Saturday, August 18, 2007

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် (၁)



ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်
ဒေါက်တာမြင့်ဆွေ

အပိုင်း ၁

ုဗိုလ်လက်ျာ နာလန်ထစ ပြုလာပြီးနောက် တစ်နေ့သောအခါတွင် ဗိုလ်ချုပ်ကြီးအောင်ဆန်း အသည်းအသန် ဖျားနေသဖြင့် တပည့်စစ်ဗိုလ်များက ဆရာကြီး ဦးဘသန်းအား လာခေါ်ကြပါသည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းမှာ ယခု အင်္ဂလိပ်သံအမတ်ကြီးအိမ် ပြုလုပ်ထားသည့် အလံပြဘုရားလမ်းရှိ တိုက်တွင် နေထိုင်ပါသည်။ ဗိုလ်လက်ျာ နာလန်ထစ ပြုလာသည့် အချိန်ပိုင်းမှာပင် ယခင်က ချာချီလမ်းတွင် နေပြီး ဆေးရုံသို့ နေ့စဉ် အလုပ်ဆင်းလေ့ရှိသည့် ဒေါ်ခင်ကြီးနှင့် ဒေါ်ခင်ကြည်တို့ ညီအစ်မလည်း ဘီအိုင်အေ ဆေးရုံကြီးအပေါ်ဆုံးထပ်သို့ ပြောင်းရွှေ့လာကြပါသည်။ ဒေါ်ခင်ကြည်တို့ ညီအစ်မနှင့် ခင်မင်ရင်းနှီးသည့် ဆရာမ မတင်ထွေးမှာလည်း ပြည်မြို့မှရောက်လာပြီး သူတို့ ညီအစ်မနှင့်အတူပင် ဘီအိုင်အေ ဆေးရုံကြီးတွင် ဆရာမအဖြစ် ၀င်ရောက်လုပ်ကိုင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းထံမှ အခေါ်ရောက်လာသည့်အခါ ဆရာကြီး ဦးဘသန်းသည် ဒေါ်ခင်ကြည်နှင့်အတူ လိုက်သွားပြီး ကြည့်ရှုပါသည်။ ထိုအချိန်က ဗိုလ်ချုပ်မှာ အပြင်းဖျားလျက်ရှိရာ အပူရှိန်မှာ ၁၀၃ အထိ ဖြစ်နေပါသည်။ ဆရာကြီးသည် ဗိုလ်ချုပ်အား စမ်းသပ်ကြည့်ရှု၍ ဆးရုံသို့ ပြန်လာပြီးနောက် အပူရှိန်များစွာ ရှိနေသည့် ဗိုလ်ချုပ်အား အနားတွင် စောင့်ကြပ် ကြည့်ရှုရန်အတွက် ဆရာမ မတင်ထွေးအား အထူးသူနာပြုဆရာမအဖြစ် ဗိုလ်ချုပ်ထံ လွှတ်လိုက်ပါသည်။

အများသိရှိပြီး ဖြစ်ကြသည့်အတိုင်း ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ မည်သည့် အမျိုးသမီးနှင့်မှ အရော တ၀င် ပြုံးရွှင်ရယ်မော၍ မနေတတ်ဘဲ အမျိုးသမီးများနှင့် ဆက်ဆံရာတွင် မျက်နှာထား တည်လွန်း တင်းလွန်းသဖြင့် ငယ်ရွယ်သေးသော ဆရာမ မတင်ထွေးမှာ ကြောက်ကြောက်လန့်လန့်နှင့်ပင် ဗိုလ်ချုပ်အား ပြုစုခဲ့ရပါသည်။

အပူရှိန်များသည့် ဗိုလ်ချုပ်မှာ ချွေးများ အဆမတန် ထွက်နေသည့်အတွက် အိပ်ရာတွင် အောက်မှ ကန့်လန့်ခံရန် Draw-sheet (ပိတ်အဖြူရှည်စကြီး လူနာအိပ်ရာပေါ်တွင် သွေး၊ ဆီး၊ ၀မ်း မပေကျံအောင် ဖယောင်းပုဆိုးနှင့် အတူ ခင်းပေးရသည်) လိုလာပါသည်။ "Dear Dr.Myint, Draw-sheet ပေးလိုက်ပါ" ဆိုသည့် စာတိုလေးတွင် အောက်မှ ‘အထွေး’ ဟု လက်မှတ်ထိုးလျက် ကျနော့်လက်ထဲသို့ ရောက်လာပါသည်။ ထိုစာလေး ရောက်လာသည့်အချိန်တွင် ကျနော်သည် ဗိုလ်လှသမိန်၊ ကိုကျော့မောင် တို့နှင့်အတူ အိုပီဒီ အခန်းတွင် ရှိနေကြရာ ဗိုလ်လှသမိန်နှင့် ကိုကျော့မောင်တို့ကလည်း ဆရာမ မတင်ထွေးထံမှ စာကို ၀ိုင်းဖတ်ကြပါသည်။

စာဖတ်ပြီး ကျနော်က စာပေးလာသူ လက်သို့ Draw-sheet ပေးမည်လုပ်ခိုက် ကိုကျော့မောင်က ”ဗျို့ ကိုမြင့်ဆွေ... ဒီစာကို သေသေချာချာ ဖတ်စမ်း။ ဒီယား ဒေါက်တာမြင့်... တဲ့။ အောက်ကလည်း အထွေး လို့ လက်မှတ်ထိုးထားတယ်။ အဲဒါ ဘာသဘောလဲ။ ဒါဟာ ဘယ်နည်းနဲ့မှ ရိုးမှာ မဟုတ်ဘူး။ ဒီလိုအချိန်ကြီးမှာ လာစွံနေပါလား....” ဟု ၀ိုင်းစ ကြပါတော့သည်။ ကျနော်လည်း Draw-sheet ကို ပေးလိုက်ပြီးနောက် အထွေး ရေးလိုက်သည့်စာကို အပြန်ပြန် အလှန်လှန်ဖတ်ရင်း ကျန်ရစ်ခဲ့ပါသည်။ ထိုနေ့မှစပြီး အလုပ်လုပ်ရင်း ကျနော်၏ ခေါင်းထဲသို့ မကြာခဏ အထွေးအကြောင်းမှာ ပေါ်လာလေ့ရှိပြီး မျက်နှာ ခပ်စူစူရှိသဖြင့် မျက်နှာကြော မတည့်သည့် စိတ်များလည်း တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်လာပါတော့သည်။

အထွေးသည် ဆရာကြီး ဦးဘသန်းကို ၎င်း၊ အစ်မသဖွယ်ဖြစ်သည့် ဒေါ်ခင်ကြည်ကို၎င်း မလွန်ဆန်ဝံ့၍ ဗိုလ်ချုပ်အိမ်သို့ သွားရောက်ပြုစုနေရသော်လည်း ဗိုလ်ချုပ်၏ မျက်နှာထားကို ကြောက်ရွံ့သဖြင့် အနားသို့ မကပ်ရဲဘဲ ဖြစ်နေရာ သို့နှင့်ပင် ညနေပိုင်းတွင် ဆေးရုံသို့ အထွေးပြန်လာပါတော့သည်။ အထွေးက ဆရာကြီးအား- ”ဆရာ... ဗိုလ်ချုပ်ကို ဆေးရုံခေါ်ထားရင် ပိုကောင်းပါတယ်။ အိမ်မှာဆိုတော့ ဆေးရုံမှာလို အစစ ပြည့်စုံတာ မဟုတ်လို့ လုပ်ရတာလည်း အဆင်မပြေပါဘူး။ ဆရာတို့၊ မမကြည်တို့ အနားမှာထားပြီး ကုသရင် ပိုကောင်းတာပေါ့” ဟုပြောသဖြင့် ဆရာကြီးက ဗိုလ်ချုပ်အား ဘီအိုင်အေ ဆေးရုံကြီးသို့ တင်လိုက်ပါတော့သည်။

ဆေးရုံသို့ ရောက်ရှိပြီး ကြပ်ကြပ်မတ်မတ်ပြုစုကုသသည့်အခါ ဗိုလ်ချုပ်ဝေဒနာမှာ သိသိသာသာကြီးပင် သက်သာပါသည်။ အဖျားကျသွားပြီး သက်သာလာသော်လည်း အားအင်ပြည့်တင်းရန် လိုသေးသဖြင့် ဆေးရုံမှ ဆင်းခွင့် မပေးသေးဘဲ ဆက်လက်ပြုစု၍ နေခဲ့ပါသည်။ အားရှိရန် ကြက်ဥ၊ နွားနို့ စသည့် အာဟာရများကို ကျွေးမွေးခြင်း၊ ရေဖတ်တိုက်ပေးခြင်း စသည့်ကိစ္စများကို လုပ်ဆောင်ရန်အတွက် မျက်နှာထားတည်လွန်းသည့် ဗိုလ်ချုပ်အား အခြားဆရာမများ လုပ်ကိုင်၍ မပေးရဲကြသဖြင့် လူကြီးဖြစ်သူ ဒေါ်ခင်ကြည်ကိုယ်တိုင် တာဝန်ယူကာ ပြုစုပေးခဲ့ရပါသည်။

ဒေါ်ခင်ကြည်ကိုယ်တိုင်မှာလည်း ဆရာမကောင်းတို့၏ စိတ်ထားပြည့်ဝစွာထားပြီး စိတ်တိုတတ်သူ ဗိုလ်ချုပ်အား စိတ်ရှည်ရှည်နှင့် အတော်ပင် သည်းခံပြုစုခဲ့ရခြင်းဖြစ်ရာ မိခင်စိတ်အပြည့်အ၀ရှိသည့် ဒေါ်ခင်ကြည်၏ ပြုစုယုယမှုအောက်တွင် ဗိုလ်ချုပ်၏ သံမဏိစိတ်ဓာတ်မှာ ဖော့ဖယောင်းပမာ ပျော့ပျောင်းလာပါတော့သည်။ ယခင်က အမြဲတမ်း မျက်နှာထားတင်းနေခဲ့သည့် ဗိုလ်ချုပ်မှာ ယခုအချိန်တွင် ပြုံးရိပ်သမ်းလာသည်ကို တွေ့မြင်လာကြရပါသည်။

ဗိုလ်ချုပ် နာလန်ထစအချိန်တွင် ဦးကျော်ငြိမ်း (ဖဆပလ ခေါင်းဆောင်ဟောင်း) သည်လည်း သွေးအားနည်းသောရောဂါဖြင့် ဆေးရုံသို့ ရောက်ရှိလာပြန်ပါသည်။ ဦးကျော်ငြိမ်းမှာ ဗိုလ်လက်ျာအခန်းတွင် ဗိုလ်လက်ျာနှင့်အတူ နေ၍ ဗိုလ်ချုပ်မှာမူ တစ်ဦးတည်း အခြားအခန်းတွင် နေပါသည်။

တစ်ညတွင် ကျနော်သည် လရောင်အောက်တွင် ၀ရံတာသို့ ထွက်ပြီး တယောလေး ထိုးရင်း “စိန်ခြူးကြာညောင် ကြာညောင်၊ လရောင်တွေ လင်းပါလို့၊ မှန်ရွှေဖြူပြတင်းက... မယ်ခုမျှော်၊ သုံးချက်စည်တော် စည်တော်၊ ရိုက်ဆော် ညင်းတယ်လေး၊ လင်းလုပေါ့နော်... ” ဆိုသည့် စိန်ခြူးကြာညောင်သီချင်းကို ဆိုနေမိပါသည်။ သံမဏိအသည်းပိုင်ရှင်ဘ၀မှ ဖော့ဖယောင်းပမာ ပြောင်းလဲစ ပြုလာသည့် ဗိုလ်ချုပ်သည် ကျနော်၏ သီချင်းသံတွင် နှစ်သိမ့်ကြည်နူးသွားဟန် တူပါသည်။ နောက်နေ့ ဗိုလ်ချုပ်သည် သူ့အိမ်သို့ ခဏပြန်ရန် အောက်ထပ်သို့ ဆင်းလာသည့်အခါ ကျနော့်အား ပြုံးပြသွားပါသည်။ ဗိုလ်ချုပ်၏ အပြုံးကို မြင်ရသည့် ကျနော်သည်လည်း “ထူးထွေသည့် အံ့ရာသော်” ဖြစ်သွားမိပါသည်။

မှတ်မိပါသေးသည်။ အချိန်မှာ ည ၇ နာရီခွဲ လ ကလည်း အလွန်သာနေပါသည်။ ၀ရံတာတွင် ထိုင်ပြီး တယောကလေးကို စမ်းနေခိုက် ဗိုလ်ချုပ်သည် အပြင်မှ ဗိုလ်စကြာနှင့်အတူ ပြန်လာပြီး ကျနော်၏ အခန်းတံခါးကို ခေါက်ကာ ”ဒေါက်တာ မြင့်ဆွေ... တယောယူပြီး လိုက်ခဲ့စမ်းဗျာ။ ဟို ဆရာမ မခင်ကြည်တို့ဆီ အလည်သွားရအောင်” ဟု ပြောသဖြင့် ကျနော်လည်း အချစ်တော် တယောလေးနှင့်အတူ လိုက်သွားရပါတော့သည်။

+++++++++++++++++အပိုင်း ၂ +++++++++++++++++++++++

ကျနော်တို့ ၃ ဦးသားသည် ဆေးရုံကြီး အပေါ်ဆုံးထပ်ရှိ ဒေါ်ခင်ကြည်တို့ အခန်းသို့ တက်လာခဲ့ကြပါသည်။ အပေါ်ဆုံးထပ် ကော်ရစ်ဒါတွင် လရောင် ဖြာကျနေပါသည်။ လေအေးကလေးမှာလည်း သစ်ပင်များကို လှုပ်ရှားစေပြီးနောက် မြက်ခင်းပြင်ကို ကျော်ဖြတ်ကာ ကျနော်တို့အား ဆီးကြို နှုတ်ဆက်ရာတွင် ကျနော်တို့မှာ လွန်စွာမှ ချမ်းမြေ့ ကြည်နူး နေမိကြပါသည်။

ဗိုလ်ချုပ်သည် အစဉ်သဖြင့် တင်းမာခက်ထန်သော မျက်နှာထားရှိရာ ဗိုလ်ချုပ်ကို မြင်ဖူးသူများမှာ ထိုသို့ တင်းမာခက်ထန်သော သွင်ပြင်ကိုသာ မြင်ဖူးကြပါလိမ့်မည်။ အေးမြကြည်သာလှသည့် မျက်နှာပေးကို မြင်ဖူးသူ နည်းပါးလှလိမ့်မည်ဟု ကျနော် ထင်မိပါသည်။ ထိုညကမူ ဗိုလ်ချုပ်၏မျက်နှာမှာ နူးညံ့ပျော့ပျောင်းစွာ ပြုံးနေသည်ကို ကျနော် ကောင်းစွာ သတိထားခဲ့မိပါသည်။ ဗိုလ်ချုပ်၏ ထိုမျက်နှာပေးမျိုးကိုလည်း ကျနော်တစ်ယောက်သာ မြင်ဖူးလိမ့်မည် ထင်ပါသည်။ ဗိုလ်ချုပ်၏ မျက်နှာထားကို အစဉ် တင်းမာစေခဲ့သည့် တိုင်းပြည်နှင့်လူမျိုးအတွက် သေရေးရှင်ရေး ကိစ္စများမှာ ထိုည ထိုအချိန်က ဗိုလ်ချုပ်ထံမှ အခိုက်အတန့်အားဖြင့် ရှောင်ခွာနေပေလိမ့်မည်ဟု ကျနော် ယူဆခဲ့မိပါသည်။

ဘီအိုင်အေ ဆေးရုံကြီး အပေါ်ဆုံးထပ် အနောက်တောင်ထောင့်ရှိ အခန်းလေးတွင် ဒေါ်ခင်ကြည်၊ ဒေါ်ခင်ကြီး နှင့် ဆရာမ မတင်ထွေးတို့ နေထိုင်ကြပါသည်။

”ဆရာမ... ဧည့်သည် လာတယ်”

အခန်းဝတွင် ရပ်ပြီး ဗိုလ်ချုပ်က အသံပြုလိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အသံ ကြားသည်နှင့် တပြိုင်နက် ဒေါ်ခင်ကြီးနှင့် ဆရာမ မတင်ထွေးတို့သည် ဧည့်ခန်းတွင် ထိုင်နေရာမှ အိပ်ခန်းတွင်းသို့ ၀င်သွားကြပါတော့သည်။ ဒေါ်ခင်ကြည်ကမူ ပြုံးရွှင်စွာဖြင့်....

”ဗိုလ်ချုပ်တို့အလည်လာကြသလား... ထိုင်ကြပါ၊ ထိုင်ကြပါ။ ဧည့်ခန်းထဲက အိုက်ပါတယ် ၀ရံတာထွက်ရအောင်
ဒေါ်ခင်ကြည်က ပြောပြောဆိုဆိုနှင့် ဧည့်ခန်းထဲမှ ကုလားထိုင် ၂ လုံး ဆွဲထုတ်ကာ ၀ရံတာတွင် ရှိနေသည့် စားပွဲဝိုင်းလေးကို ၀ိုင်းပြီး ချလိုက်ပါသည်။ ကျနော်လည်း အခြား ကုလားထိုင်တစ်လုံး ဆွဲထုတ်ပြီး စားပွဲလေးနားသို့ ပို့လိုက်ပါသည်။ ၄ ယောက်သား အသီးသီး နေရာယူကြပြီး စကား စ ပြောကြပါသည်။ ကျနော်၏ အချစ်တော်တယောကလေးကိုမူ ဧည့်ခန်းတွင်းရှိ ခုံရှည်လေးတစ်ခုပေါ်တွင် တင်ထားလိုက်ပါသည်။

ဗိုလ်ချုပ်က...
”ဘယ့်နှယ်လဲ ဆရာမ... အလုပ်လုပ်ရတာ ပျော်ရဲ့လား။ အမှုထမ်းက နည်း၊ လူနာက တဖြည်းဖြည်း များလာ၊ ဆေးရုံကလည်း နေသားတကျ မဟုတ်သေးတော့ ပင်ပန်းမှာပေါ့။ ရွှေတောင်တိုက်ပွဲက ဒဏ်ရာရလာတဲ့ လူနာတွေ ဘယ်အခန်းမှာ ထားသလဲ”

”အခုအချိန်မှာ အလုပ်လုပ်ရတာ ပင်ပန်းတော့ ပင်ပန်းတာပဲ။ ဒါပေမယ့် ပင်ပန်းတာကိုချည်း ကြည့်လို့တော့ မဖြစ်ဘူးပေါ့။ ကျမတို့ သူနာပြုဆရာမတွေလည်း ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေပြီး ကိုယ့်တိုင်းပြည်အတွက် ၀င်ရောက် ကူညီဖို့ရာက ကျမတို့ရဲ့ တာဝန်ပါပဲ။ ရွှေတောင်တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့ လူနာတွေကတော့ အခန်းနံပါတ် (၂) မှာ ရှိပါတယ်။ အဲဒီ လူနာတွေကို ဒေါက်တာမြင့်ဆွေတို့ စောင့်ရှောက်နေတာပါပဲ”

"ဆရာမ ... ကျနော်တို့ တတွေဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ ခရီးတလျှောက်မှာ ဆရာမတို့လို ကြင်နာယုယစွာ ပြုစုခြင်းကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရပါဘူး။ ဒီဆေးရုံရောက်မှ အခုလို ပြုစုယုယတဲ့ ဆရာမတို့နဲ့ တွေ့တော့ စိတ်ထဲမှာ ချမ်းမြေ့ကြည်နူးမိတယ်ဗျာ။ ကိုင်း ဆရာမ... သီချင်းတစ်ပုဒ်လောက် ဆိုစမ်းပါ။ ဒေါက်တာမြင့်ဆွေက တယောကိုင်ဗျာ..."

”အို... ဗိုလ်ချုပ်ကလည်း ရှက်စရာကြီး။ ဘယ်ဆိုတတ်ပါ့မလဲ”

”ဆိုသာဆိုပါ၊ ရှက်စရာ မရှိဘူး။ ကျနော်တို့ချည်းပဲ ရှိတာပါ”

ကျနော်သည် တယောလေးကို ထ ယူပြီး တို့ထိလျက် အသံပေါ်အောင် ဖြည်းညင်းစွာ ဆွဲလိုက်ပါသည်။ ဗိုလ်စကြာက ကြားဝင်၍ ” ခင်ဗျား ... စိန်ခြူးကြာညောင် ဆိုတတ်သားပဲ” ဟု ဒေါ်ခင်ကြည်အား ပြောလိုက်ပါသည်။ ဒေါ်ခင်ကြည်သည် ထိုအချိန်က ကြီးကျယ်ထင်ရှားလှသည့် ပုဂ္ဂိုလ်ကြီး ၂ ဦး၏ ခိုင်းစေမှုကို မလွန်ဆန်နိုင်တော့ဘဲ သီချင်းဆိုရင် ဟန်ပြင်ပါတော့သည်။

ကျနော်လည်း စိန်ခြူးကြာညောင်ကို ဘောလယ်ကွက်ဖြင့် စပြီး အသံပေးလိုက်ပါသည်။ ကျနော် အသံပေးလိုက်သည့် ဘောလယ်ကွက်မှာ ဒေါ်ခင်ကြည်ဆိုမည့် စိန်ခြူးကြာညောင် မဟုတ်ပါ။ ဒေါ်ခင်ကြည် ဆိုမည့် စိန်ခြူးကြာညောင်မှာ စစ်ကြိုခေတ်က နာမည်ကျော် ရုပ်ရှင်မင်းသမီး မေရှင် ဆိုခဲ့သော ‘မယ်ခုမျှော်’ သီချင်းဖြစ်ပါသည်။ ထိုအကြောင်းကို သိလိုက်သည်နှင့်တပြိုင်နက် ကျနော်ကလည်း ဘောလယ်ကွက် တီးနေရာမှ သံဆန်းသို့ ပြောင်းလိုက်ပါသည်။ ဒေါ်ခင်ကြည်၏ အသံမှာ သာယာချိုအေးစွာ ထွက်ပေါ်လာခဲ့ပါသည်။

(မှန်ရွှေဖြူ ပြတင်းငယ်နော်၊ ရော်ကာ ရမ်းလို့ တွေးမျှော် ... အရုဏ်တော်ကျူးလို့ လင်းသော်၊ ပျိုမေ စောင့်လို့ သာမျှော် ) ၂ (သန်းခေါင်ယံတည်းက နော် ... ပေါ်လာမယ် စောင့်လို့မျှော်။ တွန်ချိန်သံ ရောက်လို့ ပျိုဆွမ်းကပ်ချိန် ရောက်သော်။ ကြက်ဖ တွန်ကျူးလို့ ကျော်) ၂

(စိန်ခြူးကြာညောင်၊ လရောင်လင်းသော်၊ မှန်ရွှေဖြူပြတင်းကနော်၊ သန်းခေါင်ဦးမယ်ခုမျှော်) ၂ သုံးချက်စည်တော် စည်တော်၊ ရိုက်ဆော်ညင်းသော် လင်းအောင် မယ်ခုမျှော်....

++++++++++++++++ အပိုင်း ၃ +++++++++++++++++++++++

(စိမ်းကားလွန်းသော်၊ ဖိုးရွှေလကိုပြောလိုက်ပါနော်။ ချစ်မိတဲ့သူ့အပေါ် ဘယ်ဆီမှာမျှော်) ၂ ခေါ်ပေးပါလားလို့နော်။ တွေ့ရမှ ရွှင်ပျော်၊ စိတ်သက်သာမနော်။

(စိန်ခြူးကြာညောင်၊ လရောင်လင်းသော်၊ မှန်ရွှေဖြူ ပြတင်းကနော်၊ သန်းခေါင်ဦးမယ်ခုမျှော်)၂ သုံးချက်စည်တော် စည်တော်၊ ရိုက်ဆော်ညင်းသော် လင်းအောင် မယ်ခုမျှော် ... xxx

***

ဗိုလ်ချုပ်အကြောင်း စာတွေ ကျွန်မဘလော့ဂ်မှာ စုစည်းချင်တယ်ဆိုတဲ့ ကျွန်မကို
မရန်ကုန်သူ @ မnu-san မှ ဒီပို့စ်တခုလုံးကို type ပြီး ပို့ပေးတာပါ။ ဒီစာတွေကို ဖတ်ပြီး ကျေးဇူးတင်ချင်လျှင် မရန်ကုန်သူ ကိုသာ ကျေးဇူးတင်ကြပါရှင်။


Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*