နာမည်ကျော်အဆိုတော်မေရှင်၏ မယ်ခုမျှော်သီချင်းမှာ ဗိုလ်ချုပ်၏ နားထဲသို့ သာယာကြည်နူးစွာ စိမ့်ဝင်သွားစေခဲ့ပါသည်။ တောင်ဘက်မှ တိုက်ခတ်လာသည့် လေနုအေးလေး၏ အရသာနှင့် သီချင်းသံ၏ အရသာမှာ မည်သည်က သာလွန်သည်ကို ကျနော် မဆုံးဖြတ်နိုင်ပါ။ ကျနော်နှင့် ဗိုလ်ချုပ်သည် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိကြရာ ကျနော်သည် တယောထိုးရင်း ဗိုလ်ချုပ်ကို စူးစိုက်ကြည့်ပြီး အမျိုးမျိုး အကဲခတ်နေမိပါသည်။ ထိုအခိုက် သီချင်းသံမှာ ရပ်သွားပါတော့သည်။
”သိပ်ကောင်းတာပဲဗျာ.. တစ်ခေါက်ထပ်ပြီး ဆိုပြပါဦး”
ဗိုလ်ချုပ်က ခိုင်းသဖြင့် ဒေါ်ခင်ကြည်မှာ ထပ်မံ ဆိုရပြန်ပါသည်။ တယောသံမှာလည်း ဒေါ်ခင်ကြည်၏ အသံကို မှေးလျက် အကွက်ကျ ဖြစ်နေပါတော့သည်။
”ကိုင်း... တော်ပါတော့” ဟု ဗိုလ်ချုပ်က ပြောမှ ကျနော်တို့ ရပ်လိုက်ကြပါသည်။ ထို့နောက် ဒေါ်ခင်ကြည် ဧည့်ခံသည့် ကော်ဖီနှင့် မုန့်များကို စားသောက်ပြီး ကျနော်တို့ ပြန်လာကြပါသည်။
ဤသို့ တစတစနှင့် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်နှင့် ရင်းနှီးခဲ့ပါသည်။ ဗိုလ်ချုပ်၏ စိတ်ဓာတ်များ ပြောင်းလဲလာသကဲ့သို့ပင် ဒေါ်ခင်ကြည်သည်လည်း ပြောင်းလဲလာသည်ကို ကျနော် အကဲခတ်မိပါသည်။ အစ ပထမတွင် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်နှင့် တွေ့ဆုံရန်သွားတိုင်းလိုလို ကျနော် လိုက်ပါခဲ့ရသော်လည်း နောက်ပိုင်းတွင်မူ ကျနော် လိုက်ပါသွားရန် အကြောင်းမပေါ်ပေါက်တော့ပါ။ သို့သော် တစ်နေ့သော ညနေ ၅ နာရီခန့်တွင် ကျနော်၏ လုပ်ငန်းတာဝန်များပြီးစီး၍ ကျနော်၏ အခန်းသို့ ပြန်ပြီး အနားယူနေခိုက် ဗိုလ်ချုပ်သည် ရွှေပေါက်ပင် ဦးဘသိန်း (ယခု ကွယ်လွန်ပြီး) နှင့်အတူ ကျနော်၏ အခန်းဝတွင် ပေါ်လာပါသည်။
”ဗျို့ ... ဒေါက်တာမြင့်ဆွေ၊ လာဗျာ... မိန်းမ သွားတောင်းမလို့ လိုက်ခဲ့စမ်းပါ” ဟု ဆိုင်းမဆင့် ဗုံမပါဘဲ ဗြုံးခနဲ ပြောလိုက်သဖြင့် ကျနော့်မှာ လွန်မင်းစွာ အံ့အားသင့်သွားမိသော်လည်း ဗိုလ်ချုပ်က ခေါ်နေသည်ကိုမူ မငြင်းနိုင်ဘဲ လိုက်သွားခဲ့ပါသည်။ ဒေါ်ခင်ကြည်တို့ အခန်းဝသို့ ရောက်သည့်အခါ ဗိုလ်ချုပ်က ”မိန်းမ တောင်းရအောင် လာတယ်....” ဟု အော်လိုက်ပါသည်။ ဗိုလ်ချုပ်၏ အသံကို ကြားသည်နှင့်တပြိုင်နက် ဒေါ်ခင်ကြည်သည် ရှက်ကိုးရှက်ကန်းနှင့် အခန်းထဲသို့ ၀င်ပြေးသွားပါသည်။ သို့သော် ကြာရှည်စွာ ပုန်းမနေနိုင်ပါ။ ဗိုလ်ချုပ်က အော်ခေါ်သဖြင့် ဒေါ်ခင်ကြည်သည် အခန်းထဲမှ ထွက်လာရပါသည်။
ဗိုလ်ချုပ်က ...”ကျနော်လာတာ တခြား မဟုတ်ပါဘူး။ မိန်းမ တောင်းရအောင် လာတာ” ဟု ထပ်မံ ပြောလိုက်ပြန်ရာ ရွှေပေါက်ပင် ဦးဘသိန်းနှင့် ကျနော်မှာ ကြောင်နေကြပါသည်။ ဒေါ်ခင်ကြီးကမူ ပြုံးနေပါသည်။ ဒေါ်ခင်ကြည်ခမျာ နှင်းဆီသွေး ဖျန်းနေသည့် မျက်နှာကို အောက်သို့ ချလျက် ခေါင်းမဖော်ဘဲ ရှက်ပြုံး ပြုံးနေရှာပါသည်။ ဒေါ်ခင်ကြည်က မည်သို့မျှ မပြောသဖြင့် ထိုနေ့က ဗိုလ်ချုပ်လိုချင်သည့်အဖြေကို မရရှိဘဲ အခြားစကားများကို ပြောပြီးနောက် ကျနော်တို့တတွေ ပြန်လာခဲ့ကြပါသည်။
ထိုနေ့မှစပြီး ဗိုလ်ချုပ်လာတိုင်း ဒေါ်ခင်ကြည် ပုန်းနေလေ့ရှိသည်ကို ကျနော်တွေ့ရပါသည်။ မကြာမီပင် ဗိုလ်ချုပ်မှာ ရောဂါများပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပါသည်။ ဆေးရုံမှဆင်းပြီးနောက် တိုင်းပြည်အတွက် ကြီးလှသည့်တာဝန်များကို ဆက်လက်ထမ်းဆောင်နေရသည့် ဗိုလ်ချုပ်နှင့် ဆေးရုံမှာ အတော်ကြာ အဆက်ပြတ်သွားပါသည်။ ထိုအချိန်က ကျနော်တို့ ဆေးရုံအမှုထမ်းများမှာလည်း တနေ့တခြား များပြားလာသည့် လူနာများအား ပြုစုကုသရန် တာဝန်ပိုမိုလာပါသည်။ သို့သော် ကျနော်တို့တတွေမှာ မည်မျှပင် ပင်ပန်းနေစေကာမူ ပျော်ရွှင်စွာဖြင့် လူနာများအား တတ်အားသမျှ အစွမ်းကုန် ပြုစုစောင့်ရှောက်ခဲ့ကြပါသည်။
ဤသို့ ရှိသမျှ ဆရာဝန်၊ ဆရာမများနှင့် မနိုင်မနင်းဖြစ်နေခိုက် ဘီအိုင်အေ ဆေးရုံကြီးသို့ ဆရာမ တော်တော်များများ ၀င်ရောက်လာကြပါသည်။ ယခု B.M.H စစ်ဆေးရုံကြီးတွင် ဆက်လက်လုပ်ကိုင်လျက် ရှိကြသော သူနာပြုမှူး ဗိုလ်မှူး ဒေါ်ခင်စီ၊ ဒု သူနာပြုမှူး ဗိုလ်မှူး ဒေါ်တင်ကြည်၊ ဗိုလ်မှူး ဒေါ်ရင်နု၊ ဒေါ်ကယ်လီရား (ယခု ဗိုလ်မှူးကြီး မောင်မောင်သန်း၏ ဇနီး)၊ ဗိုလ်ကြီး ဒေါ်မြ နှင့် ၎င်း၏ ညီမဖြစ်သူ ဒေါ်ခင်ညွန့်၊ ဗိုလ် ဒေါ်တင်နု၊ ဒေါ်ချစ်စီ (ယခု ရန်ကုန်ဆေးရုံကြီး)၊ ဒေါ်မေမေစု၊ ဒေါ်ရီရီဝင်း၊ ဒေါ်ခင်ခင်ရွှေ၊ ဒေါ်ထွေးတင်၊ ဒေါ်ရှာလီ၊ ဒေါ်သန်းစိန်၊ ဒေါ်လူစီ၊ ဒေါ်ခင်ညွှန့် (ယခု အာရ်အေ) စသည်တို့ ၀င်ရောက်လုပ်ကိုင်လာကြပါသည်။
တစ်နေ့ညနေ ၅ နာရီ အချိန်ခန့်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဒေါ်ခင်ကြည်အား ညစာ ထမင်းစားရန် ဖိတ်ပါသည်။ ထို ထမင်းစားပွဲသို့ ဒေါ်ခင်ကြည်နှင့်အတူ ဆရာမ မတင်ထွေး လိုက်ပါသွားရန် ဖြစ်သော်လည်း အကြောင်းတစ်ခုကြောင့် မလိုက်ဖြစ်ဘဲ ဆရာမ မမြ လိုက်ပါသွားပါသည်။ ထိုညက ဗိုလ်ချုပ်၏ ထမင်းစားပွဲမှာ သူ၏ ဘ၀ကြင်ဖော် ရွေးချယ်သည့်ပွဲပင် ဖြစ်ပါသည်။ ထမင်းစားပွဲအပြီးတွင် ဗိုလ်ချုပ်က ဒေါ်ခင်ကြည်အား သူ၏ ဘ၀ခရီးဖော်အဖြစ် လက်တွဲရန် ခွင့်ပန်တော့ရာ ဒေါ်ခင်ကြည်လည်း မငြင်းသာတော့ဘဲ လက်ခံလိုက်ရပါတော့သည်။
နောက်တစ်နေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် ဒေါ်ခင်ကြည်သည် Pantry (အစားအသောက်များ၊ ပန်းကန်များ ထားသည့်အခန်း) ထဲတွင် ဆရာကြီး ဦးဘသန်းနှင့်တကွ ဆရာဝန်များသောက်ရန် ကော်ဖီ ဖျော်နေပါသည်။ ကျနော် ကော်ဖီသောက်ရန် Pantry ထဲသို့ ၀င်သွားသည့်အခါ ဒေါ်ခင်ကြည်က ”ဒေါက်တာမြင့်ဆွေ... ညက ထမင်းစားပွဲမှာ ဗိုလ်ချုပ်က သူနဲ့လက်ထပ်ဖို့ ပြောလို့ ကျမတော့ ကတိပေးခဲ့ပါပြီ။ အဲဒါ ဒေါက်တာမြင့်ဆွေ ဘယ်လိုသဘောရသလဲ” ဟု မေးပါတော့သည်။
”ဘယ်လို သဘောရရမလဲ။ ဒီပုဂ္ဂိုလ်ကြီးကို ကြင်ဖက်အဖြစ် ရတာ ဆရာမအတွက် အင်မတန် ကုသိုလ် ထူးပါတယ်။ နောင်တစ်ခေတ်မှာ ဆရာမဟာ အင်မတန်ထင်ရှားတဲ့ အမျိုးသမီးကြီး ဖြစ်လာရမှာပဲ” ဟု ကျနော် ပြန်ပြောလိုက်ပါသည်။
ကော်ဖီသောက်ပြီးနောက် ကျနော်၏ အလုပ်ရှိရာ အောက်ဆုံးထပ် Basement Surgical ward သို့ ဆင်းလာခဲ့သည်။ ၁၀ နာရီခွဲ အချိန်ခန့်တွင် ကျနော့်ထံသို့ သူနာပြု လက်ထောက် မောင်သန်းထွန်း ရောက်လာပြီး ဆရာကြီး ဦးဘသန်းက ခေါ်နေကြောင်း ပြောသဖြင့် ဆရာကြီး အခန်းထဲသို့ ၀င်သွားပါသည်။ အခန်းထဲတွင် ဒေါ်ခင်ကြည်မှာ ဗိုလ်ချုပ်နှင့် လက်ထပ်တော့မည်ဖြစ်ကြောင်းနှင့် လက်ထပ်ခွင့် ပေးပါရန် ဆရာကြီးအား ခွင့်ပန်နေသည်ကို တွေ့ရပါသည်။
ဆရာကြီးက ကျနော့်ကို မြင်သည်နှင့်တပြိုင်နက် ”မောင်မြင့်ဆွေ ... ဆရာတို့တတွေတော့ အခုအချိန်မှာ ဆေးရုံကြီးအတွက် အင်မတန် လိုအပ်နေတဲ့ ဆရာမ ကောင်းတစ်ယောက် ဆုံးရှုံးရအုံးမယ်။ ‘ရှင် နည်းရတဲ့အထဲ အဂ္ဂလူထွက်ပြန်တာပေါ့’ မခင်ကြည် လက်ထပ်တော့မယ်လေ။ ဒါပေမယ့် သူ့တစ်သက်တာ နောင်ရေးအတွက်မို့ ဆရာတို့ ခွင့်ပြုရမှာပေါ့။ မင်းလုပ်စရာရှိတဲ့ အစီအစဉ်သာ လုပ်ပေတော့။ မောင်မြင့်ဆွေ ... မင်းဟာ ဆရာရဲ့ညီ ဆိုလည်း ဟုတ်တယ်၊ တူ ဆိုလည်း ဟုတ်တယ်။ ခုလိုအချိန်ကြီးမှာ မခင်ကြည်လို ဆရာမတစ်ဦးကို လက်လွှတ်ရတာဟာ ဆရာတို့ ဆေးရုံအတွက် ဆုံးရှုံးမှုတစ်ရပ်ပဲ။ ဒါပေမယ့် ဆရာတို့ ၀မ်းနည်းနေကြလို့ မပြီးသေးဘူး။ ဆရာတို့မှာ တာဝန်တွေ အများကြီး ရှိတယ်။ ကျန်ရစ်တဲ့သူနဲ့ ဖြစ်အောင် လုပ်ရမှာပဲ။ မောင်မြင့်ဆွေလည်း အားမငယ်ပါနဲ့။ အခုအချိန်မှာ ဆရာ့အနေနဲ့ မင်းရယ်၊ ဗိုလ်လှသမိန်ရယ်၊ မောင်စံမြင့်ရယ်၊ ဒီ ၃ ယောက်ကို အားကိုးနေရတာပဲ” ဟု ပြောပြီး ကျနော့်အား လုပ်ရန်ရှိသည့် တာဝန်များ ဆက်လက် ထမ်းဆောင်ရန် ပြောလိုက်သဖြင့် ကျနော်လည်း ဆရာကြီး၏ အခန်းတွင်းမှ ဖြည်းညင်းစွာ ထွက်လာခဲ့ပါသည်။
ဆရာကြီးမှာ ဆရာမ ကောင်း တစ်ဦး လက်လွှတ်ရတော့မည်ဖြစ်၍ မျက်နှာမကောင်းလှဘဲ ကျန်ရစ်ရှာပါသည်။
၁၉၆၈ ခုနှစ် ဇူလိုင်လတွင် ဒုတိယအကြိမ် ထုတ်ဝေသည့် ၀ဏ္ဏကျော်ထင် ဒေါက်တာမြင့်ဆွေ၏ ‘မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ် ’ စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။
ဧရာဝတီ မြန်မာအင်တာနက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။
***
ဗိုလ်ချုပ်အကြောင်း စာတွေ ကျွန်မဘလော့ဂ်မှာ စုစည်းချင်တယ်ဆိုတဲ့ ကျွန်မကို မရန်ကုန်သူ @ မnu-san မှ ဒီပို့စ်တခုလုံးကို type ပြီး ပို့ပေးတာပါ။ ဒီစာတွေကို ဖတ်ပြီး ကျေးဇူးတင်ချင်လျှင် မရန်ကုန်သူ ကိုသာ ကျေးဇူးတင်ကြပါရှင်။
1 comments:
မမရေ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်နော်။
Post a Comment