"လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ...။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ...။"
ခုရက်ပိုင်း စာမရေးဖြစ်ပေမဲ့ သတင်းတွေတော့ နေ့တိုင်းကို ဖတ်ဖြစ်တယ်။ သံဃာတော်တွေ ကြွချီ လမ်းလျှောက်လို့ ဆန္ဒဖော်ထုတ်နေတာတွေကို မြင်ရ၊ ကြားရတာ စိတ်ထဲ တော်တော် မကောင်းဖြစ်မိတယ်။ ရန်ကုန်က သူငယ်ချင်းတွေကလည်း ဂျီတော့ခ်မှာ တွေ့ရင် ပြောပြကြတယ်။ ပထမဆုံးရက်က သူတို့ အိမ်ရှေ့ကနေ ဘုန်းဘုန်းတွေ မေတ္တာသုတ်ရွတ်ပြီး လမ်းလျှောက်ကြတာ မြင်ရတဲ့အခါ စိတ်ထဲ မကောင်းလွန်းလို့ မျက်ရည်တောင်ကျရတယ်လို့ ပြောပြတယ်။ တချို့သံဃာတော်တွေက ဖိနပ်တောင် မစီးထားကြဘူးတဲ့။ ဓာတ်ပုံတွေပဲ ကြည့်ရတဲ့ ကိုယ်တွေတောင် စိတ်ထဲ တော်တော်ဝမ်းနည်းမိတာဆိုတော့ ကိုယ်တိုင် မြင်ရတဲ့လူတွေက ပိုခံစားရမှာပေါ့လေ။
မေတ္တာတရားကြီးမားလှတဲ့ သံဃာတော်တွေအနေနဲ့ ကိုယ့်တိုင်းသူပြည်သား ဒကာ၊ ဒကာမတွေ ဆင်းရဲဒုက္ခရောက်နေတာကို မကြည့်ရက်တော့ဘဲ ရှေ့ဆုံးကနေ ပင်ပန်းဆင်းရဲစွာ ဆန္ဒဖော်ထုတ်ပြီး အစိုးရကို ဒဏ်ခတ်တဲ့အနေနဲ့ ကံဆောင် သပိတ်မှောက်ကြတာကို ၀မ်းနည်းဝမ်းသာဖြစ်မိပါတယ်။ အရမ်းလည်း ဂုဏ်ယူကြည်နူးမိတယ်။ တချို့ဟိုဘက် ဘက်တော်သားတွေက ပြောကြတယ်... ဘုန်းကြီးက ဘုန်းကြီးလို မနေဘူး။ ဘုန်းကြီးဆိုတာ လူ့အရေးအရာထဲ မပါရဘဲ တရားအားထုတ်နေရမှာတဲ့။ ကျောင်းသားဆိုတာလည်း ဒီလိုပဲ။ ကျောင်းသားဆိုတာ စာသင်နေရမှာဆိုပြီး ပြောတတ်ကြတာ တွေ့ဖူးပါတယ်။ အဲဒီလိုလူမျိုးတွေကို ဘယ်လို စကားလုံးနဲ့မှ ပြန်မပြောချင်လောက်အောင် စိတ်ပျက်မိတယ်။
ဆရာတော်တပါးက မိန့်ဖူးတယ်။ တိုင်းပြည်အခြေအနေမဟန်ဘဲ ပြည်သူတွေ ဆင်းရဲမွဲတေလာရင် အရင်ဆုံးငတ်တာ ဘုန်းကြီးနဲ့ ခွေးပဲတဲ့။ တကယ်တော့ ကိုယ့်တိုင်းပြည်ထဲက အကောင်းအဆိုးပြဿနာက လူတိုင်း၊ နိုင်ငံသားတိုင်းနဲ့ ဆိုင်တာပဲလေ။ ကျောင်းသားမလို့၊ ဘုန်းကြီးမလို့ မပတ်သက်ဘူးဆိုပြီး ပြောလို့မှမရတာ။ သံဃာတော်အရှင်မြတ်တွေကတော့ တိုင်းသူပြည်သားတွေရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေချိန်မှာ ကျွန်မတို့ကလည်း ကိုယ်တတ်နိုင်သလောက် ထောက်ခံခြင်း၊ ပါဝင်တိုက်ပွဲဝင်ခြင်း၊ ဆရာတော်သံဃာတော်များကို လှူဒါန်းခြင်း စသည်ဖြင့် မိမိတတ်နိုင်တဲ့ဘက်ကနေ အင်တိုက်အားတိုက် ၀ိုင်းဝန်းပါဝင်ကြသင့်တယ်လို့ ထင်မိတယ်။
မိုးထဲ လေထဲမှာ ၀ိနည်းတော်နဲ့အညီ သင်္ကန်းတွေရုံထားပြီး မေတ္တာသုတ်ရွတ်၊ မေတ္တာပို့ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက် ကြွချီနေကြသော သံဃာတော်အရှင်မြတ်များကို မျက်လုံးထဲ မြင်ယောင်ရင်း လက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါတယ်။
s0wha1
Print this post

0 comments:
Post a Comment