Friday, June 8, 2007

တကယ်တော့...


ကဒေါင်းရဲ့ ဆွဲဆန့်ခံရသော နေ့တစ်နေ့ ကိုဖတ်ပြီး လောပိတအကြောင်းပဲ ရေးချင်နေမိတဲ့ ကျွန်မလည်း ဘလော့ဂ်ဖတ်သူများ အပြောင်းအလဲ ဖြစ်အောင် ကျွန်မ အကြောင်း "တကယ်တော့" ကို ရေးဖြစ်ပါတယ်...


*******

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ယောကျာ်းလေး သူငယ်ချင်း တစ်ယောက်နှင့်အတူ မနက်စောစောထ၍ မြန်မာသံရုံးသို့ ထွက်ခဲ့သည်... ကျွန်မတို့ ဘယ်လောက်စောစောထပြီး ထွက်လာသလဲလို့ မမေးပါနှင့်... သံရုံးတွင် ကျွန်မတို့ထက် ခြေ ၅ လှမ်းစာ ပိုလျှောက်နိုင်သော အစ်မကြီး တစ်ယောက်ကြောင့်သာ ကျွန်မတို့ ဒုတိယလူ ဖြစ်ရသည်... ကျွန်မတို့ သုံးယောက်မှလွဲ၍ သံရုံးဝန်ထမ်းမှအစ မည်သူ တစ်ဦးတစ်ယောက်မျှ မရှိ... နောက်တော့ တစ်ဦးစ၊ နှစ်ဦးစနှင့် ၁၀ ယောက်ကျော်လောက်တော့ ဖြစ်လာပြီ...

ဒီနေ့က ဗုဒ္ဓဟူးနေ့ဆိုတော့ ကျွန်မ ကျောင်းအားသည်... အဖေက ကျွန်မအတွက် သံရုံးမှာ မနေ့က သွားမေးပြီးပြီ တဲ့... student pass ဖြင့် နေသူများကဲ့သို့ ကျောင်းထောက်ခံစာနှင့် ပိုက်ဆံ ၃၀၀ ပေးလျှင် ပက်စ်ပို့ သက်တမ်းတိုးလို့ရမည် ဟုပြောသည်... ကျွန်မက အဖေ့ရဲ့ မှီခို PR* နှင့် နေရသော်လည်း ကျောင်းတက်နေဆဲ... အသက် ၂၁ အောက်ဆိုလျှင် အဖေ အခွန်ဆောင်ပေးပြီးတာနဲ့ ကျွန်မ အတွက် သက်တမ်းတိုးပေးလို့ ရမည်... ဒါပေမဲ့ ခုတော့ ဒီလိုမဟုတ်... ကျွန်မက အသက် ၂၁ ကျော်လေပြီ... ဆိုတော့ကာ မှီခိုလို့ မသတ်မှတ်တော့ ကျွန်မက ကျွန်မအတွက် သီးသန့် တစ်လ ၈၀ နှင့် အခွန်ဆောင်ရမည်တဲ့... ဒီလိုတော့ မဖြစ်နိုင်...ကျွန်မ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်တာတောင်မှ တစ်လ ၃၀၀ လောက်ရရင် ကံကောင်း... ကျွန်မ အပျင်းကြီးပြီး အလုပ်မလုပ်တာလည်း ပါသည်... တခါတလေ တစ်နှစ်လုံး အလုပ်မလုပ်ဘဲနေတတ်သည်... ဒီတော့ ကျွန်မ တစ်လ ၀င်ငွေ ၈၀၀ ရသည်ဟု တွက်၍ တစ်လ ၈၀ နှင့် အခွန်ဆောင်ရမည်ဆိုတာက ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်... ထို့ကြောင့် အဖေက သံရုံးမှာ ကျွန်မအရင် သွားစုံစမ်းထားခြင်း ဖြစ်သည်...

မနက် ၉ နာရီတွင် သံရုံးဝန်ထမ်းတွေ ရောက်လာပေမဲ့ ကောင်တာ၌ လာမထိုင်ကြသေး... ကောင်တာတွင် လူရောက်လာချိန်၌ အဖေမှာလိုက်သည့်အတိုင်း မနေ့က ကျွန်မ အဖေလာပြီးသွားတဲ့အကြောင်းပြောရင်း ဖောင်ကိုပေးတော့ အသက်ကြီးကြီးနှင့်ဦးကြီးက ခေါင်းကို ဆတ်ကနဲ ငြိမ့်ကာ ကျွန်မဖောင်ကို လက်ခံလိုက်သည်... ဒီလိုနဲ့ ကောင်တာရှေ့မှာ ကျွန်မ အချိန်မည်မျှ ကြာအောင် ရပ်စောင့်နေမိလဲမသိ အသိဝင်လာတော့ သံရုံးတစ်ခုလုံး လူတွေနှင့်ပြည့်နေပြီ...အချိန်ကလည်း နေ့လယ် ၁၀ နာရီကျော် ၁၁နာရီ ရှိလေပြီ... သူငယ်ချင်းက ကျွန်မကို သွားထိုင်နေရန်ပြောသော်လည်း ကျွန်မ မထိုင်မိ... ပထမဆုံးဖောင်တင်သူ မဟုတ်သော်လည်း ဒုတိယမြောက်ဖောင်တင်သူ ဖြစ်ပါလျက် ကျွန်မနာမည်ကို ခုထိ မခေါ်သေး... ထူးဆန်းပေစွ... "ဒီထက်သာ နောက်ကျပြီးမှ လာမိရင်တော့ ဒီနေ့အဖို့ ငါ့ပက်စ်ပို့ သက်တမ်းတော့ တိုးပြီးဦးမယ်" ဟု တကိုယ်တည်း တွေးနေမိသည်...

မကြာခင် ကျွန်မနာမည် ခေါ်သံကြား၍ ကျောင်းထောက်ခံစာနှင့် ပက်စ်ပို့ကို ကောင်တာမှ အသက်လတ်လတ်နဲ့ လူတစ်ယောက်ထံ ပေးလိုက်သည်... ထိုလူက ကျွန်မ စာရွက်စာတမ်းတွေကို လှမ်းယူရင်း "PR နဲ့နေပြီး ကျောင်းသားသက်တမ်းတိုးသလို တိုးတယ်...လူလည်ကျတယ်" တဲ့...
ဩော်...ဒုက္ခ...
ကျွန်မကတော့ ဘာမှ ပြန်မပြောလိုက်ပါ... ဒါပေမဲ့ ဘေးနားက ကျွန်မ သူငယ်ချင်းကတော့ မကြားတကြား ၀င်ပြောလိုက်သည်... "အောင်မယ်...အခွန်သာ စွတ်တောင်းနေတယ်...ကျောင်းစရိတ်က ဘယ်သူပေးမှာလဲ...ခင်ဗျားတို့က ကျောင်းထားပေးမှာ မလို့လား" ဟူ၍... ကောင်တာမှလူ ကြား၊ မကြားတော့ ကျွန်မ မသိ...ကျွန်မကတော့ သူငယ်ချင်း ပါးစပ်ကို အမြန်လှမ်းပိတ်ရသည်... ပက်စ်ပို့သက်တမ်းတိုးတာ သူ မဟုတ်၊ ကျွန်မ တိုးရတာ... အကယ်၍ မတိုးပေးရင် ဘယ်လိုလုပ်မလဲ... ဒါမှမဟုတ် ၃ နှစ် မတိုးပေးဘဲ ၁ နှစ်ပဲ တိုးပေးလိုက်ရင် ဒုက္ခ... အတွေးတွေနှင့် ကျွန်မ ယောက်ယက်ခတ်နေသည်...

အချိန်တွေက တရွေ့ရွေ့...
သံရုံးတွင်းဝယ် ရှိသမျှ ထိုင်ခုံတွေမှာလည်း လူ အပြည့်၊ ကောင်တာရှေ့မှာလည်း လူတွေ တရုန်းရုန်းနှင့်... တစ်ယောက်ချင်းစီက စကားမတိုးမကျယ် ပြောနေကြသော်လည်း လူအားလုံး ပြောနေကြခြင်းဖြစ်လေတော့ ကျွန်မ နားထဲတွင် တ၀ူးဝူးနှင့် ဘာသံမှ သဲသဲကွဲကွဲ မကြားရ... သေချာတာက လူတွေအားလုံး ညည်းညူနေကြခြင်းပင်... ဘေးနားမှ ပျော်တတ်ပုံရသော အဒေါ်ကြီးတစ်ယောက် ပြောသောစကားကိုတော့ ကြားလိုက်မိသည်... "တိုင်းပြည်ကို ချစ်လွန်းလို့ ကိုယ့်အသိစိတ်နဲ့ကိုယ် အခွန်လာဆောင်တာ"... ပြီးမှ ဆက်ပြောသည်... "ကျွန်မ ပြောတာ မဟုတ်ပါဘူး...အခွန်ဆောင်ဖို့ ဖြည့်ရတဲ့ဖောင်ထဲမှာ ရေးထားတာ" တဲ့... သူမစကားကို ကြားလိုက်ကြသော လူတွေအကုန်လုံး ပြုံးစိစိနှင့်...

ညနေမှာ အချိန်ပိုင်း အလုပ်သွားဖို့ မမှီမှာ စိုးရိမ်ပြီး အလုပ်မှ မြန်မာ Supervisor ကို ကျွန်မ သံရုံးမှာ သက်တမ်းတိုးနေတဲ့အကြောင်း၊ အလုပ်ကို နောက်ကျမှ ရောက်လာနိုင်ကြောင်း ဖုန်းဆက်ပြီး ပြောထားရသည်... နောက်တော့ ကျွန်မသူငယ်ချင်းက မစောင့်ပေးနိုင်တော့ဘဲ ပြန်တော့မည်တဲ့... သူပြန်သွားတာလည်း ခပ်ကောင်းကောင်းပဲဟု တွေးမိ၍ ကျွန်မလည်း မတားမိ... မဟုတ်ရင် သူ ဒီလို မထင်ရင် မထင်သလို ပွစိ၊ ပွစိ ပြောနေတာနှင့် ကျွန်မ ပက်စ်ပို့သက်တမ်း တိုးလို့မှ ရပါ့မလား... ဒီလိုနဲ့ ကျွန်မတစ်ယောက်ထဲ သံရုံးအခန်းကျဉ်းကလုတ်လေးတွင် အူတိအူကြောင်နှင့် ဟို၊ ဒီကြည့်ရင်း ကျန်ခဲ့သည်... လူတွေကြားထဲမှာ ကျွန်မနှင့် အွန်လိုင်းတွင် အတန်ငယ်ခင်သော ကောင်လေး တစ်ယောက်ကို သူ့သူငယ်ချင်းများနှင့် အုပ်စုလိုက် တွေ့လိုက်သည်... တစ်ယောက် webcam တစ်ယောက် ကြည့်ဖူး၍ မြင်မြင်ချင်း မှတ်မိသော်လည်း ကျွန်မ နှုတ်ဆက်ပြုံးတောင် မပြုံးပြမိ..

ညနေ ၂ နာရီကျော်၊ ၃ နာရီလောက်တွင် ငွေ ၃၀၀ ပေးပြီးသကာလ ကျွန်မပက်စ်ပို့ ပြန်ရလေပြီ... ထုံးစံအတိုင်း စူပုတ်ပုတ် မျက်နှာဖြင့် နုံချာချာတံခါးလေးကို ၀မ်းမြောက်ဝမ်းသာ ဆွဲဖွင့်ပြီး အားနှင့်မာန်နှင့် ပြန်ပိတ်လိုက်သည်...


""" ၀ုန်း """

သွားပြီ... ဒီနိုင်ငံမှာရှိနေကျ အထိန်းအကွပ်ပါသော တံခါးတွေလို ထင်ပြီး အားရပါးရ လွှဲပိတ်လိုက်ခြင်းဖြစ်သည်... အခန်းထဲမှ လူပေါင်းများစွာရဲ့ မျက်လုံးများ၊ ကောင်တာမှ မျက်လုံး လေးစုံ ကျွန်မဆီသို့ စုပြုံကျရောက်လာ၏... ကြောင်တောင်တောင် မျက်လုံးများ၊ အံ့ဩ မှင်တက်နေသော မျက်လုံးများ၊ အနည်းငယ် ထိတ်လန့်သွားတဲ့ မျက်လုံးများ၊ ဘာကြောင့်မှန်း ကျွန်မနားမလည်သည့် ပြုံးယောင်သမ်းနေသော မျက်လုံးများ နောက်ပြီး ကျွန်မ အမျိုးအမည် မခွဲတတ်သော မျက်လုံးများ... အခန်းထဲကို တချက် ဝေ့အကြည့် မြင်လိုက်ရသော မျက်လုံးများ ဖြစ်သည်... ထိုမျက်လုံးများကို ဝေဖန်ပိုင်းခြားနေဖို့ ကျွန်မမှာ အချိန်မရှိ... အလုပ်ကို အမှီရောက်ဖို့သာ အရေးကြီးသည်... သံရုံးက မြို့လည်ခေါင်မှာရှိသော်လည်း ဆိတ်ငြိမ်အရပ်တွင် တည်ရှိနေသောကြောင့် ဘူတာကို ရောက်ဖို့ အတော်ဝေးဝေး လမ်းလျှောက်ရဦးမည်လေ...

သို့နှင့် အလုပ်ရောက်သောအခါ စောစောက အရာအားလုံး ကျွန်မ မေ့လျော့သွားသည်...
................
.....................
.........................
ည ၁၀ နာရီကျော်ကျော် ၁၁ နာရီခန့်တွင် အိမ်ကို ပြန်ရောက်၍ အွန်လိုင်းပေါ်တက်လိုက်သည်...
ကျွန်မ ရာဟူးနစ်ခ် sign in လုပ်ပြီးပြီးချင်း window တစ်ခု ချက်ချင်းပေါ်လာ၏...
Congratulations!!! နေ့လယ်က သံရုံးမှာ kick သွားတာ အရမ်းမိုက်တယ်..."
"မြတ်စွာဘုရား!!!" ရင်ထဲက အာမေဋ္ဋိတ်သံ...
ကျွန်မ ဘာပြန်ပြောရမှန်း မသိ... ချော်လဲရောထိုင် သဘောနှင့် ရယ်ပြလိုက်မိသည်...ရှင်းပြနေလို့လည်း ထူးမည် မထင်... ခုမှ နေ့လယ်က ကျွန်မ နားမလည်လိုက်သော မျက်လုံးအချို့ရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်တော့သည်... ကျွန်မလည်း အများနည်းတူ သူများလုပ်ရင်သာ စိတ်ထဲကအားပေးတတ်ပြီး ကိုယ်တိုင်လုပ်ဖို့ ကြောက်တတ်ကြောင်း ဘယ်လို ပြန်ပြောပြရပါ့...

s0wha1

* (Permanent Resident = အမြဲတမ်း နေထိုင်ခွင့်)

(ကျွန်မကို Congratulation လုပ်သွားတဲ့တစ်ယောက် ဒီပို့စ်ကို မျက်စိလည် လမ်းမှားပြီး ဖတ်မိပါစေ...:D)


Print this post

5 comments:

Maydarwii said...

ညီမလေးရေ …
မမေလဲ တကယ်တော့ … လို့ ပြောရမလို ဖြစ်နေပြီ။
ခုလေးတင်ပဲ ထမင်းစားပြီး ကြုံခဲ့တာ … ။ :(
ထမင်းစားပြီး လက်ဆေး ပါးစပ်ဆေး သွားတိုက်ပြီးတော့ အခန်းထဲက ပြန်အထွက် တံခါးပိတ်လိုက်တာ လက်ကအရှိန်လွန်ပြီး ၀ုန်းဆို ပိတ်မိသွားတယ်။ အနားမှာ ရှိတာက အမေ။
အမေက တံခါးကြီးဖွင့်ထားတာကြာလို့ ခြင်ဝင်မှာစိုးလို့ ပြောနေတဲ့အချိန် မမေကလည်း ၀ုန်းမိတဲ့အချိန်နဲ့ ကွက်တိဖြစ်သွားတော့ မမေက တံခါး စောင့်ပိတ်တယ်ထင်ပြီး အမေ စိတ်ဆိုးသွားပါလေရော။
အခု ကြောက်ကြောက်နဲ့ အမေနဲ့ဝေးရာ ကွန်ပျူတာရှေ့လာထိုင်ပြီး ညီမလေး ဘလော့ကို ဖတ်တော့ ညီမလေးရဲ့ ဒီစာကို ဖတ်မိတယ်။
အင်း .. တကယ်တော့ … တကယ်တော့ …

Ka Daung Nyin Thar said...

ပြော မပြောချင်ပါဘူးဟယ်.. တံခါးကို ဂရုမစိုက်ဘဲ ဆောင့်တွန်းရတယ်လို့.. တော်ကြာ ကောင်တာထဲက လူတွေက ညည်းကို မှတ်ထားလိုက်မှ ပတ်စပို့ သက်တမ်း ထပ်တိုးလို့ မရဘဲ နေနေအုံးမယ်။

ရေးတာ ကောင်းတယ်.. ဟဲဟဲ ပေါင်းချိန်ဂွမ်းပြောသလို ပြောလိုက်မယ်။ ဇော့တက်ဟောင် ဟောင် ခွိခွိ

ကလိုစေးထူး said...

လက်စလက်နကတော့ မသေးဘူး။ တကယ်ပြောတာနော်။ ပုံဖော် ရေးတာလေးတွေ ကောင်းတယ်ကွ။ စိတ်ဝင်စားအောင် ရေးတတ်တာပဲကိုး..။

Thet Oo said...

အရေးအသား တင်ပြပုံကောင်းတယ်။ သတ်ပုံမမှားဘူး။ မြန်မာသတ်ပုံမမှားပေမယ့် အင်္ဂလိပ်လိုရေးတဲ့ congratulation မှာ s ကျန်ခဲ့တယ်။
Link မှာ ကိုယ့်နာမည်ချိတ်ထားတာ တွေ့တယ်။ ကျေးဇူးပါ။

s0wha1 said...

ဟုတ်ကဲ့...အကိုသက်ဦးရေ...သတိမထားမိဘူး...ကျေးဇူးပါ...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*