သင်ဘာလို့ စိတ်ညစ်နေသလဲ..
ကျန်းမာရေး မကောင်းလို့လား...
ကျန်းမာရေးကောင်းတယ်ဆို စိတ်ညစ်စရာမရှိပါဘူး...
ကျန်းမာခြင်းသည် လာဘ်ကြီးတပါးတဲ့..
ကျန်းမာရေးဆိုးနေရင်တော့ စိတ်ညစ်စရာပေါ့...
ဒါပေမယ့် သင့်ရောဂါဟာ သေနိုင်တဲ့ရောဂါလား၊ မသေနိုင်တဲ့ ရောဂါလား...
သေနိုင်တဲ့ရောဂါမဟုတ်ရင် စိတ်ညစ်စရာမရှိပါဘူး...
ကုသလိုက်ရင် ပျောက်သွားမှာပါ...
အင်း...သေစေနိုင်တဲ့ ရောဂါဆိုရင်တော့ စိတ်ညစ်စရာပေါ့...
ဒါပေမဲ့ သင်သေရင် ဘယ်ကိုရောက်မှာလဲ...
နတ်ပြည်ရောက်မှာလား၊ ငရဲပြည်ရောက်မှာလား...
ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ထားမယ်ဆိုရင်တော့ နတ်ပြည်မှာ ပျော်ပျော်ကြီးစံနေနိုင်မှာပါ... စိတ်ညစ်စရာ မရှိပါဘူး...
အင်း...ငရဲပြည်ရောက်မယ်ဆိုရင်လည်း ဟိုမှာ အပေါင်းအသင်းတွေ အများကြီးတွေ့မှာပါ...
မပူပါနဲ့ ပျော်စရာကြီးနေမှာပါ...
ဒီစာသားကို ကျွန်မ ဘယ်စာအုပ်ထဲကနေတွေ့လို့ ကူးထားမှန်း မမှတ်မိတော့ဘူး။ ကြာလည်း ကြာပြီကိုး။ ၇ နှစ်လောက်ရှိပြီ ထင်ပါရဲ့။ ကျွန်မခပ်ငယ်ငယ်ကတော့ ကိုယ်ကြိုက်တဲ့စာအုပ်က စာသားလေးတွေ ကူးထားလေ့ရှိတယ်။ အကြောင်းတိုက်ဆိုင်မှုရှိရင် ပြန်ပြန်ဖတ်ကြည့်တာပေါ့။ တကယ်တော့ ဒီစာသားကလည်း ခုချိန်မှာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမယ့်စာသားတွေပဲ။ ဒီစကားလုံးတွေက ဘယ်စာအုပ်ထဲကပါလိမ့်လို့ တွေးရင်းနဲ့ ပိုလီယာနာစာအုပ်ထဲက မဟုတ်လောက်ဘူးလို့တော့ ထင်တယ်။ တဆက်ထဲ မေတ္တာရှင်မလေး ပိုလီယာနာလို စိတ်ထားတတ်ရင်တော့ တော်တော်ကောင်းမယ်လို့ ဆန္ဒဖြစ်မိတယ်။ သူကတော့ အရာရာကို (တရားလွန်) အကောင်းမြင်တတ်တာပဲ။ ဘာပဲပြောပြော ကျွန်မက ခြေတစ်ဖက် မသန်နေတာလည်း မဟုတ်၊ ကျန်းမာရေးလည်း ကောင်းတယ်၊ မိတ်ဆွေသူငယ်ချင်းလည်း ပေါတယ်၊ ပျော်ရွှင်စရာ မိသားစုလည်း ရှိတယ်။ စိတ်ညစ်စရာဆိုတာ အခိုက်အတန့်ပါ။ ပြဿနာတွေကို မရှောင်ပြေးဘဲ ရင်ဆိုင်ရမယ်။ ငရဲပြည်ရောက်ရင်တောင် အပေါင်းအသင်း အများကြီးနဲ့တွေ့ပြီးပျော်ရဦးမှာပဲလေ။ ခုဟာက ငရဲပြည်တောင် မရောက်နိုင်သေးပါဘူး...
%%% %%% %%%
"လောကမှာ လူနှစ်မျိုးရှိတယ်...
တမျိုးက အတိတ်မှာ ကျန်ခဲ့တဲ့ စိတ်ညစ်စရာ၊ နာကြည်းစရာတွေကို မေ့မရနိုင်သူ...
နောက်တမျိုးက အတိတ်မှာ ကျန်ခဲ့တဲ့ နာကြည်းစရာတွေကို မေ့ပစ်ပြီး ပျော်စရာတွေကိုပဲ မှတ်မိတဲ့သူ...
ပထမတမျိုးက လောကကို အဆိုးမြင်ပြီး လူဖြစ်ရှုံးတဲ့သူ...
ဒုတိယတမျိုးကတော့ အကောင်းမြင်ပြီး အောင်မြင်တတ်တဲ့လူမျိုး...
ဒါကြောင့် လောကကို အောင်မြင်အောင်ကြိုးစားစမ်းပါ..."
ဒါလည်း ဘယ်စာအုပ်ကမှန်းမသိတော့ဘူး။ ကျွန်မက ဘယ်လိုလူမျိုးလဲ။ ကိုယ့်ကိုယ်ကို ဆန်းစစ်နေဆဲပဲ... ဒုတိယ လူမျိုးဖြစ်အောင်တော့ ကြိုးစားနေပါတယ်။ ကိုယ့်ရှုံးနိမ့်မှုကို ဘယ်သူတဦးတယောက်ကမှ ပြစ်တင် ဝေဖန်တာလည်း မလိုချင်၊ ကိုယ်ကိုယ်တိုင်လည်း မေ့ပစ်ချင်သူပါ...
"ဘယ်သူကမှ ပျော်ရွှင်စေရမယ်လို့ တို့ကို အာမခံမထားဘူး...
ဘ၀ဟာ လူတဦးချင်းစီအတွက် အချိန်ရယ်၊ နေရာရယ် ကိုပဲပေးတယ်...
ပျော်ရွှင်မှုကို လောင်းဖြည့်နိုင်ဖို့ ဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ တည်ပါတယ်..."
ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် ကိုယ်ကိုယ်တိုင်ကပဲ လုပ်ယူနိုင်တယ်... ဒါကိုပဲ ကိုယ့်ကိုယ်ကို ပျော်ရွှင်မှုထက် စိတ်ညစ်စရာတွေပဲ လောင်းဖြည့်နေမိတာ လူမိုက်ပဲ ဖြစ်တော့မှာပေါ့... တဒင်္ဂအတွေးနဲ့ အားနာခြင်းဆိုတဲ့ မပြတ်သားတဲ့ စိတ်ဓာတ်တွေကို အရင်ပြင်ရမယ်။ တကယ်တော့ မျက်တောင်မွှေးတဆုံးပဲ ကြည့်မယ်ဆိုရင်တော့ တသက်လုံး ဒုက္ခတွေနဲ့ ပြည့်နေတဲ့လူသားပဲ ဖြစ်ရတော့မယ်... မျက်စိတဆုံး ကြည့်နိုင်အောင် ကိုယ့်စိတ်ကိုယ် မွေးမြူရမယ်လေ။
နောက်ဆို အမှားတွေ နည်းနိုင်သမျှနည်းအောင် ကြိုးစားရင်း ပျော်စရာတွေသာ မှတ်မိပြီး အရာရာကို အကောင်းမြင်တတ်တဲ့သူ၊ ကိုယ့်စိတ်ကိုယ် ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တဲ့သူအဖြစ် ကိုယ့်ကိုယ်ကို မျှော်လင့်မိပါတယ်... ခဏတာ စိတ်ဆင်းရဲမှုပါ... တဘ၀စာ စိတ်ညစ်ရမှာမှ မဟုတ်ဘဲနော်... ဒီလိုပဲ ဘယ်တော့မှ အပြစ်မတင်တဲ့စကားလုံးတွေနဲ့ ကိုယ့်ကိုယ်ကို အားပေးရင်း...
s0wha1
တပ်မတော်သားအပေါင်းသို့
3 years ago
6 comments:
သမီးရေ.. မှားတာကတော့ အပြစ်မဟုတ်ဘူး ထင်တယ်။အမှားကို မပြင်တာကမှ အပြစ်။ လူတွေမှားတတ်လို့ပဲ ခဲဖျက်ထားထားရတာပေါ့လို့ ကာတွန်းတင်အောင်နီ ပြောဖူးတယ်။သေချာတာကတော့
"ဘယ်သူကမှ ပျော်ရွှင်စေရမယ်လို့ တို့ကို အာမခံမထားဘူး...
ဘ၀ဟာ လူတဦးချင်းစီအတွက် အချိန်ရယ်၊ နေရာရယ် ကိုပဲပေးတယ်...
ပျော်ရွှင်မှုကို လောင်းဖြည့်နိုင်ဖို့ ဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ တည်ပါတယ်..."
အဲဒါလေးကို တကယ် သုံးဖြစ်ဖို့ပဲနော်။
ဒါကြောင့် သမီးပြောထားတာမှန်ပါတယ်။
အဟမ်း..အဟမ်း..၊ ဆရာလုပ်ချင်လွန်းလို့ အမှားရှာနေတာ အခုတော့ တွေ့ပြီကွ။ ဟဲဟဲ။ `ကိုယ့်ကိုယ်ကို စမ်းစစ်နေဆဲပဲ´ …တဲ့။ အမှန်က `ဆန်းစစ်´ပါ။ ဆိုးဝှက်တို့ အပေါင်းအသင်းမင်ပုံများ ငရဲပြည်ရောက်ရင်တောင် အပေါင်းအသင်းအများကြီးနဲ့ ပျော်မတဲ့။ အလကားတွေးရတဲ့ အတွေးကိုများ၊ ကိုကြီးသာဆို နတ်ပြည်ရောက်ရင်လို့ တွေးမယ်။ :D
နောက်တာပါကွာ…၊ ကြည့်ရတာ ငါ့ညီမ ညစ်စရာ တခုခုပေါ်နေမလား တွေးမိလို့။ အမှန်က ကိုကြီးလဲ ညစ်စရာတွေရှိနေတာပဲ။ အဲဒီညစ်စရာတွေကို ဘယ်လို ဖြေရှင်းသလဲလို့ တယောက်ယောက်က ကိုကြီးကို မေးရင် တိကျတဲ့ အဖြေကို ပေးနိုင်မယ်မထင်ဘူး။ တခါတလေတော့လဲ ဘယ်သူ့မှ စကားမပြောဘဲ တယောက်တည်း ကြိတ်မှိတ်ခံလိုက်တယ်။ အပေါ်ယံမှာတော့ သိပ်ပျော်နေတယ်ပေါ့။ တခါတခါတော့လဲ ကိုယ့်ကို အရမ်းနားလည်တဲ့ လူတယောက်ယောက်ဆီမှာ ရင်ဖွင့်ပစ်လိုက်တယ်။ အဲဒါက ပျော်ရွှင်မှုကို လောင်းဖြည့်ခြင်းလား၊ စိတ်ညစ်ခြင်းကို လောင်းဖြည့်နေမိတာပဲလား ဆိုတာတော့ မတွေးတတ်တော့ဘူး။
ဟုတ်တယ် အမမေငြိမ်းပြောသလိုပဲ အမှားကို မပြင်တာမှ အပြစ် နော်။
မမေလည်း ရေးဖူးတယ်လေ။ “အမှားများနဲ့ ပြင်ဆင်ခွင့်” ဆိုတာ၊ ညီမလေး ဖတ်ဖူးတယ်မဟုတ်လား။
ပိုလီယာနာလို အရာရာကို အကောင်းမြင်တတ်အောင် ကြိုးစားနိုင်ရင် အကောင်းဆုံးပဲ။ တရားလွန်အကောင်းမြင်တယ်ဆိုပေမဲ့ ဒါဟာ သူ့အတွက်လည်း ကောင်းတယ် သူတပါးအတွက်လည်း ကောင်းတယ် မဟုတ်လား။ ဗုဒ္ဓဘာသာမှာ တော့ “ယောနိသော မနသိကာရ” လို့ခေါ်တယ်။ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်းတဲ့။ ကိုယ့်အပေါ် ရိုက်ခတ်လာတဲ့ မကောင်းမှုတွေကို မကောင်းတဲ့ ခံယူချက်နဲ့ မမြင်ဘဲ အကောင်းစိတ်နဲ့ တွေးတတ် မြင်တတ်ဖို့ပဲ။ ဒါကလည်း တော်တော်ကို လေ့ကျင့်ယူမှရမှာ။ စိတ်ညစ်စရာဆိုတာ လူတိုင်းမှာရှိတာပဲ။ မမေဆို တခါတလေ ဘာမှမဟုတ်ဘဲနဲ့ ကြံဖန်တောင် စိတ်ညစ်နေတတ်သေး တယ်။ နောက်တော့လည်း ကိုယ့်ရဲ့ ညစ်စရာဆိုတာ သေးသေးလေးဖြစ်သွားတာပဲ မဟုတ်လား။
“နောက်ဆို အမှားတွေ နည်းနိုင်သမျှနည်းအောင် ကြိုးစားရင်း ပျော်စရာတွေသာ မှတ်မိပြီး အရာရာကို အကောင်းမြင်တတ်တဲ့၊ ကိုယ့်စိတ်ကိုယ် ပျော်ရွှင်အောင် ဖန်တီးပေးနိုင်သူအဖြစ် ကိုယ့်ကိုယ်ကို မျှော်လင့်မိပါတယ်...”
ညီမလေးမျှော်လင့်တဲ့အတိုင်း ဖြစ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဖြစ်နိုင်အောင် ကြိုးစားဖို့ကတော့ ညီမလေးရဲ့ တာဝန်ပဲပေါ့ … နော်။
ချစ်တဲ့
မမေ
အမှားတွေ မပြင်ဘူးဆိုလို့.ဟီး.. ကျွန်တော့အမှားတွေလည်း ပြင်နေပါတယ်။ အသစ်တင်တာရယ် ၊ တင်လိုက်တဲ့ အမှားတွေ တိုးပွားလာတာရယ် .. တင်လိုက်ပြင်လိုက်နှင့် အလုပ်ရှုပ်နေပါကြောင်း ..
ဒီထဲက ကုဒ် လေးတွေ ကြိုက်လို့ လာမယ့် စာပေအိုးမှာ ပြန်တင်လိုက်တယ်း)
ရပါတယ် မဂျစ်...ကျေးဇူးနော်...
Post a Comment