျွန်မတို့ကို ထမင်းဟင်းချက်တာ ဘယ်သူမှ သင်မပေးခဲ့ရပါဘူး။ အဖေနဲ့အမေက ဘာတခုမှလည်း မခိုင်းဘူး။ ဒါပေမဲ့ ဒီလိုပဲ ကိုယ့်ဟာကိုယ် ထင်ရာ၊ မြင်ရာ လုပ်ရင်းနဲ့ ချက်တတ်ကြတာပဲ။ တကယ်ကျတော့ ဟင်းချက်တာ ဘာမှ မခက်ဘူး။ ဖွယ်ဖွယ်ရာရာဖြစ်အောင်သာ ထူးထူးဆန်းဆန်းတွေ မချက်တတ်တာပဲ ရှိမယ်။ စားကောင်းအောင်၊ စားလို့အဆင်ပြေအောင် ချက်ဖို့ကတော့ ကျွန်မတို့အတွက် မခက်ခဲဘူးထင်တာပဲ။ အသားတုံးတွေ နယ်ဖက်ပြီး ဆီလေးသတ်လိုက်ရုံပဲ မဟုတ်လား။ ဒါပေမဲ့ ဘယ်သူမှ အချက်အပြုတ် ၀ါသနာ မပါတာခက်တယ်။ ကျွန်မတို့ကို အမေပြောနေကျ စကားရှိတယ်။ ထမင်းအိုးတလုံးတည်ဖို့ အမြှောက်ပစ်ချရတာထက်တောင် ခက်သေးတယ်တဲ့။ သူချက်၊ ကိုယ်ချက်နဲ့ တွက်ကပ်နေကြလို့လေ။

ပြီးခဲ့တဲ့တပတ်က အမေရန်ကုန်က ပြန်လာတော့ ထမနဲတွေကို ပလပ်စတစ်အိတ်နဲ့ ထုပ်ပြီး ၄ ထုပ်လောက်သယ်လာတယ်။ ကျွန်မတို့အိမ်က အဲလိုပဲ။ ရန်ကုန်ပြန်ပြီဆိုတာနဲ့ ကီလိုအကုန် စာအုပ်နဲ့ အစားအစာမျိုးစုံ သယ်လာတော့တာ။ ပဲဆီက အစ ပါတယ်။ ငါးရန့်ခြောက်ဖုတ် ဆီဆမ်းလို၊ ကြက်သွန်နီနဲ့ သုပ်ထားတဲ့ ပဲပြုတ်သုပ်လိုမျိုးတွေကို ပဲဆီနဲ့စားရရင် ဆွေမျိုးတောင် မေ့နိုင်တယ်။ ထားပါတော့ ထမနဲအကြောင်း ဆက်ပြောရရင် ရေခဲသေတ္တာထဲ ထည့်ထားတော့ အေးခဲပြီး မာနေပြီ။ အဲဒါကို စားချင်ရင် ရေလေးနည်းနည်းနဲ့ ဆီလေး နည်းနည်းထည့်ပြီး မွှေပေးလိုက်ရင် ခုချက်ချင်း ထိုးထားတဲ့ ထမနဲလို ဖြစ်လာရော။ စားလို့ကောင်းမှ ကောင်းပဲ။ ဟိုရက်ကတော့ ဆီနဲ့ ကြော်လိုက်တာ ကြွပ်ရွပြီး မာသွားတယ်။ ခုမှ ရေလေး ထည့်ပြီး ပြန်နွှေးရတဲ့ နည်းကို စမ်းလုပ်ကြည့်ရင်း သိတာ။


ဘာရယ် ဟုတ်ဘူး။ ထမနဲ အကြောင်း ရေးမယ်ဆိုပြီး ဓာတ်ပုံရိုက်ထားတာ။ ခုတော့ ရေးချင်တော့ပြီ။ ဒီမှာပဲ တင်လိုက်ပြီ။ :D


အိမ်က လူတွေက အလုပ်မသွားခင် မနက်ထမင်း စားသွားကြတယ်။ ကျွန်မတို့အိမ်က မနက်ထမင်း၊ နေ့လယ် ထမင်း၊ ညနေထမင်းနဲ့ ထမင်းကိုပဲ စားစရာလို့ ထင်တယ်။ အဲဒါကြောင့်လည်း တရက် အဖေ့သူငယ်ချင်းက အိမ်လာလည်ရင်း ကျွန်မတို့ အိမ်နောက်ဖေး မီးဖိုချောင်ကို ရောက်တော့ "ခင်ဗျားတို့ မီးဖိုချောင်ကလည်း အိမ်ဆိုင်လေးကျနေတာပဲ ပြီးတော့ ချက်ထားတာကလည်း အလှူအိမ်အတိုင်းပဲ"တဲ့။ ဆန်က အိတ်လိုက်၊ ဆီက ပုံးလိုက်၊ ကြက်သွန်ဖြူနီက အိတ်နဲ့ ထောင်ထားရတာကို။ မိသားစုဝင်ကလည်း များတယ် မဟုတ်လား။ ဆန်က အိတ်လိုက်ဆိုတာ ကျွန်မတို့က ၁၀ ကီလို၊ ကီလို ၂၀ အိတ်လေးတွေကို လက်လီ ၀ယ်မစားဘူး။ မြန်မာနိုင်ငံမှာလိုပဲ ဂုန်နီအိတ်နဲ့ ဆန်အိတ်ကြီးကို မှာစားတာ။ ဆီလည်း အဲလိုပဲ။ သံပုံးကြီးနဲ့ တခါထဲ ၀ယ်ထားတာ။ ပြီးတော့မှ ပိုက်နဲ့ ပြန်ချူပြီး သုံးတာပေါ့။ ကြက်သွန်ဖြူနီကလည်း အိတ်အနီကြီးနဲ့ တအိတ်။ အဲလို ၀ယ်ထားရတာ။ ဆီတွေ၊ ဆန်တွေကလည်း အိမ်တိုင်ယာရောက် လာပို့တဲ့အတွက် သယ်စရာလည်း မလိုတော့ဘူး။ ထမင်းကတော့ ပေါင်းအိုး နှစ်အိုးကို လက်မလည်တမ်း တည်နေရတာ။ ဟင်းကတော့ ဒယ်အိုးအကြီးကြီးနဲ့ အပြည့်။ စနေ၊ တနင်္ဂနွေလို နေ့မျိုးဆိုရင်တော့ စားစရာ ဟင်းတွေက စားပွဲပေါ်မှာတောင် မဆန့်ဘူး။

ကျွန်မတို့ကတော့ ဒီမှာ အပြင်စာ စားတာ နည်းပါတယ်။ ဒီက အစားအသောက်တွေကလည်း ကောင်းမှ မကောင်းတာ။ စားသောက်ဆိုင်တို့၊ ဟိုတယ်တို့က အစားအစာတော့ မပါဘူးပေါ့။ Food Court က အစားအစာတွေကို ပြောတာ။ တသက်နဲ့ တကိုယ် ဒီလောက်ညံ့တဲ့ အစားအသောက်တွေ မတွေ့ဖူးဘူးလို့ ထင်တာပဲ။ စားလို့ဖြစ်တာတွေလည်း အများအပြားတော့ ရှိပါတယ်။

ကျွန်မတို့အိမ်မှာ အစားအသောက်တွေကို ဆန်းဆန်းပြားပြားမျိုးစုံ စားရတယ်။ များသောအားဖြင့် အဲလို အထူးအဆန်းတွေကို ကျွန်မအမေ ချက်တယ်။ ကျွန်မတို့အတွက်တော့ အဆန်းတကြယ် မဟုတ်ဘူးပေါ့လေ။ တချို့သူတွေက တခါမှ မကြားဖူး၊ မစားဖူးဘူးလို့ ပြောကြတာကိုး။ တချို့တွေကတော့ သိမှာပါ။ ပထမ တမျိုးက ငါးရံ့ကို ဗိုက်ခွဲ၊ ဂျင်းတွေ၊ ငရုတ်သီးတွေနဲ့ အစာသွပ်ပြီး စပါးလင်နဲ့ ပြန်ချည် ဆန် လက်တဆုပ်လောက်ထည့်ပြီး ရေချိုလေး ချက်တာ။ အဲဒါကို ကျွန်မတို့မောင်နှမ အသားကုန်ကြိုက်ပေါ့။ ငါးရံ့ဆန်လှော်ဟင်းလို့ ကျွန်မတို့ ခေါ်တယ်။ ပြီးတော့ လယ်ကြွက်ခြောက်တို့၊ ငါးရှဥ့်ခြောက်တိုက်တို့၊ ဖားသားတို့၊ ဆတ်သားခြောက်တို့ကို ငရုတ်သီးစပ်စပ်လေးနဲ့ အကြွပ်ကြော်တာလည်း ကျွန်မတို့အကြိုက်ဆုံး အစားအစာထဲမှာ ပါသေးတယ်။ တရှူးရှူးတရှဲရှဲနဲ့ နှာရည်တွေကျ၊ ချွေးတွေ ထွက်နေပေမယ့် စားလို့မရပ်နိုင်ဘူး။ ခရုဆန်လှော်ပြုတ်လည်း စားကောင်းတာပဲ။ အဲလို ခရုမာမာလေးတွေကတော့ ရန်ကုန်မှာပဲ ရှိတယ်။ ဒီမှာတော့ မတွေ့မိဘူး။ ပြီးရင် ၀က်မြီးတို့၊ ၀က်လျှာတို့ ချက်စားတာလည်း တမျိုးစားကောင်းတယ်။

ကြက်ဥကို ခရမ်းချဉ်သီးနဲ့ ကြော်ချက်ချက်တာကို ကျွန်မတို့ ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တယ်။ ခုချိန် ကိုယ့်ဖာသာကိုယ် ကြော်စားတော့ စားမကောင်းဘူး။ အဖေချက်ကျွေးရင် တော်တော်ကောင်းတာ။ ၀က်သားချဉ်နဲ့ အမဲသားချဉ် ချက်ကတော့ ကျွန်မတို့ အကြိုက်ဆုံးပဲ။ အဲဒီအသားတွေကို တရက်၊ နှစ်ရက်လောက် အချဉ်ဖောက်ရတယ်။ အချဉ်ဖောက်တာ လွယ်ပါတယ်။ အသားတုံးတွေကို ထမင်း လက်တဆုပ်လောက်နဲ့ ရောနယ်ပြီး အဖုံးလုံအောင်ပိတ် သိမ်းထားလိုက်ရုံ။ နောက်ရက်ကျ အချဉ်ပေါက်နေတဲ့ အသားတွေကို ငရုတ်သီးစပ်စပ်နဲ့ ချက်လိုက်ရင် သူ့ထက် စားကောင်းတာတောင် သူ့လောက် စားကောင်းမှာ မဟုတ်ဘူး။ ကြက်သားကို ပြုတ်ကြော်ပြီး ခရမ်းချဉ်သီးနဲ့ ပြန်ချက်တာလည်း စားလို့ကောင်းတာပဲ။

ပြီးတော့ ငါးလေးအိုးကပ်တို့၊ ငါးခူစင်းကော်တို့၊ ဘဲပေါင်း ကြံမဆိုင်တို့၊ ငါးရံ့အူဟင်းတို့၊ ငါးကြည်းကြပ်တိုက်တို့၊ ပုဇွန်စုတ်ဖွားကြော်တို့ကတော့ ကျွန်မတို့ အိမ်ရဲ့ နာမည်ကြီးဟင်းတွေပေါ့။ နာမည်ကြီးဆိုတာ ကျွန်မတို့ အရမ်းကြိုက်တာကို ပြောတာ။ :D ငါးဖယ် ရေချိုချက်တာလည်း စားကောင်းတာပဲ။ ဒီမှာတော့ မရှိဘူး။ ဟိုတရက်က ကျွန်မအစ်မ ရန်ကုန်ကပြန်လာတော့ ငါးဖယ် သုံးကောင် သယ်လာတယ်။ အဲဒါကို စဥ့်နှီတုံးတွေ၊ ငရုတ်ဆုံတွေနဲ့ ဖိပြီး မာအောင် လုပ်ထားရတယ်။ ပြီးမှ သုံးပိုင်းစီ ပိုင်းပြီး ချက်ရတာ။ လောပိတမှာတုန်းကတော့ ခဏခဏ စားရပါ့။

ဒီနေ့ကတော့ ဆိတ်သားခြောက် ဆီပြန်ဟင်း ချက်တယ်။ အဲဒါကို ငရုတ်သီးနဲ့ အစပ်ကြော်လည်း ကောင်းတာပါပဲ။ ကျွန်မတို့ဟင်းတွေထဲ ငရုတ်သီးမပါတာ ခပ်ရှားရှားနော်။ အစပ်အရမ်းစားတဲ့ မိသားစုလို့ ပြောရမယ်။ လောပိတမှာ နေတုန်းက ကယားငရုတ်တွေကို အိတ်လိုက် ထောင်စားတာ။ ဒီမှာကျတော့ တမျိုး။ ရန်ကုန်အိမ်ကလူတွေကို ငရုတ်သီးတောင့်တွေ ထောင်းခိုင်းပြီး ဒီကို သယ်လာတယ်။ ပြီးတာနဲ့ ရေခဲသေတ္တာထဲထည့်၊ ချက်ခါနီးမှ လှီးချွတ်ထားတဲ့ ကြက်သွန်ဖြူနီနဲ့ ရောပြီး ဆီသပ်လိုက်ရုံပဲ။ အရောင်တင်မှုန့်မသုံးဘဲ ငရုတ်သီး ထောင်းစရာမလိုတဲ့ နည်းပေါ့။ ဟီဟီ။ ခေါင်းစဉ်နဲ့ ရေးထားတာတွေနဲ့ကတော့ တခြားစီပဲ။

ကဲ... နောက်ထပ် ဖြစ်သလို စားနေကျလေး ကျွန်မရေးစေချင်တဲ့သူတွေက ထုံးစံအတိုင်း ကျွန်မ တက်ဂ်နေကျ အန်တီငြိမ်းအန်တီခင်၊ ညီမလေး လင်းလက်၊ ကျွန်မ တခါမှ မတက်ဂ်ဖူးသေးတဲ့ ကိုလူသစ်၊ တခါလား မသိဘူး တက်ဂ်ဖူးတဲ့ ကိုမောင်ရင်။ ကိုယ်သာ ဘာရေးရမှန်း မသိတာ။ သူများရေးတာတော့ ဖတ်ချင်သား။ ရေးပေးကြနော်... :D

ရွှင်လန်းချမ်းမြေ့ကြပါစေ။

s0wha1

Thursday, October 9, 2008

ဟိုးတုန်းက တက္ကသိုလ်



အတွေးများစွာ ရတဲ့ ကိုမောင်ရင်ရဲ့ ရသစာတမ်းကို ကျွန်မဘလော့ဂ်မှာ ပြန်တင်ချင်လို့ ခွင့်တောင်းပြီး တင်လိုက်တာ။

********

ဟိုးတုန်းက ရန်ကုန်တက္ကသိုလ်ကို မထင်မှတ်ဘဲ You Tube မှာ သွားတွေ့မိတယ်။ အဖြူအမည်း ရုပ်ရှင်မှတ်တမ်းတိုကလေး အဖြစ်နဲ့။ ဟိုးတုန်းကဆိုတာ တော်တော့်ကို ဟိုးတုန်းက။ အတိအကျဆိုရရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၁နှစ် ဖြစ်တဲ့ ၁၉၅၇ ခုနှစ်က လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ ရန်ကုန်တက္ကသိုလ် အဖြစ်နဲ့ သွားတွေ့တာ။ documentary လေးက လက်ချာ တစ်ခုကို မှတ်တမ်းတင်ထားတယ်။
.
..
...
သင်တဲ့လူက ပရော်ဖက်ဆာ ဒေါက်တာကျော်သက်။ ဒီ ဒေါက်တာကျော်သက် ဆိုတာ ၁၉၂၁ ခုနှစ် မှာ ရန်ကုန်မြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ မွန်-ဗမာစပ် လူငယ်တစ်ဦး။ လန်ဒန်ယူနီဗာစီတီ London University ကနေ သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ကို ရခဲ့တယ်။ ပီအိပ်ခ်ျဒီဘွဲ့အပြီး ကမ္ဘာကျော် ယေး(လ်)တက္ကသိုလ်ကြီးရဲ့ ဘွဲ့လွန်တန်းတွေမှာ နှစ်နှစ်ကြာ စာသင်ကြားပို့ချခဲ့သေးတယ်။ ပြီးတော့မှ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းသမိုင်း ပညာဌာနမှာ ပရော်ဖက်ဆာအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့တယ် ဆိုပါတယ်။

ပရော်ဖက်ဆာ ဒေါက်တာ ကျော်သက် ရဲ့ လက်ချာ အကျဉ်းချုပ်ကတော့...
မြန်မာနိုင်ငံလွတ်လပ်ရေး ရခါစက မြန်မာလယ်သမားများအပေါ် မတရား ငွေတိုးချေးစား ခေါင်းပုံဖြတ်ခဲ့တဲ့ အိန္ဒိယသား ချစ်တီးများအကြောင်း… တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံရဲ့ လယ်မြေ ၇၅ ရာခိုင်နှုန်း ဟာ ချစ်တီးကုလားများ လက်ထဲမှာ ရောက်ရှိနေပြီး။ တရားမ၀င်စာရင်းများအရ ဒီထက် ပိုနိုင်ကြောင်း၊ လွတ်လပ်ရေးရပြီးစ၊ စစ်ဘေးစစ်ဒါဏ်ကိုလည်း ပြင်းစွာခံခဲ့ရသော မြန်မာပြည်ရဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာ ကြုံရမယ့် အခက်အခဲများအကြောင်း၊ မြန်ဆန်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ရမှာ ဖြစ်ကြောင်း၊ ဗြိတိသျှမှ မြန်မာကို တစ်ချို့သော တန်ဖိုးများ၊ စိတ်ကူးများကို သင်ကြားပေးခဲ့တာတွေ ရှိခဲ့ကြောင်း၊ မြန်မာခေါင်းဆောင်များဟာ ဒီမိုကရေစီလမ်းကို ရွေးချယ်လျှောက်လှမ်းသွားမှာဖြစ်ကြောင်း၊ တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက် အင်မတန်ကို ခက်ခဲစွာ လုပ်ကိုင်ကြရမှာလည်း ဖြစ်ကြောင်း၊

ရေရှည်အနေနဲ့ ဒီမိုကရေစီစနစ်ကို a cup of tea အနေနဲ့ တင်စားသွားပြီး၊ မြန်မာ့ခေါင်းဆောင်များဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်ကိုပဲ ရွေးချယ် လျှောက်လှမ်းသွားကြမှာ ဖြစ်ကြောင်း ပို့ချသွားခဲ့ပါတယ်။

ဒီလက်ချာမှာ ကျောင်းသားတစ်ယောက် မေးခွန်းမေးခဲ့ရာမှာတော့ မြန်မာနိုင်ငံဟာ အာစီယံ အသင်းဝင်နိုင်ငံ ဖြစ်လာနိုင်ချေရှိပါသလားလို့ မေးမြန်းသွားရာမှာ Neutral ခေါ် ဘက်မလိုက်နိုင်ငံ အဖြစ်သွားတော့မယ့်၊ ကိုယ့်ခြေထောက်ပေါ်ကို ရပ်ရတော့မယ့် မြန်မာနိုင်ငံတော်အရေးကို ပရော်ဖက်ဆာ ဒေါက်တာကျော်သက်က ဟာသနှောပြီး လှပစွာ ပြန်ဖြေသွားပုံကလေးကိုလည်း မြင်နိုင်ပါတယ်။ ကြည့်ကြည့်ပါ... ဒီမှာ...



ဒီမှတ်တမ်းရုပ်ရှင်ကလေးမှာ တစ်ခေတ်တစ်ခါက လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာ အဆင့်အတန်းကို မြင်နိုင်ပါတယ်။ အဲဒိခေတ်ကတည်းက ရန်ကုန်တက္ကသိုလ်မှာ ဒီလို အင်္ဂလန်က ပီအိခ်ျဒီ ဘွဲ့ရ၊ ယေး(လ်)လိုမျိုး တက္ကသိုလ်ကြီးမှာ စာပို့ချပေးခဲ့တဲ့ ပရော်ဖက်ဆာ ဒေါက်တာကျော်သက်လိုမျိုး ဆရာတွေ ရှိနေခဲ့တာကို နိုင်ငံခြားသားများကိုယ်တိုင် အံ့သြယူရတဲ့ သင်ကြားပို့ချပေးတဲ့ ဆရာရဲ့ ပညာအရည်အချင်း၊ သင်ကြားပို့ချပေးတဲ့ ဘာသာစကား teaching medium ဟာ အင်္ဂလိပ်ဘာသာစကား ဖြစ်နေခြင်း၊ ဆရာတင်မက ကျောင်းသားများပါ အင်္ဂလိပ်စကားကို အင်မတန် ချောမွေ့စွာ ပြောဆိုနိုင်ခြင်းတွေကို ကြည့်ရင်၊ ဒီကနေ့ ဒေသတွင်းက နာမည်ကြီးနေတဲ့ တက္ကသိုလ်ကြီးတွေမှာတောင် အဲဒိအချိန်က အဲလို အဆင့်အတန်း မီခဲ့တာရှားပါတယ်။

အလွယ်ဆုံး ဥပမာပြရရင် အခု စင်္ကာပူမှာ မြန်မာကျောင်းသားတွေ ပညာဆက် ဆည်ပူးစရာ တက္ကသိုလ်ကြီးနှစ်ခုထဲက အခုအရှေ့တောင်အာရှမှာ နာမည်ထွက်လာတဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ဆိုရင် အဲဒိ အချိန်က Raffles College နဲ့ the King Edward VII College of Medicine တို့ ပေါင်းပြီး နောင်တစ်ချိန် NUS ဆိုတာဖြစ်လာမယ့် University of Malaya ဆိုတာ လေးသန္ဓေ ဖြစ်လာခါစပဲ ရှိပါသေးတယ်။ နောက်တစ်ကျောင်းဖြစ်တဲ့ နန်းယန်း Nanyang Technological University ဆိုရင်လည်း အဲဒိခေတ် ၁၉၅၅ က တရုတ်ဘာသာနဲ့ သာသင်ကြားပေးတဲ့ တရုတ်ကျောင်းအဆင့်ပဲ ရှိခဲ့ပါတယ်။

အဲလို... အဲလို ဒေသတွင်းက တက္ကသိုလ်တွေ မယှဉ်နိုင်ခဲ့တဲ့၊ ပညာရေးသမိုင်းကြောင်း အင်မတန် ကောင်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးရှိခဲ့တဲ့ မြန်မာနိုင်ငံကလည်း ဒီအတိုင်းမနေပါဘူး။ စင်္ကာပူလို တက္ကသိုလ်ကြီး ၂ ခု၊ ၃ ခုထဲ ရှိတာကတော့ ပျင်းတောင်ပျင်း ပါသေးတယ်။

ဒီကနေ့ ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကြီးရဲ့ နိုင်ငံတကာ အဆင့်မီပညာရေး စနစ်ဆိုတာကြီး အောက်မှာ အခုဆို တက္ကသိုလ်ကြီးတွေ စုစုပေါင်း ၁၄၄ ခုရှိပါပြီ။ ရန်ကုန်တိုင်းတစ်ခုထဲမှာတင် တက္ကသိုလ်၊ ကောလိပ် ပေါင်းစုံ အရေအတွက် ၃၀ တိတိရှိပါတယ်။

အဲဒိထဲမှာ ကျောင်းသားများတဲ့ တက္ကသိုလ်ကြီးတွေ၊ နည်းပညာ တက္ကသိုလ်ဆိုတာတွေကို ကြည့်လိုက်တော့ ရန်ကုန် အရှေ့ပိုင်း၊ အနောက်ပိုင်း ဆိုပြီး ဒဂုံ၊ လှိုင်သာယာနဲ့ သန်လျင်တွေမှာ ပို့ထားတာ တွေ့ရပါတယ်။ ဒေသန္တရ အနေအထားနဲ့... ဆိုရရင်တော့ တော်တော်ကောင်းပါတယ်။ ထိုင်ခုံအလှုပ်ခံရမယ့် ကျောင်းသား ဆူပူမှု၊ ဆန္ဒပြမှု ဖြစ်လာတယ်ဆိုရင် တခါတည်း မြစ်ကူးတံတားတွေကို ပိတ်ဆို့လိုက်ပြီး မြို့လယ်က ပြည်သူနဲ့ မပူးပေါင်းနိုင်အောင် စီစဉ်ထားတဲ့အတွက် ဗျူဟာအရ ကြည့်လိုက်ရင် သတ်ကွင်းက ရှင်းနေတဲ့အတွက်၊ ဖြတ်လေးဖြတ်လုပ်ဖို့ လွယ်ကူတဲ့၊ ကျောင်းသား၊ ပြည်သူ စစ်ကူ ထပ်ရောက်မလာအောင် ဖြတ်တောက်နိုင်တဲ့ အတွက်... ဆိုတော့... အင်မတန်ကို ကောင်းပါတယ် (စစ်ရေးဗျူဟာ အရ) ။

နောက်တစ်ခါ ဒီကနေ့ တက္ကသိုလ်တွေမှာ ယူနီဖောင်းဝတ်မှ ကျောင်းတက်ရတယ်လို့ ကြားစက လာနောက်နေတယ် ထင်တာ။ တစ်ကယ် အဟုတ်ပဲ။ ပုံလေးပါ တွေ့လိုက်ရတော့ ပိုသေချာသွားတယ်။ ကောင်းပါတယ် (စစ်ရေး ဗျူဟာ အရ) ပစ်ကွင်း၊ ဖမ်းကွင်း ရှင်းရှင်းနဲ့ ရန်သူ၊ မိတ်ဆွေ ခွဲခြားရ လွယ်သွားတယ်ပေါ့။ ရန်... ငါ... စည်းပြတ်တယ်ဆိုတာမျိုးဆိုတာ ဒါထင်ပါရဲ့။ ပြီးတော့ ယူနီဖောင်း ဆင်တူလေးတွေနဲ့ဆိုတော့ တက္ကသိုလ် ကျောင်းသားဆိုတဲ့ ဂုဏ်ကို ဦးချိုးပြီးသားလည်း ဖြစ်သွားပြန်ရော။


ထားပါတော့... ဒါတွေက ကိုယ့်ထက်နားလည်တဲ့သူများ မဟာဥာဏ်နဲ့ စီမံထားတာဆိုတော့ ကောင်းမယ်ထင်လို့ စီမံတာနေမှာပါလို့ပဲ မှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်တို့ခေတ်က သမိုင်းမေဂျာမှာတောင် ဒီလောက် ပညာအဆင့်အတန်းမြင့်ခဲ့တာ အခုလို အိုင်တီခေတ်၊ နည်းပညာခေတ်ကြီးမှာ ပါရဂူတွေတောင် မွေးထုတ်ပေးနိုင်ပြီဖြစ်တဲ့ မြန်မာ့တက္ကသိုလ် ပညာရေး အဆင့်က ၁၉၅၀ ခေတ်တွေထက် အဆပေါင်း မနှိုင်းသာအောင် မြင့်မားနေရော့မယ်..... လို့.….

…………………………………………………

စိတ်ကူးကြည့်မိလိုက်တာ... လင်းလက်ကြယ်စင် ဘလော့ဂ်မှာ... ဒီသတင်းလေး သွားတွေ့တယ်… စိတ်မကောင်းစရာပဲ... B.A (History) တဲ့…

(ဓာတ်ပုံတွေ ဒီဘလော့ဂ်များက ကူးယူပါတယ်)

http://linletkyalsin.blogspot.com/2008/07/agent_20.html
http://photayokeking.blogspot.com/2008/07/blog-post_8801.html

မောင်ရင်

Monday, October 6, 2008

ကျွန်မနှင့် အားနာခြင်း



"အားနာတယ်"ဆိုတဲ့စကား အသုံးအနှုန်းကို မြန်မာစကားကလွဲလို့ ကျန်တဲ့ဘာသာစကားတွေမှ မသုံးကြ၊ မရှိကြသလောက်ပါပဲ။ "အားနာတတ်တဲ့ လူမျိုး" အဖြစ် မြန်မာတော်တော်များများ ဂုဏ်ယူကြတဲ့ "အားနာခြင်း"ဆိုတဲ့ စကားကို အင်္ဂလိပ်တွေကတော့ သူတို့ဘာသာစကားမှာ မရှိတဲ့အတွက် အနီးစပ်ဆုံး ဘာသာပြန်ပစ်လိုက်တာက "hesitate"ပါတဲ့။ (တခြားစကားလုံးလည်း ရှိဦးမှာပါ။ လတ်တလော ကျွန်မ မှတ်မိတာလေး ချရေးလိုက်တာ။) ဒီ "hesitate"ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုရရင် "ချီတုံချတုံဖြစ်တာ"၊ "စကားတွန့်ဆုတ်ပြောတာ"၊ "စိတ်ဒွဟဖြစ်တာ"၊ "wait to act because of fear" ပါတဲ့။ တော်တော်မလှပတဲ့ စကားလုံးအဓိပ္ပါယ်တွေပါပဲနော်။ ပြောရရင်တော့ သူတို့လူမျိုးအနေနဲ့ "အားနာခြင်း"ဆိုတာမရှိလို့ စကားလုံးတောင် မရှိရှာဘူးလို့ မြန်မာအများစုက ယူဆကြ၊ အားနာခြင်းကို ယဉ်ကျေးမှုတရပ်အနေနဲ့ ဂုဏ်ယူတတ်ကြတယ်လို့ ထင်ပါတယ်။ ကျွန်မကတော့ ဒီအားနာတယ်ဆိုတဲ့ စကားနဲ့ စိတ်ကို အရမ်းမုန်းတာပဲ။ ဒီအားနာမှုနဲ့ သူတပါးကို ကူညီခြင်းတွေက ကျွန်မ ဘ၀မှာ သင်ခန်းစာယူစရာ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။

ဒေါသအရမ်းကြီးပြီး စွာလည်း စွာတဲ့ ကျွန်မတို့ မိသားစုဟာ အဲဒါနဲ့ ဆန့်ကျင်ဘက် အရမ်းအားနာတတ်ကြပြန်တယ်။ တစုံတယောက်က အကူအညီလာတောင်းရင်၊ ကိုယ်လုပ်ပေးနိုင်တာ တခုကို သူတို့အတွက် လုပ်ပေးဖို့ လာပြောရင် "ဟင့်အင်း၊ မကူညီနိုင်ဘူး၊ မလုပ်ပေးနိုင်ဘူး"လို့ ပြောဖို့လည်း အရမ်းဝန်လေးတတ်ကြပြန်ပါတယ်။ အဲဒါကြောင့် အဖေနဲ့ အမေ ငယ်ငယ်ကလည်း သူများတွေကို ကိုယ့်လိုပဲ ထင်မြင်ယူဆပြီး ယုံကြည်ခြင်း၊ အားနာတတ်ခြင်းတွေနဲ့ပဲ သင်ခန်းစာတွေ အများအပြားရရှိခဲ့ဖူးပါတယ်။ ကျွန်မအဖေ အစိုးရ၀န်ထမ်းအဖြစ် ၀င်မလုပ်ခင် စီးပွားရေးလောကမှာ ၉ ကြိမ်တိတိ အလိမ်ခံခဲ့ရဖူးတဲ့အထိ ဆိုပါတော့။

ကျွန်မရဲ့ သင်္ချာဆရာတစ်ယောက် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ၁၀သိန်းလောက် အလိမ်ခံရမလို ဖြစ်ပြီး ပြန်အဆင်ပြေတဲ့အချိန် သူပြောတဲ့ စကားတခွန်းရှိတယ်။ "ဘယ်သူ့ဆီကမှ ခိုးထား၊ ၀ှက်ထား၊ လိမ်ညာပြီး ရှာထားတာလည်း မဟုတ်၊ သူများတွေ ဒုက္ခရောက်စေတဲ့နည်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေလည်း မဟုတ်။ ငါ့ဟာငါ သမ္မာအာဇီဝနဲ့ စာသင်ပြပြီး ရှာထားတဲ့ပိုက်ဆံတွေ။ အဲဒါကြောင့် သူ့ပိုက်ဆံတွေ အလိမ်မခံရဘဲ ပြန်ရတာ"လို့ ပြောတယ်။

ဒီကို စရောက်ထဲက အဖေ့ကျေးဇူးနဲ့ PR တန်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ အသက် ၂၁ ပြည့်ခဲ့တဲ့ ကျွန်မက ကိုယ့်ပတ်ဝန်းကျင်မှာ student pass နဲ့နေသူတွေကြား ကံမကောင်းဆုံး ဖြစ်ခဲ့တယ်လို့ပဲ ပြောရမလား။ အဲဒီတုန်းက PR ဆိုတာလည်း မြန်မာတွေကြားမှာ ခုလို များများစားစား မရှိသေးပါဘူး။ ဒီမှာ ဖုန်းဝယ်ချင်ရင် PR နဲ့ နိုင်ငံသားတွေပဲ plan တွေနဲ့ ၀ယ်လို့ရတယ်။ နောက်ပြီး starhub ဖုန်းလိုင်းက PR နဲ့ နိုင်ငံသားတွေကိုပဲ ရောင်းတယ်။ တခြား နေထိုင်ခွင့်နဲ့ နေသူတွေက စပေါ် ၂၀၀ လောက် ပေးပြီး ၀ယ်ရတော့ PR တစ်ယောက်လောက်နဲ့များ သိတာနဲ့ ဖုန်းဝယ်ခိုင်းဖို့ပဲ ကြိုးစားကြတယ်။ အသက် ၂၁ နှစ်ပြည့်ပြီးတဲ့သူက ကုမ္ပဏီ ၃ ခုရှိတဲ့အနက် တခုစီမှာ ဖုန်းလိုင်း ၃ လိုင်း ၀ယ်ခွင့်ရှိတယ်ဆိုတော့ "ဟင့်အင်း၊ မ၀ယ်ပေးနိုင်ပါဘူး"လို့ ပြောမရတဲ့ ပါးစပ်ကြောင့် လိုင်းအပြည့်၊ ကုမ္ပဏီအပြည့်။ တိုတိုပြောရရင်တော့ 2 year plan တွေနဲ့ ၀ယ်တဲ့အတွက် အလကားရတဲ့ ဖုန်းခွံတွေက သူတို့ဆီမှာ။ plan ပြည့်အောင် မသုံးတဲ့အတွက် S$1700 ကျော် လိုင်းကြေးစိုက်လျော်ရတာက ကျွန်မ။ ဒါက ပထမဆုံးခံရတဲ့ အီစိမ့်မှု။ ဒါတောင် အမှတ်မရှိ၊ ဒီလူကတော့ မလုပ်လောက်ပါဘူး။ ဟိုလူကတော့ ယုံရမှာပါ။ IDD မသုံးရင် အိမ်ဖုန်းကတော့ သိပ်မကျလောက်ပါဘူး။ ဘာဘူး၊ ညာဘူးနဲ့ ဖုန်းလိုင်းတွေ လျှောက်ပေးမိတာ ဖုန်းကုမ္ပဏီ ၃ ခုလုံးမှာ Black List ကို ဖြစ်ရောပဲ။

အဲဒီထိ ကျွန်မမှာ ကိုယ့်ကို "ဟိုဟာလေး အာမခံပေးပါလား၊ ဒီဟာလေး sponsor လုပ်ပေးပါလား" ပြောရင် "ဟင့်အင်း" လို့ ပါးစပ်က ပြောမထွက်နိုင်သေး။ "ဟင့်အင်း၊ ငါ မကူညီနိုင်ပါဘူး" ပြောဖို့အတွက် "အီး၊ အဲ" နဲ့ မျက်နှာက ဖိန်းခနဲ၊ ရှိန်းခနဲဖြစ်ပြီး ကျွန်မတို့ မြန်မာတွေ အများစု ပြောတတ်၊ ဖြစ်တတ်ကြတဲ့ အားနာမှုဆိုတာကြီးက ကျွန်မကို လည်လိမ်ချိုးထားတဲ့အတိုင်းပါပဲ။ ကိုယ့်ထမင်း ကိုယ်စားပြီး ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်မမိဘတွေရဲ့ ပြီးပြည့်စုံတဲ့ supporting တွေနဲ့ ဒီလို အခြေအနေရောက်လာတဲ့ ကျွန်မက သူတို့ကျေးဇူးမရှိပါဘဲ အဲဒီ အသိမိတ်ဆွေဆိုသူတွေရဲ့ အကူအညီတောင်းမှုတွေကို မငြင်းဆိုနိုင်တာကြီးက တော်တော်တော့ အဓိပ္ပါယ်မရှိဘူးနော်။

ကျွန်မကို နမူနာကြည့်ပြီး ကျွန်မညီမ အသက် ၂၁ ပြည့်ချိန်မှာ ဘယ်သူ့ကိုမှ ဖုန်းလိုင်းမ၀ယ်ပေးဘူးလို့ ကြွေးကြော်တယ်။ အဲဒီတော့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့၊ ဖုန်းဝယ်ခိုင်းမယ်လို့ ထင်တဲ့သူတွေကို "ငါ့ မလေးတုန်းက ဒီလို၊ ဒီလိုတွေဖြစ်တယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှ ဖုန်းဝယ်မပေးရဲဘူး၊ ဘာညာနဲ့" သူ့ကို ဖုန်းမ၀ယ်ခိုင်းအောင် ကြိုတင်ပြီး ပြောထားတယ်တဲ့။ ဒါပေမဲ့ တရက်တော့ သူအတန်တန် ပြောထားလျက်နဲ့ ကောင်မလေးတစ်ယောက်က သိသိကြီးနဲ့ ဖုန်းဝယ်ပေးဖို့ လာပြောတဲ့အခါ ကျွန်မညီမ ကြောင်အပြီး ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိဘူး ဖြစ်သွားသတဲ့။ နောက်ဆုံးတော့ ထုံးစံအတိုင်း ခွေးအကြီး လှည်းနင်းခံရသလို တအိအိသာ အသံထွက်နိုင်ပြီး "ဟင့်အင်း"လို့ ပြောမရတဲ့ ပါးစပ်ကြီးကြောင့် ဖုန်းတလုံး ၀ယ်ပေးလိုက်ရပါတယ်။ တလ ၂၀၀ကျော် ကျအောင် ဖုန်းပြောပြီး ဖုန်းစ၀ယ်ပေးတဲ့ လထဲက နှစ်လကြာသည့်တိုင် ဖုန်း bill တပြားမှ မပေးတဲ့အခါ ကျွန်မညီမက ဖုန်းလိုင်းကို cancel လုပ်၊ ဖုန်းbillဖိုး ပေးပြီး အဲဒီ နံပါတ်ကို နှစ်နှစ်ပြည့်အောင် ကျွန်မ ဆက်သုံးပေးရပါတယ်။ ဒီလိုနည်းနဲ့ ကျွန်မအမေလည်း သူ့နာမည်နဲ့ ဖုန်းဝယ်ပေးတာ ၁၀၀၀ကျော်လောက် စိုက်ပေးလိုက်ရဖူးတယ်။ နောက်မှ အဲဒီသူဆီက နည်းနည်းချင်း ပြန်တောင်းယူရတယ်။

ခုဆို ကျွန်မအဖေက ပြောတယ်။ ဖုန်းဝယ်ပေးဖို့များ လာပြောရင် "ဒီနားတိုးစမ်းပါ"ဆိုပြီး "ပါးသာ အရင်ဆုံး ရိုက်ပစ်လိုက်ချင်တော့တယ်"လို့ ပြောရလောက်အောင် ကျွန်မတို့ မိသားစု အာမခံပြီး ဖုန်းဝယ်ပေးလိုက်တိုင်း သူတို့သုံးတဲ့ဖုန်းဖိုး ကျွန်မတို့ စိုက်မပေးရတာ မရှိသလောက်ပေါ့။ ဖုန်းကိစ္စက နမူနာသဘောလောက် ပြောပြတာပါ။ (သိပ်မရင်းနှီးတဲ့သူထဲက) အိမ်မှာ သုံးလလောက် လာနေပြီး နေစရိတ်၊ စားစရိတ် တပြားမှ မပေးတဲ့အပြင် စားဖို့၊ သောက်ဖို့ ထမင်းဟင်းတောင် အလိုက်တသိနဲ့ ၀င်ကူချက်ဖော်မရတဲ့၊ အလုပ်လေးရမှ အိမ်ပေါ်ကနေ ကော့တော့ကော့တော့နဲ့ ပြောင်းသွားတဲ့၊ တော်ရုံလူတွေ ကြုံရမှာ မဟုတ်တဲ့ ဇာတ်လမ်းမျိုးတွေလည်း အများအပြား ရှိပါသေးတယ်။ ကျွန်မတို့ အားနာတတ်တာကို သူတို့အဖို့ လူနုံ၊ လူအတွေ အဖြစ်များ မြင်နေကြလားတော့ မသိဘူး။ အန်တီငြိမ်းကတော့ ကျွန်မတို့ မိသားစုကို ဝေသန္တရာ မိသားစုတဲ့။

ဒီမှာ အစိုးရကျောင်းတွေ တက်ခွင့်ရရင် အစိုးရက ကျောင်းစားရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းထောက်ပံ့တယ်။ အဲဒီအတွက် သူတို့နိုင်ငံမှာ ၃ နှစ် အလုပ်လုပ်ပါမယ်ဆိုတဲ့ စာချုပ်ပဲ ချုပ်ရတယ်။ ကျောင်းသားတွေ ပေးရမယ့် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းထဲကနေမှ ၈၀ ရာခိုင်နှုန်းကို ဒီက ဘဏ်တွေဆီမှာ ချေးလို့ရသေးတယ်။ ကျောင်းပြီးမှ ပြန်ဆပ်ရုံသာ။ အဲဒီတော့ ကျောင်းသား တစ်ယောက် အစိုးရအထောက်အပံ့နဲ့ ဘဏ်က ချေးအပြီး ကျောင်းလခ ၃၈၀ ကျော်လောက်ပဲ ပေးရပါတော့တယ်။ အစိုးရထောက်ပံ့တာကို အသက် ၂၁ ပြည့်တဲ့ မည်သူမဆို အာမခံနိုင်ပေမယ့် ဘဏ်က ချေးငွေကိုတော့ PR ဒါမှမဟုတ် နိုင်ငံသားက လက်မှတ်ထိုး အာမခံရပါတယ်။ များသောအားဖြင့် အာမခံပေးတဲ့သူ ရှားပါတယ်။ လက်မှတ်ထိုးပေးကြတဲ့ PR တွေက အာမခံခ S$500 လောက် အနည်းဆုံး တောင်းတတ်ကြပါတယ်။ တော်ရုံတန်ရုံ ဘယ်သူမှ လက်မှတ်ထိုးမပေးကြပါဘူး။ အဲဒီတုန်းကတော့ "အမယ်လေး ဒါလေး လုပ်ပေးရတာများ ဘာလို့ မကူညီကြပါလိမ့်"လို့ ကျွန်မ မိုက်မဲစွာ တွေးခဲ့ဖူးပါတယ်။

ကျွန်မအတွက်ကတော့ ဘာမှမခက်ခဲတဲ့ လက်မှတ်လေး တချက်ထိုးပေးရုံများ အပန်းကြီးတာမှ မဟုတ်တာပေါ့။ ဟုတ်ကဲ့၊ အဲဒီအတွက် ကျွန်မ ဘဏ်မှာ အာမခံလုပ်ပေးမိတယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်မ အာမခံလုပ်ပေးတဲ့သူ စာမေးပွဲကျလို့ ပြည်တော်ပြန်ရပါတယ်။ အဲဒီအခါ အစိုးရထောက်ပံ့ကြေးကို ပြန်ပေးစရာမလိုပေမယ့် ဘဏ်ကနေ ချေးထားတဲ့ သုံးနှစ်စာ ကျောင်းစားရိတ်ကိုတော့ ပြန်ဆပ်ရပါမယ်။ မြန်မာပြည်ပြန်နေလို့လည်း ဘာမှ အကျိုးမရှိတဲ့အတွက် သူက ဩဇီ ဒါမှမဟုတ် မလေးရှားမှာ ကျောင်းပြန်တက်ဖို့ ကြိုးစားပါတယ်။ အဲဒီအတောအတွင်း ပိုက်ဆံလိုမှာဖြစ်တဲ့အတွက် ကျွန်မက ဘဏ်မှာ ချေးထားတဲ့ပိုက်ဆံကို မတောင်းဘဲထားတယ်။ သူကလည်း ကျောင်းတက်ခွင့်ရရင် ဘဏ်ကပိုက်ဆံ ဆပ်မယ်ပြောတာကိုး။ သူ့မိဘတွေက အရာရှိအရာခံတွေလည်း ဖြစ်လေတော့ ပြန်ဆပ်မှာပါလို့ ကျွန်မ တွေးခဲ့တယ်။

ဒါပေမဲ့ အဲဒီ ငွေ S$5000 ကျော်ကို ခုချိန်ထိ တပြားတချပ်မှ မရသေးပါဘူး။ "အားလုံး တပြိုင်တည်း မဆပ်နိုင်ရင် နေပါ။ တလ ၁၀၀၊ ၂၀၀ လောက်တော့ တတ်နိုင်သလောက် ဆပ်ပါ"လို့ ကျွန်မ ပြောပေမယ့် အချည်းနှီးပါပဲ။ သူတို့က နိုင်ငံတကာပတ်လို့၊ ရောက်တဲ့နိုင်ငံမှာ ကားတွေဝယ်စီးလို့ နေချိန် ကျွန်မကတော့ တရားစွဲမယ်ဆိုတဲ့ ဖြူ၊ နီ၊ ပြာ၊ ၀ါ Reminder စာရွက်ပေါင်းများစွာနဲ့ သူများအကြွေး ၅၀၀၀ကျော်ကို ဆပ်လို့ မဆုံးဖြစ်နေတော့တယ်။ ကျွန်မက ၂၀၀၀ကျော်လောက် ဆပ်လိုက်၊ မဆပ်ဘဲ နေလိုက်၊ အတိုးတွေက ထပ်ထပ်တက်လိုက်နဲ့ ပေးစရာ ၅၀၀၀ကျော်က လျော့တယ်လို့ မရှိပါဘူး။ သူတို့အနေနဲ့ ဒီငွေတွေကို ပေးနိုင်တဲ့အခြေအနေလည်း ရှိလျက်၊ နည်းနည်းချင်းလည်း ပေးရမှာဖြစ်လျက် ဘာလို့များ မပေးတာလဲဆိုတာ ကျွန်မအနေနဲ့ စဉ်းစားလို့ မရအောင်ပါပဲ။

အဲလိုအခြေအနေမှာတောင် ကျွန်မရဲ့ အားနာမှုက မရပ်တန့်နိုင်သေးပါဘူး။ ဒီကို အလည်အပတ်လာပြီး အလုပ်ရှာကြတဲ့အခါ ဗီဇာလျှောက်ဖို့ sponsor လိုပါတယ်။ အဲဒီအတွက် တချို့တွေက မြန်မာငွေ ၄၊ ၅ သိန်း တောင်းပြီး sponsor လုပ်ပေးကြတယ်လို့ ပြောပါတယ်။ ကျွန်မအနေနဲ့တော့ ကိုယ့် IC လေး scan ဖတ်ပြီး Invite Letter နဲ့အတူ အီးမေးလ်ကနေ ပို့လိုက်ရတာဟာ ဘာမှ ပြောပလောက်တဲ့ ကိစ္စလို့ မထင်ပါဘူး။ အဲဒီအတွက် ခုလက်ရှိ ဒီမှာ အလုပ်လုပ်နေကြတဲ့ ကျွန်မ အသိတွေ၊ သူငယ်ချင်းတွေ၊ ကျွန်မ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေ အမြောက်အမြားကို ကျွန်မ sponsor လုပ်ပေးခဲ့တယ်။ အဲဒီ sponsor ကိစ္စနဲ့ပတ်သက်ပြီး ခုချိန်ထိ ဘာပြဿနာမှတော့ မဖြစ်ပါဘူး။ တချို့ရှိသေးတယ်။ အစိုးရကျောင်းမဟုတ်တဲ့ ကျောင်းကို တက်ရင် student pass အတွက် sponsor လိုတယ်။ ကိုယ်နဲ့ မသိပေမယ့် ကိုယ့်သူငယ်ချင်းက အကူအညီတောင်းလို့ (သူများအကြွေး စိုက်လျော်ရလွန်းလို့) သူများအကြွေးနဲ့ လူလုပ်နေရတဲ့ ကျွန်မ ရင်တထိတ်ထိတ်နဲ့ အားနာစွာ sponsor လုပ်ပေးဖြစ်တယ်။ ဒါလည်း ပြဿနာမပေါ်ခဲ့လို့သာပေါ့ မဟုတ်ရင် ကျွန်မတော့ ရူးလောက်ပြီ။ ဒီကြားထဲ အချိန်ပိုင်းအလုပ်လုပ်ခွင့်မရှိတဲ့ Private ကျောင်းသူက ကျွန်မ အိုင်စီကတ်နဲ့ အလုပ်လုပ်မလို့ ခဏငှားပါလို့ လာပြောသေးတာ။

သေချာတာက သူတို့ကို ဖုန်းလိုင်းဝယ်ပေး၊ sponsor လုပ်ပေး၊ အာမခံလုပ်ပေးပြီး သူတို့ဆီက မုန့်တခု၊ ငွေတကျပ်တောင် ကျွန်မ မစားခဲ့၊ မယူခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ပြန်ရလိုက်တာက စိုက်ဆပ်ပေးရမယ့် အကြွေးတွေပါ။ ကျွန်မ အလုပ်လုပ်ပြီး ရှာရတဲ့ပိုက်ဆံက ကျွန်မ သုံးရတယ်ကို မရှိသလောက်ပါပဲ။ ကျွန်မ ဆရာပြောခဲ့သလိုဆို ကျွန်မလည်း ဘယ်သူ့ဆီကမှ လိမ်ညာခိုးဝှက်ပြီး ရှာထားတဲ့ ပိုက်ဆံတွေ မဟုတ်ပါဘဲလျက် ဘာလို့များ ဒီလိုမျိုးတွေ ကြုံနေရပါလိမ့်။ ကျွန်မ သစ္စာဆိုရဲတယ်။ ကျွန်မ sponsor လုပ်ပေးသမျှ၊ အာမခံပေးသမျှ ဘာကျေးဇူးခံ၊ ကျေးဇူးစား၊ ဘာအကြောင်းအချက်မှ မပါဘဲ ကိုယ့်အတွက် အပန်းမကြီးတာလေး ကိုယ်လုပ်ပေးနိုင်လို့ လုပ်ပေးလိုက်တယ် ဆိုတာပါပဲ။ ထို့အတူ ယနေ့အချိန်ထိ ကျွန်မတို့ တမိသားစုလုံး သူများ စိတ်ဆင်းရဲ၊ ဒုက္ခရောက်အောင် မလုပ်ခဲ့သလို သန့်သန့်ရှင်းရှင်းနဲ့ ရှာလို့ရတဲ့ ပိုက်ဆံတွေနဲ့ပဲ ထမင်းစားခဲ့ကြသူတွေ။ ကျွန်မအဖေ အစိုးရ၀န်ထမ်းဘ၀တုန်းကလည်း ပြည်သူပိုင်ပစ္စည်း ကိုယ့်ပစ္စည်းမလုပ်ခဲ့။ သူများပိုက်ဆံ အလွဲသုံးစား မလုပ်ခဲ့။ ကျေးဇူးရှင်ကို ကျေးမစွပ်ခဲ့။ ဒါပေမဲ့ ကိုယ့်အကြွေး ကိုယ်ပြန်မဆပ်ချင်တဲ့၊ သူတပါးကို ဒုက္ခပေးချင်တဲ့သူတွေနဲ့ ကြုံတွေ့နေရတာ ဘယ်လို အကြောင်း အကျိုး ဆက်စပ်ပြီးများ ဖြစ်ပေါ်လာရတာလဲလို့ သိချင်လိုက်တာ။

တကယ်ဆို အဲဒီ "အားနာတယ်"၊ "ကူညီတယ်"၊ "သူလည်း ကိုယ့်လိုပဲ နေမှာပါလေ"ဆိုတဲ့ အတွေးတွေ မရှိချင်၊ မကြားချင်တော့လောက်အောင် ကျွန်မ မုန်းတီးမိနေပါပြီ။ ကိုယ့်ကိုယ်ကိုလည်း အပါအ၀င်ပေါ့။ ကျွန်မတို့ မိသားစုရဲ့ နောက်မျိုးဆက်ကို အားနာခြင်းဆိုတာ မသိတဲ့သူတွေ ဖြစ်စေချင်တယ်။ (လူတွေအပေါ် စီးပိုးပြီး သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်တဲ့ လူစားမျိုးတော့ ဘယ်ဟုတ်မလဲ။ အဲလို လူမျိုးတော့ ကျွန်မ အရမ်းမုန်းတယ်။) အရင်ဆုံး ကျွန်မရဲ့ တဦးတည်းသော တူမလေးကို အားနာတယ်ဆိုတဲ့ စကား မကြားဖူးအောင်၊ အားနာတယ်ဆိုတာ ဘယ်လိုမျိုးမှန်း မသိအောင် သူ့ရှေ့မှာ နေပြဖို့ ကြိုးစားရပါမယ်။ နောက်ပြီး အားနာတတ်တာ 'လူအ'တွေမှလို့
ကျွန်မတူမလေး နားလည်အောင် ပြောပြရဦးမယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် အားမနာတတ်တဲ့၊ ကူညီချင်စိတ်မရှိတဲ့သူ ကျွန်မ ဖြစ်ပါရစေလို့။
ပြီးတော့ ကျွန်မ စိုက်ဆပ်နေရတဲ့ အကြွေးတွေရပါစေလို့လည်း ကူပြီး ဆုတောင်းပေးကြပါဦး။:D

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Saturday, October 4, 2008

မြန်မာစာ၊ မြန်မာစကား (၆)



ဒီအသုံးအနှုန်း အရေးအသားတွေကို မြန်မာစာ၊ မြန်မာစကား စာအုပ်ထဲကနေ အစဉ်အလိုက်အတိုင်း ကူးဖော်ပြတာ မဟုတ်ပါဘူး။ လူအများစု မှားတတ်တယ်လို့ ကျွန်မ ထင်တဲ့၊ ကျွန်မကိုယ်တိုင် မှားတတ်ပြီး မသဲကွဲတာလေးတွေကိုပဲ ကူးပြတာပါ။ စာအုပ်ပါ အကြောင်းအရာအားလုံးကို ဖတ်ချင်သူများအတွက် ဒေါင်းလုတ်လုပ်နိုင်ဖို့ လင့်ခ်တွေ ထည့်ပေးထားပါတယ်။

***** *** *****

အသုံးမမှား ကို နှင့် အား

အပြုခံရသူ ကို ဖော်ပြလိုလျှင် ကို ကို သုံးသည်။
၁။ မဟာဗောဓိပင်ကို စိုက်တော်မူမည်။
၂။ မင်းထင်စည်သူကို ၀န်ကြီးခန့်တော်မူသည်။
၃။ ခွေးကို ရိုက်သည်။
၎။ လှေကို လှော်သည်။

လက်ခံသူ ကို ဖော်ပြလိုလျှင် အား ကို သုံးသည်။
၁။ ရတနာသုံးပါးအား အကုန် ငါ လှူ၏။
၂။ မင်းကြီးလည်း ရဟန္တာမြတ်တို့အား ထိုအကြောင်းကို နားတော်လျှောက်လေ၏။
၃။ စူဋ္ဌနီဗြဟ္မဒတ်မင်းသည် သမီးတော် ကို အရှင်မင်းကြီးအား ပေးထိမ်းမြားအံ့...
၎။ ဘုရားလောင်းသည် ထမင်းဆုပ်ကို ခွေးငယ်အား ပေးလိုသော အခြင်းအရာကို ပြ၏။
၅။ တိုင်ကပ်နာရီကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်လှူဒါန်းပြီးနောက်...

"ကို" သုံးရမည့်နေရာတွင် "အား" ကို လွဲမှားသုံးတတ်ကြသည်။
၁။ (က) ငွေစာရင်း ရှင်းတမ်းများအား ဖတ်ကြားအတည်ပြုကာ အမှုဆောင်များ ရွေးချယ်ပြီး... (မသင့်)
(ခ) ငွေစာရင်း ရှင်းတမ်းများကို ဖတ်ကြားအတည်ပြုကာ အမှုဆောင်များ ရွေးချယ်ပြီး... (သင့်)
၂။ (က) ငလျင်ကြောကြီး တခုအား လေ့လာစူးစမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း... (မသင့်)
(ခ) ငလျင်ကြောကြီး တခုကို လေ့လာစူးစမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း... (သင့်)
၃။ (က) မြန်မာ့ရိုးရာအတွေးအခေါ်ကို မဖော်ထုတ်မီ ဤအတွေးအခေါ်အား ဖော်ထုတ်ရန်အတွက်... (မသင့်)
(ခ) မြန်မာ့ရိုးရာအတွေးအခေါ်ကို မဖော်ထုတ်မီ ဤအတွေးအခေါ်ကို ဖော်ထုတ်ရန်အတွက်... (သင့်)

သဒ္ဒါသဘောအရ "ကို" သုံးရမည် ဖြစ်သော်လည်း နှစ်သက်မြတ်နိုးခြင်းအလေးအမြတ်ပြုခြင်း သဘောတို့ကို ဖော်ပြလိုသောအခါ "ကို" အစား "အား" ကို သုံးကြသည်လည်း ရှိသည်။
၁။ အရှင်မြတ်အား မပြတ် ဖူးမြင်လိုပါသည်။
၂။ ရသေ့အား ရှိခိုးစိမ့်သောငှာ...
၃။ နိုင်ငံတော်အလံအား လှိုက်လှဲစွာ ကြိုဆိုပါ၏။

***** *** *****

ကျွန်မ ခဏခဏ မှားတတ်တဲ့ မီ နှင့် မှီ က နောက်တနေ့ပေါ့နော်။


မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...



ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Friday, October 3, 2008

ကျွန်မနှင့် ပထမဆုံးများ



မောင်လေး မင်းမင်းက အားရင် တက်ဂ်ရေးပေးဆိုလို့ အိုကေလို့ ပြောလိုက်တာ မရေးရင် စလုံးရောက်မှ သိမယ်လို့တောင် ကြိမ်းလိုက်သေးတယ်။ သူများဘလော့ဂ်တွေမှာ ရေးထားတာကြည့်ပြီး နဂိုထဲက ရေးချင်နေတာနဲ့ အတော်ပဲ။ ပထမဆုံးတွေကို သိပ်အမှတ်မိကြီး မဟုတ်တော့ သတိရသလောက် ချရေးမိတယ်။ နောက်ထပ် သတိရတာတွေ ရှိသေးရင်လည်း ထပ်ရေးသေးတာပေါ့။

ကျွန်မ ပထမဆုံး ရောက်ဖူးတဲ့ဆေးရုံက ယောက်ခ်လမ်း (ယခု အလံပြဘုရားလမ်း)ရှိ အာဇာနည်သားဖွားခန်းပါ။ အဲဒီဆေးရုံမှာ ကျွန်မကို မွေးခဲ့တာလေ။ ထိုဆေးရုံ မရှိတော့တာ ကြာပြီဆိုတော့ နာမည်သာသိပြီး ဆေးရုံကို ကျွန်မ မမြင်ဖူးပါဘူး။ ဒါပေမဲ့ တကယ့် ရန်ကုန်မြို့လယ်ခေါင် ပုဂ္ဂလိကဆေးရုံမှာ မွေးခဲ့တာလို့ ကျွန်မတို့ မောင်နှမကြားမှာ ကျွန်မက အမြဲ စကားနိုင်လုလေ့ရှိတယ်။;)) ဘာလို့ဆို ကျွန်မအကိုနဲ့ ညီမကို ရန်ကုန်အိမ်နားက ဆေးရုံနဲ့ ရန်ကုန်အိမ်မှာ မွေးခဲ့ပြီး ကျွန်မမောင်လေးကိုတော့ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ဆေးရုံမှာ မွေးခဲ့လို့ပါ။
:P

ကျွန်မ ပထမဆုံး တက်ရတဲ့ ကျောင်းကတော့ ကယားပြည်နယ်၊ လောဓလေးကျေးရွာမှာရှိတဲ့ လောပိတ အခြေခံပညာ အလယ်တန်းကျောင်းပါ။ သူငယ်တန်းကနေ ပဉ္စမတန်းထိ တက်ခဲ့တယ်။ မူကြိုကျောင်းကိုတော့ ရန်ကုန်မှာရော၊ အဖေ တာဝန်ကျရာ ဟိုး အညာဒေသ မင်းဘူး၊ မင်းလှဘက်မှာရော တက်ဖူးတယ်ဆိုတာလောက်ပဲ မှတ်မိပါတယ်။

ကျွန်မ မှတ်မိတဲ့ ပထမဆုံး အတန်းပိုင်ဆရာမက အသားဖြူဖြူ၊ အရပ်ပုပုနဲ့ အရမ်းချစ်စရာကောင်းတဲ့ ဆရာမ ဒေါ်ဖြူဖြူဦးပါ။ ဆရာမက ကျွန်မတို့ရဲ့ ပထမတန်း၊ ဒုတိယတန်း အတန်းပိုင်ဖြစ်ခဲ့ပါတယ်။ ဆရာမအကြောင်းကို ဖြစ်ချင်တာတွေများတဲ့ ကျွန်မမှာ အနည်းငယ်ရေးခဲ့ဖူးတယ်။ နောက်ထပ်လည်း ဆရာမအကြောင်းတွေ ရေးချင်ပါသေးတယ်။

ပထမဆုံး ဆုတက်ယူရတာကတော့ ပထမတန်းမှာ ရရှိတဲ့ ဒုတိယဆု။ အဲဒီနေ့မှာ အမှတ်ရစရာတခု ရှိခဲ့တယ်။ ကျွန်မ ဆုယူဖို့ စင်ပေါ်တက်ပြီး ဆရာတွေကို ဦးညွတ်ကာ ဆုလက်ခံဖို့ လျှောက်သွားချိန်မှာ ကျွန်မ အနောက်ဘက် စင်အောက်က ကျောင်းသားမိဘတွေရဲ့ ရယ်မောသံတိုးတိုးလေးတွေ ကြားလိုက်ရတယ်။ ဖြစ်ပုံက စင်ပေါ်တက်ရတဲ့ လှေကားက ဘယ်ဘက်မှာ ရှိပြီး ကျောင်းအုပ်ကြီးနဲ့ ဒုကျောင်းအုပ်တို့က စင်ပေါ် ညာဘက်ခေါင်းရင်းမှာ ထိုင်နေကြတာဆိုတော့ တကယ်ဆို ကျွန်မက ဆရာတွေရှိတဲ့ ညာဘက်ကို ကိုယ်အနည်းငယ်စောင်း၊ မျက်နှာအနည်းငယ်လှည့်ပြီး အလေးပြုရမှာ ဖြစ်ပါတယ်။ အဲဒါကို ကျွန်မက မျက်နှာမူရာ ဘယ်ဘက် ခေါင်းရင်းဘက်ကိုပဲ အလေးပြုလိုက်တာပါ။ လူတွေ ဘာကြောင့် ရယ်ကြတာလဲဆိုပြီး ကျွန်မအဖေကို မကျေမနပ်နဲ့ ပြန်ဖြေရှင်းခဲ့သေးတယ်။ "အဖေကလည်း ဘုရားရှိခိုးတဲ့အခါ ဘုရားစင်ရှိတဲ့ အရပ်ဖြစ်ရင် ဦးချလို့ရတာပဲ မဟုတ်လား။ ဘုရားစင်ရှေ့မှာမှ ဘုရားရှိခိုးလို့ရတာ မဟုတ်ဘဲ။ ခုလည်း ဒီလိုပဲပေါ့။ ဆရာတွေရှိတဲ့ဘက် ဦးညွတ်တာပဲလေ။ သူတို့ ရှေ့တည့်တည့်ဖြစ်စရာ မလိုပါဘူး"လို့။ ကျွန်မက ငယ်ငယ်လေးထဲက အဲလို နည်းနည်း တယူသန် ဆန်ပါတယ်။

ကျွန်မရဲ့ ပထမဆုံး မိန်းကလေး သူငယ်ချင်းက မိုးကလျာအိတဲ့။ သူတို့နဲ့ ငယ်ဘ၀ ကစားခဲ့တဲ့အကြောင်းကို ဒီချိန်ဆိုပို့စ်မှာ အနည်းငယ် ရေးထည့်ခဲ့ဖူးတယ်။ သူက အတန်းထဲမှာ ကျွန်မနဲ့ ပထမဆု လုဖော်လုဖက်။ နှစ်တိုင်း အစမ်းစာမေးပွဲမှာ ကျွန်မ ဘယ်လောက်ပဲ အဆင့် ၁ ရရ၊ အတန်းတင်ရောက်ရင်တော့ သူက ပထမ၊ ကျွန်မက ဒုတိယ။ သူတို့နဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံကို ဒီချိန်ဆို (၂)မှာ တင်ထားပါတယ်။ သူတို့နဲ့ ကွဲကွာခဲ့တာ ၁၅ နှစ်လောက်တော့ ရှိပြီ။ ခုချိန်ထိ သူတို့ လောပိတမှာ ရှိနေသေးတယ်။ တနေ့နေ့ တချိန်ချိန် ကျွန်မ လောပိတကို အလည်ပြန်ဖြစ်ရင်တော့ သူတို့နဲ့ ပြန်တွေ့နိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။

ပထမဆုံး ယောက်ျားလေး သူငယ်ချင်းကတော့ အိမ်နာမည် တူးငယ်လို့ ခေါ်တဲ့ ဇင်မင်းဝင်းပါ။ ကျွန်မတို့ လောဓလေးက ပြောင်းလာပြီးတည်းက သူနဲ့ မတွေ့ဖြစ်လိုက်တာ ၁၀တန်းအောင်ပြီး ၂နှစ်လောက် အကြာ ၂၀၀၁ ခုနှစ်လောက်မှာ သူနဲ့ တခါပြန်ဆုံဖြစ်ပါတယ်။ ၈နှစ်ကျော် ကွဲကွာခဲ့တဲ့ ကျွန်မတို့ ငယ်သူငယ်ချင်းတွေ ပြန်တွေ့တော့ တညလုံးမအိပ်ဘဲ စကားတွေ မရပ်မနားပြောဖြစ်ကြတယ်။ အချိန်ကာလဆိုတာ ကျွန်မတို့ သူငယ်ချင်းတွေရဲ့ ရင်းနှီးခင်မင်မှုကို ဘာတခုမှ မပြောင်းလဲစေခဲ့ပါဘူး။ မန္တလေးမှာနေတဲ့ သူ့ဆီ သွားလည်ဖြစ်ရင်တော့ ကျွန်မတို့ ပြန်ဆုံနိုင်ပါသေးတယ်။ EPC မှာလုပ်ခဲ့တဲ့ လောပိတအုပ်စုဝင်တွေဖြစ်တဲ့အတွက် မိသားစုချင်း ဆက်စပ်ပြီး တစ်ယောက်သတင်း တစ်ယောက်တော့ အမြဲ ကြားနေရတတ်ပါတယ်။ ငယ်ဘ၀ အမှတ်တရ (၃) မှာ သူတို့နဲ့ ကစားတဲ့အကြောင်းတွေ ထည့်ရေးဖူးတယ်။

ပထမဆုံး ကျောင်းမှာ အရိုက်ခံရတာက ၃ တန်းနှစ်တုန်းကပါ။ မြန်မာ့သမိုင်းသင်တဲ့ ဆရာမက စာဖြေခိုင်းရာမှာ စာလုံးပေါင်းသတ်ပုံ တစ်လုံးမှားရင် တစ်ချက် အရိုက်ခံရမယ်လို့ ဆိုပါတယ်။ ကျွန်မက "လည်း" မှာ "_း" (၀စ္စ နှစ်လုံးပေါက်) ကျန်ခဲ့လို့ အရိုက်ခံခဲ့ရပါတယ်။ ကျွန်မအနေနဲ့ စာလုံးပေါင်းကျန်ခဲ့လို့ အရိုက်ခံရတာ သိပ်တော့ မဆန်းဘူးထင်တယ်။ ဘာလို့ဆို ကျွန်မက ကိုယ့်ကိုယ်ကို ယုံကြည်တာလား၊ အထင်ကြီးတာလားတော့မသိ၊ စာမေးပွဲမှာ အဖြေလွှာကို ဘယ်တော့မှ ပြန်မစစ်တတ်ဘူး။ ကိုယ်ရေးထား၊ ဖြေထားသမျှ အားလုံးမှန်တယ်လို့ ထင်နေတတ်ပါတယ်။ အဲဒီအကျင့်ကို ခုချိန်ထိ ကြိုးစားဖျောက်နေဆဲပါ။ အဲဒီနေ့က တတန်းလုံး အရိုက်ခံခဲ့ရတယ်။

ပထမဆုံး စာစဖတ်တာ ၂ တန်းနှစ်မှာ။ ရွှေသွေးပေါင်းချုပ်၊ မိုးသောက်ပန်းတို့ ဖတ်ခဲ့တယ်။ နောက်ပိုင်း ကာတွန်းစာအုပ်တွေကို ဖတ်တာပေါ့။ ၅ တန်းနှစ်မှာ ၀တ္ထုစာအုပ် စဖတ်ပါတယ်။ အဲဒီစာအုပ်က တော်တော်ထူပြီး ပုဂံခေတ်သမိုင်းကြောင်းနောက်ခံ ရေးထားတယ်ဆိုတာရယ်၊ ကုတင်ပေါ်မှာ ခြင်ထောင်ချပြီး တနေကုန် မစား မသောက်၊ မကစားဘဲ ဖတ်ခဲ့တယ်ဆိုတာရယ်ပဲ မှတ်မိပါတော့တယ်။ ၈တန်းနှစ်မှာ လွန်းထားထားရဲ့ အချစ်ဝတ္ထုတစ်အုပ်ကို ပထမဆုံး ဖတ်ခဲ့ပြီး အသည်းအသန် သဘောကျခဲ့တယ်။ ဟိ။ ၁၀တန်းအောင်ပြီးမှ သူ့ဝတ္ထုတွေ မဖတ်တော့တာ။:P အပျော်ဖတ်ဝတ္ထုအနေနဲ့ လွန်းထားထားသာ ဖတ်ခဲ့ပြီး နိုကိုဇူးဇင်၊ မီကိုဇူးဇင်လို ၀တ္ထုတွေကိုတော့ ကျွန်မ တသက်နဲ့တကိုယ် တခါမှ မဖတ်ဖြစ်ခဲ့တဲ့အတွက် တော်သေး။

ကျွန်မ သိတတ်စအရွယ်မှာ ပထမဆုံး နားထောင်ခဲ့၊ ခဏခဏ သီဆိုခဲ့တဲ့ သီချင်းတွေက (ဒေါ်)ခင်ညွှန့်ရည်ရဲ့ ~~~ငါတို့ မြန်မာပြည်ဝယ်... မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်...~~~ ဆိုတဲ့ သီချင်းပါတဲ့ သီချင်းခွေပါ။ အဲဒီသီချင်းတွေ နားထောင်ရင် ဘာကို ၀မ်းနည်းလို့ ၀မ်းနည်းမှန်း မသိ၊ ဘာတွေ စိတ်တက်ကြွလို့ တက်ကြွမှန်းမသိတဲ့ ခံစားချက်မျိုးစုံ ခံစားရပြီး နားမထောင်ဘဲလည်း မနေနိုင်ခဲ့ပါဘူး။ အဲဒီတုန်းက ၁တန်း၊ ၂တန်းအရွယ်ပေါ့။ အာဇာနည်နေ့ အမှတ်တရမှာ ကျွန်မ ရေးခဲ့ဖူးပါတယ်။

ပထမဆုံး ရည်းစားစာ အပေးခံရတာကတော့ သူငယ်တန်းတုန်းထဲကလို့ ပြောရင် ယုံမလားသိဘူး။ =)) ၀လုံးတွေ ရေးထားတဲ့စာရွက်ကိုကိုင်ပြီး နင့်အတွက် ရည်းစားစာဆိုပြီး အပေးခံရတာ။ ဟားဟား။ ချစ်တယ်၊ ဘာညာသာရကာ ရေးထားတဲ့ ရည်းစားစာမျိုးကိုတော့ ၄ တန်းနှစ်ထဲက စဖတ်ဖူးတာ ခုချိန်ထိဆိုပါတော့။
:P (ကိုမောင်ရင်နဲ့ သူမသာ၊ ကိုယ်မသာနော်။ ဟိ) ရည်းစားကိုတော့ ၁၀တန်းအောင်ပြီး တော်တောကြာမှ စ ထားဖူးတယ်။;))

ပထမဆုံး ရင်ခုန်စေခဲ့သူကတော့ တစုံတယောက်။ ၉တန်းနှစ်လောက်မှာ စတွေ့၊ စသိပြီး သူ့ကို ခိုးခိုးကြည့်လိုက်ရတာ မောလို့။ တခုတော့ ရှိတယ်။ ကျွန်မ ကံကောင်းတယ်လို့ ပြောရမလား မသိဘူး။ ကျွန်မအတွက် ဘယ်တုန်းကမှ တဖက်သပ်ဆိုတာ မရှိခဲ့ဘူးလေ။ ကျွန်မက လက်ရေးမလှလို့ လက်ရေးလှတဲ့သူတွေကို ခင်မင်သဘောကျတတ်တဲ့အတိုင်း (အန်တီခင့်လို) သူ့လက်ရေးကိုလည်း အရူးအမူး ခရေစီဖြစ်ခဲ့တာပေါ့။
;)) သူနဲ့အကြောင်းကို အနာဂတ်မရှိတဲ့ ကောင်းကင် နဲ့ ဘ၀လက်တွဲဖော် အဖြစ် ရေးခဲ့ဖူးတယ်။

ပထမဆုံးကိုင်ဖူးတဲ့ သေနတ်က (၉မမ လို့ ထင်တာပဲ) ပစ္စတိုတစ်လက်ပါ။ အမျိုးအစားတွေ ဘာတွေတော့ မသိဘူး။ ပစ်လည်း မပစ်ကြည့်ဖူးဘူး။ ကျွန်မက မိန်းကလေးဖြစ်လျက်နဲ့ သေနတ်ကိုင်ချင်လွန်းလို့ စင်္ကာပူရဲအရာရှိ ၀င်လျှောက်ခဲ့သေးတယ်လေ။ ဒါမဲ့ အရွေးတော့ မခံရပါဘူး။:P ကျွန်မနှင့် ရဲအရာရှိမှာ ဖတ်ကြည့်ရန်။

ပထမဆုံးကျောင်းပြေးဖူးတာကတော့ ထုံးစံအတိုင်း ၁၀တန်းအပြီး တက္ကသိုလ်တက်ချိန်ပေါ့။ မှော်ဘီ GTC မှာ တက်ခဲ့တုန်းကပါ။ GTC ကျောင်းသူဘ၀ အမှတ်တရ နဲ့ (၂)မှာ ရေးခဲ့ဖူးပါတယ်။ ကျောင်းပြေးရင် ရုပ်ရှင်ကြည့်၊ ကားလိုက်စီး၊ ဒါမှမဟုတ် ကျောင်းကားဂိတ်မှာ နေရာသွားဦးရင်း လက်ဘက်ရည်ဆိုင်ထိုင် စတာတွေ လုပ်ဖြစ်ပါတယ်။

ကျွန်မ ပထမဆုံး သောက်ဖူးတဲ့ ထန်းရည်အကြောင်းလည်း အဲဒီပို့စ်မှာ ရေးခဲ့တယ်။ တောင်ပေါ်ဒေသတွေမှာ အများစုရတဲ့ ခေါင်ရည်ကိုတော့ ကျွန်မ ငယ်ငယ် လောပိတမှာ နေတုန်းက သောက်ဖူးပါတယ်။ ဘီယာကိုတော့ ၇ တန်း၊ ၈ တန်းအရွယ်မှာ တခါ သောက်ဖူးတယ်။ သံဗူးနဲ့ Tiger beer ပါ။ သောက်တယ်ဆိုရာမှာ မြိုချတဲ့အဆင့်တောင် မရောက်ပါဘူး။ ပါးစပ်ထဲ တဂွပ်လောက် သောက်လိုက်တဲ့အချိန် ခါးလွန်းလို့ ပြန်ထွေးထုတ်လိုက်တဲ့အတွက် သောက်တယ်လို့တောင် မဆိုနိုင်ဘူး။ ဒါပေမဲ့ လျှာပေါ် တင်လိုက်တဲ့ ခဏလေးအတွင်းမှာ ပူလွန်း၊ ခါးလွန်းတယ်လို့ ခံစားရပါတယ်။ မူးတယ်ဆိုတာ ဘယ်လိုမျိုးလည်း သိချင်လွန်းလို့ အရက်ကို အချိုရည်အများကြီးနဲ့ ရောသောက်တဲ့အခါ အချိုရည်က များများ၊ သောက်တာက နည်းနည်းဆိုတော့ မမူး၊ အချိုရည်နည်းပြန်တော့လည်း အဲဒီပူရှိန်းရှိန်း ခါးသက်သက်အရသာကို မြိုချလို့ မရ။ ဒီလိုနဲ့ သံသရာလည်နေတာ ခုထိ အရက်မသောက်ဖူးဘူးလို့ပဲ ပြောရမလား။

ဆေးလိပ်ကိုတော့ ၁၀တန်း အပြီးလောက်မှာ ဖွာကြည့်ဖူးပါတယ်။ ယောက်ျားလေးအများစု ဘာလို့များ စွဲစွဲလန်းလန်းသောက်ပါလိမ့်လို့ သိချင်စိတ်နဲ့ စမ်းသောက်ကြည့်တာ။ လမ်းထိပ်က ကွမ်းယာဆိုင်မှာ ငါးသုံးလုံးနဲ့ လန်ဒန် တစ်လိပ်စီဝယ်ပြီး အခန်းတံခါးပိတ်လို့ တလှည့်စီ သောက်ကြည့်တာပါ။ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး။ ထုံးစံအတိုင်း မောင်လေးနဲ့ ညီမလေးပါ ပါတယ်။;)) နှာခေါင်းကနေ အငွေ့ထုတ်ချင်လို့ဆိုပြီး သူများတွေလို ရှိုက်သွင်းမြိုချလိုက်တာ လည်ချောင်းသီးပြီး ချောင်းတွေဆိုးနဲ့ တော်တော် ဆိုးရွားတဲ့ ဝေဒနာ ခံစားလိုက်ရတယ်။ အဲဒါကြောင့် ခုချိန်ထိ ဆေးလိပ်ကို ရဲရဲ မဖွာရဲသလို ဆေးလိပ်နံ့လည်း ရှူလို့မရပါဘူး။ ရိုးရိုးဆေးလိပ်နံ့ဆို ဘာမှ သိပ်မဖြစ်ပေမယ့် ရှူသွင်း၊ ရှူထုတ်လိုက်တဲ့ ဆေးလိပ်နံ့ရရင်တော့ ခေါင်းပိုမူးတတ်ပါတယ်။

ပထမဆုံး ရိုက်ဖူးတဲ့ ဖဲကတော့ ပိုကာ ကစားတာပါ။ ၉ တန်း၊ ၁၀ တန်းလောက်က အိမ်မှာ ပထမဆုံး ကစားဖူးတာ။ ငပလီက ပြန်လာတဲ့ အစ်ကိုနဲ့ အစ်မက ဖဲကစားတာ အရှိန်မသေနိုင်သေးဘဲ ကျွန်မတို့ အငယ်တွေကိုခေါ်ပြီး ဖဲကစားနည်းသင်ပေးရင်း အိမ်အပေါ်ထပ် လသာဆောင်မှာ ကစားကြတာပါ။ ပထမဆုံး ဖဲရိုက်ရတာကို တော်တော်ပျော်ခဲ့ပါတယ်။ ဒါမဲ့ ၃ ရက်လောက်ပဲ ကစားလိုက်ရတယ်။ ဖဲရိုက်တာ အိမ်ကျက်သရေမရှိဘူး၊ အသုဘအိမ်တွေမှ ရိုက်တာလို့ အယူရှိတဲ့ ကျွန်မအမေက ဖဲရိုက်ခွင့် မပြုခဲ့လို့ပါ။ နောက်တနေ့မှာပဲ အမေ့ရဲ့ ဗီတိုအာဏာနဲ့ ဖဲထုပ်တွေ အကုန်လွှင့်ပစ်လိုက်ရပါတော့တယ်။:D

ကျွန်မ ပထမဆုံး လှည်းတန်းဈေးကို ရောက်ဖူးတာကတော့ ၁၀တန်း စာမေးပွဲပြီးမှပါ။ (ဟိုး လွတ်လပ်ရေးရပြီးစမှ ယခုချိန်ထိ ရေးသားခဲ့တဲ့) တက္ကသိုလ်နောက်ခံ ၀တ္ထုစာအုပ်တွေထဲက တက္ကသိုလ်ကျောင်းသားတွေရဲ့ လှည်းတန်းဈေးဟာ ကျွန်မအတွက် ပျော်ရွှင်ကြည်နူး အထင်ကြီးစရာ နေရာ တနေရာဖြစ်ခဲ့တယ်။ အဲဒီတော့ လှည်းတန်းဈေးဆိုတာကို ကျွန်မအလွန်ပဲ ရောက်ဖူးချင်ပါတယ်။ သို့သော်ငြား ၉တန်းနဲ့ ၁၀တန်းကို ဘ၀ရဲ့ အရေးကြီးဆုံးသောအချိန်အဖြစ် နေအိမ်အကျယ်ချုပ်သဖွယ် နေခဲ့ရတဲ့အတွက် ၁၀တန်းပြီးမှ ရောက်ဖူးခဲ့ပါတယ်။ စိတ်ကူးထဲက လှည်းတန်းဈေးနဲ့ မျက်မြင်လှည်းတန်းဈေးက ဆီနဲ့ရေပမာ ကွာခြားနေတဲ့အခါ ကိုယ့်ဖာသာကိုယ် သဘောကျပြီး ကျွန်မ ပြုံးခဲ့မိတယ်။=))

ပထမဆုံး ရောက်ဖူးတဲ့ အခြားမြို့တမြို့က အဖေတာဝန်ကျရာ မင်းဘူး PIC ဖြစ်ပြီး နိုင်ငံရပ်ခြားကတော့ အားလုံးသိကြတဲ့အတိုင်း စင်္ကာပူပေါ့။ မိသားစုလိုက် အပျော်ခရီး၊ ဘုရားဖူး ခရီးကို ၇တန်းနှစ်မှာမှ သွားဖူးတာပါ။ ကျိုက်ထီးရိုး၊ သာမည သွားကြတာလေ။ အဲဒီ တခါပဲ ကျိုက်ထီးရိုးဘုရားကို ရောက်ဖူးတယ်။ ခုချိန်ထိ ထပ်မရောက်ဖြစ်ဘူး။ အထက်မြန်မာပြည် ဘုရားတွေကိုတော့ ၁၀တန်းဖြေပြီးချိန်မှာ သွားဖူးဖြစ်တယ်။ ပထမဆုံး သွားဖြစ်တဲ့ ပင်လယ်ကမ်းခြေက ၂၀၀၁ လောက်က သွားခဲ့တဲ့ ငပလီကမ်းခြေပါ။ အဲဒီကမ်းခြေတခုပဲ ရောက်ဖူးပါသေးတယ်။:(

ပထမဆုံး ရေးဖူးတဲ့ ကဗျာက ၁၀တန်းပြီးမှပါ။ GTC ကျောင်းတက်ချိန်မှာ တသက်လုံး တခါမှ မကျဖူးတဲ့ စာမေးပွဲ ကျလို့ စိတ်ညစ်ညစ်နဲ့ အပျော်ရေးခဲ့တဲ့ ကဗျာ။:D ဘာတွေ ရေးခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ဘူး။ အဲဒီကစပြီး နောက်ပိုင်း အချစ်ကဗျာတွေ ရေးဖြစ်တယ်။

ပထမဆုံး ဘလော့ဂ်မှာ တင်ခဲ့တဲ့ ပို့စ်က

နှောင်ကြိုးမဲ့ သစ်ပင်


သစ်တစ်ပင်သာ ဖြစ်ခဲ့ရင်
အထီးကျန်အတွေး ငါ့မှာ
ပျောက်ဆုံးသွားကောင်းရဲ့...
မကျေလည်တဲ့ မိုးတိမ်ရယ်
ငါ့တစ်ကိုယ်စာ သွန်းဖြိုးပေတော့...
တိတ်ဆိတ်၊ ငြိမ်သက်မှုတွေနဲ့
ငါအသက်ရှုတောင် မ၀ခဲ့ပါဘူး
အဖော်မဲ့ ခံစားချက်
စကားလုံးတွေတောင် မဲ့ခဲ့ပါပြီ...
သံစဉ်ချိုသွေး အကြင်နာစကားတွေလည်း
မကြားယောင်ပြု၊ မုန်းမေ့ပါရစေ...
အတွေးတစု အရင်းပြုလို့
စိတ်ရဲ့အလို လေနှင်ရာလွင့်
ငါလေ လွတ်မြောက်သွားခဲ့ပြီ...

s0wha1
မနက် (30.05.07)


ဒီလောက်ပါပဲ။ နောက် သတိရလို့ ဆက်ရေးချင်ရင် ထပ်ရေးပါဦးမယ်။:)


ကျွန်မ ပြန်တက်ဂ်မယ့်သူတွေက ဟေးဟေးငယ်မမီးလေး။ ခုလောလောဆယ်တော့ သူတို့ပဲ စဉ်းစားလို့ရသေးတယ်။

s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။


Thursday, October 2, 2008

မြန်မာစာ၊ မြန်မာစကား (၅)



ကျွန်မရောထွေးစွာ ရေးတတ်တဲ့အရေးအသား တမျိုးက လျှင် နှင့် လျင် ပါ။ ဘယ်လို ကွာခြားလည်း ကျွန်မ သေချာမသိပါ။ ဒီစာအုပ်ထဲမှာလည်း မပါပါဘူး။ သိတဲ့သူများ ပြောပြရင် အရမ်းကောင်းမှာပဲ။

***

"မှ၊ က၊ ကို၊ အား၊ များ၊ တို့၊ တွေ" စသည်တို့သည် သဒ္ဒါစကားလုံးများ ဖြစ်သည်။ "သူ က ပြောတယ်" နှင့် "သူ့ ကို ပြောတယ်" ဟူသော ၀ါကျ (၂)ခုသည် အဓိပ္ပာယ် ကွာခြားသည်။ ယင်းသို့ အဓိပ္ပာယ် ကွာခြားခြင်းမှာ က နှင့် ကို သဒ္ဒါ အသုံး ကွဲပြားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသဒ္ဒါစကားလုံးများကို သူ့နေရာနှင့်သူ နေရာတကျ သုံးရသည်။ နေရာတကျသုံးမှ အနက်အဓိပ္ပာယ် တိကျသည်။ ရှင်းလင်းသည်။ လိုရင်းရောက်သည်။

ထိုသဒ္ဒါစကားလုံး အသုံးလွဲမှားနေလျှင် အနက်အဓိပ္ပါယ် ထွေပြားတတ်သည်။ ရှုပ်ထွေးတတ်သည်။ လိုရင်းမရောက် ဖြစ်တတ်သည်။ ထို့ကြောင့် သဒ္ဒါ အသုံးအနှုန်းကို ဂရုစိုက်ရသည်။

ရောထွေးတတ်တဲ့ မှ နှင့် က

ထွက်ခွာရာ ကိုရည်ညွှန်းလိုသော် က ကို နှုတ်ပြောတွင်ရော၊ အရေးတွင်ပါ သုံးသည်။
ဘယ်က လာသလဲ။ ဈေးက လာတယ်။
အရပ်လေးမျက်နှာက လာသောသူ
မြို့က လာသည်။ တောက လာသည်။
ဗွေသဟံ၊ ဝေယန်အုံ့ဆီက၊ လေပြန်လှုံ့ဆော်ခဲ့ပြီ။
ထွက်တော်မူ နန်းက ခွာတယ်။

မှ ကို အရေးတွင်သာ သုံးသည်။
ကျွန်တော် မန္တလေးမှ ရန်ကုန်သို့ ချောမောစွာ ရောက်ရှိပါသည်။
ခြောက်ရပ်ဘုံမှ၊ သက်လှာကျသို့...
ဒေါ်နုသည် ဈေးမှ အိမ်သို့ ပြန်လာသည်။

ပြုသူ၊ ဖြစ်သူ၊ ရှိသူ ကို ရည်ညွှန်းလိုသော် နှုတ်ပြောနှင့် အရေး နှစ်ရပ်စလုံးတွင် က ကိုသာ သုံးရသည်။
တောင်တောရယ်သာ၊ မာလာက ငုံဖူး။
တောမျောက်က ကြိုးခွေ။
ရွှေဖိုးခေါင် သံချိုညောင်း၊ ဒေါင်းက အိုးဝေ။
မြန်မာစာအဖွဲ့က ထုတ်ဝေသည်။
သဘာပတိကြီးက မိန့်ခွန်းပြောကြားပါလိမ့်မယ်။
ကျောင်းအုပ်ကြီးက ဆုချီးမြှင့်သည်။
မြစ်ကြီးနားက ကချင်ပြည်နယ်မှာ ရှိတယ်။
မောင်ဘက သတ္တိရှိတယ်။ မောင်လှက သတ္တိမရှိဘူး။

တွင်နေသော အမှားများ
၁။ ဦးဇော်ဝိတ်မှ ဆုချီးမြှင့်စဉ်
၂။ ရေယာဉ်ပေါ် အတက်အဆင်းတံခါးကို ခရီးသည်များမှ မဖွင်ရပါဘူး။
၃။ ...ကျွန်းကို ဘိုးတော်ဘုရားမှ ၁၇၅၂ခုနှစ်က တော်ဝင်ပင်အဖြစ် သတ်မှတ်၍ ...။
၎။ ...သက်ဆိုင်ရာမှ အမြန်ဆုံး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
၅။ ရန်ကုန်မြို့တော်တွင် မော်တော်ယာဉ်များမှ လမ်းကူးသူ ၄၀ခန့်အား တိုက်မိ၍ လစဉ် အသက်န္တရာယ် ထိခိုက်လျက်ရှိသည်။
၆။ အခမ်းအနားတွင် ဥက္ကဋ္ဌမှ အဖွင့် အမှာစကား ပြောကြားပြီး ...။

***

နောက်တပတ်တော့ အသုံးမမှား ကို နှင့် အား ဆိုတာကို ဖော်ပြပါ့မယ်။


မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...



ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Wednesday, October 1, 2008

မြန်မာ့ ရှူခင်း ဓာတ်ပုံများ (၉)



လားရှိုးမြို့ အသွားအပြန် မြင်ကွင်းတွေပါ။ တော်တော်များများလှတဲ့ ရှူခင်းနောက်ခံ ပုံတွေမှာ လူပုံတွေ ပါနေလို့ ဒီလောက်လေးပဲ တင်နိုင်တယ်။ နောက်မှ လူပုံတွေ ဖျက်ပြီး တင်ကြည့်ဦးမယ်။






နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ နာမည်ကြီး ဂုတ်တွင်း တံတားက ရှူခင်းပုံပေါ့။ ရထား လွန်းထိုးဖြတ်တဲ့ အဲဒီတံတားပုံကိုတော့ မရိုက်ဖြစ်ခဲ့ဘူး။





s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*