ကျွန်မ ဒုတိယမြောက်ပို့စ် တင်ပြီးခါစက ဖြစ်ပါတယ်... ထုံးစံအတိုင်း ကျွန်မ ဘလော့ဂ်အသစ်စက်စက်လေးကို အိမ်ကလူတွေကို ၀မ်းသာအားရပြပြီး ဖတ်ခိုင်းတယ်... ကျွန်မတို့မောင်နှမတွေ လုပ်သမျှအကုန် အားပေးထောက်ခံတတ်တဲ့ ကျွန်မ အဖေနဲ့ အမေက "ဟယ်...တယ်ဟုတ်ပါလား...ဘယ်ဆိုးလို့လဲ" နဲ့ ချီးကျူးထောပနာ ပြုကြတယ်... ဘယ်မိဘမဆို ဒီလိုပဲ ကိုယ့်သားသမီးကို အကောင်းပြောတတ်ကြတာ သိပေမဲ့ မရှက်တမ်း ၀န်ခံရရင် မိဘတွေက အဲလိုပြောတာကို ကျွန်မ ကြည်နူးမဆုံးဖြစ်လို့နေပါတယ်...
ကျွန်မ ကြည်နူးလို့မှမဆုံး ဘယ်ချိန်ထဲက ကျွန်မ ဘလော့ဂ်ကို ၀င်ဖတ်ထားမှန်း မသိတဲ့ ကျွန်မ အစ်မကြီး အနားကို ရောက်လာပြီး "အမေတို့ကလည်း သူ့ပေါတောတော စာတွေများဖတ်လို့"တဲ့...
"အမ်!!!"...
ဒါနဲ့ ကျွန်မအမေက "ဒီလိုပဲ စာဆိုတာ ရေးပါများတော့ ရေးတတ်သွားမှာပေါ့" ဆိုပြီး ကျွန်မဘက်က ကူပြောပါတယ်...
ကျွန်မကတော့ "အမ်" တခွန်းက လွဲလို့ ဘာမှ မပြောဘဲ ရယ်နေလိုက်တယ်...
အမြဲတမ်း Negative အမြင်သာရှိတတ်တဲ့ အစ်မပဲလို့ စိတ်ထဲက ကိုယ့်အတွက်ကိုယ်ဖြေတွေးပြီး ပြုံးနေလိုက်တာပေါ့...:D
မကြာပါဘူး...
ကျွန်မ ဂျီတော့ခ် Status မှာ တင်ထားတဲ့ ဘလော့ဂ်လင့်ခ်ကိုတွေ့လို့ ကျွန်မစာတွေ ဖတ်ပြီးခါစ အစ်မ Boyfriend က "ကဗျာလေးက မဆိုးဘူး... သူ ဘယ်က ကူးချထားလဲ မသိဘူး" လို့ ပြောတယ်တဲ့...
ကျွန်မ ပါးစပ်က "အမ်" လို့တောင် မထွက်နိုင်တော့ပါဘူး...
ဘယ်နဲ့ အင်တာနက်ပေါ်မှာ လူတကာမြင်အောင် တင်ထားတဲ့ ကဗျာက ကိုယ့်ဟာမဟုတ်ဘဲ ဘယ်သူက တင်ရဲမှာလဲ...
ဒီနှစ်ယောက်တော့ ငါ့ကို ဘယ်ချိန်ထဲက နှိပ်ကွပ်ချင်နေပါလိမ့်လို့ တွေးမိတယ်...
ကျွန်မနေခဲ့ဖူးသော လောပိတ (၁) ကို တင်ပြီးခါစက ဖြစ်ပါတယ်...
ကျွန်မထက် အသက်ကြီးတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ "ညီမလေး ဆက်ရေး...အစ်မ အမြဲလာဖတ်မယ်နော်" လို့ပြောတယ်...
သူငယ်ချင်း ယောက်ျာလေးတစ်ယောက်ကတော့ "ကောင်းတယ်ဟ...တိုင်းရင်းသားတွေအကြောင်း များများရေး" တဲ့...
ကျွန်မအခင်ဆုံး မိန်းကလေးသူငယ်ချင်း တစ်ယောက်ကတော့ "ဟဲ့...နင့်ဘလော့ဂ်ဆိုတာကလည်း နင့်စာတွေကြီးပဲ" တဲ့...
"ဗုဒ္ဓေါ" ဆိုပြီး ကျွန်မ ဘုရားတမိပါတယ်...
"ငါ့ဘလော့ဂ်မှာ ငါ့စာပဲ မရှိလို့ ဘယ်သူ့စာတွေ ရှိရမှာလဲဟ..."လို့ ကျွန်မ တအံ့တဩ ပြန်မေးမိတယ်...
"ဟုတ်ဘူးလေ... ငါပြောတာက စာစောင်တွေလို သူများစာတွေပါ မပါဘူးလားမေးတာ...နင်တစ်ယောက်ထဲ ရေးထားတာဆိုရင်တော့ ဖတ်ချင်ပါဘူး...ပျင်းတယ်" တဲ့...
ကျွန်မလည်း ပါးစပ်ဟောင်းလောင်းနဲ့ ဘာပြန်ပြောရမှန်းတောင် မသိပါဘူး...
ဒါပေမဲ့ ကျွန်မ တတ်သလောက် မှတ်သလောက် ရှင်းပြလိုက်ပါသေးတယ်...
ဘလော့ဂ်ဆိုတာ စာစောင်မဟုတ်တဲ့အတွက် စာရေးသူကတော့ ဘလော့ဂ်ပိုင်ရှင် တစ်ယောက်ထဲပဲ ဖြစ်တဲ့အကြောင်း၊ ဘာညာပေါ့...
သူကတော့ နည်းနည်းမှ လက်မခံပါဘူး... မဖတ်ဘူးဆိုတာကြီးပဲ...
"ဖတ်စေချင်ရင် စာစောင်တွေမှာ နင် ၀င်ရေး"လို့လည်း ပြောသွားလိုက်ပါသေးတယ်...
ကျွန်မညီမလေးကတော့ ဒီလိုထောက်ခံပါတယ် "ဟုတ်ပါ့...မလေး ရေးထားတာ ဖတ်ပြီးမှပဲ သတိထားမိတော့တယ်...ငယ်ငယ်ကတော့ တိုက်ကုန်း ဟိုဘက်အကျော် ပဒေါင်းကုန်းဘက်မှာ ကတ္တရာလမ်းမရှိဘဲ မြေနီလမ်းကြမ်းကြမ်းတွေ ဖြစ်နေတာကို တွေ့ပေမယ့် အမှတ်တမဲ့ပဲ... ညဘက် သူတို့ဘက်ခြမ်းမှာ မှောင်မဲနေတာတော့ သတိထားမိတယ်...ဒါပေမဲ့ ဩော် သူတို့ဆင်းရဲလို့ ဒီလိုနေရတာပဲလို့သာ တွေးမိတယ်" တဲ့...
ဒီလိုနဲ့ ခုဆို ပို့စ် ၇ ခုတောင် တင်ပြီးပါရောလား... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ ဒီဘလော့ဂ်လေးမှာ ကျွန်မရဲ့ အွန်လိုင်း ဒိုင်ယာရီ အဖြစ် စာတွေ ဆက်ရေးနေဦးမှာပါ... ဒါပေမဲ့ ကျွန်မ စိတ်မကောင်း ဖြစ်မိတာ တစ်ခုကတော့ ကျွန်မဘလော့ဂ်မှာ တခြားဘလောဂါတွေလို ဘာအသိပညာ၊ ဘာရသမှ မပေးစွမ်းနိုင်တာကိုပါ... အတတ်ပညာတခုခု ဖြန့်ဝေရအောင်လည်း ကျွန်မက ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ကျွမ်းကျင်တာ မရှိတာက တကြောင်း၊ ဘလော့ဂ်ဖတ်သူများကလည်း ကျွန်မထက် တော်နေ၊ တတ်နေတဲ့သူတွေပဲ ဖြစ်ဖို့များတာက တကြောင်းတို့ကြောင့် လောပိတအကြောင်းတွေကိုသာ ပို့စ်တွေ တစ်ခုပြီးတစ်ခု ရေးသွားဖို့ ကျွန်မ အစီအစဉ်ရှိပါတယ်... ဒီအကြောင်းတွေကြီးပဲ ဖတ်ရတာ ငြီးငွေ့ခဲ့ရင်လည်း သည်းခံပေးကြပါ... ကျွန်မရေးထားတဲ့စာ ဖတ်ပြီး အားပေးတဲ့လူ၊ ထောက်ခံတဲ့လူ၊ ပျင်းလို့ မဖတ်ချင်ပါဘူးဆိုတဲ့လူ၊ မကောင်းတတ်လို့ စိတ်မပါတပါနဲ့ ဖတ်သွားတဲ့လူ အားလုံးကို ကျေးဇူးတင်ပါတယ်...
s0wha1
9 comments:
စိတ်မကောင်းမဖြစ်ပါနဲ့ ညီမလေးရေ … ။
ညီမ နေထိုင်ခဲ့ဖူးတဲ့ ဒေသအကြောင်း၊ လူမျိုးအကြောင်းနဲ့ အတွေ့အကြုံလေး တွေရေးတာကိုက ဒေသန္တရ ဗဟုသုတ နဲ့ အထွေထွေ ဗဟုသုတကို ဖြန့်ဝေပေးရာ ရောက်ပါတယ်။ ညီမရေးတဲ့စာတွေက အတတ်ပညာဖြန့်ဝေ မပေးနိုင်ပေမယ့် စာဖတ်သူအတွက် ရသတမျိုးကိုတော့ ပေးစွမ်းနိုင်တာပါပဲ။
ဒါပေမဲ့ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတာပဲလေ … ။ လက်ခံသူ လက်မခံသူတော့ ရှိတာပေါ့။
မမေတော့ ဖတ်ရတာ မပျင်းပါဘူး။ ငြီးလည်း မငြီးငွေ့ပါဘူး။
အမြဲ အားပေးနေပါတယ်နော် ညီမလေး … ။
မမေလည်း ညီမဆီမှာ ဦးဆုံးကွန်မန့်ရေးသူနော် .. :P
အားမငယ်နဲ့နော် မဆိုးဝှက်..
ကျနော် ကဒေါင်း လာလာဖတ်ပေးနေပါတယ်။ ရေးထားတာတွေက ညက်ပါတယ်။ ရေးတတ်သူတယောက်ပါ။
မဆိုးဝှက်ကို ကျနော် အင်တာနက်လောကမှာ ကြားဖူးနေပါတယ်။ ထက်မြက်တဲ့ စိတ်ဓာတ်နဲ့ မိန်းကလေးတယောက်မို့ ကျနော် ဗမာအချင်းချင်း ဂုဏ်ယူလိုက်ပါတယ်။
Cheers!
ကဒေါင်းညင်သာ
အစ်မ အားပေးတဲ့လူတွေကတော့ အားပေးနေပါတယ်နော်။
အားမပေးတဲ့လူ တစ်ယောက် နှစ်ယောက် ကြောင့်တော့ စိတ်မညစ်ပါနဲ့။ ညီအစ်မဆိုတာတော့ ချီးကျူးခဲပါတယ်။ ချိုကိုလည်း ညီမလေးကို တော်ယုံချီးကျူးတာ ဟုတ်ဘူး။ (ညီမလေးရေ ချောတီးနော်။) ပုံမှန်လာဖတ်သူ စာရင်းထဲမှာ ချိုကိုလည်းပါတယ်နော်။ :)
ဘလော့ဂ်ရေးတာက စမယ်မကြံသေးဘူး။ အားငယ်ချင်ချင်က ဖြစ်ချင်နေသလိုလိုလေသံနဲ့ပါလားကွ။ စိတ်မကောင်းဖြစ်စရာ ဘာရှိလဲကွာ။ နောက်ပြီးတော့ မမေပြောသလိုပဲ ညီမလေး ဘလော့ဂ်က ရသတမျိုးမျိုးတော့ ပေးနိုင်နေတာပဲဟာ။ ရေးတတ်တယ်ဆိုတာလဲ ကဒေါင်းကပြောလို့ သိပြီဟုတ်။ ညီမလေးလဲ တွေ့မှာပဲ။ ကိုကြီးတို့တွေ ဘလော့ဂ်မှာ လက်ခံသူက အားပေးသလို လက်မခံသူက ပုံစံအမျိုးမျိုးနဲ့ လာတုံ့ပြန်တာပဲ။ တချို့များတော့ မအောင့်မအည်းနိုင်လို့ကို ဖရုဿဝါစာလေးတွေပါ ချီးမြှင့်လိုက်သေး။ ကိုယ်ရေးမှာသာ ရေးပါကွ။ အဟဲ၊ လေကြောရှည်လိုက်တာ ဆ.ဆရာကြီး လေသံပေါက်သွားပြီကွ။ ဟိုးးး..ထိပ်ဆုံးက ကွန်မန့်လာရေးသူက သူအရင်ရေးရအောင် လာတန်းစီထားလို့နေမှာ။ :P
သမီးနော်..ဖတ်လို့ကောင်းပြီး
ကယားပြည်နယ်အခြေနေတွေလဲ
သိရပါတယ်ဆိုနေမှ
ဘာတွေတွေးနေလဲ..
အန်တီ့မှာဖြင့် စောင့်ဖတ်နေရတာ။
အန်တီ့ကျတော့ ကွန်မင့်ရေးမယ့်သူတောင်မရှိတာ။
အားမငယ်ပေါင်။
(ဟီး..စိတ်မကောင်းဘဲ ဖြစ်တာ)
ကွန်မန့်ရေးပေးကြတဲ့ မမေ၊ ကိုကဒေါင်း၊ ချိုကို၊ ကိုကြီးစေထူး နဲ့ အန်တီငြိမ်းတို့အားလုံး ကျေးဇူးနော်...
ရေးမှာ၊ ရေးမှာ ပူနဲ့ သိလား...:P
sis sowhat ဆက်ရေးပါ...အားပေးနေပါတယ်
အမြဲတမ်းမဖတ်နိုင်ပေမဲ့ အားတဲ့အချိန်မှာလာဖတ်ပါတယ်
ဆက်ရေးနော် sis...
sis so what, i am min min here, who said your blog did not provide any knowledge to the reader. I myself find lost of Knowledge from your writing keep it up..
ညီမလေး ဂျူးဂျူးနဲ့ မောင်လေး မင်းမင်း ကျေးဇူးပါဗျို့...
Post a Comment