Friday, August 3, 2007

တွေးချင်ရာတွေး ရေးချင်ရာရေး (၃)



ကျွန်မ ခုရက်ပိုင်း တွေးနေမိတာကတော့ ၀ဋ်လည်ခြင်းဆိုတာကိုပါပဲ။ တကယ်တော့ ၀ဋ်လည်တယ်ဆိုတာ ကိုယ်ပြုလုပ်တဲ့ ကံအတိုင်း ပြန်ခံရတယ်ဆိုတဲ့ သဘောပေါ့နော်။ အဲဒီ ၀ဋ်လည်ခြင်းမှာ အကြမ်းဖျင်းအားဖြင့် လက်ငင်းအကျိုးပေးတာနဲ့ ကာလ အတန်ကြာမှ ဒါမှမဟုတ် နောင်ဘ၀မှ အကျိုးပေးတာဆိုပြီး နှစ်မျိုး ရှိတယ်လို့ ကျွန်မ သိထားတယ်ပေါ့။ အဲဒါကို ယုံကြည်လားလို့ ကျွန်မကို လာမေးရင် ဘယ်လို ဖြေရမှန်းကို မသိဘူး။ ဘာလို့လဲဆိုတော့ ကြီးကြီးကျယ်ကျယ် အမှားတွေလုပ်၊ သူတပါးကို မကောင်းတာ အားရပါးရ လုပ်ထားကြတဲ့လူတွေကျ ကိုယ့်ရှေ့မှာ ပြန်ဝဋ်လည်သွားတာ ရှားတယ်။ အမှားသေးသေးလေး ဘာမဟုတ်တာလေးလုပ်ပြီး ဥပမာ သူများကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် ကဲ့ရဲ့မိတာမျိုးကျ ချက်ချင်းဝဋ်လည်တတ်တယ်ဆိုတော့ မတရားသလိုပဲ ခံစားမိတယ်။

ပြောရရင်တော့ ကျွန်မဆို ခဏခဏ ၀ဋ်လည်တယ်။ အများအားဖြင့်လည်း ကြုံဖူးကြမှာပါ။ ကိုယ်က စိတ်ထဲက ဒီလောက်လည်း မပါ၊ သူများ ထိခိုက်နစ်နာ လောက်အောင်လည်း မဟုတ်ဘဲ ပြောမိ၊ တွေးမိပြီးမှ သိပ်မကြာဘူး ကိုယ့်မှာ လာဖြစ်တာမျိုးပေါ့။ ကျွန်မ မှတ်မှတ်ရရဖြစ်စေတဲ့ ၀ဋ်လည်တာကတော့ မျက်နှာမှာ ၀က်ခြံပေါက်ခြင်းလို့ ပြောရမယ်။ အခုတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က အဖြစ်အပျက်ပါ။ ကျွန်မ မျက်နှာက ဘာအဖုအပိန့်မှ မပေါက်တတ်ဘူး။ အဲဒါကိုလည်း တော်တော် ဂုဏ်ယူခဲ့ပါတယ်။ သနပ်ခါး အရမ်းကြိုက်တဲ့ ကျွန်မ သနပ်ခါးကလွဲပြီးလည်း ဘာမှ လိမ်းလေ့ သိပ်မရှိပါဘူး။ မျက်နှာမှာ ပေါက်တဲ့အဖုကို ၀က်ခြံမှန်း မသိရလောက်အောင်ကို ၀က်ခြံက ပေါက်ခဲပါတယ်။ ပေါက်ရင်လည်း တစ်လုံးလောက် ပေါက်ပြီး တစ်ရက်၊ နှစ်ရက်နေရင် သူ့အလိုလို ပျောက်သွားတယ်။ အမာရွတ်တွေ၊ အမည်းစက်တွေ ဘာညာလည်း ကျန်မနေတတ်ဘူး။

ဒီနိုင်ငံက လူတွေကတော့ မျက်နှာမှာ တော်တော် ၀က်ခြံပေါက်ကြတယ်။ တစ်မျက်နှာလုံး ရဲ နေအောင်ကို ပေါက်ကြတာပါ။ အဲလို ၀က်ခြံအပြည့်နဲ့ မျက်နှာကို မြင်ရရင် စိတ်ထဲမှာ ရွံသလို၊ မသတီသလို ခံစားရတယ်။ တမင်သက်သက် လုပ်ယူတာလည်း မဟုတ်ပါဘဲနဲ့ အဲဒီလို ဖြစ်တတ်တာ ကောင်းတော့ မကောင်းဘူးပေါ့လေ။ တစ်ရက်တော့ ကျွန်မသူငယ်ချင်းတစ်ယောက်က အဲလိုပဲ ၀က်ခြံတွေ ပေါက်နေတယ်။ ကျွန်မကလည်း အငြိမ်မနေဘဲ စိတ်ထဲကလည်း သိပ်မပါဘဲနဲ့ "ဟင်...နင့်မျက်နှာကလည်း ၀က်ခြံတွေနဲ့ ငါ့မျက်နှာက ဘယ်တော့မှ ၀က်ခြံမပေါက်ဘူး" လို့ ပြောဖြစ်တယ်။ ပြီးတော့ ကားတစ်စီးပေါ်မှာ အဲလို ၀က်ခြံအပြည့်နဲ့ ဒီနိုင်ငံသား တစ်ယောက်မျက်နှာကို အနီးကပ် တွေ့ရတဲ့အခါ စိတ်ထဲကနေ "အမလေး...ကြောက်စရာကြီး" ဆိုပြီး ဖြစ်သွားတယ်။ တကယ်လည်း လန့်သွားတာပါ။

ဒါပေမဲ့ အဲဒီလိုမျိုးတွေနဲ့ မရှည်မနှောင်းမှာပဲ ကျွန်မမျက်နှာ မယ်ကုဝံထက် ဆိုးတဲ့အဖြစ်ကို ရောက်လာပါရောလား။ ဖြစ်ပုံက ဒီလို။ Expiry Date ကုန်နေတဲ့ မျက်နှာသစ်ဆေးရည်ကို နှမြောတသစွာနဲ့ သုံးမိရာက စတာပါပဲ။ အဲဒီမျက်နှာသစ်ဆေးရည်က ဘယ်တုန်းက ၀ယ်ထားမှန်း မသိဘဲ၊ ဘယ်ချောင်ကနေ ပြန်တွေ့မှန်းလည်းမသိဘဲ ကျွန်မတို့ ရေချိုးခန်းထဲကို ရောက်လာတယ် (ကျွန်မအထင်တော့ အမေ့လက်ချက်ဖြစ်မယ်...:P)။ ဗူးကလည်း လုံးဝမသုံးရသေးတဲ့ အသစ်၊ သက်တမ်းကုန်မဲ့ရက်ကို ရှာတော့လည်း ရှာမတွေ့။ ဒါနဲ့ ကျွန်မအစ်မတွေ သုံးနေတဲ့ ဗူးထဲက မသုံးဘဲ အဲဒါကိုပဲ တစ်ယောက်ထဲ အမိုက်ခံသုံးမိပါတယ်။ ဒီဗူးသက်တမ်း ကြာနေပြီဆိုတာတော့ စိတ်ထဲ စနိုးစနောင့် ဖြစ်မိတယ်။ စိတ်ထင်လို့လား မသိပေမဲ့ မျက်နှာသစ်နေရင်း ဆေးရည်တွေက ၀ါတာတာ ဖြစ်နေသလိုပဲလို့ တွေးမိတယ်။ ဒါပေမဲ့လည်း နှမြောလွန်းလို့ ကျွန်မတစ်လနီးပါးသုံးလိုက်သေးတယ်။ တကယ်ဆို ဒီလို မျက်နှာသစ်ဆေးရည်တွေ၊ အလှပြင်ပစ္စည်းတွေက ကျွန်မ အစ်မက ဒိုင်ခံဝယ်တာပါ။ ခုလို ကိုယ့်ဟာကိုယ် ၀ယ်စရာမလိုတာတောင် ဘာကိုမှန်းမသိ ကျွန်မ ကပ်စေးနဲမိတဲ့အဖြစ်။

နောက်ဆုံး တစ်လလောက်ကြာတဲ့အချိန်မှာ ကျွန်မမျက်နှာ အဖုတွေ ပေါက်လာလိုက်တာ နေရာလပ်မရှိဘဲ။ နီနီရဲရဲလေးတွေ၊ ပုံစံမျိုးစုံနဲ့။ တစ်ဖုပျောက်ရင် နောက်တစ်ဖု၊ နောက်တစ်ဖုနဲ့ အလှည့်ကျ ပေါက်လာလိုက်တာ ကျွန်မလည်း သနပ်ခါးလိမ်းရုံကလွဲလို့ ဘာမှ မတတ်နိုင်။ အဲဒီမျက်နှာသစ်ဆေးဗူးတော့ လွှင့်ပစ်လိုက်ပြီး အစ်မတွေသုံးနေတာကို ပြောင်းသုံးလိုက်တယ်။ တနေ့၊ တနေ့ အိမ်ကလူတွေလည်း ကျွန်မမျက်နှာကို ကြည့်ရတာ စိတ်မချမ်းသာကြဘူး။ အဖေဆို ကျွန်မမျက်နှာ ပြန်မှ ကောင်းပါ့မလား စိတ်ပူရှာတယ်။ ဒီလိုနဲ့ တစ်လကျော် ကြာတယ်။ နောက်ပိုင်းတော့ ၀က်ခြံဖုက နည်းသွားတယ်။ ဒါပေမဲ့ ပေါက်နေတုန်းပါပဲ။ သုံးလကျော်ကြာမှ အရှင်း ပျောက်သွားတော့တယ်။ အဲဒီတုန်းက အပြင်ထွက်ရမှာလည်း ရှက်၊ ကိုယ့်မျက်နှာမြင်ပြီး သူများတွေ လန့်မှာ၊ ကဲ့ရဲ့မှာလည်း ကြောက်နဲ့ တော်တော် ဆိုးပါတယ်။ ဒါတောင် ကျွန်မ သူများတွေကို စိတ်ထဲက ပါလွန်းလို့ ပြောခဲ့တာလည်းမဟုတ်၊ ပစ်ပစ်နှစ်နှစ် ကဲ့ရဲ့ခဲ့တာလည်း မဟုတ်။ ဘာပဲဖြစ်ဖြစ် တော်တော်တော့ နောင်ကျဉ်သွားပါတယ်။ ခုဆို သူများမျက်နှာ ဘယ်လိုဖြစ်ဖြစ် ဘာခံစားချက်မှကို မရှိတော့ဘူး။

နောက်ထပ် ကိုယ့်ကိုယ်ကို စမ်းစစ်မိတာတခုကတော့
ခုတလော ကျွန်မ ရန်အရမ်းဖြစ်နေတယ်ဆိုတာပါပဲ။ မှတ်မှတ်ရရ အွန်လိုင်းမှာ ကျွန်မတစ်ယောက်ထဲ ဒိုင်ခံရန်ဖြစ်လာတာ ၆ လလောက်ရှိပါပြီ။ ဖိုရမ်တွေမှာဖြစ်လိုက်၊ ဘလော့ဂ်က ကွန်မန့်တွေမှာဖြစ်လိုက်၊ စီဘောက်တွေမှာ ဖြစ်လိုက်နဲ့။ ဖြစ်သမျှကိစ္စတွေကလည်း ကိုယ်နဲ့ သိပ်မဆိုင်တဲ့ ကိစ္စတွေကြီးပဲ။ သူများရှေ့က အမိုက်ခံပြီး လိုက်ရန်ဖြစ်ပေးတာက များတယ်။ တကယ်ဆို ကျွန်မက ရန်ဖြစ်ခဲပါတယ်။ အွန်လိုင်းမှာဆို ပိုဆိုးပေါ့။ ခုနောက်ပိုင်းမှ ဘယ်လိုဖြစ်နေပါလိမ့်လို့ တွေးမိတယ်။ ကျွန်မက စွာတယ်။ ဒေါသကြီးတယ်။ စိတ်ဆိုး၊ စိတ်တိုမြန်တယ်။ လုံးဝစိတ်မရှည်တတ်။ ကိုယ့်ပြောရင် ချက်ချင်းလက်ငင်း ပက်ခနဲ ပြန်ပြောဖို့ ၀န်မလေးတတ်။ (အားနာရတဲ့လူဆိုရင်တော့ ချက်ချင်း ပြန်မပြောတတ်ပါဘူး။ တနုံ့နုံ့တွေးပြီးမှ စိတ်တိုလာတတ်တာ...:D) ဒါပေမဲ့ ကျွန်မ လူတွေနဲ့ ပြဿနာဖြစ်ခဲတယ်။ ပြင်ပလောကမှာလည်း ကျွန်မနဲ့ ကတောက်ကဆ ဖြစ်တဲ့လူ ရှားတယ်။ မရှိသလောက်လို့ ပြောရင် ပိုမှန်မယ်။ ကျွန်မရဲ့ အပေါင်းအသင်းတွေက ကောင်းကြတာလည်း ပါမှာပေါ့လေ။ နောက်ပြီး ကျွန်မက ဘာကိုမှ စိတ်ထဲမထားတတ်၊ ကိုယ်နဲ့ ကီးမကိုက်၊ ကိုယ့်အယူအဆနဲ့ မကိုက်တဲ့လူဆို ဆက်ပေါင်းမနေဘူး။ သူ့ကိစ္စလည်း စိတ်မ၀င်စားတော့ဘဲ မေး၊ ထူး၊ ခေါ်၊ ပြောနဲ့ ပြီးသွားတယ်။ ဘာပဲပြောပြော ကိုယ့်စိတ်ထဲလည်း ဘာမှမရှိ၊ ကိုယ့်လည်း လူမုန်းမများ၊ ကျွန်မ မုန်းတဲ့လူလည်း မရှိနဲ့ အခု အသက် ၂၅ နှစ်ကျော်ထိ လူတွေနဲ့ ကြီးကြီးမားမားပြဿနာ မဖြစ်ခဲ့ဖူးဘူး။

ခုကျ အဲလိုမဟုတ်ဘူး။ စိတ်ကလည်း လက်တဆစ်ပဲ ရှိတဲ့ကျွန်မ ခုလို အွန်လိုင်းမှာ သူများကိစ္စ ၀င်ဝင်ပါနေတော့ လူမုန်းများလာတယ်။ ကျွန်မအတွက် လူမုန်းများတာက ကိစ္စမရှိပါဘူး။ ကျွန်မ နစ်ခ်အတိုင်း so what ??? ပေါ့။ ပြီးတော့ dont care ပါပဲ။ အဲလို ကိုယ့်ကို သူများမုန်းတာ အရေးမဟုတ်ပေမဲ့ ကျွန်မကပါ လူတွေကို အမြင်ကပ်လာ၊ ကြည့်မရဖြစ်လာတာကတော့ ကျွန်မအတွက် ပြဿနာပါပဲ။ ပြီးတော့ လူတွေကိုလည်း အယုံအကြည်မရှိ ဖြစ်လာတယ်ဆိုတော့ ဒါက ကောင်းတဲ့ အလားအလာမဟုတ်ဘူး။ ကျွန်မ လူတွေကို အမြင်ကပ်တော့ စိတ်ရှုပ်လာတယ်၊ ဒေါသတွေထွက်မိတယ်။ ဒီလူအချင်းချင်းမှ မယုံကြည်ရဘူးဆိုတော့ ပျော်လည်း မပျော်တော့ဘူး။ တကယ်ဆို မုန်းတီးမှုဆိုတာက မကောင်းပါဘူး။ ဘာအတွက် ကိုယ့်စိတ်ကိုယ် အပင်ပန်းခံနေမလဲ ကျွန်မ စဉ်းစားရတော့မယ်။ အဲဒီတော့ ကျွန်မတွေးမိတာက အရင်လိုပဲ ကိုယ်မကြိုက်ရင် အဆက်အဆံ ထပ်မလုပ်ရုံကလွဲလို့ သူများအတွက် ပူပန်ပေးမနေဘဲ ကိုယ့်ဟာကိုယ် အေးအေးသက်သာလေး နေတာပဲ ကောင်းပါတယ်လေလို့။

ဒီကြားထဲ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်ပြီး စိတ်ကူးနဲ့ ရူးနေသူတွေက တမျိုး။ ညက ဒေါသအထွက်လွန်ပြီး တော်တော်နဲ့ကို အိပ်မရဘူး။ ကျွန်မ သူငယ်ချင်းတစ်ယောက်ကလည်း ပြောတယ်... ဘ၀င်ရူးတွေက ကုရာနတ္ထိ ဆေးမရှိတဲ့။ ကျွန်မမှာ ကိုယ့်ခံစားချက်နဲ့ကိုယ် လွမ်းတာတောင် ကောင်းကောင်း မလွမ်းရ။ ကျွန်မရဲ့ အလွမ်းလေးတွေကို ဘာမဆိုင်၊ ညာမဆိုင်လူက သူ့ပြောတယ် ထင်ရသေးတယ်။ ကိုယ့်ဖီးလ်လေးနဲ့ကိုယ် သီချင်းလေးတွေ တင်ထားတာကိုလည်း သူ့ကို ရည်ရွယ်တယ် ထင်နေတယ်။ သူပြောမှ ကျွန်မတောင် အူကြောင်ကြောင် ဖြစ်သွားတယ်။ သီချင်းလေးတွေကိုလည်း အားနာမိတယ်။ ကျွန်မလွမ်းနေတဲ့ သူအတွက်လည်း စိတ်မကောင်းဖြစ်သွားတယ်။ သီချင်းခေါင်းစဉ်နဲ့ စာသားတွေကို သေချာကြည့်တော့လည်း အဲဒီလူနဲ့လားလားမှ မပတ်သက်၊
စကားတောင် ဟက်ဟက်ပက်ပက် မပြောပါဘဲလျက် ဟိုနား၊ ဒီနား အတူသွားဖူးရုံနဲ့ ဘာလို့ ဒီလိုထင်ပါလိမ့်လို့ ကျွန်မလည်း တွေးလို့မရ၊ လိုက်လို့မမှီအောင် ဖြစ်သွားတယ်။ တသက်နဲ့ တကိုယ် ဒီလောက် ကြောင်တဲ့လူ တခါမှ မတွေ့ဖူးခဲ့ဘူး။ ဒီလူ စိတ်မှ ကောင်းသေးရဲ့လားလို့တောင် တွေးမိတယ်။ စိတ်ပေါက်ပေါက်နဲ့ တွေးမိသေးတာက ငါ့ဘလော့ဂ်လေးမှာ ငါ့ဟာငါတောင် အေးအေးဆေးဆေး မလွမ်းရဘူးဆိုတာလည်း အရင်ဘ၀က၀ဋ် ခုမှ လည်တာများလား မသိဘူးလို့။

တွေးချင်ရာတွေး၊ ရေးချင်ရာရေးဆိုတဲ့အတိုင်းပဲ ကျွန်မစိတ်ထဲ ရှိတာတွေ ရေးချလိုက်ပြန်ပါပြီ။ ဘာပဲပြောပြော စိတ်ပေါ့သွားအောင်သာ ရေးလိုက်တာ။ ပြောချင်ရာ ပြောထားလို့
ဖတ်ပေးတဲ့လူတွေကိုတော့ အားနာမိပါတယ်။

s0wha1

Print this post

4 comments:

M.Y. said...

ဝဋ်ကအကျိုးပေးတဲ့အချိန်ရှိပါတယ်။အကုသိုလ်အကြီးကြီးတွေလုပ်ထားတဲ့သူကလဲအရင်ဘ၀က ကောင်းမှုကံအကျိုးပေးလေးအရှိန်မသေသေးလို့ ပါ။ သူ့ ရဲ့  မကောင်းမှုကံ အကျိုးပေးတဲ့အချိန်ရောက်ရင်တော့ ဘာမှတားရမှာမဟုတ်ပါဘူး။အဲလိုဝက်ခြံပေါက်သလို ၀ဋ်လည်တာမျိုး ခပ်ဆင်ဆင်လဲကျွန်တော်ကြုံဘူးပါတယ်။ ၀ဇီဗေဒ နဲ့  လဲပြန်ဝဋ်လည်ခြင်းတစ်မျိုးပေါ့။
ဘာပဲပြောပြောဒီတင်ပြချက်ကလေးကဖတ်သူအတွက်တစ်စုံတစ်ရာရစေမှာပါ.

s0wha1 said...

(ကိုလေးဝင်းက ကွန်နက်ရှင် မကောင်းလို့ ကျွန်မကို မေးလ်ပို့ပြီး တင်ခိုင်းတဲ့ ကွန်မန့်ပါ)

မs0wha1ရေ...

"ကြီးကြီးကျယ်ကျယ် အမှားတွေလုပ်၊ သူတပါးကို မကောင်းတာ အားရပါးရ လုပ်ထားကြတဲ့လူတွေကျ ကိုယ့်ရှေ့မှာ ပြန်ဝဋ်လည်သွားတာ ရှားတယ်။ အမှားသေးသေးလေး ဘာမဟုတ်တာလေးလုပ်ပြီး ဥပမာ သူများကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် ကဲ့ရဲ့မိတာမျိုးကျ ချက်ချင်းဝဋ်လည်တတ်တယ်ဆိုတော့ မတရားသလိုပဲ ခံစားမိတယ်။ "

အဲလိုကြီးခံစားရင် မှားမယ်ထင်တယ်။ သူတစ်ပါး ၀ဋ်လည်တယ် (မလည်တယ်) အတိအကျမှ မသိနိုင်တာ။ သေချာတာက သူတစ်ပါးအပေါ် ကြီးကြီးကျယ်ကျယ် အမှားတွေလုပ်ထားတဲ့လူက (ဒေါသ အစရှိတဲ့ အကုသိုလ်စိတ်တွေ ဖိစီးပြီးတော့) အိပ်မပျော်တဲ့နေ့တွေ တစ်ခြားလူထက်များနေမှာပါ။ အဲဒါတွေကလည်း သူပြုခဲ့တဲမကောင်းမှုကြီးတွေရဲ့ အကျိုးဆက်တွေဆိုတော့ ၀ ဋ်လည်တယ် ပြောလို့ရချင်ရမှာပေါ့။ ၀ဋ်လည်တာကို လည်မှန်းမသိပဲဆက်မှားနေရင်တော့ သူ့အတွက်ရော သူစော်ကားတာခံနေရတဲ့ လူတွေအတွက်ပါ ကောင်းလာမယ့်အချိန်က ရောက်မလာနိုင်သေးပဲ ဝေးနေဦးမှာပေါ့။

ငါ့မှာတော့ ကြီးကြီးကျယ်ကျယ်လည်း မဟုတ်ပဲနဲ့ သာမန်ကဲ့ရဲ့မိတာလေးလောက်နဲ့ ၀ဋ်လည်တာချက်ချင်းပဲဆိုပြီးတော့လည်း လောကကြီးကိုမကျေမနပ် ဖြစ်မနေပါနဲ့။ ၀ဋ်လည်တာကမကောင်းဘူး ဆိုပေမယ့် ဒီနေရာမှာ ကျေနပ်စရာတစ်ခု ကောင်းကောင်း ရှိနေပါတယ်။ ၀ဋ်လည်တာကို ၀ဋ်လည်တယ်လို့ သိလိုက်တာကိုက ကျေနပ်စရာလားလို့ပဲ။ နောက်ဒီလိုမဖြစ်အောင် ဆင်ခြင်နိုင်တာပေါ့။ မိမိကိုယ်တိုင်ရော ကဲ့ရဲ့ခံရသူအတွက်ပါ ကောင်းသွားတာပေါ့။ ပြီးတော့ "၀ ဋ်မှာအမြဲ" ဆိုတဲ့စကားကလည်း ရှိသေးတော့ အကြွေးလည်းစောစော ကျေသွားတာပေါ့။ အဲလိုစဉ်းစားလိုက်တော့ ၀ဋ်လည်သွားက ၀မ်းသာစရာတောင် ကောင်းနေပြီထင်တယ်။ အထက်က အဖြစ်နဲ့ယှဉ်ကြည့်ရင် ၀ ဋ်လည်ခံလိုက်ရတာက အများကြီးပို ကောင်းတယ်ထင်ပါတယ်ဗျာ။

လေးစားလျှက်.......( နဲ့ဆရာလုပ်ထားတယ်)
lay.
ကျန်းမာပျော်ရွင်ပါစေ။

ရွက်ဝါ said...

lay ပြောသွားတာတွေက သတိထားစရာတွေပဲ။ သူပြောမှစဉ်းစားမိတယ်။

Tayy Aye Yate said...

ဝပ်လိုက်ရင် ထပြေးလို့ ရသလား ကောင်းကင်ပြာ?

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*