Saturday, June 2, 2007

လောဓလေးနှင့် လောပိတ



ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၁) ဆိုတဲ့ပို့စ်နဲ့ ဖတ်ချင်ရာဖတ်ရန်မှာ ကျွန်မချစ်တဲ့ လောဓလေး လို့ Label နာမည် ပေးထားတာနဲ့ ပတ်သက်ပြီး ကျွန်မကို စာလုံးပေါင်း မှားနေတာလားလို့ လာမေးကြတဲ့လူ တော်တော်များပါတယ်... (တချို့က ကျွန်မချစ်တဲ့ လောပိတ မဟုတ်ဘူးလားတဲ့... တချို့ကလည်း လောဓလေ့ မဟုတ်ဘူးလားတဲ့... ဘာလို့ လောဓလေ့ မဟုတ်ဘူးလားလို့ မေးမှန်း ခုထိ ကျွန်မ နားမလည်ဘူး... လောဓလေးက ရွာနာမည်မှန်း မသိလို့ပြောတာဖြစ်မယ်ထင်ပါရဲ့...
ကြုံမှ သူ့ကို ပြန်မေးကြည့်တော့မယ်...) အဲ့ဒီတော့ လောပိတနဲ့ လောဓလေး ကွာခြားချက်ကို ပို့စ်တစ်ခုအနေနဲ့ သီးသန့်ရေးပြီး ရှင်းပြဖို့ဖြစ်လာပါတယ်...

တကယ်တော့ လောဓလေး၊ လောပိတ ဆိုတာ သီးသန့်စီရှိတဲ့ ရွာနာမည်တွေပါ... လောဓလေးကျေးရွာက လောပိတ ကျေးရွာအုပ်စု ထဲမှာပါတဲ့ ရွာတစ်ရွာပါ... လောဓလေးမှာ ရှိတဲ့လူဦးရေထက် လောပိတမှာ နေထိုင်ကြတဲ့လူ ပိုများပါတယ်... အဲဒီတော့ လောပိတကို ကျေးရွာကြီးလို့ခေါ်နိုင်မယ်ထင်တယ်... ဒါပေမဲ့ လောပိတ ရေတံခွန်နဲ့ လောပိတ အမှတ် (၂) ရေအားလျှပ်စစ်စက်ရုံရှိတာက လောဓလေးကျေးရွာမှာပါ... ကျွန်မက ကျွန်မနေခဲ့တဲ့ လောဓလေးရွာအကြောင်း ရေးနေပေမဲ့ လောဓလေးလို့ ပြောရင် လူအများစု မသိမှာ စိုးလို့ လောပိတလို့ ရေးခဲ့တာပါ... တကယ်တန်း ကျွန်မတို့ နေထိုင်ခဲ့ရတာက လောဓလေးကျေးရွာမှာပါ...

ဒီထက် ရှင်းအောင်၊ မျက်လုံးထဲ မြင်လာအောင် ပြောရရင် ကျွန်မတို့ ကယားပြည်ရဲ့ မြို့တော် လွိုင်ကော်ကနေ လောဓလေးကို ၁၂ မိုင်ကျော်ဝေးပြီး ကားနဲ့ ၁ နာရီနီးပါး လာရပါတယ်... လမ်းမှာ တောင်ပေါ်ရွာလေး တစ်ရွာ၊ နှစ်ရွာနဲ့ တောအုပ်တွေပဲ မြင်ရမယ်... အဲဒီ လမ်းတလျှောက်မှာ စစ်ဆေးရေး ဂိတ် ၃ ဂိတ်ကို ဖြတ်ရပါတယ်... ၄င်း ဂိတ်တွေကို ရောက်ရင် ကားပေါ်က လူအကုန် လမ်း
ဆင်းလျှောက်ရတယ်... အင်ဂျင်နီယာအရာရှိ အများစုကတော့ ရွတ်ပြီး ကားပေါ်က မဆင်းဘဲ နေတတ်ကြပါတယ်... (အဲဒီလို လမ်းဆင်း မလျှောက်တဲ့အတွက် အစိမ်းရောင်ဝတ်တွေနဲ့ ပြဿနာ ဖြစ်ပေါင်းလည်း မနည်းပါဘူး... နောက်မှ ပို့စ်တစ်ခုအနေနဲ့ ကျွန်မရေးပါဦးမယ်...) ကားပေါ်က ရှိသမျှ ပစ္စည်းတွေကို သူတို့ပစ္စည်းမဟုတ်တိုင်း ကျိုးကျိုးပဲ့ပဲ့ အားရပါးရ လှန်လှောရှာဖွေတတ်ပါတယ်... လောပိတထဲကို လူစိမ်းအ၀င်မခံတဲ့အတွက် ဒီဂိတ်တွေက အပြင်လူ မ၀င်ရအောင် စီစစ်တားမြစ်တဲ့ နေရာတွေလို့ ပြောကြတာပဲ... ဒီတော့ တော်ရုံလူ လောပိတကို အလည်လာလို့တောင်မရပါဘူး... အရင်ကတော့ စစ်ဆေးရေးဂိတ်က ၁ ခုလောက်ပဲ ရှိတာပါ... နောက်တိုး စစ်ဆေးရေးဂိတ်တွေကတော့ ကရင်နီသူပုန်(စစ်အစိုးရ အခေါ်)တွေက နေရာချပေးခဲ့တာပါ... ကျွန်မပြောတာ ရှုပ်သွားမလား မသိဘူး... ဒီလိုလေ ချောင်းမြောင်းပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာတွေ၊ ဓာတ်အားတိုင်တွေကို ဖျက်ဆီးခဲ့တဲ့နေရာတွေကို သူတို့က လုံခြုံရေးဂိတ် လုပ်လိုက်တာပါ... "သူခိုးပြေးမှ ထိုးကွင်းထ" ဆိုတဲ့ စကားပုံကို ကြားဖူးကြတယ် မဟုတ်လား...

ဒီလိုနဲ့ တတိယမြောက် စစ်ဆေးရေးဂိတ်ကို ကျော်လာအပြီး မိနစ် ၂၀ လောက် အကြာမှာ လောပိတ အမှတ် (၁) စက်ရုံ (ကျွန်မတို့ အခေါ် No.1) ကိုရောက်ပါတယ်... အမှတ် (၁) စက်ရုံက ရေတံခွန်ကို ပထမဆုံးတွေ့လို့ အမှတ်(၁) လို့ နာမည်ပေးပြီး နောက်မှ တွေ့တဲ့ လောပိတရေတံခွန်ကို အမှတ် (၂) လို့ မှည့်ခေါ်ခဲ့ကြပါတယ်... ဒါပေမဲ့ အမှတ်(၂) စက်ရုံကို အရင် ဆောက်ဖြစ်လို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေပြီ ဖြစ်သော်လည်း အဲဒီချိန်မှာ အမှတ် (၁) စက်ရုံက စက်ရုံဆောက်ကာစ စီမံကိန်းကာလပဲ ရှိပါသေးတယ်... No.1 ပြီးရင် ၁၀ မိုင်ကုန်းပါ (လွိုင်ကော်နဲ့ ၁၀ မိုင်ပဲ ဝေးလို့) ၁၀ မိုင်ကုန်း ပြီးရင်တော့ လောပိတကို ရောက်ပါတယ်... (No.1 နဲ့ ၁၀ မိုင်ကုန်းကလည်း လောပိတကျေးရွာပါပဲ...) လောပိတကနေ နောက်ထပ် ၂ မိုင်လောက် ကားမောင်းလာပြီးမှ ကျွန်မတို့ No.2 ရှိရာ လောဓလေးကို ရောက်ပါတယ်... ပြောရရင်တော့ ကျွန်မတို့ရွာ(လောဓလေး)ဟာ ကတ္တရာလမ်းဆုံးရာ အစွန်ဖျားဆုံးရွာပါပဲ... ကျွန်မတို့ရွာ(လောဓလေး)ရဲ့ ဟိုမှာ ဘက်မှာ လေးအိမ်စု ကယားရွာလေးပဲရှိပါတယ်...အဲ့ဒါပြီးရင်တော့ လူမရှိတဲ့ တောကြီးမျက်မဲပဲ ကျန်ပါတော့တယ်...

ကျွန်မတို့ရွာ(လောဓလေး)က ရွာစွန်ရွာဖျား ဖြစ်သော်လည်း (လောပိတ စက်ရုံရှိလို့လား မပြောတတ်ဘူး...) အလယ်တန်းကျောင်း တစ်ကျောင်းနဲ့ အထက်တန်းကျောင်း တစ်ကျောင်းရှိပါတယ်... ပြီးတော့ ပြည်သူ့ဆေးရုံ နဲ့ ရုပ်ရှင်ရုံ တစ်ရုံလည်း (၁၉၉၀ နောက်ပိုင်း ရုပ်ရှင် မပြတော့ပါ...) ရှိတယ်... လောပိတ၊ No.1 ၊ ၁၀ မိုင်ကုန်းနဲ့ အနီးအပါးက လူတွေက ကျွန်မတို့ရွာ(လောဓလေး)မှာ ကျောင်းလာတက်ရ၊ ဆေးလာကုရတာပေါ့... သူတို့ရွာတွေမှာ မူလတန်းကျောင်းတွေတော့ ရှိကြပါတယ်... နောက်ပြီး လောပိတမှာက ၅ ရက် ၁ ဈေးလည်း ရှိတယ်... ကျွန်မတို့ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာတွေမှာ နေ့တိုင်း ရောင်းဝယ်ဖောက်ကားတဲ့ဈေး မရှိပါဘူး... ၅ရက်မှ တစ်ခါ အနီးအပါးရွာလေးတွေက ရောင်းတဲ့လူကရောင်း၊ ၀ယ်တဲ့လူက၀ယ်နဲ့ အဲဒီတမနက်ကတော့ စည်စည်ကားကား ဈေးလေးဖြစ်လို့ပေါ့... ကျွန်မတို့ဆီက ဈေးကွဲချိန်ဆိုတာ မနက် ၇ နာရီပါ... အဲဒီထက် ၁ နာရီကျော်လောက် နောက်ကျပြီးသာ ဈေးကို ရောက်သွားလို့ကတော့ ခြောက်သယောင်းနေတဲ့ ဈေးခုံတန်းနဲ့ အင်ဖက်တွေသာ တွေ့ရပါလိမ့်မယ်...

ကျွန်မတို့ရွာ(လောဓလေး)မှာတော့ ဘာဈေးမှ မရှိပါဘူး... ဒါပေမဲ့ ဗမာကုန်ခြောက်ဆိုင် တစ်ဆိုင်၊ တရုတ်ကုန်စုံ ဆိုင်တစ်ဆိုင် (ဒီလို ဒေသကို ဘယ်လိုရောက်ရှိလာမှန်းမသိတဲ့ ရှားရှားပါးပါး တရုတ်မိသားစု)နဲ့ သမ၀ါယမဆိုင် တစ်ဆိုင်တော့ရှိပါတယ်... နောက်ထပ် ကြွားရမယ်ဆိုရင် လက်ဘက်ရည်ဆိုင် တစ်ဆိုင်လည်း ရှိပါသေးတယ်... လက်ဘက်ရည်ဆိုင်က လက်ဘက်ရည်၊ ကော်ဖီပဲ ရောင်းတာနော်... အအေးတို့ ဘာတို့ မရှိဘူး... ကျွန်မဆို
အသက် ၈ နှစ် သိတတ်စအရွယ် ရန်ကုန်ကို ပထမဆုံး အလည်ပြန်ရောက်မှ အအေးပုလင်းနဲ့ အအေးတွေကို သောက်ဖူးတာ... အဲဒီလောက်ထိ ကျွန်မတို့ရွာမှာ အစားအသောက်စုံတယ်... ဗွီဒီယိုရုံကတော့ ၃ရုံကြီးများတောင် ရှိပါတယ်... စာကြည့်တိုက် တစ်တိုက်လည်းရှိတယ်... (သမ၀ါယမဆိုင်နဲ့ စာကြည့်တိုက်ကို လူပျိုအင်ဂျင်နီယာ ဦးကြီးတွေက အုပ်ချုပ်ကြတယ်...) ပြီးတော့ ဆိုင်နာမည် ဟီတာချီလို့ ကျွန်မတို့ ခေါ်တဲ့ ခေါက်ဆွဲကြော်ဆိုင် တစ်ဆိုင်လည်းရှိပါသေးတယ်... အဲဒီဆိုင်မှာ တစ်နေ့လုံးနေမှ ခေါက်ဆွဲကြော် လာဝယ်တဲ့လူ ၅ ယောက်ရှိရင် ကံကောင်းပေါ့... အိမ်နဲ့ ဆိုင်က တွဲရက်ဆိုတော့ ဆိုင်ပိတ်တယ်၊ ဖွင့်တယ်ဆိုတာ မရှိဘူး... ကြိုက်တဲ့အချိန်မှာ သွားဝယ်လို့ရတယ်... ဒါပေမဲ့ အဲဒီဆိုင်က ရွာထဲမှာ ရှိတာ မဟုတ်ဘူး... လောပိတ ရွာအထွက်နဲ့ လောဓလေး ရွာအ၀င် ရဲစခန်းနားမှာရှိတာဆိုတော့ သွားရတာ နည်းနည်းဝေးတယ်...

ပြောရင်း၊ ပြောရင်းနဲ့ ဒီပို့စ်ရေးရတဲ့ ရည်ရွယ်ချက်တောင် ပျောက်ကုန်ပြီ... အချုပ်ပြောရရင် လောပိတ ဆိုတဲ့ အဓိပ္ပါယ်ကို ကျွန်မ သိသလောက် ရှင်းပြပါ့မယ်... လောဆိုတာ လှည်းပါတဲ့... ပိတ ကတော့ လူနာမည်ပါ... အဲဒီတော့ လောပိတ ဆိုတာ ပိတရဲ့ လှည်းလို့ အဓိပ္ပါယ်ရတယ်တဲ့... လောဓလေးရဲ့ အဓိပ္ပါယ်ကိုတော့ ကျွန်မ မသိပါဘူး... ဓလေးရဲ့ လှည်းလို့ ပြောရမလားမသိ... ထားပါတော့လေ... ဒီလောက်ဆိုရင်တော့ လောပိတနဲ့ လောဓလေး ကွာခြားချက်နဲ့ မတူညီတဲ့ ရွာနာမည်တွေဖြစ်ကြောင်း သိလောက်ပြီထင်ပါတယ်...

s0wha1

(၅ ရက် ၁ ဈေးပဲ ရှိတော့ စားစရာတွေ ဘယ်လိုသိမ်းကြလဲလို့ ကွန်မန့်မှာ လာမေးထားတဲ့အတွက် ဒီနေရာမှာ ထပ်ရှင်းလိုက်ပါတယ်...
ကျွန်မတို့တိုက်ကုန်းက လူတွေအနေနဲ့ ဘယ်လိုစားကြလဲဆိုတာ ပြောမယ်နော်... များသောအားဖြင့်တော့ စောစောစီးစီးမထချင်လို့ လောပိတ ၅ရက် ၁ ဈေးကို ကျွန်မတို့ သွားတာ ရှားတယ်... တစ်ပတ်ခြားတစ်ခါ တနင်္ဂနွေနေ့မှာ တိုက်ကုန်းကလူတွေစုပြီး မော်တော်ယာဉ်ဌာနက စီစဉ်ပေးတဲ့ကားနဲ့ လွိုင်ကော်မြို့ပေါ်မှာ ဈေးသွားဝယ်တတ်ကြတယ်...
(ရွာထဲမှာ လွိုင်ကော်ကို သုံးရက် တခါ ပြေးဆွဲပေးတဲ့ ဈေးကားလည်း ရှိပါသေးတယ်...) ကြားရက်တွေမှာတော့ ရွာထဲက ၀က်မွေးထားတဲ့ ဟိုအိမ်၊ ဒီအိမ်က ၀က်ပေါ်တယ်ဆို သွားဝယ်ကြတယ်... ၃ ရက် ၁ ခါလောက် ရွာထဲက အဒေါ်ကြီးတစ်ယောက် အမဲသား၊ ၀က်သား ၅၀ သား၊ တပိဿာ ချိန်ထားပြီးသားကို အင်ဖက်နဲ့ထုပ်၊ တောင်းထဲထည့်ပြီး လိုက်ရောင်းတာကို ၀ယ်ကြတယ်... နောက်ပြီး ရွာသားတွေ ဒါမှမဟုတ် စစ်သားတွေက တောဝက်၊ ဂျေ(ဂျီ)၊ ဆတ် ဖမ်းမိရင် အသားပေါ်ပြီး ရလာတဲ့ အသားတွဲတွေကို နှီးကြိုးနဲ့တွဲလို့ ထမ်းပိုးကြီးမှာ ချိတ်၊ လူနှစ်ယောက်ထမ်းပြီး ရွာထဲ လှည့်ရောင်းတတ်တယ်...
အဲဒီတော့ အသားဟင်း ပြတ်တဲ့ရက်က နည်းပါတယ်... အသီးအရွက်ကတော့ ဘယ်အိမ်မှာ သွားခူးခူးပါ...)

Print this post

2 comments:

Min Min said...

မဒါ ဆို ၅ ရက် တစ်ခါဈေးဆိုတော့ ဘယ်လို စားစရာတွေ သိမ်းကြလည်း မသိဘူး ၊ ဟီး ..အတွေးလွန်သွားခြင်း

s0wha1 said...

မောင်လေး မေးထားတာကို ပို့စ်မှာပဲ ပြန်ဖြေထားလိုက်တယ်နော်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*