ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဂျပန်ပြည်မှာ စစ်ပညာကို သွားရောက်သင်ယူခဲ့ကြသော မြန်မာ့သမိုင်းမှာ ရာဇ၀င်တွင်တဲ့ ရဲဘော်သုံးကျိပ်ဆိုတာ လူတိုင်း သိပြီးသားဖြစ်ပါတယ်။ အဲဒီ ရဲဘော်သုံးကျိပ်ရဲ့ စာရင်းအပြည့်အစုံကို ကျွန်မဘလော့ဂ်မှာ မှတ်တမ်းတင်လိုပါတယ်။
ရဲဘော်သုံးကျိပ်
Friday, August 31, 2007
ရဲဘော် သုံးကျိပ်
စာရေးသူ: s0wha1
Labels:
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
မှတ်ချက်0 ခု ရေးပြီးချိန်: 8/31/2007 12:02:00 AM
Sunday, August 19, 2007
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် (၂)
စာရေးသူ: s0wha1
Labels:
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
နာမည်ကျော်အဆိုတော်မေရှင်၏ မယ်ခုမျှော်သီချင်းမှာ ဗိုလ်ချုပ်၏ နားထဲသို့ သာယာကြည်နူးစွာ စိမ့်ဝင်သွားစေခဲ့ပါသည်။ တောင်ဘက်မှ တိုက်ခတ်လာသည့် လေနုအေးလေး၏ အရသာနှင့် သီချင်းသံ၏ အရသာမှာ မည်သည်က သာလွန်သည်ကို ကျနော် မဆုံးဖြတ်နိုင်ပါ။ ကျနော်နှင့် ဗိုလ်ချုပ်သည် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိကြရာ ကျနော်သည် တယောထိုးရင်း ဗိုလ်ချုပ်ကို စူးစိုက်ကြည့်ပြီး အမျိုးမျိုး အကဲခတ်နေမိပါသည်။ ထိုအခိုက် သီချင်းသံမှာ ရပ်သွားပါတော့သည်။
”သိပ်ကောင်းတာပဲဗျာ.. တစ်ခေါက်ထပ်ပြီး ဆိုပြပါဦး”
ဗိုလ်ချုပ်က ခိုင်းသဖြင့် ဒေါ်ခင်ကြည်မှာ ထပ်မံ ဆိုရပြန်ပါသည်။ တယောသံမှာလည်း ဒေါ်ခင်ကြည်၏ အသံကို မှေးလျက် အကွက်ကျ ဖြစ်နေပါတော့သည်။
”ကိုင်း... တော်ပါတော့” ဟု ဗိုလ်ချုပ်က ပြောမှ ကျနော်တို့ ရပ်လိုက်ကြပါသည်။ ထို့နောက် ဒေါ်ခင်ကြည် ဧည့်ခံသည့် ကော်ဖီနှင့် မုန့်များကို စားသောက်ပြီး ကျနော်တို့ ပြန်လာကြပါသည်။
ဤသို့ တစတစနှင့် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်နှင့် ရင်းနှီးခဲ့ပါသည်။ ဗိုလ်ချုပ်၏ စိတ်ဓာတ်များ ပြောင်းလဲလာသကဲ့သို့ပင် ဒေါ်ခင်ကြည်သည်လည်း ပြောင်းလဲလာသည်ကို ကျနော် အကဲခတ်မိပါသည်။ အစ ပထမတွင် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်နှင့် တွေ့ဆုံရန်သွားတိုင်းလိုလို ကျနော် လိုက်ပါခဲ့ရသော်လည်း နောက်ပိုင်းတွင်မူ ကျနော် လိုက်ပါသွားရန် အကြောင်းမပေါ်ပေါက်တော့ပါ။ သို့သော် တစ်နေ့သော ညနေ ၅ နာရီခန့်တွင် ကျနော်၏ လုပ်ငန်းတာဝန်များပြီးစီး၍ ကျနော်၏ အခန်းသို့ ပြန်ပြီး အနားယူနေခိုက် ဗိုလ်ချုပ်သည် ရွှေပေါက်ပင် ဦးဘသိန်း (ယခု ကွယ်လွန်ပြီး) နှင့်အတူ ကျနော်၏ အခန်းဝတွင် ပေါ်လာပါသည်။
”ဗျို့ ... ဒေါက်တာမြင့်ဆွေ၊ လာဗျာ... မိန်းမ သွားတောင်းမလို့ လိုက်ခဲ့စမ်းပါ” ဟု ဆိုင်းမဆင့် ဗုံမပါဘဲ ဗြုံးခနဲ ပြောလိုက်သဖြင့် ကျနော့်မှာ လွန်မင်းစွာ အံ့အားသင့်သွားမိသော်လည်း ဗိုလ်ချုပ်က ခေါ်နေသည်ကိုမူ မငြင်းနိုင်ဘဲ လိုက်သွားခဲ့ပါသည်။ ဒေါ်ခင်ကြည်တို့ အခန်းဝသို့ ရောက်သည့်အခါ ဗိုလ်ချုပ်က ”မိန်းမ တောင်းရအောင် လာတယ်....” ဟု အော်လိုက်ပါသည်။ ဗိုလ်ချုပ်၏ အသံကို ကြားသည်နှင့်တပြိုင်နက် ဒေါ်ခင်ကြည်သည် ရှက်ကိုးရှက်ကန်းနှင့် အခန်းထဲသို့ ၀င်ပြေးသွားပါသည်။ သို့သော် ကြာရှည်စွာ ပုန်းမနေနိုင်ပါ။ ဗိုလ်ချုပ်က အော်ခေါ်သဖြင့် ဒေါ်ခင်ကြည်သည် အခန်းထဲမှ ထွက်လာရပါသည်။
ဗိုလ်ချုပ်က ...”ကျနော်လာတာ တခြား မဟုတ်ပါဘူး။ မိန်းမ တောင်းရအောင် လာတာ” ဟု ထပ်မံ ပြောလိုက်ပြန်ရာ ရွှေပေါက်ပင် ဦးဘသိန်းနှင့် ကျနော်မှာ ကြောင်နေကြပါသည်။ ဒေါ်ခင်ကြီးကမူ ပြုံးနေပါသည်။ ဒေါ်ခင်ကြည်ခမျာ နှင်းဆီသွေး ဖျန်းနေသည့် မျက်နှာကို အောက်သို့ ချလျက် ခေါင်းမဖော်ဘဲ ရှက်ပြုံး ပြုံးနေရှာပါသည်။ ဒေါ်ခင်ကြည်က မည်သို့မျှ မပြောသဖြင့် ထိုနေ့က ဗိုလ်ချုပ်လိုချင်သည့်အဖြေကို မရရှိဘဲ အခြားစကားများကို ပြောပြီးနောက် ကျနော်တို့တတွေ ပြန်လာခဲ့ကြပါသည်။
ထိုနေ့မှစပြီး ဗိုလ်ချုပ်လာတိုင်း ဒေါ်ခင်ကြည် ပုန်းနေလေ့ရှိသည်ကို ကျနော်တွေ့ရပါသည်။ မကြာမီပင် ဗိုလ်ချုပ်မှာ ရောဂါများပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပါသည်။ ဆေးရုံမှဆင်းပြီးနောက် တိုင်းပြည်အတွက် ကြီးလှသည့်တာဝန်များကို ဆက်လက်ထမ်းဆောင်နေရသည့် ဗိုလ်ချုပ်နှင့် ဆေးရုံမှာ အတော်ကြာ အဆက်ပြတ်သွားပါသည်။ ထိုအချိန်က ကျနော်တို့ ဆေးရုံအမှုထမ်းများမှာလည်း တနေ့တခြား များပြားလာသည့် လူနာများအား ပြုစုကုသရန် တာဝန်ပိုမိုလာပါသည်။ သို့သော် ကျနော်တို့တတွေမှာ မည်မျှပင် ပင်ပန်းနေစေကာမူ ပျော်ရွှင်စွာဖြင့် လူနာများအား တတ်အားသမျှ အစွမ်းကုန် ပြုစုစောင့်ရှောက်ခဲ့ကြပါသည်။
ဤသို့ ရှိသမျှ ဆရာဝန်၊ ဆရာမများနှင့် မနိုင်မနင်းဖြစ်နေခိုက် ဘီအိုင်အေ ဆေးရုံကြီးသို့ ဆရာမ တော်တော်များများ ၀င်ရောက်လာကြပါသည်။ ယခု B.M.H စစ်ဆေးရုံကြီးတွင် ဆက်လက်လုပ်ကိုင်လျက် ရှိကြသော သူနာပြုမှူး ဗိုလ်မှူး ဒေါ်ခင်စီ၊ ဒု သူနာပြုမှူး ဗိုလ်မှူး ဒေါ်တင်ကြည်၊ ဗိုလ်မှူး ဒေါ်ရင်နု၊ ဒေါ်ကယ်လီရား (ယခု ဗိုလ်မှူးကြီး မောင်မောင်သန်း၏ ဇနီး)၊ ဗိုလ်ကြီး ဒေါ်မြ နှင့် ၎င်း၏ ညီမဖြစ်သူ ဒေါ်ခင်ညွန့်၊ ဗိုလ် ဒေါ်တင်နု၊ ဒေါ်ချစ်စီ (ယခု ရန်ကုန်ဆေးရုံကြီး)၊ ဒေါ်မေမေစု၊ ဒေါ်ရီရီဝင်း၊ ဒေါ်ခင်ခင်ရွှေ၊ ဒေါ်ထွေးတင်၊ ဒေါ်ရှာလီ၊ ဒေါ်သန်းစိန်၊ ဒေါ်လူစီ၊ ဒေါ်ခင်ညွှန့် (ယခု အာရ်အေ) စသည်တို့ ၀င်ရောက်လုပ်ကိုင်လာကြပါသည်။
တစ်နေ့ညနေ ၅ နာရီ အချိန်ခန့်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဒေါ်ခင်ကြည်အား ညစာ ထမင်းစားရန် ဖိတ်ပါသည်။ ထို ထမင်းစားပွဲသို့ ဒေါ်ခင်ကြည်နှင့်အတူ ဆရာမ မတင်ထွေး လိုက်ပါသွားရန် ဖြစ်သော်လည်း အကြောင်းတစ်ခုကြောင့် မလိုက်ဖြစ်ဘဲ ဆရာမ မမြ လိုက်ပါသွားပါသည်။ ထိုညက ဗိုလ်ချုပ်၏ ထမင်းစားပွဲမှာ သူ၏ ဘ၀ကြင်ဖော် ရွေးချယ်သည့်ပွဲပင် ဖြစ်ပါသည်။ ထမင်းစားပွဲအပြီးတွင် ဗိုလ်ချုပ်က ဒေါ်ခင်ကြည်အား သူ၏ ဘ၀ခရီးဖော်အဖြစ် လက်တွဲရန် ခွင့်ပန်တော့ရာ ဒေါ်ခင်ကြည်လည်း မငြင်းသာတော့ဘဲ လက်ခံလိုက်ရပါတော့သည်။
နောက်တစ်နေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် ဒေါ်ခင်ကြည်သည် Pantry (အစားအသောက်များ၊ ပန်းကန်များ ထားသည့်အခန်း) ထဲတွင် ဆရာကြီး ဦးဘသန်းနှင့်တကွ ဆရာဝန်များသောက်ရန် ကော်ဖီ ဖျော်နေပါသည်။ ကျနော် ကော်ဖီသောက်ရန် Pantry ထဲသို့ ၀င်သွားသည့်အခါ ဒေါ်ခင်ကြည်က ”ဒေါက်တာမြင့်ဆွေ... ညက ထမင်းစားပွဲမှာ ဗိုလ်ချုပ်က သူနဲ့လက်ထပ်ဖို့ ပြောလို့ ကျမတော့ ကတိပေးခဲ့ပါပြီ။ အဲဒါ ဒေါက်တာမြင့်ဆွေ ဘယ်လိုသဘောရသလဲ” ဟု မေးပါတော့သည်။
”ဘယ်လို သဘောရရမလဲ။ ဒီပုဂ္ဂိုလ်ကြီးကို ကြင်ဖက်အဖြစ် ရတာ ဆရာမအတွက် အင်မတန် ကုသိုလ် ထူးပါတယ်။ နောင်တစ်ခေတ်မှာ ဆရာမဟာ အင်မတန်ထင်ရှားတဲ့ အမျိုးသမီးကြီး ဖြစ်လာရမှာပဲ” ဟု ကျနော် ပြန်ပြောလိုက်ပါသည်။
ကော်ဖီသောက်ပြီးနောက် ကျနော်၏ အလုပ်ရှိရာ အောက်ဆုံးထပ် Basement Surgical ward သို့ ဆင်းလာခဲ့သည်။ ၁၀ နာရီခွဲ အချိန်ခန့်တွင် ကျနော့်ထံသို့ သူနာပြု လက်ထောက် မောင်သန်းထွန်း ရောက်လာပြီး ဆရာကြီး ဦးဘသန်းက ခေါ်နေကြောင်း ပြောသဖြင့် ဆရာကြီး အခန်းထဲသို့ ၀င်သွားပါသည်။ အခန်းထဲတွင် ဒေါ်ခင်ကြည်မှာ ဗိုလ်ချုပ်နှင့် လက်ထပ်တော့မည်ဖြစ်ကြောင်းနှင့် လက်ထပ်ခွင့် ပေးပါရန် ဆရာကြီးအား ခွင့်ပန်နေသည်ကို တွေ့ရပါသည်။
ဆရာကြီးက ကျနော့်ကို မြင်သည်နှင့်တပြိုင်နက် ”မောင်မြင့်ဆွေ ... ဆရာတို့တတွေတော့ အခုအချိန်မှာ ဆေးရုံကြီးအတွက် အင်မတန် လိုအပ်နေတဲ့ ဆရာမ ကောင်းတစ်ယောက် ဆုံးရှုံးရအုံးမယ်။ ‘ရှင် နည်းရတဲ့အထဲ အဂ္ဂလူထွက်ပြန်တာပေါ့’ မခင်ကြည် လက်ထပ်တော့မယ်လေ။ ဒါပေမယ့် သူ့တစ်သက်တာ နောင်ရေးအတွက်မို့ ဆရာတို့ ခွင့်ပြုရမှာပေါ့။ မင်းလုပ်စရာရှိတဲ့ အစီအစဉ်သာ လုပ်ပေတော့။ မောင်မြင့်ဆွေ ... မင်းဟာ ဆရာရဲ့ညီ ဆိုလည်း ဟုတ်တယ်၊ တူ ဆိုလည်း ဟုတ်တယ်။ ခုလိုအချိန်ကြီးမှာ မခင်ကြည်လို ဆရာမတစ်ဦးကို လက်လွှတ်ရတာဟာ ဆရာတို့ ဆေးရုံအတွက် ဆုံးရှုံးမှုတစ်ရပ်ပဲ။ ဒါပေမယ့် ဆရာတို့ ၀မ်းနည်းနေကြလို့ မပြီးသေးဘူး။ ဆရာတို့မှာ တာဝန်တွေ အများကြီး ရှိတယ်။ ကျန်ရစ်တဲ့သူနဲ့ ဖြစ်အောင် လုပ်ရမှာပဲ။ မောင်မြင့်ဆွေလည်း အားမငယ်ပါနဲ့။ အခုအချိန်မှာ ဆရာ့အနေနဲ့ မင်းရယ်၊ ဗိုလ်လှသမိန်ရယ်၊ မောင်စံမြင့်ရယ်၊ ဒီ ၃ ယောက်ကို အားကိုးနေရတာပဲ” ဟု ပြောပြီး ကျနော့်အား လုပ်ရန်ရှိသည့် တာဝန်များ ဆက်လက် ထမ်းဆောင်ရန် ပြောလိုက်သဖြင့် ကျနော်လည်း ဆရာကြီး၏ အခန်းတွင်းမှ ဖြည်းညင်းစွာ ထွက်လာခဲ့ပါသည်။
ဆရာကြီးမှာ ဆရာမ ကောင်း တစ်ဦး လက်လွှတ်ရတော့မည်ဖြစ်၍ မျက်နှာမကောင်းလှဘဲ ကျန်ရစ်ရှာပါသည်။
၁၉၆၈ ခုနှစ် ဇူလိုင်လတွင် ဒုတိယအကြိမ် ထုတ်ဝေသည့် ၀ဏ္ဏကျော်ထင် ဒေါက်တာမြင့်ဆွေ၏ ‘မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ် ’ စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။
ဧရာဝတီ မြန်မာအင်တာနက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။
***
ဗိုလ်ချုပ်အကြောင်း စာတွေ ကျွန်မဘလော့ဂ်မှာ စုစည်းချင်တယ်ဆိုတဲ့ ကျွန်မကို မရန်ကုန်သူ @ မnu-san မှ ဒီပို့စ်တခုလုံးကို type ပြီး ပို့ပေးတာပါ။ ဒီစာတွေကို ဖတ်ပြီး ကျေးဇူးတင်ချင်လျှင် မရန်ကုန်သူ ကိုသာ ကျေးဇူးတင်ကြပါရှင်။
1 comments ရေးပြီးချိန်: 8/19/2007 01:45:00 AM
Saturday, August 18, 2007
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် (၁)
စာရေးသူ: s0wha1
Labels:
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်
ဒေါက်တာမြင့်ဆွေ
အပိုင်း ၁
ုဗိုလ်လက်ျာ နာလန်ထစ ပြုလာပြီးနောက် တစ်နေ့သောအခါတွင် ဗိုလ်ချုပ်ကြီးအောင်ဆန်း အသည်းအသန် ဖျားနေသဖြင့် တပည့်စစ်ဗိုလ်များက ဆရာကြီး ဦးဘသန်းအား လာခေါ်ကြပါသည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းမှာ ယခု အင်္ဂလိပ်သံအမတ်ကြီးအိမ် ပြုလုပ်ထားသည့် အလံပြဘုရားလမ်းရှိ တိုက်တွင် နေထိုင်ပါသည်။ ဗိုလ်လက်ျာ နာလန်ထစ ပြုလာသည့် အချိန်ပိုင်းမှာပင် ယခင်က ချာချီလမ်းတွင် နေပြီး ဆေးရုံသို့ နေ့စဉ် အလုပ်ဆင်းလေ့ရှိသည့် ဒေါ်ခင်ကြီးနှင့် ဒေါ်ခင်ကြည်တို့ ညီအစ်မလည်း ဘီအိုင်အေ ဆေးရုံကြီးအပေါ်ဆုံးထပ်သို့ ပြောင်းရွှေ့လာကြပါသည်။ ဒေါ်ခင်ကြည်တို့ ညီအစ်မနှင့် ခင်မင်ရင်းနှီးသည့် ဆရာမ မတင်ထွေးမှာလည်း ပြည်မြို့မှရောက်လာပြီး သူတို့ ညီအစ်မနှင့်အတူပင် ဘီအိုင်အေ ဆေးရုံကြီးတွင် ဆရာမအဖြစ် ၀င်ရောက်လုပ်ကိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းထံမှ အခေါ်ရောက်လာသည့်အခါ ဆရာကြီး ဦးဘသန်းသည် ဒေါ်ခင်ကြည်နှင့်အတူ လိုက်သွားပြီး ကြည့်ရှုပါသည်။ ထိုအချိန်က ဗိုလ်ချုပ်မှာ အပြင်းဖျားလျက်ရှိရာ အပူရှိန်မှာ ၁၀၃ အထိ ဖြစ်နေပါသည်။ ဆရာကြီးသည် ဗိုလ်ချုပ်အား စမ်းသပ်ကြည့်ရှု၍ ဆးရုံသို့ ပြန်လာပြီးနောက် အပူရှိန်များစွာ ရှိနေသည့် ဗိုလ်ချုပ်အား အနားတွင် စောင့်ကြပ် ကြည့်ရှုရန်အတွက် ဆရာမ မတင်ထွေးအား အထူးသူနာပြုဆရာမအဖြစ် ဗိုလ်ချုပ်ထံ လွှတ်လိုက်ပါသည်။
အများသိရှိပြီး ဖြစ်ကြသည့်အတိုင်း ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ မည်သည့် အမျိုးသမီးနှင့်မှ အရော တ၀င် ပြုံးရွှင်ရယ်မော၍ မနေတတ်ဘဲ အမျိုးသမီးများနှင့် ဆက်ဆံရာတွင် မျက်နှာထား တည်လွန်း တင်းလွန်းသဖြင့် ငယ်ရွယ်သေးသော ဆရာမ မတင်ထွေးမှာ ကြောက်ကြောက်လန့်လန့်နှင့်ပင် ဗိုလ်ချုပ်အား ပြုစုခဲ့ရပါသည်။
အပူရှိန်များသည့် ဗိုလ်ချုပ်မှာ ချွေးများ အဆမတန် ထွက်နေသည့်အတွက် အိပ်ရာတွင် အောက်မှ ကန့်လန့်ခံရန် Draw-sheet (ပိတ်အဖြူရှည်စကြီး လူနာအိပ်ရာပေါ်တွင် သွေး၊ ဆီး၊ ၀မ်း မပေကျံအောင် ဖယောင်းပုဆိုးနှင့် အတူ ခင်းပေးရသည်) လိုလာပါသည်။ "Dear Dr.Myint, Draw-sheet ပေးလိုက်ပါ" ဆိုသည့် စာတိုလေးတွင် အောက်မှ ‘အထွေး’ ဟု လက်မှတ်ထိုးလျက် ကျနော့်လက်ထဲသို့ ရောက်လာပါသည်။ ထိုစာလေး ရောက်လာသည့်အချိန်တွင် ကျနော်သည် ဗိုလ်လှသမိန်၊ ကိုကျော့မောင် တို့နှင့်အတူ အိုပီဒီ အခန်းတွင် ရှိနေကြရာ ဗိုလ်လှသမိန်နှင့် ကိုကျော့မောင်တို့ကလည်း ဆရာမ မတင်ထွေးထံမှ စာကို ၀ိုင်းဖတ်ကြပါသည်။
စာဖတ်ပြီး ကျနော်က စာပေးလာသူ လက်သို့ Draw-sheet ပေးမည်လုပ်ခိုက် ကိုကျော့မောင်က ”ဗျို့ ကိုမြင့်ဆွေ... ဒီစာကို သေသေချာချာ ဖတ်စမ်း။ ဒီယား ဒေါက်တာမြင့်... တဲ့။ အောက်ကလည်း အထွေး လို့ လက်မှတ်ထိုးထားတယ်။ အဲဒါ ဘာသဘောလဲ။ ဒါဟာ ဘယ်နည်းနဲ့မှ ရိုးမှာ မဟုတ်ဘူး။ ဒီလိုအချိန်ကြီးမှာ လာစွံနေပါလား....” ဟု ၀ိုင်းစ ကြပါတော့သည်။ ကျနော်လည်း Draw-sheet ကို ပေးလိုက်ပြီးနောက် အထွေး ရေးလိုက်သည့်စာကို အပြန်ပြန် အလှန်လှန်ဖတ်ရင်း ကျန်ရစ်ခဲ့ပါသည်။ ထိုနေ့မှစပြီး အလုပ်လုပ်ရင်း ကျနော်၏ ခေါင်းထဲသို့ မကြာခဏ အထွေးအကြောင်းမှာ ပေါ်လာလေ့ရှိပြီး မျက်နှာ ခပ်စူစူရှိသဖြင့် မျက်နှာကြော မတည့်သည့် စိတ်များလည်း တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်လာပါတော့သည်။
အထွေးသည် ဆရာကြီး ဦးဘသန်းကို ၎င်း၊ အစ်မသဖွယ်ဖြစ်သည့် ဒေါ်ခင်ကြည်ကို၎င်း မလွန်ဆန်ဝံ့၍ ဗိုလ်ချုပ်အိမ်သို့ သွားရောက်ပြုစုနေရသော်လည်း ဗိုလ်ချုပ်၏ မျက်နှာထားကို ကြောက်ရွံ့သဖြင့် အနားသို့ မကပ်ရဲဘဲ ဖြစ်နေရာ သို့နှင့်ပင် ညနေပိုင်းတွင် ဆေးရုံသို့ အထွေးပြန်လာပါတော့သည်။ အထွေးက ဆရာကြီးအား- ”ဆရာ... ဗိုလ်ချုပ်ကို ဆေးရုံခေါ်ထားရင် ပိုကောင်းပါတယ်။ အိမ်မှာဆိုတော့ ဆေးရုံမှာလို အစစ ပြည့်စုံတာ မဟုတ်လို့ လုပ်ရတာလည်း အဆင်မပြေပါဘူး။ ဆရာတို့၊ မမကြည်တို့ အနားမှာထားပြီး ကုသရင် ပိုကောင်းတာပေါ့” ဟုပြောသဖြင့် ဆရာကြီးက ဗိုလ်ချုပ်အား ဘီအိုင်အေ ဆေးရုံကြီးသို့ တင်လိုက်ပါတော့သည်။
ဆေးရုံသို့ ရောက်ရှိပြီး ကြပ်ကြပ်မတ်မတ်ပြုစုကုသသည့်အခါ ဗိုလ်ချုပ်ဝေဒနာမှာ သိသိသာသာကြီးပင် သက်သာပါသည်။ အဖျားကျသွားပြီး သက်သာလာသော်လည်း အားအင်ပြည့်တင်းရန် လိုသေးသဖြင့် ဆေးရုံမှ ဆင်းခွင့် မပေးသေးဘဲ ဆက်လက်ပြုစု၍ နေခဲ့ပါသည်။ အားရှိရန် ကြက်ဥ၊ နွားနို့ စသည့် အာဟာရများကို ကျွေးမွေးခြင်း၊ ရေဖတ်တိုက်ပေးခြင်း စသည့်ကိစ္စများကို လုပ်ဆောင်ရန်အတွက် မျက်နှာထားတည်လွန်းသည့် ဗိုလ်ချုပ်အား အခြားဆရာမများ လုပ်ကိုင်၍ မပေးရဲကြသဖြင့် လူကြီးဖြစ်သူ ဒေါ်ခင်ကြည်ကိုယ်တိုင် တာဝန်ယူကာ ပြုစုပေးခဲ့ရပါသည်။
ဒေါ်ခင်ကြည်ကိုယ်တိုင်မှာလည်း ဆရာမကောင်းတို့၏ စိတ်ထားပြည့်ဝစွာထားပြီး စိတ်တိုတတ်သူ ဗိုလ်ချုပ်အား စိတ်ရှည်ရှည်နှင့် အတော်ပင် သည်းခံပြုစုခဲ့ရခြင်းဖြစ်ရာ မိခင်စိတ်အပြည့်အ၀ရှိသည့် ဒေါ်ခင်ကြည်၏ ပြုစုယုယမှုအောက်တွင် ဗိုလ်ချုပ်၏ သံမဏိစိတ်ဓာတ်မှာ ဖော့ဖယောင်းပမာ ပျော့ပျောင်းလာပါတော့သည်။ ယခင်က အမြဲတမ်း မျက်နှာထားတင်းနေခဲ့သည့် ဗိုလ်ချုပ်မှာ ယခုအချိန်တွင် ပြုံးရိပ်သမ်းလာသည်ကို တွေ့မြင်လာကြရပါသည်။
ဗိုလ်ချုပ် နာလန်ထစအချိန်တွင် ဦးကျော်ငြိမ်း (ဖဆပလ ခေါင်းဆောင်ဟောင်း) သည်လည်း သွေးအားနည်းသောရောဂါဖြင့် ဆေးရုံသို့ ရောက်ရှိလာပြန်ပါသည်။ ဦးကျော်ငြိမ်းမှာ ဗိုလ်လက်ျာအခန်းတွင် ဗိုလ်လက်ျာနှင့်အတူ နေ၍ ဗိုလ်ချုပ်မှာမူ တစ်ဦးတည်း အခြားအခန်းတွင် နေပါသည်။
တစ်ညတွင် ကျနော်သည် လရောင်အောက်တွင် ၀ရံတာသို့ ထွက်ပြီး တယောလေး ထိုးရင်း “စိန်ခြူးကြာညောင် ကြာညောင်၊ လရောင်တွေ လင်းပါလို့၊ မှန်ရွှေဖြူပြတင်းက... မယ်ခုမျှော်၊ သုံးချက်စည်တော် စည်တော်၊ ရိုက်ဆော် ညင်းတယ်လေး၊ လင်းလုပေါ့နော်... ” ဆိုသည့် စိန်ခြူးကြာညောင်သီချင်းကို ဆိုနေမိပါသည်။ သံမဏိအသည်းပိုင်ရှင်ဘ၀မှ ဖော့ဖယောင်းပမာ ပြောင်းလဲစ ပြုလာသည့် ဗိုလ်ချုပ်သည် ကျနော်၏ သီချင်းသံတွင် နှစ်သိမ့်ကြည်နူးသွားဟန် တူပါသည်။ နောက်နေ့ ဗိုလ်ချုပ်သည် သူ့အိမ်သို့ ခဏပြန်ရန် အောက်ထပ်သို့ ဆင်းလာသည့်အခါ ကျနော့်အား ပြုံးပြသွားပါသည်။ ဗိုလ်ချုပ်၏ အပြုံးကို မြင်ရသည့် ကျနော်သည်လည်း “ထူးထွေသည့် အံ့ရာသော်” ဖြစ်သွားမိပါသည်။
မှတ်မိပါသေးသည်။ အချိန်မှာ ည ၇ နာရီခွဲ လ ကလည်း အလွန်သာနေပါသည်။ ၀ရံတာတွင် ထိုင်ပြီး တယောကလေးကို စမ်းနေခိုက် ဗိုလ်ချုပ်သည် အပြင်မှ ဗိုလ်စကြာနှင့်အတူ ပြန်လာပြီး ကျနော်၏ အခန်းတံခါးကို ခေါက်ကာ ”ဒေါက်တာ မြင့်ဆွေ... တယောယူပြီး လိုက်ခဲ့စမ်းဗျာ။ ဟို ဆရာမ မခင်ကြည်တို့ဆီ အလည်သွားရအောင်” ဟု ပြောသဖြင့် ကျနော်လည်း အချစ်တော် တယောလေးနှင့်အတူ လိုက်သွားရပါတော့သည်။
+++++++++++++++++အပိုင်း ၂ +++++++++++++++++++++++
ကျနော်တို့ ၃ ဦးသားသည် ဆေးရုံကြီး အပေါ်ဆုံးထပ်ရှိ ဒေါ်ခင်ကြည်တို့ အခန်းသို့ တက်လာခဲ့ကြပါသည်။ အပေါ်ဆုံးထပ် ကော်ရစ်ဒါတွင် လရောင် ဖြာကျနေပါသည်။ လေအေးကလေးမှာလည်း သစ်ပင်များကို လှုပ်ရှားစေပြီးနောက် မြက်ခင်းပြင်ကို ကျော်ဖြတ်ကာ ကျနော်တို့အား ဆီးကြို နှုတ်ဆက်ရာတွင် ကျနော်တို့မှာ လွန်စွာမှ ချမ်းမြေ့ ကြည်နူး နေမိကြပါသည်။
ဗိုလ်ချုပ်သည် အစဉ်သဖြင့် တင်းမာခက်ထန်သော မျက်နှာထားရှိရာ ဗိုလ်ချုပ်ကို မြင်ဖူးသူများမှာ ထိုသို့ တင်းမာခက်ထန်သော သွင်ပြင်ကိုသာ မြင်ဖူးကြပါလိမ့်မည်။ အေးမြကြည်သာလှသည့် မျက်နှာပေးကို မြင်ဖူးသူ နည်းပါးလှလိမ့်မည်ဟု ကျနော် ထင်မိပါသည်။ ထိုညကမူ ဗိုလ်ချုပ်၏မျက်နှာမှာ နူးညံ့ပျော့ပျောင်းစွာ ပြုံးနေသည်ကို ကျနော် ကောင်းစွာ သတိထားခဲ့မိပါသည်။ ဗိုလ်ချုပ်၏ ထိုမျက်နှာပေးမျိုးကိုလည်း ကျနော်တစ်ယောက်သာ မြင်ဖူးလိမ့်မည် ထင်ပါသည်။ ဗိုလ်ချုပ်၏ မျက်နှာထားကို အစဉ် တင်းမာစေခဲ့သည့် တိုင်းပြည်နှင့်လူမျိုးအတွက် သေရေးရှင်ရေး ကိစ္စများမှာ ထိုည ထိုအချိန်က ဗိုလ်ချုပ်ထံမှ အခိုက်အတန့်အားဖြင့် ရှောင်ခွာနေပေလိမ့်မည်ဟု ကျနော် ယူဆခဲ့မိပါသည်။
ဘီအိုင်အေ ဆေးရုံကြီး အပေါ်ဆုံးထပ် အနောက်တောင်ထောင့်ရှိ အခန်းလေးတွင် ဒေါ်ခင်ကြည်၊ ဒေါ်ခင်ကြီး နှင့် ဆရာမ မတင်ထွေးတို့ နေထိုင်ကြပါသည်။
”ဆရာမ... ဧည့်သည် လာတယ်”
အခန်းဝတွင် ရပ်ပြီး ဗိုလ်ချုပ်က အသံပြုလိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အသံ ကြားသည်နှင့် တပြိုင်နက် ဒေါ်ခင်ကြီးနှင့် ဆရာမ မတင်ထွေးတို့သည် ဧည့်ခန်းတွင် ထိုင်နေရာမှ အိပ်ခန်းတွင်းသို့ ၀င်သွားကြပါတော့သည်။ ဒေါ်ခင်ကြည်ကမူ ပြုံးရွှင်စွာဖြင့်....
”ဗိုလ်ချုပ်တို့အလည်လာကြသလား... ထိုင်ကြပါ၊ ထိုင်ကြပါ။ ဧည့်ခန်းထဲက အိုက်ပါတယ် ၀ရံတာထွက်ရအောင်
ဒေါ်ခင်ကြည်က ပြောပြောဆိုဆိုနှင့် ဧည့်ခန်းထဲမှ ကုလားထိုင် ၂ လုံး ဆွဲထုတ်ကာ ၀ရံတာတွင် ရှိနေသည့် စားပွဲဝိုင်းလေးကို ၀ိုင်းပြီး ချလိုက်ပါသည်။ ကျနော်လည်း အခြား ကုလားထိုင်တစ်လုံး ဆွဲထုတ်ပြီး စားပွဲလေးနားသို့ ပို့လိုက်ပါသည်။ ၄ ယောက်သား အသီးသီး နေရာယူကြပြီး စကား စ ပြောကြပါသည်။ ကျနော်၏ အချစ်တော်တယောကလေးကိုမူ ဧည့်ခန်းတွင်းရှိ ခုံရှည်လေးတစ်ခုပေါ်တွင် တင်ထားလိုက်ပါသည်။
ဗိုလ်ချုပ်က...
”ဘယ့်နှယ်လဲ ဆရာမ... အလုပ်လုပ်ရတာ ပျော်ရဲ့လား။ အမှုထမ်းက နည်း၊ လူနာက တဖြည်းဖြည်း များလာ၊ ဆေးရုံကလည်း နေသားတကျ မဟုတ်သေးတော့ ပင်ပန်းမှာပေါ့။ ရွှေတောင်တိုက်ပွဲက ဒဏ်ရာရလာတဲ့ လူနာတွေ ဘယ်အခန်းမှာ ထားသလဲ”
”အခုအချိန်မှာ အလုပ်လုပ်ရတာ ပင်ပန်းတော့ ပင်ပန်းတာပဲ။ ဒါပေမယ့် ပင်ပန်းတာကိုချည်း ကြည့်လို့တော့ မဖြစ်ဘူးပေါ့။ ကျမတို့ သူနာပြုဆရာမတွေလည်း ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေပြီး ကိုယ့်တိုင်းပြည်အတွက် ၀င်ရောက် ကူညီဖို့ရာက ကျမတို့ရဲ့ တာဝန်ပါပဲ။ ရွှေတောင်တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့ လူနာတွေကတော့ အခန်းနံပါတ် (၂) မှာ ရှိပါတယ်။ အဲဒီ လူနာတွေကို ဒေါက်တာမြင့်ဆွေတို့ စောင့်ရှောက်နေတာပါပဲ”
"ဆရာမ ... ကျနော်တို့ တတွေဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ ခရီးတလျှောက်မှာ ဆရာမတို့လို ကြင်နာယုယစွာ ပြုစုခြင်းကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရပါဘူး။ ဒီဆေးရုံရောက်မှ အခုလို ပြုစုယုယတဲ့ ဆရာမတို့နဲ့ တွေ့တော့ စိတ်ထဲမှာ ချမ်းမြေ့ကြည်နူးမိတယ်ဗျာ။ ကိုင်း ဆရာမ... သီချင်းတစ်ပုဒ်လောက် ဆိုစမ်းပါ။ ဒေါက်တာမြင့်ဆွေက တယောကိုင်ဗျာ..."
”အို... ဗိုလ်ချုပ်ကလည်း ရှက်စရာကြီး။ ဘယ်ဆိုတတ်ပါ့မလဲ”
”ဆိုသာဆိုပါ၊ ရှက်စရာ မရှိဘူး။ ကျနော်တို့ချည်းပဲ ရှိတာပါ”
ကျနော်သည် တယောလေးကို ထ ယူပြီး တို့ထိလျက် အသံပေါ်အောင် ဖြည်းညင်းစွာ ဆွဲလိုက်ပါသည်။ ဗိုလ်စကြာက ကြားဝင်၍ ” ခင်ဗျား ... စိန်ခြူးကြာညောင် ဆိုတတ်သားပဲ” ဟု ဒေါ်ခင်ကြည်အား ပြောလိုက်ပါသည်။ ဒေါ်ခင်ကြည်သည် ထိုအချိန်က ကြီးကျယ်ထင်ရှားလှသည့် ပုဂ္ဂိုလ်ကြီး ၂ ဦး၏ ခိုင်းစေမှုကို မလွန်ဆန်နိုင်တော့ဘဲ သီချင်းဆိုရင် ဟန်ပြင်ပါတော့သည်။
ကျနော်လည်း စိန်ခြူးကြာညောင်ကို ဘောလယ်ကွက်ဖြင့် စပြီး အသံပေးလိုက်ပါသည်။ ကျနော် အသံပေးလိုက်သည့် ဘောလယ်ကွက်မှာ ဒေါ်ခင်ကြည်ဆိုမည့် စိန်ခြူးကြာညောင် မဟုတ်ပါ။ ဒေါ်ခင်ကြည် ဆိုမည့် စိန်ခြူးကြာညောင်မှာ စစ်ကြိုခေတ်က နာမည်ကျော် ရုပ်ရှင်မင်းသမီး မေရှင် ဆိုခဲ့သော ‘မယ်ခုမျှော်’ သီချင်းဖြစ်ပါသည်။ ထိုအကြောင်းကို သိလိုက်သည်နှင့်တပြိုင်နက် ကျနော်ကလည်း ဘောလယ်ကွက် တီးနေရာမှ သံဆန်းသို့ ပြောင်းလိုက်ပါသည်။ ဒေါ်ခင်ကြည်၏ အသံမှာ သာယာချိုအေးစွာ ထွက်ပေါ်လာခဲ့ပါသည်။
(မှန်ရွှေဖြူ ပြတင်းငယ်နော်၊ ရော်ကာ ရမ်းလို့ တွေးမျှော် ... အရုဏ်တော်ကျူးလို့ လင်းသော်၊ ပျိုမေ စောင့်လို့ သာမျှော် ) ၂ (သန်းခေါင်ယံတည်းက နော် ... ပေါ်လာမယ် စောင့်လို့မျှော်။ တွန်ချိန်သံ ရောက်လို့ ပျိုဆွမ်းကပ်ချိန် ရောက်သော်။ ကြက်ဖ တွန်ကျူးလို့ ကျော်) ၂
(စိန်ခြူးကြာညောင်၊ လရောင်လင်းသော်၊ မှန်ရွှေဖြူပြတင်းကနော်၊ သန်းခေါင်ဦးမယ်ခုမျှော်) ၂ သုံးချက်စည်တော် စည်တော်၊ ရိုက်ဆော်ညင်းသော် လင်းအောင် မယ်ခုမျှော်....
++++++++++++++++ အပိုင်း ၃ +++++++++++++++++++++++
(စိမ်းကားလွန်းသော်၊ ဖိုးရွှေလကိုပြောလိုက်ပါနော်။ ချစ်မိတဲ့သူ့အပေါ် ဘယ်ဆီမှာမျှော်) ၂ ခေါ်ပေးပါလားလို့နော်။ တွေ့ရမှ ရွှင်ပျော်၊ စိတ်သက်သာမနော်။
(စိန်ခြူးကြာညောင်၊ လရောင်လင်းသော်၊ မှန်ရွှေဖြူ ပြတင်းကနော်၊ သန်းခေါင်ဦးမယ်ခုမျှော်)၂ သုံးချက်စည်တော် စည်တော်၊ ရိုက်ဆော်ညင်းသော် လင်းအောင် မယ်ခုမျှော် ... xxx
***
ဗိုလ်ချုပ်အကြောင်း စာတွေ ကျွန်မဘလော့ဂ်မှာ စုစည်းချင်တယ်ဆိုတဲ့ ကျွန်မကို မရန်ကုန်သူ @ မnu-san မှ ဒီပို့စ်တခုလုံးကို type ပြီး ပို့ပေးတာပါ။ ဒီစာတွေကို ဖတ်ပြီး ကျေးဇူးတင်ချင်လျှင် မရန်ကုန်သူ ကိုသာ ကျေးဇူးတင်ကြပါရှင်။
မှတ်ချက်0 ခု ရေးပြီးချိန်: 8/18/2007 04:14:00 PM
Friday, August 17, 2007
မလေးရှားမှ အပြန် (၃)
စာရေးသူ: s0wha1
Labels:
s0wha1
မလေးရှားမှ အပြန် (၁)
မလေးရှားမှ အပြန် (၂)
ဒီလိုနဲ့ KL ကနေ ၄ နာရီနီးပါး စီးလာပြီးတော့ ကလွမ်းဆိုတဲ့မြို့ကို ရောက်လာတော့တယ်။ ကလွမ်းကလည်း နယ်စပ်မြို့လေးပါပဲ JB နဲ့ နာရီဝက်လောက်ပဲ ကားစီးရတယ်။ ဒါပေမဲ့ ဂျိုဟိုးမြို့လို လူမရှုပ်သလို၊ သန့်လည်း သန့်ရှင်းပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ နေလို့ကောင်းတဲ့ မြို့လေးပါပဲ။ ကျွန်မတို့ မြန်မာနိုင်ငံက တောင်ပေါ်နယ်မြို့လေးတွေနဲ့ ဆင်ဆင်တူပါတယ်။ အားလုံးက ကိုယ့်ဝန်းကိုယ့်ခြံလေးတွေနဲ့ တော်တော် အေးချမ်းတဲ့မြို့ပါ။ အဲဒီမှာ အပန်းဖြေဖို့ resort လေးလည်း ရှိတယ်။ ချစ်စရာ ဘန်ဂလိုအိမ်လေးတွေပါပဲ။ အဖေ့မိတ်ဆွေက ကျွန်မတို့မိသားစုကို အဝေးပြေးဂိတ်မှာ သူ့ကားနဲ့လာကြိုရင်း မြို့လေးကို လှည့်ပတ်မောင်းပြတာပါ။ ပြီးတော့ ကျွန်မတို့မိသားစု အဲဒီမှာ တစ်ညတည်းဖို့ သူ booking လုပ်ပေးမဲ့အကြောင်းပြောတယ်။ အဲဒီမြို့လေးမှာ တညလောက်နေချင်စိတ်ပေါက်ပေမဲ့ ကျွန်မတို့ မနေဖြစ်ပါဘူး။ အရမ်းပင်ပန်းနေတာနဲ့ အိမ်ပဲ ပြန်ရောက်ချင်နေတော့တာပဲ။
သူ့အိမ်ရောက်တော့ သူတို့ တရုတ်နှစ်ကူး မိသားစု ထမင်းစားပွဲအတွက် ပြင်ဆင်ထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဧည့်သည်တွေဖြစ်တဲ့ ကျွန်မတို့ကို အရင်စားစေပါတယ်။ တရုတ်ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတိုင်း အစားအစာတွေက အကုန်လုံး သက်သတ်လွတ်တွေလေ။ အရင်ဘ၀က ဘီလူးသေလို့ ၀င်စားသလားမှတ်ရတဲ့ ကျွန်မတို့ မောင်နှမတွေက သက်သတ်လွတ် မစားတတ်ကြပါဘူး။ ဒါပေမဲ့ KL ကနေ မနက်စာ အဆာပြေလေးပဲ စားလာတဲ့ ကျွန်မတို့ မိသားစုတွေအတွက် အဲဒီဆီမပါ၊ ဆားမပါ ကျွန်မတို့ ပါးစပ်နဲ့ အစပ်အဟပ်မတည့်တဲ့ တရုတ်သက်သတ်လွတ်ဟင်းပွဲတွေက နတ်သုဒ္ဓါတမျှ အရသာရှိခဲ့ပါတယ်။ ခုနေ စားခိုင်းရင်တော့ လုံးဝ စားချင်မှာ မဟုတ်ပေမဲ့ အဲဒီတုန်းကတော့ ခေါင်းမဖော်တမ်းကို စားခဲ့ကြတာတော့ သေချာတယ်။
စားသောက်ပြီးလို့ အိမ်ရှေ့မှာ ခဏ စကားထိုင်ပြောကြပြီး သူက ကျွန်မတို့အတွက် ဘန်ဂလို တလုံးယူဖို့ သွားမယ်လုပ်မှ ကျွန်မတို့ ညမအိပ်တော့ကြောင်း ပြောရတယ်။ တမြို့လုံး ကလေးသူငယ်နဲ့ အသက်ကြီးပိုင်းတွေသာ ရှိတဲ့ အေးချမ်းတဲ့ အဲဒီမြို့လေးကို နောက်တခါ အေးဆေးမှ ပြန်လာလည်မယ်ပေါ့။ ဒါပေမဲ့ ထုံးစံအတိုင်းပဲ ခုချိန်ထိ ကျွန်မတို့ တခေါက်မှ ထပ်မသွားဖြစ်ပါဘူး။ အဲဒီ ကလွမ်းမြို့မှာ အလုပ်မလုပ်တော့ဘဲ အငြိမ်းစားယူထားတဲ့ လူကြီးမိဘတွေနဲ့၊ အလုပ်မလုပ်နိုင်တဲ့ ကလေးသူငယ်တွေပဲ နေကြတာပါ။ လူငယ်လူရွယ်တွေကတော့ မြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ စင်္ကာပူမှာ လာအလုပ်လုပ်နေကြတာ အိမ်တိုင်း လူငယ်၊ လူလတ်ပိုင်းဆိုတာ မရှိသလောက်ပါပဲ။
ဒီလိုနဲ့ အဲဒီမိတ်ဆွေမိသားစုကို နှုတ်ဆက်ပြီး အဝေးပြေးကားကြီးထပ်စီးလို့ ဂျိုဟိုးကို လာခဲ့ကြတယ်။ ဂျိုဟိုးရောက်တော့ KL မှာလိုပဲ စိတ်ညစ်ညူးမိပြန်တာပါပဲ။ အိမ်ကိုသာ အတောင်ပံပေါက်ပြီး ချက်ချင်း ပြန်ရောက်ချင်နေတော့တယ်။ မလေးရှားသွားမလည်ရလို့ ထိုင်ငိုတဲ့ကျွန်မ အိမ်ပြန်ချင်လို့ ညည်းညူတော့လည်း ကျွန်မက ထိပ်ဆုံးကပဲ ထင်ပါရဲ့။ နောက် မလေးရှား immigration ကို ဖြတ်တယ်။ အဲဒီမှာ လူတွေကလည်း ကြိတ်ကြိတ်တိုးလို့။ လူကလည်း ပေါင်းစုံပဲ။ နောက် ကားစီးပြီး တံတားကိုဖြတ်တယ်။ စင်္ကာပူ immigration ကိုရောက်တယ်။ အဲဒီမှာတော့ ခုနက တန်းစီတိုးနေတဲ့ ရှုပ်ရှက်ခတ်နေသော လူတွေလည်း ဘယ်ရောက်ကုန်ကြပြီလဲ မသိပါဘူး။ သန့်ရှင်းသပ်ရပ်မှု၊ စည်းစနစ်ကျနမှုတွေက ဟိုဘက်နဲ့ ဒီဘက် တံတားလေးကျော်အပြီးမှာကို ကွာခြားချင်တိုင်း ကွာခြားသွားတာပဲ။
ဒီဘက်ခြမ်းကိုအရောက် ရှူရတဲ့လေကိုက မတူတော့သလို၊ စိတ်ထဲမှာ အေးချမ်းပြီး လုံခြုံမှုအပြည့်ရှိသွားသလို ခံစားလိုက်ရတယ်။ ကျွန်မ ပထမဆုံးအကြိမ် ဒီနိုင်ငံမှာ နေခွင့်ရတာကို ကျေနပ်လိုက်မိပါတယ်။ သူများနိုင်ငံမှာ နေရင် အဲဒီနိုင်ငံနဲ့ လူမျိုးတွေအပေါ် ကြည့်မရတဲ့စိတ်တွေ ဖြစ်ပေါ်လာတတ်တာ ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံတခုမှာ နေဖူးတဲ့လူတိုင်း ခံစားရတတ်ပါတယ်။ ကျွန်မတို့လည်း အစက ဒီလိုပါပဲ။ ဒီနိုင်ငံမှာနေပြီး တရုတ်သံတွေ မကြားချင်၊ မလေးသံတွေ မကြားချင်၊ သူတို့ရုပ်တွေလည်း ကြည့်လို့မရအောင် အမြင်ကပ်ပါတယ်။ သူတို့ရဲ့ ပြောပုံဆိုပုံ၊ အမူအယာတွေ အကုန်လုံးကို မုန်းမိတယ်။ သူများနိုင်ငံမှာ လာနေရတဲ့ အခြေအနေကိုလည်း မကျေနပ်ဖြစ်မိတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံကနေ ထွက်လို့ တခြားနိုင်ငံတခုကို အလည်သွားလိုက်ချိန်မှာပဲ ကျွန်မရဲ့စိတ်တွေ အားလုံးပြောင်းလဲသွားတယ်။
ကိုယ့်နိုင်ငံ ရာသီဥတုနဲ့ ကိုက်ညီပြီး နေလို့ထိုင်လို့ကောင်းသော၊ ကိုယ်စားချင်တဲ့ မြန်မာအစားအစာအကုန်ရသော၊ စည်းစနစ်ကျနပြီး လုံခြုံမှုအပြည့်ရှိသော၊ ကိုယ့်လူမျိုး မြန်မာတွေ များလွန်းလို့ မြန်မာနိုင်ငံက မြို့တမြို့မှာ နေနေရသလို ခံစားမှုမျိုးပေးနိုင်သော၊ ကမ္ဘာ့အဆင့်အတန်းမီ တိုးတက်သော၊ ကိုယ့်အစွမ်းအစပေါ်မူတည်ပြီး နေရာရနိုင်သော ဒီလိုနိုင်ငံမျိုးမှာ နေနေရတာကို ကျွန်မ မကျေမနပ် မဖြစ်မိတော့ပါဘူး။ ဒီနေရာမှာ ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် တခြားအခက်အခဲတွေတော့ ရှိနိုင်ပါတယ်။ မောက်မာ ထောင်လွှားနေသော ဒီနိုင်ငံသားများကို ကိုယ်ကလည်း အဲလို ပြန်ဆက်ဆံနိုင်ရင်တော့ ဒီနိုင်ငံမှာ မနေပျော်စရာမရှိဘူးလို့ ကျွန်မတော့ ထင်တာပဲ။ အနှိမ်ခံရတယ်ဆိုတာ ကိုယ်က အနှိမ်ခံလို့သာ ကိုယ့်ကို နှိမ်ပြီး ဆက်ဆံလို့ရတာပါ။ ကိုယ်ကသာ ငြိမ်မခံရင် ဘာကိစ္စ ကိုယ့်ကို လာမောက်မာနေစရာ ရှိမှာလဲ။ သူတို့က ကိုယ့်ကို ကြောတောမောတော လာပြောရင် ကိုယ်ကလည်း ပက်ခနဲ ပြန်ပြောပစ်ဖို့ ၀န်မလေးတတ်ဖို့တော့ လိုတယ်။ သူတို့တွေက ဘာနဲ့ တူလဲဆိုရင် ကြောက်တတ်သူကို ဖြဲခြောက်တတ်တဲ့သူတွေနဲ့ တူပါတယ်။ အဲဒီလိုလူတွေကို ကိုယ်က မကြောက်တဲ့အပြင် ပြန်ဟောက်ရင် ငြိမ်ဝပ်သွားတတ်တဲ့ လူစားတွေပါပဲ။ မယုံရင် စမ်းကြည့်ပါလား။:P
တခါတခါ သူတို့က မြန်မာပြည်နဲ့ မြန်မာလူမျိုးဆိုတာ ဘာဆိုဘာမှ မရှိတဲ့ တောကြီးမျက်မည်းထဲက လူရိုင်းတွေလို့ ထင်နေတတ်တဲ့အမျိုးပါ။ မြန်မာနိုင်ငံမှာ ကွန်ပြူတာလို၊ တီဗွီလိုပစ္စည်းမျိုးတောင် မရှိဘူးလို့ ထင်တတ်ပြီး ပြောချင်ဆိုချင်ကြတဲ့ ပညာမတတ်တဲ့ ဒီနိုင်ငံသားတွေနဲ့လည်း တချို့ကြုံဖူးမှာပါ။ ပညာတတ်အသိုင်းအ၀ိုင်းမှာတော့ အဲဒီလောက် အခြေအနေမဆိုးဘူးလို့ ထင်ပါတယ်။ ကျွန်မတော့ အလုပ်ထဲမှာဆို တခွန်းမခံ ကပ်ကပ်လန် ပြန်ပြောပစ်တတ်လွန်းလို့ ကျွန်မကို ဘယ်သူမှ ဘာမှ လာမပြောကြတော့ပါဘူး။ ကိုယ်မှန်နေလို့ကတော့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီးလည်း လာနှိမ်တာမျိုး၊ ကြောပြောတာမျိုး အပြောခံစရာအကြောင်းမရှိဘူးလေ။ ကိုယ်က ကိုယ့်ပညာနဲ့ကိုယ် လာနေနေတာကို ဆင်းရဲတဲ့နိုင်ငံကနေ သူတို့နိုင်ငံမှာ လာနေရတယ်ဆိုပြီး နှိမ်ချပြောဆိုစရာအကြောင်းကတော့ လုံးဝ မရှိဘူးလို့ထင်ပါတယ်။ နောက်ဆုံးမှာတော့ ဒီနိုင်ငံမှာ အသားကျသွားတဲ့အပြင် ကိုယ့်မြန်မာနိုင်ငံက မြို့တမြို့ဆိုတဲ့ ခံစားချက်မျိုးဖြစ်လာပြီး သူတို့နိုင်ငံသားတွေကိုတောင် ကိုယ့်နိုင်ငံမှာ လာနေနေတဲ့ လူတွေလို့ ထင်မိတတ်ပါသေးတယ်။;))
ဒီလိုနဲ့ နိုင်ငံကို သူ့ဟာသူ တပါတီစနစ်နဲ့ လက်ဝါးကြီးအုပ် အုပ်ချုပ်နေတာပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီ အပြည့်မရှိတဲ့၊ ဒီမိုကရေစီ တ၀က်ပဲရှိတဲ့ တိုင်းပြည်လို့ပဲ ပြောပြော၊ ပြည်သူပြည်သားတွေရဲ့ ပိုက်ဆံ တ၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ အစိုးရလို့ပဲ ဆိုဆို ကိုယ့်နိုင်ငံသားတွေ စားဝတ်နေရေး အဆင်ပြေပြေနဲ့ ကမ္ဘာနဲ့ရင်ဘောင်တန်း နေနိုင်အောင် လုပ်ပေးနိုင်တာ တခုထဲနဲ့တင် ကျွန်မကတော့ ဒီအစိုးရကို ဘာစောဒကမှ မတက်လိုပါဘူး။ သူတို့အစိုးရ မကောင်းကြောင်း၊ မကျေနပ်ကြောင်းတွေ ခဏခဏ ပြောကြလွန်းတဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို စကားတခွန်းပဲ ပြောလိုက်ပါတယ်။ နင်တို့က ဒီလောက် ကောင်းတဲ့ (အရမ်းကောင်းတယ်လို့ မဆိုလိုပါ။ မဆိုးဘူးလို့ပဲ ယူဆပါတယ်။) အစိုးရကို ကွန်ပလိန်းမျိုးစုံတက်နေကြတယ်။ ဘာလဲ ငါတို့နိုင်ငံ အစိုးရလိုမျိုး လိုချင်လို့လား မေးလိုက်ချိန်မှာတော့ အားလုံး ပါးစပ်တွေ ပိတ်၊ ခေါင်းတွေရော၊ လက်တွေရော၊ တကိုယ်လုံးကို ခါပြကြတယ်။ ဒါမျိုးတော့ ကြောက်တတ်သား။ နောက်နေ့ကစပြီး ကျွန်မရှေ့မှာ သူတို့အစိုးရကို မကောင်းပြောတာ မကြားရတော့ဘူးလေ။
ကျွန်မရဲ့ မလေးရှားက ပြန်လာပြီး ပြောင်းလဲလာတဲ့ အတွေးအမြင်တွေလည်း ဒီတင် ရေးလို့ ပြီးဆုံးပါပြီ။
s0wha1
မှတ်ချက်0 ခု ရေးပြီးချိန်: 8/17/2007 01:47:00 PM
မလေးရှားမှ အပြန် (၂)
စာရေးသူ: s0wha1
Labels:
s0wha1
မလေးရှားမှ အပြန် (၁)
ည ၇ နာရီလောက်မှာ KL က အဝေးပြေးကားဂိတ်ကို ရောက်တယ်။ ကျွန်မသူငယ်ချင်းက လာကြိုနေပါတယ်။ သူငယ်ချင်းကလည်း မလေးရှားရောက်တာ ၅ လတောင်ရှိပြီလို့ ဘုရားစူးကျိန်ပြောရလောက်အောင် ဘယ်မှကို မရောက်ဖူးသေးပါဘူး။ ကျွန်မတို့ကို လာကြိုနိုင်တာပဲ သူ့ကို ကျေးဇူးတင်ရမယ်။ နောက်တော့ သူကြိုတင် ငှားထားပေးတဲ့ တည်းခိုခန်းကို လိုက်ပို့ပြီး သူပါ ကျွန်မတို့နဲ့ အတူလိုက်နေတယ်။ မနက်ကျတော့ twin tower ကိုသွားဖို့ပြင်တယ်။ မနက် ၈ နာရီလောက် သူတို့ လက်မှတ်တွေ အလကားပေးချိန်မှာ သွားတန်းစီရတာပါ။ twin tower အပေါ်ကို တက်ဖို့ လက်မှတ်က အစောင်ရေ သတ်မှတ်ထားတာဆိုတော့ ကြိုသွားတာမမှားဘူးပေါ့။ နောက်တော့ twin tower အပေါ်မှာနဲ့ အဲဒီနား ပတ်ဝန်းကျင်မှာ ဓာတ်ပုံ ထပ်ရိုက်ပြီး ကားငှားပြီး ပြန်လာကြတယ်။ ကျွန်မ စိတ်အထင် အဲဒီ twin tower ပတ်ဝန်းကျင်ပဲ သန့်ရှင်းပြီး နေလို့ကောင်းပါတယ်။ ကျန်တဲ့ နေရာတွေကတော့... ... ...
ကားငှားတော့လည်း မြန်မာနိုင်ငံမှာလိုပဲ ဘယ်သွားမယ်၊ ဘယ်လောက်လဲလို့ အရင်မေးရတယ်။ ဒါပေမဲ့ အဲဒီကားသမားက ကျွန်မတို့ စင်္ကာပူက လာတာ သိတယ်ထင်ရဲ့။ စင်္ကာပူကအတိုင်းပဲ မီတာနဲ့ ပေးရမှာလို့ပြောတယ်။ ဒါနဲ့ ကျွန်မတို့လည်း စိတ်ချ၊ လက်ချ တက်စီးလာကြတာပေါ့။ ကျွန်မတို့ညီအစ်မနဲ့ သူငယ်ချင်းတို့က ကားတစ်စီး၊ အဖေနဲ့ အမေတို့က ကားတစ်စီးနဲ့ ပြန်လာကြတယ်။ အဖေတို့ကားက မိန်းကလေးတွေကြီးပဲ ပါသွားတဲ့ ကျွန်မတို့ကားနောက်က ထပ်ကြပ်မကွာလိုက်လာတာပါပဲ။ အဖေတို့ ကားသမားကတော့ သူ့မှာ မီတာတိုင်းစက်မပါတဲ့အတွက် ရှေ့က ကျွန်မတို့ ကားခ ပေးရတဲ့အတိုင်း ပေးလို့ ပြောပါတယ်။ ဒီလိုနဲ့ ကျွန်မတို့နေတဲ့ နေရာကို ရောက်လာရော။ ဘယ်လောက်လဲမေးတော့ ၇ ရင်းဂစ်ပဲရှိတဲ့ ခရီးကို ရင်းဂစ် ၁၂၀ တောင်းပါတယ်။ ကျွန်မတို့လည်း ဘယ်ပြောကောင်းမလဲ စွေ့ဆို ကားပေါ်ကနေ အလျင်အမြန်ဆင်းကြတာ။ ဒီလိုမျိုးဆို ကျွန်မတို့ ညီအစ်မက လျင်တယ်။:P ကားအောက်ရောက်မှ မပေးနိုင်ကြောင်း ဆက်ငြင်းမယ်လေ။ ကားပေါ်မှာပြောနေရင် တော်ကြာ မောင်းထွက်သွားမှ ဒုက္ခ။ ဒါနဲ့ အဖေတို့ကားကပါ ရောက်လာတယ်။ အဖေကလည်း ဘာဖြစ်တာလဲပေါ့။ ဒီမှာ မနက်ကသွားတာတောင် ၇ ရင်းဂစ်ပဲ ပေးရတယ်။ သူက ၁၂၀ တောင်တောင်းတယ်လို့။ အမယ် အဲဒီတရုတ်စုတ် ကားသမားရဲ့ အကြောင်းပြချက်က တရုတ်နှစ်ကူးမို့တဲ့။ ဘာမှမဆိုင်တာ။ အဖေတို့ရဲ့ ကားသမား ကုလားလည်း တရုတ်ကားသမားကို တအံ့တဩနဲ့ ကြည့်နေတယ်။ နောက်တော့ အဖေက အဓိပ္ပါယ်မရှိတာမပြောနဲ့... ၁၅ ရင်းဂစ်ပဲ ပေးနိုင်မယ်ဆိုပြီး တစ်ယောက်ကို ၁၅ ရင်းဂစ်ပေးလိုက်တယ်။ ဒီလိုနဲ့ မလေးရှားကို ကြောက်လာတာတော့ အမှန်ပါပဲ။ ကားလည်း ငှားမစီးရဲအောင် ဖြစ်ရပြီ။
ကျွန်မတို့ ခရီးစမထွက်ခင်၊ မလေး သွားလည်မယ်လို့ ပြောနေတည်းက အဖေ့အလုပ်က မျိုးစုံသတိပေးကြပါတယ်။ ပိုက်ဆံအိတ်တွေကို ပုခုံးမှာ လွယ်ထားရင် သတိထားဖို့၊ သူတို့တွေက ဆိုင်ကယ်တွေနဲ့ ဘေးက ဖြတ်ပြီးဆွဲယူသွားတတ်ကြောင်း၊ အဲဒီလိုနဲ့ လူတွေကလဲကျ ကျန်ခဲ့ပြီး ခေါင်းနဲ့ ပလက်ဖောင်းစောင့်မိပြီး သေသွားတာတို့၊ ကိုယ်ပိုင်ကားနဲ့ သွားရင် ကားရှေ့မှာ လူတစ်ယောက်ကလဲနေပြီး ကားရပ်ကြည့်ရင် ဓားထောက်ပြီး ပိုက်ဆံတောင်းတာတို့ စသည်ဖြင့် သူတို့ အတွေ့အကြုံတွေရော၊ သတင်းတွေမှာ ကြားဖူးတာရော စုံနေအောင် အဖေ့ကို ပြောလိုက်ကြပါတယ်။ အဲဒါကြောင့် ကျွန်မက အဖေတို့မလိုက်ရင် ကျွန်မနဲ့ငယ်မ နှစ်ယောက်ထဲ သွားမယ်၊ ဟိုမှာ သူငယ်ချင်းလည်း ရှိနေတာပဲလို့ ပြောတုန်းက အဖေက ခွင့်မပြုခဲ့တာ ခုမှ သဘောပေါက်တော့တယ်။ အားကိုးလောက်စရာ သူငယ်ချင်းမကလည်း ကျီးကြည့် ကြောင်ကြည့်ပါပဲ။:P သူ့သာ အားကိုးပြီး လာခဲ့ရင် ပြီးပါလေရော။
အဲဒီတုန်းက တရုတ်နှစ်ကူးဆိုတော့ ဆိုင်တော်တော်များများကလည်း ပိတ်ထားတယ်။ နေ့လည်လောက်မှာ သူငယ်ချင်းက သူ့အသိ မြန်မာထမင်းဆိုင်ဆီ ခေါ်သွားတယ်။ အဲဒီက မြန်မာတွေက မဆိုးပါဘူး။ ဧည့်သည်တွေဖြစ်တဲ့ ကျွန်မတို့ကို ကူညီချင်စိတ်ရှိတယ်။ ကျွန်မသူငယ်ချင်းက မနက်က အကြောင်းအရာတွေ ပြောပြတော့ သူတို့က မြန်မာဦးလေးတစ်ယောက် သူ့ကိုယ်ပိုင်ကားနဲ့ ရုံးပိတ်ရက်တွေဆို ကားစီးလုံးငှား ပို့တတ်ကြောင်း ပြောတယ်။ ဒါနဲ့ မြန်မာအချင်းချင်းဆိုတော့ အတော်ပဲဖြစ်သွားတာပေါ့။ သူတို့က ဖုန်းဆက်ပြီး ခေါ်ပေးတာနဲ့ အဲဒီဦးလေး ရောက်လာတဲ့ထိ ကျွန်မတို့လည်း ထမင်းစားရင်း စောင့်နေကြတယ်။ ဒီကြားထဲ ဆိုင်ကလူတွေက သူတို့ကြားဖူးတဲ့ မလေးနိုင်ငံအကြောင်းတွေ ထပ်ပြောပြလို့ ကျွန်မတို့မှာ အပျော်ခရီးထွက်လာတာနဲ့ မတူဘူး။ ဒုစရိုက်နယ်မြေထဲ လာမိတဲ့လူတွေလို ခံစားရတယ်။ မြန်မာသမီးရည်းစားစုံတွဲ လာလည်တာ ပြန်ပေးဆွဲခံရသလို ဖြစ်တဲ့အကြောင်း၊ ဘတ်စ်ကားဂိတ်ဆုံးထိ စီးလာတဲ့ ကောင်မလေးကို ကားပေါ်မှာ တစ်ယောက်ထဲကျန်တဲ့ချိန် ကားမောင်းသမားက မုဒိမ်းကျင့်တဲ့အကြောင်း တစ်ယောက်တမျိုး ပြောလိုက်ကြတာ စုံပလုံနေတာပဲ။ သူတို့လည်း ဒီမှာ တရားဝင်နေတာတောင်မှ သူတို့ဆီကို ရဲက ခဏခဏလာပြီး ပိုက်ဆံတောင်းတဲ့အကြောင်းလည်း ပါသေးတယ်။
နောက်တော့ ဦးစိုင်းဆိုတဲ့ ရှမ်းလူမျိုး ကားပိုင်ရှင် ဦးလေးရောက်လာတာနဲ့ ကျွန်မတို့လည်း Genting Highland ကိုသွားချင်တဲ့အကြောင်းနဲ့ ဟိုနား၊ ဒီနားသွားဖို့ ပိုက်ဆံဘယ်လောက်ကျမလဲပေါ့။ သူကလည်း တနေကုန်ဆို ဘယ်လောက်ဆိုပြီး သဘောတူပြီးသကာလ ကျွန်မတို့ ထွက်လာခဲ့ကြတယ်။ ဟိုတယ်မှာ အမေတစ်ယောက်ထဲ နေခဲ့တယ်။ အမေက အပင်ပန်းသိပ်ခံနိုင်တာ မဟုတ်ဘူးလေ။ အခန်းထဲမှာ အမေတစ်ယောက်ထဲ လော့ခ်တွေ အထပ်ထပ်ချလို့ ကြောက်ကြောက်နဲ့ နေခဲ့လေရဲ့။ ဖြစ်ချင်တော့ ဦးစိုင်းကလည်း RIT ကျောင်းဆင်းဖြစ်နေတယ်။ RIT ကျောင်းဆင်းတွေက သူတို့ချင်းသိသိ၊ မသိသိ သူတို့ကျောင်းဆင်းချင်းဆို အရမ်းခင်တတ်ကြ၊ ပိုပြီး စည်းလုံးကြတာ တခြားကျောင်းနဲ့ မတူဘူး။ အမြဲတမ်း သူတို့အချင်းချင်း တွေ့လို့ကတော့ ဘယ်ဘက်ခ်ျကလဲ၊ ဘယ်အင်းတိတ်ကလဲဆိုပြီး ဖက်လှဲတကင်းနှုတ်ဆက်ကြတာ ကျွန်မတော့ အရမ်းသဘောကျတာပဲ။ ခု အဖေနဲ့ ဦးစိုင်းလည်း ဒီလိုပဲလေ။ သူတို့က ဘက်ခ်ျမတူပေမဲ့ ဟိုလူ့သိလား၊ ဒီလူ့သိလားနဲ့ မေးပြီးရင် ကြားခံ တစ်ယောက်ကတော့ သူတို့ နှစ်ဘက်လုံးနဲ့ သိနေကြတဲ့လူတွေ ဖြစ်နေတတ်တာပါပဲ။
ဦးစိုင်းက ကျွန်မတို့ သွားချင်တဲ့နေရာ တော်တော်များများကို လိုက်ပို့ခဲ့တယ်။ (မလေးသွားလည်တဲ့အခါ ကားငှားချင်ရင် သူ့ကို ဆက်သွယ်လို့ရအောင် ကျွန်မ သူ့ဖုန်းနံပါတ် ရေးထည့်ပေးမယ်နော်။) သူကလည်း ကားမောင်းရင်း မလေးမှာ crime တွေများကြောင်း ပြောပြပြန်ပါတယ်။ သူပြောပြတာက အဲဒီက ရဲတွေ လာဘ်စားတဲ့အကြောင်းပါ။ သူ့လို တရားဝင်ကားလိုင်စင်နဲ့ ကားမောင်းပြီး၊ တရားဝင်နေခွင့်နဲ့ နေနေတာတောင် ငွေလာညှစ်ချင် ညှစ်တတ်တယ်ပေါ့။ တည သူက ဘီယာဆိုင်မှာ တစ်ယောက်ထဲ ဘီယာတစ်ခွက်လောက် ၀င်သောက်ပြီး အိမ်ပြန်ဖို့ ကားပေါ်တက်ထိုင်လို့ ကားဘီးလှိမ့်ခါစရှိသေးတယ်။ ရဲက ရောက်လာရောတဲ့။ ပြီးတော့ သူ့ကို ရစ်တယ်ပေါ့။ အရက်သောက်ပြီး ကားမမောင်းရဘူးဆိုတာ မသိဘူးလား၊ ဘာလား၊ ညာလားနဲ့။ လိုင်စင် တောင်းကြည့်တာတွေလည်း လုပ်နဲ့တဲ့။ သူကလည်း ဘီယာတစ်ခွက်ပဲသောက်တာပေါ့။ ပြီးတော့ ကားလည်း စက်နှိုးရုံရှိသေးတယ်။ မမောင်းရဘူးဆိုလည်း သူ ကားကို ဒီမှာ ညရပ်ထားခဲ့ပြီး အိမ်ကို လမ်းလျှောက်ပြန်မယ်လို့ ပြန်ပြောတယ်။ အဲဒီလိုပြောတော့လည်း မလေးရဲက လက်မခံပြန်ဘူး။ သူက ကားထဲကမီးဖွင့်ပြီး လိုင်စင်တွေ ပြနေရတာဆိုတော့ အဲဒီရဲက ပြောတယ်တဲ့ ခင်ဗျား ကားမီး ပိတ်လိုက်စမ်းပါဗျာတဲ့ ပြီးတော့ လေသံပျော့လေးနဲ့ ထပ်ပြောတာက ခင်ဗျားကျတော့ ဘီယာသောက်နိုင်တယ်၊ ကျုပ်တို့ကျ မသောက်နိုင်ဘူး။ ဘာကြောင့်လဲဆိုပြီး လုပ်ရောတဲ့။ ဒါနဲ့ပဲ သူလည်း သဘောပေါက်ပြီး အကြွေလည်း မရှိတာနဲ့ ရင်းဂစ် ၅၀ ပေးလိုက်ရတယ်တဲ့။
ဒီလိုနဲ့ ကျွန်မတို့ Genting Highland ကိုရောက်ရော။ အဲဒီမှာတော့ မဆိုးပါဘူး။ ပျော်ဖို့ကောင်းပါတယ်။ တောင်ပေါ်အရပ်လေးဆိုတော့ အေးလည်းအေးတယ်။ ရှူခင်းလည်း တော်တော်လှပါတယ်။ အဲဒီက အပြန် အီဂျစ်က ပိရမစ်အတုတွေလုပ်ထားတဲ့ sunway lagoon ဘက်ကို ရောက်တယ်။ နောက် တောင်စောင်းတခုက ဂူထဲမှာတည်ထားတဲ့ ကုလားဘုရားတခုလည်း ရောက်သေးတယ်။ နာမည် ဘယ်လိုခေါ်လဲတော့ မသိဘူး။ မေ့သွားပြီ။ အဲဒီနေ့ကမှ ဖွင့်ပွဲလုပ်တာလို့ ပြောတယ်။ ပြီးတာနဲ့ ညမိုးချုပ်တော့ တည်းတဲ့နေရာ ပြန်လာကြတယ်။ ကျွန်မတို့ မလေးရှားမှာ နည်းနည်းလေးမှကို ဆက်မနေချင်တော့ဘဲ အိမ်ကိုပဲ အရမ်းပြန်ချင်နေတာနဲ့ မနက်ကျတော့ KL ကနေ ပြန်ဖို့ပြင်တယ်။ မလေးမှာရှိတဲ့ အဖေ့မိတ်ဆွေရဲ့ မြို့တစ်မြို့ကို ၀င်လည်စရာရှိသေးလို့လည်း ပါတာပေါ့။ အဝေးပြေးကားဂိတ်ကို ဦးစိုင်းကပဲ လိုက်ပို့ပေးခဲ့တာပါ။
မလေးရှားမှ အပြန် (၃)
s0wha1
1 comments ရေးပြီးချိန်: 8/17/2007 11:36:00 AM
Thursday, August 16, 2007
သရဲတစ္ဆေ
စာရေးသူ: s0wha1
Labels:
s0wha1
နေလေးကောင်းလာတော့ စာက ရေးချင်လာပြန်ပြီ။ အဲဒါနဲ့ ဘလော့ဂ်ရေးခြင်း တစ်လ နားမယ့်အစီအစဉ်ကိုလည်း ဖျက်လိုက်ပါပြီ။:P ခု ရေးမယ့်အကြောင်းအရာက ဘာမှတော့ မဟုတ်ဘူး။ ကျွန်မ တစ္ဆေသရဲ အရမ်းကြောက်တတ်တဲ့အကြောင်း ပြောမလို့ပါ။ တကယ်တော့ တခါမှ ကျွန်မ သရဲအခြောက်မခံရဖူးပါဘူး။ သရဲဆိုတာ ဘယ်လိုမျိုးမှန်း မသိပေမဲ့ သရဲကားတွေကြိုက်တတ်တဲ့ ကျွန်မ သရဲကား အကြည့်လွန်ပြီး သူမတူအောင် သရဲ ကြောက်တတ်လာတာကတော့ အိမ်မှာ ပြောစမှတ်ပြုရလောက်အောင်ပါပဲ။ ပြီးခဲ့တဲ့ တနင်္လာနေ့က တရုတ်လူမျိုးတွေရဲ့ ပြက္ခဒိန်အရ ငရဲတံခါးကြီး ဖွင့်တဲ့ ပထမဆုံးနေ့ပါ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် ဒီက တီဗွီချန်နယ်တွေမှာ သရဲကားတွေ ညစဉ်ရက်ဆက်ပြတော့မှာပါပဲ။ ကျွန်မကလည်း သရဲကြောက်ပြီဆိုလို့ကတော့ သရဲကားကို ကြည့်ဖို့နေနေသာသာ၊ အသံတောင် မကြားချင်တော့ပါဘူး။
အရင်ဆုံး တရုတ်ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုနဲ့ ငရဲတံခါးကြီးဖွင့်တဲ့အကြောင်း ပြောပြချင်ပါတယ်။ သူတို့ယုံကြည်မှုအရဆိုရင် ဒီလတစ်လလုံး (သူတို့အခေါ် Ghost Month) ငရဲပြည်က သရဲတွေ လူ့ပြည်လာပြီး ပျော်ပါးကြတဲ့သဘောပါပဲ။ သရဲတွေရဲ့ vacation ပေါ့လေ။ ဒီလိုလမှာဆိုရင် တရုတ်လူမျိုးတွေက မင်္ဂလာမဆောင်ကြဘူး။ ညဥ့်နက်ထိ အပြင်မှာမနေဘဲ အိမ်ကို စောစောပြန်ကြတယ်။ မိုးချုပ်လို့ ကိုယ့်နာမည်ခေါ်သံကြားရင် လှည့်မကြည့်ရဘူးလို့လည်း ပြောပါတယ်။ သရဲတွေက ခေါ်တာဖြစ်နိုင်တယ်တဲ့။ လှည့်ကြည့်မိ၊ ပြန်ထူးမိရင် အဲဒီလူက နေမကောင်းဖြစ်ပြီး သေတတ်တယ်ဆိုလားပဲ။ ဒီတော့ လူ့ပြည်က လူတွေကို ခုလို မနှောင့်ယှက်ရအောင် ငရဲပြည်မှာ ငတ်ပြတ်ခဲ့တဲ့ သူတို့ကို အစားအစာတွေ ကျွေးရတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် ဒီလိုလမှာဆိုရင် သရဲတွေကို အော်ပရာပြဇာတ်တွေနဲ့ ဖျော်ဖြေခြင်း၊ စက္ကူပိုက်ဆံတွေ မီးရှို့ပြီး ကောင်းမှုကုသိုလ်လုပ်ပေးခြင်း၊ အစားအစာတွေ ပုံကျွေးခြင်းတွေကို တမြို့လုံး လမ်းဘေးတကာမှာ လုပ်ပေးကြတာ မြင်ရနိုင်ပါတယ်။ ဘာပဲပြောပြော ကျွန်မလည်း သူတို့နဲ့အတူ ရောကြောက်ပါတယ်။ စက္ကူပိုက်ဆံကို မီးရှို့ထားတဲ့ ပြာပုံကို နင်းမိရင် သရဲကို မြင်ရနိုင်တယ်ဆိုလို့ ဝေးဝေးက ခွါလျှောက်ပါတယ်။ ဒါတောင် တခါတခါ များပြားလှတဲ့ပြာတွေထဲက တချို့ အိမ်ပေါ်ထိ လွင့်လာတတ်ပါသေးတယ်။ သူတို့ကတော့ အားပေးရှာပါတယ်။ ငါတို့ တရုတ်တွေအတွက်ပဲ ကြောက်ရတာ နင်တို့အတွက် ကိစ္စမရှိပါဘူးလို့ ပြောတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။
အဲဒီငရဲတံခါးဖွင့်တဲ့ ရာဇ၀င်ကလည်း စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်က မုလန်ဆိုတဲ့လူငယ်ရဲ့ မိခင် သေဆုံးသွားပြီးသကာလ တရက်မှာ သူ့သားကို စုတ်စုတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲပုံစံနဲ့ လာပြောတယ်တဲ့။ သူ့မှာ စားရမဲ့၊ သောက်ရမဲ့၊ နေရမဲ့၊ ၀တ်ရမဲ့ ဖြစ်နေပါသတဲ့။ အဲဒါ သူ့ကို ကူပါ၊ ကယ်ပါဆိုပြီး လာပြောတာပါ။ သားကလည်း စိတ်မကောင်းခြင်းကြီးစွာဖြစ်ပြီး ဗုဒ္ဓကိုလျှောက်တင်မေးမြန်းပါတယ်။ သေသွားပြီဖြစ်တဲ့ သူ့အမေကို ဘယ်လိုမျိုးကူညီလို့ ရပါသလဲပေါ့။ ဗုဒ္ဓမြတ်စွာဘုရားက အစားအစာဆင်းရဲမှုအတွက် သူတို့ကို အစားအစာတွေ လှူဒါန်းခြင်း၊ အ၀တ်အစားဆင်းရဲခြင်းအတွက် အ၀တ်အထည်တွေလှူခြင်းဖြင့် ကူညီလို့ရတယ်လို့ ပြန်လည် မိန့်ကြားလိုက်တယ်တဲ့။ အဲဒါနဲ့ ခုလို အစားတွေ ပုံကျွေး၊ ဖယောင်းတိုင် အမွှေးတိုင်တွေထွန်း၊ ရွှေစက္ကူ ငွေစက္ကူတွေ မီးရှို့ဖြစ်လာရတာပါတဲ့။ လူသေရင်များ အဲဒါတွေ မီးရှို့ရုံတင်မကဘူး။ အိမ်စက္ကူ၊ ကားစက္ကူ၊ နာရီစက္ကူ၊ အ၀တ်အစားစက္ကူ၊ လူ(အခိုင်းအစေ)စက္ကူ၊ ဖိနပ်၊ ထီး၊ တုတ်ကောက်စက္ကူ စသည်ဖြင့် ရှိသမျှ အသုံးအဆောင်ပစ္စည်းအကုန်ကို စက္ကူနဲ့လုပ်ပြီး မီးရှို့တော့တာပါပဲ။ ဒါတောင် အဲလိုပစ္စည်းတွေ ရောင်းတဲ့ဆိုင်ရှေ့ တခါတလေ ဖြတ်သွားဖြတ်လာလုပ်မိရင်း တွေ့မိသမျှပစ္စည်းတွေပဲ ချရေးထားတာပါ။ ကျွန်မများ ဘယ်လောက်ထိ ကြောက်တတ်လည်းဆို အဲလိုဆိုင်ရှေ့ ဖြတ်တောင် လျှောက်ရဲတာ မဟုတ်ဘူး။
ကျွန်မ သရဲ အရမ်းကြောက်တတ်လာပုံကို ပြောရမယ်ဆိုရင် ကျွန်မတို့ တမိသားစုလုံး သရဲကားကြည့်ရတာ တော်တော်ကြိုက်တာကနေ စပြောရပါမယ်။ ရန်ကုန်မှာတုန်းက ကျွန်မတို့ ငှားကြည့်နေကျ ဗွီဒီယိုခွေဆိုင် ၃ ဆိုင်က ရှိသမျှ သရဲကားအကုန် ကျွန်မတို့အိမ်က ငှားကြည့်ပြီးသားကို ဖြစ်နေတတ်ပါတယ်။ အဲဒီဆိုင်တွေက သရဲကားအသစ်ရောက်နေရင် ကျွန်မတို့အတွက် သိမ်းထားပြီး ဦးဦးဖျားဖျားလည်း ငှားတတ်ပါသေးတယ်။ အဲလောက်ထိ ကျွန်မတို့ သရဲကား၊ သည်းထိတ်ရင်ဖိုကား၊ ကြောက်စရာ လူသတ်သမားကားတွေ ကြိုက်တတ်ပါတယ်။ အဲလို ထိတ်လန့်စရာကားသစ် ငှားလာတဲ့နေ့ဆို အိမ်ရှေ့က တီဗွီရှေ့မှာ ဖျာကြီးခင်းပြီး စောင်၊ ခေါင်းအုံးအပြည့်အစုံနဲ့ အမေအပါအ၀င် ကျွန်မတို့မောင်နှမတွေ ထိုင်ကြည့်တတ်တယ်။ ကျွန်မမောင်လေးက အဲလိုကြောက်စရာကားတွေ ကြည့်ရင် မျက်လုံး အပြည့်ဖော်ပြီး မကြည့်ရဲပါဘူး။ သူက မျက်နှာကို လက်နဲ့ကွယ်ပြီး လက်ကြားထဲကနေ ကြည့်တတ်တယ်။ ကျွန်မလည်း အဲဒီတိုင်းပဲ ဆံပင်နဲ့ ကွယ်ပြီး ကြည့်ရင်ကြည့်၊ အရုပ်တွေနဲ့ကွယ်ပြီး ကြည့်လိုကြည့်နဲ့ တခုခုနဲ့ ကွယ်ပြီးမှပဲ ကြည့်ရဲတယ်။ ဒီတိုင်း ထိုင်ကြည့်ဆိုလို့ကတော့ လုံးဝကို မကြည့်ရဲတာပါ။ ခုဆို မျက်လုံးပိတ်ပြီး အသံနားထောင်ရုံနဲ့တောင် သရဲကားဆို ကျွန်မ တော်တော်ကြောက်တတ်လာပါတယ်။
ရန်ကုန်မှာ ကြည့်ခဲ့တဲ့ သရဲကားတွေက ယုတ္တိသိပ်မရှိ၊ သွေးသံတရဲရဲနဲ့ ရွံစရာကောင်းတာလောက်က များတာမဟုတ်လား။ ပြီးတော့ အဲဒီတုန်းက သရဲကားတွေကလည်း မြန်မာပြည်ကို တရားဝင် တင်သွင်းခွင့်လည်း မရ၊ အာရှ သရဲကားတွေလည်း သိပ်မရှိသေးဘူး ထင်ပါတယ်။ နောက်ပြီး တရုတ်သရဲကားတွေကလည်း ရယ်စရာဟာသကားတွေပါ။ သိပ်ပြီး ကြောက်စရာကောင်းလှတဲ့ တရုတ်သရဲကား အဲဒီတုန်းက မကြည့်ခဲ့ရပါဘူး။ အနောက်တိုင်းသရဲကား၊ သွေးစုတ်ဖုတ်ကောင်ကားတွေ ကြည့်ပြီးလို့ အလွန်ဆုံးကြောက်ရင် တစ်ရက်ပါပဲ။ အဲဒီတစ်ညတော့ မောင်နှမတွေ စုအိပ်တတ်ကြပြီး နောက်ရက်တွေတော့ ပုံမှန် မကြောက်တတ်တော့ပါဘူး။ အဲဒီတုန်းကများ ကျွန်မကို သရဲကြောက်တတ်လား မေးရင် ကျွန်မက အားရပါးရ ခေါင်းခါပြနေကျပါ။
ကျွန်မတို့သားအမိတတွေ သည်းထိတ်ရင်ဖိုကားကြည့်ရင် အရမ်းရယ်ရပါတယ်။ ကျွန်မနဲ့ မောင်လေးက မျက်နှာကို တခုခုနဲ့ကွယ်ပြီး ကြည့်နေမယ်။ ကျွန်မညီမလေးကတော့ မျက်နှာကိုလည်း ဘာနဲ့မှ မကွယ်ဘဲ ငြိမ်ငြိမ်လေးနဲ့ တောင့်တောင့်ကြီး ထိုင်ကြည့်တတ်တယ်။ အမေကတော့ ရင်ဘက်ကို လက်နဲ့ဖိ အမလေး၊ အမလေး ငါတော့ နှလုံးရောဂါရတော့မယ်ဆိုပြီး အော်နေတတ်ပြီး မျက်လုံးကတော့ တီဗွီကို နည်းနည်းမှ မခွါစတမ်းကြည့်နေတတ်ပါတယ်။ ကျွန်မအစ်မကြီးကတော့ ထိုင်ခုံကို ပတ်ပြေးပြီး ခုန်ဆွ၊ ခုန်ဆွ လုပ်နေတတ်ပါတယ်။ ပါးစပ်ကလည်း လာနေပြီ၊ လာနေပြီ။ မိတော့မယ်၊ မိတော့မယ်နဲ့ စသဖြင့် သူအော်ချင်ရာအော်နေတတ်တယ်။ အဲလိုချိန်ဆို အဖေက ဟဲ့၊ ဘာဖြစ်နေကြတာလဲလို့ ပြောရင်ပြော၊ မကြည့်ရဲရင် အခန်းထဲဝင်အိပ်နေပါလား၊ ဘယ်သူက အတင်းကြည့်ခိုင်းနေလို့လဲလို့ ပြောရင်ပြော၊ မဟုတ်ရင်တော့ ကျွန်မတို့ကို ကြည့်ပြီး တဟားဟား ရယ်နေတတ်ပါတယ်။ ကျွန်မတို့သားအမိတွေက အဲဒီလို သတ္တိခဲတွေလေ။
ဒီကို ရောက်လာချိန်ကျ ရုပ်ရှင်ရုံမှာ တင်သမျှ သရဲကားသွားကြည့်ပါတယ်။ တင်သမျှကားတွေကလည်း အာရှကားတွေဖြစ်လို့ ကျွန်မတို့ မြန်မာအယူအဆတွေနဲ့ တော်တော်လေးဆင်တူနေတာ တွေ့ရတယ်။ အဲဒီမှာတင် ကျွန်မ အကြောက်ရောဂါ စတင်လာတော့တာပါပဲ။ ပထမဆုံး ကျွန်မကြည့်ဖြစ်တဲ့ကားက The Eye ပါ။ ပြီးတော့ Two sisters, The phone, The ring, ဂျုအွန်(ကျွန်မ စာလုံးပေါင်း မေ့နေလို့ပါ။) အဲဒီကားတွေက တရုတ်၊ ဂျပန်နဲ့ ကိုရီးယားသရဲကားတွေပါ။ နောက် ကျွန်မ ဇာတ်ကားနာမည်တွေ မမှတ်မိတော့တဲ့ တီဗွီချန်နယ် 8 နဲ့ 5 က လာတဲ့ တရုတ်သရဲကားတွေ။ ကျွန်မကို အရမ်းကြောက်စေတဲ့ကားကတော့ The Eye (part 1) နဲ့ ဂျုအွန်ကားတို့ပါပဲ။ The Eye ကိုကြည့်ပြီးချိန်မှာ ကျွန်မ အိမ်မှာ တစ်ယောက်ထဲ မနေရဲဘူး။ ကျွန်မနဲ့ ကျွန်မညီမလေးတို့က တနေကုန် အိမ်ရှေ့က ဆိုဖာပေါ်မှာ ကြောချင်းကပ်ထိုင်ပြီး ညနေ အဖေတို့ အလုပ်က ပြန်အလာကို ဒုက္ခကြီးစွာ စောင့်နေခဲ့ရပါတယ်။ အိပ်ခန်းထဲလည်း မ၀င်ရဲ၊ ဘာမှကို မလုပ်ရဲခဲ့တာပါ။ အဲဒီတုန်းက ကျွန်မတို့ ဒီနိုင်ငံစရောက်တာ လပိုင်းလောက်ပဲ ရှိဦးမယ် ထင်ပါတယ်။ The Eye ကြောင့်ပဲ ဓာတ်လှေကားလည်း တစ်ယောက်ထဲ မစီးရဲတော့ပါဘူး။ လမ်းဘေးဆိုင်တွေမှာ ၀က်ကင်တွေကို အတွဲလိုက် ချိတ်ထားရင်လည်း ရဲရဲမကြည့်ရဲအောင် ကြောက်ပါတယ်။
ဂျုအွန်ကားကို ကြည့်ပြီးချိန်မှာတော့ တင်ပါးနားလောက်ထိရှည်တဲ့ ကျွန်မဆံပင်ကိုတောင် ကျွန်မ ပြန်ကြောက်တတ်လာပါတယ်။ ရေချိုးခန်းထဲမှာ ခေါင်းလျှော်ဖို့ ဆံပင်ကို ရှေ့ချလိုက်တဲ့ခါ ကျွန်မ တုန်နေအောင် ကြောက်မိတတ်ပါတယ်။ ညဘက်များ ကိုယ့်ဆံပင်ကို ခေါင်းအုံးပေါ် လှမ်းတင်လိုက်ချိန်ပဲဖြစ်ဖြစ်၊ ဆံပင်တွေက ကုတင်အောက် ကျနေရင်ပဲဖြစ်ဖြစ် ကိုယ့်ဆံပင်ကိုယ် ကြောက်လွန်းလို့ မုန်းလိုက်တာ။ ပြီးတော့ Public Toilet တွေကိုလည်း တစ်ယောက်ထဲ မသွားရဲပါဘူး။ သူတို့ သရဲကားတွေမှာ ဓာတ်လှေကားတွေရော၊ အိမ်သာတွေရော၊ ရေချိုးခန်းတွေရောမှာ သရဲခြောက်တဲ့အခန်းတွေ ပါနေတော့ လူက အလိုလို ကြောက်နေတော့တာပါပဲ။ ဂျုအွန်ကားကလည်း အပိုင်းတွေ အများကြီးရှိမယ် ထင်ပါတယ်။ ကျွန်မ ကြည့်ဖူးတာတော့ ၂ ကားထဲပါ။ တစ်ကားက အိမ်မှာ ခွေနဲ့ကြည့်တာ၊ တစ်ကားက ရုပ်ရှင်ရုံမှာ သွားကြည့်တာပါ။ အိမ်မှာ ကြည့်တဲ့ခွေထဲက ကြောက်နေတာ ရုံမှာ သွားကြည့်တော့ ပိုဆိုးပါတယ်။ ကျွန်မ အဲဒီ ဇာတ်ကားသာ ပြီးသွားတယ်။ သရဲမရုပ်ကို မမြင်ဖူးလိုက်ပါဘူး။:P အသံကြားတာနဲ့တင် ကြောက်နေလို့ ကျွန်မ မျက်လုံးကို မဖွင့်ခဲ့တာပါ။ အဲဒီဂျုအွန်က ကလေးသရဲလေးကို ဖျက်ခနဲတောင် မမြင်ရဲအောင် ကြောက်မိတာလည်း ခုချိန်ထိပါပဲ။
အဲဒီသရဲကားတွေ ကြည့်ပြီးချိန်မှာ ကျွန်မ တော်တော်ပိန်ကျသွားခဲ့ပါသေးတယ်။ ညဘက်တွေ အိပ်မပျော်လို့ပါ။ ညရောက်ပြီဆိုတာနဲ့ မျက်လုံးထဲမှာ အဲဒီသရဲခြောက်ခန်းတွေပဲ မြင်ယောင်လာတတ်တယ်။ နောက်ဆုံး မကြီးမငယ်နဲ့ ကျွန်မ အဖေနဲ့ အမေတို့ကြားထဲမှာ သွားအိပ်ရတဲ့အဆင့်ထိကို ရောက်တော့တာပါပဲ။ ကိုယ့်ဘယ်ဘက်နဲ့ ညာဘက်မှာ အဖေနဲ့အမေ ရှိနေရက်နဲ့ကို ကြံကြံဖန်ဖန် ခြေရင်းမှာ သရဲလာအိပ်ရင်ဒုက္ခလို့လည်း တွေးမိလိုက်ပါသေးတယ်။ ဒါပေမဲ့ အဖေနဲ့အမေရဲ့ အလယ်မှာ အိပ်ရတော့လည်း ကြောက်စိတ်တွေကပျောက်ပြီး ရက်ပေါင်းများစွာ အိပ်မပျော်တာတွေက အဲဒီညမှ ကောင်းကောင်း အိပ်ပျော်နိုင်တော့တယ်။ နောက်ရက်တွေကျတော့ ကျွန်မ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။
ဘာပဲပြောပြော The Eye နဲ့ ဂျုအွန်ကား နှစ်ကားနဲ့တင် ကျွန်မ သရဲကားတွေနဲ့ အဆက်ပြတ်သွားတာ ခုချိန်ထိပါပဲ။ ရုံမှာတင်လည်း မကြည့်၊ အိမ်မှာ ငှားလည်း မကြည့်၊ တီဗွီမှာလာလည်း မကြည့်ပါဘူး။ တစ်အိမ်လုံးက ကြည့်နေရင် အခန်းထဲဝင်နေပြီး သီချင်းနားထောင်နေပါတယ်။ ကျွန်မက သရဲကားထဲက တီးလုံသံတောင် နားထောင်လို့ မရအောင် ကြောက်မိလို့ပါ။ အသံကြားတာနဲ့တောင် ကျွန်မရင်တွေ တဒိန်းဒိန်းဖြစ်လာပြီး ကြောက်တဲ့စိတ်က ငယ်ထိပ်ရောက်နေတော့တာပါပဲ။ ဘာလို့ အဲလောက်တောင် ကြောက်တတ်သွားမှန်း ကိုယ့်ကိုယ်ကိုလည်း နားမလည်ပါဘူး။ သရဲကားက ကျွန်မတစ်ယောက်ထဲ ပြတ်သွားတာတော့ မဟုတ်ဘူး။ ကျွန်မ အစ်မလည်း ကျွန်မလိုပဲ သရဲကားဆို လုံးဝမကြည့်တော့တာ။ အဲဒီ ကြောက်တတ်ခြင်း ဝေဒနာကလည်း ကိုယ်တိုင်ခံစားဖူးမှ သိမှာပါ။ ကျွန်မ ပြောပြလို့ အဲလို ကြောက်တတ်တာကို မကြောက်ဖူးတဲ့လူကတော့ ကိုယ်ချင်စားနိုင်မယ် မထင်ပါဘူး။
ခုဆို ကျွန်မက သူငယ်ချင်းတွေရဲ့ Forward မေးလ်တွေလာရင် သူတို့တွေ နောက်ထားမှာစိုးလို့ လင့်ခ်တွေပေးထားရင် ကိုယ်တိုင်သွားမကြည့်ဘူး။ သူများကို အရင်ကြည့်ခိုင်းတယ်။ ပုံတွေပို့လိုက်ရင်လည်း ကျွန်မက မေးလ်ကို အောက်ထိ တန်းပြီး ဆွဲမချဘူး။ ဖြည်းဖြည်းချင်းဆွဲချလို့ သရဲလို၊ ၀ိညာဉ်လို၊ ကြောက်စရာပုံတွေလိုမျိုး တွေ့လိုက်ရင် ဆက်မကြည့်တော့ဘဲ တန်းဖျက်ပစ်လိုက်တယ်။ ဒေါင်းလုတ်လုပ်ရမဲ့ဟာတွေဆိုလည်း ဘယ်တော့မှ ဖွင့်မကြည့်ဘူး။ လူက ဘယ်လိုဖြစ်နေလဲဆိုတော့ နည်းနည်းလေးမှကို ရင်တုန်မခံနိုင်အောင် ကြောက်နေတော့တာပါပဲ။ သရဲကား၊ သရဲရုပ်ဆိုတာကို မြင်ရုံ၊ ကြားရုံနဲ့တင် လူက ရင်တွေတုန်လာတာများ ဘာနဲ့မှကို မတူပါဘူး။ ကျွန်မ ခုချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒကတော့ ကျွန်မ မကြောက်တတ်ချင်တော့တာပါပဲ။ တကယ်တော့ သာမန်ထက်ထူးကဲစွာ ကြောက်တတ်နေတာ တော်တော် ပင်ပန်းပါတယ်။ တခုခုဆို ရင်တုန်ပြီး နှလုံးအခုန်လွန်လို့ တခုခုဖြစ်မှာတောင် စိုးရလောက်အောင် ကျွန်မ သရဲ အရမ်းကြောက်တတ်နေတာကို ဘယ်လို ဖျောက်ရပါ့မလဲ။
s0wha1
မှတ်ချက်3 ခု ရေးပြီးချိန်: 8/16/2007 09:41:00 AM
Wednesday, August 15, 2007
ကြမ္မာ
စာရေးသူ: s0wha1
Labels:
my Poems
မောင်ရေ...
မထင်မှတ်ဘဲ ငါတို့ တွေ့ခဲ့ကြတယ်။
အရာရာကို မေ့လျော့
ငါတို့ ပျော်ခဲ့ကြတယ်နော်။
ဒါပေမဲ့
ကံကြမ္မာရဲ့ ရက်စက်မှုကြောင့်ပဲ
မောင်ရေ...
ငါတို့ ဝေးခဲ့ရပြီ။
အရာရာဟာ မဲမှောင်
ပျော်ရွှင်မှုနဲ့ ကင်းဝေးခဲ့ပေါ့။
တချိန်ချိန်မှာ
ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့်
မောင်ရေ...
မထင်မှတ်ဘဲ ငါတို့ ပြန်ဆုံနိုင်ကောင်းရဲ့။
s0wha1
မှတ်ချက်0 ခု ရေးပြီးချိန်: 8/15/2007 10:38:00 AM
Tuesday, August 14, 2007
ခရီး
စာရေးသူ: s0wha1
Labels:
my Poems
ဘ၀ဆိုတဲ့ လမ်းကြောင်းမှာ
ငါ တစ်ယောက်ထဲ လျှောက်လှမ်းလျက်
မင်းနဲ့ငါဟာ
လားရာ လမ်းကြောင်း တူနေရင်တော့
လမ်းခရီး တနေရာမှာ
တွေ့ကြရမှာပေါ့
အဲဒီခါ မင်းပုခုံးမှာမှီလို့
အနားယူလိုက်ပါရစေ
ဒါပေမဲ့ ခုချိန်မှာ
အလေးဆုံးဝန်ကို ထမ်းလျက်
ပင်ပန်းကြီးစွာ လျှောက်နေရဆဲ
နေပူလိုက်တာ မောင်ရာ။...။
s0wha1
မှတ်ချက်0 ခု ရေးပြီးချိန်: 8/14/2007 10:31:00 AM
Monday, August 13, 2007
ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုသဘာဝစရိုက်
စာရေးသူ: s0wha1
Labels:
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
ကျွန်မဘလော့ဂ်မှာ ကျွန်မကိုယ်တိုင်ရေး ပို့စ်အသစ်တွေ မတင်နိုင်သေးပေမဲ့ ဗိုလ်ချုပ်အကြောင်း စာတွေကိုတော့ ရှိသမျှ တင်ပေးဖြစ်နေပါတယ်။ တက္ကသိုလ်နေ၀င်းရေးသားတဲ့ ဗိုလ်ချုပ်အကြောင်းတွေကတော့ အများစုလည်း ဖတ်ပြီးကြမှာပါ။ ဒါပေမဲ့ ကျွန်မဘလော့ဂ်မှာ တသီးတသန့် တစုတစည်းထဲ ရှိချင်တဲ့ ဆန္ဒကြောင့် သူများဘလော့ဂ်မှာ တင်ပြီးသားတွေလည်း ကျွန်မ ထပ်တင်ဖြစ်ပါတယ်။ ကျွန်မ နေမကောင်းဖြစ်နေစဉ် အားပေးကြသော၊ ကျွန်မဘလော့ဂ်ဆီ မပျက်မကွက် လာရောက်လည်ပတ်ကြသော သူငယ်ချင်း၊ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီရက်ပိုင်းမှာ ခရီးသွားစရာလည်း ရှိသေးလို့ ပို့စ်တွေ တင်ဖြစ်ဦးမယ် မထင်ပါဘူး။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ီ
***
"ကြည် ...ပဲပြုတ်နဲ့ နံပြားစားချင်တယ်
အောင်ဆန်း"
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း အောင်ဆန်းဟု သူ၏ နာမည်လက်မှတ်ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။
တခါကဗိုလ်ချုပ်က သူ၏ ချစ်ဇနီးဒေါ်ခင်ကြည်အား သူကြိုက်သော ပဲပြုတ်၊ နံပြား စားချင်ကြောင်း ပူဆာလိုက်သည့်စာပင် ဖြစ်သည်။ ပူဆာသည်ဟု ဆိုရခြင်းမှာ ဟေ့ ငါပဲပြုတ်နဲ့ နံပြားစားချင်တယ်၊ မနက်စောစော အသင့်ဝယ်ထားလိုက်ဟု စစ်သူကြီးတစ်ဦးက စစ်သည်ရဲဘော်ကလေးအား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သူ့ကို အလွန် ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုးဖြစ်နေသောကြောင့်ပင်တည်း။
အထက်ဖော်ပြပါ စာတိုကလေးကို ဗိုလ်ချုပ်အကြောင်း စိတ်ဝင်စားသူ၊ လေ့လာသူ၊ သူ့အကြောင်း ဟောပြောရေးသားသူ မှန်သမျှကောင်းစွာ သိကြပါသည်။ သို့သော် ယင်းစာတိုကလေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု၊ အပြင်းပွားမှုများလည်း ရှိခဲ့ပါသည်။ သဘောထားကွဲလွဲမှု၊ အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် စာတိုကလေးသည် ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသနဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။
ယင်းစာတိုကလေးနှင့် ပတ်သက်၍ အငြင်းပွားမှုအကြောင်း အနည်းငယ်မျှ ရှင်းပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသောစာတိုကလေးတွင် ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည်မှာ မှန်သော်လည်း စာပါအကြောင်းအရာက နိုင်ငံရေး၊ စစ်ရေးနှင့် ဘာမျှမဆိုင်။ သူ၏ တွေးခေါ်မြော်မြင်ရေး ဒဿနဆိုင်ရာ သုံးသပ်ချက်လည်းမဟုတ်။ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ ထို့ကြောင့် သည်လို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးတွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြုစုခြင်း၊ ဟောပြောခြင်းများ မလုပ်သင့်။ နိုင်ငံရေး စစ်ရေး သို့မဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောတရားမျိုးသာလျှင် မှတ်တမ်းတင် ရေးသားသင့်သည်။ ဟောပြောသင့်သည်။ ဥပမာ ဇူလိုင်၊ ၉၄ထုတ် နွယ်နီ မဂ္ဂဇင်းမှ ကျွန်တော်၏ ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးဆိုလျှင်လည်း အထက်ပါယူဆချက်အရ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ်သက်ရောက်နေပါသည်။
ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။ ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ။ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေဆိုပြီး ပစ်ပယ်လို့ မရဘူး။ ဒါမျိုးတွေက ကာယကံရှင်ပုဂ္ဂိုလ်ရဲ့ ပင်ကိုသဘာဝစရိုက် Charater ကို ပေါ်လွင်စေတယ်။ သူ့ရဲ့ စိတ်ဓါတ် အတွေးအခေါ်တွေ၊ အမြော်အမြင် အယူအဆတွေကို ခန့်မှန်းလို့ရတယ်။ သူဟာ ဘယ်လို လူစားမျိုးလဲဆိုတာ ရုပ်လုံးဖော်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်။ ကျုပ်သဘောထားကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သတ်လို့ နောင်လာနောက်သားတွေ၊ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သားနိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေကအစ မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်။
ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော်ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာဝစရိုက်ကို ခန့်မှန်း၍ ရနိုင်မည့် ကျွန်တော်၏ ကိုယ်တွေ့ ဖြစ်ရပ်အချို့ကို ဖော်ထုတ်တင်ပြလိုက်ရပါသည်။ ဥပမာဆိုလျှင် ၁၉၄၆ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့ အာဏာကို လွှဲပြောင်းလက်ခံယူပြီးနောက် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခု ၀န်ကြီးများရုံ) သို့ နေ့စဉ်ရုံးတက်ခဲ့ရပါသည်။
သူ၏ ရာထူး (တရားဝင် အခေါ်အဝေါ်မှာ) ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဌ ဖြစ်ပါသည်။ ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံမတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိအဖြစ် ဦးဆောင်စည်းဝေးရပါသည်။ လွတ်လပ်ရေးမရသေးမီ ကာလဖြစ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၀န်ကြီးဌာန သုံးခုကို တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။
တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲသုံးနာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်းတီး၍ ခေါ်သဖြင့် ကျွန်တော်လည်း ချက်ချင်းပင်သူ၏ ရုံးခန်းတွင်းသို့ လျင်မြန်သွက်လက်စွာ ၀င်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူအတွင်းဝန်က သူ့ထံတင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတန်းများ၊ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ်သည်။
"ဘာများလဲ ဗိုလ်ချုပ်"
ကျွန်တော်က ထုံးစံအတိုင်း သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀န်ကြီးတစ်ဦးက သူ့ပီအေ (အပါးတော်မြဲ) ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်သလို ဟန်မျိုးဖြင့် "ငါအခု ဗိုက်ဆာလို့ တစ်ခုခုစားချင်တယ်ကွာ"ဟု ပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်းရိပ်မိလိုက်ပါပြီ။ ထိုနေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးအား နံနက်စာ ထမင်းကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခုဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်၍လားမသိ။ ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာ စားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာကယာလက်ဆေး၍ ရုံးသွားရန် ပြင်ဆင်ခဲ့ရပါသည်။ နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက်အလုပ်လုပ်နေရချိန်တွင် ဘာမျှ မစားသောက်ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့်အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။
(မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ၀န်ကြီးလစာရသည် မှန်သော်လည်း ယင်းလစာငွေကို ကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် ဘတ်ဂျက် မအောက်အောင် စိစစ်သုံးစွဲရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရေသောကြောင့် လကုန်ခါနီးရက်များဆိုလျှင် အထူး ခြိုးခြံချွေတာရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်းတစ်မယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။ စာရေးသူ)
ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခုဝယ်ကျွေးစိတ် ဖြစ်ပေါ်လာမိပါသည်။
"ဗိုလ်ချုပ် ဘာများစားချင်လို့လဲ"
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလိုဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်ပါသည်။
"ဘာလဲ ၊ မင်းက ငါ့ကိုဝယ်ကျွေးမလို့လား။ ၀ယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကော ရှိလို့လား"
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့မရှိပါ။ သူသည် လိမ်ပြောခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူဖြစ်၍ ကျွန်တော်တို့ လူငယ်တွေကလည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုနေ့ကတော့ သူဗိုက်ဆာ၍ တစ်ခုခုစားချင်ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်သည် ဘာပဲဖြစ်ဖြစ် သည်တစ်ခါတော့ အမှန်ကိုမပြောမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
"ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ်ဆိုတာသာ ပြောပါ"
ကျွန်တော်က ခပ်တည်တည်နှင့် အကျီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်ပါသည်။ အမှန်က ကျွန်တော်၏ အကျီအိတ်ထဲတွင် ငွေငါးကျပ်တန်တစ်ရွက်နှင့် ကျပ်တန်နှစ်ရွက်၊ စုစုပေါင်းငွေ ခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်က မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်လည်း ယုံကြည်သွားပုံရပါသည်။
"ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနှင့် ခပတ်စားချင်တယ်ကွာ"
"ဟုတ်ကဲ့၊ ဒါဆိုရင်လဲရပါတယ်။ ကျွန်တော့်မှာ ပါတဲ့ ငွေနဲ့လုံလောက်ပါတယ်။ ရုံးကနေ မဂိုလမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့ ။ ကိုင်းလာပါ ဗိုလ်ချုပ်"
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
"ဟေ့ ငါတို့ရုံးဆင်းတော့မယ်။ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့"ဟု ညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးအောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ ထို့ကြောင့် အပြန်လည်း ကျွန်တော်ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်၊ ဒါလဟိုဇီလမ်း) မဟာဗန္ဓုလလမ်းထိပ်အနီး ဗလီကြီးအောက်ရှိ ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွားလိုက်ပါသည်။ ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှ ဗိုလ်ချုပ်အား သူစားချင်သော ပလာတာနှင့် ခပတ်ကို ကျွေးရန် မည်သို့မည်ပုံပရိယာယ်ဆင်ရမည်ကို ကြိုတင်အကွက်ချထားပြီး ဖြစ်သည်။
မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က မကြာခဏ၀င်စားလေ့ရှိသော ဆိုင်ဖြစ်ပြီး ဆိုင်ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာလာခဲ့ခြင်းဖြစ်ပါသည်။
ထုံးစံအတိုင်း ဆိုင်ရှိလူငယ်စားပွဲထိုးများသည် လွန်စွာဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်ပါသည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်။
"ဒီမယ် ခင်ဗျား၊ ကျုပ်ကိုသိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ်ယောက်ပဲ။ ဟိုမှာ ထိုင်နေတဲ့လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျားသိမှာပေါ့။ အခုသူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်။ ခက်တာက ကျူပ်မှာ ပိုက်ဆံအလုံအလောက်မပါဘူး။ ဒါကြောင့် ကျူပ်တို့အခုစားလို့ ကျသင့်တဲ့ ငွေကို နက်ဖြန်ကျမှ ကျုပ်လာပေးပါရစေ။ နောက်ပြီး ကျူပ်တို့ပြန်ခါနီး ဗိုလ်ချုပ်က မေးရင် ပိုက်ဆံရှင်းပြီးပါပြီလို့လည်း ပြောပေးပါ။ ကျူပ်မှာ ပိုက်ဆံမပါလာတာကို သူ မသိစေချင်ဘူး"
ကျွန်တော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
"စိတ်ချပါ ဆပ်။ ကျသင့်တဲ့ငွေကို ဆပ်တို့ကြုံတော့မှ ၀င်ပေးပါ။ ရပါတယ်။ ဗိုလ်ချုပ်မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပေးပါ့မယ်"
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။ ပလာတာနှင့် ခပတ်နှစ်ပွဲရောက်လာသောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရစားပါတော့သည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကိုကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါတကားဟု စိတ်ထဲမှကျိတ်၍ မှတ်ချက်ချမိသည်။ သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင်စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
"ဟေ့ကောင် ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်"ဟုပြောရာ ကျွန်တော်လည်း
"ရှင်းပြီးပါပြီ ဗိုလ်ချုပ်။ စောစောက စားစရာမှာရင်း တစ်ခါတည်း ငွေရှင်းပေးခဲ့ပါတယ်"ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင်စီစဉ်ထားသည့်အတိုင်း အချက်ပြခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက်လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေးအလေးပြုရင်း
"ပိုက်ဆံရှင်းပြီးပါပြီ"ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
"ဘယ်နှယ့်လဲ ဗိုလ်ချုပ် ။ စားလို့ကောင်းပါရဲ့လား"
ကျွန်တော်က ဆိုင်ရှင်ရှေ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်လည်း "အေးကွ မစားရတာ ကြာလို့လား မသိဘူး။ အလွန်စားလို့ကောင်းတယ်" ဟု ပြုံး၍ပြောသည်ကို ဆိုင်ရှင်ကုလားသည် သဘောကျသွားပုံရပါသည်။ ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်းတာဝါလိန်းလမ် (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။ နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း(ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။
၁၉၄၆ခုနှစ်၊ မတ်လက ဗိုလ်ချုပ်အောင်ဆန်းသည် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်ဇံဝေ စသော ဖဆလပ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ စည်းရုံးရေးခရီးထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍ ပြန်လည်ဖော်ထုတ်တင်ပြလိုပါသည်။ ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့အာဏာမရရှိသေးဘဲ ဆင်းရဲနွမ်းပါးသော အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းခန်းလှည့်လည်သလို လေယာဉ်၊ မော်တော်ယာဉ်၊ မီးရထား၊ မီးသဘောင်္စသည့် အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ သွားခဲ့ရပါသည်။ သို့သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းစွာ ခရီးသွားရသည်ကို လုံးဝမညည်းညူဘဲ ရွှင်လန်းတက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျူးဖွယ် ကောင်းလှပါသည်။ စစ်အတွင်း ဂျပန်ခေတ်က သူသည် တပ်မတော်သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် မောရစ်၂၅ အမျိုးအစား အနက်ရောင် ဆလွန်းကားကြီးကို အလံသုံးခုဆင့်လွှင့်လျက် စီးနင်းသွားလာခဲ့ရသည်ကိုလည်း ပြန်လည်သတိမရ၊ မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း၊ ရခိုင်ဖက်တွင်လည်း နွားလှည်းတလှည့်၊ ခြေကျင်တခါသွားလာပြီး စည်းရုံးစကားပြောရခြင်းကို လုံးဝစိတ်ဓာတ်မကျဘဲ ပျော်ရွှင်ကြည်လင်စွာပင် သွားလာ ဟောပြောစည်းရုံးခဲ့ပါသည်။
[မှတ်ချက်။ အလံသုံးဆင့်ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏ မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ကားတွင်လည်း စစ်ဖက်ရာထူး မေဂျာဂျင်နရယ် (ဗိုလ်ချုပ်) အလံ၊ တပ်မတော် သေနာပတိအလံနှင့် အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီး အလံဟူ၍ အလံသုံးခုဆင့်၍ လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည်။]
ရခိုင်ပြည် မြောက်ပိုင်းစစ်တွေမြို့ ပတ်ဝန်းကျင် တ၀ိုက်နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့မပြန်မီ တောင်ကုတ်၊ သံတွဲ တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ၌ ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ ပါမောက္ခ ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ်၊ သံတွဲဒေသတွင် ရေလမ်းမှ ခရီးသွားရခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ ဦးကျော်ရင်က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့် လှည့်လည်ဟောပြောရန် သဘောတူလိုက်ပါသည်။
သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြရမည့်နေ့ နံနက်ပိုင်းတွင် ဒေသခံ ပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများပြင်ဆင်နေကြစဉ် ဗိုလ်ချုပ်သည် ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ခေါ်၍ ခပ်တိုးတိုးမေးပါသည်။
"ဟေ့ကောင် ငါတို့အခုသွားရမယ့်ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား"
"ဟုတ်ကဲ့ ဗိုလ်ချုပ်။ ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံးရေတိမ်ပြီး ကမ်းနဲ့နီးနီးနေရာက သွားမှာပါ။ ဒါပေမယ့် ခရီးတထောက်မှာတော့ ပင်လယ်ကိုဖြတ်သွားရပါမယ်။ ဘေးအန္တရာယ်တော့ မရှိပါဘူး။ ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့ ရာသီမို့ အဆင်ပြေမှာပါ"
ကျွန်တော်က ခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကိုဖြေလိုက်ပါသည်။
"ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆိုရင် မဖြစ်ဘူးထင်တယ်ကွ"
"ဘာဖြစ်လို့လဲ ဗိုလ်ချုပ်"
"ဘာဖြစ်ရမှာလဲ။ ငါက ရေမကူးတတ်ဘူးကွ၊ မတော်မဆ လှေမှောက်ရင် ဘယ့်နှယ့်လုပ်မလဲ"
ဗိုလ်ချုပ်က ခပ်တိုးတိုးပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသည်။
ရေမကူးတတ်သူများ အနေဖြင့် ရေလမ်းခရီးသွားရမှာ ကြောက်ခြင်းသည် မဆန်းပါ။ အထူးသဖြင့် ကမ်းနှင့်ဝေးဝေး ပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို စိုးရိမ်ရမည်ဆိုရင်လည်း စိုးရိမ်မိမည်မှာ သဘာဝကျပါသည်။ သို့သော်ခရီးက မသွားမဖြစ်။ ဦးကျော်ရင်နှင့် ဒေသခံ ပုဂ္ဂိုလ်များက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု ကြေငြာထားပြီးနေပေပြီ။ ကျွန်တော်လည်း စဉ်းစားရင်း အကြံတစ်ခုရမိသဖြင့် "ဗိုလ်ချုပ် ဒီမှာပဲ ခဏစောင့်ပါ။ ခရီးစဉ် ပြောင်းလို့ရရင် ပြောင်းပြီး သွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ်" ဟု ပြောပြီး ကျွန်တော်သည် တော်လှန်ရေး ရဲဘော်ကြီး ဦးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။ အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ ကျွန်တော်ကသာ စိတ်ကူးရသည့်အကြံကို ခပ်တိုးတိုးပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံး၍ခေါင်းညိတ်ပြပါသည်။ ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ် ပြန်လျှောက်သွားလိုက်ပါသည်။
"ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာ မရှိဘူး။ ကိုကျော်ရင်တို့ အဖွဲ့နဲ့ တိုင်ပင်ပြီးပါပြီ။ သွားမယ့် ခရီးစဉ်ကို လမ်းပြောင်းပြီး သွားကြမယ်။ အတွင်းဘက် ချောင်းငယ်တစ်ခုကနေတစ်ဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်။ ဒါပေမယ့် ပင်လယ်ပြင် ဖြတ်စရာမလိုတော့ဘူး။ ကျွန်တော်တို့ စိတ်ချလက်ချ သွားနိုင်ကြပါ့မယ်။ ကဲ လှေတွေလဲ အသင့်ဖြစ်နေပြီ။ သွားကြရအောင်"
ဤသို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့ ခေါ်သွားလိုက်ပါသည်။ လှေက တံငါလှေ ဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက ဗိုလ်ချုပ်စီးသည့်အခါ နေပူသက်သာအောင်ဆိုပြီး ပေါင်းမိုး လှေဝမ်းအပေါ်တွင် ကျွန်တော်၏ အကြံအစည် ချောမောအဆင်ပြေသွားပါသည်။ လှေ၏အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာများရှိရာ ကျွန်တော်က လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင် ချထားလိုက်ပါသည်။
လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည် ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက် "ဗိုလ်ချုပ် အခုသွားရမယ့်ရေလမ်းက နည်းနည်းပိုဝေးလို့ အတော်ကြာကြာသွားရမယ်။ ဒီတိုင်း ထိုင်လိုက်သွားရင်လည်း ပျင်းစရာကောင်းလိမ့်မယ်။ ဒီတော့ ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း၊ ညတုန်းကလည်း စကားပြောနေကြတာ ညဥ့်နက်သွားလို့ အိပ်ရေးပျက်ခဲ့တယ်မဟုတ်လား။ အခုအချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး တရေးလောက်အိပ်လိုက်ပါ။ အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့ ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ်" ဟု ပြောပြောဆိုဆို ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်အား ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ချစ်စရာကောင်းသော အချက်တစ်ခုမှာ နိုင်ငံရေး၊ စစ်ရေး ကိစ္စများတွင်သာ သူကိုယ်တိုင် အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း အခြားအသေးအဖွဲ လူမှုရေးကိစ္စများတွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်တော်တို့စီစဉ်ပေးသလိုသာ လုပ်လေ့ရှိခြင်းပင်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ ခရီးသွားလာရာတွင်ဆိုလျှင်လည်း ဘယ်အခမ်းအနားအမျိုးကျလျှင် ဘယ်လိုဝတ်စားရမည်ကိုပင် သူ မသိသဖြင့် "ဟေ့ကောင် လုပ်စမ်းပါဦးကွ၊ ငါဘယ်လိုဝတ်ရမှာလဲ"ဟု မေးလျှင် ကျွန်တော်က ၀တ်ရမည့် အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။ ဗိုလ်ချုပ်သည် ဘာမျှမပြောဘဲ ကျွန်တော်ပေးသော အ၀တ်အစားများကိုသာ ၀တ်လေ့ရှိပါသည်။ တခါတရံ နက်ကတိုင် လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင် ကျွန်တော်ကပင် ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည် နိုင်ငံရေး ကိစ္စကလွဲလျှင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။ ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေးသည့်အတိုင်း လိုက်လုပ်တတ်ပါသည်။
ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမောအိပ်ရင်း အနားယူပါဟု ပြောတော့လည်း သူသည် ဘာမှမပြောဘဲ လှဲအိပ်ချလိုက်ရာ ပင်ပန်း၍လား မပြောတတ်၊ ချက်ချင်းလိုပင် အိပ်ပျော်သွားရှာပါသည်။ သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ၊ လှော်ခတ်သူ လူငယ်များအား စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကိုဖြတ်၍ လှော်ခတ်သွားကြရပါတော့သည်။ ဗိုလ်ချုပ်ခမျာ ဘာမှမသိ။ ကျွန်တော်ပြောသလို ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျှက် စိတ်ချလက်ချ အိပ်ပျော်သွားရှာပါသည်။
မြစ်ဝကျွန်းပေါ်ဒေသလို နေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင် ရေထဲဆင်းဆော့ကစားရာမှ ရေကူးတတ်ရုံမက ကျင်လည်စွာကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင်ရေရှား၊ အင်းအိုင်မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ မဆန်းပါ။ တက္ကသိုလ်ရောက်တော့ ရေကူးကန်၊ ရေကူးအသင်း (swimming club) လည်း ရှိသဖြင့် အသင်းဝင်ပြီး ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏။ သို့ရာတွင် တက္ကသိုလ်သမဂ္ဂနှင့် နိုင်ငံရေးကိုသာ စိတ်ဝင်စားပြီး အချိန်ပြည့် လှုပ်ရှားနေသူ ကောလိပ်ကျောင်းသား ကိုအောင်ဆန်းအနေဖြင့် ရေကူးအသင်းဝင်ပြီး ရေကူးသင်ရန်အတွက် အချိန်မပေးနိုင်ခဲ့ပါချေ။ ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ်၍ ရေလမ်းခရီးသွားခြင်းမျိုးကို မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။
တပ်မတော် သေနာပတိ စစ်သူကြီးတစ်ဦးဖြစ်ခြင်းကြောင့် ရေမကူးတတ်ဘဲ ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍မရပါ။ ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်တော်သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည် ကျွန်တော်တို့အား ထပ်တလဲလဲပြောလေ့ရှိသော လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှုပဲဖြစ်ပါတယ်။ အခြေအနေ အချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ ပြောဝံ့တဲ့သတ္တိရှိရမယ် ဟူသော သွန်သင်ဆုံးမချက်၊ အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့် (Character and Love Of Truth) ဟု ပြောခဲ့သည့်အတိုင်း ယခုလည်း သူသွန်သင်ဆုံးမသလို ကိုယ်တိုင်လက်တွေ့ လုပ်ပြသွားခြင်းဖြစ်သည်ပါတကားဟူ၍ပင် ဖြစ်ပါသည်။ ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီးပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာဝစရိုက်ကို ပေါ်လွင်စေသည်ဟူသော အဆိုအမိန့်ကို ဤဆောင်းပါးဖြင့် အလေးအနက်ထောက်ခံလိုက်ရပါသတည်း။
တက္ကသိုလ်နေ၀င်း
မှတ်ချက်0 ခု ရေးပြီးချိန်: 8/13/2007 05:47:00 PM
Sunday, August 12, 2007
ငါးမူးတန်းမှ ရုပ်ရှင်ကြည့်သော ဗိုလ်ချုပ်အောင်ဆန်း
စာရေးသူ: s0wha1
Labels:
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
ဒီရက်ပိုင်း ကျွန်မ ကျန်းမာရေးမကောင်းလို့ စာလည်း မရေးနိုင်၊ ဘာမှလည်း မလုပ်ချင်ဖြစ်နေတယ်။ ဒီလထဲမှာတော့ ပို့စ်အသစ်တွေ ရေးနိုင်မယ် မထင်ဘူး။ နောက်လမှပဲ အားရပါးရ စာတွေ ပြန်ရေးပါဦးမယ်။ ခုလောလောဆယ်တော့ ကျွန်မ တလ နှစ်ပုဒ်တင်မယ်လို့ ရည်ရွယ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့စာတွေပဲ ရှိသလောက် တင်နေပါမယ်။
***
ငါးမူးတန်းမှာရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ထိုနေ့ကား ၁၉၄၆ ခု၊ စက်တင်ဘာလ ၂၆ရက်၊ ကြာသာပတေးနေ့ ဖြစ်ပါသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံအား မူလပုံစံအတိုင်း သူတို့လက်အောက်ခံ ကျွန်နိုင်ငံအဖြစ် ဆက်ထားကာ ဆန်စပါး၊ ကျွန်းသစ်၊ ရေနံ၊ သတ္တုစသော သယံဇာတပစ္စည်းများကိုလည်း ဆက်လက်အမြတ်ထုတ်ခေါင်းပုံဖြတ်ရန် ရည်ရွယ်လျက် စစ်ကြီးမပြီးမီကပင် စီမံချက်သဘော "စက္ကူဖြူ"စာတမ်းကို ရေးဆွဲထားပြီး ဖြစ်သည်။
သို့ရာတွင် ဒုတိယကမ္ဘာစစ်အပြီး နိုးကြားတက်ကြွလာသော မြန်မာတိုင်းရင်းသားလူထု တရပ်လုံးက ဗိုလ်ချုပ်အောင်ဆန်းနောက်မှ တခဲနက်ထောက်ခံအားပေးကာ လွတ်လပ်ရေးပေးရမည်ဟု ကြွေးကြော်လာသောအခါ ထိုအချိန်က ဗြိတိန်နိုင်ငံတွင် အာဏာရနေသော လေဘာပါတီ ခေါင်းဆောင်များက အခြေအနေမှန်ကိုသုံးသပ်ပြီးနောက် ရန်ကုန်မြို့ရှိ ဗြိတိသျှဘုရင်ခံအား "အောင်ဆန်းကို အုပ်ချုပ်ရေးအာဏာ ပေးလိုက်တော့"ဟု ညွှန်ကြားလိုက်တော့သည်။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့အာဏာကို ဘုရင်ခံထံမှ လွှဲပြောင်းရယူခဲ့ပါသည်။ ထိုနေ့ကား ၁၉၄၆ခု၊ စက်တင်ဘာလ ၂၆ရက်နေ့ပင်တည်း။ ထိုအချိန်က မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရသေး။ ဗြိတိသျှဘုရင်ခံအုပ်ချုပ်နေဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ (၀န်ကြီးအဖွဲ့ Cabinet)ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သည်။
သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ်က ဒုတိယသဘာပတိအမည်ဖြင့် ၀န်ကြီးအဖွဲ့ကို ဦးစီးကွပ်ကဲရသည်။ သို့ရာတွင် ဘုရင်ခံသည် နာမည်ခံ "သဘာပတိ"သာဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ၀န်ကြီးဌာနများကိုပါ ဗိုလ်ချုပ်အောင်ဆန်းကပင် ကွပ်ကဲရသည်။ တနည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ၀န်ကြီးချုပ်အာဏာကို ရရှိထားပြီးဖြစ်သည်။ တရားဝင် လွတ်လပ်ရေးမရသေး၍သာ ၀န်ကြီးအဖွဲ့ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့က အလုံလမ်း ဘုရင်ခံအိမ်တော်မှ တာဝါလိန်းက (ယခု နတ်မောက်လမ်းသွယ်) နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျွန်တော့်အားခေါ်၍ နှစ်ယောက်ချင်း ညွှန်ကြားချက် ပေးပါသည်။ "ဟေ့ကောင် ဒီနေ့ကစပြီး ငါဟာအစိုးရအဖွဲ့ခေါင်းဆောင်ဝန်ကြီးဖြစ်လာပြီ၊ မင်းကလည်း ငါ့ရဲ့ပီအေ (အပါးတော်မြဲအတွင်းဝန်)အဖြစ် တစ်ရက် နှစ်ရက်အတွင်း ပြန်တမ်းထွက်လာလိမ့်မယ်။ အစိုးရအဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေလည်း ရလာလိမ့်မယ်။ ငါအခုပြောနေတာကို မင်းမြဲမြဲ မှတ်ထားစမ်း။ အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ်အကူညီတောင်းတာတွေလည်း လာလိမ့်မယ်။ ဒီတော့ ငါ့ရဲ့ဆွေမျိုးတွေ ငါ့မိန်းမဘက်က အမျိုးတွေ၊ ပြီးတော့ မင်းနဲ့ပတ်သတ်တဲ့ အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ မတရားအခွင့်အရေးမပေးရဘူး။ သူတို့အကူညီတောင်းတာတွေကို လုပ်မပေးရဘူး။ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး။ အဲဒါအိမ်မှာ အားလုံးကိုပြောထားလိုက်။ ငါအခု ပြောတဲ့အတိုင်း မလိုက်နာရင် မင်းနဲ့ငါအသိပဲ" ဤသို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာ အမိန့်ပေးခဲ့ပါသည်။
ကျွန်တော်လည်း ဗိုလ်ချုပ်အမိန့်ပေးသည့်အတိုင်း လိုက်နာရပါသည်။ သူ့ဇနီးဒေါ်ခင်ကြည်ကိုလည်း "မမကြည် အိမ်မှာချက်ဖို့ဆန်မရှိရင် ကျွန်တော့်ကိုပြောပါ။ ကျွန်တော်တို့ ရဲဘော်တွေ ကြံဖန်ရှာပေးပါ့မယ်။ ဆန်အိတ်တွေ၊ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့် စီးပွားရေးသမားတွေကိုတော့ လုံးဝလက်မခံပါနဲ့။ ဗိုလ်ချုပ်က ဒီအတိုင်း ကျွန်တော့်ကို ပြောထားလို့ပါ"ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ပါသည်။
ထို့နောက် မကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့နှင့် ဆွေမျိုးတော်စပ်သူအချို့ ရန်ကုန်ကိုရောက်လာပါသည်။ အမှန်တော့ သူတို့သည် အင်္ဂလိပ်ခေတ်က "အောင်ဆန်းဟာ ထောင်နှုတ်ခမ်းလျှောက်နေတဲ့ ကောင်ပဲ"ဟု ပြောတတ်ကြပါသည်။ ယခု အစိုးရအာဏာရလာမှ အခွင့်အရေးရလိုရငြား လာကြခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ဗိုလ်ချုပ် အမိန့်ပေးထားသည့်အတိုင်း ပြတ်ပြတ်သားသားပြောလိုက်တော့မှ လက်လျှော့ပြီး ပြန်သွားကြတော့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်စာ ၀ါသနာပါပြီး အထူးကျွမ်းကျင်အောင် လေ့လာထားသကဲ့သို့ ကျွန်တော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ်လိုပြောတတ်သည်။ ၂၆-၉-၄၆နေ့က ဘုရင်ခံအိမ်တော်မှအပြန် ကျွန်တော့်အား ညွှန်ကြားချက်ပေးပြီးနောက် Remember that I practice what I preach! ဟုအင်္ဂလိပ်လိုအဆုံးသတ်ခဲ့ပါသည်။ အဓိပ္ပာယ်ကတော့ "ငါဟာ ငါ့တပည့် ရဲဘော်တွေကို သွန်သင်သလို ငါကိုယ်တိုင်လည်း လိုက်နာတယ်ဆိုတာ မှတ်ထားပါ"ဟူ၍ပင် ဖြစ်ပါသည်။ ယင်းသို့ ၂၆-၉-၄၆နေ့က ဗိုလ်ချုပ် အင်္ဂလိပ်လို ပြောခဲ့သည်ကို နောက်တစ်လနီးပါးကြာမှ ပြန်လည်သတိရစေသည့် အကြောင်းကား ဤသို့ပါတည်း။
ထိုအချိန်၌ ဗိုလ်ချုပ်အောင်ဆန်းသည် အတွင်းဝန်ရုံးတွင် အစိုးရအဖွဲ့အကြီးအကဲအဖြစ် နေ့စဉ် ရုံးထိုင်နေပြီ ဖြစ်သည်။ ကျွန်တော်ကလည်း သူ့ရုံးခန်းကပ်လျက် သီးသန့်အခန်းငယ်တစ်ခုတွင် ထိုင်ရပါသည်။ ဗိုလ်ချုပ်က အလိုရှိ၍ လျှပ်စစ်ခေါင်းလောင်းနှိပ်လိုက်လျှင် ကျွန်တော်လည်း ဘေးပေါက်မှ သူထိုင်ရာစားပွဲဆီသို့ သွက်လက်စွာ ၀င်သွားရပါသည်။
တနေ့ မွန်းလွဲသုံးနာရီခန့်တွင် ဗိုလ်ချုပ်က လှမ်းခေါ်သဖြင့် ကပျာကယာပြေးဝင်သွားရာ "ဟေ့ ဒီနေ့ ညဘက် ငါတို့ချိန်းထားတဲ့ အစည်းအဝေးရှိသေးသလား။ တခြား ဘာကိစ္စတွေ ရှိသလဲ" ဟု ဗိုလ်ချုပ်က မေးသဖြင့် ကျွန်တော်လည်း အသင့်ပါလာသော ဒိုင်ယာရီမှတ်တမ်းစာအုပ်ကို ကြည့်ပြီး ပြန်ဖြေလိုက်ရပါသည်။
"အစည်းအဝေးမရှိဘူး ဗိုလ်ချုပ်။ တခြားဘာကိစ္စမှလည်း မရှိဘူး။ ဒီနေ့ညအားပါတယ်"
"ဟုတ်လား။ ဒါဖြင့်ဟန်ကျတာပဲ။ ဒီနေ့ည ငါရုပ်ရှင်ကြည့်ချင်တယ်ကွာ"
"ဘယ်ရုံက ဇာတ်ကားကြည့်ချင်တာလဲ ဗိုလ်ချုပ်"
"ပလေဒီယံရုံမှာပြနေတဲ့ အင်္ဂလိပ်ဟာသကား ကြည့်ချင်တယ်။ အပျင်းပြေပေါ့ကွာ"
"ဒါဆိုရင်လွယ်ပါတယ်။ အဲဒီရုံက မန်နေဂျာနဲ့ ကျွန်တော်သိတယ်။ အခု ကြိုတင်ပြီး ဖုန်းလှမ်းဆက်ထားလိုက်မယ်"
ပြောပြောဆိုဆို ကျွန်တော်သည် စားပွဲပေါ်ရှိ တယ်လီဖုန်း စကားပြောခွက်ကို ကောက်ကိုင်လိုက်စဉ် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ်ဟန့်တားပါသည်။
"ဟေ့ကောင် တယ်လီဖုန်းကိုပြန်ချလိုက်စမ်း"
ကျွန်တော်လည်း တယ်လီဖုန်းကို ကပျာကယာ ပြန်ချလိုက်တော့မှ ဗိုလ်ချုပ်က ဆက်ပြောပါသည်။
"ဘာလဲ။ မင်းက ရုံးမန်နေဂျာကို တယ်လီဖုန်းဆက်ပြီး မေတ္တာလက်မှတ်တောင်းမလို့ မဟုတ်လား။ မတောင်းရဘူး။ ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့လက်မှတ် ၀ယ်ကြည့်ရမယ်။ မေတ္တာလက်မှတ် တောင်းတယ်ဆိုတာ အခွင့်အရေးယူတာ တမျိုးပဲ။ မင်းတို့ ငါတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းတယ်ဆိုတာ အခွင့်အရေးယူတာ တမျိုးပဲ။ မင်းတို့ ငါတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းရင် မန်နေဂျာက လက်မှတ်နှစ်စောင်မဟုတ်ဘူး။ ဆယ်စောင်လည်း ပေးမှာပဲ။ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး။ ရုပ်ရှင်ရုံပိုင်ရှင်တို့၊ မန်နေဂျာတို့ဆိုတာ စီးပွားရေး သမားတွေကွ။ အာဏာရှိတဲ့လူဆိုရင် မျက်နှာလိုမျက်နှာရ လုပ်တတ်တယ်။ သူတို့က အခွင့်အရေး တစ်ခုပေးပြီးရင် ဆယ်ခု ပြန်တောင်းလိမ့်မယ်။ ဒါမျိုးတွေ ငါမကြိုက်ဘူး။ ကဲ မင်းမှာ အခု ပိုက်ဆံ ဘယ်လောက်ရှိသလဲ"
ဗိုလ်ချုပ်က မေးသဖြင့် ကျွန်တော်လည်း အင်္ကျီအိတ်ထဲသို့ နှိုက်ကြည့်ရာ ငွေစက္ကူ ကျပ်တန်သုံးရွက် ထွက်လာပါသည်။
"ဘယ်လောက်လဲကွ ၊ သုံးကျပ်မဟုတ်လား ။ ဒါဆိုရင် ဖြစ်တယ်။ မင်း မမကြည်နဲ့ ကလေးတွေက လိုက်မှာ မဟုတ်ဘူး။ ဒီတော့ မင်းနဲ့ငါ နှစ်ယောက်ပဲ ညနေခြောက်နာရီခွဲပွဲမှာ ငါးမူးတန်းက လက်မှတ်ဝယ်ကြည့်ကြမယ်။ ငါးမူးတန်း လက်မှတ်နှစ်စောင်ဆိုတော့ တစ်ကျပ်ပဲကုန်မှာမို့ မင်းမှာ ငွေနှစ်ကျပ်တောင် ကျန်ဦးမယ်။ အဲဒီအတိုင်းသာ စီစဉ်တော့"
ဗိုလ်ချုပ်က အဆုံးအဖြတ်ပေးလိုက်သဖြင့် ကျွန်တော်လည်း ဘာမှပြန်မပြောသာတော့ပါ။
(မှတ်ချက်။ ၁၉၄၆ခုနှစ်က ရုပ်ရှင်ကြည့်ခနှုန်းမှာ စစ်ကြိုခေတ်ကအတိုင်း ရှေ့ဆုံးကတစ်မတ်၊ ထို့နောက် ငါးမူးတန်း၊ စတောလ်ဟုခေါ်သည့် အောက်ထပ်နောက်ဆုံးက တစ်ကျပ်၊ ဒီစီဟုခေါ်သည့် အပေါ်ထပ်က နှစ်ကျပ်ဖြစ်သည်။ ငွေကြေးစနစ်ကလည်း အိန္ဒိယမှာကဲ့သို့ပင် ကျပ် ပဲ ပိုင် စနစ်ဖြစ်၍ ယခုလို ပြားတစ်ရာ၊ တစ်ကျပ်စနစ် မရှိသေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ရေကျော်လမ်း၊ တို့ဗမာအစည်းအရုံးမှာ ဆင်းရဲကျပ်တည်းစွာ နေခဲ့စဉ်က ရံဖန်ရံခါ အင်္ဂလိပ်ရုပ်ရှင်ကားများ ကြည့်တတ်သည်။ ငွေကြေးအခက်အခဲကြောင့် ရုပ်ရှင်ပိတ်ကားနှင့် အနီးဆုံးဖြစ်သော ဈေးအနည်းဆုံး တစ်မတ်တန်းက ကြည့်လေ့ရှိသည်။ ယခု သူဝန်ကြီးဖြစ်နေ၍ တစ်မတ်တန်းမှ ကြည့်ရန်မသင့်ဟု တွေးကာ ငါးမူးတန်း ( ရှစ်ပဲ ) တန်းမှ ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။)
ထိုနေ့ ညနေက ပလေဒီယံရုံသို့ ကျွန်တော်တို့ ရောက်သွားသောအခါ အနည်းငယ်နောက်ကျနေသဖြင့် ငါးမူးတန်း၏ ရှေ့ဆုံးတန်းမှသာ လက်မှတ်ရပါသည်။ ငါးမူးတန်း၏ ရှေ့ဆုံးတန်းဆိုသည်မှာ တစ်မတ်တန်း၏ နောက်ဆုံးတန်းနှင့် ဘာမျှမခြားတော့။ သို့သော် ဗိုလ်ချုပ်က ဘာမှမပြော။ ထိုင်ကြည့်ရရင် ပြီးတာပဲဟုဆိုကာ ခပ်တည်တည်ပင် ၀င်ထိုင်ကြည့်လိုက်ပါသည်။
ထိုခေတ်က ရုပ်ရှင်ပြချိန်မှာ နေ့လယ် ၁၂နာရီခွဲ ၊ မွန်းလွဲသုံးနာရီခွဲ ၊ ညနေခြောက်နာရီခွဲနှင့် ညကိုးနာရီခွဲ စုစုပေါင်း လေးပွဲပြသည်။ ယခုလည်း တစ်နေ့ လေးပွဲပြနေလင့်ကစား ပြချိန်ချင်းမတူတော့ချေ။ အချိန်တန်၍ ရုပ်ရှင်ရုံအတွင်း မှောင်သွားပြီး စတင်ပြပါလေပြီ။ မှောင်သည်ဆိုသော်လည်း ခေတ္တမျှအကြာတွင် မျက်စိကျင့်သားရ၍ ရုံအတွင်း မြင့်သင့်သလောက်မြင်ရပါသည်။ ဤတွင် ကျွန်တော်တို့ရှေ့ တစ်မတ်တန်းမှ ပရိသတ်သည် ငါးမူးတန်းရှေ့ဆုံးတန်းမှ ဗိုလ်ချုပ်အောင်ဆန်းကို သတိပြုမိကြတော့သည်။ နေ့စဉ်လိုလို သူ၏ဓာတ်ပုံ သတင်းစာထဲ ပါနေသဖြင့် မှတ်မိနေကြဟန်တူသည်။ ထို့ကြောင့် တစ်မတ်တန်း နောက်ဆုံးမှ လူများသည် ရုပ်ရှင်ဓာတ်ကားကို မကြည့်ဘဲ ဗိုလ်ချုပ်ကိုသာ နောက်ပြန်လှည့်ကြည့်နေကြသည်။ ဗိုလ်ချုပ်ကမူ ဘာကိုမှ သတိပြုမိပုံမရဘဲ ရုပ်ရှင်ပိတ်ကားကိုသာ အာရုံစိုက်ကြည့်နေသည်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ။ အနေရခက်နေတော့သည်။
မိနစ်အနည်းငယ်ကြာသောအခါ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်းမှ ရုပ်ရှင်ကြည့်နေသည်ဟူသော သတင်းသည် ရုံမန်နေဂျာရုံးခန်းသို့ ရောက်သွားတော့သည်။ မန်နေဂျာ ဦးမြဟန်ဆိုသူ (ယခုကွယ်လွန်)မှာ ကျွန်တော်နှင့် ခင်မင်ရင်းနှီးသဖြင့် ချက်ချင်းအောက်ထပ်သို့ ပြေးဆင်းလာပြီး ရုံဝန်ထမ်းတစ်ဦးအား ကျွန်တော့်ကို အပြင်ဘက် စင်္ကြသို့ခေတ္တထွက်ခဲ့ရန် ခေါ်ခိုင်းပြီး အပြစ်တင်ပါလေတော့သည်။
"ဘယ်လိုလုပ်လိုက်တာလဲ သူငယ်ချင်း၊ ဗိုလ်ချုပ် ရုပ်ရှင်ကြည့်မယ်ဆိုရင် စောစောက ငါ့ဆီ ကြိုတင်ဖုန်းဆက်လိုက်ရောပေါ့။ ဘာကြောင့် မဆက်တာလဲ"
"အေး... ငါလည်း မင်းဆီဆက်မလို့ပါပဲ။ ဗိုလ်ချုပ်က မဆက်ရဘူးလို့ ငါ့ကိုဟောက်တယ်။ မေတ္တာလက်မှတ်တောင်းပြီး ရုပ်ရှင်ကြည့်တာဟာ အခွင့်အရေးတမျိုးယူတာပဲတဲ့။ နောင်တစ်ချိန်ကျရင် မင်းတို့လို စီးပွားရေးသမားတွေက မတရားအခွင့်အရေးတွေ တောင်းလာလိမ့်မယ်တဲ့။ ဒါကြောင့် ငါ့မှာရှိတဲ့ ပိုက်ဆံသုံးကျပ်ထဲက တစ်ကျပ်ပဲကုန်အောင် ငါးမူးတန်းက ၀င်ကြည့်ကြတာပဲကွ"
"ဗိုလ်ချုပ်ပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ စီးပွားရေးသမားဆိုတာတော့ အကြံအဖန်လုပ်ဖို့၊ မတရား အခွင့်အရေးတောင်းဖို့ အမြဲအကွက်ချောင်းနေတာပဲ။ ဒါပေမယ့်ကွာ မင်းဆရာဗိုလ်ချုပ်ကို သွားပြောစမ်းပါ။ ငါက အင်းယားဟောလ်ရှေ့မှာနေတဲ့ ရန်ကုန်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒေါ်မမရဲ့သား မြဟန်၊ ဒီရုံကိုလည်း ငါတို့ပဲ ပိုင်တယ်။ ငါတို့အလုပ်က ရုပ်ရှင်ရုံနဲ့ပဲ ပတ်သတ်တော့ သွင်းကုန် လိုင်စင်တောင်းတာမျိုးတို့ ဘာအခွင့်အရေးမှ ယူဖို့လည်း မလိုဘူး။ အခုလို အင်္ဂလိပ်ကားမျိုးဆိုတာကလည်း ရုံမပြည့်ဘဲ အပေါ်ထပ်သီးသန့်တန်းမှာ နေရာတွေ အများကြီးလွတ်နေတယ်။ ဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်ကြီးအနေနဲ့ ငါးမူးတန်းရှေ့ဆုံးမှာ ထိုင်ကြည့်နေတာ မသင့်တော်တဲ့အပြင် လုံခြုံရေးရှုထောင့်က ကြည့်ရင်လည်း လုံးဝမကောင်းပါဘူး။ ဒီတော့ ဘာအခွင့်အရေးမှ မတောင်းပါဘူးဆိုတဲ့ အာမခံချက်လည်း ပေးပါမယ်။ ဗိုလ်ချုပ်ကို အပေါ်ထပ် ဒီစီတန်းမှ တက်ကြည့်ဖို့ သွားပြောပေးစမ်းပါ သူငယ်ချင်း"
မန်နေဂျာ ဦးမြဟန်က အတင်းပြောသဖြင့် ကျွန်တော်လည်း ရုံထဲပြန်ဝင်ကာ ပိတ်ကားပေါ်မှ ဟာသကွက်များကိုကြည့်ပြီး သဘောကျနေကာ ရယ်မောနေသူ ဗိုလ်ချုပ်၏လက်မောင်းကို အသာဆွဲလိုက်ပါသည်။
"ဟေ့ကောင် ဘာလဲကွ ၊ ရုပ်ရှင်ကြည့်ကောင်းနေတုန်း ဘာဖြစ်ပြန်ပလဲ"
ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ကျွန်တော့်အား ငေါက်ရာ ကျွန်တော်လည်း မန်နေဂျာ ဦးမြဟန်ပြောသည့်အတိုင်း ခပ်တိုးတိုးရှင်းပြလိုက်ရပါသည်။
ဗိုလ်ချုပ်သည် ရုတ်တရက် ဘာမှပြန်မပြောသေးဘဲ ခေတ္တမျှ ပိတ်ကားပေါ်မှ ရုပ်ရှင်ကိုသာ ဆက်ကြည့်ရင်း စဉ်းစားနေဟန်တူပါသည်။ မန်နေဂျာဦးမြဟန်၏မိခင် ဒေါ်မမကို လူချင်းမရင်းနှီးသော်လည်း သူသိနေသည်။ ထို့ပြင် ၁၉၃၆ခုနှစ် တက္ကသိုလ်သပိတ်အရေးတော်ပုံတုန်းက ကျောင်းသားများအား သွယ်ဝိုက်၍ ကူညီခဲ့ကြောင်းကိုလည်း သိထားသည်။ ယခု မန်နေဂျာ ဦးမြဟန်က ဘာအခွင့်အရေးမှ မတောင်းပါဘူးဟု အာမခံချက်ပေးထားပါတယ်ဟူသော စကားကို သဘောကျသွားဟန်ဖြင့် ဗိုလ်ချုပ်သည် ထိုင်ရာမှ ထလိုက်သည်။
"ဟေ့ကောင် အပေါ်တက်မယ်ဆိုရင်လည်း မြန်မြန်တက်ကွာ၊ မင်းက ရှေ့ကသွား၊ အချိန်ကြာနေရင် ရုပ်ရှင်ဇာတ်လမ်း ဇာတ်ကွက်တွေ လွတ်ကုန်ပါဦးမယ်"
သူပြောသည့်အတိုင်း ကျွန်တော်လည်း ခပ်သွက်သွက်လျှောက်ထွက်ကာ ဦးမြဟန်လွှတ်ထားသော ရုံဝန်ထမ်း လူငယ်တစ်ဦးနှင့်အတူ ဒီစီခေါ် အပေါ်ထပ် နှစ်ကျပ်တန်းသို့ တက်ကြည့်ကြပါသည်။ ရုပ်ရှင်ပြီး၍ အပြန်တွင် ကားပေါ်၌ ဗိုလ်ချုပ်က "မင်းသိတဲ့အတိုင်း ငါတို့ကရုပ်ရှင်ကို မေတ္တာလက်မှတ်တောင်းပြီး အလကားကြည့်တာ မဟုတ်ဘူး။ ငါးမူးတန်းက လက်မှတ်နှစ်စောင်ဝယ်ကြည့်တယ်။ နောက်မှ မင်းသူငယ်ချင်းမန်နေဂျာက အတင်းလာခေါ်ပြီး အပေါ်ထပ် တက်ကြည့်ဖို့ခေါ်တော့ သူ့အမေကြီးကိုလည်း အားနာလို့ တက်ကြည့်ခဲ့တာပဲ"ဟု ပြောခဲ့ပါသေးသည်။ ဤသို့ပြောနေစဉ် ကျွန်တော်သည် ၂၆-၉-၄၆ နေ့က ဗိုလ်ချုပ်ကိုယ်တိုင်က "ဟေ့ ငါ့တပည့်ရဲဘော်တွေကိုပြောသလို ငါကိုယ်တိုင်လုပ်တာကွ"ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခဲ့ပုံကို ပြန်လည်သတိရ ကြားယောင်နေမိပါသတည်း။
တက္ကသိုလ်နေ၀င်း
1 comments ရေးပြီးချိန်: 8/12/2007 10:37:00 AM
Saturday, August 11, 2007
မှတ်မိသမျှ ကိုအောင်ဆန်း၏ ကျောင်းသားဘ၀ (သခင်ကျော်စိန် )
စာရေးသူ: s0wha1
Labels:
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
ဒီဆောင်းပါးလေးက သခင်ကျော်စိန်ရေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘ၀လေးပါ။
***
ဗိုလ်ချုပ်အောင်ဆန်း (၀ါ) သခင်အောင်ဆန်း (၀ါ) ကိုအောင်ဆန်းနှင့် ကျောင်းနေဘက် နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် တစ်ဦးဖြစ်ခဲ့သည်။ ကျောင်းနေစဉ်က မှတ်မိသမျှကို မှတ်တမ်းတင်လိုက်သည်။
ကိုအောင်ဆန်းသည် ကျွန်တော်တို့ထက် ၂-နှစ်စော၍ တက္ကသိုလ်သို့ ရောက်ရှိနေပါသည်။ ကိုအောင်ဆန်းကို ကျွန်တော်တို့အတန်းဆင်းချိန်နှင့် သူအတန်းတက်ရန် သုတ်သီးသုတ်ပျာလာချိန်တို့တွင် အင်းဝဆောင်ရှေ့တွင် မကြာခဏဆုံစည်းမိတတ်ကြပါသည်။ နောက် ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ ခင်မင်ရင်းနှီးလာခဲ့ကြသည်။ ကိုအောင်ဆန်း၏ ကျောင်းသားဘ၀ ၀တ်ပုံဆင်ပုံမှာ ကျွန်တော်တို့အဖို့ အထူးအဆန်းမဟုတ်သော်လည်း အများအဖို့ အတော်ကြီးထူးဆန်းနေသလို ဖြစ်ခဲ့ပါသည်။ ရှပ်အင်္ကျီကို ကြယ်သီးအပြည့်မတပ်ဘဲ ပင်နီအပေါ်အင်္ကျီကို ကပိုကရိုဝတ်၍ မန္တလေးလုံချည်အနွမ်းကိုပင် ဆင်မြန်းကာ ဆံပင်စုတ်ဖွားနှင့် သင်ကြားပို့ချချက်များလိုက်ရန် မှတ်စုစာအုပ်လက်တွင်ကိုင်ပြီး စိုက်စိုက်စိုက်စိုက် သွားတတ်လေ့ရှိပါသည်။ တခုခုကို အစဉ် အာရုံစိုက်ပြီးနေသောအသွင်မှာ အမြဲထင်ရှား၍ နေပါသည်။
ကိုအောင်ဆန်းသည် ကျောင်းတွင် သူငယ်ချင်းများနှင့် ဟေးလားဝါးလား စကားဖွဲ့လေ့မရှိပါ။ သင်ကြားပို့ချသမျှကို အမြဲအာရုံစိုက်ပြီး နားထောင်မှတ်သားလေ့ ရှိပါသည်။ ထို့ကြောင့်လည်း ကိုအောင်ဆန်း စာမေးပွဲတိုင်း ကောင်းစွာ အောင်မြင်သည်ချည်း ဖြစ်ပါသည်။ ကိုအောင်ဆန်းနှင့် ခင်မင်ရင်းနှီးလာပြီး သူ၏အခန်းသို့ သွားရောက်လည်ပတ်နေသောအခါ သူ၏အခန်းမှာ မသေသပ်ဆုံးအခန်းတစ်ခု အမြဲဖြစ်နေသည်ကို ကောင်းစွာသတိပြုမိသည်။ တခါတရံ ကိုအောင်ဆန်းသည် ညလုံးပေါက် စာဖတ်လေ့ရှိပါသည်။ စာသင်ခန်းတွင် နှုတ်ဆိတ်သလောက် သူ၏အခန်းရောက်၍ စကားစမိလျှင် ကိုအောင်ဆန်းသည် အာပေါင်အာရင်းသန်သန်နှင့် စိတ်ပါလက်ပါပြောလေ့ရှိပါသည်။ မည်သည်ကို လေ့လာလေ့လာ နှိုက်နှိုက်ချွတ်ချွတ် အပင်ပန်းခံပြီး လေ့လာတတ်ပါသည်။ ထို့ကြောင့် ကိုအောင်ဆန်းစကားပြောလျှင် ပိုင်ပိုင်နိုင်နိုင် ပြောလည်းပြောနိုင်ပါသည်။ သူ၏ပြောဟန်ထဲမှ “ဒီမယ်-ဒီမယ်” ဟုပြောပုံများ၊ “ကိုယ့်လူ-ကိုယ့်လူ”ဟု ပြောပုံများမှာ နားထဲတွင်စွဲ၍ ယနေ့တိုင် ရှိနေပါသေးသည်။
တညနေတွင် သထုံဆောင်၌နေသော ကိုကျော်ငြိမ်း၊ ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ သုံးဦးသား တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့်(ယခု ကုလားလက်ဖက်ရည်ဆိုင်နား ) တွင် ရောင်းနေသော အကြော်ဆိုင်၌ တ၀စားကြပြီး အင်းလျားကန်ဘက်ကို လျှောက်ကြပါသည်။ ဘင်္ဂါလီလူငယ်များ၏ ခြောက်လှန့်သတ်ဖြတ်ရေးဝါဒ (Terroism) ကို သူရွံရှာမုန်းတီးပုံကို အားရပါးရပြောပြီးလျှင် သူသည် တစ်ဦးချင်းလူစွမ်းကောင်းဝါဒကို မုန်းတီးကြောင်း၊ စုပေါင်းစည်းရုံးလုပ်ကိုင်ခြင်း (organized action) ကိုသာ ယုံကြည်ကြောင်း တစ်နာရီကျော်ကျော်ခန့်ပြောနိုင်ခဲ့သည်။ ကိုအောင်ဆန်း၏ စာဖတ်ပုံမှာ အတော်ကြီးစနစ်ကျလှပါသည်။ ပထမစာအုပ်၏ မာတိကာကို ကောင်းစွာမှတ်သားပါသည်။ နောက် တစ်ခန်းစီဖတ်လျက် ဖတ်ပြီးသား အခန်းများ၏ အချုပ်သဘောကို မှတ်စုစာအုပ်ဖြစ်စေ၊ စာရွက်လွတ်၌ဖြစ်စေ မာတိကာခေါင်းစဉ်ချ၍ အတိုချုပ် မိမိဘာသာမိမိရေးသားလေ့ရှိပါသည်။ ကိုအောင်ဆန်းသည် ကျောင်းစာနှင့်အပြင်စာ နှစ်ခုလုံးကို ကျေလည်အောင် ဖတ်နိုင်သောသတ္တိရှိသူဖြစ်လေသည်။
ထိုခေတ်အခါက ပေါ်ပေါက်နေသောပြဿနာများ၊ အခြေအနေများကို မကြာခဏဆိုသလို ကိုအောင်ဆန်းနှင့် ဆွေးနွေးကြပါသည်။ ကိုအောင်ဆန်းသည် အဖြီးအဖြန်းမပါဘဲ လိုရင်းအချက်များကို ပြတ်ပြတ်သားသားတစ်တစ်ခွခွ ဖော်ထုတ်လေ့ရှိပါသည်။ စာရေးရာတွင်လည်း အင်္ဂလိပ်ဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်ဖြစ်စေ ထိထိမိမိထင်ရှားပေါ်လွင်အောင် ရေးသားနိုင်ပါသည်။ နှစ်ဘာသာလုံးကို ကောင်းကောင်းကြီး ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်သူများ နည်းပါးသော်လည်း ကိုအောင်ဆန်းမှာ ထိုသို့ရေးနိုင်သူတစ်ဦးဖြစ်ပါသည်။ ကိုအောင်ဆန်း ဥပဒေတန်း ပထမနှစ်သင်ကြားနေခိုက် ထိုစဉ်က ကွယ်လွန်သူ ဒေါက်တာသိန်းမောင်ဦးစီးသော မြန်မာပိုင် အင်္ဂလိပ်သတင်းစာ “နယူးဘားမား”တွင် အချိန်ပိုင်းအယ်ဒီတာအဖြစ် လုပ်လျက်ရှိပါသည်။ ကျွန်တော်တို့နှစ်ဦးလုံးသည် ညနေ၃-နာရီခွဲကျော်မှ သတင်းစာတိုက်သို့ ရောက်ကြပါသည်။ သတင်းစာတိုက်ရောက်လျှင် ကိုအောင်ဆန်းသည် နောက်တစ်နေ့တွက် သတင်းခေါင်းကြီးကို ကြိုတင်စဉ်းစားလာခဲ့သည့်အတိုင်း ထိုင်ရာမထဆိုသလို တထိုင်တည်းနှင့် အပြီးရေးလေ့ရှိပါသည်။ ကိုအောင်ဆန်းရေးခဲ့သော သတင်းစာခေါင်းကြီးပိုင်းများမှာ နယ်ချဲ့ဆန့်ကျင်ရေးများသာ ဖြစ်ကြပါသည်။ အင်္ဂလိပ်စာကိုရေးရာ၌ နိုင်နင်းသည်နှင့်အမျှ ခက်ခဲလှသောပြဿနာတို့ကို ရှင်းလင်းပီသစွာ ဖော်ထုတ်နိုင်ခဲ့သဖြင့် နယ်ချဲ့အစိုးရနှင့် နိုင်ငံရေးရပ်ကွက်တို့တွင် ကိုအောင်ဆန်း၏ ခေါင်းကြီးပိုင်းများကို လေးလေးစားစားရှိခဲ့ကြရလေသည်။ မြန်မာဆောင်းပါးများကိုမူ မဟာဒဂုန် မဂ္ဂဇင်းကြီး၌ ရေးလေ့ရှိခဲ့ပါသည်။ ဟောပြောရာ၌မူ ကိုအောင်ဆန်းသည် ဒေါများများပါပြီး ပြောချင်ဇောကြီးနေသည်ကို မကြာခဏကြုံရတတ်ပါသည်။ အိုးဝေ မဂ္ဂဇင်းစာတည်းအဖြစ် ကိုအောင်ဆန်း ဆောင်ရွက်နေစဉ်က “ငရဲခွေးကြီးလွတ်လာလေပြီ”ဟူသော အင်္ဂလိပ်စာကဏ္ဍပါဆောင်းပါးမှာ တက္ကသိုလ်နယ်မြေသာမက တစ်နိုင်ငံလုံး သိမ့်သိမ့်တုန်သွားခဲ့ပါသည်။ ထိုဆောင်းပါးတွင် ဖွင့်ချလိုက်သောအချက်များကို အကြောင်းပြု၍ ကျောင်းသားအရေးတော်ပုံ ပေါ်ခဲ့ရလေသည်။ ဗမာ့နိုင်ငံရေးဖြစ်စဉ်တွင် မှတ်တိုင်ကြီးတစ်ခုဟု ဆိုနိုင်ပါသည်။
သမဂ္ဂကိစ္စများကို ဆောင်ရွက်ရာတွင်လည်း ကိုအောင်ဆန်းသည် အပင်ပန်းခံကာ အစားအသောက် အအိပ်အနေကို ပမာမပြုဘဲ လုပ်လေ့ရှိပါသည်။ အလုပ်လုပ်ရမှာကို ဘယ်သောအခါမျှ ကြောက်ရွံ့ခြင်းမရှိသူများတွင် ကိုအောင်ဆန်းသည် ထိပ်ဆုံးက အမြဲရှိပါသည်။ ဇွဲလည်းအလွန်ပြင်းထန်ပါသည်။ ဘာလုပ်လုပ် စိတ်ရောကိုယ်ပါလုပ်တတ်၍လည်း သူလုပ်သမျှမှာ ခရီးရောက်လေ့ရှိပါသည်။ ကျောင်းသားဘ၀၌ ဟန်ရေးပြခြင်းကို စက်ဆုတ်ပြီး ထိထိမိမိ လေ့လာမှတ်သားကာ ဇွဲရှိရှိနှင့် လုပ်သားကိုင်သားကျသော ကိုအောင်ဆန်းအနေနှင့်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအနေနှင့်လည်းကောင်း နိုင်ငံ့တာဝန်တို့ကို မမောနိုင်မပန်းနိုင် ဆက်လက်ထမ်းဆောင်ပြီး နိုင်ငံလွတ်လပ်ရေးမုခ်ဦးသို့ အရောက်ပို့ဆောင်နိုင်ခဲ့ခြင်းမှာ ကျောင်းသားကျောင်းသူတိုင်း အားကျနည်းယူဖွယ်ပင်ဖြစ်ပါတော့သည်။ ကျောင်းသားကျောင်းသူတိုင်း ကိုအောင်ဆန်းနည်းတူ နိုင်ငံအတွက် ကြိုးပမ်းအားထုတ်နိုင်ကြပါစေ။ ။
သခင်ကျော်စိန်
(၁၉၆၀-၆၁ ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင် အတွဲ (၄)၊ အမှတ်(၂) မှ ထုတ်နှုတ်ဖော်ပြပါသည်။ )
မှတ်ချက်0 ခု ရေးပြီးချိန်: 8/11/2007 01:59:00 PM
Friday, August 10, 2007
အကယ်၍
စာရေးသူ: s0wha1
Labels:
Poems,
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
ကိုရွက်ဝါရဲ့တောင်းဆိုချက်အရ အန်တီစုဘာသာပြန်ဆိုထားတဲ့ အကယ်၍ ကဗျာကို တင်လိုက်ပါတယ်။
***
IF
If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you
But make allowance for their doubting too,
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:
If you can dream--and not make dreams your master,
If you can think--and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:
If you can make one heap of all your winnings
And risk it all on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"
If you can talk with crowds and keep your virtue,
Or walk with kings--nor lose the common touch,
If neither foes nor loving friends can hurt you;
If all men count with you, but none too much,
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And--which is more--you'll be a Man, my son!
အကယ်၍ …
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ …
မင်းဟာ
အကယ်၍ …
အားလုံးက မင်းကို
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်…။
အကယ်၍ …
စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး
အဲဒီအတွက်လည်း
ဒါမှမဟုတ် ..မင်းရဲ့အကြောင်း
မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ မပြန့်ပွားဘူးဆိုရင်…။
ပြီးတော့ မင်းကိုယ်မင်း
ပညာရှိ စကားတွေကိုလည်း
အကယ်၍ …
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…။
ပြီးတော့
မျှော်မှန်းချက်သက်သက်သာမဖြစ်စေဘဲ
တွေးခေါ်နိုင်မယ် ဆိုရင်။
အကယ်၍ …
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို
တူညီသောလောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်…။
အကယ်၍ …
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်… မင်းဘ၀တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို
အဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်…။
အကယ်၍ …
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတလက် ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…။
ပြီးတော့…အစကနေ ပြန်စနိုင်မယ်ဆိုရင်။
ပြီးတော့..ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်…။
အကယ်၍ …
သူများတကာလုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်တဲ့အခါ
မင်း တယောက်တည်းနဲ့ပဲ
ဆက် ကြိုးစားနိုင်မယ်ဆိုရင်…။
အဲဒီလိုပဲ… မင်းမှာစိတ်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အားကို ခိုင်မာစွာ နဲ့ပဲ
ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…။
အကယ်၍ …
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်…
မင်းဧကရာဇ်တွေနဲ့အတူ
မာန်မာနသွေးမကြွဘူးဆိုရင်..။
အကယ်၍…
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင်မလုပ်နိုင်စေရင်…။
အကယ်၍ …
လူတိုင်းကို တန်းဖိုးထား လေးစားရပေမဲ့
စွဲလန်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…။
အကယ်၍ ..
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…။
ငါ့သားရေ ..မင်းဟာ
အရာရာရှိတဲ့
အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ …။
အဲဒီတော့
မင်းဟာလည်း
ဒေါ်အောင်ဆန်းစုကြည်
မှတ်ချက်2 ခု ရေးပြီးချိန်: 8/10/2007 12:12:00 AM
Thursday, August 9, 2007
အနိုင်မခံ
စာရေးသူ: s0wha1
Labels:
Poems,
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
ဗိုလ်ချုပ်ကိုယ်တိုင် ဘာသာပြန်ထားတဲ့ ကဗျာလေးပါ...
***
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbow'd.
Beyond this place of wrath and tears
Lies but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Engrave this quote in Our Store! | Rate this Quote! | Tell a Friend
-William Ernest Henley, "Invictus", 1875
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။
ဗိုလ်ချုပ်အောင်ဆန်း
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)
မှတ်ချက်2 ခု ရေးပြီးချိန်: 8/09/2007 10:45:00 AM