Saturday, June 16, 2007

ကျွန်မ ချစ်သောအဖေ



ကျွန်မငယ်စဉ် လောပိတမှာနေတုန်းက အရမ်းချူချာတယ်။ ကျွန်မ နေမကောင်းမဖြစ်၊ ဆေးရုံမတက်ရတဲ့ ဆောင်းတွင်းဆိုတာ မရှိခဲ့။ တမိသားစုလုံး အဲဒီဒေသမှာနေပြီး ငှက်ဖျားရောဂါရခဲ့တာဆိုလို့ ကျွန်မတစ်ယောက်ပဲရှိတယ်။ အသက်ငယ်ငယ်နှင့် ငှက်ဖျားဒဏ်ကို ကျွန်မတော်တော်ခံခဲ့ရတယ်။ အဖျားတက်ပြီဆိုရင် ဂွမ်းစောင်အထူကြီး သုံး၊ လေးထပ်အုပ်ထားလည်း ကျွန်မ မခံနိုင်အောင် ချမ်းလာတတ်ပါတယ်။ ကလေးသဘာဝ အဖျားတက်တာကို ကျွန်မနားမလည်ခဲ့ပေမဲ့ အဖျားတက်တော့မယ်၊ တုန်တော့မယ်ဆိုရင် ကျွန်မအလိုလိုသိနေတတ်တယ်။ ကျွန်မ အဲဒီတုန်းက ဘယ်လို ခံစားခဲ့ရလဲ သေချာမမှတ်မိတော့ပေမဲ့ ခြင်ထောင်အမိုးကို ကြည့်ရင်း ခြင်ထောင်ဇာအကွက်ကွက်တွေက နီးလာလိုက်၊ ဝေးသွားလိုက်နဲ့ အဲဒီလိုချိန်ဆို ကျွန်မကယောင်ကတမ်းနဲ့ ကြုံးအော်တတ်တာက "အဖေရေ...လာနေပြီ၊ လာနေပြီ"လို့... ကျွန်မ အဲဒီလိုအော်ပြီးတာနဲ့ တပြိုင်နက် ချမ်းလို့ အဆက်မပြတ်တုန်ပါတယ်။ ကျွန်မ အသံကြားရင် အဖေက ရောက်ရာအရပ်က ပြေးလာတတ်ပြီး ကျွန်မကိုယ်ပေါ် ဂွမ်းစောင်တွေ အထပ်ထပ်ခြုံပေးရင်း အပေါ်ကနေ ဖက်ပြီး ထပ်ဖိထားပေးတတ်ပေမဲ့ ကျွန်မ အချမ်းမပြေခဲ့ပါဘူး။ ကျွန်မအဖေကလည်း သူ့သမီးဝေဒနာကိုကြည့်ရင်း မျက်ရည်ကျလာတတ်ပါတယ်။ ဒါက ကျွန်မ ၈နှစ်အရွယ် တခုသော ဆောင်းတွင်းညမှာ ငှက်ဖျားတက်ခဲ့စဉ်က ကျွန်မတို့သားအဖ ပုံရိပ်...

ကျွန်မတို့ နယ်ကကျောင်းတွေက စာသေချာသင်ပေးသော်လည်း ကျွန်မမိဘများကတော့ ရွာရဲ့ တခုတည်းသော ကျူရှင်ကျောင်းကိုလည်း တက်ခိုင်းပါတယ်။ ဆရာမကတော့ တခြားလူမဟုတ်ပါဘူး။ ကျွန်မရဲ့ ချစ်သူငယ်ချင်း မိုးကလျာအိ အမေပါ။ ကျွန်မတို့ ကျူရှင်ဆိုတာကတော့ စာကျက်ရာနေရာလို့ပဲ ပြောရမှာပါပဲ။ သူငယ်တန်းကနေ လေးတန်းထိ ကျောင်းသားအစုံဆိုတော့ ဆရာမလည်း တယောက်ချင်းကို သေချာမကြည့်နိုင်ပါဘူး။ ညနေ ၆ နာရီကနေ ၈ နာရီထိ တက်ရသော ကျူရှင်မှာ ကျွန်မတို့က ပျော်ပျော်ကြီး စာတွေ အော်ကျက်နေတတ်ပါတယ်။ ကျူရှင်ရှိရာနေရာကနေ ကျွန်မတို့ တိုက်ကုန်းရှိရာကို ပြန်လာရင် အတန်ငယ်မတ်စောက်တဲ့လမ်းအတိုင်း ပြန်တက်လာရတာပါ။ ကျွန်မက အဲဒီကုန်းတက်ကြီးကို တက်နိုင်လောက်အောင်လည်း အမောသိပ်မခံနိုင်တဲ့အတွက် ကျွန်မအဖေက စက်ဘီးနဲ့ လာကြိုတတ်ပါတယ်။ ည ၈ နာရီလောက်ဆို နောက်ခုံမှာ ကလေးမလေးတစ်ယောက်ထိုင်နေတဲ့ စက်ဘီးတစ်စီးကို လူကြီးတစ်ယောက် တွန်းတက်လာတာ မြင်ရရင် တခြား ဘာမှ စဉ်းစားမနေပါနဲ့။ အဲဒါ ကျွန်မတို့သားအဖကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ။


ကျောင်းမှာ ဓူဝံကြယ်နဲ့ ခုနှစ်စင်ကြယ်အကြောင်း သင်တဲ့အခါ အဲဒီကြယ်တွေကို ကျွန်မ အရမ်းပဲ မြင်ဖူးချင်ခဲ့တယ်။ ကျောင်းက ကျွန်မ မသိတာတခု သင်လိုက်လို့ သိလာရရင် ကိုယ့်ကိုယ်ကို အလွန်သိ၊ အလွန်တတ်လို့လည်း ထင်တဲ့အရွယ်၊ ကိုယ့်အောက်က ညီမလေးနဲ့ မောင်လေးကို ဆရာလုပ်ဖို့ကလည်း ရှိလေတော့ ကျွန်မ အဲဒီကြယ်တွေ မြင်ဖူးချင်ကြောင်း အဖေ့ကို ပြောတယ်။ ကျောင်းက သူငယ်ချင်းတွေကိုလည်း ပြန်ကြွားလို့ရအောင်ပေါ့။ ကျွန်မအဖေက "ခုနစ်စင်ကြယ်ကို ည ၁၂ နာရီကျော်မှ မြင်ရမယ်။ ညကျရင် ထကြည့်ကြမယ်... ခုတော့ အိပ်"လို့ ပြောပါတယ်။ ဒါနဲ့ ကျွန်မလည်း ညကျရင် ကျွန်မကို နှိုးရမယ်လို့ အဖေ့ဆီက ကတိတောင်းပြီး စိတ်ချလက်ချ အိပ်လိုက်တယ်။ တကယ်တော့ အိပ်မောကျနေတဲ့ ကလေးတစ်ယောက်ကို ဘယ်မိဘက နှိုးမှာတဲ့လဲ။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီညက ကျွန်မမောင်လေး ကုတင်ပေါ်က ပြုတ်ကျလို့ မောင်လေးငိုသံ၊ အဖေနဲ့ အမေက ထချီသံတွေ ကြားရတယ်။ ခါတိုင်းဆို ကျွန်မ မနိုးတတ်ပေမဲ့ အဲဒီညကတော့ ဓူဝံကြယ်ကြည့်ဖို့ စိတ်ထဲစွဲနေလေတော့ ကျွန်မ ငေါက်ခနဲ ထမိပါတယ်။ ကြည့်လိုက်တော့ ည ၁၂ နာရီကျော်... ကျွန်မကို မနှိုးရကောင်းလားဆိုပြီး အဖေ့ကို နှုတ်ခမ်းစူလို့ ပွစိပွစိ ကျွန်မ လုပ်ဖြစ်တယ်။ အဖေက "ကဲ...ထ၊ သွားကြည့်မယ်"ဆိုတော့ အနွေးထည်တစ်ထည်ကောက်ဝတ်လို့ ထွက်လာမိတယ်။ အဲဒီတုန်းက ဆောင်းတွင်းည တစ်ညပါ။ အပြင်မှာတော့ ကျွန်မ မမျှော်လင့်ထားတဲ့ တောင်ပေါ်ဒေသ ဆောင်းတွင်းအအေးဓာတ်က ဆီးကြိုနေပါတယ်။ အဲဒီလောက် အေးတာ မတွေ့ဖူးဘူးလို့ ကျွန်မ ခံစားရတယ်။ ဆောင်းတွင်း ညဘက်တွေလည်း အပြင်မထွက်ဖူးတာကြောင့်ဖြစ်ပါလိမ့်မယ်။ ဆောင်းရာသီမှာ မနက်စောစောနဲ့ ညဘက်တွေမှာသာ အအေးဓာတ် လွန်ကဲတာပါ။ နေ့ဘက်တော့ နေပူတဲ့အတွက် သာမန်ရာသီဥတုလိုပဲ သိပ်မအေးလှပါဘူး။ ကျွန်မတို့ဆီက ဆောင်းတွင်းဟာ ရေမခဲပေမဲ့ အရမ်းတော့အေးပါတယ်။ တိုက်နဲ့ နေရတဲ့ ကျွန်မတို့အိမ်ထဲမှာတောင် လျှပ်စစ်မီးဖိုဖွင့်ထားပြီး အိမ်ကို အနွေးဓာတ်ပေးရတယ်။ ရိုးရိုး ပျဉ်ထောင်အိမ်၊ တဲတွေနဲ့ နေရ၊ နေကြတဲ့ ရွာသားတွေတော့ ဆောင်းတွင်းကို ဘယ်လို ဖြတ်ကျော်ကြလဲ ကျွန်မ မသိပါဘူး။ အဲဒီညက ကျွန်မ အပေါ်သွားနဲ့ အောက်သွား တဂိုက်ဂိုက်နဲ့ ထိနေတာကိုသာ ကျွန်မသိတယ်။ ကျွန်မအဖေက ဟို ကြယ်နီနီလေးက ဓူဝံကြယ်၊ ဟို ကြယ်စုလေးက ဖျောက်ဆိပ်ကြယ်နဲ့ ပြောနေပေမဲ့ ကျွန်မ စိတ်မ၀င်စားတော့ပါဘူး။ ကျွန်မစိတ်က အိမ်ထဲက မွေ့ရာပုံထဲကိုပဲ ရောက်နေပါတော့တယ်။ အိမ်ထဲပြန်ဝင်ဖို့လည်း အဖေ့ကို မပြောရဲဘူး။ ကိုယ်က ကြည့်ချင်လှပါပြီဆိုပြီး အတင်းပူဆာထားတာ မဟုတ်လား။ ကောင်းကင်မှာ ကြယ်တွေက ဖွေးဖွေးလှုပ်နေတာတော့ ကျွန်မ မြင်လိုက်ပါတယ်။ ဒီလိုနဲ့ အဖေပြောစရာ ကြယ်စုတွေ ကုန်သွားလို့ အိမ်ထဲ ၀င်ရတော့မယ်ဆိုတော့ ကျွန်မလောက် ပျော်တဲ့လူ လောကမှာ ရှိမယ်မထင်ဘူး။ အိမ်ထဲ ရောက်သွားတဲ့ချိန်မှာ ခံစားလိုက်ရတဲ့ နွေးထွေးမှုက ဘာနဲ့မှ မတူပါဘူး။


ကျွန်မတို့အဖေက ကျွန်မတို့အတွက် အဖေလည်း ဖြစ်သလို အမေလည်း ဖြစ်သေးတယ်။ ငယ်ငယ်က ကျွန်မတို့ အမေနဲ့ သိပ်မနေခဲ့ရ။ လောဓလေးရောက်မှ ရင်ကျပ်ရောဂါဖြစ်လာတဲ့ ကျွန်မအမေက ကယားပြည် ဆောင်းတွင်းအအေးဒဏ် မခံနိုင်လို့ ဆောင်းကုန်မှ ရန်ကုန်က ပြန်လာတတ်တယ်။ ဒါပေမဲ့ မိုးတွင်းနဲ့ နွေရာသီမှာလည်း ကျွန်မအမေက တစ်လမှာ ၁၀ ရက်လောက်က ခရီးထွက်နေရတာပါပဲ။ အဖေ့ အရာရှိလစာနဲ့ မလောက်တဲ့အတွက် ကျွန်မအမေက စီးပွားရှာနေရတာကိုး။ အမေပြန်လာရင်လည်း ကျွန်မတို့ အမေ့နား မကပ်တတ်ပါဘူး။ အမေက ကျွန်မတို့ ကလေးတွေနဲ့ ရင်းရင်းနှီးနှီးမနေတတ်လို့ပါ။ ကျွန်မအဖေက ဟင်းချက်လည်း အရမ်းကောင်းတယ်။ ဟင်းမှ မဟုတ်ဘူး ကျွန်မအဖေက အကုန်ချက်တတ်တာ။ ကျွန်မအဖေရဲ့ မုန့်ဟင်းခါးကလွဲပြီး ဘယ်သူချက်တာမှ ကျွန်မ မကြိုက်။ (ခုတော့ အမေ့လက်ရာကိုလည်း ကြိုက်တယ်။) ငယ်ငယ်ကတော့ အမေ့ထက် အဖေ့ကို ပိုချစ်ခဲ့တာ ၀န်ခံရမယ်။ အဖေမှ အဖေ။ သမီးတွေက အဖေကို ပိုချစ်တတ်ကြတယ် မဟုတ်လား။ ခု ကြီးလာတော့ အမေနဲ့ အဖေကို တူတူပဲ ချစ်လာတယ်။ အမေ့ကိုလည်း နားလည်လာတယ်။ ငယ်ငယ်ကတော့ အမေက ကျွန်မကို မချစ်ဘူးလို့ ထင်ခဲ့ဖူးပါတယ်။


အမေရယ်၊ အဖေရယ်၊ ကျွန်မတို့ အငယ်မောင်နှမ သုံးယောက်ရယ်က နှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှာ အတူအိပ်ကြတယ်။ ညဘက် အဖေ့ဘေးနားမှာ အိပ်ရဖို့ ကျွန်မနဲ့ ကျွန်မ ညီမလေး အမြဲ မဲနှိုက်ရတယ်။ နောက်တော့ အလှည့်ကျ အဖေ့ဘေးနားမှာ အိပ်ဖို့ သဘောတူကြတယ်။ မောင်နှမ ငါးယောက်ရှိတဲ့ ကျွန်မတို့တွေ ရန်ဖြစ်တာကို အဖေ လုံးဝ မကြိုက်ပါဘူး။ အဲဒီတော့ အဖေ အမြဲ ပြောနေကျ ညအိပ်ရာဝင် ပုံပြင်လေးတွေက မိဘမရှိတော့တဲ့နောက် မောင်နှမတွေ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ ကျန်နေရစ်ခဲ့ကြတဲ့ အကြောင်းတွေ များပါတယ်။


ညနေစောင်း ထမင်းစားပြီးချိန်ဆိုရင် အိမ်ရှေ့မှာ မိသားစုတွေစုံစုံညီညီထိုင်လို့ ကျွန်မတို့ ဗဟုသုတ ဖြစ်စေမယ့် စကားတွေ အဖေနဲ့ အမေက ပြောတတ်ပါတယ်။ တခါတလေလည်း အမေသိပ်နားမလည်တဲ့ ဘာသာပြန်ဝတ္ထုတွေထဲက ဇာတ်လမ်းအပိုင်းတွေ အဖေက ပြန်ရှင်းပြတာကို နားထောင်ရတတ်တယ်။ အဖေနဲ့အမေ စကားတွေ နားထောင်ရင်း
ကျွန်မ တနေကုန် ကစားထားရတာနဲ့ ပင်ပန်းနေလို့ မျက်တောင်တွေ ဆင်းလာပြီး အိမ်ရှေ့ခန်းမှာပဲ အိပ်ပျော်သွားတဲ့ညတွေရှိခဲ့တယ်။ အဲလိုညမျိုးဆို ကျွန်မအဖေက အိပ်ရာဆီ ပွေ့ချီသွားတတ်ပါတယ်။ အဖေ ချီလိုက်လို့ နိုးသွားပေမဲ့ အဖေ့ရင်ခွင်ထဲမှာ အိပ်ချင်ယောင်ဆောင်လို့ အသာလေးမှိန်းပြီး ကျွန်မလိုက်သွားတတ်တယ်။ ဒီလိုချိန်မှာ အဖေက ဘာမှ မသိသလိုနဲ့ "ကလေးလေးက အိပ်ပျော်နေတာ ကြည့်စမ်းပါဦး"လို့ ပြောတဲ့အခါ ကျွန်မ အိပ်ချင်ယောင်ဆောင်နေတာ အဖေမသိရှာဘူးဆိုပြီး ကျွန်မ စိတ်ထဲကနေ သဘောကျနေတတ်ပါတယ်

ကျွန်မ ငါးတန်းထိ ပြောရရင်တော့ ကျွန်မအဖေ နိုင်ငံခြားမထွက်ခင်ထိ ကျွန်မ ကိုယ့်လက်သည်းကိုယ် မညှပ်ခဲ့ရပါဘူး။ ဒီလိုနဲ့ အဖေနဲ့ခွဲနေရတဲ့အခါ ကိုယ့်ဟာကိုယ် ညှပ်တတ်ဖို့ ပထမဆုံး ကြိုးစားခဲ့ရတယ်။ သုံးတန်းထိ အဖေ ရေချိုးပေးခဲ့တယ်။ ရေမချိုးခင် လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ သိုင်းချတမ်း ကစားခဲ့တာကို ခုထိ ကျွန်မမှတ်မိနေတယ်။ ကျွန်မ နှစ်တန်းထိကို အိမ်သာတက်ပြီးရင် အဖေကပဲ သန့်ရှင်းရေးလုပ်ပေးပါတယ်။ အဲဒီတုန်းက အိမ်သာသုံးစက္ကူတွေ ကျွန်မတို့နယ်ဘက်မှာ မရှိတဲ့အတွက် ရိုးရိုးဘလာစာအုပ်က စာရွက်ကို ဆုတ်၊ စာရွက်က မာပြီး ကျွန်မတို့နာမှာ စိုးတဲ့အတွက် စာရွက်ကို ကြေအောင် အကြာကြီး လုံးခြေပြီးမှ ကျွန်မတို့ကို သန့်ရှင်းပေးတတ်တဲ့ ကျွန်မတို့အဖေပါ။


တခါတခါ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ အဖေက သူ့ဇနီးနဲ့ သူ့သားသမီးတွေကို အစွမ်းကုန် ချစ်မြတ်နိုး၊ ဖြည့်ဆည်းပေးဖို့ လူဖြစ်နေတာလားလို့ပါ။ ကျွန်မအဖေ တစ်ယောက်ထဲ သားသမီး ငါးယောက်လုံးကို တူညီတဲ့ မေတ္တာနဲ့ ချစ်ခင်မြတ်နိုးနိုင်တယ်။ ကျွန်မတို့ မောင်နှမ ဘယ်သူ့ကို မေးမေး အဖေက ကိုယ့်ကို အချစ်ဆုံးလို့ ထင်ရလောက်အောင် ကျွန်မအဖေက အားလုံးကို ဂရုစိုက်ပါတယ်။


ကျွန်မတို့ ညီအစ်မတွေက အလွန်ပဲ စိတ်ကောက်တတ်ကြတယ်။ အဲဒါကို မညည်းမငြူချော့တတ်တာက ကျွန်မတို့ရဲ့ချစ်လှစွာသော အဖေပါပဲ။ အဖေ့ကိုဆို အရမ်းလည်း ချွဲတတ်ကြပါသေးတယ်။ ခုချိန်ထိ ကျွန်မအမကြီးနဲ့ ညီမလေးဟာ အဖေနဲ့စကားပြောရင် ဘယ်သူနဲ့မှမတူအောင် လေသံတွေက ပြောင်းသွားတတ်ပါတယ်။ (ကျွန်မကတော့ အဲလောက် မဆိုးပါဘူး...:P) ကျွန်မအမေကတော့ မျက်စောင်းတထိုးထိုးနဲ့ ဒီအရွယ်ကြီးထိ ဖအေကို ချွဲပစ်နေတုန်းလို့ပြောတတ်တယ်။
ကျွန်မတို့အဖေနဲ့ ကျွန်မတို့က အရမ်းကိုရင်းနှီးကြပါတယ်။ ကျွန်မတို့ဆီမှာ အဖေ့ကို မပြောရဲတာမရှိခဲ့ဘူး။ ဒါပေမဲ့ အဖေက ကန့်ကွက်တဲ့၊ မကြိုက်တဲ့ ဘယ်အရာကိုမှ ကျွန်မတို့ မလုပ်ရဲပါဘူး။ အဖေစိတ်ဆိုးရင်တော့ ကျွန်မတို့ နည်းနည်းလေးမှ မလှုပ်ရဲအောင် ကြောက်တတ်ကြပါတယ်။ ငယ်ငယ်ကတော့ အဖေစိတ်ဆိုးမှာ ကြောက်ခဲ့တာ၊ ခုအရွယ်ရောက်တော့ အဖေစိတ်ဆိုးလို့ ပင်ပန်းမှာကို စိုးရိမ်လာတာပေါ့။

အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အလောင်းအစား ဘာဆိုဘာမှ မလုပ်တဲ့ ကျွန်မရဲ့ အဖေ ပြောတတ်တာက အဓိကက ကိုယ့်စိတ်ပါပဲတဲ့။ အဖေ့ ငယ်ဘ၀ ပတ်ဝန်းကျင်က သူငယ်ချင်း အများစုဟာ အရက်သမားတွေအဖြစ် ဘ၀ဆုံး၊ အသက်ဆုံးသွားကြတာ များပါတယ်။ ဒီလို အပေါင်းအသင်းကြားမှာ နေခဲ့ပေမဲ့ အဖေ အရက်သမားမဖြစ်ခဲ့တာက စိတ်ထဲမှာ အစွဲအလမ်း မထားလို့ပါတဲ့။ ကျွန်မအဖေ ပြောနေကျ စကားတစ်ခွန်းက လူဆိုတာ ကိုယ့်မှာ Limit ရှိရမယ် တဲ့။ ကောင်းသော အလုပ်ပဲဖြစ်ဖြစ်၊ ဆိုးသောအလုပ်ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာ ငါ ရပ်ရမယ်ဆိုတာ သတ်မှတ်ထားသင့်၊ သိသင့်တယ်။ ပြီးတာနဲ့ ရပ်လိုက်ဖို့ ပြောပါတယ်။ ကိုယ့်စိတ်နောက်ကို အဆုံးထိ မလိုက်သင့်ဘူးတဲ့။ ဥပမာပြောရရင် အပျော်အပါးနောက်လိုက်ပြီး ကျွန်မတို့ မောင်နှမတွေ အပြင်ထွက်တာများလို့ ကျောင်းစာတွေ မလုပ်ဖြစ်တာ ကြာလာရင် အဖေက "ဘယ်ချိန် အပျော်အပါးလျှော့မလဲ ကြည့်နေတာ... မပျော်ရဘူး မပြောပါဘူး... ဒါပေမဲ့ ကိုယ့် Limit နဲ့ ကိုယ်ပေါ့... သူများက မနေနိုင်လို့ဝင်ပြောမှ ရပ်လိုက်တာမျိုးကတော့ မကောင်းဘူး... ကိုယ့်အသိစိတ်နဲ့ကိုယ် ဘယ်လောက်ပျော်ပါးပြီး ဘယ်အနေအထားမှာ ရပ်သင့်ပြီဆိုတာ သိသင့်တယ်" လို့ပြောပါတယ်။ နောက်ထပ် ကျွန်မအဖေပြောနေကျ စကားက "လောကမှာ ဘယ်အရာမှ အလကားမရဘူး... ရတာနဲ့ တန်အောင် ကိုယ့်ဘက်က ပြန်ပေးရတာကြီးပဲ... အဲဒါကို အမြဲတမ်း မှတ်ထားပါ" တဲ့။


ကျွန်မတို့ မောင်နှမတွေရဲ့ ပညာရေးအတွက်ဆို ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ကျွန်မ မိဘတွေက အကုန်ခံပါတယ်။ ပညာသင်ပေးရလို့ ရှိသမျှကုန်သွားလည်း သူတို့အတွက် ကိစ္စမရှိပါတဲ့။ သူတို့ ပေးနိုင်တာ ပညာအမွေပဲ... ပေးတုန်း ယူထားကြလို့ ပြောတတ်တယ်။ "အဖေတို့က ပတ်ဝန်းကျင်ကောင်းရောက်ဖို့ပဲ ဖန်တီးပေးနိုင်မယ်။ အောင်မြင်အောင် ကြိုးစားရမှာ ကိုယ့်တာဝန်" လို့ အမြဲ ပြောလေ့ရှိတယ်။ ကျွန်မအဖေ မှာကြားလေ့ရှိတဲ့ စကားတစ်ခွန်းက ကိုယ်တတ်မြောက်ရာ နယ်ပယ်မှာ အကောင်းဆုံး အလုပ်လုပ်ပါ၊ အထူးချွန်ဆုံး ဖြစ်အောင်ကြိုးစားပါ။ ယုတ်စွအဆုံး အိမ်သာဆေးတဲ့လူ ဖြစ်ဦးတော့ ကိုယ့်အလုပ်မှာ စိတ်ပါလက်ပါနဲ့ အကောင်းဆုံးလုပ်ပါတဲ့။ အဖေက သူပြောတဲ့စကားအတိုင်းလည်း ကြိုးစားတယ်။

ကျွန်မတို့ဘ၀မှာ မရှိ၊ မရဆိုတာ မသိခဲ့ရအောင် အဖေက အရာရာဖြည့်ဆီးပေးခဲ့တယ်။ ဘယ်လိုအခက်အခဲမျိုးပဲ ကြုံကြုံ ကျွန်မတို့ လိုအပ်တာကို မရရအောင် အဖေ ဖြေရှင်းရယူပေးတာကြီးပဲ။ ငယ်စဉ်ကနေ ခုချိန်ထိ ကျွန်မအထင်ကြီးလေးစားတဲ့လူတွေထဲမှာ ကျွန်မအဖေက ထိပ်ဆုံးကပါပဲ။ ကျွန်မ အမှန်လို့ မထင်တဲ့အရာတစ်ခုကို အမှန်ပါလို့ ဘယ်လိုလူမျိုးက လာပြောပြော ကျွန်မ လက်မခံတတ်ဘူး။ ကျွန်မအဖေကို မေးလို့ အဖေက အမှန်ဆိုမှ မှန်ကြောင်း ကျွန်မလက်ခံလိုက်တယ်။

အဖေက ကျွန်မတို့မောင်နှမတွေအတွက် ရွှေတောင်ကြီးလည်း ဟုတ်တယ်။ မြင့်မိုရ်တောင်ကြီးလည်း ဟုတ်တယ်။ မိုးကောင်ကင်ကြီးလည်း ဖြစ်သလို ကမ္ဘာမြေကြီးလည်း ဖြစ်တယ်။ အဖေ့ကြောင့် ကျွန်မတို့ သားအမိတွေ မျက်နှာငယ်ခဲ့ရတယ်ဆိုတာမရှိခဲ့ အဖေ့သမီးဆိုတာနဲ့ ကျွန်မတို့ အမြဲတမ်း ခေါင်းမော့၊ ဂုဏ်ယူနေရခဲ့ရတယ်။
အဖေ့မေတ္တာဆိုတာ အပေါ်ယံပါ... အမေ့မေတ္တာလောက် မနက်ရှိုင်းဘူးလို့ ပြောတတ်ကြတဲ့လူတွေကို ကျွန်မအဖေအကြောင်းပြောပြီး ကျွန်မငြင်းချက်ထုတ်ချင်ပါတယ်။ ကျွန်မတို့မောင်နှမတွေအတွက်တော့ အဖေ့မေတ္တာရော၊ အမေ့မေတ္တာရောဟာ ထပ်တူညီပါပဲ။

ကျွန်မတို့အတွက် စံပြဖြစ်တဲ့၊ ကျွန်မ အမြဲတမ်းအထင်ကြီးလေးစားနေရတဲ့ ကျွန်မရဲ့အဖေ ဂုဏ်ယူရလောက်တဲ့ သမီးတစ်ယောက် မဖြစ်နိုင်ရင်တောင် အဖေ့ကို ပျော်ရွှင်စေတဲ့၊ စိတ်ချမ်းသာမှုပေးနိုင်တဲ့ သမီးတော့ ကျွန်မဖြစ်ချင်ပါတယ်။



s0wha1


Print this post

7 comments:

Chocolaier said...

မမရေ...
မမရေးထားတဲ့ အဖေအကြောင်းကိုဖတ်ပြီး ကိုယ်ရေးထားတာလေးကိုတောင် သနားတယ်။ ဟင့်...
အိမ်ရှေ့အိပ်ပျော်နေရင် အိမ်ခန်းထဲချီသွားတတ်တာတော့ ဖေဖေနဲ့ မမအဖေတူတယ်။ ချိုကိုတို့ ငါးတန်းခြောက်တန်းလောက်ထိဆိုပါတော့။ ပြီးရင် သူ့မှာခါးတွေနာလို့။ နောက်တော့ မောင်နှမအချင်းချင်းနှိုးရတယ်။ ဖေဖေမချီခင်လေ... ဟီး

မိုးညို said...

သားသမီးတိုင်း မရနိုင်တဲ့ ဖခင်မျိုးကို ရထားတာ သိပ်ကံကောင်းတာပဲ...ဖတ်ရတာ ကြည်နူးစရာကောင်းတယ် ... ကျေးဇူး sowhat ရေ...

Maydarwii said...

ညီမလေး အဲဒီလိုမျိုး ဖေဖေကို ရတာ သိပ် ကံကောင်းတယ်နော် ...
ညီမလေးစာကို ဖတ်နေရင်းနဲ့ မမေလည်း ငယ်ဘ၀ကို ပြန်သတိရမိတယ်။ နေမကောင်းဖြစ်ရင် ဇာခြင်ထောင် အပေါက်တွေ ကြီးလိုက် သေးလိုက် ဖြစ်တတ်တာလည်း ပြန်သတိရမိသား ... ကိုမိုးညို ပြောသလိုပဲ ဖတ်ရတာ ကြည်နူးမိပါတယ် ညီမရေ ...

s0wha1 said...

ကွန်မန့်လာပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။

myo said...

TO -ma ma

ma ma yae d sar lay ko read pyit top myo lal myo yae father ko miss mi tal, ma ma yae fahter lo pal myo yae father ka lal tar ta mee twe ko a yan chit a yan ka yuu site tap tal ti lar, nout pee myo lal nge nge lay tae ka myo father ko a yan koe kwal tar, d a kyoung lay twe read ya tar kyi nuu wan tar tae ta ti ya sa yar lay twe pyit kone tal, ...
from
myomyo

Lighter said...

Nyi Ma Lay yae phay2 ka a ma yae phay2 nae 90% laut tu nay tel:) except cleaning dirt part. My father never did this to me but the rest are same.

s0wha1 said...

ညီမလေး မျိုးမျိုးနဲ့ မlighter ကွန်မန့်အတွက် ကျေးဇူးနော်... လောကမှာ ဒီလိုအဖေတွေ အများကြီးရှိတာ ၀မ်းသာစရာကောင်းပါတယ်။ ဒီလို အဖေမျိုးကို ပိုင်ဆိုင်ရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ မှတ်ယူပါတယ်။း)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*