လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မလေးရှားကိုအလည်သွားဖြစ်ပုံနဲ့ အဲဒီက အပြန် ကျွန်မ ခုလက်ရှိ နေနေတဲ့ ဒီနိုင်ငံအပေါ် ပိုပြီး အမြင်ကြည်လင်လာတဲ့အကြောင်းကို ရေးချင်တာပါ။ ပို့စ်ရှည်နေရင်တော့ နှစ်ပုဒ်ခွဲတင်ပါ့မယ်။
ကျွန်မ ဆယ်တန်း ဖြေပြီးခါစချိန် သူငယ်ချင်းတစ်ယောက်က အပျော်တမ်း လက္ခဏာကြည့်ပေးတယ်။ သူက ကြည့်တတ်လို့ ကြည့်ပေးတာမဟုတ်ပါဘူး။ သူ့ကိုလည်း လက္ခဏာအကြောင်း မတောက်တခေါက်တတ်တဲ့ အသိတစ်ယောက်က ကြည့်ပေးရင်း နိုင်ငံတော်တော်များများ ရောက်ဖူးမယ်လို့ ပြောတယ်တဲ့။ ပြောရရင်တော့ ကမ္ဘာပတ်ရမယ်ပေါ့လေ။ ဒါနဲ့ သူက လက်ရဲ့ ဘယ်အရေးအကြောင်းကို ကြည့်ရတာလဲ မေးခဲ့ပြီး ကျွန်မလက်က လက္ခဏာကို လာကြည့်တာပါ။ သူကပြောတယ် ကျွန်မလက်မှာ သူ့လိုမျိုး မပါဘူးတဲ့။ ဒီတော့ ကျွန်မက ခုနေနေတဲ့ နိုင်ငံကလွဲလို့ ဘယ်မှ ထပ်မရောက်တော့ဘူးဆိုလားပဲ။ သူ့စကားအရ ကျွန်မ တော်တော်လေး မကျေမနပ်ဖြစ်မိတယ်။ ဘာကိစ္စ ကျွန်မက နိုင်ငံတစ်ခုထဲပဲ ရောက်ဖူးရမှာလဲပေါ့။ အဲဒီအကြောင်းအရာက ကျွန်မ မသိစိတ်ထဲမှာ ကိန်းအောင်းနေတာ နှစ်အတော်ကြာခဲ့ပါပြီ။ သူကတော့ သူပြောခဲ့တဲ့စကား ပြန်မှတ်မိမယ်တောင် မထင်ပါဘူး။ သူက သင်္ဘောသားဖြစ်ချင်တဲ့လူဆိုတော့ သူ့ကို ဟောလိုက်တဲ့လူပြောတာ အမှန်လို့ ယူဆခဲ့သလို၊ ကျွန်မကလည်း သူ ကျွန်မကို ပြောတာ မမှန်စေရဘူးလို့ အမြဲ စဉ်းစားနေမိတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ခုချိန်ထိ မြန်မာနိုင်ငံကနေ တဖ၀ါးမှ မခွါရသေးပါဘူး။ တခြားနိုင်ငံ သွားဖြစ်ဖို့ နောက်ဆို သူ့အတွက် ပိုမလွယ်တော့ပါဘူး။
ဒီလိုနဲ့ ကျွန်မလည်း မသွားရဘူးဆိုရင်တောင် အနည်းဆုံး အိမ်နီးချင်းနိုင်ငံတွေတော့ သွားဖြစ်အောင်သွားမယ်လို့ စိတ်ကူးထားတာ အဲဒီနှစ် တရုတ်နှစ်ကူးချိန်မှာ အကောင်အထည်ဖော်ပါတော့တယ်။ အဲဒီချိန်ဆို ဒီမှာ ၃၊ ၄ ရက်လောက် ရုံးပိတ်တယ်ဆိုတော့ ကျွန်မတို့ ခရီးထွက်ဖို့ အဆင်ပြေပါတယ်။ ဒါနဲ့ အဖေ့ကို ဒီနှစ်ကူးရင် ကွာလာလမ်ပူကို သွားလည်ဖို့ပြောတယ်။ အိမ်ကလူတွေကလည်း ထုံးစံအတိုင်း သွားကြမယ်ပေါ့။ သူတို့က အနားနီးမှ ကပ်ဖြုတ်တတ်သူတွေပါ။ သူတို့အကြောင်း သိနေတဲ့ ကျွန်မကလည်း သွားမယ် ပြောတိုင်း စိတ်ချ၊ လက်ချ မယုံထားပါဘူး။ ဒါပေမဲ့ မလေးဗီဇာကိုတော့ တမိသားစုလုံး ယူထားပြီးကြပြီ်။ သွားချင်တဲ့ချိန် ထသွားလို့ရတော့ ကျွန်မလည်း သိပ်မပူမိပါဘူး။ နောက် ရုံးပိတ်ရက်တွေ ရောက်လာတယ်။ ကျွန်မက အဖေ့ကို မနက်ကျရင် သွားကြမယ်လေလို့ အဖေကလည်း အိုကေတဲ့။ ဒါနဲ့ အင်တာနက်မှာ ကားလက်မှတ်တွေ၊ ဟော်တယ်တွေ စုံစမ်းတော့ ကားလက်မှတ်တွေက ကုန်နေပြီဆိုတာကြီးပဲ။ အဖေက ပြောတယ် ဒီကနေ လိုင်းကားစီးပြီး Johor (မလေးရှား နယ်စပ်မြို့) ထိသွားမယ်။ အဲဒီမှာ KL ထိသွားတဲ့ ကြားကားတွေ ပေါတယ်ပေါ့။ ဒါပေမဲ့ တကယ်သွားကြတော့မယ်လည်းဆိုရော အစ်မက နေမကောင်းချင်သလိုမို့ မလိုက်တော့ဘူးတဲ့။ အမေက ပင်ပန်းမှာမို့ မလိုက်ဘူးတဲ့။ ညီမကလည်း ခရီးသွားခါနီးဆို ဂဂျီဂဂျောင်ကျတတ်တဲ့အတိုင်း မလိုက်ဘူးပဲ။ မောင်လေးကတော့ စထဲက ဘယ်လိုမှ ခေါ်မရ။ အမှန်ဆို အဖေကလည်း အင်တင်တင်။ ကျွန်မကသာ မလေးရှားကို ရောက်တယ်ဆိုရုံလေးပါ။ twin tower ရှေ့မှာ ဓာတ်ပုံရိုက်ရရင် ပြီးရော ချက်ချင်း ပြန်လာလည်း ကိစ္စမရှိဘူးဆိုပြီး အတင်းပြောနေတော့ အဖေက မငြင်းဘူး။ မနက်ကျရင် သွားမယ်လို့ ပြောတယ်။
ကျွန်မ မနက် နိုးလာတော့ အဖေက ဘာမှ မလုပ်ထားဘူး။ အဲဒီအကြောင်းလည်း မသိသလိုနဲ့ ဈေးသွားဖို့တောင် လုပ်နေသေးတယ်။ ကျွန်မလည်း တအိမ်လုံးကို တော်တော်လေး တင်းသွားတယ်။ ဒါနဲ့ စိတ်တိုတိုနဲ့ မနက်စောစောစီးစီး အိမ်ရှေ့မှာ ငိုပစ်လိုက်တယ်။:P အဲဒီတော့မှပဲ အဖေက သွားမှာပေါ့ ဘာညာနဲ့ ပြောတယ်။ နောက်ဆုံး မကြီးက သူလည်း လိုက်မယ်ပေါ့။ အဲဒီတော့ အမေကလည်း လိုက်ပါ့မယ် မငိုနဲ့ဆိုပြီး ဖြစ်ရော။ အမေနဲ့ မကြီးလိုက်ရင် သူပါလိုက်မယ်ဆိုပြီး ညီမကလည်း သွားဖို့ပြင်တယ်။ ကျွန်မကတော့ မရပါဘူး စိတ်ကကောက်ပြီဆိုတော့ အိပ်ရာပေါ် သွားထိုင်နေတယ်။ အဖေက အ၀တ်အစားတွေထည့်ဆိုလည်း မထည့်ဘူး။ မကြီးက အဖေ စိတ်မကောင်းဖြစ်မယ်၊ ဟဲ့ ထဆိုလည်း ပေကပ်နေလိုက်သေးတယ်။ နောက်တော့လည်း စိတ်မပြေတပြေနဲ့ အ၀တ်အစားတွေ ကမန်းကတန်း တွေ့ရာကောက်ထည့်ပြီး ကားငှားလို့ JB ကိုရောက်တဲ့ ဘတ်စ်ကားဂိတ်ထိ လာခဲ့ကြတယ်။
တကယ်တော့ ကျွန်မက စင်္ကာပူကို ကျော်လို့ မလေးရှားနယ်နိမိတ်ထဲထိ အရင်တခါ ရောက်ဖူးခဲ့ပါတယ်။ ဒါပေမဲ့ မလေးရှားမြို့တော်ထိ ရောက်ခဲ့တာမှ မဟုတ်တာ နိုင်ငံတစ်နိုင်ငံ ရောက်ဖူးတယ်လို့ မသတ်မှတ်ပါဘူး။ အဲဒီတုန်းကလည်း ခုလိုပဲ ရှောရှောရှူရှူ မဟုတ်ခဲ့ဘူး။ အဖေတို့အလုပ်မှာလုပ်ပြီး JB မှာနေတဲ့ မလေးမလေးက သူတို့ မွတ်စလင်ဘာသာဝင်တွေရဲ့ ပွဲတော်နေ့မှာ သူတို့အိမ်ကို လာလည်ဖို့ဖိတ်တာနဲ့ ကျွန်မတို့ မိသားစုရယ်၊ နောက်အဖေ့အလုပ်က စလုံးလူမျိုး အပျိုကြီး ညီအစ်မရယ် အတူသွားကြဖို့ ပြင်တာပေါ့။ အဲဒီတုန်းက ကျွန်မတို့ဗီဇာယူပြီးချိန် အဖေနဲ့ မောင်လေးက မယူရသေးဘူး။ နောက်အဖေက သူတို့သားအဖ နှစ်ယောက်အတွက် ဗီဇာသွားယူမှ မောင်လေး ပက်စ်ပို့သက်တမ်းကုန်ဖို့ နှစ်ရက်ပဲလိုတော့တယ်ဆိုတာ အလန့်တကြား တွေ့လိုက်ရတယ်။ အမြဲတမ်း စည်းစနစ်ကျတဲ့ ကျွန်မအဖေ မောင်လေးပက်စ်ပို့သက်တမ်း ကုန်ခါနီးကို သတိမရတာ သူ့ကိုယ်သူ တအံ့တဩဖြစ်နေတယ်။ ဒါနဲ့ မြန်မာသံရုံးကိုပြေးပြီး အခွန်ဆောင်၊ သက်တမ်းတိုးနဲ့ အဲဒီနေ့က မလေးဗီဇာယူချိန်လည်း မရလိုက်ပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်ကားနဲ့ သွားပြီး မလေးရှားအ၀င် လူဝင်မှုကြီးကြပ်ရေးမှာ ဗီဇာတောင်းရင် ရတယ်လို့ မလေးရှားကောင်စစ်ဝန်ရုံးက ပြောလိုက်တော့ အဖေနဲ့ မောင်လေးက ဗီဇာမပါပေမဲ့ ကျွန်မတို့ သွားဖြစ်ကြတယ်။
ကိုယ်ပိုင်ကား နှစ်စီးကို ငှားသွားကြတာ။ ဟိုရောက်တော့ ပေးမ၀င်ပါဘူး။ အဖေတို့ ပြန်ရတယ်။ မလေးရှားမှာက လာဘ်ထိုးရင်တော့ ရတယ်။ ဒါပေမဲ့ အဖေကလည်း မပေးရဲဘူးလေ။ နောက်တခုက စင်္ကာပူPRဆိုတော့ ဗီဇာပေးလိမ့်မယ်လည်း အစက ထင်ထားသပေါ့။:P ပြောရင်းနဲ့ ကျွန်မတို့လိုမျိုး ဖြစ်ဘူးတဲ့လူတွေလည်း ရှိတယ်။ သူကတော့ မြန်မာပက်စ်ပို့ကိုင် ဩဇီPRပါ။ ဒီမှာရှိတဲ့ သူ့ညီမဆီ လာလည်ဖို့လုပ်တာ သူ့ညီမက စင်္ကာပူဗီဇာယူခဲ့ဖို့ အတန်တန်မှာရက်နဲ့ သူက မလိုပါဘူးဆိုပြီး မယူခဲ့ဘူး။ ဒီလေဆိပ်ရောက်တော့ လာကြိုတဲ့ သူ့ညီမနဲ့တောင် တွေ့ခွင့်မရပါဘူး။ ဗီဇာမပါလို့ ၀င်ခွင့်မပေးတာနဲ့ ဖုန်းနဲ့ပဲ စကားပြောရပြီး စင်္ကာပူလေဆိပ်ထဲမှာ ညအိပ်လို့ နောက်တနေ့မနက်မှာ ရန်ကုန်ကို ခရီးဆက်လိုက်ရတယ်။ ရန်ကုန်က အပြန်ကျမှပဲ ဗီဇာယူပြီး ဒီကို ၀င်လည်နိုင်တော့တယ်။ ရယ်တော့ရယ်ရတယ် ကိုယ့်အတွေးနဲ့ ကိုယ်တော့ ဟုတ်နေကြတာပဲ။ ဩဇီPRတောင် ဖြစ်နေမှ စင်္ကာပူလိုနိုင်ငံမှာ လာနေစရာအကြောင်းမှ မရှိတာဆိုပြီး သူက ဗီဇာမပါဘဲ ၀င်ခွင့်ပေးမယ်ထင်နေတာ။ ကျွန်မတို့လည်း ဒီလိုပဲ စင်္ကာပူPRဆိုမှတော့ မလေးရှားမှာ နေစရာအကြောင်းမှ မရှိဘဲလို့တွေးတော့ အလွယ်တကူ ဗီဇာပေးပြီး ၀င်ခွင့်ပေးမယ်ထင်နေတာ။ တကယ်တော့ ဘယ်နိုင်ငံPRပဲဖြစ်ဖြစ်၊ မြန်မာပက်စ်ပို့ကြီး ကိုင်ထားတာကို မမေ့သင့်ပါဘူးဆိုတဲ့ သင်ခန်းစာတစ်ခု ရလိုက်ပါတယ်။
အဲဒါနဲ့ နောက်တော့ အဖေတို့သားအဖကို ကားတစ်စီးက လိုက်ပို့ပေးပြီး အဲဒီကားပြန်ရောက်လာချိန်မှ ကျွန်မတို့ သားအမိတတွေနဲ့ ဟိုညီအစ်မတို့က JB ကို ခရီးဆက်ကြရလေသတည်းပေါ့။ ပြီးတာနဲ့ အဖေ့အလုပ်က မိတ်ဆွေအိမ်မှာ အဖေမပါဘဲ ကျွန်မတို့တွေ စားသောက် လည်ပတ်ပြီး အဲဒီနယ်စပ်မြို့က ရှော့ပင်စင်တာ နှစ်ခုမှာ ဈေးဝယ်ပြီး ပြန်လာကြတယ်။ အဲဒီတုန်းက ဓာတ်ပုံလည်း မရိုက်ဖြစ်ခဲ့ပါဘူး။ ပြီးတော့ အဲဒီမြို့ကို လှတယ်လို့လည်း မထင်မိဘူး။
အခုတဖန် ကျွန်မတို့မိသားစု ဘတ်စ်ကားကြီးစီးလို့ ဒီနယ်စပ်မြို့ကို ထပ်ရောက်လာပြန်ပြီ။ နယ်စပ်မြို့ဆိုတဲ့အတိုင်း လူတော်တော်ရှုပ်ပါတယ်။ ကျွန်မတို့က မနက်စာ စားနေခဲ့ပြီး အဖေနဲ့ အစ်မက ကားလက်မှတ်သွားဝယ်ကြတယ်။ ပုံမှန်ဆို KL ကိုသွားရင် တစ်ယောက်ကို ကားခ ၂၅ ရင်းဂစ်ပဲရှိပေမဲ့ အဲဒီအချိန်မှာတော့ ရင်းဂစ် ၇၀ ပေးရပါတယ်။ ဒါနဲ့ ကျွန်မတို့ ကားလာတဲ့ချိန်ကိုစောင့်နေကြတာ ကားကလည်း အချိန်မတိကျပါဘူး။ ပြီးတော့ ဂိတ်မှာထိုးတဲ့ကားမဟုတ်ဘဲ ကြားကား ပုံစံမျိုးပါ။ ကားက လာချိန်တန်လျက် မလာတော့ အဖေက အလိမ်ခံရတယ် ထင်သေးတယ်။ နောက်မှ ကျွန်မတို့ဘေးနားကလူတွေလည်း အဲဒီ ကားလက်မှတ်တွေနဲ့ဆိုတော့ ဆက်စောင့်နေလိုက်ကြတယ်။ သိပ်မကြာဘူး ကားရောက်ပြီဆိုပြီး လူတစ်ယောက် လာခေါ်ရော။ ကားက လမ်းမဘက်မှာ ရပ်ထားတဲ့ ခရီးဝေးသွား ကားကြီးပါ။ ထိုင်ခုံနံပါတ်နဲ့ ထိုင်ရမယ်ထင်ထားပေမဲ့ နောက်မှ ဦးရာလူစနစ်နဲ့ ထိုင်ရမှန်း သိတယ်။ ကျွန်မတို့ သားအဖ ၃ ယောက်က နောက်ဆုံးမှာ နေရာရပြီး အမေနဲ့ အစ်မကတော့ အလယ်နားဘက်မှာ နေရာရလို့ တော်သေးတယ်။ ကျွန်မတို့လည်း ကားနောက်ဆုံးမှာ ထိုင်ရပေမဲ့ ကားလမ်းတွေက ချိုင့်ပေါက်ရာမရှိ ချောမောနေလို့ သက်တောင့်သက်သာနဲ့ စီးခဲ့ရတာတော့ မဆိုးပါဘူး။ ဘာပဲပြောပြော အစစအရာရာ စည်းစနစ်ကျတဲ့ စင်္ကာပူလိုနိုင်ငံမှာ နှစ်အတော်ကြာနေပြီးမှ ဒီလိုမျိုးတွေ ပြန်ကြုံရလို့ စိတ်ညစ်ညူးမိတာတော့ အမှန်ပါပဲ။
မလေးရှားမှ အပြန် (၂)
မလေးရှားမှ အပြန် (၃)
s0wha1
0 comments:
Post a Comment