Saturday, December 15, 2007

ကျွန်မနှင့် အပျင်းရောဂါ



ကျွန်မ ပြီးခဲ့တဲ့ရက်တွေတုန်းက အပျင်းထူချက်ကတော့ ကမ်းကုန်ရောဆိုပါတော့။ အလုပ်က ပြန်ရောက်တာနဲ့ ကွန်ပျူတာဖွင့်၊ ဟိုကြည့်ဒီကြည့်လုပ်၊ သီချင်းနားထောင်။ အဲဒီလို ဘာမှ မည်မည်ရရ လုပ်နေတာမဟုတ်ဘဲနဲ့တောင် ညဘက် စောစောအိပ်ဖြစ်လားဆိုတော့လည်း မအိပ်ဖြစ်ပါဘူး။ ည ၁ နာရီ၊ ၂ နာရီမှ အိပ်တာ ပုံမှန်လို ဖြစ်နေပြန်ရော။ ဒီတော့ အလုပ်ထဲရောက်ရင် လူက အိပ်ငိုက်တာ ဒေါင်ချာစိုင်းနေတာပဲ။ အလုပ်ထဲမှာ အမြဲလို တွေးဖြစ်တာက ဒီည ငါ စောစောအိပ်မယ်၊ ကွန်ပျူတာကို လုံးဝမဖွင့်ဘူး ဆိုတာပဲ။ ဒါပေသိ အိမ်ပြန်ရောက်တာနဲ့ လူက ကွန်ပျူတာမဖွင့်ရရင် နေမထိ၊ ထိုင်မသာဖြစ်လို့။

ကွန်ပျူတာဖွင့်ပြီးရင် ကျွန်မ ဘာလုပ်နေလဲဆိုတော့ www.friendster.com မှာ ကျွန်မဓာတ်ပုံတွေတင်၊ သူများ ဖရန့်စတားအကောင့်တွေကြည့်၊ www.imvu.com ဆိုတဲ့ 3D ချက်လိုမျိုးမှာ ကျွန်မရဲ့ အရုပ်လေးအတွက် အင်္ကျီတွေဝယ်၊ ဓာတ်ပုံရိုက်နဲ့ လျှောက်လုပ်နေဖြစ်တယ်။ အဲဒီ 3D ချက်မှာလည်း သူများက လာစကားပြောရင် ပြန်မပြောဘူး။ ကျွန်မက ကိုယ့်အရုပ်လေးကို အ၀တ်အစားမျိုးစုံဝတ်ပေးပြီး ဓာတ်ပုံရိုက်ရတာကို ပျော်နေတာ။ အ၀တ်အစား အသုံးအဆောင်ပစ္စည်းတွေကလည်း သူတို့ပေးထားတဲ့ ပိုက်ဆံနဲ့ မလောက်တော့ တကယ့်ပိုက်ဆံ ပေးပြီးဝယ်ရတယ်။ ရူးတယ်ပြောပြော၊ ကြောင်တယ်ပြောပြော ပိုက်ဆံအကုန်ခံပြီးကို 3D အရုပ်အတွက် အ၀တ်အစားတွေ ၀ယ်ပစ်လိုက်တယ်။ ကိုယ့်ဖာသာကိုယ်တော့ သဘောတွေကျနေတာပဲ။

ဒီလိုနဲ့ အရုပ်မလေးကို ကြည့်ရတာ ငြီးငွေ့လာတော့ ဖရန့်စတားဘက် သွားကြည့်။ ကွန်ပျူတာထဲက ကိုယ့်ဓာတ်ပုံတွေ ကိုယ်ပြန်ကြည့်။ အဲဒါနဲ့ ကျွန်မလည်း ဘလော့ဂ်လောကနဲ့ အဆက်ပြတ်။ သူများတွေ ရေးထားတဲ့စာတွေလည်း မဖတ်ဖြစ်။ အန်တီငြိမ်း၊ အန်တီခင်နဲ့ မလေပြေတို့ ဘလော့ဂ်လောက်ပဲ ရောက်တယ်။ ဒါတောင် နေ့တိုင်း သွားမကြည့်ဖြစ်ဘူး။ ကိုယ့်ဘလော့ဂ်ကိုတော့ နေ့တိုင်းကြည့်ဖြစ်ပါတယ်။ ဒါပေမဲ့ အပျင်းဒီဂရီက များနေတော့ စီဘောက်မှာ ကိုယ့်ကို လာနှုတ်ဆက်သွားတာတွေ မြင်ရက်နဲ့တောင် ပြန်မနှုတ်ဆက်နိုင်ဘူး။ အဲလို၊ အဲလို။


ဘာမှလုပ်စရာမရှိလို့ ပျင်း၊ ပျင်းပြီး ဘာမှ မလုပ်ချင်။ ဒီလိုနဲ့ပဲ ချာလပတ်ရမ်းနေတယ်။ အွန်လိုင်းမှာ၂၄နာရီနီးပါး ရှိနေပေမဲ့ သူများတွေနဲ့ စကားပြောနေလားဆိုတော့လည်း ပြောမနေဘူး။ လာပြောရင်လည်း အင်း၊ ဟင့်အင်း၊ ဟုတ်ကဲ့၊ မဟုတ်ဘူး ကနေ ဘာမှ ဆက်မပြောတော့ဘူး။ ပြောချင်စိတ်လည်း မရှိဘူး။ အဲလို ပြောနေရတာကို ပျင်းတာဆိုတော့ ဘယ်လိုလုပ်ရပါ့။ သူများတွေကတော့ ဘယ်လို ထင်မလဲမသိဘူး။ အမှန်တော့ ကျွန်မက Busy နေတာလည်း မဟုတ်၊ မပြောချင်လို့ မပြောဘဲ နေတာလည်း မဟုတ်၊ ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်ပြီး စကားပြောလို့မရအောင်ကို ပျင်းနည်းမျိုးနဲ့ ပျင်းနေတာ။ တချို့တွေ ကျွန်မဆီ မေးလ်ပို့ကြတာလည်း မပြန်ဖြစ်ဘူး။ စာပြန်ရေးရမှာ ပျင်းလို့။ ဖုန်းလာရင်လည်း ဖုန်းမကိုင်ဘူး။ မကြားရတဲ့ တနေရာ ပို့ထားလိုက်တယ်။ ဒီလိုနဲ့ ကျွန်မ ပျင်းလာတာ ၃ လကျော်လောက် ရှိလာပါပြီ။

အရင်ကဆို Site ထဲမှာ ကျွန်မစားပွဲကို အခန်းထောင့်မှာ ထားထားတော့ ဘယ်သူမှလည်း ကျွန်မ ကွန်ပျူတာကို မမြင်ရဘူး။ ဒီတော့ နေ့တိုင်း ကျွန်မ ဘလော့ဂ်မှာ စာရေးဖြစ်နေတာပေါ့။ အခုကျ ရုံးကို ရောက်သွားတော့ အလုပ်ချိန်မှာ ဘယ်လိုမှ စာမရေးဖြစ်တော့ဘူး။ ကွန်ပျူတာကို လူသွားလမ်း စင်္ကြံဘက် မျက်နှာမူထားတော့ ပျင်းလွန်းလို့ စာရေးချင်ပါတယ်ဆိုတာတောင် ရေးလို့မရဖြစ်နေရော။ လူကလည်း အလုပ်လုပ်ချိန်ဆို စာရေးချင်စိတ်၊ ရေးစရာတွေက တဖွားဖွားပေါ်လာတာပဲ။ အဲ... အိမ်ရောက်ပြီ ဆိုရင်တော့ အားလုံး ကြက်ပျောက်၊ ငှက်ပျောက်။

ဒါပေမဲ့ အိမ်က ကွန်ပျူတာရှေ့ရောက်တာနဲ့ စာရေးချင်စိတ်လေးများ ရှိလေဦးမလားဆိုပြီး ဘလော့ဂ်က New Post လေးကို အမြဲလို ဖွင့်ထားဖြစ်ပါတယ်။ သို့သော်လည်း ရေးစရာတွေ အများကြီး ရှိတဲ့ကြားက စာတစ်ကြောင်းတောင် မရေးနိုင်ဘူး။ ဒါနဲ့ပဲ ကျွန်မဘလော့ဂ်မှာ ကိုယ်တိုင်ရေး ပို့စ်တွေ မတင်ဖြစ်တာ။ ကျွန်မ သူငယ်ချင်း တယောက်ကလည်း လာလာအော်တယ်။ copy cat တဲ့။ အဲဒီ copy cut တောင် မနည်း အတင်းဖျစ်ညှစ်ပြီး ပို့စ်တင်ထားရတာ သူက မသိရှာဘူး။ ကျွန်မ ပျင်းတာကတော့ အရည်တောက်တောက် ကျလောက်တယ်။

ဘလော့ဂ်မှာ စာရေးတယ်ဆိုတာကလည်း အမြဲတမ်း အဆက်မပြတ်နေမှ စိတ်က ရေးချင်တာကလား။ အကြောင်းကြောင်းကြောင့် မရေးမိတော့ရင် ဆက်မရေးချင်တော့ဘူး။ ဒါကလည်း ကိုယ်တကယ် စာရေးတာ ၀ါသနာ မပါလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အပျင်းထူခြင်း တမျိုးလည်း ဖြစ်နိုင်တာပါပဲ။ ဘာလို့ဆို တခုခု ခံစားရရင် ကဗျာ အရမ်းရေးချင်တဲ့ ကျွန်မ ပျင်းနေပြီဆိုရင်တော့ ဘာမှ ရေးလို့ကို မရတော့ဘူး။ သောကြာသမီးကျွန်မ စကားပြောချင်ပြီဆို အိမ်ကလူတွေကို မနားတမ်းပြော၊ သူငယ်ချင်းတွေကို ဖုန်းနဲ့မရပ်တန်းပြော၊ ချက်တင်မှာ အားရပါးရပြော၊ ပြောစရာကလည်း မကုန်နိုင်အောင်ဘဲ။ အဲ... ပြောချင်စိတ်မရှိအောင် ပျင်းလာပြီဟေ့ ဆိုလို့ကတော့ ခုနက ပြောသလိုပဲ။ အင်း၊ ဟင့်အင်းနဲ့ ပြီးနေရော... တခါတလေ GTalk မှာ လာပြောရင် (ဘာရယ် မဟုတ်ဘဲ) ပြန်တောင် reply မလုပ်ဘဲ နေတတ်သေးတယ်။ :P

စကား တစ်လုံး၊ နှစ်လုံးတောင် ပြန်မပြောချင်ဘူးဆိုတော့ကာ ကျွန်မရဲ့ အပျင်းရောဂါက တော်တော်ပြင်းတယ် ပြောရမယ်နော်။ "စားဖို့ပျင်း၊ အိပ်ဖို့ပျင်း၊ ငါ့မှာ ပျင်းရမှာတောင်ပျင်း" ဆိုတဲ့ ငပျင်းသီချင်းလို ဖြစ်နေပြီ။ ခုတော့ စကားပြောချင်စိတ်လည်း ရှိလာပြီ။ စာရေးချင်စိတ်လည်း ပြန်ပေါ်လာပြီ။ ညဘက်လည်း စောစောအိပ်ဖို့ ကြိုစားနေတယ်ဆိုတော့ကာ ရောဂါ သက်သာလာတဲ့ သဘောပဲပေါ့လေ။ ;))


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Print this post

3 comments:

nu-san said...

တော်သေးတာပေါ့.. s0wha1 လေးရေ.. ရောဂါသက်သာလာပြီဆိုရင် အရင်လို စာတွေ အများကြီး ဆက်ဖတ်ရတော့မှာပေါ့... အပျင်းရောဂါ အမြန်ပျောက်ကင်းပြီး စာတွေ အများကြီးဆက်ရေးနိုင်ပါစေ...

LIN LET KYAL SIN said...

ဖြစ်တတ်ပါတယ် မမရေ ။ စလုံးမှာကလဲ ဘာမှ စိတ်ကို အသစ်ဖြစ်စေတာ မရှိတော့ လူတွေက ဒါနဲ့ပဲ လုံးလည်ချာလည်လိုက်ပြီး ဒုံရင်းက ဒုံရင်းဖြစ်နေကြတာပါ။ အခု သက်သာလာပြီဆိုလို့ ၀မ်းသာပါတယ် မမရေ :)

s0wha1 said...

မနုစံ...ပေးတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ရပါစေ...ဟီဟီ..

ညီမလေးလင်းလက်ရေ...ဟုတ်ပါ့ဟယ်...ဒါမဲ့ အပြင်ထွက်ရမှာလည်း ပျင်းတယ်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*