Thursday, May 31, 2007

ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၁)



ပြီးခဲ့တဲ့ လတွေက ကျွန်မ ကိုကြီးစေးထူးရဲ့ "ကျနော် ပေါ်တာအထမ်းသမား" ဆိုတဲ့ပို့စ်ကို ဖတ်ပြီး အတွေးတချို့ ၀င်ခဲ့တယ်... ကျွန်မ သိသလောက် တိုင်းရင်းသားတွေရဲ့ဘ၀ကို ပြည်မက ဗမာတွေ တကယ်ကို မသိခဲ့ကြပါဘူး.. ပြည်ပမီဒီယာတွေက ပြောကြတဲ့အခါ ဒါဟာသက်သက်ဝါဒ ဖြန့်ချိမှုအနေနဲ့သာ လူတော်တော်များများ လက်ခံထားကြတယ်... ဒီလောက်ဆိုးရွားတဲ့ လူအချင်းချင်း နိုင်ထက်စီးနင်းပြုမှုတွေ မရှိနိုင်ဘူးလို့ ယုံကြည်ထားကြလို့ ဖြစ်နိုင်ပါတယ်... တကယ်ရှိခဲ့တဲ့အဖြစ်တွေ ဆိုဦးတော့ မီဒီယာတွေက တမင်ချဲ့ကား ပြောဆိုတာလို့ အထင်ရောက်ကြပါတယ်... တကယ်တော့ နယ်စပ်ဒေသက တိုင်းရင်းသားတွေအနေနဲ့ လူအချင်းချင်း နှိပ်စက်ညှင်းပန်းမှုတွေ၊ နိုင်လိုမင်းထက်ပြုမူမှုတွေကို ခုချိန်ထိ ပြည်မဒေသက လူမျိုးတွေထက် ပိုပြီးအဆအများစွာ ခံစားခဲ့ရ၊ ခံစားနေရတုန်းပါ... အဲဒါကို လူတွေသိအောင် ကျွန်မ ပြောပြချင်စိတ် ဖြစ်လာတယ်... တနေ့ နည်းနည်းချင်း ကျွန်မရေးတတ်သလို ပြောပြတာပေါ့နော်...

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျွန်မအဖေဟာ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်နဲ့ ၁၂ မိုင်ကျော် ဝေးတဲ့ လောပိတရေးအားလျှပ်စစ်စက်ရုံမှာ တာဝန်ကျခဲ့တယ်... အဲ့ဒီစက်ရုံတည်ရှိရာ လောပိတကျေးရွာအုပ်စု၊ လောဓလေးကျေးရွာမှာ ၁၀ စုနှစ် ၁ စုနီးပါး ကျွန်မတို့ နေခဲ့ကြရတယ်... ကယား၊ ကရင်၊ တောင်ရိုးလူမျိုးအချို့နဲ့ ဗမာတွေ အဲ့ဒီကျေးရွာမှာ နေထိုင်ကြပါတယ်... တချို့က စက်ရုံမှာ အလုပ်သမားအနေနဲ့ ၀င်လုပ်ကြပေမဲ့ သူတို့စားဝတ်နေရေးအတွက် လုပ်ကြတာတော့မဟုတ်ဘူး... သူတို့ရဲ့ အဓိက အသက်မွေးဝမ်းကြောင်းအလုပ်ကတော့ တောင်ယာလုပ်ငန်းပေါ့... ၀န်ထမ်းဖြစ်ရင် ၀န်းထမ်းအိမ်ရာမှာ နေခွင့်ရတော့ ရေ၊ မီးအတွက် အဆင်ပြေလို့သာ စက်ရုံမှာ အလုပ်လုပ်ကြတာပါ... ပြောလို့ပြောတာ မဟုတ်ဘူး... ဘီလူးချောင်းကြီးလည်းရှိ၊ မြန်မာတစ်နိုင်ငံလုံးကို မီးပေးနေတဲ့ စက်ရုံကြီးလည်း ရှိတဲ့ အဲ့ဒီရွာမှာ ရွာသားတိုင်း ရေ၊ လျှပ်စစ်မီး ရကြတာမဟုတ်ဘူး... ဒီလိုပြောတော့ အံ့ဩသွားကြမလား မသိဘူး... တကယ်ပါ ပဒေါင်းကုန်းမှာ နေကြတဲ့ ကယားလူမျိုးတွေက ညနေစောင်းဆို ရေပီပါကြီး အလျားလိုက်တင်ထားတဲ့ နွားလှည်းကြီးနဲ့ ကျွန်မတို့နေတဲ့ အရာရှိဝန်ထမ်းအိမ်ရာ လမ်းမကြီးကို ဖြတ်ပြီး ရွာထိပ်ဘက်မှာ ရေသွားသွားခပ်ကြရတယ်... ကျွန်မတို့ ၀န်ထမ်းအိမ်တွေမှာတော့ မနက် ၇နာရီတစ်ကြိမ်၊ နေ့လယ် ၁၁နာရီ တစ်ကြိမ်၊ ညနေ ၄နာရီမှာ တစ်ကြိမ် ပုံမှန်ရေလွှတ်ပေးတော့ ကျွန်မတို့အတွက်က အဆင်ပြေပါတယ်... တကယ်ဆို ကျွန်မတို့နေတဲ့ တိုက်ကုန်း (အရာရှိတွေနေတဲ့ တိုက်အစုအဝေး နေရာကို ခေါ်ကြတာပါ...) နဲ့ ကယားလူမျိုးတွေနေတဲ့ ပဒေါင်းကုန်းက ကပ်ရက်ပါ... အဲ့ဒီတော့ ကျွန်မ တခါတခါ စဉ်းစားမိတယ်... သူတို့အတွက် ဘာလို့ ရေပိုက်သွယ်တန်းမပေးကြတာလဲလို့...

တောထဲ၊ တောင်ထဲမှာ လျှပ်စစ်မီး ထိန်ထိန်နဲ့ ကျွန်မတို့ နေခဲ့ရပေမဲ့ ကယားလူမျိုး ရွာသားတွေကတော့ ခရမ်းချဉ်သီးသာသာ ရှိတဲ့ မီးလုံးလေး တလုံးပဲ ထွန်းခွင့်ရှိတယ်... ဒါတောင် ကျွန်မတို့ လမ်းမီးတိုင်ဘက်က သူတို့ယူထားရတာပါ... လမ်းမီးတိုင်ဆိုမှ ပြောရဦးမယ်... နိုင်လွန်ကတ္တရာလမ်းတွေကလည်း တိုက်ကုန်းနဲ့ စက်ရုံသွားရာ လမ်းတောက်လျှောက်သာ ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်နေတာ... တိုက်ကုန်းအဆုံး ပဒေါင်းကုန်း အစမှာတင် မာကျူရီလမ်းမီးတိုင်ရော၊ နိုင်လွန်ကတ္တရာလမ်းကြီးရော တိတိရိရိ အဆုံးသတ်ထားပါတယ်... ဟိုဘက်မှာတော့ မြေနီလမ်းကြမ်းနဲ့ ညဘက်ဆို လမ်းမီးတိုင်မရှိ မှောင်နဲ့မဲမဲ ပဒေါင်းကုန်းလို့ ခေါ်ကြတဲ့ လေးအိမ်စုအိမ်တန်းလေးတွေပေါ့... အလွန်ရိုးသားတဲ့ တောင်ပေါ်တိုင်းရင်းသားတွေကို အဲ့ဒီမှာ တာဝန်ကျလို့ နေနေရတဲ့ ကျွန်မတို့ ၀န်ထမ်းမိသားစုတွေ တော်တော်မျက်နှာပူရတဲ့ အဖြစ်ပါ...

ကျွန်မတို့ အဲ့ဒီမှာ နေခဲ့တဲ့နှစ်တွေမှာ မီးပျက်တယ်ဆိုတာ မရှိခဲ့ပါဘူး... မှတ်မှတ်ရရ တစ်ခါလားပဲ ၂ မိနစ်လောက် မီးပျက်ဖူးတယ်... အဲ့ဒီတုန်းက မီးပျက်တာကို တခါမှ မတွေ့ကြုံရဖူးသေးတဲ့ ကျွန်မတို့ ကလေး တသိုက် ပျော်ရွှင်စွာ ထခုန်ခဲ့ကြဖူးပါတယ်... တခါမှ မီးမပျက်တဲ့ရွာမှာ နေခဲ့ရလို့ ကျွန်မတို့ကို အခွင့်ထူးခံ လူတန်းစားလို့ မယူဆလိုက်ပါနဲ့နော်... မြန်မာတစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ ဒေသမှာ မီးကတော့ မပျက်သင့်ဘူး မဟုတ်လား... ဒါပေမဲ့ အခုတော့ လွိုင်ကော်မြို့မှာလည်း မီးပျက်တတ်နေပြီလို့ ကြားရတယ်... လူဦးရေ များပြားလာတာနဲ့ အမျှ လောပိတစက်ရုံက ထုတ်နိုင်တဲ့ လျှပ်စစ်ဓာတ်အား 168 MW (အဲ့ဒီတုန်းကတော့ မြန်မာပြည်မှာ MW အများဆုံးထုတ်နိုင်တဲ့ တခုတည်းသော စက်ရုံပါ...ခုတော့ ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံက လောပိတထက် MW ပိုထုတ်နိုင်ပါတယ်...)လေးနဲ့တော့ မြန်မာနိုင်ငံကြီး မီးမလင်းနိုင်သေးပါဘူး...

s0wha1

ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၂)
ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၃)

Print this post

4 comments:

May Nyane said...

တကယ့် တိုင်းရင်းသားတွေရဲ့ ဘ၀တွေကို
ပြည်မကလူတစ်ယောက်ရဲ့ အမြင်နဲ့ ခုလိုရေးတာ
သိပ်ကောင်းပါတယ်။ အန်တီလဲ ကရင်ပြည်နယ်၊မွန်ပြည်နယ်တွေမှာ
တာဝန်ကျတုန်းက ကြုံရတာတွေကို အထဲမှာနေတုန်းက
အများကြီးရေးဖူးတယ်..ဒါပေမဲ့ စိစစ်ရေးလွတ်အောင်ရေးခဲ့ရတာလေ..
ဒါကြောင့် ခု..သမီးကိုတော့ များများရေးစေချင်ပါတယ်။

အန်တီမေငြိမ်း

Chocolaier said...

ဖတ်ရတာ စိတ်ထဲမှာမကောင်းလိုက်တာ။ တိုင်းရင်းသားတွေ အခွင့်အရေးတွေ မရမှန်းသိပေမယ့် တခါမှတော့ အဲလိုနီးနီးကပ်ကပ် မနေခဲ့ဖူးလို့မသိခဲ့ရပါဘူး။ ဆက်ရေးပါဦးနော်

ကလိုစေးထူး said...

ခြေလှမ်းတွေ စလှမ်းနေပြီပေါ့.. :)
တကယ်တော့ ခေါင်ဖျားတဲ့ နယ်က အဖြစ်အပျက် အတော်များများကို ပြည်မက လူတော်တော်များများက သိပ်မသိကြတာ သေချာပါတယ်။ သိကြရင်တောင် ညီမလေး ပြောသလိုဘဲ ဒါဟာ မီဒီယာတွေက လိုတာထက် ပိုပြောတာလို့ အထင်ရောက်တတ်သေးတယ်။ ကိုကြီး ရန်ကုန်မှာနေတုန်းကဆို ဘာမှကို မသိဘူး။ ငယ်သေးတာလဲ ပါမှာပေါ့။ ကရင်ပြည်နယ်ကို ပြောင်းရတော့မှ..၊ လားလား..၊ ရန်ကုန်မှာ ကြားတောင် မကြားဖူးတဲ့ အဖြစ်အပျက်တွေကို နဖူးတွေ့ဒူးတွေ့ ကြုံရတော့တာပဲ။ အခု ညီမလေးက ကယားပြည်နယ်မှာ နေခဲ့ရစဉ်က အတွေ့အကြုံတွေကို ရေးတယ်ဆိုတော့ ကောင်းတာပေါ့.။ အမှတ်စဉ် (၁) ဆိုတော့ နောက်ထပ် အမှတ်စဉ်တွေ လာဦးမယ့် သဘောပေါ့။ :)

Maydarwii said...

ညီမလေးရေ ..
စပါးစိုက်သူတွေ ဆန်ကောင်းကောင်းမစားရတာ …
လျှပ်စစ်ဓာတ်အားပေးစက်ရုံနားမှာနေပြီး မီးအလင်းရောင် ကောင်းကောင်းမရတာ …
ဒါတွေဟာ … ဗမာပြည်မှာတော့ အထူးအဆန်း မဟုတ်တော့ပါဘူး။

ဒါနဲ့ … မီးပျက်တာ ကြုံရလို့ ထခုန်တယ်ဆိုတာ ဖတ်ရင်း ပြုံးရသေးတယ်။
အဲဒီလိုသာ ခုန်ရစတမ်းဆို မမေဖြင့် ခဏခဏ ခုန်နေရမှာပဲ …တွေးမိလို့ပါ။
ဆက်ရေးနော် ညီမလေး … အားပေးဖတ်ရှုနေပါတယ်။

ချစ်တဲ့
မမေ

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*