ကျွန်မဘလော့ဂ်မှာ ကျွန်မကိုယ်တိုင်ရေး ပို့စ်အသစ်တွေ မတင်နိုင်သေးပေမဲ့ ဗိုလ်ချုပ်အကြောင်း စာတွေကိုတော့ ရှိသမျှ တင်ပေးဖြစ်နေပါတယ်။ တက္ကသိုလ်နေ၀င်းရေးသားတဲ့ ဗိုလ်ချုပ်အကြောင်းတွေကတော့ အများစုလည်း ဖတ်ပြီးကြမှာပါ။ ဒါပေမဲ့ ကျွန်မဘလော့ဂ်မှာ တသီးတသန့် တစုတစည်းထဲ ရှိချင်တဲ့ ဆန္ဒကြောင့် သူများဘလော့ဂ်မှာ တင်ပြီးသားတွေလည်း ကျွန်မ ထပ်တင်ဖြစ်ပါတယ်။ ကျွန်မ နေမကောင်းဖြစ်နေစဉ် အားပေးကြသော၊ ကျွန်မဘလော့ဂ်ဆီ မပျက်မကွက် လာရောက်လည်ပတ်ကြသော သူငယ်ချင်း၊ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီရက်ပိုင်းမှာ ခရီးသွားစရာလည်း ရှိသေးလို့ ပို့စ်တွေ တင်ဖြစ်ဦးမယ် မထင်ပါဘူး။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ီ
***
"ကြည် ...ပဲပြုတ်နဲ့ နံပြားစားချင်တယ်
အောင်ဆန်း"
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း အောင်ဆန်းဟု သူ၏ နာမည်လက်မှတ်ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။
တခါကဗိုလ်ချုပ်က သူ၏ ချစ်ဇနီးဒေါ်ခင်ကြည်အား သူကြိုက်သော ပဲပြုတ်၊ နံပြား စားချင်ကြောင်း ပူဆာလိုက်သည့်စာပင် ဖြစ်သည်။ ပူဆာသည်ဟု ဆိုရခြင်းမှာ ဟေ့ ငါပဲပြုတ်နဲ့ နံပြားစားချင်တယ်၊ မနက်စောစော အသင့်ဝယ်ထားလိုက်ဟု စစ်သူကြီးတစ်ဦးက စစ်သည်ရဲဘော်ကလေးအား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သူ့ကို အလွန် ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုးဖြစ်နေသောကြောင့်ပင်တည်း။
အထက်ဖော်ပြပါ စာတိုကလေးကို ဗိုလ်ချုပ်အကြောင်း စိတ်ဝင်စားသူ၊ လေ့လာသူ၊ သူ့အကြောင်း ဟောပြောရေးသားသူ မှန်သမျှကောင်းစွာ သိကြပါသည်။ သို့သော် ယင်းစာတိုကလေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု၊ အပြင်းပွားမှုများလည်း ရှိခဲ့ပါသည်။ သဘောထားကွဲလွဲမှု၊ အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် စာတိုကလေးသည် ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသနဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။
ယင်းစာတိုကလေးနှင့် ပတ်သက်၍ အငြင်းပွားမှုအကြောင်း အနည်းငယ်မျှ ရှင်းပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသောစာတိုကလေးတွင် ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည်မှာ မှန်သော်လည်း စာပါအကြောင်းအရာက နိုင်ငံရေး၊ စစ်ရေးနှင့် ဘာမျှမဆိုင်။ သူ၏ တွေးခေါ်မြော်မြင်ရေး ဒဿနဆိုင်ရာ သုံးသပ်ချက်လည်းမဟုတ်။ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ ထို့ကြောင့် သည်လို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးတွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြုစုခြင်း၊ ဟောပြောခြင်းများ မလုပ်သင့်။ နိုင်ငံရေး စစ်ရေး သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောတရားမျိုးသာလျှင် မှတ်တမ်းတင် ရေးသားသင့်သည်။ ဟောပြောသင့်သည်။ ဥပမာ ဇူလိုင်၊ ၉၄ထုတ် နွယ်နီ မဂ္ဂဇင်းမှ ကျွန်တော်၏ ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးဆိုလျှင်လည်း အထက်ပါယူဆချက်အရ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ်သက်ရောက်နေပါသည်။
ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။ ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ။ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေဆိုပြီး ပစ်ပယ်လို့ မရဘူး။ ဒါမျိုးတွေက ကာယကံရှင်ပုဂ္ဂိုလ်ရဲ့ ပင်ကိုသဘာဝစရိုက် Charater ကို ပေါ်လွင်စေတယ်။ သူ့ရဲ့ စိတ်ဓါတ် အတွေးအခေါ်တွေ၊ အမြော်အမြင် အယူအဆတွေကို ခန့်မှန်းလို့ရတယ်။ သူဟာ ဘယ်လို လူစားမျိုးလဲဆိုတာ ရုပ်လုံးဖော်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်။ ကျုပ်သဘောထားကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်လို့ နောင်လာနောက်သားတွေ၊ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သားနိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေကအစ မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်။
ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော်ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာဝစရိုက်ကို ခန့်မှန်း၍ ရနိုင်မည့် ကျွန်တော်၏ ကိုယ်တွေ့ ဖြစ်ရပ်အချို့ကို ဖော်ထုတ်တင်ပြလိုက်ရပါသည်။ ဥပမာဆိုလျှင် ၁၉၄၆ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့ အာဏာကို လွှဲပြောင်းလက်ခံယူပြီးနောက် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခု ၀န်ကြီးများရုံ) သို့ နေ့စဉ်ရုံးတက်ခဲ့ရပါသည်။
သူ၏ ရာထူး (တရားဝင် အခေါ်အဝေါ်မှာ) ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဌ ဖြစ်ပါသည်။ ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံမတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိအဖြစ် ဦးဆောင်စည်းဝေးရပါသည်။ လွတ်လပ်ရေးမရသေးမီ ကာလဖြစ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၀န်ကြီးဌာန သုံးခုကို တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။
တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲသုံးနာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍ ခေါ်သဖြင့် ကျွန်တော်လည်း ချက်ချင်းပင်သူ၏ ရုံးခန်းတွင်းသို့ လျင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူအတွင်းဝန်က သူ့ထံတင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတန်းများ၊ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။
"ဘာများလဲ ဗိုလ်ချုပ်"
ကျွန်တော်က ထုံးစံအတိုင်း သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်သလို ဟန်မျိုးဖြင့် "ငါအခု ဗိုက်ဆာလို့ တစ်ခုခုစားချင်တယ်ကွာ"ဟု ပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်းရိပ်မိလိုက်ပါပြီ။ ထိုနေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား နံနက်စာ ထမင်းကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခုဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်၍လားမသိ။ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာ စားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာလက်ဆေး၍ ရုံးသွားရန် ပြင်ဆင်ခဲ့ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက်အလုပ်လုပ်နေရချိန်တွင် ဘာမျှ မစားသောက်ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့်အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။
(မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ၀န်ကြီးလစာရသည် မှန်သော်လည်း ယင်းလစာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် ဘတ်ဂျက် မအောက်အောင် စိစစ်သုံးစွဲရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရေသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်းတစ်မယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။ စာရေးသူ)
ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခုဝယ်ကျွေးစိတ် ဖြစ်ပေါ်လာမိပါသည်။
"ဗိုလ်ချုပ် ဘာများစားချင်လို့လဲ"
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလိုဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။
"ဘာလဲ ၊ မင်းက ငါ့ကိုဝယ်ကျွေးမလို့လား။ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကော ရှိလို့လား"
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့မရှိပါ။ သူသည် လိမ်ပြောခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူဖြစ်၍ ကျွန်တော်တို့ လူငယ်တွေကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုနေ့ကတော့ သူဗိုက်ဆာ၍ တစ်ခုခုစားချင်ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်သည် ဘာပဲဖြစ်ဖြစ် သည်တစ်ခါတော့ အမှန်ကိုမပြောမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
"ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ်ဆိုတာသာ ပြောပါ"
ကျွန်တော်က ခပ်တည်တည်နှင့် အကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်ပါသည်။ အမှန်က ကျွန်တော်၏ အကျီအိတ်ထဲတွင် ငွေငါးကျပ်တန်တစ်ရွက်နှင့် ကျပ်တန်နှစ်ရွက်၊ စုစုပေါင်းငွေ ခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်က မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်လည်း ယုံကြည်သွားပုံရပါသည်။
"ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနှင့် ခပတ်စားချင်တယ်ကွာ"
"ဟုတ်ကဲ့၊ ဒါဆိုရင်လဲရပါတယ်။ ကျွန်တော့်မှာ ပါတဲ့ ငွေနဲ့လုံလောက်ပါတယ်။ ရုံးကနေ မဂိုလမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့ ။ ကိုင်းလာပါ ဗိုလ်ချုပ်"
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
"ဟေ့ ငါတို့ရုံးဆင်းတော့မယ်။ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့"ဟု ညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးအောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော်ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်၊ ဒါလဟိုဇီလမ်း) မဟာဗန္ဓုလလမ်းထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွားလိုက်ပါသည်။ ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကို ကျွေးရန် မည်သို့မည်ပုံပရိယာယ်ဆင်ရမည်ကို ကြိုတင်အကွက်ချထားပြီး ဖြစ်သည်။
မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က မကြာခဏ၀င်စားလေ့ရှိသော ဆိုင်ဖြစ်ပြီး ဆိုင်ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာလာခဲ့ခြင်းဖြစ်ပါသည်။
ထုံးစံအတိုင်း ဆိုင်ရှိလူငယ်စားပွဲထိုးများသည် လွန်စွာဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်ပါသည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်။
"ဒီမယ် ခင်ဗျား၊ ကျုပ်ကိုသိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ်ယောက်ပဲ။ ဟိုမှာ ထိုင်နေတဲ့လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျားသိမှာပေါ့။ အခုသူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်။ ခက်တာက ကျူပ်မှာ ပိုက်ဆံအလုံအလောက်မပါဘူး။ ဒါကြောင့် ကျူပ်တို့အခုစားလို့ ကျသင့်တဲ့ ငွေကို နက်ဖြန်ကျမှ ကျုပ်လာပေးပါရစေ။ နောက်ပြီး ကျူပ်တို့ပြန်ခါနီး ဗိုလ်ချုပ်က မေးရင် ပိုက်ဆံရှင်းပြီးပါပြီလို့လည်း ပြောပေးပါ။ ကျူပ်မှာ ပိုက်ဆံမပါလာတာကို သူ မသိစေချင်ဘူး"
ကျွန်တော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
"စိတ်ချပါ ဆပ်။ ကျသင့်တဲ့ငွေကို ဆပ်တို့ကြုံတော့မှ ၀င်ပေးပါ။ ရပါတယ်။ ဗိုလ်ချုပ်မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပေးပါ့မယ်"
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။ ပလာတာနှင့် ခပတ်နှစ်ပွဲရောက်လာသောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရစားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကိုကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါတကားဟု စိတ်ထဲမှကျိတ်၍ မှတ်ချက်ချမိသည်။ သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင်စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
"ဟေ့ကောင် ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်"ဟုပြောရာ ကျွန်တော်လည်း
"ရှင်းပြီးပါပြီ ဗိုလ်ချုပ်။ စောစောက စားစရာမှာရင်း တစ်ခါတည်း ငွေရှင်းပေးခဲ့ပါတယ်"ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင်စီစဉ်ထားသည့်အတိုင်း အချက်ပြခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေးအလေးပြုရင်း
"ပိုက်ဆံရှင်းပြီးပါပြီ"ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
"ဘယ်နှယ့်လဲ ဗိုလ်ချုပ် ။ စားလို့ကောင်းပါရဲ့လား"
ကျွန်တော်က ဆိုင်ရှင်ရှေ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်လည်း "အေးကွ မစားရတာ ကြာလို့လား မသိဘူး။ အလွန်စားလို့ကောင်းတယ်" ဟု ပြုံး၍ပြောသည်ကို ဆိုင်ရှင်ကုလားသည် သဘောကျသွားပုံရပါသည်။ ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်းတာဝါလိန်းလမ် (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။ နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း(ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။
၁၉၄၆ခုနှစ်၊ မတ်လက ဗိုလ်ချုပ်အောင်ဆန်းသည် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်ဇံဝေ စသော ဖဆလပ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ စည်းရုံးရေးခရီးထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍ ပြန်လည်ဖော်ထုတ်တင်ပြလိုပါသည်။ ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့အာဏာမရရှိသေးဘဲ ဆင်းရဲနွမ်းပါးသော အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းခန်းလှည့်လည်သလို လေယာဉ်၊ မော်တော်ယာဉ်၊ မီးရထား၊ မီးသဘောင်္စသည့် အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ သွားခဲ့ရပါသည်။ သို့သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းစွာ ခရီးသွားရသည်ကို လုံးဝမညည်းညူဘဲ ရွှင်လန်းတက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျူးဖွယ် ကောင်းလှပါသည်။ စစ်အတွင်း ဂျပန်ခေတ်က သူသည် တပ်မတော်သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် မောရစ်၂၅ အမျိုးအစား အနက်ရောင် ဆလွန်းကားကြီးကို အလံသုံးခုဆင့်လွှင့်လျက် စီးနင်းသွားလာခဲ့ရသည်ကိုလည်း ပြန်လည်သတိမရ၊ မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း၊ ရခိုင်ဖက်တွင်လည်း နွားလှည်းတလှည့်၊ ခြေကျင်တခါသွားလာပြီး စည်းရုံးစကားပြောရခြင်းကို လုံးဝစိတ်ဓာတ်မကျဘဲ ပျော်ရွှင်ကြည်လင်စွာပင် သွားလာ ဟောပြောစည်းရုံးခဲ့ပါသည်။
[မှတ်ချက်။ အလံသုံးဆင့်ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏ မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ကားတွင်လည်း စစ်ဖက်ရာထူး မေဂျာဂျင်နရယ် (ဗိုလ်ချုပ်) အလံ၊ တပ်မတော် သေနာပတိအလံနှင့် အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီး အလံဟူ၍ အလံသုံးခုဆင့်၍ လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည်။]
ရခိုင်ပြည် မြောက်ပိုင်းစစ်တွေမြို့ ပတ်ဝန်းကျင် တ၀ိုက်နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့မပြန်မီ တောင်ကုတ်၊ သံတွဲ တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ၌ ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ ပါမောက္ခ ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ်၊ သံတွဲဒေသတွင် ရေလမ်းမှ ခရီးသွားရခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ ဦးကျော်ရင်က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့် လှည့်လည်ဟောပြောရန် သဘောတူလိုက်ပါသည်။
သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြရမည့်နေ့ နံနက်ပိုင်းတွင် ဒေသခံ ပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများပြင်ဆင်နေကြစဉ် ဗိုလ်ချုပ်သည် ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ခေါ်၍ ခပ်တိုးတိုးမေးပါသည်။
"ဟေ့ကောင် ငါတို့အခုသွားရမယ့်ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား"
"ဟုတ်ကဲ့ ဗိုလ်ချုပ်။ ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံးရေတိမ်ပြီး ကမ်းနဲ့နီးနီးနေရာက သွားမှာပါ။ ဒါပေမယ့် ခရီးတထောက်မှာတော့ ပင်လယ်ကိုဖြတ်သွားရပါမယ်။ ဘေးအန္တရာယ်တော့ မရှိပါဘူး။ ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့ ရာသီမို့ အဆင်ပြေမှာပါ"
ကျွန်တော်က ခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကိုဖြေလိုက်ပါသည်။
"ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆိုရင် မဖြစ်ဘူးထင်တယ်ကွ"
"ဘာဖြစ်လို့လဲ ဗိုလ်ချုပ်"
"ဘာဖြစ်ရမှာလဲ။ ငါက ရေမကူးတတ်ဘူးကွ၊ မတော်မဆ လှေမှောက်ရင် ဘယ့်နှယ့်လုပ်မလဲ"
ဗိုလ်ချုပ်က ခပ်တိုးတိုးပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသည်။
ရေမကူးတတ်သူများ အနေဖြင့် ရေလမ်းခရီးသွားရမှာ ကြောက်ခြင်းသည် မဆန်းပါ။ အထူးသဖြင့် ကမ်းနှင့်ဝေးဝေး ပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို စိုးရိမ်ရမည်ဆိုရင်လည်း စိုးရိမ်မိမည်မှာ သဘာဝကျပါသည်။ သို့သော်ခရီးက မသွားမဖြစ်။ ဦးကျော်ရင်နှင့် ဒေသခံ ပုဂ္ဂိုလ်များက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု ကြေငြာထားပြီးနေပေပြီ။ ကျွန်တော်လည်း စဉ်းစားရင်း အကြံတစ်ခုရမိသဖြင့် "ဗိုလ်ချုပ် ဒီမှာပဲ ခဏစောင့်ပါ။ ခရီးစဉ် ပြောင်းလို့ရရင် ပြောင်းပြီး သွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ်" ဟု ပြောပြီး ကျွန်တော်သည် တော်လှန်ရေး ရဲဘော်ကြီး ဦးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။ အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ ကျွန်တော်ကသာ စိတ်ကူးရသည့်အကြံကို ခပ်တိုးတိုးပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံး၍ခေါင်းညိတ်ပြပါသည်။ ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ် ပြန်လျှောက်သွားလိုက်ပါသည်။
"ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာ မရှိဘူး။ ကိုကျော်ရင်တို့ အဖွဲ့နဲ့ တိုင်ပင်ပြီးပါပြီ။ သွားမယ့် ခရီးစဉ်ကို လမ်းပြောင်းပြီး သွားကြမယ်။ အတွင်းဘက် ချောင်းငယ်တစ်ခုကနေတစ်ဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်။ ဒါပေမယ့် ပင်လယ်ပြင် ဖြတ်စရာမလိုတော့ဘူး။ ကျွန်တော်တို့ စိတ်ချလက်ချ သွားနိုင်ကြပါ့မယ်။ ကဲ လှေတွေလဲ အသင့်ဖြစ်နေပြီ။ သွားကြရအောင်"
ဤသို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့ ခေါ်သွားလိုက်ပါသည်။ လှေက တံငါလှေ ဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက ဗိုလ်ချုပ်စီးသည့်အခါ နေပူသက်သာအောင်ဆိုပြီး ပေါင်းမိုး လှေဝမ်းအပေါ်တွင် ကျွန်တော်၏ အကြံအစည် ချောမောအဆင်ပြေသွားပါသည်။ လှေ၏အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာများရှိရာ ကျွန်တော်က လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင် ချထားလိုက်ပါသည်။
လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည် ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက် "ဗိုလ်ချုပ် အခုသွားရမယ့်ရေလမ်းက နည်းနည်းပိုဝေးလို့ အတော်ကြာကြာသွားရမယ်။ ဒီတိုင်း ထိုင်လိုက်သွားရင်လည်း ပျင်းစရာကောင်းလိမ့်မယ်။ ဒီတော့ ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း၊ ညတုန်းကလည်း စကားပြောနေကြတာ ညဥ့်နက်သွားလို့ အိပ်ရေးပျက်ခဲ့တယ်မဟုတ်လား။ အခုအချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး တရေးလောက်အိပ်လိုက်ပါ။ အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့ ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ်" ဟု ပြောပြောဆိုဆို ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်အား ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ချစ်စရာကောင်းသော အချက်တစ်ခုမှာ နိုင်ငံရေး၊ စစ်ရေး ကိစ္စများတွင်သာ သူကိုယ်တိုင် အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း အခြားအသေးအဖွဲ လူမှုရေးကိစ္စများတွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်တော်တို့စီစဉ်ပေးသလိုသာ လုပ်လေ့ရှိခြင်းပင်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ ခရီးသွားလာရာတွင်ဆိုလျှင်လည်း ဘယ်အခမ်းအနားအမျိုးကျလျှင် ဘယ်လိုဝတ်စားရမည်ကိုပင် သူ မသိသဖြင့် "ဟေ့ကောင် လုပ်စမ်းပါဦးကွ၊ ငါဘယ်လိုဝတ်ရမှာလဲ"ဟု မေးလျှင် ကျွန်တော်က ၀တ်ရမည့် အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။ ဗိုလ်ချုပ်သည် ဘာမျှမပြောဘဲ ကျွန်တော်ပေးသော အ၀တ်အစားများကိုသာ ၀တ်လေ့ရှိပါသည်။ တခါတရံ နက်ကတိုင် လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင် ကျွန်တော်ကပင် ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည် နိုင်ငံရေး ကိစ္စကလွဲလျှင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။ ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေးသည့်အတိုင်း လိုက်လုပ်တတ်ပါသည်။
ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမောအိပ်ရင်း အနားယူပါဟု ပြောတော့လည်း သူသည် ဘာမှမပြောဘဲ လှဲအိပ်ချလိုက်ရာ ပင်ပန်း၍လား မပြောတတ်၊ ချက်ချင်းလိုပင် အိပ်ပျော်သွားရှာပါသည်။ သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ၊ လှော်ခတ်သူ လူငယ်များအား စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကိုဖြတ်၍ လှော်ခတ်သွားကြရပါတော့သည်။ ဗိုလ်ချုပ်ခမျာ ဘာမှမသိ။ ကျွန်တော်ပြောသလို ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျှက် စိတ်ချလက်ချ အိပ်ပျော်သွားရှာပါသည်။
မြစ်ဝကျွန်းပေါ်ဒေသလို နေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင် ရေထဲဆင်းဆော့ကစားရာမှ ရေကူးတတ်ရုံမက ကျင်လည်စွာကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင်ရေရှား၊ အင်းအိုင်မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ မဆန်းပါ။ တက္ကသိုလ်ရောက်တော့ ရေကူးကန်၊ ရေကူးအသင်း (swimming club) လည်း ရှိသဖြင့် အသင်းဝင်ပြီး ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏။ သို့ရာတွင် တက္ကသိုလ်သမဂ္ဂနှင့် နိုင်ငံရေးကိုသာ စိတ်ဝင်စားပြီး အချိန်ပြည့် လှုပ်ရှားနေသူ ကောလိပ်ကျောင်းသား ကိုအောင်ဆန်းအနေဖြင့် ရေကူးအသင်းဝင်ပြီး ရေကူးသင်ရန်အတွက် အချိန်မပေးနိုင်ခဲ့ပါချေ။ ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ်၍ ရေလမ်းခရီးသွားခြင်းမျိုးကို မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။
တပ်မတော် သေနာပတိ စစ်သူကြီးတစ်ဦးဖြစ်ခြင်းကြောင့် ရေမကူးတတ်ဘဲ ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍မရပါ။ ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်တော်သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည် ကျွန်တော်တို့အား ထပ်တလဲလဲပြောလေ့ရှိသော လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှုပဲဖြစ်ပါတယ်။ အခြေအနေ အချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ ပြောဝံ့တဲ့သတ္တိရှိရမယ် ဟူသော သွန်သင်ဆုံးမချက်၊ အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့် (Character and Love Of Truth) ဟု ပြောခဲ့သည့်အတိုင်း ယခုလည်း သူသွန်သင်ဆုံးမသလို ကိုယ်တိုင်လက်တွေ့ လုပ်ပြသွားခြင်းဖြစ်သည်ပါတကားဟူ၍ပင် ဖြစ်ပါသည်။ ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီးပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာဝစရိုက်ကို ပေါ်လွင်စေသည်ဟူသော အဆိုအမိန့်ကို ဤဆောင်းပါးဖြင့် အလေးအနက်ထောက်ခံလိုက်ရပါသတည်း။
တက္ကသိုလ်နေ၀င်း
0 comments:
Post a Comment