Monday, June 11, 2007

ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၂)



ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၁)
ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၃)

တောင်တန်းပြာတွေ မဟုတ်တောင် တောအုပ်စိမ်းစိမ်းတွေကို မြင်မိရင် ဟိုးတောင်ပေါ်ဒေသ အစွန်အဖျားက ရွာလေးတစ်ရွာကို သတိရမိသည်... နှစ်ပေါင်းများစွာ ကြာသွားပေမဲ့ မျက်လုံးမှိတ်လိုက်တာနဲ့ တစ်ရွာလုံးကို အပေါ်စီးက ခြုံမြင်ရသလို ပြက်ပြက်ထင်ထင် မြင်ယောင်လာတတ်မြဲ... ဒါဟာ အမှတ်သညာ ကောင်းလို့လား ဒါမှမဟုတ် စွဲလမ်းစိတ်ကြောင့်လားဆိုတာတော့ ကျွန်မကိုယ်တိုင် မဝေခွဲတတ်...


ရွာအ၀င် ရဲစခန်းနှင့် စစ်တပ်တစ်တပ်ကို ဖြတ်ကျော်ပြီးရင် လမ်း ၄ လမ်းဆုံရဲ့ ထောင့်တနေရာတွင် စာကြည့်တိုက်နှင့် ဗွီဒီယိုရုံတစ်ရုံကို တွေ့ရမည်... တဘက် လမ်းထောင့်တွင်တော့ လောဓလေး ပြည်သူ့ဆေးရုံကြီး ရှိသည်... ဆေးရုံနဲ့ ကားလမ်းခြားလျက် မျက်နှာချင်းဆိုင် လမ်းထောင့်တွင် ရွှေညောင်ပင်လို့ခေါ်တဲ့ နှစ်ချို့ညောင်ပင်ကြီးအောက်က လက်ဘက်ရည်ဆိုင်ရှိပြီး အနောက်ဘက်မှာတော့ ကျွန်မတို့မောင်နှမတွေ ပညာသင်ကြားခဲ့ရာ အ.လ.က ကျောင်းကြီး... ကျောင်းကြီးရဲ့ ဘေးသုံးဘက်က ကားလမ်းမတွေ ဖြစ်သည်... ထပ်ပြောရရင် ကျောင်းရဲ့ အနောက်အရပ်မှာ တိုက်ကုန်းလို့ခေါ်တဲ့ လူနေတိုက်အိမ်ဝါ၀ါတွေရှိ၍ အရှေ့အရပ်တွင် ချိုင့်ခွက်များစွာနှင့် ကား အသွားအလာနည်းသော ရိုးရိုးကတ္တရာလမ်းနှင့်အတူ ဆရာ၊ ဆရာမတွေနေတဲ့ ၀န်ထမ်းအိမ်တွေ ရှိသည်... အဲဒီကနေ အနည်းငယ် ကုန်းဆင်း သဏ္ဌာန်ဖြစ်နေသော လမ်းတောက်လျှောက် ဆင်းသွားလျှင် ၀န်ထမ်းအိမ်တွေ၊ ကုန်စုံဆိုင်တွေ၊ သမ၀ါယမဆိုင်၊ မူကြိုကျောင်းနှင့် အ.ထ.က ကျောင်း တို့ကို တွေ့ရမည်... တဖြည်းဖြည်းနှင့် ဆက်သွားလျှင် နိုင်လွန်ကတ္တရာလမ်းသည် ပို၍စောက်နက်လာပြီး အကွေ့အ၀ိုက်များကာ လူနေအိမ်တွေလည်း ကျဲလာမည်... နောက်ဆုံး လူနေအိမ်တွေကို တွေ့ရတော့မည် မဟုတ်ဘဲ လမ်းဘေးတဘက်တချက်တွင် ကျွန်းပင်များနှင့် အခြားသစ်ပင်ကြီးတွေကိုသာ တွေ့ရလိမ့်မည်... လမ်းတနေရာမှာတော့ လူမနေသော ဘန်ဂလိုပုံ တိုက်ဖြူဖြူ အစုအဝေးလေးတွေနှင့် ဘုရားကုန်းဟုခေါ်သော ၀န်ထမ်းအိမ်ရာကို ရောက်မည်... သို့သော် ထိုအရပ်တွင် ရွာထဲမှာကဲ့သို့ လူအများကို တွေ့ရလိမ့်မည်မဟုတ်... စေတီတစ်ဆူရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်း၊ စက်ရုံမှူးမိသားစုနှင့် စက်ရုံစောင့် စစ်တပ် တပ်ခွဲတစ်ခုသာ ရှိသောကြောင့်ပင်... ထိုနေရာမှနေ၍ ဟိုးအောက်ဘက် ချောက်ကြီးထဲတွင်ရှိသော လောပိတ ရေအားလျှပ်စစ်စက်ရုံကြီးကို မှုန်ပြပြ လှမ်းမျှော်ကြည့်နိုင်သည်... ရှုခင်း အလွန်လှသောကြောင့် လောပိတစက်ရုံကို အလည်လာသူများ ဓာတ်ပုံရိုက်ရာနေရာလည်း ဖြစ်သေးသည်... ထိုမှ ဆက်သွားလျှင်တော့ လောပိတ အမှတ်(၂) ရေအားလျှပ်စစ်စက်ရုံကို ရောက်လေပြီ... ရွာထဲမှာနေ၍ ဘုရားကုန်းသို့ ကားနှင့်သွားလျှင် မိနစ် ၂၀ နီးပါးကြာပြီး ထိုမှတဆင့် စက်ရုံသို့ဆိုလျှင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကြာသည်... အဲဒီတော့ ကျွန်မတို့ရွာမှ လောပိတစက်ရုံသို့ မိနစ် ၃၀ကျော်၊ ၄၀ နီးပါး ကြာအောင် ကားစီးရလေသည်...

ရွာအ၀င် လမ်းဆုံမှ တည့်တည့်လာလျှင် စက်ရုံမှ အင်ဂျင်နီယာ အရာရှိများ နေထိုင်ရာ တိုက်ကုန်းကို ရောက်သည်... တိုက်ကုန်း ရဲ့ အနောက်ဘက်တွင် တောင်ရိုးကုန်းနှင့် ကြို့ပင်ကုန်းဟုခေါ်သော ဗမာ အများစုနေထိုင်သည့် လူနေအိမ်တွေ၊ ဘောလုံးကွင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့်တွဲလျက် စေတီတစ်ဆူနှင့် ရွာသုဿန်တစ်ခု ရှိသည်... ထိုအရပ်တွင် နေထိုင်သူအများစုမှာ အထက်အညာဒေသမှ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်း နေထိုင်ကြသော ဗမာလူမျိုးတွေ ဖြစ်သည်... တိုက်ကုန်း၏ တောင်ဘက်တွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ကျောင်းနင့် ကယားနှင့် ကရင်လူမျိုးများ အများစုနေထိုင်သော ပဒေါင်းကုန်း ရှိလေသည်... ထိုအရပ်ရှိ တိုင်းရင်းသားများမှာ ၀န်ထမ်းများ မဟုတ်ကြဘဲ တောင်ယာလုပ်ငန်းသာ အဓိက လုပ်ကိုင်ကြသည်...

ရွာသားအားလုံးလိုလိုပင် စက်ရုံမှ အလုပ်သမားများ ဖြစ်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်... ပေါ်တာ အလွန်ဆွဲသော ကျွန်မတို့ ဒေသတွင် သားစဉ်မြေးဆက် စက်ရုံတွင် အလုပ်လုပ်ကြခြင်းဖြင့် ထိုအန္တရာယ်မှ လွတ်လိုလွတ်ငြား ရှောင်ရှားကြခြင်း ဖြစ်လေသည်... အနည်းဆုံးတော့ စက်ရုံမှ အစိုးရ၀န်ထမ်းဖြစ်သဖြင့် အလွယ်တကူ ပေါ်တာအဆွဲမခံရတော့ပေ... သို့သော် ပေါ်တာအတွက် လူလိုပါက လူငှားပေးရ၊ တစ်အိမ်ကို ပိုက်ဆံ ဘယ်လောက်ဆိုပြီး ပေးရ စသည့်ဒုက္ခများတော့ ကြုံရတတ်သည်...(ကျွန်မတို့တော့ ဘာမှပေးစရာမလိုပါ...အဲဒီက ရွာသားများကိုသာဆိုလိုပါတယ်...) ကျွန်မတို့ ငယ်စဉ်က ပေါ်တာဆွဲခြင်းကို ဘာမှန်းမသိ အလွန်ကြောက်ရွံ့ခဲ့ကြ၏... အိမ်အပြင်ထွက်ဆော့နေသော ကျွန်မ ညီမလေး သုံး၊ လေးနှစ်သမီးအား ပေါ်တာဆွဲနေပြီ ဟု လှမ်းအော်ပါက တွန့်လိမ်တွန့်လိမ်နှင့် အိမ်ထဲ ပြန်ပြေးဝင်လာတတ်သည်ကို ခုချိန်ထိ မြင်ယောင်ဆဲ... ထိုမျှအထိ ပေါ်တာဆွဲခြင်းကို မသိနားမလည်သော ကလေးမှအစ အသက် ၅၀ကျော် ၆၀ လူကြီးထိ ကြောက်ရွံ့ကြသည်...

ကျွန်မတို့အနေဖြင့် ရွာပြင်တောထဲဘက် ထွက်စရာမလိုသော်လည်း တောထဲထွက်မှ စားရ၊ သောက်ရရှာသော ရွာသားများမှာ မြေမြုပ်မိုင်းများရန်ကိုလည်း ကြောက်ရသေးသည်... မျှစ်ချိုး၊ *သက်ကယ်ရိတ်ထွက်ရင်း မိုင်းများ နင်းမိ၍ ခြေပြတ်၊ လက်ပြတ်နှင့် ဘ၀ဆုံးသွားကြသော အပြစ်မဲ့ရွာသားများ ကျွန်မတို့ မျက်စိရှေ့တွင် မကြာခဏ တွေ့မြင်ရတတ်သည်...

တောင်ရိုးကုန်း၊ ကြို့ပင်ကုန်းနှင့် ပဒေါင်းကုန်းအနောက်ဘက်တို့တွင် တောင်ယာခြံများရှိ၏... ထိုရွာပြင် တောင်ယာဘက်တွင် ခရမ်းသီး၊ ငှက်ပျော၊ ပဲသီး၊ ပဲပုတ်၊ ပြောင်းဖူး၊ မြေပဲ စသည် ရာသီအလိုက် စိုက်ပျိုးထားသော သီးနှံများကို တွေ့မြင်ကြရမည်... စိုက်ချိန်၊ ပျိုးချိန်ဆိုလျှင် မိမိပိုင်ဆိုင်ရာ တောင်ယာကွက်များတွင် စိုက်ပျိုးကြလျက် ပဲပုတ်ဈေး၊ မြေပဲဈေးများ ဈေးကောင်းရတတ်သည့် တချို့သောနှစ်များတွင် ရွာသားများ ငွေကြေးအဆင်ပြေလိမ့်မည်ဟု ထင်ထားလျှင် မှားပါလိမ့်မည်... စိုက်ပျိုးထားသော သီးနှံများ ခူးဆွတ်ချိန်ရောက်သောအခါ သူပုန်သတင်းရ၍ဟုဆိုကာ ရွာပြင် တောင်ယာဘက်သို့ ထွက်ခွင့်မပေးဘဲ ပိတ်ထားလိုက်လေသည်... သီးနှံများ ရိတ်သိမ်းချိန်မှ သူပုန်သတင်းရတတ်ခြင်းသည် အလွန်အံ့ဩဖွယ်ကောင်းသော တိုက်ဆိုင်မှုတရပ်ပင်... နောင်တစ်လခန့်အကြာ အစောင့်အရှောက်များမရှိတော့၍ မိမိတို့ တောင်ယာတွေဘက်သွားကြည့်လျှင် ဘာအသီးအနှံမျှ မရှိတော့သော အရိုးပြိုင်းပြိုင်း အပင်များနှင့် တူးယက်ထား၍ ဖွာလန်ကြဲနေသော မြေကြီးများကိုသာ တွေ့ကြရလိမ့်မည်... လူသူမခူးဆွတ်ဘဲထားလျှင် အလဟဿဖြစ်မှာစိုးသော စေတနာနှင့် ခူးဆွတ်သွားကြခြင်း ဖြစ်တန်ရာ၏.. ထိုအခြင်းအရာများသည် တစ်နှစ်ခြားတစ်ခါလို ကြုံတွေ့နေရသော ကိစ္စများဖြစ်သည်ဆိုလျှင် မည်သို့သော မှတ်ချက်မျိုးပေးကြမလဲ ကျွန်မသိချင်လှသည်...

ကျွန်မတို့ လောပိတ စက်ရုံမှ ရန်ကုန်သို့ ဓာတ်အားပို့သော တာဝါတိုင်ကြီးများ လုံခြုံရေးအတွက် ပဒေါင်းကုန်းမှ ရွာသားများ ထိုတာဝါတိုင်များတွင် ကင်းစောင့်ရလေ့ရှိ၏... သူတို့ပြည်နယ်မှ လျှပ်စစ်မီးကို ထုတ်လျက် သူတို့ရွာပေါ်မှ ဓာတ်ကြိုးများဖြတ်သန်းသွားသော်လည်း မီးအလင်းမရရှာသော ရွာသားများသည် တစ်မြို့တစ်ရွာသို့ သယ်ဆောင်သွားသော ဓာတ်ကြိုးများကို ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်စရိတ်နှင့်ကိုယ် အအိပ်ပျက်ခံ ကင်းစောင့်ပေးနေရသည်ကို "သူတို့လူမျိုးတွေကမှ အေးအေးဆေးဆေးမနေကြဘဲ၊ ဘာလို့ ဖျက်လိုဖျက်ဆီးလုပ်ချင်ကြတာလဲ"ဟု ပြောလာခဲ့လျှင်... ကျွန်မ တစ်ခွန်းတည်းသောမေးခွန်းသာ မေးဖြစ်ပါလိမ့်မည်... "အကယ်၍ ရှင်သာ ဒီလို နိုင်ထက်စီးနင်းနဲ့ အေးဓားပြတိုက်ခံရတဲ့ ကယားလူမျိုးဖြစ်ခဲ့လျှင် ဘာဆက်လုပ်မလဲ"ဟူ၍...

s0wha1

+++

*သက်ကယ် = အိမ်အမိုးမိုး၍ရသော မြက်ပင်ရှည်တမျိုး၊ ကျွန်မတို့အရပ်တွင် သက်ကယ်ပင်ကို ရက်၍ အိမ်အမိုးမိုးတတ်ကြသည်... (ကျွန်မ နားလည်သလို ရှင်းပြထားခြင်း)

ပေါ်တာဆွဲခြင်းကို မသိသူများ ကိုကလိုစေးထူးရဲ့
မရဏလမ်းမှ လားတူ လူသားများမရဏလမ်းမှ အသက်တချောင်း နှင့် မြေမြုပ်မိုင်းအကြောင်းအနည်းအကျဉ်းပါသည့် မြေကြီးထဲမှ နတ်ဆိုး တို့တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်...

Print this post

6 comments:

s0wha1 said...

s0wha1: အန်တီ...မြေကြီးတွေက မြေပဲတွေကို တူးသွားတာလေ...ဘယ်သူတွေလဲဆိုတာတော့ ပြောတော့ဘူးလေ အားလုံးသိတဲ့ ပြည်သု့အချစ်တော်တွေပေါ့...
11 Jun 07, 01:42
မေငြိမ်း: ပြီးတော့ အဆုံးသတ်ပုံလေး လှတယ်..
11 Jun 07, 01:41
မေငြိမ်း: အတွေးတွေ သိသိသာသာပိုကောင်းလာပြီ.. ဒါမဲ့ မြေကြီးတွေ ဘာဖြစ်သွားလဲ.. ပြောရင် ပိုကောင်းမယ်ထင်တယ်နော်

မေဓာဝီ said...

ညီမလေးရဲ့ စာကို ဖတ်ရတာ မျက်စိထဲ မြင်ယောင်လာမိတယ်။ ရိုးသားတဲ့ တိုင်းရင်းသားတွေ တောသူ တောင်သားတွေ ကြုံတွေ့ရတဲ့ ဒုက္ခကိုလည်း စာနာမိပါတယ်။
ဒါနဲ့ ညီမလေးကို တခုပြောပါရစေဦး။
ဝါကျအဆုံးစာလုံးတွေမှာ ( … ) သင်္ကေတနဲ့ ရေးတာထက် ပုဒ်မ ( ။ ) ချတာ ပိုကောင်းမယ်ထင်တယ်။ ( … ) ဆိုတာက ၀ါကျ မပြီးဆုံးသေးရာ ရောက်နေသလို မို့ အကြံပေးတာပါ။
သက်ကယ်ကို ကြားသာကြားဖူးတယ် မမြင်ဖူးဘူး။ ရှင်းပြပေးတာ ကျေးဇူးပဲ ညီမလေး။ ကြားဖူးတယ်ဆိုတာကလဲ ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိတ်သွားတဲ့ ပုံပြင်မှာ ကြားဖူးတာလေ။ မြက်ပင်ရှည်လိုမျိုးဆိုတာ ညီမပြောမှသိတယ်။ အဲလောက် ဗဟုသုတ ကြွယ်ဝပုံများ .. နော်။ :P

Ye-Mon said...

လောပိတ၊ လောဓလေး၊ ချိကယ်၊ နောင်ယား၊ အင်မတန်မှ ရင်းနှီးနေတဲ့ အမည်တွေပါ။ အင်တာနက်စာမျက်နှာမှာ ပြန်ဖတ်ရတော့ ကိုယ့်ကိုယ်ကို ကယားပြည်နယ် ပြန်ရောက်သွားသလား အောက်မေ့မိတယ်။ လောပိတ အမှတ်(၁) ရော အမှတ်(၂) ကိုရော ရောက်ဖူးတယ်။ အင်မတန်သာယာတဲ့ နေရာပါပဲ။ ကျွန်တော်လည်း သံယောဇဉ်တွယ်ခဲ့ရတဲ့ လွိုင်ကော်အကြောင်း စာလေး တစ်ပိုဒ်ရေးဖူးတယ်။ ဒီမှာ
http://yemon.blogspot.com/2007/01/loikaw-or-second-switzerland.html
သွားဖတ်ကြည့်ပါ။ တစ်နိုင်ငံလုံးကို မီးပေးခဲ့တာ ကြာပြီပဲ။ ကယားပြည်နယ် တစ်ခုလုံး မီးလင်းသင့်ပါတယ်။

s0wha1 said...

ဟုတ်ကဲ့...ကိုရဲမွန်တွေ့ရတာဝမ်းသာပါတယ်...ကိုရဲမွန်လည်း လွိုင်ကော်အကြောင်းထပ်ရေးပါဦး...

Unknown said...

V V small daughter,
I already rewound the Lawpit film.

Thank you,
Uncle Win

s0wha1 said...

ဦးရေ...သမီးဘလော့၈်ကို လာဖတ်တာ အရမ်းဝမ်းသာတယ်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*