ဟီဟီ...ကိုရဲမွန်ပြောလည်းပြောစရာပဲ။ ကျွန်မ ရန်ကုန်ပြန်သွားတာ သဘောကျတာဆိုလို့ ဘာတခုမှ မတွေ့ခဲ့ဘူး။ ကောင်းတာလေးတွေ ရေးချင်ပေမဲ့ ကျွန်မကပဲ အဆိုးမြင်နေလို့လားမသိဘူး ဘာကောင်းတာမှ ပြောစရာမရှိဘူးဖြစ်နေတယ်။:D အဲဒီတော့ ကျွန်မရေးထားတာ ရန်ကုန်ရဲ့ ဆိုးကွက်တွေကြီးပဲ ဆိုရင်လည်း သည်းခံပြီး ဖတ်ကြပါ။ ကိုယ်ကြုံတာ၊ မြင်တာ၊ ခံစားရတာတွေပဲ ရေးထားတာပါ။ အပိုတွေ ပြောထားတာ တခုမှ မပါပါဘူးလို့...
ပိုက်ဆံတွေကို ရေပြီးတော့ လက်ညှိုးနဲ့လက်မမှာ မည်းပြီးကျန်ခဲ့တာကို ကြည့်ရင်း မြန်မာနိုင်ငံက ပိုက်ဆံလေးတွေ ဘယ်လိုကြောင့် နွမ်းဖတ်နေလည်း မသိဘူးလို့တွေးဖြစ်တယ်။ စက္ကူနဲ့လုပ်တဲ့ ပိုက်ဆံအရွက်တွေကိုတောင် အချိန်မီ အသစ်မလဲနိုင်လောက်အောင် သစ်တွေ၊ ၀ါးတွေပေါများတဲ့ နိုင်ငံမှာ စက္ကူတွေက ရှားပါးနေပြီလား မပြောတတ်ပါဘူး။ ၂၀၀၊ ၁၀၀ နဲ့ ၅၀တန် ပိုက်ဆံအရွက်လေးတွေက ထောင်တန်အရွက်လေးတွေထက် ပိုသနားစရာကောင်းလောက်အောင် စုတ်နွမ်းပြီး ညစ်ပတ်နေတာကို အများဆုံး တွေ့ရတယ်။
မြန်မာနိုင်ငံက မထွက်လာခင် သုံးခဲ့ရတဲ့ ၁၀ တန်၊ ၂၀ တန်တွေက အသုံးမ၀င်တော့တဲ့ ငွေစက္ကူသာသာလောက်ပဲ ရှိတော့တာကိုလည်း မယုံနိုင်အောင်ဖြစ်ရသေးတယ်။ ရန်ကုန်ရောက်ချိန် ပထမဆုံးရက်မှာ ပိုက်ဆွံလွှဲထားတာ မရောက်သေးတာနဲ့ ယောင်းမဆီက ၃၅၀၀ လောက် ခဏယူပြီး အရင်က အမြဲစီးနေကျ သရေစိမ်းဖိနပ်လေးကို သူငယ်ချင်းတွေနဲ့ သွားဝယ်ရင်း စားချင်တဲ့ မုန့်တွေလည်း စားခဲ့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ထွက်ခဲ့တယ်။ စတိုးဆိုင်ကို ရောက်တော့ ဖိနပ်က ၃၇၀၀တဲ့။ လူလည်း ပါးစပ်အဟောင်းသားဖြစ်ရတယ်။ ကျွန်မ မြန်မာမှာရှိနေစဉ် ၀ယ်နေကျဈေးက ၇၀၀ ကျပ်ပါ။ ဈေးတက်ရင်တောင် အဲလောက်တက်မယ် မထင်ထားခဲ့။ ၅ နှစ်အတွင်းမှာ လိုက်မမီနိုင်အောင် ပြောင်းလဲသွားတာ ကုန်ဈေးနှုန်းပါလားလို့တော့ တွေးလိုက်မိတယ်။ ကျွန်မ မသိတော့တဲ့ တခြားတံဆိပ်နဲ့ ဖိနပ်တွေလည်း ရှိပေမဲ့ စီးနေကျ ငွေငန်းမင်းတံဆိပ် လေးညှင်းရောင်ကိုပဲ အစွဲအလန်းကြီးကြီးနဲ့ ၀ယ်လာလိုက်တယ်။ အိမ်ပြန်ရောက်တော့ ပိုက်ဆံ ၂၀၀ စိုက်ပေးတဲ့ သူငယ်ချင်းကို ပြန်ပေးတာ မယူတဲ့အပြင် ၂၀၀ လေးကိုများ စကားထဲ ထည့်ပြောနေရသေးတယ်ဆိုတဲ့ပုံစံနဲ့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ရယ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေကို ကြည့်ရင်း ဒုတိယမ္ပိ ပါးစပ်ဟောင်းလောင်းဖြစ်ရပြန်တယ်။ အော် ပိုက်ဆံ ၂၀၀ က ဘာမှ မယ်မယ်ရရ ၀ယ်မရဘဲ လမ်းဘေးက ဖုန်း တခါ ဆက်စာပဲ ရှိတော့တယ်ဆိုတာ ကျွန်မမှ မသိသေးဘဲလေ။ ဘာပဲပြောပြော အဲဒီ(ရောက်ရောက်ချင်း)နေ့ကတော့ သရေဖိနပ်တရံကို ၃၇၀၀ ပေးရတယ်ဆိုပြီး ကျွန်မကတော့ ပြောလို့မဆုံးနိုင်ခဲ့။
မြန်မာပြန်ရောက်တုန်း ဧရာဝတီတိုင်းဘက်ကို ကားနဲ့ အလည် သွားဖြစ်တယ်။ အဲဒီဘက်မှာက မြို့တိုင်းလိုလိုမှာ အမျိုးတွေရှိတယ်လေ။ ကားက လူ ၈ ယောက်စီးရတဲ့ တက္ကစီကားလေးတွေကို စီးသွားရတာ။ လမ်းခရီးမှာ ကားပေါ်ကလူတွေ ပြောကြတဲ့စကားကို နားထောင်ရင်း မမြင်ရတာကြာပြီဖြစ်တဲ့ လယ်ကွင်းတွေ၊ တဲပုတ်လေးတွေ၊ မြင်းလှည်းတွေကို ကြည့်ရင်းနဲ့ပေါ့။ ပြောသာပြောတယ်။ အဲဒီဘက်မှာ မြင်းလှည်းတွေက ရှားပါးပစ္စည်းတွေပဲ။ များသောအားဖြင့် ဆိုင်ကယ်နဲ့ ဆိုက်ကားတွေပဲ တွေ့ရတယ်။
တချို့လယ်ကွင်းတွေက ရေမြုပ်နေတယ်။ ကားပေါ်ပါလာတဲ့ အဲဒီဒေသခံ ဦးလေးကြီးနဲ့ အဒေါ်ကြီးတွေက မေးသမျှ ရှင်းပြပေးကြတယ်။ အရင် အဲဒီဒေသက မိုးစပါးအရမ်းအောင်တဲ့ လယ်တွေဖြစ်တဲ့အကြောင်း၊ နောက်တော့ နှစ်သီးစားဆိုပြီး လုပ်လိုက်တာ လယ်တွေ ပျက်ကုန်ကြောင်းတွေ ပြောပြတယ်။ ကျွန်မ သိပ်နားမလည်တဲ့ကြားက နားလည်သလောက်ပြောရရင် နှစ်သီးစားဆိုတာ မိုးရော၊ နွေရောမှာ စပါးတွေစိုက်တာပေါ့။ နွေမှာကျတော့ လယ်ထဲ ရေသွင်းပြီး စိုက်ကြတာတဲ့။ အဲဒီလိုလည်း လုပ်လိုက်ရော၊ မိုးရာသီရောက်တဲ့အခါ လယ်ထဲက ရေတွေကပြန်မထွက်၊ မိုးကလည်းရွာနဲ့ လယ်တွေက ရေလျှံပြီး စပါးစိုက်မရဖြစ်သွားတာ။ နွေရာသီကျမှ စိုက်လို့ရတော့တယ်တဲ့။ ပြောင်းပြန်ဖြစ်သွားတာပေါ့။ တချို့လယ်တွေကတော့ လုံးဝပျက်သွားတယ်တဲ့။ နောက် သူတို့အချင်းချင်း ပြောနေကြတဲ့ လယ်ယာနဲ့ ပတ်သက်တာတွေ ကျွန်မလည်း သိပ်တော့နားမလည်ဘူး။ အဲဒီတုန်းက ပထမဆုံးလုပ်ရတဲ့ လယ်သမားတွေ တော်တော်ဒုက္ခရောက်သွားတယ်လို့ ပြောတယ်။ အကြွေးပတ်လည်ဝိုင်းပြီး လယ်တွေ ထိုးဆပ်ရတယ်တဲ့။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း တော်တော် ထိသွားတယ်လို့ပြောတယ်။ သူတို့က နှစ်သီးစားစိုက်ဖို့ အဲဒီမြို့နား ပတ်ဝန်းကျင်က စပါးဆိုရင် ကြိတ်ပြီး ဆန်ဖြစ်အောင် လုပ်ရမယ်ဆိုတာလောက်ပဲ သိတဲ့ ဆန်စက်၊ ဆီစက်ပိုင်ရှင်နဲ့ သူဌေးတွေကို ဦးစီးလုပ်ခိုင်းတာတဲ့။
ကားလမ်းဘေး လယ်ကွင်းတွေမှာရှိတဲ့ တဲလေးတွေက လူတွေခမျာ လယ်ကွင်းတွေ ရေမြုပ်နေလို့ လှေလေးတွေနဲ့ သွားလာနေကြတာကို မြင်ရတာလည်း တမျိုးလေးပဲ။ ကားပေါ်မှာပါလာတဲ့ ရန်ကုန်သားဦးလေးကြီးက ခုလို မှတ်ချက် ပြုတယ်။ "ဩော်...ဒီလိုမျိုးဘ၀တွေလည်း ရှိသေးတယ်။ သူတို့ဟာနဲ့ သူတို့တော့ ပျော်နေကြတာပဲနော်"တဲ့။ နောက် လယ်သမားတွေနဲ့ လယ်ယာတွေအကြောင်း ပြောပြီးတော့ ခုတလောဖြစ်နေတဲ့ ရုန်းစုရုန်းစုအကြောင်းနဲ့ ကုန်ဈေးနှုန်းတွေအကြောင်း ပြောကြပြန်ရော။ လက်ရှိ တာဝန်ရှိသူတွေရဲ့ အကြောင်းကို ကားမောင်းတဲ့ ဦးလေးကြီးက ဆက်ပြောတယ်။ "သမီးတို့ရယ် ပြည်သူတွေ၊ ပြည်သားတွေအတွက် သူတို့ ဘာတွေများ အကျိုးရှိအောင် လုပ်ပေးဖူးလို့လဲ"တဲ့။ "သူတို့ဘက်ကနေ လိုက်ကူပြောပေးတဲ့ တချို့လူတွေ ရှိတယ်"တဲ့။ "အဲလိုလူမျိုးတွေနဲ့တွေ့ရင် အဘက တခွန်းပဲ ပြန်မေးလိုက်တယ်... ၇ရက်သားသမီးတွေကို စိတ်ချမ်းသာစေတဲ့ ကောင်းကွက်လေး၊ လုပ်ဆောင်ချက်လေး တစ်ခုလောက်ပဲ ပြောပြပေးပါလားလို့။ အဲဒီလိုပြောလိုက်ရင် ဟိုဘက်က ပါးစပ်ပိတ်သွားရော"တဲ့။ "ဟုတ်တယ်လေ... သူတို့ကြောင့် ပြည်သူတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်ရတဲ့ကိစ္စ ဘာများရှိလို့လဲ"တဲ့။ ဒါက ပြည်သူစစ်စစ် တက္ကစီမောင်းတဲ့ အဘကြီးရဲ့ တကယ့်ရင်ထဲက စကားပါပဲ။ ကျွန်မတို့လည်း အဘကြီးစကား နားထောင်ရင်း ငြိမ်ကျသွားမိတယ်။
ကိုယ်သွားလိုရာရောက်တော့ ပဲ့ထောင်လေးနဲ့ဘုရားပတ်ဖူးရင်း ဘေးမြင်ကွင်းအချို့ကို ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ ကားနဲ့လာတုန်းကတော့ ကားလမ်းတွေက ကြမ်းတာကြောင့် လူတောင် အနိုင်နိုင် ထိုင်စီးနေရတာနဲ့ မရိုက်ဖြစ်ခဲ့ဘူး။ အပြန်မှာတော့ ကားနဲ့ မပြန်ဘဲ သင်္ဘောစီးလို့ ပြန်လာခဲ့ပါတယ်။
s0wha1
ရန်ကုန်ပြန် မှတ်တမ်း (၁)
ရန်ကုန်ပြန် မှတ်တမ်း (၂)
မတွေ့တာကြာလို့ လှည့်လာတာ လက်စသတ်တော့ ရန်ကုန်ပြန်နေတာကိုး။ ရန်ကုန်ရဲ့ ကောင်းတာလေးတွေလဲ ပြောဦးမှပေါ့ အမရဲ့။ ဆိုးကွက်တွေချည်းပဲ။
September 6, 2007 3:27 AM