အမှန်တော့ တွေးချင်ရာတွေး၊ ရေးချင်ရာရေးဆိုတာထက် ကျွန်မရဲ့ အူကြောင်ကြောင် အယူအဆများလို့ပြောရမှာ... ဒါပေမဲ့ သိပ်တော့ မထူးပါဘူး... အယူအဆပဲဖြစ်ဖြစ်၊ အတွေးပဲဖြစ်ဖြစ်၊ အမူအကျင့်ပဲ ဖြစ်ဖြစ်ပေါ့... ရောက်တက်ရာရာ လျှောက်ရေးထားတာပါ...
ဆရာကြီးကိုင်ရိုရဲ့ ဂဏန်းဗေဒင်ကို မသိစိတ်မှာ တော်တော်စွဲလမ်းနေမိတယ်... ရထားဘူတာ ၀င်ပေါက်မှာတောင် ၄ နဲ့ ၈ နံပါတ်ဆို ဘယ်တော့မှ မ၀င်တတ်ဘူး... (တကယ်တော့ ၄ နဲ့ ၈ နံပါတ်ကို ကြိုက်ပါတယ်... ကျွန်မအတွက် မကောင်းဘူးဆိုလို့ မကြိုက်ဘဲ နေရတာ...) သူများတွေတော့ အဲဒီနံပါတ်တွေ သတိထားမိပါ့မလားမသိဘူး... ကျွန်မကတော့ အ၀င်ရော၊ အထွက်ရော သတိထားပြီး အမြဲဝင်၊ ထွက်တယ်... ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ... ၁၊ ၇ ဂဏန်းတွေကိုကြိုက်တယ်... အဲဒီနံပါတ်တွေက အနီရောင်လိုင်းပြထားရင် ၄ နဲ့ ၈ ကိုရှောင်ပြီး ကျန်တဲ့နံပါတ်ကနေ ၀င်တတ်၊ ထွက်တတ်တယ်... များသောအားဖြင့် မ ဂဏန်းတွေကို ကြိုက်တယ်... အနီးစပ်ဆုံး ဥပမာ ပေးရရင် ကျွန်မ ခုစာရေးတဲ့အခါ စာကြောင်း တစ်ကြောင်းဆုံးတိုင်း အစက်လေးတွေ ချတတ်တယ်မဟုတ်လား... သတိထားကြည့်ကြည့် ကျွန်မ သုံးစက်အောက် လိုမချထားသလို ပိုလည်း မချထားဘူး... သုံးစက် အတိပဲ... (ငါးစက်လောက်ချရင်လည်း ရှည်သွားမယ်... တစ်စက်ထဲဆိုတော့လည်း မလှဘူးဆိုတော့ သုံးစက်က အကောင်းဆုံးပဲ မဟုတ်လား...)ကျွန်မက အဲဒီလိုပဲ ဘာမဟုတ်တာလေးကို တိတိကျကျ လုပ်ချင်လုပ်တတ်တယ်... ခုတော့ မမေက စာကြောင်းအဆုံးမှာ ပုဒ်မတွေချဖို့ အကြံပေးတယ်... အဲဒီတော့ ဒီပို့စ်မှာတော့ အစက်လေးတွေ ဆက်သုံးလိုက်ပါဦးမယ်... နောက်ပိုင်း ပုဒ်မပဲ သုံးတော့မယ်...
ကျွန်မ ငယ်ငယ်က နှစ်တိုင်းလိုလို ဆုယူရတတ်ပါတယ်... ပထမဆုတော့ မဟုတ်ပါဘူး... ဒုတိယ ဒါမှမဟုတ် တတိယဆုပါ... ပထမဆုကတော့ ကျွန်မ သူငယ်ချင်း မိုးကလျာအိက အမြဲရတတ်တယ်... ဆုယူရတဲ့အခါ ဆုပေးပွဲမကျင်းပခင် နှစ်ရက်လောက် အလိုမှာ အစမ်းလေ့ကျင်ရတယ်... သင်ပေးတဲ့ ဆရာတွေက ပြောပါတယ်... နာမည်ခေါ်တာနဲ့ ထိုင်ခုံက ထ၊ လှေခါးကနေ စတိတ်စင်ပေါ် တက်လာလာချင်း စင်ပေါ်မှာ ထိုင်နေတဲ့ ဆရာမကြီးနဲ့ လက်ထောက် ဆရာနှစ်ယောက်ကို အရိုအသေပြုပြီးမှ ဆက်လျှောက်လာပြီး ဆုလက်ခံယူရမယ်ပေါ့... ဒီလိုနဲ့ ဆုပေးပွဲနေ့ရောက်လာတယ်... ကျွန်မ ဆုယူဖို့ အလှည့်ရောက်တော့ စင်ရှိရာကို ခပ်မတ်မတ်လျှောက် စင်ပေါ်ရောက်တော့ ကျွန်မမျက်နှာ မူထားရာတည့်တည့်ကို ခေါင်းညွတ်ပြီး အရိုအသေပြုပါတယ်... တကယ်တော့ ကျွန်မရှေ့တည့်တည့် စတိတ်စင်မှာ လူမရှိပါဘူး... ဆရာမကြီးတို့က အဲဒီဘေးဘက် စတိတ်စင်အလယ်မှာ ထိုင်နေကြတာပါ... အဲဒီချိန် ကျွန်မနောက်ဘက်က ထိုင်နေကြတဲ့ မိဘတွေ၊ ဆရာတွေနဲ့ ဆုယူသူတွေဆီက ခပ်အုပ်အုပ်ရယ်သံကြားရတယ်... ကျွန်မကတော့ အေးဆေးပဲ ဆုယူပြီး ပြန်ဆင်းလာတော့ အဖေကပြောတယ်... "သမီးက ဘာလို့ ဆရာမကြီးတွေဘက်ကို စောင်းပြီး ဦးမညွတ်ဘဲ ရှေ့တည့်တည့်ကို ဦးညွတ်ရတာလဲ” တဲ့... ကျွန်မကလည်း ကျွန်မ အကြောင်းပြချက်နဲ့ ကျွန်မပါပဲ... "အဖေကလည်း ဘုရားရှိခိုးရင် ဘုရားစင်ရှေ့မှာပဲ ထိုင်ရှိခိုးလို့ရတာမဟုတ်ဘဲ... ခေါင်းရင်းဖြစ်ရင်ပြီးရော ရှိခိုးလို့ရတာပဲ မဟုတ်လား... ခုလည်း ဒီလိုပေါ့ ဆရာမကြီးတို့က စတိတ်စင် အလယ်မှာ ထိုင်နေပေမဲ့ ကိုယ့်ရှေ့တည့်တည့် သူတို့ဘေးဘက်ကို အရိုအသေပေးတာလည်း သူတို့ကို ပေးတာပဲပေါ့" လို့ ကျွန်မ စောဒက တက်ပါတယ်... တကယ်လည်း ကျွန်မအယူအဆမှန်တယ်ဆိုပြီး ဆုယူတိုင်း ကျွန်မအဲလိုပဲ အလေးပြုပြီး ယူတယ်... အဲဒါ ငယ်ငယ် နှစ်တန်း၊ သုံးတန်းလောက်ကပါ... ခုတော့ ကျွန်မ အဲလောက် မကြောင်တော့ပါဘူး...:P
အစိမ်းရောင်ကို လုံးဝမကြိုက်ဘူး... သစ်ပင်၊ မြက်ခင်း စတဲ့ သဘာဝအလျောက် စိမ်းတာ၊ ကျောင်းဝတ်စုံ အဖြူအစိမ်းလေးလှတာကို လက်ခံလို့ရပါတယ်... သဘောလည်းကျတယ်... ဒါပေမဲ့ တခြားအရာတွေမှာ အစိမ်းရောင်ဖြစ်နေရင်တော့ အရမ်းမုန်းတယ်... အရင်က အစိမ်းရောင်ကို အရောင်တခုအနေနဲ့ ခံစားမရရုံပါပဲ... ခုတော့ ကြည့်မရတဲ့အဆင့်ထိ ဖြစ်လာတယ်... အစိမ်းရောင်ကြိုက်တဲ့ လူတွေကတော့ ကျွန်မစာဖတ်ပြီး ကျိန်ဆဲမလား မပြောတတ်ဘူး... ကျွန်မ အမေနဲ့ မကြီးရဲ့ အကြိုက်ဆုံး အရောင်က အစိမ်းရောင်ပါ... ကျွန်မအမေက သူ့ဟာသူ အစိမ်းရောင် ကြိုက်ရုံတင်မဟုတ်ဘူး... ကျွန်မတို့ကြိုက်တဲ့ အပြာရောင်ကိုပါ ပုတ်ခတ်သေးတယ်... အမေပြောနေကျ စကားရှိပါတယ်... အပြာကြိုက်ရင် ပြာတယ်တဲ့... ပန်းရောင်ကြိုက်ရင် ပန်းတယ်တဲ့... ပြာတယ်ဆိုတာက ဘ၀မှာ ပြာရာ၊ ပြာရာနဲ့ နေရတတ်တယ်ပေါ့... ပန်းတာကတော့ ပင်ပန်းတာကို ပြောတာ... အစိမ်းရောင်ကျ မျက်စိအေးတယ်တဲ့... အမှန်တော့ အစိမ်းရောင်က ကုလားဘာသာရဲ့ အရောင်ကြီးပါ... ဘယ်လိုပဲ ပြောပြော ကျွန်မ မုန်းမှမုန်း...
တခါတခါ ကျွန်မ စဉ်းစားမိတယ်... မြန်မာစကားမှာ တိရစ္ဆာန်အမကိုလည်း အမလို့ခေါ်တယ်... ကိုယ့်ထက် အသက်နည်းနည်းကြီးတဲ့ လူမိန်းမကိုလည်း အမ(အစ်မ)လို့ခေါ်တယ်... ယောက်ျားကျတော့ အကို(အစ်ကို)တဲ့... ဘာလို့ အထီး(အစ်ထီး) လို့ အခေါ်အဝေါ်မသတ်မှတ်ခဲ့တာလဲ... ဒါတော့ စဉ်းစားစရာပဲ... သူတို့က လူမိန်းမနဲ့ တိရစ္ဆာန်အမကို အတူတူလို့ ယူဆခဲ့လို့လား...
အဲဒီလိုတွေးမိတာနဲ့ ကျွန်မလည်း ကိုယ့်ကိုယ်ကို အမလို့တောင် နာမ်စားမသုံးချင်တော့ဘူး... မ လို့သုံးလို့ကလည်း မကောင်း၊ မမ လို့သုံးရရင်တော့မဆိုးဘူး... စာရေးရင်လည်း အစ်မလို့ ရေးရတာ သိပ်မရေးချင်ပြန်ဘူး... တာရာမင်းဝေရဲ့ ၀တ္ထုတစ်ပုဒ်ထဲမှာ အစ်...မ...ကြီးလို့ ခေါ်တာ ဖတ်ဘူးလို့ စိတ်လေနေတာ... မြန်မာစကားမှာ မိန်းမတွေအတွက် သုံးရတဲ့နာမ်စားတွေက မိုက်ပါဘူး...
နောက်ပြီး မိန်းမ ၀တ်တဲ့ ထမီကျတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ လူတွေပြောကြတယ်... ဒါကို မှားတယ်လို့ ကျွန်မ မထင်ပါဘူး... ဒါပေမဲ့ ယောက်ျားဝတ်တဲ့ ပုဆိုးကို ခေါင်းပေါ်တင်ထားတာတော့ အမြင်မှာ တမျိုးပဲ... တကယ်တော့ ပုဆိုးဆိုတာကရော ဘယ်လောက်သန့်လို့လဲ... ကျွန်မ အလိုအရဆို ထမီကို သက်သက်လျှော၊ သက်သက်လှမ်းသလို ပုဆိုးကိုလည်း သီးသန့်လျှော၊ သီးသန့်လှမ်းသင့်တယ်လို့ ထင်မိတယ်... ထမီကျတော့ မသတီစရာလိုသတ်မှတ်ပြီး ပုဆိုးကိုကျ ခေါင်းပေါ်တင်၊ မျက်နှာသုတ် လုပ်တာတော့ သိပ်မဟုတ်ဘူးလို့... ဗုဒ္ဓဘုရားဟောအရ ယောကျာ်း၊ မိန်းမဆိုတာ မရှိ... ရုပ်၊ နာမ် နှစ်ပါး(ခန္ဓာ ငါးပါး)သာရှိတယ်၊ အပုတ်ကောင် ရုပ်ဆောင်နေကြတာလို့ ပြောလေ့ရှိကြပြီး မိန်းမကျမှ ပိုရွံစရာလို၊ ပိုနိမ့်ကျတဲ့ သတ္တ၀ါလို ပြောနေကြတာကတော့ တော်တော်ကို ရှေ့နောက် မညီတဲ့ အပြောအဆိုတွေပဲလို့ မထင်မိဘူးလား... သဘာဝလောကကြီးကိုက အားကြီးသူဟာ အားနည်းသူကို အနိုင်ကျင့်တတ်တဲ့ သဘောရှိလေတော့ လူချင်းတူတူ မိန်းမ၊ ယောက်ျားဆိုပြီး ခွဲခြားခံရ၊ မိန်းမတွေက တဆင့်နိမ့် သတ္တ၀ါတွေအဖြစ် သတ်မှတ်ခံရတာ ထင်ပါရဲ့... မိန်းမနဲ့ ယောကျာ်းဟာ သဘာဝမတူတဲ့အတွက် ဘယ်လိုမှတော့ ညှိလို့မရပါဘူး... မိန်းမမှာ မရှိတဲ့ အရည်အချင်းတွေ ယောက်ျားမှာ ရှိသလို ယောက်ျားမှာ မရှိတဲ့ အရည်အချင်းတွေလည်း မိန်းမဆီမှာ ရှိတာပဲ... အဲဒီတော့ သူသာ၊ ကိုယ်သာ လို့ ပြောလို့မရနိုင်ပါဘူး... သူ့ဟာသူ သဘာဝအလျောက် မတူညီတဲ့ စွမ်းဆောင်ချက်တွေနဲ့ ကိုယ်စီရပ်တည်နေကြတာကို နားလည်နိုင်ရင်တော့ တော်တော်ကောင်းမှာပဲ...
တချို့ကောင်မလေးတွေက သူတို့ကို အမ တပ်ခေါ်တာ မကြိုက်ကြဘူး... အဲဒီအတွက် ကျွန်မ တော်တော် ကသိကအောက်ဖြစ်ရတာ ခဏခဏပါပဲ... လူတစ်ယောက်ကိုကြည့်ပြီး သူ့အသက်အရွယ်ကို ဘယ်လိုမှ ကျွန်မ မမှန်းတတ်ပါဘူး... ကျွန်မ မှန်းလိုက်လို့ လက်ရှိအသက်ထက် ပိုငယ်သွားရင်တော်သေး ပိုကြီးသွားရင်တော့ မကောင်းဘူးလေ... သေချာတာက ဘယ်လိုမှ မခန့်မှန်းတတ်အောင်ကို ကျွန်မညံ့ဖျင်းပါတယ်... လူချင်းစမြင်ခါစ၊ စသိခါစမှာ နာမည်လည်း မသိသေးတော့ ဘယ်လို ခေါ်ရမလဲ... ယဉ်ကျေးအောင် အမပဲ ခေါ်သင့်တယ် မဟုတ်ဘူးလား... နာမည်သိရင်လည်း ယဉ်ကျေးမှုအရ မ တပ်ခေါ်ရတာကို တော်တော်များများက ကန့်ကွက်ကြပါတယ်... အခုမှ အသက်က ဘယ်လောက်ပဲ ရှိသေးတာ အမလို့ခေါ်တယ်တဲ့ ဆိုပြီး ပြောတတ်ကြပါတယ်... အဲဒါ မိန်းကလေးတော်တော်များများ ပြန်ပြောတတ်တဲ့စကားပါ... ကျွန်မ အရမ်းစိတ်ညစ်ရပါတယ်... ကျွန်မများ ကိုယ့်ကို အမလာခေါ်လို့ ဘယ်လိုမှ မခံစားရပါဘူး... သူ့ထက်ငယ်မှန်း မသိလို့ခေါ်တာပဲလေ... နောက်ပြီး ကိုယ့်ထက် အငယ်တွေက အမ မခေါ်ရင်တောင် ကျွန်မ စိတ်ဆိုးပါတယ်... ထားပါတော့... ဒီလိုနဲ့ အမခေါ်တာ မကြိုက်ကြတာ ကြုံပါများတော့ ကျွန်မက ကိုယ့်ကိုယ်ကို အမဆိုပြီး ဦးအောင် ပြောပစ်လိုက်ပါတယ်... တွေ့သမျှလူ ညီမလေးပဲ ခေါ်လိုက်တယ်... အဲလို အခေါ်ကောင်းပြီး ကိုယ့်ထက် ၅ နှစ်ကျော်ကြီးတဲ့လူကိုတောင် ညီမလေး သွားလုပ်နေပါသေးတယ်... နောက်သူ့အသက်ကိုသိမှပဲ တောင်းပန်ရတယ်...
အရင်က ကိုယ့်ကိုယ်ကိုသုံးရတဲ့ နာမ်စားတွေနဲ့ ပတ်သက်လို့လည်း တော်တော်စိတ်ညစ်ရပါတယ်... ကျွန်မက ကိုယ့်ကိုယ်ကို သမီးနဲ့ ငါ ဆိုတဲ့ နှစ်မျိုးပဲ သုံးတတ်တယ်... ကိုယ့်ထက် အသက် ၁နှစ်ပဲ ကြီးတဲ့လူကိုလည်း သမီးပဲ... မကောင်းမှန်းတော့ သိပါတယ် ဒါပေမဲ့ အဲဒီတစ်မျိုးပဲ သုံးတတ်တာကိုး... ကိုယ်နဲ့စခင်ခါစ ရွယ်တူတွေကိုကျ ငါလို့ ပြောလို့လည်း မကောင်းသေး၊ သမီးလို့ပြောရအောင်လည်း ရွယ်တူကဖြစ်နေ ဆိုတော့ ကိုယ့်ကိုယ်ကို သုံးဖို့ နာမ်စားအတွက်တော်တော် စိတ်ညစ်ရတယ်... နောက်ဆုံး ဘာနာမ်စားမှ မသုံးဘဲ စကားပြောရတဲ့အဖြစ်... ခုတော့ ကိုယ့်နာမည်ကိုယ် နာမ်စားအနေနဲ့ သုံးတတ်သွားတော့ အဆင်ပြေသွားပါပြီ... အဲလိုပြောတတ်ဖို့လည်း တော်တော် ကျင့်ယူလိုက်ရတယ်... အခု ဘလော့ဂ်ရေးတဲ့ခါကျ ကျွန်မလို့ သုံးနေရတော့ စိတ်ထဲမှာတောင် အကျင့်ဖြစ်လာပြီ... အပြင်မှာပါ ဒီနာမ်စားလေး သုံးကြည့်ရင် ကောင်းမလားပဲ...
ဒီနေရာမှာပဲ အဆုံးသတ်မှ... တွေးချင်ရာတွေးပြီး ရေးချင်ရာရေးထားတာ ဆိုတော့လည်း ကဘောက်တိ ကဘောက်ချာ အဆက်အစပ်မရှိ နဲ့ပေါ့...
s0wha1
6 comments:
ရန်တိုက်ပေးအုံးမှ…။ :D မမေပြောတဲ့ ပုဒ်မလဲ ပါအောင်၊ ညီမလေး ရေးချင်တဲ့ စတိုင်လ်လဲ ဖြစ်အောင် …။ လို့ ရေးကွာ။ :D
ကိုကြီး အကြိုက်ဆုံးဂဏန်းကတော့ ၇ နဲ့ ၅။ ဘာဗေဒင်ကြောင့်မှတော့ မဟုတ်ဘူး။ ၇ ကတော့ ငယ်ငယ်တုန်းက သူများတွေ လပ်ကီးဆဲဗင်းအော်တာ ကြားတော့ ယောင်တောင်ပေါင်တောင် လိုက်ကြိုက်ရင်းနဲ့ အခု အရွယ်ရောက်လာတော့လဲ ဘာရယ်မဟုတ် ဆက်ကြိုက်နေတာ။ ၅ ကတော့ မွေးနေ့ ဂဏန်းဖြစ်လို့..။ ဟဲဟဲ။ မွေးနေ့၊ လ၊ ရက် သုံးခုလုံးကို အကုန် ပေါင်းလိုက်လဲ ၅၊ မွေးနေ့ကို ပေါင်းတော့လဲ ၅၊ မွေးလကလဲ ၅။ မိုက်တယ်ဟုတ်…။ :P
၅ကမမိုက်ပါဘူး။ ၃ ကမှမိုက်တာဗျ။ :P အော်...ပြောချင်တာတောင်မေ့သွားတယ်။ ယောက်ျားမိန်းမခွဲတာကို ချိုကိုလည်း အလွန်မုန်းပါတယ်။ ငယ်ငယ်ကဆို မောင်လေးမွေးတော့ ဖေဖေကအရမ်းပျော်တာပဲဆိုလို့ ရှိုက်ကြီးတငင်ငိုဖူးပါတယ်။ မနာလိုတာမဟုတ်ပေမယ့် အရှေ့ကမွေးခဲ့တဲ့ သမီးတွေက အလကားပဲဆိုပြီး ခံစားမိတာကိုး။ အိမ်ကလည်း ဘာလို့ငိုမှန်းမသိ ပြောပြရအောင်ကလည်းမပြောတတ်...
နောက်တစ်ခုက ဘာသာတိုင်းမှာ ယောက်ျားမိန်းမခွဲတယ်နော်။ တိုက်ဆိုင်တာလား။ ဘာကြောင့်လည်း။ ဘုရားတွေပေါ်လည်း မိန်းမမတက်ရဘူးလေ။ ဘယ်လောက်ပဲငြင်းငြင်း မိန်းမဆိုတာ ဘုရားပေါ်မတက်ရဘူးလို့ ပြောခံရရင် လူက ဘာပြန်ပြောရမှန်းမသိတော့တာ။ အဲဒါဘယ်လိုလုပ်မလဲ ဟင်
ကိုယ်ကတော့ ၁ ဂဏန်း။ မွေးနေ့လခုနှစ်အားလုံးပေါင်း ၁ ရတယ်။ ခုံနံပါတ် ၁ တို့ ၁၀ တို့ ၁၀၀ တို့ မကြာခဏ ရလေ့ရှိတယ်။ ၁ ပြီးရင်တော့ ၅ ကြိုက်တယ်။ ဒါပေမယ့် ငါးဆိုရင်တော့ မျှားဖို့ပိုစိတ်ဝင်စားတယ်။ ငါးမရလည်း ၅ ကြိုက်တဲ့သူတွေကို ဖမ်းသွားရုံပေါ့။ ဟုတ်ဖူးလား။
ညီမလေးရဲ့ တွေးချင်ရာတွေးအတွက် ကွန်မန့်ရေးဖို့ တော်တော်လေး အချိန်ယူရတယ်။
နောက်ကျမှရေးလို့ စိတ်ကောက်နဲ့နော်။ မီးကလည်း ပျက် ကွန်နက်ကလည်း မကောင်းလို့ပါ။
ဂဏန်းနဲ့ ပတ်သက်လို့ မမေလည်း ၃-ဂဏန်းကြိုက်တယ်။ ကိုသံလွင်ပြောသလို ကိုယ့်မွေးနေ့ပေါင်းရင် ၃-ဖြစ်နေလို့ ထင်ပါရဲ့။ နောက်ပြီး ၄ နဲ့ ၈ လည်း မကြိုက်ဘူး။ ခုံနံပါတ် ၂၂ ဖြစ်တဲ့နှစ်တုန်းက စာမေးပွဲကျလို့။ အစက်ကတော့ ၃ စက်ဖြစ်လိုက် ၄-စက်ဖြစ်လိုက်ပါပဲ။ ညီမပြောမှ ပြန်ကြည့်မိတယ်။ အစက် ၃-စက် ချသလို ပုဒ်မကိုလည်း ၃-ချောင်း ချပါလား ( ၊၊၊ ) အဲလိုပေါ့။ ဘယ့်နှယ့်လဲ။ မကောင်းဘူးလား။
အရောင်နဲ့ပတ်သက်လို့တော့ မမေက အဖြူနဲ့ အနက်ကိုကြိုက်တာ။ ဒါပေမဲ့ နေရာဒေသ ပစ္စည်းအလိုက် ကြိုက်တဲ့အရောင်တွေကွဲပြားပါတယ်။
ညီမလေး ပြောသလို သစ်ပင် သစ်ရွက် မြက်ခင်းမှာဆို အစိမ်းရောင်ပေါ့။ လုံချည်စိမ်းကျတော့ ကျောင်းသား/ဆရာ အနေနဲ့ ၀တ်ရင်သဘောကျပေမဲ့ အပြင်မှာဆို ကြံ့ဖွတ်ရောင်ကြီးမို့ ၀တ်ဖူး။
အပြာရောင်ကိုတော့ ကောင်းကင်ပြာပြာ ပင်လယ်ပြာပြာမှာဆို ကြိုက်တယ်။ တခြားနေရာ ပြာတာမျိုးတော့ မကြိုက်ဖူး။ ဥပမာ ကိုသံလွင်ရဲ့ ဘလော့နောက်ခံ အရောင်မျိုး ဆိုပါတော့။
ပန်းပွင့်လေးတွေရဲ့ အ၀ါရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ပန်းရောင် သူ့ဟာနဲ့သူ ဟာမိုနီဖြစ်နေရင် ကြိုက်ပြန်ရောေ။ ဒါပေမဲ့ ကားပန်းရောင်ကြီးဆိုရင်တော့ ဘယ်ကြိုက်မလဲ။ လက်ကိုင်ပုဝါ ပန်းရောင်လေးဆို လှတယ်မဟုတ်လား။ ဆည်းဆာချိန် တိမ်တောက်တဲ့အခါ လိမ္မော်ရောင် ကောင်းကင်ကြီးကို သဘောကျတယ်။ ဒါပေမဲ့ အင်္ကျီ လိမ္မော်ရောင်တောက်တောက်ကြီးကိုတော့ မကြိုက်လှဘူး။ စည်ပင်သာယာက သန့်ရှင်းရေးအလုပ်သမားအရောင်ကြီး ဖြစ်နေတာကိုး။ အဲ .. ပြောရင်ရှည်နေမှာမို့ အရောင်ကိစ္စ ဒီတင်ရပ်ပြီ။
တိရစ္ဆာန်အမနဲ့ လူအမ အကြောင်းဖတ်ပြီး တခုသွားသတိရတယ်။ သော်တာဆွေရဲ့ ၀တ္ထုတပုဒ်ထဲမှာ သူကမေးတယ်။
“ဒီဝမ်းဘဲကြီးက အဖိုလား အထီးလားဗျ”
“အထီးပေါ့ဗျ” လို့ ပြန်ဖြေတော့ …
“သြော် … အထီးလား .. ကျနော်က အဖိုမှတ်လို့” ဆိုပြီး အကြောင်
တိရစ္ဆာန်ကို အမ နဲ့ အထီး ခေါ်သလို … အဖို အမ ဆိုပြီးလည်း ခေါ်တယ်မဟုတ်လား။ အကို ဆိုတာ အဖိုကနေများ ဆင်းသက်သွားတာလား မသိဘူးနော်။ :P
ကွန်မန့်လည်း ရှည်နေပြီ … ဒါလောက်ပဲ ညီမရေ … ။
ညီမရေတိုက်တိုက်ဆိုင်ဆိုင်အမလဲကိုယ့်ကိုယ်ကိုနာမ်စားဘယ်လိုသုံးရမလဲဆိုတာ ပန်ဒိုရာဘလော့ဂ်ဝင်ဖတ်ပြီးတာနဲ့ ရေးချင်တဲ့စိတ်ကလေးပေါ်လာတာနဲ့ အဲဒီနေ့ကရေးဖြစ်လိုက်တယ်၊ ညီမရေးထားမှန်းလဲမသိဘူး၊ ဒီနေ့မှညီမဘလော့ဂ်ဝင်ကြည့်မှတွေ့တယ်၊ တိုက်ဆိုင်မှုရှိရင်ခွင့်လွတ်ပါနော်၊ ညီမနဲ့အမကအဖြစ်ခြင်းအတော်တူတာပဲ တွေ့တဲ့သူကို အမကလေဆိုပြီးစီးပြောတော့တာပဲ အခုလဲကြည့်လေ၊ ဒါပေမယ့် အမကတော့ညီမထက်ကြီးမယ်ထင်တာပဲ၊
hae hae, i cant read what the above commentors have commented. Cause no burmese font lol..but i like this human with the wings. hope he can fly..so do i,, i want to save on flight cost..haha wish i could be him..
Post a Comment