Tuesday, August 7, 2007

ဦးနာအောက်နှင့် ကျွန်မရဲ့ အမြင်



ဒီပို့စ်ဖြစ်ပေါ်လာပုံကို အရင်ရှင်းပြချင်ပါတယ်။ ခုရက်ပိုင်း ကျွန်မနေ့တိုင်းလိုလို သွားဖတ်နေတဲ့ ကိုရွက်ဝါ ဘလော့ဂ်မှာ ဦးနာအောက် ကျရှုံးမှု နှင့် တိုင်ရင်းသားများ၏ မျိုးချစ်စိတ် ဆိုတဲ့ ပို့စ်ကို မနေ့က ဖတ်မိလိုက်ပါတယ်။ ကိုရွက်ဝါက ကိုရဲမွန် ဘလော့ဂ်မှာ တင်ထားတဲ့ ဦးနာအောက်ရဲ့ စဉ့်ကူးမင်း သင်္ဘော ပုံနဲ့ ပို့စ်က ကွန်မန့်တွေကြောင့် ဦးနာအောက်ပို့စ်ကို ရေုးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီပို့စ်ကို ကျွန်မ ဖတ်မိရင်း ကိုရွက်ဝါရဲ့ ရေးသားချက်များမှ တော်တော်များများကို လက်မခံနိုင်တာနဲ့ ကွန်မန့်ရေးဖို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ ကွန်မန့်ကရှည်နေမှာရယ်၊ ပြောချင်တာတွေ များနေတာရယ်နဲ့ ကျွန်မဘလော့ဂ်မှာ ဒီပို့စ်ကိုရေးလိုက်တာပါ။

ကိုရွက်ဝါအနေနဲ့ နယ်ချဲ့ကုမ္ပဏီကို စီးပွားရေး လက်ဝါးကြီးအုပ်လိုမှု လောဘစိတ်နဲ့ အပြုတ်တိုက်တယ်လို့ သုံးနှုန်းပြောဆိုထားတာဟာ မျိုးချစ်စိတ်ပြင်းထန်စွာနဲ့
ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ခဲ့သော ဦးနာအောက်ကို (ဆန္ဒမပါသော်လည်း) တော်တော်လေး စော်ကားသလို ဖြစ်ခဲ့တယ်လို့ မြင်ပါတယ်။ သမိုင်းဆိုတာ အလကားဖြစ်ပေါ်လာတာမှ မဟုတ်ဘဲ။ သူ့ရဲ့လုပ်ဆောင်ချက်၊ စိတ်ဓာတ်တွေကြောင့်သာ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးနာအောက်ရယ်လို့ မြန်မာ့သမိုင်းထဲ ထည့်သွင်း ဂုဏ်ယူရလောက်တဲ့ထိ မှတ်တမ်းတင်ခံရတာနဲ့တင် အနည်းဆုံးတော့ သူက တော်ရုံလူမဟုတ်ကြောင်း အရင်ဆုံး မှတ်ချက်ပြုချင်ပါတယ်။

ကိုရွက်ဝါရေးထားတဲ့ ဦးနာအောက်ရဲ့ ကျရှုံးခြင်းအပေါ် သုံးသပ်ချက်တွေကို ကျွန်မတစ်ခုမှ လက်မခံနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်တိုင်းရင်းသားပြည်သူတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ စီးစေချင်ရုံသာ ရည်ရွယ်ခဲ့ရင်တော့ ကိုရွက်ဝါပြောတာ အချို့ကို လက်သင့်ခံစရာ ရှိပါတယ်။ တကယ့် လက်တွေ့မှာတော့ ဒါဟာ စီးပွားရေးလုပ်နေတာမဟုတ်သလို နယ်ချဲ့ကို တဖက်တလမ်းကနေ ကိုယ်တတ်နိုင်သလောက် အနာခံ တော်လှန်နေခဲ့တာသာ ဖြစ်ပါတယ်။ တော်လှန်တယ်ဆိုတာ လက်နက်သမားကို လက်နက်မဲ့က ဘယ်လိုမှမယှဉ်နိုင်သော်လည်း ရရာလက်နက်စွဲကိုင်လို့ တိုက်နေရပါမယ်။ အနည်းဆုံး ကိုယ် အညံ့မခံ၊ အရှုံးမပေးကြောင်း တဖက်ရန်သူ သိအောင်ပြရပါမယ်။ ဒီသဘောပါပဲ။ နယ်ချဲ့နဲ့ ဦးနာအောက်တို့ရဲ့ ပြိုင်ပွဲမှာ စိတ်ဓာတ်တိုက်ပွဲ၊ ခံယူချက်တိုက်ပွဲနဲ့ ရှုံးမယ်မှန်းသိရက် ရနိုင်သမျှ နယ်ချဲ့ကို အန်တုခြင်းတွေနဲ့ တိုက်ပွဲဝင်ထားတာပါ။ သူ့မှာ စီးပွားရေးအမြင်တွေနဲ့ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။

ကိုရဲမွန်ရဲ့ဘလော့ဂ်က ကွန်မန့်မှာ ကိုjoyက "မြန်မာ အများစု မျိုးချစ်စိတ်နဲ့ အမျိုးကိုစောင့်ရှောက်သောစိတ် နည်းပါးကြောင်း" ရေးသားထားတာကို ကိုရွက်ဝါက လက်မခံခဲ့ပေမဲ့ ကျွန်မကတော့ အပြည့်အ၀လက်ခံပါတယ်။ နယ်ချဲ့ခေတ်အခါမှာသာမက ခုခေတ်မှာလည်း အဲဒီစိတ်က နည်းပါးနေတာပါပဲ။ ကိုရဲမွန်ကတော့ "ဆင်းရဲမွဲတေမှုက အိမ်ရှေ့က ၀င်လာတဲ့အခါမှာ မျိုးချစ်စိတ်က အိမ်နောက်က ထွက်သွားတတ်ပါတယ်" လို့
ကိုjoyရဲ့ ကွန်မန့်ကို ရီပလိုင်းပြန်ထားပါတယ်။

ဦးနာအောက်နဲ့ နယ်ချဲ့ကုမ္ပဏီတို့ရဲ့ သင်္ဘောပြိုင်ဆွဲမှုတိုက်ပွဲမှာ မျိုးချစ်မြန်မာပြည်သူတွေကသာ တတပ်တအားနဲ့ ပါဝင်ခဲ့ရင် ကျွန်မတို့ ဒီလို မရှုမလှ အရေးနိမ့်စရာအကြောင်း မရှိပါဘူး။ ဒီနေရာမှာ ခုခေတ်လို ဈေးကွက်စီးပွားရေးအရ ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်နေကြတာ မဟုတ်ကြောင်း အရင်ဆုံး သဘောပေါက်ထားရပါမယ်။ ဒါက နယ်ချဲ့အင်္ဂလိပ်တွေကို တော်လှန်နေတာပါ။ နယ်ချဲ့တွေကတော့ ဒီသဘောကို ကောင်းကောင်း နားလည်ထားပါတယ်။ အင်္ဂလိပ်သဘောင်္ကုမ္ပဏီ တစ်ခုဆိုပေမဲ့ အဲဒီကုမ္ပဏီတစ်ခုထဲကပဲ ဒီပြိုင်ပွဲကို ဆင်နွှဲနေတာမဟုတ်ဘဲ လိုအပ်ရင်လိုအပ်သလို သူတို့တနိုင်ငံလုံးရဲ့ ချမ်းသာကြွယ်ဝမှုကိုပါ အသုံးချပြီး အနိုင်ရအောင် လုပ်ဆောင်မယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။ တကယ်တော့ ဒီပွဲမှာ ဦးနာအောက် တစ်ယောက်ထဲ စီးပွားကုန် ကျရှုံးခဲ့တာမဟုတ်ဘဲ မြန်မာတမျိုးသားလုံးရဲ့ အရှုံးဖြစ်ခဲ့တာပါ။


အဲဒီချိန်က မြန်မာပြည်သူတွေအနေနဲ့ ဦးနာအောက်ရဲ့ သင်္ဘောခက ပိုများနေရင်တောင် ကိုယ့်အမျိုးသားပိုင် ဦးနာအောက် သင်္ဘောကိုပဲ စီးသင့်ပါတယ်။ ကျွန်မပြောပြီးတဲ့အတိုင်း ဈေးကွက်အပြိုင်ရှာယူနေတာ မဟုတ်ဘဲ နယ်ချဲ့အစိုးရကို တနည်းနည်းနဲ့ လက်မခံ၊ မကျေနပ်ကြောင်း ပုန်ကန်ပြသနေတာ ဖြစ်တဲ့အတွက် ဒီတိုက်ပွဲမှာ အားလုံးတက်ညီလက်ညီ ပါသင့်တယ်ဆိုတာ နားလည်ရမယ့်ကိစ္စပါ။ ခုတော့ ဒီလိုမဟုတ်ပါဘူး။ နယ်ချဲ့ဘက်က သင်္ဘောခ ဈေးချိုတယ်ဆို နယ်ချဲ့သင်္ဘောဘက်ကို ပြုံတိုး စီးကြပါတယ်။ ဦးနာအောက်က အခမဲ့ စီးခွင့်ပြုတယ်ဆိုမှ ဦးနာအောက်သင်္ဘောဆီ ရောက်လာကြပြန်ပါတယ်။ ဟော...ဟိုဘက်က ထမင်းလည်း ကျွေး၊ ပုဝါတပိုင်းလည်း ပေးမယ်ဆိုတော့ ဟိုဘက်ကို ရောက်သွားကြပြန်ပါတယ်။ ဘယ်မှာလဲ မျိုးချစ်စိတ်။ တနေ့တာ ယာယီ ကိုယ်အလကားစားရ၊ အလကားစီးရဖို့ပဲ ကြည့်တတ်တဲ့ မြန်မာတွေရဲ့ စိတ်ဓာတ်ကိုမှ မကောင်း မပြော၊ ဘယ်သူ့ကို ပြောရမှာပါလိမ့်။ ကျွန်မလည်း ကိုယ့်လူမျိုးကိုယ် ဒီထက်လည်း ပိုမဝေဖန်ချင်တော့ပါဘူး။

နံပါတ်(၁) ဦးနာအောက် တွေးခေါ်မှုမှားတာ မဟုတ်ပါဘူး။ သူက အရိုးကြေကြေ၊ အရည်ခမ်းခမ်း စီးပွားပြုတ် နယ်ချဲ့ကို တော်လှန်သွားတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သူ့ကို ဝေဖန်ချင်တယ်ဆိုရင်တောင် နယ်ချဲ့စနစ်ရဲ့ သဘာဝကို နားမလည်ခြင်းနဲ့
အဲဒီခေတ်ရဲ့ စီးပွားရေးပြိုင်ဆိုင်မှုသဘောကို နားမလည်ဘဲ မျိုးချစ်စိတ်အပေါ်အခြေခံပြီး လုပ်သွားတယ် ဆိုတာပဲဖြစ်ပါတယ်။

နံပါတ်(၂) စီးပွားရေး လုပ်ငန်း လက်ဝါးကြီးအုပ်လိုမှုဆိုတာကတော့ နံပါတ်(၁)အချက်မှာတင် ဖြေရှင်းပြီးသား ဖြစ်သွားပါပြီ။ သူ့အနေနဲ့ နယ်ချဲ့နဲ့အပြိုင်ကြဲပြီး စီးပွားလုရှာစရာမလို၊ တခြားစီးပွားရေးတွေလုပ်နိုင်ပါတယ်။
လုပ်နိုင်လို့လည်း တခြားစီးပွားရေးနဲ့ ပိုက်ဆံရှာခဲ့ပြီး အလုံအလောက်ရှိလာတဲ့အခါမှ နယ်ချဲ့ကို အန်တုဖို့ သင်္ဘောထောင်ပြီး ဆန့်ကျင်ခဲ့တာပါ။ ဈေးကွက်လုလို၊ လောဘတကြီး လက်ဝါကြီးအုပ်လိုလို့ဆိုတာကို လုံးဝလက်မခံနိုင်ပါဘူး။

***

ညီမ ရေးသားချက်များအပေါ် ကိုရွက်ဝါ ပြန်လည် ဆွေးနွေးချင်တယ်ဆို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

s0wha1

ဆိုင်ရာ ပို့စ်တွေ - ကိုပီတိရဲ့ ဒီရေး ဟိုရောက်၊ ဟိုရေး ဒီရောက် (၂)

Print this post

5 comments:

ရွက်ဝါ said...

ဦးနာအောက်နှင့် ပတ်သက်၍ ဝေဖန်ခဲ့သမျှဟာ သိသမျှအချက်အလက်တွေပေါ် အခြေခံထားတာမို့ မပြည့်မစုံဖြစ်နေနိုင်ပါသည်။ စိတ်ကူးနှင့်ဖြည့်စွက်တွေးတောထားခြင်တို့ လုံးဝမပါဝင်ပါ။ ဦးနာအောက်၏အကြောင်း ရေးသားထားသောစာပေတို့ကိုလည်း လုံးဝမဖတ်ဖူးပါ။ ဒီထက်ကျယ်ကျယ်ပြန့်ပြန့် သိဖို့ လိုနေသေးရင် သိလိုပါသည်။ သိရှိထားပါက ဝေငှစေလိုပါသည်။ သမိုင်းဖြစ်စဉ်ကို ဝေဖန်ခဲ့စဉ်က အဖြေမှန်ရရန်ဆိုသော စေတနာသာထားခဲ့ပါသည်။ ချစ်ခြင်းမုန်းခြင်းကြောင့် ဘယ်သူ့တော့နာမည်ကောင်း ကျန်စေ၊ ဘယ်သူတော့ နာမည်ပျက်စေ ဆိုတဲ့ မူမမှန်သောစေတနာ မပါခဲ့ပါ။ ထို့ကြောင့် ကိုယ့်ဝေဖန်မှုကို ကိုယ်တရားမျှတမှုရှိသည်ဟုထင်ပါသည်။
ပြည်သူကိုအပြစ်ဆိုခြင်း နဲ့ပတ်သက်လို့တော့ ပို့စ်တစ်ခုရေး၍ ဆွေးနွေးထားပါသည်။ လာရောကက်ဖတ်ရှုဝေဖန်စေလိုပါသည်။

မြင့်ဇေ said...

ကျနော် ရေးရန်စိတ်ကူးမရှိခဲ့ပါ။ အကြောင်းက အခုတလော နေ့ရက်တွေက သတိရစရာများသည် မဟုတ် လား။ ဒါပေမယ့် ညီမလေး ဆိုးဝှတ်ထ်က မေးလာတယ်။ ဦးနာအောက်အကြောင်းကို အကြံပေးနိုင်မလား ဆိုတာ။ ကျနော်ကတော့ ဦးနာအောက် အကြောင်းသေချာမသိပါဘူး။ ကျနော်တို့နားလည်တာက ကိုယ်မမှီခဲ့တဲ့ သမိုင်းကို ရမ်းထင်မှန်းထင် ဆုံးဖြတ်ခဲ့ရင် တလွဲတချော်တွေတော့ ဖြစ်နိုင်ပါတယ်။ ကိုရွက်ဝါ ရေးတဲ့ ပိုစ့်တ်ရော၊ ညီမလေး ဆိုးဝှတ်ထ်ရေးတဲ ပိုစ့်တ် ရော ကိုယ်ထင်တဲ့ အယူအဆတွေကိုတင်ကြတာပါပဲ။

၁။ ပြည်သူတွေကို အပြစ်တင်မစောပါနဲ့ဆိုတာ ကျနော် သဘောတူတယ်။
၂။ နောက် နယ်ချဲ့စနစ်ရဲ့သဘောသဘာဝ ဟာ အခြေအနေ တခုတည်း အောက်မှာ မဟုတ်ဘူးဆိုတာ ကျနော်သဘောတူတယ်။

နှစ်ချက်ဘဲ ပြောပါမယ်။ အပေါ်က နှစ်ချက်ကို ပြောတာပါ။

အခု ဦးနာအောက်ကိစ္စကို ပြောပါမယ်။ ကျနော်လည်း ဖတ်စာအုပ်ထဲမှာတင် သင်ခဲ့ဘူးတာပါ။ သမိုင်းဆိုတာ ဖတ်စာအုပ်ထဲမှာ ဖတ်လို့ကုံလုံတဲ့ အရာတွေ မဟုတ်ပါဘူး။ ဖတ်စာအုပ်ထဲမှာပါတဲ့ အရာတွေကို လက်ခံဖို့ဟာက ကမ္ဘာတခုလုံးရဲ့ အခြေအနေနားလည်ဘို့ လိုပါတယ်။ တကယ်လို့ ကိုရွက်ဝါအနေနဲ့ သေသေချာချာ သမိုင်းကို လေ့လာချင်တယ်ဆိုရင် တချို့သော လက်ဝဲကျမ်းတွေ လေ့လာဘို့လိုပါတယ်။ (ဥပမာ - လီနင် ရေးတဲ့ ကျမ်းတွေ၊ စတာလင်ရဲ့ လီနင်ဝါဒအခြေခံတွေ)ကိုယ်ကြိုက်သည်ဖြစ်စေ၊ မဖြစ်စေပေါ့။

နယ်ချဲ့ဟာ အဲ့ဒီ့  ၂၀ရာစုနှစ် အစပိုင်းက နည်းပညာအရရော၊ ကျန်တဲ့ စဉ်းစားတွေးခေါ်မှုအရပါ ရိုးရိုးကြီး စဉ်း စားကြတယ်။ ရေတပ်ချဲ့တယ် (ဆိုတာကလည်း ရေနယ်မြေက ကျယ်လေ အာဏာများလေးပါ)။ အင်ပါယာ ချဲ့မယ်။ နောက် ကိုလိုနီပြုမယ်။ ဒီကာလက အာရှ၊ အာဖရိက နိုင်ငံတော်တော်များများဟာ ကိုလိုနီပြုခံရတဲ့ သိမ်းပိုက်ခံရတဲ့ ဧရိယာ တွေပါ။အဲဒီကာလ နယ်ချဲ့ရဲ့ စဉ်းစားမှုဟာ မြေပိုင်ဖို့ပါ။ပြီးရင် သယံဇာတအကြမ်းတွေထုတ်မယ်။ လုပ်အားခနည်းမယ်။ မြေပိုင်ဖို့အတွက် စစ်ပွဲတွေ နွှဲတယ်။ ကမ္ဘာစစ်တွေအထိ ဆင်နွှဲခဲ့ရတယ်။ ဒုတိယကမ္ဘာစစ် ပြီးတဲ့အထိပါဘဲ။

ဒါပေမယ့် ကိုလိုနီပြုခံရတဲ့ (မြန်မာနိုင်ငံအပါအ၀င်) နိုင်ငံတွေက အဲ့ဒီအချိန်မှာ ပဒေသရာဇ်ကာလပဲ ရှိပါ သေးတယ်။ လူ့အတွေးအခေါ်ဟာ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုနဲ့ ဆိုင်ပါတယ်။နောက်တခုက ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုဟာလည်း အဲဒီလို စဉ်းစားမှုတွေနဲ့ဆိုင်တယ်။ ဒါဟာ အပြန်အလှန်အကျိုးပြောမှုသဘောပါ။

ဒါကို ပြောတာက ကျနော်တို့ မြန်မာပြည်ရဲ့အခြေအနေကို ထင်ဟပ်ဖို့ပါ။ အဲဒီအချိန်မှာ မျိုးချစ်စိတ် ရှိတဲ့သူဖြစ်စေ၊ မရှိတဲ့သူဖြစ်စေ နယ်ချဲ့အကြောင်းနားမလည်ပါဘူး။ နယ်ချဲ့ ရဲ့သဘောသဘာဝကို နားမလည် ဘူး ပြောတာပါ။

မျိုးချစ်စိတ်ရှိနိုင်ကောင်းပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အတွေးအခေါ် မရှိတော့ ကျဆုံးခဲ့ရတယ်။ ဦးနာအောက်တင် မဟုတ်ဘူး။ ဟိုး ဗိုလ်လရောင်က စလို့.. ဆရာစံအထိ။ အဲဒီထဲမှာပဲ ဦးနာအောက် ပါသွား တယ်။ ဒီနေရာမှာ တခုပြောချင်တာက ဦးနာအောက်ဟာ ဘာလို့ လောဘကြီးတယ် ပြောချင်ရတာလဲ။ သူဟာ တကယ်တမ်း စီးပွားရေးသမားဖြစ်တယ်ဆိုရင် ကိုရွက်ဝါ စွပ်စွဲ သလို လက်ဝါးကြီးအုပ်လိုသူဆိုရင် သူ ဒီလို ရူးရူးမိုက်မိုက် အလုပ်မလုပ်ပါဘူး။ နယ်ချဲ့နဲ့ ပေါင်းမှာပေါ့။ အဲဒီလို ပေါင်းသွားတဲ့ လူတွေက အများကြီး။ ကျနော်တို့ ပြောနေတာက ဦးနာအောက်ဟာ သူ အဆုံးရှုံးခံနိုင်ခဲ့တယ်။ သူ့အကျိုးစီးပွားက လောဘဖြစ်ရင် ဖြစ်မယ်.. ဒါမှမဟုတ် … မျိုးချစ်စိတ်ကြောင့်ဖြစ်မယ်။ (သမိုင်းကို ခန့်မှန်းကြည့်တာပါ)

ကျနော်ဒါနဲ့ ဆရာစံကိစ္စကို ဆက်စပ်စဉ်းစားကြည့်တယ်။ ကိုရွက်ဝါ ရဲ့ ခန့်မှန်းချက်အရဆိုရင် ဆရာစံဟာလည်း လူထုမပါပဲနဲ့ လျှောက်လုပ်တယ်ဆိုသလို ကောက်ချက်ဆွဲရမလိုဖြစ်နေတယ်။ အမှန်က (လူထုဟာ အဲဒီအချိန်မှာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ် နေခဲ့တဲ့၁၉၃၀ ဆန်ဈေးတွေကျမှုကြောင့် ငတ်နေတာပါ။ နယ်ချဲ့အလိုတော်ရိတွေ မသိကြပါဘူး၊ ဒါပေမယ့် သူကျဆုံးခဲ့ရတဲ့ အကြောင်းက လူထုကို မစည်းရုံးနိုင်လို့ပါ။ နယ်ချဲ့ဟာ ခေတ်မှီတဲ့ စဉ်းစားမှုကို အဲဒီအချိန်မှာ တပ်ဆင် ထားတယ်။ ကိုယ်က ပဒေသရာဇ် စဉ်းစားမှုမျိုးပဲရှိတယ်။ ) မျိုးချစ်စိတ် ဆိုတာက မျက်ကန်း မျိုးချစ်စိတ် မဖြစ်ဘို့ လို ပါတယ်။

လူထုဟာ ကိုယ်ခံစားရတာကို ကိုယ်သိပါတယ်။ နောက်တခုက နယ်ချဲ့သမားဟာ အမျိုးသားအရင်းရှင်ပဲ ပြောပြော တိုင်းရင်းသားအရင်းရှင်ပဲ ပြောပြော ဘယ်သူ့ကိုမှ အညှာအတာ ထားတာမဟုတ်ဘူး။(ချစ်တီးတွေ မြေကြွေးချထားတာဘဲကြည့်ဦး) သူ့လူမျိုး သူ့ တိုင်းပြည် သူ့ယုံကြည်တဲ့ အယူအဆအတွက် နယ်ချဲ့ခဲ့တာ့ပါ။ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာက နယ်ချဲ့လို့မရတော့ လူမျိုးရေးမှိုင်းတိုက်ပြီး ဖက်ဆစ်စနစ်ကို ထောင် တယ်။ဒီလိုနဲ့ဘဲ ဖက်ဆစ်စနစ်ကြီး စိုးခဲ့တယ်။

ဒါပေမယ့် လူထုက လက်မခံခဲ့ဘူး။ လက်ခံခဲ့တယ်ဆိုရင် ဖဆပလ ဘယ်လောက်ပဲ စည်းရုံးစည်းရုံး လူထုက ပါမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို တပ်မတော်ကနေပြီး ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ် လို့ ပြောနေတဲ့ ကောင်တွေကိုလည်း လက်ခံမှာ မဟုတ်ဘူး။

ဒါပေမယ့် စဉ်းစားရမှာက ဆိုးဝှတ်ထ်ပြောထားတဲ့ထဲက တခုတော့ လက်ခံသင့်တယ်။ ဦးနာအောက်ဟာ သူ့ကိုယ်ပိုင် ဓနပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး ကိုယ့်ကို ခေတ်သစ်ကျွန်ပြုနေတာကို တိုက်ခဲ့တယ်။ (ဒါကို လက်မခံဘူးဆိုရင်တော့ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒ ထောင်သူ အိုဝင်ကိုသာ ဆွေးနွေးပေတော့။) ဒါပေမယ့် အဲဒီအချိန် မြန်မာနိုင်ငံက လူထုဟာ နိုင်ငံရေးအရ အတွေ့အကြုံရင့်ကျက်မှုက အားနည်းတယ်(ပဒေသရာဇ် အောက်ကနေ ကိုလိုနီ ဖြစ်ခဲ့လို့ပါ။) ဦးနာအောက် လုပ်တာ မျိုးချစ်စိတ်ကို အခြေခံတာဖြစ်တယ်။ (သူက အဲဒီအချိန်မှာ ဖြစ်နေတဲ့ နိုင်ငံတကာအခင်းအကျင်း၊ မြန်မာပြည်အနေအထားကို နားမလည်တာ၊ မျက်ကန်း မျိုးချစ် ဖြစ်တယ်)

အဲဒီကာလ နယ်ချဲ့သမားရဲ့ အနှစ်က မြေပိုင်ဘို့လိုတာဖြစ်တယ်။ မျိုးချစ်စိတ်ရှိသူတွေဘက်က လူထုကို ပြန်လုပ်ပေးသင့် တာက ကိုယ့်ဝံသာနုစိတ်မြှင့်တင်ရေးလို့ ပြောကြတယ်။ ဒါပေမယ့် မပေါက်မြောက်ခဲ့ဘူ။ မင်းလောင်းဖြစ်ဖို့ဆိုတဲ့ စဉ်းစားမှုတွေနဲ့သာ လှုပ်ရှားမှုတွေ ပေါ်ခဲ့တယ်။ ပေါ်ပေမယ့် ချုပ်ငြိမ်းသွားတယ်။ ဘာလို့ကျဆုံးရတာလဲဆိုတာက အဲဒီကာလမှာရှိနေတဲ့ အနေအထားကိုတိုက်လို့မရသေးတဲ့ အတွေးအခေါ် အစစ်အမှန်မရသေးလို့ပါ။ ကိုယ့်နိုင်ငံ ကျွန်ဘ၀က လွတ်မြောက်ရေးကို မျက်ကန်းမျိုးချစ်စိတ်နဲ့ တိုက်လို့မရလို့သာ။

ဝံသာနုစိတ်မြှင့်တင်ရေးကို ပြောတာကလည်း သခင်ကိုယ်တော်မှိုင်းကို နှိုင်းပြီးပြောတယ်။ သခင်ကိုယ်တော်မှိုင်းက မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ဘယ်သောအခါမှ အကြံမပေးပါ။ (ဆရာကြီး က ငြိမ်းချမ်းရေးဝါဒီဖြစ်လို့ပါ) ဒါပေမယ့် တကယ့် အတွေးအခေါ်စင်စစ် ပြောင်းလဲတာဟာ ၁၉၃၉ ကွန်မြူနစ်ပါတီ တည်ထောင်ပြီးမှပါ။ ၁၉၂၀ ကျောင်းသားသပိတ်ပေါ်တယ်။ ဂျီစီဘီအေ ပေါ်တယ်။ ကွဲတယ်။ ခွဲေ၇းတွဲရေး ၊ ဒိုင်အာခီ စသဖြင့် ကွဲကြပြဲကြတယ်။ ကျောင်းသားသမဂ္ဂ ထောင်တယ်။ ဆရာစံအေ၇းတော်ပုံပေါ်တယ်။ ဒါပေမယ့် တကယ်တမ်း မြန်မာပြည်လူထုကို ကျွန်အဖြစ်က လွတ်အောင်လုပ်ပေးနိုင်တာက ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့ အစုပါ။ ရဲဘော်သုံးကျိပ်ဆိုတာကလည်း သူတို့စဉ်းစားချက်တွေလွဲချော်ပြီး ဖြစ်လာခဲ့တဲ့အရာပါ။

ဦးနာအောက် ဘာလုပ်ခဲ့တယ်ဆိုတာက သမိုင်းမှာ ရှိပြီးသားပါ။ ကျနော်တို့က သမိုင်းကို မအအောင် သင်တယ်။ သင်ခန်းစာကို ထုတ်တယ်။ ပြီးတော့ အမှားတွေကို ပြန်သုံးသပ်ရပါတယ်။ ကျနော်စဉ်းစားမိတာက ဘာကြောင့်များ ဒီအချိန်ကြီးမှာ ကျမှ ဦးနာအောက် သမိုင်းကို ပြန်ဖော်ချင် နေရတာလဲဆိုတာပါ။ ကိုရဲမွန်တင်တာက တော်တော်ရိုးရှင်းလှပါတယ်။ ဦးနာအောက်နှင့် စဥ့်ကူမင်းသင်္ဘောပါ။ သမိုင်းကို ပြန်တူးဆွချင်ဆိုရင်လည်း အနီးစပ်ဆုံးသမိုင်းကို ပြန်သုံးသပ်တာက ပိုတိကျတဲ့ အဖြေကို ရမှာပါ။ ကိုယ်မမှီတဲ့သမိုင်းကို ပြန်သုံးသပ်ရင်တော့ တုတ်ထမ်းဓားထမ်းဆိုတာ အခု ဂလုပ်ဘယ်ခေတ်မှမဟုတ်ပါ။ ပုဂံ သမိုင်းစပြောကတည်းက အဲဒီလို ပြောရမှာပါ။

ပြည်သူတွေကို အပြစ်တင်မစောပါနဲ့ …မှန်ပါတယ်။ ကျနော်တို့ ဘယ်တော့မှ ပြည်သူတွေကို အပြစ်မတင်ပါ ဘူး။သူများတွေ မေဂျီခေတ်ရောက်နေတဲ့အချိန်မှာ မှန်ပါ့လုပ်နေရတာက သူ့ခေတ်နဲ့သူ ကိုလိုနီဖြစ်ဖို့ပါ။

ညျူကလီယားခေတ်ကြီးမှာတော့ မှန်ပါ့ ဘုရား လုပ်မယ် ဆိုရင်တော သိပ်မနိပ်လှပါဘူး။ လူထုကို စည်းရုံုးဖို့ကတော့ မှန်ပါ့ဘုရားနဲ့ မရလောက်ပါ။ (တကယ်လို့ ဆက်ဆွေးနွေးမယ်ဆိုလည်း ရပါတယ်။ နယ်ချဲ့စနစ်ရဲ့ ပြောင်းလဲပုံတွေ၊ ဂလုပ်ဘယ်လိုက်ဇေးရှင်းရဲ့ သဘောသဘာဝထဲမှာ ထင်နေတဲ့ နယ်ချဲ့ ၀ါဒရဲ့အရိပ်တွေကို၊ တုတ်ထမ်းဓားထမ်းဖို့တော့ မလိုပါဘူ။ ဒီခေတ်က လေးနဲ့မြှားခေတ်မဟုတ်တော့ဘူးလို့ ရှီမွန်ပီရက်ဇ်က ပြောခဲ့တာဘဲ)

balargout said...

ဆွေးနွေးချက်တွေကို အားရပါတယ်။ တကယ်တော့ ဘာလို့ ဦးနာအောက် ရှုံးရှုံး သူမှာ မျိုးချစ်စိတ် ရှိတယ် လို့ မြင်တယ်။ အဓိက အရင်းခံက မြန်မာတွေ မျိုးချစ်
စိတ်အားနည်း ပြီးစုစည်းမှု့ မရှိ၊ အချောင်လိုက် ချင်တဲ့ စိတ်တွေကြောင့် အလွယ်တကူ ဦးနာအောက် ရှုံးခဲ့ တာ လို့ မြင်တယ်။

JJ said...

အင်း ကိုယ်ရေးခဲ့တဲ့ ကော်မန့် နဲ့ ပတ်သက်ပြီး အညဉ်းပွားနေတာ တန်ဖိုးရှိတဲ့ အချိန်တွေအခုန်ခံ ပြီး ဆွေးနွေးကြ ငြင်းခုံတာမြင်ရတော့ စိတ်မကောင်းပါဘူး။

အခုရေးနေရတဲ့စာကြောင့် ကိုယ်တိုင် တန်ဖိုးရှိလှတဲ့ အချိန်တွေ ကုန်ရလို့ နှမျှော မိပေမဲ့လည်း နောက်ပိုင်း ဆက်လာမဲ့သူ ထပ် အချိန်ဖြုန်းနေမဲ့သူတွေအတွက် လည်း စိတ်မကောင်း ဖြစ်ရပါတယ်။

ဦးနာအောက်နဲ့ ပတ်သက်လို့ လူထုကို စော်ကားပြောတာ မဟုတ်ဘူးဆိုတာ ကိုမြင့်ဇေနဲ့ ကိုရွက်ဝါကို သိစေချင်ပါတယ်။ နိုင်ငံခြားမှာ ဒီလိုဘဲ ရာဇ၀င်ကို လေ့လာဆန်းစစ်ပြီး ကောက်ချက်ချ တဲ့ ဘာသာရပ် တွေ သင်ကြား ကြရပါတယ်။ ဆိုလိုရင်းကတော့ အတိတ် အကြောင်းက အောင်မြင်မှု တွေ အတုယူဖို့ ၊ ဆုံးရှုံးမှု တွေ ကို ရှောင်ကျဉ်ဖို့ ဆို တဲ့ ကောင်းတဲ့ ဘက်က ယူဖို့ ပါဘဲ။

ဒီပုံပြင်ကို လေ့လာတဲ့သူက လည်း ယေဘူယျသဘော အပြင် သူ့ အမြင် ကိုယ့်အမြင်ဖြင့် ရေးခဲ့တာ ကြောင့် သမိုင်းနောက်ကွယ်က ကာယကံရှင် ဦးနာအောက်ရဲ့ ခံစားချက် အမှန် တကယ် ဖြစ်ရပ်ကို ဘယ်သူကမှမသိသလို သူ့ဆွေးမျိုးသားချင်းတွေ ထဲကတဆင့် သူ့ ခံစားချက်တွေ မပေါ်ပေါက်ခဲ့တာ ခုထိပါဘဲ။

ပုံပြင်ထဲမှာ မှတ်မိသလောက် ပြန်တွေးရရင် သင်္ဘောခ လျော့ ပေးတဲ့ဘက်ကို ပြည်သူတွေ စီးကြပါတယ်။ ဒါဟာလည်း ကိုရဲမွန်ပြောသလို မှန်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် လူ့ ဘ၀ သက်တန်းမှာ အသက်ရှင်ဖို့ စားဝတ်နေရေး ဖန်တီးရလို့ ၊ လူ့ သဘာဝ လောဘ မောဟ နဲ့ ယှဉ်လာပြန်ပါတယ်။ ကိုရွက်ဝါပြောသလို ဦးနာအောက် သာ လောဘမရှိဘဲ ဈေးသင့်တော် မှန်ကန်တဲ့သဘောင်္ခနှုန်းနဲ့ ဆွဲရင် ခုထိ အောင်မြင် မယ် ဆိုတာ လုံးဝမှားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူမစီး ကြတော့လို့ ဝင်ငွေ မရှိတော့တာပါဘဲ။ အမြတ်မယူ အရင်းနဲ့ ရောင်းတဲ့သင်္ဘောခ နှုန်းထားတာတောင် လူမစီးတာ ကိုရွက်ဝါ မစဉ်းစားမိတဲ့ အချက် ဒါမှမဟုတ် မသိခဲ့တာလားမသိပါ။ ဒါကြောင့် ကိုရွက်ဝါပြောတဲ့ လူထုရဲ့မျိုးချစ်စိတ် ဆိုတာ ကိုရွက်ဝါ ထောက်ပြနိုင်မလား သက်သေပြ နိုင်မလား။ ပြည်သူဆိုတာထက် အဲဒီနယ်က သဘောင်္စီးသူ လူစုလို့ ပြောချင်ပါတယ်။ သူတို့ သာ မျိုးချစ်စိတ် ရှိခဲ့ရင် ဦးနာအောက်ရဲ့ အမြတ်မပါဘဲ ငွေရင်းနဲ့ ရောင်းတဲ့ သဘောင်္ခကို စီးကြမှာပါဘဲ။ စာရေးသူအနေနဲ့ ဒီအထိ ကိုဘဲ ယေဘူယျသဘောထားပြီး ကော်မန့် ရေးခဲ့တာပါဘဲ။

ဒုတိယအချက်အနေနဲ့ အရင်းထက် လျော့ပြီး သင်္ဘောခနှန်း ယူတဲ့အပိုင်းရောက်လာ တော့ စီးပွားရေးအပိုင်းနဲ့ လူ့ သဘာဝနဲ့ ဆိုင်လာပြီ။ ကိုရွက်ဝါ ပြောတဲ့အပိုင်းတွေ ၀င်လာပါတယ်။ စီးပွားရေးလောကမှာ ယှဉ်ပြိုင်လာရင် အနိုင်အရှုံးအပြတ် တိုက်ရတော့မှာပါ။ ဒါဟာ လည်း လူ့ သဘာဝဘဲလို့ ပြောရတော့မှာဘဲ။ ဒီနေရာမှာ မျိုးချစ်စိတ် အပိုင်း ထက် စီးပွားရေးရယ် လူ့ စိတ်သဘာဝနဲ့ နွယ်လာပါပြီ။ တချို့ စိတ်သဘောထား ပြင်းထန် တဲ့သူတွေ ဆိုရင် ပြတ်သားစွာ လုပ်တတ်ကြပါတယ်။ တချို့ လူတွေက တော့ စီးပွားရေးလှည့်ကွက်နဲ့  ပြိုင်ဘက်နဲ့ ပူးပေါင်းပြီး လူထုကို လက်ဝါးကြီးအုပ်ကြမှာပါ။ တချို့ ကတော့ လက်ရှိစီးပွားရေးထက် တခြားနည်းလမ်းနဲ့ စီးပွားရေးကို ပြန်စမယ် သို့ မဟုတ် လုံးဝ အရှုံးမပေါ်ခင် ရပ်လိုက်မယ်။ ဒါဟာ လူ့ သဘာဝနဲ့ ဆိုင်သွားပါပြီ။

ဒုတိယ အပိုင်းအနေနဲ့ ကိုယ်တိုင်ရေးခဲ့တဲ့ ကော်မန့် ကမဆိုင်တော့ပါဘူး။ ဒါက ကိုရဲမွန် ပြောသလို လူ့ သဘာဝနဲ့ ဘဲဆိုင်တော့မယ် မြင်လာပါတယ်။

သမိုင်းကို ယေဘူယျသဘောကို ဝေဖန်လိုက်တယ်ဆို ပေမဲ့ကိုရွက်ဝါတို့ လို သူများ အမြင်ကို လေးနက်စွာ ဝေဖန်ပြီး တုန့် ပြန်တတ်တဲ့လူမျိုးရှိတယ်ဆိုတာ သတိ မထားမိဘဲ အမှတ်တမဲ့ မှတ်ချက် ရေးခဲ့မိသူ အီဖေကိုယ် ကို ဘဲ ကိုယ့်ကိုကိုယ်တောင် အပြစ်တင်ချင်သလို ဖြစ်နေရပါတယ်။

ကိုရွက်ဝါတင်တဲ့ပို့ စ်ကိုဖတ်ပြီး အငြင်းမပွားချင်လို့ သူအမြင်နဲ့ သူပါဘဲလို့ အကောင်း မြင်ဝါဒနဲ့ ငြိမ်းချမ်းစွာ တုန့် ပြန်ခဲ့သော်လည်း နောင်လူထုကို ပြောရင် ဆင်ခြင်ပါဆို တဲ့စကားဖြင့် ကိုရွက်ဝါက ထပ် ဆင့်လိုက်ပါသေးတယ်။

ဝေဖန် အငြင်းပွားတာထက် ဆွေးနွေးတာ အမှားအမှန် ထောက်ပြတာ ကိုယ့်အမြင်တင်ပြတာ ဖြစ်သင့်ပါတယ်။ တဖက်သပ် ယူဆပြီး အချိန်ကုန်ခံ နိုင်လွန်းတာကိုလည်း အံ့သြမိပါတယ်။ ကိုယ့်ကော်မန့် က ကိုရွက်ဝါရဲ့ စိတ်ဒေါသ နဲ့ အချိန် ကို စိုးမိုးသွားတာ လည်း မထင်မိလောက် အောင် အံ့သြပါတယ်။

ကဲဒီလောက်နဲ့ ဘဲ ရေးပြီး ကိုယ့်ရဲ့အချိန် ကို ဖြုန်းလိုက်ပါတယ်။ ဘလောက်ကာမှာ ရေးရင် ကဲ့ရဲ့ဝေဖန် အချိန်ကုန်ခံမဲ့အစား ဘယ်သူ ဘယ်လို ဗဟုသုတရမလဲ ။ ဘာအကျိုးရှိမလဲ၊ ဘာအသုံးဝင်တဲ့ ပညာရမလဲ၊ ဘယ်လို ကူညီရမလဲဘဲ စဉ်းစား အချိန်ပေး ရေးပါတယ်။

ဘာဘဲဖြစ်ဖြစ် စိတ်ဝင်စားစွာ အမြင်တင်ပြပေးတဲ့ ကိုရဲမွန်၊ မစိုးဝဒ်၊ မမေငြိမ်း၊ ကိုဘာလာဂေါက်၊ (ကိုဖိုးဇေ)ကိုမြင့်ဇေ၊ (ကိုတောသား)ကိုရွက်ဝါ နှင့် တခြားတခြားသော အချိန်ကုန်ခံ ဆွေးနွေးသူ အားလုံးကို ကျေးဇူးတင်စွာဖြင့်။

မဂွိုင်း
http://joyful4all.blogspot.com/
အားလုံးကို ဖိတ်ခေါ်ပါတယ်။ လာလည်နိုင်ပါတယ်။ ကမာမှာဖြစ်ပျက်နေတဲ့ လေ့လာစရာ အကြောင်းအရာ၊ ဗဟုသုတ များ၊ စိတ်ကြည်နုးစရာ စိတ်ဝင်စားစရာ၊ ပျော်ရွင်ကြည်နုးစရာ၊ ရီစရာအဖြစ်ပျက်တွေ နဲ့  အော်လိုင်းဗိန်းဓေါထဲက မေးခွန်းတွေနဲ့ နွယ်တဲ့ ကျန်းမာရေး အမြင် တွေသာ ရေးထားပါတယ်။

ရတ်မန် said...

တော်တော်ကောင်းတဲ့ ပိုစ့်တစ်ခုပါပဲ ကျေးဇူးတင်ပါ တယ်ဗျာ ။ ကျနော်တို့ရဲ့ မွန်လူမျိုးသူရဲကောင်း အကြောင်းကို ရေးပေးတဲ့အတွက်။ ကျနော်လည်း မွန်လူမျိုးအကြောင်းတွေ အရမ်းရေးချင်နေတာ အချက် အလက်တွေက မရှိတော့ ကိုယ်သိထားသလိုသာ ရေးလိုက်ရင် အမှားတွေပါလာမှာ စိုးလို့ပါ။ ကျေးဇူးတင် ပါတယ်ဗျာ အားလုံးကို။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*