ခုတလော မြန်မာအမျိုးသမီးဘောလုံးအသင်းအကြောင်း ဟိုက ဒီက ပြောကြတာ ကြားနေရတယ်။ ကျွန်မကတော့ ဘောလုံးဆို စိတ်မ၀င်စားတော့တာ တော်တော်ကြာပြီ။ တိတိကျကျ ပြောရရင်တော့ ၂၀၀၄ ခုနှစ် ၁ လပိုင်းက စင်္ကာပူအသင်းနဲ့ မြန်မာအသင်း ကန်ကြတဲ့ တိုက်ဂါးဖလား ကွာတားဖိုင်နယ် ပြီးထဲကပဲ ဆိုပါတော့။
ငယ်ငယ်တုန်းကလည်း ဘောလုံးပွဲကို သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ၇ တန်းနှစ်လောက်မှာ 555 စီးကရက် ကုမ္ပဏီကျေးဇူးကြောင့် အရှေ့တောင်အာရှဘောလုံးပွဲစဉ်က မြန်မာအသင်းနဲ့ ကန်တဲ့ပွဲတွေ ကြည့်လိုက်ရတဲ့ချိန်မှာပဲ ဘောလုံးပွဲကို ကြည့်တတ် လာပါတယ်။ (အရှေ့တောင်အာရှနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေလောက်ပဲ စိတ်ဝင်တစားကြည့်ဖြစ်တာပါ။) အဲလိုနဲ့ ပြည်ပမှာကန်တဲ့ မြန်မာဘောလုံးအသင်းကို တီဗွီမှာကြည့်ပြီး အားပါးတရ အားပေးလာရာကနေ ၂၀၀၄ခုနှစ်မှာတော့ ဘောလုံးကွင်းထဲထိ သွားအားပေးဖို့ အခွင့်အရေးကြုံခဲ့တယ်။ အဲဒီတုန်းက ကျောင်းတွေရဲ့ Yahoo Group တွေမှာလည်း မြန်မာအသင်းကို သွားအားပေးကြဖို့ လှုံ့ဆော်ကြတာလည်း စုံလို့ပဲ။ မြန်မာဆိုင်တွေကလည်း တီရှပ်တွေ၊ မြန်မာအလံလေးတွေ၊ ခေါင်းစည်းအနီတွေ ရောင်းပေးတယ်လေ။ ကျွန်မတို့ မောင်နှမသုံးယောက်လည်း ထုံးစံအတိုင်း တက်ကြွစွာနဲ့ သွားကြည့်ဖို့ ပြင်ကြပါတယ်။
မြန်မာနိုင်ရမည် ဆိုတဲ့ စာတန်းအနီပါတဲ့ တီရှပ်အဖြူကိုဝတ်၊ အောက်ခံအနီမှာ MYANMAR ဆိုတဲ့ စာတန်းအဖြူပါတဲ့ နဖူးစည်းကို စည်းထားပြီး မြန်မာအလံအနီ သေးသေးလေးကို ကိုင်လိုက်တဲ့အချိန်မှာပဲ ဘောလုံးပွဲသွားကြည့်ဖို့ အဆင်သင့်ဖြစ်သွားခဲ့ပါပြီ။ ဒီနိုင်ငံမှာ နေပြီး ဒီနိုင်ငံ ဘောလုံးအသင်းရဲ့ ဆန့်ကျင်ဘက်ကို အားပေးမဲ့သူတွေအဖြစ် ၀တ်စားပြင်ဆင်ထားတဲ့ ကျွန်မတို့ကို အဖေက စိတ်မချပါဘူး။ ဘောလုံးကွင်းထဲရောက်မှ ခုလိုဝတ်ဖို့ ဒါမှမဟုတ် အပေါ်အင်္ကျီတွေ ထပ်ဝတ်သွားကြဖို့ အဖေက ပြောတာကိုလည်း ကျွန်မတို့က ခေါင်းခါကြပါတယ်။ ဒါနဲ့ပဲ အဖေက ရထားတော့ စီးမသွားကြပါနဲ့ဆိုပြီး ကိုယ်တိုင် ကားငှားပေးပြီး လွှတ်လိုက်တယ်။
ဒီလိုနဲ့ ကျွန်မတို့ ဘောလုံးကွင်းထဲ ရောက်လာတယ်ပေါ့။ ကျွန်မတို့အုပ်စုမှာ ဗုံတွေ၊ လင်းကွင်းတွေ၊ အော်လံတွေ စုံအောင် ပါပါတယ်။ မိုးဖွဲထဲမှာ အသံပြာအောင် အော်ဟစ်အားပေးကြရင်း ပထမပိုင်းမှာတင် ၂ ဂိုး ဂိုးမရှိနဲ့ ကျွန်မတို့ မြန်မာအသင်းက အပြတ်အသတ်နိုင်နေတယ်ဆိုတော့လည်း အားပေးရကျိုးနပ်တာပေါ့လေ။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ သီချင်းစာသားကိုလည်း လက်ရေးမူနဲ့ ကော်ပီပြီး အော်ဆိုကြပါသေးတယ်။ ကမ္ဘာမကျေသီချင်းကိုတော့ ဘယ်သူမှ မဆိုဖို့ အချင်းချင်း တားမြစ်ထားကြတယ်။ အဲဒီသီချင်းဆိုရင် ရှုံးတတ်လို့ပါတဲ့။ ရှုံးတဲ့အခါမှ ကမ္ဘာမကျေသီချင်းကို ဆိုရတယ်လို့လည်း သူငယ်ချင်းတစ်ယောက်ပြောတာကို မှတ်သားစဖွယ် ကြားနာလိုက်ရပါတယ်။ ပထမပိုင်း အားလပ်ချိန်မှာ ကျွန်မတို့ မြန်မာတွေရဲ့ မျက်နှာတွေက ပြုံးစိပြုံးစိနဲ့ လမ်းသလားနေမိကြတယ်။ တွေ့သမျှ စလုံးတွေကိုလည်း ငါတို့နိုင်ပြီကွဆိုတဲ့ မျက်နှာပေးတွေနဲ့ပေါ့။ ဘောလုံးပွဲဆိုတာမျိုးက စစ်အေးတိုက်ပွဲတမျိုးပဲလို့ လူတွေက လက်ခံထားကြတဲ့အလျောက် နှစ်ဘက်သောအသင်းနဲ့ အားပေးသူတွေက စိတ်တက်ကြွကြ၊ မခံချင်စိတ် ပိုများကြတာ တခြားအားကစားထက် ပိုဆိုးမယ်ထင်ပါတယ်။ ဘောလုံးပွဲနိုင်ပြီဆိုတာနဲ့ တဘက်အသင်းနဲ့ အားပေးသူတွေကို အနိုင်ရခြင်းတမျိုးပဲ မဟုတ်လား။
ဒုတိယပိုင်းမှာတော့ အားလုံးသိကြတဲ့အတိုင်း အခြေအနေက မကောင်းလှပါဘူး။ အဲဒီတုန်းကတော့ ကြည့်နေတဲ့ကိုယ်တွေလည်း သွေးပူနေတော့ မြန်မာအသင်းလုပ်သမျှ အကုန်အမှန်လို့ပဲ ယူဆမိတယ်။ ကွင်းထဲမှာ ကစားသမားတွေ ပြဿနာမျိုးစုံဖြစ်နေသလို၊ ကွင်းပြင်က အားပေးနေတဲ့ ပရိသတ်တွေလည်း ပြဿနာတွေ ဖြစ်နေကြပါတော့တယ်။ ကျွန်မတသက်နဲ့တကိုယ် လူအုပ်စုလိုက် ရန်ဖြစ်တာ မမြင်ဖူးပေမဲ့ အဲဒီနေ့ကတော့ ပထမဆုံးအကြိမ် လူတွေ ချကြတာ မြင်ဖူးတာပါပဲ။ ကျွန်မတို့အုပ်စုက ရှေ့ဆုံးတန်းဘက်မှာ ဆိုတော့ အပေါ်ဘက် နောက်ဆုံးကနေ လူတွေ ၀ုန်းဝုန်းနဲ့ ပြိုဆင်းလာကြတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတယ်။ နောက်တော့ ရဲတွေ ရောက်လာပြီး ဖြေရှင်းပေးတော့ ပြန်ငြိမ်သွားပြန်ရော။ ကျွန်မတို့ညီအစ်မမှာ လူအုပ်ကြီးပိကျလာမှာစိုးရ၊ မောင်လေးကိုလည်း လိုက်ဆွဲရနဲ့ပါပဲ။ ပွဲကြည့်ပရိသတ်တွေကို မြန်မာသပ်သပ်၊ သူတို့နိုင်ငံသားသပ်သပ် နေရာချထားပေးပြီး ကြားမှာ သံတိုင်တွေခြားထားတာတောင် ဟိုဘက်နဲ့ ဒီဘက်ဖြစ်ကြတာပါ။ နောက်ပိုင်း လူတွေ ငြိမ်သွားပေမဲ့ ကွင်းထဲမှာ မြန်မာဘက်က အထုတ်ခံရတာ နှစ်ယောက် ဖြစ်လာတော့ ပွဲက တော်တော်ကြမ်းလာတယ်။ ဒိုင်လူကြီးကို ၀ိုင်းဆဲကြရင်း ကျွန်မတို့ ခေါင်းပေါ်ကနေလည်း တ၀ှီးဝှီးနဲ့ ဖြတ်ပျံသွားတဲ့ ထီးတွေ၊ ဖိနပ်တွေကလည်း မနည်းပါဘူး။ ပွဲကြည့်စင်နဲ့ ဘောလုံးကွင်းက အလှမ်းဝေးတဲ့အတွက် အဲဒါတွေက ကွင်းထဲထိ မရောက်ပါဘူး။ ဒါနဲ့ ကျွန်မလည်း စပ်စပ်စုစုနဲ့ အောက်ကို ငုံ့ကြည့်လိုက်တော့ မြေကြီးကို မမြင်ရလောက်အောင်ဘဲ ထီးတွေ၊ ဖိနပ်တွေက အဖွေးသားပါပဲ။ တော်တော်လည်း စိတ်ကြီးကြတဲ့ လူတွေပဲလို့ တွေးမိတယ်။ တချို့ဆို ကွင်းထဲကို ခုန်ချကြတယ်။ ဒါပေမဲ့ ကွင်းထဲထိ မရောက်ဘဲ အောက်ရောက်တာနဲ့ ရဲက လှမ်းဆွဲသွားပါလေရာ။ ပြီးရင် နီးစပ်ရာ သူငယ်ချင်းတွေက အာမခံနဲ့ ပြန်ခေါ်ထုတ်ပေးရပါတယ်။
ကျွန်မလည်း တတ်သလောက်၊ မှတ်သလောက် ဘုရားစာတွေ ရွတ်နေမိတယ်။ အားပေးတဲ့ မြန်မာပရိသတ်ကတော့ တော်တော် စိတ်ဓာတ်ကျနေပါပြီ။ အသံတောင် မထွက်လာတော့ဘူး။ ၉ယောက်နဲ့ ၁၁ယောက်ပွဲမှာ တဘက်အသင်းက တဒိုင်းဒိုင်းနဲ့ ဘယ်နှစ်ဂိုး ဂိုးနေမှန်းတောင် မသိတော့ပါဘူး။ ပွဲပြီးတဲ့ထိ တစ်ယောက်ထဲ ဒိုင်ခံ အော်ဟစ်အားပေးတာကတော့ ကျွန်မညီမပါပဲ။ အိမ်ပြန်ရောက်တော့ ကျွန်မတို့မောင်နှမတတွေ ဆေးသောက်ပြီး အိပ်ရတယ်။ မနက်ကျတော့ အသံတွေလည်း မထွက်ကြတော့ပါဘူး။ အဲဒီတုန်းက ဒိုင်လူကြီးကို ကြည့်မရ၊ စလုံးအသင်းနဲ့ အားပေးသူတွေကိုလည်း တော်တော် အမြင်ကပ်မိတယ်။ မြန်မာအသင်းဘက်က ကစားသမားတစ်ယောက် စလုံးအသင်းဘက်ကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ပြတာကိုလည်း အားရပါးရ လက်ခုပ်တီးဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကမ္ဘာမကျေ သီချင်းဆိုပြီးပဲ ကျွန်မတို့ ပြန်လာခဲ့ကြရပါတယ်။
ပွဲပြီးတာနဲ့ အိမ်တန်းမပြန်ရသေးပါဘူး။ ကျွန်မတို့အဖွဲ့က လူအုပ်တောင့်လို့ စင်္ကာပူရဲတွေက ၀ိုင်းတားထားပြီး လူရှင်းမှ ကားပေါ်ပေးတက်ပြီး ပြန်ခိုင်းပါတယ်။ ၀ိုင်းထားတဲ့ စလုံးရဲတွေကြားမှာ ကျွန်မတို့တတွေကလည်း ငြိမ်ငြိမ်မနေကြပါဘူး။ အချင်းချင်း မြန်မာလိုမပြောဘဲ သူတို့နားလည်အောင် အင်္ဂလိပ်လိုပြောပြီး စလုံးတွေကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောကြပါသေးတယ်။ ကျွန်မတို့ဘေးနားမှာ ရပ်နေတဲ့ ရဲတစ်ယောက်ဆို မျက်နှာကို ဆူပုတ်တင်းမာပြီး မျက်ထောင့်နီကြီးနဲ့ ကျွန်မတို့ကို ကြည့်နေတာပဲ တတ်နိုင်တယ်။ သူ့ခမျာ တာဝန်နဲ့ဆိုတော့ သူ့လူတွေကိုပြောလို့ စိတ်ဆိုးတာတောင် ကျွန်မတို့ကို ပြန်ရန်တွေ့လို့မရတဲ့အဖြစ် မဟုတ်လား။
အဲဒီတုန်းက ဘေးနားကဖြတ်သွားတဲ့ စလုံးတွေကလည်း ပြောင်လှောင်သွား၊ ဒီဘက်က ယောက်ျားလေးတွေကလည်း ပြန်ဆဲပြီး ချမယ်တကဲကဲလုပ်လို့ ၀ိုင်းဆွဲရနဲ့ ဘောလုံးပွဲပြီးသွားပေမဲ့ အပြင်မှာ ပြဿနာက မအေးနိုင်သေးပါဘူး။ ဒီကြားထဲ မောင်လေးကလည်း မြန်မာအလံကြီးကို ကိုယ်ပေါ်မှာ ခြုံထားပြီး ဘောင်းဘီမှာ အလှချိတ်လာတဲ့ သံကြိုးကို သူ့လက်သီးမှာ ပတ်လျက်တွေ့ရတော့ မျက်လုံးပြူးသွားတယ်။ ဒါနဲ့ ညီအစ်မနှစ်ယောက် သူ့ဘေးတဘက်တချက်မှာ ၀ိုင်းရပ်နေရပါတယ်။ အဖေကလည်း အိမ်ကနေ တီဗွီနဲ့ တိုက်ရိုက်ပြနေတဲ့ ဘောလုံးပွဲကို ကြည့်ရင်း အားပေးနေတဲ့လူတွေ ရန်ဖြစ်နေကြတာကိုလည်း တချက်တချက် မြင်နေရတော့ ကျွန်မတို့ကို စိတ်ပူလို့ ဖုန်းခဏခဏဆက်ပြီး မပြန်လာသေးဘူးလားပဲ မေးနေပါတော့တယ်။
နောက်တော့ အိမ်ကို ကားငှားပြီး ရှောရှာရှုရှုပဲ ပြန်ရောက်လာကြပါတယ်။ အဲဒီဘောလုံးပွဲအကြောင်းက အဲဒီနေ့မှာတင် မပြီးပါဘူး။ နောက်တနေ့ သတင်းစာထဲမှာလည်း စာလုံးမည်းကြီးနဲ့ ရိုင်းစိုင်းတဲ့မြန်မာအသင်းနဲ့ အားပေးသူများ (ခေါင်းစဉ်ကို ကျွန်မ သေချာမမှတ်မိတော့ပါ) ဆိုပြီး ပါလာတယ်။ မြန်မာဘက်က ဦးလေးကြီးတစ်ယောက်ကလည်း အိတ်ဖွင့်ပေးစာအနေနဲ့ စလုံးသတင်းစာကို ပြန်ချေပရေးသားထားတာလည်း နောက်တရက်မှာ ထပ်ပါလာပြန်ပါတယ်။ မြန်မာကောင်လေးတစ်ယောက်ထဲကို စလုံးဘက်က အုပ်စုလိုက် ချလိုက်လို့ ဆေးရုံတက်နေရတဲ့ပုံတွေရော၊ ဘောလုံးပွဲမှာ မြန်မာဘက်က လှမ်းချနေတဲ့ပုံတွေရော သတင်းစာမှာ ဒီအကြောင်းက ဝေေ၀ဆာဆာပါပဲ။ ကျွန်မတို့ ကျောင်းတွေရဲ့ Yahoo Group မှာလည်း အဲဒီရန်ပွဲက မပြီးပါဘူး။ ကျောင်းမှာတော့ မြန်မာအချင်းချင်း ဖြစ်ကြတာပါ။ မြန်မာအသင်းနဲ့ အားပေးသူတွေကို အပြစ်ပြောတဲ့ လူတစ်ယောက်ကို ၀ိုင်းအုံလို့ ကျွန်မတို့ ပြန်ရန်ဖြစ်ကြတာပါ။ အဲဒီတုန်းကတော့ စိတ်အရမ်းတက်ကြွနေပြီး မျိုးချစ်စိတ်လို့ ခံယူထားတဲ့ ကိုယ့်နိုင်ငံအသင်း နိုင်စေချင်တဲ့ စိတ်တခုပဲ ရှိတာလည်း ပါတာပေါ့။ မှားမှား၊ မှန်မှန် မကောင်းလာပြောတဲ့လူမှန်သမျှကို ၀ိုင်းအုံလို့ ပြန်ကစ်ကြတာပါပဲ။
ခုချိန် ပြန်စဉ်းစားတော့ တချို့လူတွေ ပြောခဲ့တာ မှန်တယ်လို့ တွေးမိတယ်။ တကယ်ဆို မြန်မာအသင်းက ခြေအသာကြီးပါ။ လုံးဝကို နိုင်ရမဲ့ပွဲမှာ သည်းခံစိတ်မရှိ၊ စိတ်ဆတ်ပြီး ရန်လိုစိတ်တွေ များနေလို့ မြန်မာတွေ ရှုံးရတယ်။ ပစ္စည်းမဲ့ဒေါသလို့ ပြောခံရတုန်းက အကြီးအကျယ် စိတ်ဆိုးခဲ့ပေမဲ့ သေချာ စဉ်းစားကြည့်တော့လည်း ဟုတ်သလိုလို။ နောက်ဆုံးတော့ နိုင်ငံဆင်းရဲတာကိုပဲ အပြစ်ဖို့ရပါတော့မယ်။
ဘာပဲဖြစ်ဖြစ် ဘောလုံးပွဲဆို ဘာဘောလုံးပွဲမှ ကျွန်မ စိတ်မ၀င်စားတော့တာ နှစ်အတော်ကြာခဲ့ပါပြီ။ အထူးသဖြင့် မြန်မာဘောလုံးအသင်းကို ကောင်းသည်၊ ဆိုးသည် ဘာဆိုဘာမှ မသိချင်တော့တာပါ။ ဒါပေမဲ့ တို့မြန်မာနိုင်ပြီဆိုတဲ့ သီချင်းလေးတော့ မသေခင်လေး ဆိုဖူးချင်ပါသေးတယ်။ ဘယ်လိုမှမဖြစ်နိုင်တဲ့ မျှော်လင့်ချက်များ ဖြစ်နေမလားတော့ မပြောတတ်ဘူး။
s0wha1
4 comments:
ဒီနှစ် မိန်းကလေးပွဲကတော့ အာဆီယံ ချန်ပီယံဖြစ်သွားပြီလေ...
ဆိုလို့ရပြီ ... မြန်မာနိုင်ပြီ တို့မြန်မာနိုင်ပြီလို့လေ..ဟီး
အိမ်ရှင်အသင်းပေမဲ့ တကယ်ကောင်းပါတယ်..
s0wha1 လေးရေ..ဘောလုံးပွဲအကြောင်းဖတ်ရင်း ကိုယ်ပါ ဘောလုံးကွင်းထဲရောက်နေရသလိုပဲ... :)
အမလည်း အရင်က မြန်မာတွေကန်တဲ့ ဘောလုံးပွဲတွေကြည့်တယ်။ မြန်မာအသင်းခဏခဏ ရှုံးပြီးကတည်းက မကြည့်ဖြစ်တာ ကြာလှပြီ။
sis...
u shouldnt say that u r not interested in myanmar football match. Even though we hate myanmar government, we must stand for our team and we should keep on supporting our team. We can't say that myanmar team is rude. All r because of the stupid government.
Anyway, ur writing style is so cool....
အန်တီခင်...တကယ်ကောင်းရင်လည်း ကောင်းမှာပေါ့။။။ သမီးကတော့ စိတ်မ၀င်စားတော့ပါဘူး။။။ မနုစံ ပြောသလိုပါပဲ အမရေ... မအေးမြတ်ရေ...ဘာပဲပြောပြော ညီမကတော့ စိတ်မ၀င်စားတော့တာကြာပါပြီ။ အားလည်း မပေးချင်တော့ပါဘူး။။။ စစ်အစိုးရကြောင့်ဆိုတာလည်း လူတိုင်း သိနေတာပဲလေ...
Post a Comment