Friday, June 15, 2007

ကိုပုထုဇဉ်ရဲ့ ညောင်နှစ်ပင် ညီလာခံ



အကြောင်းအမျိုးမျိုးကြောင့် ကိုပုထုဇဉ်ရဲ့ဘလော့ဂ်မှာ သွားမဖတ်ရသေးသူတွေအတွက် ကျွန်မ ဘလော့ဂ်မှာ ကိုပုထုဇဉ်စာတွေကို ပြန်ကူးပေးထားတာပါ... ကျွန်မကတော့ ကိုပုထုဇဉ်လို မရေးတတ်တဲ့အတွက် အကုန်လုံး copy, paste ပြီး တင်လိုက်ပါတယ်...

========================================

သြော်… ညီလာခံ… ညီလာခံ…


သြော်… ညီလာခံ… ညီလာခံ… အခုတလော ညီလာခံ သတင်းတွေ ကြားကြားနေရပြန်ပါပြီ။ ပြီးတော့မယ်တဲ့၊ ဟိုနားဒီနား ပြင်စရာလေးများကို ပြင်မှာပါတဲ့၊ တချို့ကတော့ ပြင်စရာလေးများဆိုတာ မြို့တော်ကို ဘယ်မှာထားမှာလဲ ဆိုတဲ့ ကိစ္စလောက်သာ ဖြစ်မှာမို့ လွမ်းလောက်စရာ မရှိပါတဲ့၊ စိတ်ကူးမယဉ်ကြပါနဲ့ ဗျာတို့ တဲ့။ ရွေးကောက်ပွဲ မ၀င်ဘဲ၊ ညီလာခံကို အလကားမတ်တင်း တက်ခွင့်ရတဲ့ ကိုယ်စားလှယ်တော်ကြီး တချို့ကတော့ အခြေခံဥပဒေတစ်ခု “မြန်မြန်” ပေါ်ပေါက်လာဖို့ အရေးကြီးသတဲ့၊ နိုင်ငံရေး လုပ်ပိုင်ခွင့် ခွင်တစ်ခု အမြန်ဆုံးပြန်ရဖို့ လိုပါသတဲ့၊ ဒါ့ကြောင့် ထောက်ခံကြပါ ဆိုလားပဲ။ ဒီအခြေခံဥပဒေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက ဒီမိုကရေစီ နိုင်ငံလို့ အသိအမှတ်ပြုပါ့မလားလို့ သံအမတ်ဟောင်း သခင်ချန်ထွန်းကို အာဖက်ဖ်အေက မေးတော့ သခင်ချန်ထွန်းကြီးခမျာ “ဟဲ” ကနဲ တစ်ချက်တောင် ရယ်မိရှာပါတယ်။ “မ ထင်၊ မ ထင်” ပေါ့ဗျာ။

ဒီတော့ ဒီအခြေခံဥပဒေကို ကျွန်တော်တို့လို သာမန်ပြည်သူတွေက ဘယ်လိုသဘောထားကြမလဲ။ ကျန်တဲ့ကိစ္စတွေက လက်ရှောင်လို့ ရပေမယ့်၊ ဒီကိစ္စမှာတော့ လက်ရှောင်လို့မရတော့ဘူးနော၊ ပြဿနာက ကိုယ့်ရပ်ကွက်ထဲက မဲရုံ၊ ကိုယ့်လက်ထဲက မဲပြားအထိ ရောက်လာမှာမို့ တစ်ခုခုကတော့ လုပ်ကို လုပ်ရမှာပဲ။ ဒီအချိန်မှာ ယုန်ကလေး နှာစေးတဲ့ ပုံစံ ဆက်လုပ်ရင်တော့ ဒီယုန်ဟာ နှာခေါင်း ထာဝရပိတ်ပြီး မာလကီးယားမယ့် အခြေအနေပဲ။ အဖြူ၊ အမည်း သဲသဲကွဲကွဲ ဖြစ်ဖို့ လိုလာပါပြီ။

ကျွန်တော် အံ့သြမိတာက တချို့က လွှတ်တော်မှာ ရမယ့် ကိုယ်စားလှယ် သုံးမတ်သားကို အတော်လေး ထင်ထားကြတာပါပဲ။ အားလုံးလည်း မဆလခေတ် ဖြတ်ဖူးကြသားပဲဗျာ၊ သေသေချာချာ စဉ်းစားကြည့်ရင် ပြည်သူရမယ့် ကိုယ်စားလှယ် သုံးမတ်သားဆိုတာ လှည့်စားထားတာပါ၊
ဒီ နာမည်ခံ သုံးမတ်သားကို အာမခံချက် မပါဘဲ ယူလို့ကတော့ ကိုယ့်သေတွင်း ကိုယ်တူး၊ ကိုယ့်ခြေကျင်း ကိုယ်ခတ်တာနဲ့ အတူတူပါပဲ။
ရှစ်ဆယ့်ရှစ် အရေးအခင်း မတိုင်မီက အကြောင်းတွေကို အသက်အရွယ်အရ သိခွင့် မရှိလိုက်သူများ၊ ညီလာခံကို လုံးဝ စိတ်မ၀င်းစားလို့ ဒီကိစ္စ ဒို့နဲ့မဆိုင်ဆိုပြီး နေခဲ့သူများ ဒီဘလော့ဂ်ကိုများ လာဖတ်မိရင် ညီလာခံအကြောင်း တစွန်းတစ ကြားသိပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အောက်ပါတို့ကို ကျွန်တော် ရေးပါတယ်၊ ကြိုပြောပါရစေ… ကျွန်တော် အရင်ရေးခဲ့သလို ဆောင်းပါး၊ အတွေးအမြင်၊ ခံစားမှု တစ်ခုမှ မဟုတ်ပါ၊ ကျွန်တော်က ပကတိ အမှန်တရားလို့ မြင်တာကို ကျန်သူများကလည်း ပကတိ အမှန်တရားလို့ လက်ခံလာအောင် ဆွဲဆောင်မယ့်စာ၊ တနည်း ၀ါဒဖြန့်ခြင်းပါပဲ၊ ဖတ်လိုကဖတ်၊ မဖတ်လိုက ရပ်ကြပါ။

အခု မြန်မာစစ်အစိုးရဟာ သူတို့ကြီးမှူးကျင်းပနေတဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံကို အဆုံးသတ်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်၊

သူတို့ဟာ အချိန်ဆွဲနိုင်သလောက် ဆွဲခဲ့ပေမယ့် အခု အဆုံးသတ်ရပါတော့မယ်။ ဘာ့ကြောင့်လဲ၊ နှစ်နှစ်ဆယ်နီးပါး အာဏာသိမ်း စစ်အစိုးရဆိုတာ ဘယ်လိုဥပဒေနဲ့ကြည့်ကြည့် တရားမ၀င်လို့ပဲ၊ဒီလို တရားမ၀င်တာကို နအဖတစ်ဦးတည်း သဘောအနေနဲ့က မျက်နှာပြောင်တိုက်ပြီး နေနိုင်ချင် နေနိုင်ပေမယ့် နိုင်ငံတကာက လက်ခံမှာ မဟုတ်ဘူး၊ နိုင်ငံတကာ ဆိုရာမှာ အခု နအဖရဲ့ အားကိုးအားထားရာ တရုတ်၊ အာဆီယံ အပါအ၀င် ယဉ်ကျေးတဲ့ ကမ္ဘာ့နိုင်ငံအားလုံးကို ဆိုလိုတယ်။ နိုင်ငံတကာနည်းတူ တိုးတက်လှုပ်ရှားတဲ့ မြန်မာလူထုအပေါင်းကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး၊ ဒါ့ကြောင့် ဒီအမျိုးသားညီလာခံက ရေးဆွဲနေတဲ့ ညောင်နှစ်ပင် အခြေခံဥပဒေဟာ သမိုင်းလိုအပ်ချက်အရ အဆုံးသတ်ကို သတ်ရမှာဖြစ်တယ်၊ ဒါကိုသိတဲ့ နအဖဟာ သူတို့အာဏာတည်မြဲအောင် ဒီညောင်နှစ်ပင်ဥပဒေကို သူတို့စိတ်ကြိုက်ရေးဆွဲပြီး တပ်မတော်အပါအ၀င် လူထုအားလုံးကို မျက်လှည့်ပြဖို့ ကြိုးစားနေတယ်၊
နအဖအာဏာတည်မြဲရေးအတွက် မျက်လှည့်ပြရာမှာ တပ်ကိုပါ အလိုတူအလိုပါ တရားခံဖြစ်အောင် ဆွဲထည့်နေတယ်။ အဲဒါကို တပ်နဲ့ပြည်သူ လက်တွဲပြီး ပြည်လုံးကျွတ် ညီညီညာညာနဲ့ တိုက်ဖျက်ပစ်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် နအဖရဲ့ ဒီညောင်နှစ်ပင် ဥပဒေဆိုတာ ဘာလဲ၊ ဘာ့ကြောင့်တိုက်ဖျက်သင့်လဲ၊ ဘယ်လို တိုက်ဖျက်မလဲ၊ ပျက်သွားပြီးရင် ဘာဆက်လုပ်မလဲ ဆိုတဲ့ အောက်ပါအချက်တွေကို လေ့လာပြီး ညီညီညာညာ လိုက်ပါလုပ်ဆောင်ဖို့ တပ်မတော်သားများ အပါအ၀င် လူထုတရပ်လုံးကို အလေးအနက် တိုက်တွန်းပါတယ်။


(က) ညောင်နှစ်ပင် ဘာလဲ

ညောင်နှစ်ပင်ဆိုတာ နအဖရဲ့ လမ်းပြမြေပုံအရ လုပ်နေတဲ့ လူထုကိုယ်စားလှယ် အများစု မပါတဲ့၊ ပါလည်း ဘာမှဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့ တဘက်သတ် ညီလာခံဖြစ်တယ်။ ဒီညီလာခံကနေ အနာဂတ်မြန်မာနိုင်ငံအတွက် အခြေခံဥပဒေကို ရေးဆွဲပြီး ဒို့တိုင်းပြည်ကို အဲဒီဥပဒေနဲ့ ဆက်လက် အုပ်ချုပ်သွားမှာဖြစ်တယ်။ ဒီလို အခြေအနေဆိုးတွေကြောင့် ပြည်သူ့ကိုယ်စားလှယ် အများစု ရထားတဲ့ ဒီချုပ် ညီလာခံက ထွက်ခဲ့ပြီးပြီ။ ဒီချုပ်ထက် သဘောထား ပျော့ပြောင်းတဲ့ ရှမ်းဒီချုပ် SNLD က မှေးပြီးတော့ နအဖချပေးတဲ့ ခွင်မှာ နအဖနဲ့ ဆွေးနွေးဖို့ ကြိုးစားပေမယ့် နောက်ဆုံးတော့ သူလည်း ထွက်ရတာပဲ၊ အဓိပ္ပာယ်မှ မရှိဘဲ၊
အနာဂတ် နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍ ကနေမယ်ဆိုလည်း နေပါ၊ ဒါပေမယ့်၊ ဘယ်လိုဦးဆောင်မှာလဲ၊ ထာဝရ ဦးဆောင်မှာလား၊ လိုအပ်တဲ့ အချိန်ထိပဲ ဦးဆောင်မှာလား၊ အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဦးဆောင်မှာလား၊ ငါတကော ကောမှာလား။ အဲဒါတွေက ကွာပါတယ်။
ငါတကောကောတဲ့ ဦးဆောင်မှုမျိုးနဲ့ ညီလာခံကို ကျင်းပခဲ့လို့ အခုဆို ရွေးကောက်ပွဲ ပထမရ ဒီချုပ်နဲ့၊ ဒုတိယရ SNLD တို့ နှစ်ဦးလုံး မပါဘဲ ညီလာခံကို မျက်နှာပြောင်တိုက်ပြီး အဆုံးသတ်ရတော့မယ်။
အဲဒီတော့ ညောင်နှစ်ပင်ဆိုတာ အထက်က ပြောခဲ့ “မျက်နှာပြောင်ပြောင်၊ ညောင်နှစ်ပင်” ပဲ။


(ခ) ညောင်နှစ်ပင်ကို ဘာ့ကြောင့် တိုက်ဖျက်မလဲ


သံဃာတော်များအတွက် ၀ိနည်းဟာ အသက်ဖြစ်သလို နိုင်ငံတစ်ခုအတွက်လည်း အခြေခံဥပဒေဆိုတာ အသက်ပဲ။ သံဃာတော်များ ၀ိနည်းအမှားကို ကျူးလွန်ရင် သံဃာအဖြစ်က လျောကျနိုင်တဲ့အထိ အပြစ်ကြီးသလို၊ နိုင်ငံတစ်ခုအတွက် အခြေခံဥပဒေအမှားကို ကျူးလွန်မိရင် နိုင်ငံကျဆုံးတဲ့အထိ ဒဏ်ခံရမှာ ဖြစ်တယ်။
ဒီညောင်နှစ်ပင်ဥပဒေဟာ လက်ရှိအခြေအနေအတိုင်းက “နိုင်ငံရေး ပါရာဇိကံ” ကျမယ့် ဥပဒေအမှားဖြစ်တယ်၊
ဒါ့ကြောင့် တိုက်ဖျက်ပစ်ရမယ်။ ညောင်နှစ်ပင်အခြေခံဥပဒေကို ဘာ့ကြောင့် တိုက်ဖျက်သင့်သလဲဆိုရင် ညောင်နှစ်ပင်ဥပဒေရဲ့ အခြေခံမူ ၁၀၄ ခုထဲက မတရားဖိနှိပ်ချုပ်ချယ်တဲ့၊ ဒါမှမဟုတ် နိုင်ငံ့အတွက် အန္တရာယ်အလွန်များတဲ့ အောက်ပါမူဆိုးများကြောင့် ဖြစ်တယ်။


(၁) နိုင်ငံ့အာဏာကို တပ်ချုပ်က အချိန်မရွေး သိမ်းပိုင်ခွင့်ရှိတယ်၊ သိမ်းပြီးရင်လည်း အာဏာကို အချိန်အကန့်အသတ် မရှိ၊ လုပ်ပိုင်ခွင့် အကန့်အသတ်မရှိ ဆက်လက်ချုပ်ကိုင်နိုင်တယ်။ ဒါဟာ နိုင်ငံအတွက် အန္တရာယ် အလွန်ကြီးတယ်၊
ထစ်ကနဲရှိ အာဏာသိမ်း၊ တပ်ခေါင်းဆောင်ပိုင်း တချို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ မကိုက်ညီတိုင်း အာဏာသိမ်း စသဖြင့် နိုင်ငံ မတည်မငြိမ် ဖြစ်မယ့်၊ တပ်ခေါင်းဆောင်ပိုင်း အာဏာလွန်ဆွဲပွဲတွေကြား တပ်မတော်ကြီးပါ ပြိုကွဲနိုင်မယ့် အန္တရာယ်ကို စနက်ပျိုးထားတယ်၊
ဒါ့ကြောင့် ဒီမူကို လက်ရှိအတိုင်း အကန့်အသတ် မပါရင် ဘယ်လိုမှ လက်မခံနိုင်ဘူး။

(၂) နိုင်ငံတော်ရဲ့ ကာကွယ်ရေး ဘတ်ဂျက်ကို တပ်ချုပ် တစ်ဦးတည်းရဲ့ သဘောနဲ့ လိုသလို ပြဋ္ဌာန်းနိုင်တယ်။ သဘောကတော့ အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေကို တပ်ချုပ်က လိုသလို သုံးနိုင်တယ်၊ ပြည်သူက ရွေးကောက်တင်မြောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ဘာမှ ပြောပိုင်ခွင့်မရှိဘူး၊ တနည်းပြောရရင် အောက်ခြေ တပ်မတော်သားများ အပါအ၀င် ပြည်သူတွေက ဘာမှပြောပိုင်ခွင့် မရှိဘူးလို့ ဆိုလိုတယ်။
ကာကွယ်ရေး ဘတ်ဂျက်နဲ့ ပတ်သတ်ပြီး တပ်ချုပ်က ပြောရေးဆိုခွင့် တစုံတရာ ရှိသင့်တယ်ဆိုတာ လက်ခံနိုင်ပေမယ့် အာဏာကုန် လွှဲအပ်ထားတာ မျိုးကတော့ တပ်အပါအ၀င် အခွန်ထမ်း လူထုတရပ်လုံးဆီက သက်သက် ဓားပြတိုက်တာပဲ ဖြစ်တယ်။
(၃) အခုညောင်နှစ်ပင် ဥပဒေအရ လွှတ်တော်နှစ်ရပ်ရှိတယ်။ လိုသလို အာဏာ သိမ်းခွင့် ရှိတဲ့အတွက် အနှစ်သာရအားဖြင့် တပ်ချုပ်က သက်ဦးဆံပိုင်ဘုရင် ဖြစ်နေတဲ့ အပြင်၊ အာဏာမသိမ်းဘဲ လွှတ်တော် မျက်နှာဖုံးနဲ့ ပုံမှန် အုပ်ချုပ်နေချိန်မှာတောင် လူထုမှာ အာဏာ အပြည့်အ၀ မရှိပါဘူး။ လွှတ်တော် နှစ်ရပ်လုံးမှာ လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်က ၁၀၀မှာ ၇၅ယောက်ပဲ ပါမယ်။ ကျန်တဲ့ ၂၅ယောက်က (၂၅% က) တပ်ချုပ်က ခန့်တဲ့ မိုးကျရွှေကိုယ် ကိုယ်စားလှယ်တွေ၊ ထားတော့ လွှတ်တော်နှစ်ရပ်မှာ အာဏာ တမတ်သားကို တပ်မတော်ကို ပေးရမယ် ဆိုရင်တောင်၊ အဲဒီ ၂၅%စာ တပ်ကိုယ်စားလှယ်တွေကို တပ်မတော်သားတွေက ကိုယ်ပိုင်ဆန္ဒနဲ့ ရွေးချယ်ခွင့် ရှိမှာလား၊ ဝေးပါသေးတယ်၊ တပ်ချုပ်နဲ့ ခေါင်းဆောင်ကြီးကြီးပိုင်းတွေက လက်သင့်ရာ တော်ကောက်ကြမှာပဲ၊ ပြီးတော့ တပ်ဆိုတာ အမိန့်နာခံရတဲ့ အဖွဲ့အစည်းမို့ တပ်ကိုယ်စားလှယ်တွေဟာ တပ်ချုပ်ပြောတဲ့အတိုင်း လွှတ်တော်မှာ မဲပေးကြရမှာ။ အဲဒီတော့ တပ်ကိုယ်စားလှယ် အားလုံးဟာ တပ်ချုပ်တယောက်တည်းရဲ့ ကိုယ်ပွားတွေပဲ ဖြစ်မှာပဲ။
စဉ်းစားကြည့်ပါ၊ နံပြားတစ်ချပ်ကို လေးစိတ် စိတ်၊ သုံးစိတ်ကို တပ်မတော်ကြီး အပါအ၀င် ကျန် မြန်မာပြည်က သန်းငါးဆယ်သော လူထုကြီးက ဝေစားနေရချိန်မှာ၊ တပ်ချုပ်အပါအ၀င် လက်ချိုးရေလို့ရတဲ့ ကြီးကြီးမာစတာ လေးငါးဆယ်ယောက်လောက်က နံပြားတစ်စိတ်ကို စိတ်ကြိုက် စားနေမှာပဲ၊ လူထုအပေါင်းက လက်ခံနိုင်မလား ကိုယ့်ဖာကိုယ် ပြန်မေးကြပါ။
(၄) အမှန်တကယ် လွှတ်တော် မျက်နှာဖုံးနဲ့ အုပ်ချုပ်နေချိန်မှာတောင် တပ်ချုပ်က အာဏာသိမ်းထားတာက တစ်မတ်သား မကဘူးဗျ၊ နိုင်ငံ့အထွတ်အထိပ် သမ္မတကို ရွေးရာမှာ သုံးဖွဲ့ဖွဲ့ပြီး ရွေးရမှာ၊ လူထုက တိုက်ရိုက်ရွေးရမှာ မဟုတ်ဘူး။ နှစ်ဖွဲ့က လွှတ်တော် (တပ်ချုပ်က တမတ်သားစီ ယူထားတဲ့ လွှတ်တော် နှစ်ရပ်က) လာမှာ၊ ကျန်တစ်ဖွဲ့က တပ်ချုပ်က ရွေးတဲ့ တပ်ကိုယ်စားလှယ် အဖွဲ့က လာမှာ၊ အဲဒီမှာတင် သမ္မတ ရွေးခွင့် သုံးပုံ တစ်ပုံ မက တပ်ချုပ်လက်ထဲမှာ၊ အထက်က ပြခဲ့တဲ့ အချက် သုံးချက်ကြောင့် တပ်ချုပ်က အနှစ်သာရအားဖြင့် နိုင်ငံခေါင်းဆောင် ဖြစ်နေချိန်မှာ ဒီ သမ္မတရာထူးဆိုတဲ့ ရုပ်ပြကို ရွေးရာမှာတောင် တပ်ချုပ်က သုံးပုံတစ်ပုံထက် ပိုပြီး အာဏာယူထားတယ် တဲ့။
မဆလခေတ်က ပါတီဥက္ကဌကြီး ဦးနေ၀င်းနဲ့၊ နိုင်ငံတော် သမ္မတကြီး ဦးစန်းယု၊ နှစ်ယောက်စလုံးက ဘောင်းဘီကျွတ်တွေ၊ ဦးစန်းယုက ဦးနေ၀င်းခိုင်းတာလုပ်၊ အဲဒီ ပုံစံမျိုးကို သတိရကြပါဦး။

အမှန်တကယ်က အထက်က ပြောခဲ့တဲ့ တပ်ချုပ်က (တပ်မတော်ကလို့ ကျွန်တော် မသုံးပါ၊ ဘာလို့လည်းဆိုတော့ တပ်ချုပ်နဲ့ အပေါင်းအပါတစ်စုက တပ်မတော်ကြီးကို ခွစီးထားလို့ ဖြစ်တယ်) အာဏာသိမ်းချင်တဲ့ အချိန် သိမ်းနိုင်မှာ ဖြစ်လို့ အနှစ်သာရအားဖြင့် ပြည်သူမှာ အာဏာ တပြားသားမှ မရှိပါဘူး။ ဒါကိုတောင် လွှတ်တော်မျက်နှာဖုံးနဲ့ အုပ်ချုပ်တဲ့ အချိန်မှာ နာမည်ခံ ရမယ့် ကိုယ်စားလှယ် သုံးမတ်သားကို ဘယ်အာမခံချက်နဲ့ ကျွန်တော်တို့က ယုံရမှာလဲ။

အခြေခံဥပဒေ တစ်ခု “မြန်မြန်” ပေါ်ပေါက်လာဖို့ အရေးကြီးတယ် ဆိုသူများ၊ စဉ်းစားကြပါဦး။ ၁၉၇၄ ဆိုတဲ့ ခုနှစ်ကို ပြန်စဉ်းစား ကြည့်ပါ။ အဲဒီတုန်းကလည်း အာဏာသိမ်း စစ်အစိုးရက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုပြီး အခြေခံ ဥပဒေဆွဲ၊ ပြည်လုံးကျွတ် ဆန္ဒခံ၊ အဲဒီတုန်းကလည်း “ကဲ… ဒီ စစ်ဗိုလ်တွေတော့ အခြေခံ ဥပဒေ မရှိဘဲ ရမ်းချင်ရာရမ်းမယ့် အတူတူ၊ အခြေခံ ဥပဒေ ခြေကျင်း ၀တ်ပေးတာက တော်သေးမယ်” ဆိုပြီး၊ အခု ညောင်နှစ်ပင် ကိုယ်စားလှယ်တော်ကြီး တချို့ပြောသလို “လုပ်စရာ ခွင် ကလေး တစ်ခုရဖို့” ဖြူလည်းဖြူ၊ မည်းလည်းဖြူနဲ့ ထောက်ခံခဲ့ကြတာ နောက်တော့ ဘာဖြစ်သလဲ၊ အဲဒီ
စစ်အစိုးရက အခြေကျသွားပြီး နောက်ထပ် ဆယ်စုနှစ်နဲ့ချီ လက်စွမ်းပြလိုက်တာ မြန်မာပြည်လည်း ဖွံ့နိမ့် အဆင့်ကို ဒိုင်ဗင်ထိုးသွားတာပဲ မဟုတ်ဘူးလား။ အာဏာရှင်တွေ အခြေကျပြီးနောက် တဖြည်းဖြည်း အကောင်းဘက်ကို ပြောင်းလဲလာတယ် ဆိုတာ၊ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး၊ အခုလည်း ရှိမှာမဟုတ်ဘူး။
အဲဒီလို အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းလဲဖို့ လိုတာက ပြည်သူအားလုံး ယုံကြည်လောက်တဲ့ ထိန်းညှိထားတဲ့ အာမခံချက် တစ်ခု။ အဲဒီ အာမခံချက် မပါဘဲ အကောင်းဘက်ကို ပြောင်းလဲလာဖို့ဆိုတာ အိပ်မက်မမက်ပါနဲ့။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ အားလုံးလိုတာက အာမခံချက်။ ဒီ အချက်က အရေးကြီးဆုံးပဲ။ အခုချက်ချင်း ဒီမိုကရေစီ အပြည့်အ၀ မရနိုင်ဘူးဆိုတာ လုံးဝ လက်ခံတယ်၊ ဘယ်တိုင်းပြည်မှာမှ နေ့ချင်း ညချင်း ဒီမိုကရေစီကို အပြည့်အ၀ ကူးပြောင်းတာ မရှိဘူး၊ အချိန်ယူရတယ်၊ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ သမိုင်းအစဉ်အလာအရ တပ်မတော်ဟာ အလွန်အရေးပါတယ်။
ဒါ့ကြောင့် အကူးအပြောင်းကို တပ်မတော်က ဦးဆောင်ပြီး သွားပါလို့တောင် ဒီချုပ်က ပြောပြီးနေပြီပဲ (ပြည်ထောင်စုနေ့ ကြေငြာချက်ကို ကြည့်ပါ။) ဒါကို တပ်ခေါင်းဆောင်ပိုင်းက ဘာလို့ ဒီချုပ်နဲ့ မဆွေးနွေးနိုင်ရတာလဲ၊ ဘာလို့ ညောင်နှစ်ပင်ကို တကယ့် ညှိညှိနှိုင်းနှိုင်း စုပေါင်းဆွေးနွေးတဲ့ ညီလာခံအစစ် အဖြစ် မပြောင်းနိုင်ရတာလဲ။
တကယ်လို့ ဒီချုပ်လို ရွေးကောက်ပွဲ အနိုင်ရပါတီနဲ့၊ ဒေါ်စုလို လူထုခေါင်းဆောင် နဲ့သာ ညှိနှိုင်းသဘောတူခဲ့ရင်၊ ညောင်နှစ်ပင် ဥပဒေက ဒီမိုကရေစီ အပြည့်အ၀ မကျသေးတောင်၊ လူထုက လက်ခံနိုင်တယ်၊ ဘာ့ကြောင့်လဲ အထက်ကပြောခဲ့တဲ့ အာမခံချက် ရှိလို့ပဲ။ ဒေါ်စုအပါအ၀င် ဒီချုပ်ဟာ ပြည်သူကို သစ္စာမဖောက်ဘူး၊ တပ်ချုပ်တစ်ဦးတည်း လုပ်ချင်ရာလုပ်ခွင့် ပေးမှာ မဟုတ်ဘူးဆိုတာကို လူထုအပေါင်းက ယုံလို့ပဲ။ ဒီလိုမျိုး အာမခံချက် မရှိဘဲနဲ့ကတော့ လူထုက ယုံမှာ မဟုတ်ဘူး။

တချို့ကပြောကြတယ်၊ “ဒီချုပ်အပါအ၀င် ဒီမိုကရေစီ အင်အားစုများဟာ ညောင်နှစ်ပင်ပြီးမှာကို ကြောက်ကြတယ်၊ ဘာလို့လဲဆိုတော့ ဒီတခါ ရွေးကောက်ပွဲ လုပ်ရင် နိုင်ဖို့မသေချာလို့။ ဒါ့ကြောင့် ခေတ်မမီတော့တဲ့ ကိုးဆယ် ရွေးကောက်ပွဲရလဒ်ကို အသေအလဲ ဆုပ်ကိုင်ထားတာပါ” တဲ့။ အတော်တော့ ရယ်စရာကောင်းတဲ့ ပြက်လုံးပဲ။ ပထမဆုံး အချက်က ဒီချုပ်က ကိုးဆယ် ရွေးကောက်ပွဲ ရလဒ်ကို ဘယ်တုန်းကမှ မျက်စိမှိတ်ပြီး တဇောက်ကန်း ဆုပ်ကိုင်မထားဘူး၊ အခု ညောင်နှစ်ပင်မှာ အာဏာ တမတ်သားဆိုလည်း တမတ်သားအကြောင်း၊ နောက်ရွေးကောက်ပွဲဆိုလည်း နောက်ရွေးကောက်ပွဲအကြောင်း ဆွေးနွေးချင်လို့ တွေ့ဆုံဆွေးနွေးရေးကို တောင်းနေတာဖြစ်တယ်။ စဉ်စားကြည့်လေဗျာ၊ ပထမ တခါ ကိုးဆယ်တုန်းက လူထုက အစော်ကားခံခဲ့ရပြီးပြီ၊
နောက်တခါ ထပ်ပြီး အစော်ကားခံရရင် လူထုက တပ်ခေါင်းဆောင်ပိုင်းကိုသာမက ဒီချုပ်ကိုပါ ဆဲတော့မှာပေါ့။ “တစ်ခါခံမိ သူ့အပြစ်၊ နှစ်ခါခံထိ ငါ့အပြစ်” မဟုတ်လား။
ကိုးဆယ်တုန်းကလို ရွေးကောက်ပွဲလုပ်၊ ကိုယ်နိုင်စေချင်တဲ့ ပါတီ မနိုင်တော့မှ အမျိုးမျိုး သွားပုပ်လေလွင့် ပြောပြီး အာဏာလွှဲမပေးဘဲ နေရင် ဘယ်လိုလုပ်မှာလဲ။ အဲဒီတော့
ဒီချုပ်ဟာ ရွေးကောက်ပွဲ အသံကြားတိုင်း (တချို့ နာမည် သုံးလုံးနဲ့ ပါတီတွေလို) အမြီးနန့်လို့ မရပါဘူး။
နောက်တစ်ခါ အလိမ်မခံရဘူးဆိုတဲ့ သဘောတူညီချက်၊ အာဏာကို ကောင်းကောင်းမွန်မွန် ညှိညှိနှိုင်းနှိုင်း ခွဲဝေနိုင်တဲ့ အာမခံချက် လိုပါတယ်။ ဒါတွေကြောင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းနေတာ ဖြစ်ပါတယ်၊
နောက်ရွေးကောက်ပွဲကို အရင်ရွေးကောက်ပွဲလို စော်ကားခံရမှာစိုးလို့ ဆွေးနွေး အာမခံချက် လိုချင်တာဖြစ်တယ်။ ဒီလို ဆွေးနွေး အာမခံချက်မျိုးမပါတဲ့ လက်ရှိ ညောင်နှစ်ပင်ကိုတော့ လူထုက ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး။




(ဂ) ညောင်နှစ်ပင်ကို ဘယ်လို တိုက်ဖျက်မလဲ


ဒီအပိုင်းကို ကျွန်တော် ရေးရမှာ အကြောက်ဆုံးပဲ။ ဘာလို့လည်း ဆိုတော့ “What and why” မှာ လူတွေက သဘောတူညီတာ များပေမယ့် how ကျရင်တော့ ကွဲကြတာပဲ။ အခုလည်း ကွဲနေတာပဲ။

တချို့ကပြောတယ်၊ ဆန္ဒခံယူပွဲကို လုံးဝ သပိတ်မှောက်ပါတဲ့၊ မဲသွားမပေးနဲ့တဲ့။ ဒါလည်းကောင်းတာပဲ၊ ဒီဆန္ဒခံယူပွဲမှာ လိုအပ်တဲ့ turnout မရရင် ရလဒ်ဟာ အလိုလိုပျက်ပြယ်တာကိုး။ ဒါပေမယ့် ပိုက်ဆံပေး၊ ဓားမိုးပြီး ရပ်ကွက်ထဲမှာ အိမ်တိုင်းစေ့ မထည့်မနေရ၊ ထောက်ခံမဲထည့်ခိုင်းရင် ဘယ်လိုလုပ်ကြမလဲ၊ အဲဒီလို ခိုင်းတိုင်းလုပ်မယ့် လူတစ်စု ရှိနေတယ်ဆိုတာ အခုတလော ပြည်သူဆိုပြီး ရမ်းကားနေတဲ့ လူအုပ်ကို ကြည့်ရင် သိနိုင်တယ်။ တော်ကြာ အဲဒီ လူအုပ်ရဲ့ မဲနဲ့ မျက်နှာပြောင်တိုက်ပြီး အတည်ပြုရင် ပြုလို့ရတယ်၊ မဲမပေးသူက မဲမပေးသူရဲ့ အပြစ်ပေါ့၊ ရတဲ့ ပြောပိုင်ခွင့်ကိုမှ အသုံးမချတာ၊ အဲဒီလို လူမျိုးကို ဂရုစိုက်စရာ မလိုဘူးလို့ ပြောမှာပေါ့။ Passive ပဲ ခံနေတဲ့လူကို၊ ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူးလေ။

ကဲဒါဖြင့် ပြည်လုံးကျွတ် ကန့်ကွက်မဲ ပေးရအောင်။ ဒါဆိုရင် Passive အဆင့်က ကျော်ပြီး active ဖြစ်လာပြီ။ ကိုယ်တိုင်လက်ရောက် ကန့်ကွက်ရမယ်၊ ဒါပေမယ့်… မဲက လိမ်ဦးမှာပဲ။ မဲရုံမှာ မဲရေရင် ၉၀ တုန်းကလို လူတွေဝိုင်းပြီး မဲရုံမှာ သွားကြည့်ကြ၊ မဲလိမ်လို့မရအောင်။ ဒါတွေကို လူထုက လုပ်နိုင်ပါ့မလား ဆိုတာ စဉ်းစားရမယ်။ လုပ်နိုင်အောင်လည်း လှုံ့ဆော်တဲ့ လူက ရှိရဦးမယ်။ passively မဲမပေးနဲ့ ဆိုရင်တောင် ကြောက်လို့၊ အထက်လူကြီး ရယက စသည်တို့ ငြိုငြင်မှာ စိုးလို့ ယောင်တောင်တောင်နဲ့ ထောက်ခံမဲ သွားပေးတဲ့လူက ရှိဦးမှာဆိုတော့ ကန့်ကွက်မဲ ကိုယ်ထိလက်ရောက် ပေးကြပါဆိုရင်… အင်း…

ကျွန်တော်တစ်ဦးတည်း အမြင်အရ၊ မဲမပေးဘဲ သပိတ်မှောက်ရုံမကဘဲ၊ ကန့်ကွက်မဲပေး၊ မဲရေတဲ့ကိစ္စကို ၀ိုင်းကြည့်၊ ဒီကြားထဲမှာ မဲလိမ်ရင်တော့ ဒီဆန္ဒခံယူပွဲက ရုပ်ပျက်ဆင်းပျက် နိုင်ငံတကာ တံတွေးခွက်ထဲ မျောရော့ပေါ့။ ဒါပေမယ့် ဒါက သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အတွေ့အကြုံရှိတဲ့ ပြောရေးဆိုခွင့်ရှိသူများက နည်းတစ်နည်းနည်းကို သတ်မှတ်ပေးရင် အဲဒီ သတ်မှတ်တဲ့နည်းအတိုင်း လိုက်နာဖို့ အဆင်သင့်ပဲ၊ သပိတ်မှောက်ဆိုလည်း မှောက်၊ ကန့်ကွက်မဲပေး မဲရေတာ ၀ိုင်းကြည့်ဆိုလည်း ၀ိုင်းကြည့်၊ အားလုံးနဲ့ တညီတည်း လုပ်ဖို့ အဆင်သင့်ပဲ။ (လောလောဆယ် ပြည်ပမှာ ရောက်နေတဲ့အတွက် အဲဒီ ရွေးကောက်ပွဲ အချိန်ရောက်ရင် မြန်မာပြည်ကို အနည်းဆုံးတော့ ခဏဖြစ်ဖြစ် ပြန်နိုင်ဖို့ ဆုတောင်းပါတယ်ဗျာ။)

ဘယ်လိုပဲ ဖြစ်ဖြစ်၊ ထောက်ခံမဲတော့ ယောင်လို့တောင် မပေးမိကြပါစေနဲ့။ ကိုယ့်လည်ပင်းကို ကိုယ် ကြိုးကွင်းစွပ်တဲ့ အဖြစ်မျိုး မလုပ်ကြပါနဲ့။

မဲပေးတဲ့ ကိစ္စအပြင် ကျွန်တော်တို့အားလုံး ပြည်တွင်းနေရော ပြည်ပရောက်ပါ လုပ်နိုင်တဲ့ ကိစ္စကတော့ တနိုင်စည်းရုံးရေးပါ။ အခုလောလောဆယ် အခြေအနေအရ ပြည်တွင်း ဒီမိုကရေစီ အင်အားစုများဟာ ပွင့်ပွင့်လင်းလင်း စည်းရုံးလှုံ့ဆော်နိုင်တဲ့ အနေအထားမှာ သိပ်မရှိဘူး။ လုပ်ရင်လည်း လျှို့ဝှက်လုပ်ရမယ့် အနေအထား ရှိပါတယ်။
ဒါ့ကြောင့် ပြည်သူအားလုံး ကိုယ့်အသိစိတ်နဲ့ ကိုယ် တနိုင်စည်းရုံးရေး လုပ်ရပါမယ်။
ဘယ်သူ့ကို စည်းရုံးမလဲ၊ စိတ်ချရတဲ့ ညီအစ်ကို မောင်နှမနဲ့ မိဘများကို စည်းရုံးပါ။ နားလည်အောင်ပြောပြီး စည်းရုံးပါ။
အခု ဒီရေးထားတဲ့ စာမျိုးကို ကိုယ်ပိုင်ရာ ဘလော့ဂ်၊ ဖိုရမ်၊ အီးမေးလ် ဂရုပ် စသည်တို့မှာ ဖြန့်ပြီး စည်းရုံးပါ။ ၂၀၀၇ ကုန်၊ ၂၀၀၈ ထဲမှာ အသက် ၁၈ နှစ်နဲ့ အထက် ရှိသူများ၊ အထူးသဖြင့် လူငယ်များကို အဓိက ထား စည်းရုံးပါ။ တွေဝေနေတဲ့ လူကြီးများကိုလည်း နားလည်အောင် ပြောပြပြီး စည်းရုံးပါ။
“လှုပ်ရှားမှ မုန့်စားရမယ်” ဆိုတဲ့ လူငယ်တွေ ပြောကြတဲ့ စကားကို သုံးရမယ့် အချိန်ရောက်နေပါပြီ။ ကိုယ်မလုပ်နိုင်တာ၊ ကိုယ်မလုပ်ရဲတာကို သူများတကာကို လုပ်ခိုင်းပြီး စည်းရုံးတာမျိုးမဟုတ်ဘဲ၊ အားလုံး အန္တရာယ် ကင်းကင်း လုပ်နိုင်တဲ့ ကိစ္စမျိုးကို စည်းရုံးတာ ဖြစ်လို့ ရဲရဲတင်းတင်း ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချစွာနဲ့ စည်းရုံးကြစေချင်ပါတယ်။ ရပ်ကွက်လုံးကျွတ် ကန့်ကွက်မဲပေးရင် ရပ်ကွက်လုံးကျွတ် ဖမ်းမှာလား၊ ဖမ်းချင်တောင် ဖမ်းလို့မရဘူး၊ မဲပေးတဲ့နေရာမှာ လူတိုင်းကို သေနတ်နဲ့ ထောက်ပြီး ထောက်ခံမဲ ပေးခိုင်းမှာလား၊ သန်းနဲ့ချီတဲ့ မဲဆန္ဒရှင် ပြည်သူလူထုကို ဘယ်လိုမှ သေနတ်နဲ့ မထောက်နိုင်ဘူး။
လမ်းပေါ်ထွက် ဆန္ဒပြသလို၊ သတ်ကွင်းထဲ ၀င်တာမျိုး မဟုတ်တဲ့အတွက် အားလုံးက သတ္တိရှိရှိနဲ့ “ထောက်ခံမဲ မပေးဖို့” စည်းရုံးကြစေချင်ပါတယ်။


(ဃ) ညောင်နှစ်ပင် ပျက်သွားခဲ့ရင် ဘာဆက်လုပ်မလဲ


ညောင်နှစ်ပင် အရင် ပျက်သွားဖို့က အရေးကြီးပါတယ်၊ ပျက်သွားခဲ့ရင် အနည်းဆုံးတော့ တပ်ခေါင်းဆောင်ပိုင်းက တပ်မတော်ကြီး အပါအ၀င် ပြည်သူတွေကို သူတို့စိတ်ကြိုက် လှည့်စားချင်တိုင်း လှည့်စားလို့ မရဘူးဆိုတာ ပြသရာ ရောက်တဲ့အတွက် တပ်အပါအ၀င် လူထုအတွက် အမြတ်ပဲ ဖြစ်ပါတယ်။

တချို့ကပြောနိုင်ပါတယ်၊ ကဲ… ဟုတ်ပါပြီ ညောင်နှစ်ပင်ကြီး ပျက်သွားပြီး ဆိုပါတော့၊ သူတို့က နောက်တစ်ခါ ထပ်လုပ်ပြီး နောက်တစ်ခါ ထပ်ရှည်နေရင် ပြည်သူ နာတာပဲ မဟုတ်ဘူးလားလို့။ တကယ်လို့ ဒီတစ်ခါ (ပျက်သွားပြီးမှ) ထပ်လုပ်ခဲ့ရင် ပြည်သူ့ဘက်တော်သားများ အတွက် ပြောအားရှိသွားပြီ ဖြစ်ပါတယ်၊ နိုင်ငံတကာကလည်း အခြေခံဥပဒေတစ်ခု (ဘယ်လိုပုံမျိုးမျိုးဖြစ်ဖြစ်) ရှိစေချင်နေတဲ့အတွက် လက်ရှိတပ်ခေါင်းဆောင်ပိုင်းကို ဖိအားပေးမှာ ဖြစ်ပါတယ်၊ အဲဒီတော့ ဒီညောင်နှစ်ပင် ပျက်သွားပြီးနောက် အစိုးရက ဘာပဲ ဆက်လုပ်လုပ် ပြည်သူ့ဘက်က အမြတ်ရပြီး ဖြစ်ပါတယ်။
အဲဒီလို အစိုးရက ငါတကော ကောလို့မရဘူးလို့ “လက်တွေ့” သိသွားခဲ့ရင်၊ ဒီအစိုးရကို ကျောထောက်နောက်ခံ ပြုနေတဲ့ နိုင်ငံတွေက သိသွားခဲ့ရင်၊ အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ လမ်းစပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ညောင်နှစ်ပင် ပျက်သွားရင် ဘာလုပ်မယ် ဆိုတာဟာ၊ ပျက်သွားတဲ့ ညောင်နှစ်ပင် ရလဒ်ကို အစိုးရက ဘယ်လို တုံ့ပြန်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး၊ ဒီမိုကရေစီ အင်အားစုများက ညီညီညွတ်ညွတ် ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ခု ပြောနိုင်တာကတော့
ညောင်နှစ်ပင် ပျက်ခြင်းဟာ တပ်မတော်ရဲ့ ရှုံးနိမ့်မှုတစ်ခု မဟုတ်ဘူးဆိုတာပါပဲ၊ အာဏာရူး တပ်ခေါင်းဆောင်တချို့နဲ့ လက်ပါးစေ ပါတီအဖွဲ့အစည်း တချို့ရဲ့ ဆုံးရှုံးမှု ဖြစ်နိုင်ပေမယ့်၊ တပ်အပါအ၀င် ပြည်သူတစ်ရပ်လုံးအတွက် ကတော့ အားလုံး ပြန်လည် သင့်မြတ်မယ့် လမ်းစဖြစ်တယ်ဆိုတာ စွဲစွဲမြဲမြဲ ခံယူထားဖို့ပါပဲ။ အခုလောလောဆယ်ကတော့ မုန့်ဆီကြော်က ဘယ်နေမှန်း မသိသေးတဲ့အတွက် ညောင်နှစ်ပင် ပျက်ဖို့သာ အာရုံစိုက်ကြစေချင်ပါတယ်။

“ညောင်နှစ်ပင်ကို နောင်ကြဉ်လောက်အောင် တိုက်ဖျက်ကြပါစို့။”

ပုထုဇဉ်

========================================

ကျေးဇူးတင်ပါတယ်...
s0wha1

Print this post

4 comments:

Thet Oo said...

ကိုပုရေးတာကို ဒီမှာပဲ ဖတ်လိုက်တယ်။

dare2fight said...

you copycat, copydog, copycow, copypig, :P

s0wha1 said...

ဟေ့ရောင် ၀ဏ္ဏ...မိုက်လား...

chit chit said...

Yes...Really really very good idea...I really respect your idea...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*